Chapter (1)
Viewers 354

Chapter (1)

စာသင်ခန်း (၁)



'ငါ ဘယ်ရောက်နေတာလဲ?'


ယန်ကျစ်ချန်သည် မျက်စိရှေ့ရှိ ကျယ်ပြောလှသော ချောက်ကမ်းပါးကြီးကို မှင်သက်စွာ ငေးကြည့်ရင်း အတွင်းစိတ်ထဲမှ ရေရွတ်လိုက်သည်။ 


ကောင်းကင်ကြီးသည် ညိုမှိုင်းနေသော တိမ်တိုက်များနှင့်အတူ မှုန်ကုပ်ကုပ် လွင့်ပျံနေသည်။ စုန့်ကွမ်းနန်မှာ ချောက်ကမ်းပါးဘေးတွင် ရပ်နေလျက်ရှိကာ လေပြင်းကြောင့် ဝဲပျံနေသော အဝါရောင် သစ်ရွက်ခြောက်များက သူ့အဝတ်အစားများနှင့် ဖုန်မှုန့်များကို ပွတ်တိုက်မိသွားပြီး အချို့မှာ သူ၏ခြေဖဝါးအောက်တွင် သက်ဆင်းလာခဲ့သည်။ 


လေတစ်ချက်က ဓားတစ်ချောင်းအတိုင်းပင်။ ယန်ကျစ်ချန်၏ မှုန်ဝါးနေသော အသိစိတ်သည် လေနှင့်အတူ သူ့ထံသို့ ဖြတ်ပြေးဝင်လာချေ၏။ 


ချောက်ကမ်းပါးအောက်တွင် ထူထပ်သောသစ်တောကြီးတစ်ခုသည် မိုးကုတ်စက်ဝိုင်း တစ်လျှောက် အဆုံးအစမမြင်ရလောက်အောင် ကျယ်ပြန့်​လေသော နက်နဲသည့် ပင်လယ်နက်ကြီးတစ်ခုအလား ဖြန့်ကျက်ထားသည်။ အေးစက်နေသော ကောင်းကင်အောက်တွင် ၎င်း၏ အရိပ်အာဝါသ ပြင်းထန်စွာ ထုတ်လွှတ်လျက် ရှိပေသည်။ 


စုန့်ကွမ်းနန်၏ ၀တ်စုံများသည် အဖြူရောင် ရှိခဲ့ဟန်တူသော်လည်း ယခုအခါ ၎င်းတို့သည် ဖုန်မှုန့်များနှင့် သွေးစွန်းထင်းနေသော အမှုန်အမွှားအလွှာများသာ စွန်းထင်းနေခဲ့သည်။ သူ၏ခါးရှိ ခေါင်းလောင်းသံများမှာ အားနည်းစွာ တုန်ခါနေပြီး အနီရောင် ချည်မျှင်အများစုက ပျောက်ဆုံးနေ၏။


လေထဲတွင် ညည်းညူ အော်ဟစ်နေသော အသံများကို ကွယ်ဝှက်ထားသည်။


သူ့လက်ထဲတွင် သံချေးတက်နေသော ဓားတစ်ချောင်းကို ကိုင်ထားပြီး ၎င်းဓားကို သံချေးနက်နက်တို့ဖြင့် ဖုံးအုပ်ထားလေသည်။ ၎င်း၏ထိပ်ဖျားမှ ထူထဲစေးကပ်သော သွေးများ စွန်းထင်နေပုံမှာ ဓား၏ပုံစံကို မမှတ်မိနိုင်သော အမှောင်ထုအဖြစ်သို့ မှုန်ဝါးသွားစေခဲ့သည်။


'သူဘာလုပ်နေတာလဲ။ အဲဒါ... သွေးလား'


လေရုတ်တရတ် ​ပြင်းထန်လာသည့်အခိုက် သစ်ရွက်ခြောက်များနှင့် ရောယှက်နေသော အူသံများသည်လည်း ယန်ကျစ်ချန်၏ နားထဲတွင် စူးစူးဝါးဝါး အော်သံများအလား ပြည့်နှက်သွားခဲ့သည်။ ချောက်ကမ်းပါးအလယ်၌ ရပ်နေသူ စုန့်ကွမ်းနန်ကို ကြည့်ရန် သူ့ခေါင်းကို မော့လိုက်သောအခါ စုန့်ကွမ်းနန်မှ သူ့လက်ကို မြှောက်လိုက်​လေသည်။


မရေမတွက်နိုင်သော အဝါရောင်စာရွက်များ သူ့လက်အတွင်းမှ ရုတ်ချည်း လွင့်ပျံလာ၏။ အဝါရောင်စက္ကူနှင့် သစ်ရွက်များသည် လေထဲတွင် ဝေ့ဝဲပျံဝဲ လွင့်မျောကာ ငိုကြွေးမြည်တမ်းနေသည့် ငှက်များကဲ့သို့ပင် အော်ဟစ်နေတော့သည်။ 


ထိုအခိုက် မီးခိုးရောင် ကောင်းကင်ကြီးလည်း ထူထဲ​စေးပျစ်သော အနက်ရောင်ဖြင့် စွန်းထင်းသွားသည်။


နောက်အခိုက်အတန့်၌ ယန်ကျစ်ချန်၏ အမြင်အာရုံလည်း လုံးဝ မှုန်ဝါးသွား​လေ​တော့သည်။ သူဘာကိုမှ သဲသဲကွဲကွဲ မမြင်နိုင်ဘဲ ဝေ့ဝဲနေသော လေနှင့် အဝါရောင် စာရွက်လေးများသာ လွင့်မျောနေ၏။ 


သူ့မျက်လုံးရှေ့တွင် ကျန်ခဲ့​လေသမျှ အရာအားလုံးသည် မည်းမှောင်နေသော ပတ်ဝန်းကျင်နှင့် အဝါရောင်စာရွက်တို့ကြားမှ အနီရောင်တောက်တောက် မျက်ဝန်းတစ်စုံ ဖြစ်​လေသည်။


အချိန် ဘယ်လောက်ကုန်သွားသလဲ မသိလိုက်။ ရုတ်တရက် စုန့်ကွမ်းနန်၏ သွေးစွန်းနေသော မျက်လုံးများနှင့် အသက်မဲ့နေသော အနက်ရောင် သူအိမ်ငယ်များသည် လွင့်နေသော အဝါရောင် စာရွက်ကို ထိုးဖောက်ဝင်ရောက်ကာ သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လာသဖြင့် ယန်ကျစ်ချန် ထိတ်လန့်သွား​တော့သည်။


ထိုအကြည့်မှာ သူ၏ခန္ဓာကိုယ်အား ဓားနှင့်ထိုးနေသလိုပင်။ မှုန်ဝါးဝါးဖြင့် မရေမတွက်နိုင်သော စက္ကူအဝါရောင် အပိုင်းအစများကို လေပြင်းက သယ်ဆောင်လာခဲ့ကာ သူ့မျက်စိရှေ့သို့ ဆင်းသက်ချေ၏။ 


ထိုအခိုက်အတန့်တွင် အဝါရောင်စာရွက် တစ်ရွက်စီတိုင်းတွင် တူညီသော စာလုံးသုံးလုံးသာ ပါ၀င်နေသည်အား ရှင်းရှင်းလင်းလင်း မြင်လိုက်ရ​ပေသည်။


'ယန်ကျစ်ချန်'


၎င်းက သူ၏အမည်ပင်။


မနိုးထမီ နောက်ဆုံးအခိုက်အတန့်အထိ ယန်ကျစ်ချန် လွတ်လွတ်လပ်လပ် တွေးတောနေခဲ့သည်။


...


"ယန်ကျစ်ချန်! ယန်ကျစ်ချန်!"


တစ်ယောက်ယောက် သူ့နာမည်ကို စိုးရိမ်တကြီးဖြင့် တိုးတိုးလေး ခေါ်နေပုံပင်။ 


ယန်ကျစ်ချန် ခေါင်းထဲတွင် စူးစူးရှရှ နာကျင်ကိုက်ခဲနေသေးသည်။ မျက်လုံးဖွင့်ရန်ပင် အနည်းငယ် ရုန်းကန်နေရ၏။ နောက်ဆုံး မျက်လုံးဖွင့်နိုင်သွားသည့်အခိုက် သူ့ရှေ့ရှိ ရွှီကျင့်၏ စိုးရိမ်သောက မျက်နှာနှင့် အမှောင်ဖုံးနေသော စာသင်ခန်းတစ်ခန်းကို တွေ့လိုက်ရသည်။ 


သူသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပုံရပြီး သတ္တုနံ့တို့က အနီးဝန်းကျင်၌ မွှေးကြိုင်နေသလိုပင်။ သူ့ဘေးတွင် စားပွဲခုံနှင့် ကုလားထိုင်များ ရှိပြီး ပြတင်းပေါက်မှတစ်ဆင့် လရောင်အေးအေးတို့ စိမ့်ဝင်ကာ သွေးစွန်းနေသော ကြွေပြားကြမ်းခင်းကို တောက်ပသွားစေသည်။


မနီးမဝေးရှိ ကျောက်သင်ပုန်းကြီး အထက်တွင်တော့ ကျောင်းသားတစ်ဦး မြေဖြူဖြင့် ရေးခြစ်ထားပုံရသော စာတန်းကြီးမှာ အနည်းငယ်မှိန်ဖျော့နေ၏။ ၎င်းအနက် '၂၀' ဟူသည့် စာလုံးကိုသာ သူမြင်နေရသည်။


ယန်ကျစ်ချန်၏ စိတ်အလုံးစုံတို့မှာ တုန်လှုပ်နေဆဲ။ သူ့ခြေလက်များဆိုလျှင် တောင့်တင်းအေးစက်နေပြီး သူ၏အခြေအနေကို ရှင်းရှင်းလင်းလင်း ရိပ်မိပုံ မရသေးချေ။ 


သူ ဘာ​ဖြစ်သွားတာလဲ။


မတွေ့ရသည်မှာ နှစ်နှစ်ရှိပြီဖြစ်သော သူ့ရည်းစားဟောင်းကို ရုတ်တရက် ဘာကြောင့် အိပ်မက်မက်လေခဲ့သနည်း။ 


အိပ်မက်ထဲ ထည့်မက်ရသည်အထိ သူ့အတွေးများက တစ်ဖက်လူကို စွဲနေခဲ့​လေသလားပင် မသိ​တော့​ပေ။


သူ့အတွေးတို့ ဝရုန်းသုန်းကား ဖြစ်နေချိန်၌ တစ်ဖက်မှ စူးရှသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အနှီကျောက်သင်ပုန်းပေါ်ရှိ '၂၀' သည် ရုတ်တရက် ကောက်ကောက်ကွေးကွေးနှင့် ကွဲလွဲနေသော 'ပြေးတော့လေ!' အဖြစ် ပြောင်းလဲသွား​လေသည်။ 


ထိုစဥ် ရွှီကျားရန်မှ စိုးရိမ်တကြီးဖြင့် ပြောလာ၏။ 


"ငါတို့ အခုမထွက်သွားရင် 'အဲဒါက' ထွက်လာတော့မှာ!"


သူသည် တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ယန်ကျစ်ချန်ကို ဖမ်းဆွဲကာ ခြေသုတ်တင်ပြေးတော့သည်။ 


ယန်ကျစ်ချန်၏ ခန္ဓာကိုယ်မှာ သူ့စိတ်ထက်ပင် ပိုမြန်ဆန်လှသည်။ သူသည် ခြေထောက်များကို ထိန်းချုပ်ကာ ရွှီကျားရန်နှင့်အတူ စာသင်ခန်းထဲမှ ပြေးထွက်လာခဲ့သည်။ အပြင်ဘက်မှ တိုက်ခတ်လာသောလေသည် စေးကပ်ကပ်အနံ့တို့အား လွင့်ပြယ်သွားစေရာ ယန်ကျစ်ချန်၏စိတ်တို့ ကြည်လင်လာပြီး သူ့အသိစိတ်က တဖြည်းဖြည်းနှင့် ပုံမှန်ပြန်ဖြစ်လာ၏။


ဤသည်မှာ တတိယမြောက်နေ့ ဖြစ်သည်။


ယန်ကျစ်ချန် အသံတိတ် ညည်းညူလိုက်သည်။


နှစ်သစ်နာရီ သုညသို့ ရောက်သည်နှင့်အမျှ ပွက်ပွက်ဆူနေသော ရေများကဲ့သို့ အသံဗလံများ လေထဲ ပြည့်သွား၏။ 


သူ နောက်ပြန် လှည့်ကြည့်လိုက်သည်။ ပုံပျက်ပန်းပျက်နှင့် ဖျော့ဖျော့သော အရိပ်များစွာသည် စာသင်ခန်းတစ်ခွင်တွင် ဖျတ်ခနဲ လင်းလက်သွားကာ အေးစက်သော ညအမှောင်ထဲ၌ လှုပ်လှုပ်ရွရွ ဖြစ်နေ​ကြသည်။ ၎င်းတို့သည် အပြာရောင် အစက်အပြောက်များဖြင့် ဖုံးလွှမ်းနေပြီး အရိပ်များကြားတွင် အနည်းငယ်ယိမ်းယိုင်နေသည့် ကတ်အများအပြားကို ချိတ်ဆွဲထားသည်။


ယန်ကျစ်ချန်သည် သူ့မျက်လုံးကပဲ အမြင်မှားလေသလား မသိသော်ငြား “ ကျောက်” ဟူသော စာလုံးကို မြင်လိုက်သယောင်ပင်။ 


"ဒါကြီးက ဘယ်တော့များမှ ပြီးမှာလဲကွာ" 


ရွှီကျားရန်၏ အသံသည် နောက်ဆုံးတွင် ပျက်သွားသည်။


"လူတွေ သေကုန်ကြပြီ... ဒီည... ဒီညရော နောက်ထပ် လူသေဦးမှာလား" 


လက်ရှိအချိန်၌ ယန်ကျစ်ချန်၏ ခြေထောက်များလည်း ထုံကျင်နေပါပြီ။ 


"မသိဘူး" 


ယန်ကျစ်ချန် တုန်တုန်ယင်ယင်ဖြင့် ခေါင်းတဆတ်ဆတ်ခါကာ တတ်နိုင်သမျှ မြန်မြန် ပြေးနိုင်ဖို့သာ အာရုံစိုက်နေခဲ့သည်။ 


"...ငါလည်း မသိဘူး"


လေးလံသော ခြေသံတချို့ အဝေးဆီမှ တဖြည်းဖြည်း ချဉ်းကပ်လာ​လေသည်။ စိုစွတ်ပြီး စေးကပ်နေသော အရာတစ်ခုကို ဆွဲယူလာသလိုမျိုး ထိုခြေသံများက ရှေ့သို့ တဖြည်းဖြည်း တိုးလာနေ၏။ တိတ်ဆိတ်ငြိမ်သက်​နေသော စာသင်ခန်းကြောင့် ထိုအသံတို့သည် ထူးထူးခြားခြား အသံတစ်သံနှယ် အင်မတန် ရှင်းလင်းနေခဲ့သည်။


၎င်းတို့၏ လေးလံသော ဆွဲဆွဲငင်ငင် အော်သံများအကြားမှ လျှောက်လာနေသော အနှီခြေသံများသည် သေမင်းတမန်အလား လျင်မြန်စွာ ချဉ်းကပ်လျက်ရှိ၏။  


ရွှီကျားရန်၏ မျက်နှာသည်လည်း သိသိသာသာ ပြောင်းလဲသွားတော့သည်။ 


"သွားမယ်! မြန်မြန်!"


စေးကပ်နေဟန်ရှိသော ခြေလှမ်းများက တဖြည်းဖြည်း နီးကပ်လာနေပြီ။ ယန်ကျစ်ချန်လည်း ပုခုံးတို့ကို တင်းတင်းကြပ်ကြပ် ဖိထားပြီး ခွန်အားများ စုစည်းကာ ရွှီကျားရန်နှင့်အတူ အောက်ထပ်ကို အရူးအမူး ပြေးဆင်းသွားခဲ့သည်။ 


...

လွန်ခဲ့သည့်သုံးရက်က ထိုအဖွဲ့သည် စာသင်ခန်းထဲသို့ ဝင်သောအခါတွင် ဤကဲ့သို့ ကြုံတွေ့ရလိမ့်​မည်ဟု မည်သူမျှ မခန့်မှန်းနိုင်ခဲ့ပေ။


ယန်ကျစ်ချန်၏ ဘွဲ့ကြိုအတန်းဖော် ရွှီကျားရန်တစ်ယောက် ဂီတကလပ်တစ်ခုကို တည်ထောင်သောအခါတွင် ဤအရာအားလုံးလည်း စတင်ခဲ့သည်။ တက္ကသိုလ်တွင် အလားတူကလပ်များစွာ ရှိသော်လည်း လှုပ်ရှားမှုများကတော့ ရှားပါးလှ၏။ ရွှီကျားရန်သည် လူများစွာကို ဆက်သွယ်ခဲ့ပြီး နောက်ဆုံးတွင် အနည်းငယ် ဆိတ်ငြိမ်သော အဆောက်အအုံတစ်ခုတွင် စာသင်ခန်းတစ်ခုကို တွေ့ရှိခဲ့သည်။


“ဒီအဆောက်အဦက ကျောင်းရဲ့ တွဲဖက်အလယ်တန်းကျောင်း ဖြစ်ခဲ့ဖူးတယ်” ဟု စာသင်ခန်း ခွဲဝေပေးရေး တာဝန်ခံက ပြော​ပြသည်။ 


"မသုံးတာကြာပြီ ဆိုတော့ နည်းနည်း ညစ်ပတ်တယ်... သန့်ရှင်းရေး​လေး​တော့ လုပ်ရမယ်"


ရွှီကျားရန် အလိုက်သင့်လေး သဘောတူခဲ့သည်။ နောက်တစ်နေ့မှာတော့ သူသည် ကလပ်ထဲကလူအားလုံးကို ဆွဲထုတ်ပြီး တံမြက်စည်းနှင့် ကြမ်းတိုက်တံများကို ကိုယ်စီဆွဲကိုင်ကာ ထွက်ခွာလာခဲ့သည်။ 


ယန်ကျစ်ချန် ကိုယ်တိုင်ကလည်း ကလပ်၏ လှုပ်ရှားမှုများကို သိပ်စိတ်မဝင်စားခဲ့ပါ။ ကလပ်ထဲတွင် မူလက လူငါးယောက်ရှိပြီး သူသည် ရွှီကျင့်နှင့်သာ ရင်းနှီး​လေသည်။ ယန်ကျစ်ချန်မှာ ကလပ်ကို စတင်တည်ထောင်ပြီး အဖွဲ့ဝင်များ လိုအပ်နေချိန်၌ လူအရေအတွက် မလုံလောက်သဖြင့် ခေါ်ယူခံခဲ့ရခြင်းပင်။ 


သန့်ရှင်းရေးကိုလည်း သူ မလွတ်ခဲ့ပါ။ သို့သော်လည်း နွေရာသီအားလပ်ရက် နီးကပ်လာချိန်၌ မွေးစားမိဘများနှင့် အငြင်းအခုံ ဖြစ်ခဲ့ပြီး မွေးရပ်မြေသို့ ပြန်သွားရန် စိတ်ဓာတ်ကျကာ နောက်ကျကျန်နေခဲ့သည်။


အခြားတစ်ဖက်တွင်မူ အခြားသူများကတော့ အလွန်အမင်း စိတ်အားထက်သန်​နေကြသည်။ သူတို့သည် လှေကားဟောင်းကို လှမ်းတက်ကာ တင်းကျပ်စွာ သော့ခတ်ထားသော စာသင်ခန်းတံခါးရှေ့တွင် ရပ်လိုက်ကြသည်။


စာသင်ခန်းတံခါးမှာ သစ်သားတံခါးဟောင်းတစ်ခု ​ဖြစ်ပြီး ဆေးများပင် ကွာကျနေပြီီ။ ယန်ကျစ်ချန် အက်ကွဲကြောင်းတစ်လျှောက် ချောင်းကြည့်လိုက်ရာ ထူးထူးခြားခြား အရောင်အချို့ကို မြင်လိုက်ရ၏။ 


"အရမ်းဟောင်းနေပြီ" 


ရွှီကျင့်မှ မထိန်းနိုင်ဘဲ မှတ်ချက်တစ်ခု ​ပေးလိုက်သည်။


"အင်းပါ စိတ်မကောက်စမ်းပါနဲ့ နည်းနည်းလေးပဲ ညစ်ပတ်တာပါ" 


ကလပ်အဖွဲ့ဝင် ကျူးယန်သည် မသိမသာဖြင့် လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ 


ရွှီကျင့်လည်း ခေါင်းညိတ်လိုက်ကာ: "ဟုတ်တယ် နည်းနည်း ညစ်ပေပေမယ့် နောက်မှ သန့်ရှင်း​ရေး လုပ်လို့ရတယ်"


"ကျောင်းက ဒီလိုဝေးလံခေါင်သီတဲ့ နေရာက လှုပ်ရှားမှုအခန်းကို ဘယ်လိုများ ရှာတွေ့လဲမသိဘူး" 


အခြားကလပ်အဖွဲ့ဝင် ကျန့်ယွိဟန်မှာတော့ မျက်မှောင်ကြုတ်လိုက်သည်။


"တစ်​ခန်းရလို့ ငါတို့ကံ​ကောင်းတယ်​မှတ်!" ရွှီကျားရန်မှ ​ပျော်​ရွှင်​စွာ​ ဝင်ထောက်လေ၏။ 


"တခြား စာသင်ခန်းအလွတ်တွေက ပိုတောင် ဝေးနေပုံရတယ်... ငါတို့ ကံကောင်းသွားတာ..."


သူက စကားပြောနေစဉ် သော့ကို သော့​ပေါက်ထဲသို့ ထည့်ရင်း အားလုံး အံသြသွားအောင် ကြိုးစားချင်​နေခဲ့သည်။


သစ်သားတံခါးက ၎င်း၏ အလေးချိန်အောက်တွင် တွန့်လိမ်သွား၏။ နောက်ဆုံးတော့ ရွှီကျားရန် အကြမ်းဖျင်း တွန်းဖွင့်လိုက်သည်။ သို့သော် တံခါးဖွင့်ပြီးချင်း သူသည် ထူးဆန်းပြီး အေးခဲနေသည်အား မြင်လိုက်ရလေသည်။ 


သူ့အနောက်မှာ ရပ်နေသည့် ကျန့်ယွိဟန်လည်း မနေနိုင်စွာဖြင့် အတွင်းထဲကို ချောင်းကြည့်ဖို့ သူ့လည်ပင်းကို ဆန့်လိုက်သည့်အခိုက် သူ့အမူအရာကလည်း ချက်ချင်း ပြောင်းလဲသွားတော့၏။ 


"သောက်ကျိုနည်း! ရွှီကျားရန် မင်း ဘယ်လိုအမှိုက်မျိုးကို ရှာတွေ့ခဲ့တာလဲ !"


လူတိုင်းလည်း ထိုအပြောအဆိုကြောင့် ထူးဆန်းသွားကြသည်။ ယန်ကျစ်ချန်လည်း ကြောင်မှိန်းနေရာမှ စာသင်ခန်းထဲသို့ လှမ်းကြည့်လိုက်သည်။


စာသင်ခန်းမှာ အင်မတန် ရှုပ်ပွနေ၏။ သတ္တုစားပွဲများနှင့် ကုလားထိုင်များက ကြမ်းပြင်ပေါ်တွင် မထင်မရှား ပြန့်ကျဲလျက်။ အချို့မှာ နဂိုအတိုင်း ဖြစ်ပြီး အချို့မှာ အစိတ်အပိုင်းများ ပျောက်နေကာ အများစုမှာ ဆေးသုတ်ထားသော အပွန်းအပဲ့ဖြစ်ကုန်ချေပြီ။ တံခါးဆီမှ အလင်းရောင်သည် အနက်ရောင် အတွင်းခန်းကို ပေါ်လွင်သွားစေခဲ့သောကြောငံ စာအုပ်များသည် စားပွဲများနှင့် ကုလားထိုင်များအောက်တွင် ပြန့်ကျဲကာ ဖုန်မှုန့်များ ဖုံးလွှမ်းနေသည်ကိုပင် မြင်နေရသည်။ 


သို့ပေမယ့် အံ့သြစရာကောင်းသည်မှာ စာသင်ခန်းအတွင်းမှ မြင်ကွင်းသည် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်သွားသည့် အတိုင်းပင်။ 


စာသင်ခန်းတံခါးနှင့် ဆန့်ကျင်ဘက်တွင် သတ္တုပုံးငယ် တစ်ခုရှိသည်။ ၎င်းသည် စားပွဲခုံများနှင့် ကုလားထိုင်များကဲ့သို့ ဟောင်းသော်လည်း ကြမ်းတမ်းပြီး အဝါရောင်ရှိသော စာရွက်နှစ်ရွက်ကို ၎င်း၏မျက်နှာပြင်ပေါ်တွင် ကပ်ထား​လေသည်။


အဝါရောင် စာရွက်ပေါ်တွင် အမည်မသိနည်းဖြင့် အနီရင့်ရင့် ပုံစံများကို ရေးဆွဲထား၏။ နေ့ခင်းဘက်ကြီး ဖြစ်နေသော်လည်း စာသင်ခန်း၏ အလင်းရောင်မှိန်မှိန်ကြောင့် စာရွက်အဝါရောင်နှစ်ရွက်က လူတိုင်းကို လန့်ဖျပ်သွားစေသည်။


ယန်ကျစ်ချန်၏ ညာဘက်မျက်ခွံပင် လှုပ်ယမ်းသွားသည်။


သူ့စိတ်ထဲတွင် အလိုလို မသက်မသာ ဖြစ်လာသလို ခံစားလိုက်ရသည်။ စက္ကူအဝါရောင်၊ အနီရောင် စုတ်ချက်များ။ ၎င်းသည် ထိတ်လန့်စရာ ရုပ်ရှင်တစ်ခုမှ ကြောက်မက်ဖွယ်ကောင်းသော စာလုံးပေါင်းတစ်မျိုးမျိုးကို ပုံတူယူထားသလိုပင်။ မသိလျှင် အတွင်း၌ တစ်စုံတစ်ခုကို ဖုံးအုပ်ထားသည့်အလား။ 


"...ဘယ်လိုဖြစ်တာလဲ မသိဘူး" ရွှီကျားရန် ပြောပြီး မျက်နှာက ဖြူဖျော့သွားသည်။


"ငါ စာသင်ခန်း ပြောင်းခိုင်းလိုက်မယ်"


"ထားလိုက်တော့..." ကျူးယန် ရုတ်တရက် ဝင်ပြောလိုက်သည်။ သူသည် ရွှီကျားရန်ကို ကျော်ဖြတ်ပြီး ရှေ့ကို အရင်လှမ်းဝင်သွား၏။ 


"ဘာလို့ပြောင်းနေမှာလဲ... အလုပ်ရှုပ်တယ်"


ထို့​နောက် ဖုန်ထူထူ ကြမ်းပြင်ကို ဖြတ်လျှောက်သွားကာ အဝါရောင် စာရွက်ကို မဆိုင်းမတွ ဆုတ်ဖြဲပစ်လိုက်သည်။


စာရွက်ဖြဲသံ ထွက်ပေါ်လာသည့်အခိုက် ယန်ကျစ်ချန်၏ နှလုံးခုန်သံလည်း ဆောင့်ခုန်သွား​တော့သည်။


"ကံမကောင်းဘူးဆို စုတ်ဖြဲပစ်လိုက်မယ်... ဒီလောက်ဆို ရပြီမလား" 


ကျူးယန်သည် အဝါရောင်စာရွက်ကို ဘောလုံးတစ်လုံးကဲ့သို့ ဖိညှပ်ကာ သူ့လက်ဖဝါးထဲ ထည့်ကစားရင်း အမှတ်မဲ့ပြောလိုက်သည်။ 


"ငါတို့ ဘယ်ခေတ်တောင် ရောက်နေ​ပြီလဲ... ဘာတွေ ဒီလောက် အယူသီးနေ​ကြသေးတာလဲ"


"အာ... မင်း ဒါ ... " ရွှီကျားရန်လည်း မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားပြီးမှ နောက်ဆုံးတွင် :"ကောင်းပြီလေ... မင်းက စုတ်​ဖြဲပြီးပြီပဲကို... အခန်း ရှင်းကြရအောင်"


ကျောင်းသားအသီးသီးတို့သည် ၎င်းတို့ လက်ထဲတွင် တံမြက်စည်းနှင့် ကြမ်းသုတ်တံများကို ကိုင်ထား​ကြသည်။ ယန်ကျစ်ချန်သည် အဝါရောင် နံရံများကို မျက်လုံးဖြင့် စကင်န်ဖတ်ကာ အနောက်ဘက်သို့ မသိစိတ်မှ ဆုတ်ထားလိုက်မိသည်။ 


စာသင်ခန်းသည် အချိန်အတော်ကြာ ဗလာဖြစ်နေခဲ့ပြီး ထောင့်တိုင်းတွင် ဖုန်မှုန့်များ စုပုံနေသော်လည်း ကျေးဇူးတင်ရမည်မှာ ပင့်ကူ သို့မဟုတ် အင်းဆက်ပိုးမွှားများ၏ လက္ခဏာများတော့ မတွေ့ရချေ။ ကျောင်းခန်းထဲရှိ ကျောက်သင်ပုန်းသည် နံရံတွင် ကပ်လျက် ရှိကာ “အထက်တန်း ဒုတိယနှစ်၊ တန်းခွဲ ၄” ဟူသော စာလုံးများကိုတော့ အဆုံးတွင် သေသေသပ်သပ် ရေးထားသည်။


ကျူးဟန်မှလွဲ၍ မည်သူမျှ သတ္တုပုံးကို သန့်ရှင်းရေး မလုပ်ရဲကြဘဲ တခြားအရာများကိုသာ ဖြည်းညှင်းစွာ ဖွင့်ကာ သုတ်ပစ်လိုက်ကြသည်။


ရွှီကျားရန်က ပြတင်းပေါက်ကို သွားဖွင့်လိုက်သည်။ အခြားသူများသည် မှောက်နေသော စားပွဲနှင့် ကုလားထိုင်များကို သပ်သပ်ရပ်ရပ် ပြန်ခင်းထားသည်။ ယန်ကျစ်ချန်တစ်ယောက် သူ့လက်ထဲရှိ တံမြက်စည်းကို မှီ၍ ပတ်ပတ်လည်ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ရာ စာသင်ခန်း၏ ​ထောင့်လေးထောင့်စလုံးတွင် သတ္တုပုံးကဲ့သို့ အရာများအား ချထားကာ အဝါရောင်စက္ကူဖြင့် ဖုံးအုပ်ထားသည်ကို သတိပြုမိလိုက်သည်။


အဝါရောင်စာရွက်​ထောင့်သည် ပြတင်းပေါက်မှ လေပြေလေညင်တို့ကြောင့် အနည်းငယ် လွှင့်နေ၏။ အနီရောင်အက္ခရာများမှာ တစ်ဝက်တစ်ပျက် ဖွင့်ထားသည့် မျက်လုံးများကဲ့သို့ ဖျတ်ခနဲမြင်ရသည်။


"ဟိုမှာလည်း ရှိတယ်" 


ယန်ကျစ်ချန် မထိန်းနိုင်​တော့ဘဲ ​အော်ပြောလိုက်သည်။


"ခဏနေဦး!" စားပွဲကို ကိုင်ထားသည့် ရွှီကျင့်လည်း ထိတ်လန့်တကြား ထရပ်လိုက်သည်။ 


"အဲဒါ... နေရာတိုင်းမှာ ရှိ​နေတာပဲဟ!"


အဝါရောင်စာရွက်နှစ်ရွက်က သူ့ခြေရင်း၌ ကပ်နေ၏။ ထိုမျှမကဘဲ စားပွဲအံဆွဲများ၊ အမှိုက်ပုံးများ၏ အနားတစ်လျှောက်တွင်လည်း အဝါရောင်စာရွက် သဲလွန်စများက နေရာတိုင်းတွင် ရှိနေပြီး စာသင်ခန်း ပတ်လည်၌ နေရာတိုင်းနီးပါးတွင် ရှိနေသည်။


"ဒါက ဘာ​တွေလဲ?" ကျန့်ယွိဟန် ခြေထောက်ကို မကျေမနပ်ဖြင့် ဆောင့်နင်းမိလိုက်သည်။ "ဒါကြီးက သရဲဇာတ်ကားထဲက တစ်ခုခုအတိုင်းပဲ!"


ထိုစဥ် ကျူးယန်မှ မကျေမနပ်ဖြင့်: "ဘာသရဲဇာတ်ကားလဲ သူတို့က ပဒေသရာဇ်အယူသီးမှုကို ကျင့်သုံးနေတာလည်း ဖြစ်နိုင်တာပဲ အဝါရောင်စာရွက်တချို့ကို ငါကကြောက်...."


*ခွမ်း!*


စူးရှသော အသံတစ်ခုက သူ့စကားကို စာကြောင်းအလယ်တွင်ပင် ရပ်တန့်သွားစေ၏။ ငုံ့ကြည့်လိုက်သောအခိုက် သူ့ခြေရင်းမှ ကြွေပန်းအိုးလေး ကွဲအက်သွားသည်။ 


လူတိုင်း လှည့်ကြည့်လိုက်ကြသည်။


"ငါ့ကို အပြစ်မတင်နဲ့ ဒီပန်းအိုးက ဘယ်ကလာလဲ သရဲပဲသိမှာ!" ကျူးယန်မှ ပခုံးတွန့်ပြပြီး ဂရုမစိုက်ဟန်ဖြင့်: "ဒီမှာ ပစ်ထားထားတာပဲ ကြာလှပြီ ဘယ်သူမှ မလိုချင်တော့တာလည်း ဖြစ်နိုင်တာပဲ"


ယန်ကျစ်ချန်လည်း ခေါင်းညိမ့်ညိမ့် ဝင်လုပ်လိုက်သည်။ ကြွေပုလင်း၏ အပြင်ဘက်အခွံသည် ဖြူဖျော့နေသော်လည်း အတွင်းဘက်တွင်တော့ အနီရောင်တောက်တောက် ဖြစ်နေသည်။


အနီရောင်သည် ကွက်ကွက်ကွင်းကွင်း မြင်နေရတာမို့ ပထမတစ်ချက်မှာပင် သွေးအစစ်နှင့် တူလှသည်။ ထိုအခိုက် သူ့ကျောရိုးအောက်အထိ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။


ယန်ကျစ်ချန်: "ငါတို့ ဘာလို့အရင် မပြန်တာလဲဟင် ဒီနေရာက အဆင်မပြေဘူးလေ"


"ဟုတ်တယ် သွားကြရအောင်" 


ရွှီကျင့်အသံသည်လည်း ပဲ့တင်ထပ်လာသည်။ 


"နောက်ထပ် စာသင်ခန်း ရှာရအောင်ပါ... ဒီလို ကြောက်စရာကောင်းတဲ့ နေရာမှာ ဘယ်သူက သီချင်း ဆိုချင်မှာလဲ" သပ်သပ်ရပ်ရပ် ဆံပင်စည်းထားသော အဖွဲ့ထဲမှ နောက်ထပ် မိန်းကလေးဖြစ်သည့် ဝမ်ရှင်းယွီမှ ပြောလိုက်သည်။ 


“ဒါက သရဲခြောက်တဲ့ အိမ်ရဲ့ စွန့်စားခန်းတစ်ခုလိုကြီး.…”


လူအများစုမှာ ထွက်သွားဖို့ စဉ်းစားနေသည်ကို မြင်လိုက်ရသဖြင့် ရွှီကျားရန်လည်း :"ဒါဆိုလည်း အရင်ပြန်ကြရအောင် စာသင်ခန်းအကြောင်း တခြားတစ်ယောက်ကို မေးကြည့်လိုက်မယ်"


ကျူးယန်သည် စကားလုံးအနည်းငယ် ရေရွတ်ကာ အနည်းငယ် တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် အခြားသူများနှင့် ထွက်ခွာသွားခဲ့​သေးသည်။ သူတို့ထွက်သွားချိန်၌ ယန်ကျစ်ချန် ​​တံခါးကို တင်းတင်း ပြန်စေ့ထား​ပေးလိုက်ပြီး စာသင်ခန်းထဲကို တစ်ချက် ပြန်ကြည့်လိုက်၏။ 


နေ့ခင်းဘက်မို့ အပြင်ဘက်တွင် စင်္ကြံ၌ နေရောင် တောက်ပနေပေမယ့် စင်္ကြံမှ ဆင်းလာသော အရိပ်များကြောင့် စာသင်ခန်းကတော့ လုံးဝ အမှောင်ထဲ ထိုးကျသွားခဲ့သည်။


"မြန်မြန်လာလေ!" 


ထိုအခိုက် ဝမ်ရှင်းယွီ၏ တိုက်တွန်းသံ ထွက်ပေါ်လာသည်။


“ကောင်းပြီ” 


ယန်ကျစ်ချန်လည်း အဝေးကိုကြည့်ကာ အခြားသူများနောက် အမြန် လိုက်သွား​တော့သည်။



ထိုညတွင် ယန်ကျစ်ချန် အချိန်မှန်ပင် အိပ်ရာဝင်ခဲ့၏။


သူကောင်းကောင်း အိပ်မပျော်သော်လည်း သည်ညမှာတော့ အိပ်ယာကို ထိလိုက်သည်နှင့် အိပ်ငိုက်ခြင်းများက စပျစ်နွယ်ပင်များအလား သူ့အသိစိတ်များကို ဆုပ်ကိုင်ထားပြီး အိပ်မက်ထဲကို မြန်မြန်ဆန်ဆန် ဆွဲခေါ်သွားတော့သည်။


သူ့အိပ်မက်က အကွဲကွဲအပြားပြား ဖြစ်နေပြီး ဖရိုဖရဲနှင့် ရှုပ်ထွေးစွာ ရောယှက်နေသည်။ သွေးထွက်သံယို မြင်ကွင်းတစ်ခု သို့မဟုတ် နှစ်ခု ရှိပုံပေါ်သည်။ မီးခိုးရောင် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော တစ်စုံတစ်ယောက်သည် သွေးများဖြင့် ဖုံးလွှမ်းနေကာ အလွန် စိတ်ပျက်အားငယ်စွာ အော်ဟစ်နေ၏။


ယန်ကျစ်ချန်မှာ ရုတ်တရက် ကြောက်ရွံ့ထိတ်လန့် တုန်လှုပ်သွားပြီး ချက်ချင်း လန့်နိုးလာခဲ့သည်။ ထိုအခိုက်၌ သူ့ရှေ့က မျက်နှာကျက်သည် သူ၏အိပ်ဆောင်ထဲက ရင်းနှီးပြီးသား မျက်နှာကျက် မဟုတ်တော့ချေ။ 


ခေတ်ဟောင်း ပန်ကာကြီးသည် စားပွဲများနှင့် ကုလားထိုင်များ ဝန်းရံထားသော အခန်း၏ မျက်နှာကျက် ပေါ်တွင် တဆတ်ဆတ် တုန်ခါကာ သူ့အောက်တွင်တော့ အေးမြသော ကြမ်းပြင် ရှိသည်။


"အား!"


ကြောက်လန့်တကြား အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။


ယန်ကျစ်ချန်လည်း ထိုအော်သံကြောင့် အထိတ်တလန့်ဖြင့် ဆတ်ခနဲ ထထိုင်လိုက်မိ​လေ၏။ တစ်ဆက်တည်း သူအရှေ့က မြင်ကွင်းကြောင့် အနည်းငယ် တုန်လှုပ်ချေသည်။ 


သူ၊ ရွှီကျားရန်၊ ရွှီကျင့်၊ ကျန့်ယွီဟန်၊ ကျူးယန်နှင့် ဝမ်ရှင်းယွီတို့ ယနေ့အစောပိုင်းက စုဝေးခဲ့သော လူခြောက်ယောက်သည် ယခု သူတို့အရင်ကရောက်ဖူးသော စာသင်ခန်းထဲ၌ သပ်သပ်ရပ်ရပ် လဲလျောင်းနေခဲ့ကြပေ၏။