Ch 58
Viewers 3k

အပိုင်း ( ၅၈ ) ထျန်းကျီစာကြည့်တိုက် 


“အကြီးအကဲ”  


လင်းရှောင် ပြုံးရုံသာပြုံးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။


“သူ့ရဲ့ မရီဒျန်တွေက ပျက်စီးသွားပြီး ချီစွမ်းအားကို မသုံးနိုင်ဘူး၊ အမတနန်းတော်မှာရှိနေတဲ့ ရတနာတွေထဲမှာ သူနဲ့သင့်တော်မဲ့ဟာ တစ်ခုခု အကြံပေးလမ်းညွှန်ပေးလို့ ရနိုင်မလား” 


“ဒီကိုလာ” 


သခင်လေးက လင်ရှုကို ပြောလိုက်သည်။ 


လင်ရှု ရှေ့သို့ တိုးသွားလိုက်ပြီး သခင်လေးသည် သူ၏ လက်ချောင်းဖြင့် လင်ရှု၏ နဖူးကို ညင်သာစွာ ဖိလိုက်သည်။ လင်ရှု ရုတ်တရက် သူ့ဝိဉာဉ်အတွင်းသော နွေးထွေးစင်ကြယ်သော စီးကြောင်းတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ 


“မင်းရဲ့ ဝိဉာဉ်...” 


အံ့ဩသွားသော သခင်လေးက ရုတ်တရက် နူးညံ့စွာ မေးလာသည်။ 


“မင်းက ဓားကျင့်ကြံတဲ့သူလား” 


လင်ရှု “အမ်းး” 


အမတကျင့်ကြံသူများအတွက် ဝိဉာဉ်နှင့် စိတ်ဝိဉာဉ်သည် ကွာခြားမှုကြီးကြီးမားမား မရှိသော်လည်း ဓားကျင့်ကြံသူများကတော့ အခြားသူများနှင့်ယှဉ်လျှင် အချို့သော သေးငယ်မသိသာသော ကွာခြားမှုတို့ ရှိတတ်သည်။ အကြီးအကဲသည် အမတကမ္ဘာမှ သူတစ်ယောက်ဖြစ်နှင့်ပြီးသာကြောင့် ထူးချွန်သော ကျင့်ကြံမှုအဆင့် ရှိလိမ့်မည်ဖြစ်ရာ လင်ရှု ဓားကျင့်ကြံသူ ဖြစ်နေသည်ကို ပြောနိုင်မှာ အထူးအဆန်းတော့ မဟုတ်ပေ။ 


သခင်လေးက ပြုံးလိုက်ပြီး 


“မင်းက ဓားကျင့်ကြံသူဆိုမှတော့ ငါတို့ဆုံရတာ ရေစက်ပဲ” 


လင်ရှုက မေးသည်။ 


“အကြီးအကဲ သင်ကရော ဓားကျင့်ကြံသူပဲလား” 


သခင်လေးသည် ယပ်တောင်ခပ်လိုက်ပြီး 


“ကျုပ်က ထာဝရရှင်သန်ခြင်းကို မကျင့်ကြံဘူးဆိုပေမဲ့ ကျုပ်ရဲ့ တာအိုလက်တွဲဖော်ကတော့ ဓားကျင့်ကြံသူလေ” 


ထို့နောက် သူကပင် ဆက်ပြောသည်။ 


“မရီဒျန်တွေကို ပြောင်းလဲဖို့ ရတနာတို့ ကျင့်စဉ်တို့ကတော့..... အမတနန်းတော်ထဲမှာ တကယ်ကို အများကြီးပဲရှိပါတယ်။ အဲဒါတွေက ဒီအတိုင်း အတုအယောင် ခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲသွားလို့ပဲ ဖြစ်နိုင်တာ...။ မွေးရာပါသဘာဝ အတိုင်းလိုမျိုး ချောမွေ့ပြီး ပြီးပြည့်စုံနေဖို့ကတော့ မဖြစ်နိုင်ဘူး”


လင်ရှုအတွက်မူ ၎င်းကပင် အတော်လေး ကောင်းနေပြီ ဖြစ်သည်။ သူ၏ မရီဒျန်များကိုသာ ပြန်လည်တည်ဆောက်နိုင်မည်ဆိုလျှင် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းပြီး ပင်ပန်းဆင်းရဲရပါစေ သူ သည်းခံနိုင်သည်။ 


လင်ရှု နည်းနည်းပင် စိတ်လှုပ်ရှားလာသည်။ 


သို့သော် သူ့ဘေးမှ လင်းရှောင်က မျက်မှောင်ကြုတ်သွားပြီး 


“မသင့်လျော်လိုက်တာ” 

သခင်လေးက ယပ်တောင်ကို လက်ဖဝါးတစ်ဖက်သို့ ရိုက်၍ ပိတ်လိုက်ပြီး ရယ်သွမ်း သွေးလိုက်ကာ 


“တခြားနည်းလမ်းတွေရှိတယ်ဆိုရင်တော့ မရီဒျန်တွေကို ပြန်တည်ဆောက်ဖို့ အတင်းမလုပ်တာက အကောင်းဆုံးပဲ၊ ကျုပ်ကတော့ နာကျင်ရတာကို အကြောက်ဆုံးပဲ၊ ကျုပ် ဆယ်ကျော်သက်တုန်းကဆို ကျုပ်ရဲ့ မရီဒျန်နဲ့ အရိုးတည်ဆောက်ပုံက တော်တော်ဆိုးခဲ့တာလေ။ ဒါကြောင့် မွေးပြီးနောက်မှာ ခုနှစ်ရက်တိတိ အရိုးတွေကို ပြောင်းလဲတည်ဆောက်ခဲ့ရတယ်။ နောက်ပိုင်း ကျုပ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက မတော်တဆမှုတစ်ခုကြောင့် ထိခိုက်သွားရသေးတယ်။ အခုထိတောင် တွေးလိုက်တိုင်း လန့်နေမိတုန်းပဲ” 


လင်ရှု “ကျွန်တော် နာကျင်ရမှာကို မကြောက်....” 


သူ့စကား မဆုံးသေးခင် လင်းရှောင်က ဖြတ်ပြောလိုက်သည်။ 


“မရဘူး” 


လင်ရှု “......” 


သို့နှင့် လင်ရှုသည် သူ၏ မရီဒျန်များကို မည်မျှ စိတ်အားထက်သန်စွာ ပြောင်းလဲချင်နေကြောင်းကို အကြည့်များဖြင့် စူးစူးရှရှ ဖော်ပြရတော့သည်။


လင်းရှောင်၏ အသံက အနည်းငယ် နူးညံ့သွားပြီး 


“ရှောင်းကျဲက ခွင့်ပြုမှာမဟုတ်ဘူး၊ တကယ်လို့ ကျွန်တော်သာ မင်းပြောတာ နားထောင်လိုက်ရင် ပြန်ရောက်တဲ့အချိန်ကျတော့ ကျွန်တော် ကျဲကို ဘယ်လိုရှင်းပြရမလဲ” 


‘အိုင်း ကောင်းပြီ ကောင်းပြီ သခင်လေးက တကယ်ကို ခွင့်ပြုမှာ မဟုတ်ဘူး’ 


လင်းရှောင်က ပြောသည်။ 


“နောက်ကြီးလာတဲ့အချိန်ကြရင် သဘာဝအတိုင်း မရီဒျန်တွေကို မွေးရာပါ ပါရမီရှင်တွေထက် ပိုပြီး သာစေတဲ့နည်းလမ်းတစ်ခုခု တွေ့လာဦးမှာပါ” 


လင်ရှု  သိပ်တော့မယုံသလိုလို ဖြစ်သွားသော်လည်း ယုံနေတုန်းပဲဖြစ်ကာ 


“ကောင်းပြီလေ” 


သခင်လေး၏မျက်လုံးတို့က သူတို့နှစ်ယောက်ကို ကူးချည်သန်းချည် ကြည့်နေပြီး ပြုံး၍ ပြောလေသည်။ 


“သဘာဝအတိုင်းကတော့ အကောင်းဆုံးပေါ့၊ စိတ်ဝိဉာဉ်ချီစွမ်းအားကို မသုံးချင်ဘဲနဲ့ ကမ္ဘာကြီးမှာ လွပ်လွပ်လပ်လပ် လှုပ်ရှားချင်တယ်ဆိုရင်တော့ ထျန်းကျီစာကြည့်တိုက်ထဲမှာ ရတနာတွေ အများကြီးရှိပါတယ်။ တွေ့ရင် ဒီတိုင်းသာ ယူလိုက်” 


လင်းရှောင် “ကျေးဇူးတင်ပါတယ် အကြီးအကဲ” 


“သေမျိုးလောကနဲ့ ထာဝရရှင်သန်သူ အမတလောကမှာ အကွာအဝေးတစ်ခုတော့ ရှိတယ်။ ကျုပ်က ဟွမ်သန်းတောင်မှာပဲ ပေါ်လာနိုင်တယ်၊ ကျုပ်နဲ့မင်းရဲ့ ရေစက်က ဒီမှာပဲ ဆုံးပြီ။ နောက်နောင် အမတကမ္ဘာမှာ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့” 


လင်ရှု၏ နဖူးကို ထိထားသော သခင်လေးက လက်ကို ရုတ်လိုက်ပြီး 


“မြောလွင့်နေသော ထာဝရရှင်သန်သူ နန်းဆောင်ကို သွားကြတော့” 


လင်ရှု “အန်းး”


သခင်လေးသည် လက်ဖြင့် ဆံပင်ကိုသပ်လိုက်ပြီး လင်းရှောင်ကို ကြည့်လိုက်သည်။ 


“မင်း .....” 


သူသည် အနည်းငယ် ပြောရခက်နေသလို ဖြစ်နေပြီး ခဏရပ်လိုက်ကာ 


“ကောင်းပြီ ဖိအားပေးလို့လဲ မရနိုင်ဘူးဆိုမှတော့ ကံကိုသာ ပုံအပ်လိုက်ပါတော့” 


လင်းရှောင်က ပြောသည်။ 


“အကြီးအကဲရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်” 


”ဟမ်” 


သခင်လေးက လက်ကို ဝေ့ယမ်းလိုက်ပြီး 


“သွားကြတော့” 


လင်ရှုကတော့ ဤနှစ်ယောက် မည်သည့်ကစားနည်းမျိုး ကစားနေကြသည် မသိသော်လည်း သူကလည်း စိတ်မဝင်စားပါချေ၊ သူသည် သခင်လေးတစ်ယောက် ဝတ်ရုံလက်ကို ညင်သာစွာ ခါယမ်းလိုက်သည်ကိုသာ မြင်လိုက်ပြီး နောက်တွင် သူတို့နှစ်ယောက်လုံး တကယ့်အစစ်အမှန် မက်မွန်တောအုပ်သို့ ပြန်ရောက်သွားသည်ကို သိလိုက်သည်။ 

သူတို့သည် ကျောက်တုံးနံရံရှေ့တွင် လူဆယ်ယောက်ထက်မက ရှိနေသည်ကို မြင်လိုက်ကြရပြီး တစ်ယောက်ချင်းစီတိုင်းသည် ကျားကွက်ကို အာရုံစိုက်ထားကြသည်။ အဖြူရောင် ဝတ်ဆင်ထားသော ဓားနန်းဆောင်မှ တပည့်ကိုတော့ မတွေ့တော့ပေ။ ထို့ကြောင့် သူသည် ကျန်းလုံကျားကွက်ကို ဖြေရှင်းပြီး ထာဝရရှင်သန်သူ နန်းဆောင်သို့ သွားနှင့်ပြီဟု ခန့်မှန်းနိုင်သည်။ 


ပုံမှန်အတိုင်းဆိုလျှင် ထာဝရရှင်သန်သူ နန်းဆောင်သို့ အရင်ရောက်သူသည် တောင်သခင်နှင့်် ဦးစွာတွေ့ပြီး ဦးစားပေးခံရကာ ထျန်းကျီစာကြည့်ဆောင်မှ အဆင့်အမြင့်ဆုံး ရတနာကို ရနိုင်မည်ဖြစ်သည်။ 


သို့သော် လင်ရှုနှင့် လင်းရှောင်တို့သည် ကျားကွက်ကို ဖြေရှင်းပြီးနောက် သခင်လေး၏ ဆင့်ခေါ်ခြင်းကို ခံခဲ့ရသည်။ သူတို့သည် အချိန်အကြာကြီး ယူခဲ့ပြီး ထာဝရရှင်သန်သူ နန်းဆောင်သို့ အရင်သွားရမည့် အခွင့်အရေးကို လက်လွတ်ခဲ့ရသော်လည်း သခင်လေးက သူတို့ကို ထျန်းကျီစာကြည့်တိုက်မှ သူတို့ရမည့် ရတနာတစ်ခုစီအပြင် နောက်ထပ်ရတနာတစ်ခုစီပါ ယူနိုင်သည့် အခွင့်အရေးပေးခဲ့သည်။ ထို့အပြင် သခင်လေးနှင့် ကျားကစားခဲ့ရသည့်အတွက် လင်ရှု၏ ဝိဉာဉ်သည်လည်း ပို၍ သိပ်သည်းလာကာ သန်မာလာခဲ့သည်။ ထိုသည်ကပင် ရတနာများထက် ပို၍ တန်ဖိုးရှိသည့် အရာဖြစ်နေပြီဖြစ်သည်။ 


လင်ရှု မြန်မြန်လျှောက်တော့မည်အပြုတွင် ကောင်လေးတစ်ယောက်မှ ရုတ်တရက် 


“ပြီးတော့မယ်” 


ထိုကောင်လေးသည် ရုတ်တရက် မျက်လုံးဖွင့်၍ ကြည့်လိုက်သည်။ ထိုမျက်လုံးများတွင် ပျော်ရွှင်မှုများ အတိုင်းသား မြင်နေရသည်။ 


ဤလူငယ်လေးကို အနည်းငယ် ရင်းနှီးနေသည်။ လင်ရှုသည် ထိုကောင်လေးကို ကျောင်းတော်မှ ပျံသန်းယာဉ်ပေါ်တွင် တွေ့ဖူးခြင်းဖြစ်ပြီး သူသည် အရပ်လည်း မရှည်ပါဘဲ ဓားပြားကြီးကို သုံးသော ကျင့်ကြံသူဖြစ်နေသည်။ 


ကောင်လေးသည်လည်း လင်ရှုကို မှတ်မိသွားပြီး နှုတ်ဆက်လာသည်။ 


“တာအိုရောင်းရင်းတို့ မင်းတို့လည်း ကျားကွက် လာဖြေရှင်းတာလား” 


လင်ရှု ခေါင်းညိတ်ပြလိုက်သည်။ 


“သိပ်ကောင်းတာပဲ” 


“ထာဝရရှင်သန်သူ နန်းဆောင်ကို အတူတူသွားကြရအောင်လေ” 


လင်းရှောင်က အမူအယာ ကင်းမဲ့နေပြီး စကားလည်းမပြောပေ။ တကယ့်ကို ဖြစ်သင့်သည်။ သူသည် ရှန်းလင်ကျောင်းတော်မှ တပည့်လည်းမဟုတ်ပေ။ သူ ဤပုဂ္ဂိုလ်ကို မသိသလို စကားပြောရန်လည်း အကြောင်းအရင်းမရှိသောကြောင့် သူ၏ အပြုအမူက သဘာဝကျသည်။ 


ထိုကောင်လေးကပင် လက်ဦးမှုယူ၍ သူတို့နှင့် သွားရန် ပြောခဲ့သည်။ ထို့ကြောင့် လင်ရှုသည်လည်း ငြင်းနေစရာအကြောင်းမရှိတော့ပေ။ 


“ကောင်းပြီလေ” 


သူသည် လင်းရှောင်ကို ကြည့်လိုက်သည်။ လင်းရှောင်မှာ ထိုအချိန်တွင် ကောင်လေးကို အာရုံလုံးဝမရှိ။ သူ၏ အကြည့်များက ကျောက်နံရံကို ကြည့်နသော လူများထံတွင်သာ ရောက်နသည်။ အတွေး များနေပုံရသည်။ သူ၏ လက်ချောင်းတို့က ဓားအိမ်ကို ဖိထားသည်မှာ အခွင့်အရေးကို စောင့်နေသည်ဟုထင်ရသည်။ ခဏလောက်ကြာပြီးနောက် 


“သွားကြစို့” 


သူတို့သုံးယောက် အတူ ပေါ်ထွက်လာသော လမ်းအတိုင်း လျှောက်လာကြသည်။  


မက်မွန်တောအုပ်ကို ဖြတ်၍ ဖော်ကထားသော လမ်းသည် ကျယ်ပြန့်ပြီး ဖြောင့်ဖြူးနေကာ ကျောက်စိမ်းကို လှေကားထစ်များကဲ့သို့ပုံဖော်၍ လမ်းခင်းထားခြင်းကလည်း ခမ်းနားပြီး သိမ်မွေ့သည်။ 


အဝေးမှ လှမ်းကြည့်လျှင် ထောင်ချီသော လှေကားထစ်များကို မြင်ရမည်ဖြစ်ပြီး ထိုအဆုံးတွင်တော့ တိမ်တိုက်များထဲတွင် လင်းလက်နေသော ကျောက်စိမ်းဖြူအတိပြီးသော ထာဝရရှင်သန်သူ နန်းဆောင် ကို မြင်ရပေမည်။ 


ရှန်းလင်ပုံရိပ်ယောင်ထက် အဆပေါင်းများစွာ ခမ်းနားထည်ဝါသေးသည်။ အလွန်ကို အရှိန်အဝါ ပြင်းထန်သော အမတအရှိန်အဝါတစ်မျိုုးလည်း ကိန်းအောင်း တောက်ပနေသည်။ 


လင်းရှောင်က မေးသည်။ 


“ပင်ပန်းနေပြီလား” 

လင်ရှုက ပြန်ဖြေသည်။ 


“အဆင်ပြေပါတယ်” 


“အင်း ပင်ပန်းလာရင် ပြော” 


လင်ရှု “အမ်” 


သူတို့ပြောနေသည်ကိုကြားပြီးနောက် အတူပါလာသော လူငယ်လေးက သူ့ကို ကြည့်နေသလို ခံစားရသည်။ 


ထာဝရရှင်သန်ခြင်းကျင့်ကြံသူများနှင့် သိုင်းသမားများအတွက် ဤမျှလောက်သော လှေကားထောင်ချီက အခက်အခဲ မဟုတ်ပေ။ ရေတစ်ခွက်သောက်ရသည်ကဲ့သို့ပင် လွယ်ကူသာ အလုပ်ဖြစ်လေသည်။ သို့သော် သူကတော့ ဝမ်းကွဲထံမှ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ အဆင်ပြေမပြေ အမေးခံလိုက်ရသည်။ ထို့ကြောင့် လူစိမ်းထံမှ အကြည့်တစ်ချက် ရလိုက်တာက မထူးဆန်းတော့ပေ။ 


ထို့နောက် လူငယ်လေးက ပြောသည်။ 


“တာအိုရောင်းရင်း ခင်များ လင်းတာ့ရှောင်ကျဲ(အကြီးဆုံးသခင်မလေးလင်း) ကို သိလားဗျ” 


လင်ရှု “........ သိပါတယ်” 


လူငယ်က မေးသည်။ 


“ဒါဆို ရောင်းရင်းက လင်ရှုလား” 


လင်ရှု “.........ဟုတ်တယ်” 


လင်ရှု ဒီတစ်ယောက် တစ်ခုခုမှားနေသည်ဟု ခံစားမိလာသည်။ 


ဤလူငယ်က ဘာကြောင့် သူ့ကို မြင်မြင်ချင်း လင်ရှုဟု မမှတ်မိပါဘဲ အခုမှလာပြီး သိသွားရပါသနည်း။


ယခု သူ့ကို ဝမ်းကွဲမှ ဂရုတစိုက်ရှိပုံက တာ့ရှောင်ကျဲ သူ့ကို ဂရုစိုက်ပုံနှင့် ဆင်တူနေ၍များလား။


ဒီလိုမြင်ကွင်းမျိုးက ကျောင်းမှာလည်း အမြဲဖြစ်နေကျဆိုတော့......... 


ဆိုရလျှင် ဝမ်းကွဲနှင့် လင်းဖုန်းရှောင်းတို့၏ စိတ်နေစိတ်ထားက တော်တော်လေး ဆင်တူသောကြောင့် သူတို့ အမျိုးတော်ကြမှန်း သတိထားမိနိုင်သည်။ 


လူငယ်သည် သူလိုချင်သည့် အဖြေကို ရသွားသည်နှင့် 


“ဒါဆို.... ဒီနိမ့်ကျတဲ့တာအိုကျင့်ကြံသူက တာ့ရှောင်ကျဲ ဒီတစ်ခေါက် ဘာကြောင့် မလာရလဲ မေးချင်ပါတယ်” 


လင်ရှုက ပြောသည်။ 


“တာ့ရှောင်ကျဲမှာ တခြား အရေးကြီးကိစ္စလေးတွေ လုပ်စရာရှိနေလို့ပါ” 


လူငယ်လေးက ပြောသည်။ 


“အို” 


သူ၏ မျက်နှာထားမှာ တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်၍ အလွန်ကို ဝမ်းနည်းသွားသလိုပင် ဖြစ်နေသည်။ 


ဤလူငယ်တွင် ပြေပြစ်သော အချိုးအစားနှင့် မျက်လုံးဝိုင်းဝိုင်းများ ရှိနေပြီး အလွန်ချစ်စရာ ကောင်းသည်ဟု ပြော၍ရသည်။ တာ့ရှောင်ကျဲ မလာဟု ကြားလိုက်သည်နှင့် အလွန်ကို စိတ်ပျက်သွားသည့် မျက်နှာကလည်း သိသာလွန်းသည်။ လင်ရှုသာ အခြားသူများအပေါ်တွင် အကြီးဆုံးသခင်မလေးက အမြဲလိုလို မျက်နှာသေနှင့် ဆက်ဆံတတ်သည်ကို မသိပါလျှင် ဤလူငယ်သည် သခင်မလေး၏ ယခင်က ဟမ်းစတားလေး ဖြစ်သည်ဟုပင် ထင်သွားရော့မည်။ 


တစ်နည်းနည်းနှင့် သူက ဤသို့တွေးမိလျှင်တောင် ထုတ်မေးလိုက်မိသေးသည်။ 


“တာ့ရှောင်ကျဲကို သိလို့လား” 


ထိုလူငယ်သည် ခေါင်းကိုငုံ့၍ အလွန်ကို မလွယ်ကူသလို ပုံစံဖြင့် ညာဘက်လက်က ဓားရိုးကိုကိုင်ထားသည်။ သူသည် အနည်းငယ်ရှက်ရွံ့ပြီး တွေဝေနေသော ပုံစံဖြင့် 


“သခင်လေးက လွန်ခဲ့တဲ့နှစ်နှစ်က ကျွန်တော့်အပေါ်မှ ကြင်နာမှုပြခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က သူမကို အခုထိ လူကိုယ်တိုင် ကျေးဇူးမတင်ရသေးဘူး ဖြစ်နေတာ.....” 

‘ငါကတော့ မင်းက သခင်မလေးကို လေးစားနေတာ ကြာပါပြီဆိုတဲ့ ဖန်ပဲ ဖြစ်မယ်လို့ ထင်တယ်’ 


လင်ရှု ခဏလောက်တွေးလိုက်ပြီး 


“ဒါဆိုရင်တော့ အချိန်မရွေး ကြမ်းတမ်းတဲ့လေနဲ့မိုးဉယျာဉ်ကို လာလည်နိုင်ပါတယ်” 


__သူသည် အပြင်လူများနှင့် ပြောဆိုချိန်တွင် အချိန်တိုင်း အဆင်မပြေ မဖြစ်သော်လည်း ယခုအချိန်တွင်တော့ ဤကောင်လေးကို ကြည့်ရသည်မှာ သူ့ထက်ကိုပို၍ပင် အဆင်မပြေ ဖြစ်နေသလို မြင်နေရသည်။ ယှဉ်ပြောရလျှင် သူစကားပြောသည်ကမှ ပို၍ပင် ချောမွေ့ပေဦးမည်။ 


ကောင်လေးက ပြောသည်။ 


“ကျွန်တော် နားလည်ပါပြီ။ ဒါပေမဲ့....” 


သူပြောလို့မပြီးခင်မှာပင် လင်ရှုသည် လင်းရှောင်၏ နွေးထွေးကာ သူ့ကို ဦးတည်ပြောသော အသံကို ကြားလိုက်ရသည်။ 


“အထစ်ကိုးရာတောင် ကျန်သေးတယ်။ တက်ဖို့ မလွယ်လောက်ဘူး ကျွန်တော် မင်းကို ချီသွားရမလား” 


ဤနှောက်ယှက်ပြောမှုကြောင့် ထိုကောင်လေးမှာ ဘာမှကို မပြောထွက်တော့ပေ။ ကောင်လေးသည် ပြုံးလိုက်ပြီး စကားပြောရပ်လိုက်သည်။ 


လင်ရှု “..... မလိုဘူး” 


လှေကားထစ်များ အများကြီး ကျန်သေးလျှင်ပင် အလွန်မြင့်နေတာမျိုး မဟုတ်ပေ။ ဒီတိုင်း မြေပြန့်နှင့်ပင် တူနေသေးသည်။ 


‘ငါ့မှာလည်း ကိုယ့်ဟာကိုယ် ဂရုစိုက်နိုင်စွမ်းလေး ရှိပါသေးတယ်။ ကိုယ့်ဟာကိုယ် တက်နိုင်ပါတယ်’ 


လင်းရှောင် “အင်း” ဟုသာ ပြောသည်။ 


ထို့နောက် လင်ရှုသည် သူ့ကို လင်းရှောင် စိတ်ဖြင့် ဆက်သွယ်ပြောလာသည်ကို ကြားလိုက်ရသည်။ 


“ရှောင်းကျဲက တစ်ခြားသူတွေနဲ့ ဘယ်တော့မှ မစနောက်ဘူး။ ဒီလူက တကယ့်ကို ကြုံကြိုက်လို့ ကူညီပေးခံရရုံလေးပဲ” 


ဝမ်းကွဲသည် သခင်လေးကို ခုခံပြောပေးနေသည်မှာ လင်ရှုမှ သူမကို ပွေရှုပ်ရှုပ်မိန်းကလေးဟု မြင်သွားမည်ကို စိုးရိမ်နေသည့်အလား။ 


‘ဝမ်းကွဲရေ ဝမ်းကွဲ ကြည့်ရတာ မင်းကတော့ မင်းရဲ့ ဝမ်းကွဲအစ်မအကြောင်းကို သေချာမသိသေးဘူးဘဲ။ လင်းဖုန်းရှောင်းက အမြဲတမ်း တခြားသူတွေကို အာရုံစိုက်ရတာ ပျင်းနေတာပဲ၊’


ကွန်ဖြူးရှပ်ကျောင်းဆောင်မှ စီနီယာအစ်မ ရှဲ့ကျီရှီမှ ပွင့်ပွင့်လင်းလင်း ဝန်ခံချိန်တွင်လည်း သူမသည် သူမ၏ လောကကို အုပ်စိုးမည့် ဗျူဟာက အလွန်ကို စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့မကျဟု ပြောခဲ့သေးသည်။ 


လင်ရှု “သိပါပြီ” 


လင်းရှောင် ခပ်ဖွဖွ ပြုံးလိုက်သည်။ 


ဤလူပြုံးလိုက်လျှင် မျက်လုံးများက တောက်ပလာပြီး အမြှီးများဖြန့်ကာ ဝံ့ကြွားနေသော ဒေါင်းတစ်ကောင်နှင့် တူလှသည်။ 


လင်ရှုသည် ရှေ့တည့်တည့်ကိုသာ လှည့်နေပြီး သူ့ကို ထပ်မကြည့်တော့ပေ။ 

++++++ 6 



သူတို့အားလုံး တစ်လမ်းလုံး တိတ်ဆိတ်စွာ လာခဲ့ကြသည်။ နာရီဝက်လောက် ကြာပြီးနောက်တွင် သူတို့သည် ထာဝရရှင်သန်သူ နန်းဆောင်သို့ ရောက်လာကြပြီဖြစ်သည်။ 


နန်းတော်၏ ဝင်ပေါက်သည် ကျယ်ဝန်းစွာ ဖွင့်လှစ်ထားပြီး သူတို့အနေဖြင့် တောက်ပနေသော ဖန်သားခန်းမထဲသို့ တန်းဝင်သွားနိုင်သည်။ 


ဒဏ္ဍာရီများအရ ဟွမ်သန်းတောင်မှ အရာအားလုံးသည် တောင်သခင်၏ နားနှင့် မျက်စိများ ဖြစ်သည်။ တပည့်တစ်ယောက် စမ်းသပ်မှုသုံးခုလုံးကို အောင်မြင်ပြီး ထာဝရရှင်သန်သူ နန်းဆောင်သို့ ရောက်လာလျှင် တောင်သခင်သည် ထိုတပည့်၏ လုပ်ဆောင်မှုနှင့် ကိုယ်ရည်ကိုယ်သွေးကို အကဲဖြတ်ကာ မည်သည့်ရတနာခန်းဆောင်သို့ ဝင်ခွင့်ပေးမည်ကို ဆုံးဖြတ်ပေးသည်။ 


မည်သို့သော ရတနာရမည်မှာ တောင်သခင်၏ စိတ်အခြေအနေပေါ်တွင်သာ မူတည်သည်။ တောင်သခင်၏ အိမ်မွေးတိရစ္ဆာန်မှ တပည့်များကို သက်ဆိုင်ရာ ရတနာခန်းဆောင်သို့ ခေါ်သွားပေးလိမ့်မည်ဖြစ်သည်။ 


လူတစ်ယောက်ကို ရတနာတစ်ခုသာ ယူရမည့် စည်းကမ်းကလည်း ရှိသေးသည်။ အကယ်၍ ပို၍ ယူမိလျှင် တောင်သခင်မှ ထိုသူကို မိုးကြိုးအပြစ်ဒဏ် ပေးမည် ဖြစ်သည်။ တစ်ခါတုန်းက တပည့်တစ်ယောက်သည် ရတနာအနည်းငယ်ကို မိသားစုမှ လျှို့ဝှက်နည်းလမ်းဖြင့် ခိုးဝှက် ယူသွားဖူးသည်။ ထိုနေ့ညမှာပင် တောင်သခင်သည် ထိုတပည့်၏ ကျင့်ကြံမှုအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ 


နန်းဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် ပထမဆုံးမြင်သည့်အရာမှာ တံခါးနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည့် ပလ္လင်ထက်တွင် လုံးလုံးလေး ခွေနေသော အနက်ရောင်ကြောင်တစ်ကောင်ကို ဖြစ်သည်။ ထိုကြောင်လေးသည် မည်သို့မှ အင်မော်တယ်သားရဲနှင့် မတူနေဘဲ သာမန်သေမျိုးကြောင်တစ်ကောင်နှင့်သာ တူသည်။ 


ဤကြောင်နက်သည် ဒဏ္ဍာရီလာတောင်သခင်၏ အိမ်မွေးကောင်လေး ဖြစ်လေသည်။ 


သူတို့သည် ကြောင်လေးက ပျင်းရိစွာ ခေါင်းမော့လာသည်ကို မြင်လိုက်ရသည်။ ထိုကြောင်လေးတွင် လှပဝိုင်းစက်သော အစိမ်းရောင် မျက်လုံးများ ရှိလေသည်။ ၎င်းသည် ပလ္လင်ပေါ်မှ ခုန်ဆင်းလာပြီး နန်းဆောင်နောက်ဘက်သို့ မောက်မာစွာ လျှောက်သွားလေသည်။ 


သူတို့သုံးယောက်လည်း ကြောင်နောက်မှ လိုက်သွားကြသည်။ 


သူတို့သည် ခန်းမတံခါးများကို ဖြတ်လာပြီး စင်္ကြန်တစ်ခု၏ လမ်းဆုံသို့ ရောက်လာသည်။ 


ကြောင်နက်လေးက ရပ်ပြီး သူတို့နှင့် မျက်နှာချင်းဆိုင်၍ ထိုင်ချလိုက်ကာ သူတို့သုံးယောက်ကို လုံးဝ မလှုပ်တော့ဘဲ တည့်တည့်စိုက်ကြည့်နေလေသည်။ 


ကောင်လေးက မေးသည်။ 


“ဒီကောင်လေး ဘာလုပ်နေတာလဲ” 


လင်းရှောင် “ငါလည်း မသိဘူး” 


လူငယ်လေးက ပြောသည်။ 


“တကယ်ကို ပိုင်ရှောင်ရှန်း ပြောခဲ့သလိုဘဲ။ ဒီကြောင်နက်မှာ ထူးဆန်းတဲ့ စိတ်နေစိတ်ထားရှိတယ်တဲ့” 


လင်းရှောင် “စောင့်ကြတာပေါ့” 


လင်ရှု “............” 


သူကတော့ ဤကြောင် ဘာလုပ်နေလဲ သိပါသည်။ 


သူငယ်စဉ်က သူ့တွင် သူငယ်ချင်းတစ်ယောက်မှ မရှိသလို အရွယ်နှင့်မလိုက်အောင် ပင်ပန်းစွာ လေ့ကျင့်ရသေးသည်။ သူသည် လမ်းကြားထဲတွင် မကြာခန လမ်းဘေးကြောင်လေးများနှင့် ဆော့ကစားတတ်သည်။ 

အချိန်အကြာကြီး ကစားပြီးနောက်တွင် သူသည် ကြောင်လေးများသည်လည်း စကားပြောနိုင်ကြောင်း သိလာခဲ့သည်။ ဤသို့သော အနေအထား၊ မလှုပ်မယှက်ခန္ဓာကိုယ်၊ မျက်လုံးတို့က လူကို တည့်တည့်ကြည့်နေသည်မှာ သိသာလှသည်။ ဤကြောင်လေးသည် ပွတ်သပ် နှစ်သိမ့်ခံချင်နေသည်။ 


သူသည် ရှေ့သို့ တစ်လှမ်း တိုးသွားလိုက်ပြီး ကြည့်လိုက်ရာ ထိုကြောင်နက်လေးမှာ မလှုပ်ရှားလာသည်ကို တွေ့ရသည်။ သို့သော် အကြည့်တို့ကတော့ သူ့ထံတွင်သာ ရှိနေတော့သည်။ သူ၏ ထင်မြင်မှုက သေချာသွားရာ လင်ရှု ကြောင်လေးရှေ့ ရောက်သည်အထိ သွားလိုက်ပြီး ထိုင်ချလိုက်သည်။ ထို့နောက် ထိုကြောင်နက်လေး၏ ခေါင်းကို ထိလိုက်ကာ နားနောက်သို့ အကြိမ်အနည်းငယ်လောက် ကုတ်ပေးလိုက်သည်။ 


ကြောင်လေးမှာ သဘောကျ ကျေနပ်ပြီး ညည်းညူသံ အနည်းငယ်ပင် ထွက်လာသည်။ 


လင်ရှု ဆက်ပြီးတော့ သူ၏ အမွှေးများကို ပွတ်သပ်ပေးသည်။ ခေါင်းမ အမြှီးအထိ နားနောက် လည်ပင်း တစ်ကိုယ်လုံးကို ပွတ်သပ်ပေးပြီး ချီလိုက်သည်။ 


သူသည် ကြောင်လေးကို ချီ၍ မတ်တပ်ရပ်လိုက်သည်။ 


ကြောင်လေးသည် သူ၏ ရင်ဘက်ကို ခေါင်းဖြင့် အတင်း တိုးဝေ့နေခဲ့သည်။ 


ဤသည်မှာ ဂရုစိုက်မှု မခံရသော ကြောင်လေးများ၏ အပြုအမူများပင်။ လမ်းဘေးကြောင်များထဲတွင် သခင်များမှ ပျောက်သွားသော ကြောင်လေးများ ပါတတ်သည်။ ထိုသို့သော ကြောင်လေးများသည် လူသားများ အနားကပ်လာတိုင်း ဤသို့ တိုးဝှေ့ပွတ်သပ်တတ်သည်။ သူတို့ကို ချီပွေ့ပွတ်သပ်ချော့မော့စေချင်သည့် အပြုအမူများသာ ဖြစ်သည်။ 


လင်ရှု “.........” 


လင်ရှုသည် ကြောင်လေးကို တင်းတင်း ပွေ့ဖက်ထားလိုက်ပြီး ခေါင်းမော့လိုက်ရာ ကောင်လေးက ထိတ်လန့်စွာ ကြည့်နေပြီး လင်းရှောင်၏ အမူအယာကလည်း အနည်းငယ် သဘာဝမကျစွာ ကိုးယိုးကားယား ဖြစ်နေသလို ဖြစ်နေသည်ကို မြင်လိုက်ရသည်။ 


အကြောင်းအရင်းမှာ ဤကြောင်လေးသည် အလွန်ကို ဝံ့ကြွားပြီး ယခုတွင်တော့ အလွန်ကို အရှက်မဲ့ပြီး မျက်နှာပြောင်တိုက်ကာ ထူးဆန်းနေသောကြောင့်သာ ဖြစ်သည်။ ဤအပြုအမူတို့က လူတိုင်းကို အံ့ဩသွားစေပြီး ထိတ်လန့်စေလေသည်။ 


လင်ရှုသည်သာ ကြောင်များအကြောင်း သိသူ မဟုတ်လျှင် ယခင်လူများအတိုင်း ကြောင်ကို စပြီး ချည်းကပ်မှာ မဟုတ်ပေ။ ကြောင်လေးကို မည်မျှ ချီချင်နေပါစေ ထိဝံ့ကြမှာ မဟုတ်ပေ။ အလွန်ကို ကြီးကျယ်ခမ်းနားသော အဆင့်အတန်းတွင်ရှိနေပြီး ကျင့်ကြံဆင့်အလွန်မြင့်သည့် ဆန်းကြယ်သော တောင်သခင်၏ ကြောင်သည်ပင် ကြောင်ဖြစ်နေဆဲသာဖြစ်သည်။ 


နောက်ဆုံးတွင် ကြောင်လေးသည် ပွတ်သပ်လို့ အားရသွားပြီး လမ်းဆုံမှ လမ်းတစ်ခုကို ရွေး၍ ပြေးသွားသည်။ 


သူတို့သည် ထိုလမ်းအတိုင်း လိုက်သွားလိုက်ပြီး အဆုံးအရောက်တွင် “ကောင်းကင်ဘုံ” ဟုသည့် စကားလုံးရေးထွင်းထားသော တံခါးပိတ်ထားသည့် အခန်းဝသို့ ရောက်နေသည်။ 


“ထျန်းကျီစာကြည့်ဆောင်” 


လင်ရှုနှင့် ကြောင်နက်တို့ အကြည့်ချင်း ဆုံသွားသည်။ 


ကြောင်နက်သည် အလွန်ကို ချီးကျူးခံချင်သည့် အသံဖြင့် အော်လိုက်သည်။ 


လင်ရှု ကြောင်လေးကို ဆက်၍ ပွတ်သပ်ပေးလိုက်ရင်း တွေးနေမိသည်။ 


“လင်းရှောင်ရဲ့ အားနဲ့ဆို သူသေချာပေါက် ထျန်းကျီစာကြည့်ဆောင်ကို ဝင်ခွင့်ရမှာပဲ။ ဒါပေမဲ့ ငါက ကြောင်နက်လေးရဲ့ အသိအမှတ်ပြုတာကို ခံရတာဆိုတော့ ငါ့ကိုလည်း ထျန်းကျီစာကြည့်ဆောင်ထဲ ဝင်ခွင့်ပြုတယ်လို့ ထည့်တွက်လို့ရပါ့မလား” 


ကောင်လေးကတော့ ထုတ်ပြောလိုက်သည်။ 


“လင်ရှစ်တိ မင်းက အရမ်းကို အံ့ဩစရာကောင်းတာပဲ” 


လင်ရှု “အဟွတ်” 


အသံကျယ်ကြီးတစ်ချက် ကြားလိုက်ရပြီး ကြီးမားလှသော ကြေးတံခါးကြီးက သူ့အလိုလို ပွင့်သွားသည်။ 


လင်ရှု ထျန်းကျီစာကြည့်ဆောင်အတွင်းသို့ ဝင်သွားသည်နှင့် ပြိုးပြိုးပျက်ပျက် လက်နေမှုကြောင့် မူးတောင်သွားသည်။ 

ရှားပါးပစ္စည်းများက တန်ဖိုးကြီးသည် ထို့ကြောင့် ရတနာများ များများစားစား ရှိမည်မဟုတ်ပေ။ ထိုအကြောင်းများကြောင့် အခန်းသည် အလွန်မကြီးနေဘဲ သာမန်အကျယ်အဝန်းသာရှိသည်။ သို့သော် အခြားသော ရတနာခန်းမများထက် ပို၍ ခမ်းနားပြီး အထဲရှိ ရတနာများမှလည်း သန်မာအားကောင်းသော အရှိန်အဝါတို့ ထုတ်လွှင့်နေသည်။ ရတနာများထဲမှ အချို့သည် ချီစွမ်းအားများ ပြည့်နှက်နေပြီး အချို့သည် သွေးဆာမှုတို့ ပြည့်နှက်နေကာ ရတနာတိုင်း၏ နောက်ကွယ်တွင် ဇာတ်ကြောင်းများ ရှိမည်မှန်း သေချာလှသည်။ 


လင်ရှုသည် နံရံတစ်ခုချင်းစီကို လိုက်ကြည့်သည်။


ယခင်က ထျန်းကျီစာကြည့်တိုက်တွင် သူနှင့် သင့်တော်သည့် ရတနာတစ်ခု ရှိသည်ဟု သခင်လေးက ပြောသည်။ သူ့အနေနှင့် ထိုရတနာကို ယူသွားလိုက်ရန်သာ လိုသည်။ 


ရတနာခန်းဆောင်အတွင်းတွင် အနောက်ဘက်နံရံ၌ လျှို့ဝှက်ကျင့်စဉ်များကိုထားပြီး၊ လက်နက်များနှင့် မှော်စွမ်းအင်သုံး အသုံးအဆောင်များကို အရှေ့ဘက်တွင်ထားကာ ဆေးလုံးများ အမြုတေများ ဆေးပင်များကိုတော့ မြောက်ဘက်နှင့် တောင်ဘက်တို့တွင် မျှထားသည်။ 


လင်ရှုသည် ဓားကျင့်ကြံသူ ဖြစ်သောကြောင့် သူ၏ အာရုံတို့ကို လက်နက်များက သိမ်းပိုက်သွားဦးမည်။ 


သူသည် သဘာဝအားဖြင့် ကုန်ကြမ်းများကို မှတ်မိတတ်သည်။ ထို့ကြောင့် သူသည်ဓားတို့ကို မြင်လိုက်သည်နှင့် အားလုံးက အလွန်ကို ဆန်းကြယ်ပြီး သဘာဝလွန်စွမ်းအားတို့ ပြည့်နေမှန်း သိသည်။ အချို့ဆိုလျှင် ဝါးခေါက်ဓားထက်ပင် ကောင်းနေသေးသည်။ သို့သော် ဝါးခေါက်ဓားလောက်တော့ သူ၏ ဓားနည်းစနစ်နှင့် ကိုက်ညီမှုမရှိနိုင်ပေ။ ယခင်ဘဝတုန်းက နှလုံးသားအပြည့် ရင်း၍ လေ့ကျင့်ခဲ့တုန်းက အခြေအနေနှင့်ပင် ကိုက်ညီနိုင်မည့် ဓားကို မတွေ့ပေ။ 


လင်းရှောင်က ရှေ့တိုးသွားပြီး ဓားကို အောက်ချလိုက်သည်။ လင်းရှောင်၏ဓားကို ချက်ချင်း မှတ်မိသွားသည်။ 


‘နောင်တမဲ့’ 


ပုံရိပ်ယောင်ထဲတွင် ရှောင်းရှောက်သုံးသော လက်နက်မှာ တကယ့်ကို ထာဝရရှင်သန်သူ နန်းဆောင်မှ ထျန်းကျီစာကြည့်ဆောင်တွင် ချိတ်ပိတ်ထားသည်။ 


ဒဏ္ဍာရီများအရ ဤဓားတွင် မိစ္ဆာထောင်ချီ၏ ဝိဉာဉ်များနှင့် မကောင်းဆိုးဝါးအငွေ့အသက်များ ပြည့်နှက်နေသည်။ ဓားအိမ်မှ ထုတ်လိုက်သည်နှင့် ထောင်ချီသော တစ္ဆေသရဲများ အဆက်မပြတ် ငိုကြွေးကြပြီး အသုံးပြုသူ၏ စိတ်ကို ထိခိုက်စေကာ သွေးဆာလာစေပြီး ဆုံးဖြတ်မရဖြစ်စေကာ မိစ္ဆာစိတ်ဝင်လာစေပြီး အသုံးပြုသူကို ရူးသွပ်သွားစေသည်။ ထို့ကြောင့် ဤဓားကို “မိစ္ဆာဓား” ဟုလည်း ခေါ်သည်။ 


ဝမ်းကွဲကဲ့သို့ လူမျိုးအတွက်ဆိုလျှင် စင်ကြယ်ပြီး ကျော့ရှင်းသော “ပြန်လမ်းမဲ့ဓား” ကိုသာသုံးသင့်သည်။ “နောင်တမဲ့ဓား” ကိုသုံးသည်ကတော့ အလွန်ကို မသင့်တော် မတင့်တယ်ပေ။ 


လင်ရှု တွေးနေသည်ကို သိနေသည့်အလား လင်းရှောင်က သူ့ကိုကြည့်၍ 


“တစ်ယောက်ယောက်ကို ပေးမလို့” 


‘တော်ပါသေးတယ်’ 


လင်ရှု ထိုအခါမှ သက်ပြင်းချနိုင်သွားသည်။ 


လူများသည် ဆိုးသွမ်းသွားစေမည့် ပစ္စည်းကောင်းများကို မလိုချင်တတ်ကြပေ။ ဝမ်းကွဲမှာ သူ၏ သဘောထားကို ပွင့်လင်းစွာ ဖော်ပြနေသေးသည်ဖြစ်ရာ လူကောင်းတစ်ယောက်အဖြစ်မှ မပြောင်းလဲသွားသေးကြောင်း သိသာလေသည်။ 


သို့သော် ရှောင်ရှောက်သာ ဤဓားကို မရခဲ့လျှင် သူကတော့ အနည်းငယ် မသက်မသာ ခံစားရမည်ကိုသာ ကြောက်မိသည်။ သို့သော် လင်ရှုတွင် ထိုရှောင်ရှောက်နှင့် မည်သည့်ရင်းနှီးမှုမှ မရှိပေ။ ထို့ကြောင့် ခဏလောက်တွေးလိုက်ရင်း ဒီအတိုင်း ကျော်သွားရန်သာ စဉ်းစားလိုက်သည်။ 


သူ စိတ်ငြိမ်သွားပြီး အကြည့်တို့က အရှေ့ဘက်နံရံသို့ရောက်သွားသည်။ အစတုန်းက သူသည် ဘာကိုမှ သိပ်ပြီး မျှော်လင့်မထားခဲ့ပေ. ဒီအတိုင်း လျှောက်ကြည့်ရန်သာ ဖြစ်သော်လည်း ရုတ်တရက် သူ့နှလုံးသားက တစ်ချက် ဆောင့်ခုန်သွားသည်။ 


__ကုချင်းတစ်ခုလား 


တူရိယာကို စိတ်ဝိဉာဉ်စွမ်းအာား တစ်မျိုးက ဖွဖွလေး လွှမ်းခြုံနေပြီး သူ့ကို ခေါ်နေသလို လှိုင်းတို့က သူအနား ကပ်လာလေလေ ပို၍ သိသာလာလေလေ ဖြစ်လာသည်။ 


သူ ကုချင်းအနားသို့ သွားလိုက်သည်ကို မြင်သော လင်းရှောင်သည်လည်း ကုချင်းအနားသို့ တိုးသွားပြီး ကုချင်းကိုယ်ထည်ကို လက်ချောင်းများဖြင့် ပွတ်သပ်လိုက်သည်။ 


“ထာဝရသစ်သားလား”


******