Ch 1
Viewers 2k

🥝 Chapter 1


မှောင်မည်းနေသောကောင်းကင်ယံအောက် အိမ်တန်းရှည်နှစ်ခု၏ ခေါင်မိုးစွန်းများမှ မိုးရေများတစက်စက်ကျဆင်းလို့နေသည်။


စုကျိုသည် သစ်သားဝှီးချဲလေးပေါ်တွင် ထိုင်ရင်း ဇကာကွက်ပါသော ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ငေးကြည့်နေမိသည်။ ဟူးဟူးဝူးဝူး တိုက်ခတ်နေသော လေပြင်းများကြားတွင် ငါးမီတာခန့် ရှည်လျားပြီး အပြာရောင်အကြေးခွံများဖုံးလွှမ်းနေသည့် ငှက်ကြီးတစ်ကောင်သည် ခေါင်မိုးပေါ်မှဝဲပျံသွားသည်။


ထိုငှက်ကြီး၏အတောင်ပံများက ပြတင်းပေါက်ကို ရိုက်ခတ်မိသွားစဉ် ပြတင်းပေါက်ထောင့်လေးထောင့်ရှိ လွင့်မျောနေသော ကျောက်တုံးလေးလုံးသည် ဝင်းခနဲလင်းထိန်သွားပြီး အကာအကွယ် အလင်းတံတိုင်းကြီးတစ်ခုကို ချက်ချင်း ဖန်တီးလိုက်လေ သည်။


ဝုန်း!


အပြင်ဘက်တွင် သစ်ပင်ကြီးတစ်ပင် ထက်ပိုင်းကျိုးသွားပြီး အခန်းတစ်ခုလုံး တုန်ခါသွားကာ ဖုန်မှုန့်များ လွင့်စင်ကျလာသည်။ သို့သော် အခန်းမှာမူ ထိခိုက်မှုမရှိဘဲ အပြာရောင်အကြေးခွံနှင့် ငှက်ကြီးမှာမူ ယိုင်တိုင်တိုင်နှင့် ပျံသန်းထွက်ခွာသွားပြီ ဖြစ်သည်။


“…”


စုကျို မျက်နှာလေးရှုံ့မဲ့သွားရသည်။ သူမ နောက်ဘဝတစ်ခုသို့ ကူးပြောင်းရောက်ရှိလာခြင်းမှာ သေချာသလောက်ပင်။


ယခင်ဘဝက မီးတောင်ပေါက်ကွဲမှုမတိုင်ခင် သူမ ခဲရာခဲဆစ် စုဆောင်းထားခဲ့သော မိသားစုသုံးအာဟာရဖြည့်ရည် ၁၂ ပုလင်း ကြီးမှာ ဘာဖြစ်သွားပြီနည်း ? တစ်ငုံတောင် မမြည်းလိုက်ရဘဲ သေဆုံးခဲ့ရသလား ? စုကျို ဝှီးချဲပေါ်ထိုင်ရင်း ရင်ဘတ်ကိုဖိကာ နှမြောတသဖြစ်နေမိသည်။


ကမ္ဘာပျက်ကပ်အတွင်း သူမသည် အစားအသောက်နှင့် ပတ်သက်လျှင် အလွန်တွန့်တိုပြီး သူ့ပစ္စည်းအား လုယူသော ဇွန်ဘီများ ကိုပင် ပြန်ကိုက်ခဲ့သူမဟုတ်ပါလား။ ဝတ္ထုထဲကအတိုင်း ပစ္စည်းများကို အလကားနေရင်းလှောင်မထားခဲ့သင့်ပေ၊ ယခုမူ သူမ သေသွားသည့်အခါ သူတစ်ပါးအတွက်သာ အကျိုးအမြတ်ဖြစ်ရကုန်လေသည်။


စုကျို ခံစားချက်မရှိသော မျက်နှာထားဖြင့် ခေါင်မိုးစွန်းမှ ပျံသန်းသွားသော ငှက်ကြီးကိုစိုက်ကြည့်နေမိသည်။ သူမသည် ယခင်ဘဝကဲ့သို့ပင် အန္တရာယ်များသော နေရာမျိုးသို့ ထပ်မံရောက်ရှိလာပြန်ပြီ။


"အခု ဘာမှမဖြစ်တော့ဘူး၊  အားလုံးကျင့်စဉ်တွေ ဆက်ပြီးလေ့ကျင့်နေ!"


"ပျက်စီးသွားတဲ့ အိမ်တွေရှိရင် သတင်းပို့ကြ!"


အပြင်ဘက်တွင် ရှုပ်ထွေးသော ခြေသံများကိုကြားလိုက်ရသော်လည်း လူအများကြားတွင် ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်မျိုးလုံးဝမတွေ့ရပေ။


စုကျို အသက်ရှူသံ အနည်းငယ်တည်ငြိမ်သွားသည်။ သူမ နိုးလာသော ဆယ်မီတာပတ်လည်ခန့်သာရှိသည့် သစ်သားတဲအိမ်လေး ကို ကြည့်လိုက်သည်။ တဲ၏ပြတင်းပေါက်ဘောင်၊ ရက်မနှင့် တိုင်များပေါ်တွင် အမျိုးသား၊ အမျိုးသမီးများက ပိုးချည်ငင်ခြင်း၊ ဗုံလျှော်ခြင်း၊ ပိုးစာပင်စိုက်ခြင်းနှင့် ပိုးစာပိုးကောင် မွေးမြူနေသည့် ပုံရိပ်များကို မှင်ဖြင့် ထူးဆန်းစွာရေးဆွဲထားသည်။


မျက်နှာချင်းဆိုင်ရှိ မီးခိုးရောင်နံရံပေါ်တွင်မူ [ဝိဉာဉ်ပိုးကောင်ဂေဟာ၊ ပထမထပ်၊ ပိုးစာဥယျာဉ်] ဟု ရေးထိုးထားသော ဝါးဆိုင်း ဘုတ်ညိုညိုတစ်ခုချိတ်ဆွဲထားသည်။ ထိုဆိုင်းဘုတ်အောက်တွင် မှင်များစိုရွှဲနေသော အနီရောင်စာလုံးကြီးများဖြင့် ဤသို့ ရေးသားထားပြန်သည် —


> "ကျင့်စဉ်လမ်းတွင် အနိမ့်အမြင့်၊ အမြတ်အစွန်း ခွဲခြားထားခြင်းမရှိပေ၊ ပိုးကောင်မွေးမြူရင်းနှင့်ပင် နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်သည်!"

> "လူတစ်ဦး ကြိုးစားအားထုတ်လေလေ၊ ဝိဉာဉ်ပိုးကောင်များ၏အထွက်နှုန်း ကောင်းလေလေ ဖြစ်သည်!"

> "ဝိဉာဉ်ပိုးကောင် တစ်ကောင်သည် ဝိဉာဉ်ကျောက်တုံး တစ်သောင်းတန်ဖိုးရှိသည်!"

> "ဝိဉာဉ်ပိုးစာရွက် တစ်ရာသည် ဝိဉာဉ်ကျောက်တုံး တစ်ရာတန်ဖိုးရှိသည်!"

> "ပိုးကောင်မွေးမြူရေး၏ ဘုရင်ဖြစ်အောင် ကြိုးစားပါ၊ နေ့စဉ် အဆမတန်ချမ်းသာကြွယ်ဝပြီး နတ်ဘုရားလောကသို့ တက်လှမ်း နိုင်ရန်မှာ အိပ်မက်မဟုတ်တော့ပါ!"


နောက်ဆုံးစာကြောင်းကိုမူ တောက်ပသော သွေးနီရောင်ဖြင့် ရေးထိုးထားသည်မှာ — "ယခုလကုန်တွင် ပထမထပ် ပိုးစာဥယျာဉ်၏ အောက်ခြေအဆင့် ကျင့်ကြံသူ ၃၀၀ ကို ဖယ်ရှားပစ်မည်!!!"


စုကျို: "..."


သူမသည် ကျင့်စဉ်လောက၏ မည်သို့သော လူလိမ်ဂိုဏ်းထဲသို့ ရောက်ရှိနေရသည်နည်း။


ပတ်ဝန်းကျင်အား သူမ ဝေ့ဝဲကြည့်လိုက်သည်။ ဆယ်မီတာပတ်လည်ခန့်သာရှိသော ဤအခန်းငယ်ထဲတွင် ပြတင်းပေါက်နားကပ်၍ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ငါးယောက်အိပ် ခုတင်ကြီးတစ်ခုကို အတင်းအကျပ်ထည့်သွင်းထားသည်။ ခုတင်အလယ်တွင်မူ [တစ်ညလျှင် ဝိဉာဉ်ကျောက်တုံး ၁၅၀] ဟု ရေးသားထားသည့် သစ်သားဆိုင်းဘုတ်လေး ရှိနေသည်။


ခုတင်ခေါင်းရင်း၌ သေသေသပ်သပ် ခေါက်ထားသော ပိုးစောင်များပေါ်တွင် ဝိဉာဉ်အမှတ်အသားများ လွင့်မျောနေပြီး [သုံးခုတစ်တွဲလျှင် ဝိဉာဉ်ကျောက်တုံး ၂၀] ဟု ရေးသားထားပြန်သည်။


ထိုစဉ် နံရံဘက်ရှိ ခုတင်ထောင့်တွင် အဘိုးအိုတစ်ဦးထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် ဝိဉာဉ်အလင်းတန်းများ ထွက်ပေါ်လာပြီး မကြာမီမှာပင် လက်ဖဝါးအရွယ်ခန့်ရှိသော ကျောက်စိမ်းရောင် ပိုးစာရွက်တစ်ရွက်ပေါ်ထွက်လာသည်။ ထိုအရွက်မှာ ဆေးကြောသန့်စင်ထားသကဲ့သို့ အလွန်ကြည်လင်လို့နေသည်။


သူသည် ပြင်ပမှကိစ္စများကို လုံးဝဂရုမစိုက်သကဲ့သို့ စုကျိုကိုလည်းလှည့်မကြည့်ဘဲ လက်ထဲမှ အရွက်များကိုသာ ထပ်ခါတလဲလဲ ဆေးကြောနေသည်။ သူ့ခြေရင်း၌တစ်ရက်လျှင် ဝိဉာဉ်ကျောက်တုံး ၂၀ ပေးရသော ကျောက်စိမ်းခြင်းတောင်းထဲတွင်မူ ကျောက်စိမ်း ရောင်အရွက် ၂၀ ခန့် ရှိနေပြီဖြစ်သည်။


သူ့အပေါ်တည့်တည့်နှင့် ကျန်ရှိသော ခုတင်လေးလုံး၏ ခေါင်းရင်းများတွင်မူ ရက်မမှ ချိတ်ဆွဲထားသည့် ချွန်ထက်သော ငွေအပ်ကြီးများရှိနေသည်။ အပ်များပေါ်တွင် ရေးထိုးထားသည်မှာ — [အိပ်စက်ခြင်းတားဆီးရေး ကျင့်စဉ်စောင့်ကြည့်အပ်၊ ၈ နာရီလျှင် ဝိဉာဉ်ကျောက်တုံး ၃၀၀] တဲ့။


စုကျို: "..."


ဘာတွေလဲဟ... ဒီနေရာက အရာအားလုံးကို ဝိဉာဉ်ကျောက်တုံးနဲ့ပဲ တွက်ချက်တောင်းခံနေပါလား ??


မယုံကြည်နိုင်လွန်းလှသဖြင့် သူမ အောက်သို့ငုံ့ကြည့်ကာ ဝှီးချဲကိုလှည့်ကြည့်လိုက်သည်။ သူမ တွေးထားသည့်အတိုင်းပင် ဝှီးချဲဘီးနှင့် ထိစပ်နေသော ခရမ်းရွှေရောင် သစ်သားစလေးပေါ်တွင် ညွှန်ကြားချက်တစ်ခုကိုတွေ့လိုက်ရသည် — "[ပထမအဆင့် ဝိဉာဉ်ဝှီးချဲ - ဝိဉာဉ်ကျောက်တုံး ၅၀ ကို နောက်ဘက်အပေါက်ထဲသို့ ထည့်သွင်းပါက ၂ နာရီကြာ အသုံးပြုနိုင်သည်]"


စားပွဲများ၊ ကုလားထိုင်များ၊ ပြတင်းပေါက်ဘောင်များ၊ ဝိဉာဉ်လက်ဖက်ရည်၊ ကောက်ရိုးဖိနပ် စသည်ဖြင့် အရာအားလုံးတွင် ဈေးနှုန်းစာရင်းများ ကပ်ထားလေသည်။


တဲအိမ်လေးတွင် ချိတ်ဆွဲထားသော မီးခိုးရောင် အဝတ်ကာလိုက်ပေါ်တွင်ပင် "[ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်ခြင်း - တစ်ကြိမ်လျှင် ဝိဉာဉ်ကျောက်တုံး ၁၀ တုံး]" ဟု ဈေးနှုန်းကပ်ထားပြန်သည်။


စုကျို အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ ထိုစဉ် အပြင်ဘက်မှ ကလေးငယ်နှစ်ဦး၏အသံများ ထွက်ပေါ်လာပြီး အနီးသို့ တဖြည်းဖြည်း တိုးလာသည်။


"သူမ သေတာရှင်တာ မင်းနဲ့ဘာဆိုင်လဲ ? အသက်ရှင်နေရင်တောင် ငါတို့စားစရာတွေကိုပဲ လုစားနေမှာ!"


"ဒုတိယအစ်ကို... အသံအကျယ်ကြီးမပြောပါနဲ့... ကျဲကို အဲဒီလို မပြောပါနဲ့ဦး။"


ထို့နောက် ပိန်ပိန်ပါးပါး ကလေးနှစ်ယောက် အခန်းထဲသို့ ဝင်လာသည်။


နှစ်ယောက်လုံးမှာ အသက်ဆယ်နှစ်အောက်များ ဖြစ်ပုံရပြီး မိန်းကလေးငယ်မှာ ပိုငယ်သေးသည်။ သူမ ကိုယ်ပေါ်တွင် ပဲနောက် စိမ်းရောင် ဝတ်ရုံပွကြီးတစ်ခုကိုလျော့တိလျော့ရဲ ဝတ်ထားပြီး၊ ညိုညိုပြာပြာဖိနပ်အစုံမှာလည်း မတော်သော ဘောင်းဘီအောက် တယ် ဖုံးကွယ်နေသည်။ ဖိနပ်ထိပ်တွင် ပိုးစာရွက်ပုံစံ လက်ရာကြမ်းကြမ်းဖြင့် ထိုးထားသော အကွက်လေးများကိုသာမြင်ရသည်။


မိန်းကလေးသည် ဆန်ပြုတ်တစ်လုံးကို ကိုင်ဆောင်လာသည်။ သူမ၏ ဖြူဖျော့သော ပါးပြင်လေးများမှာ ချောင်ကျနေသော်လည်း မျက်လုံးလေးများမှာမူ ကြည်လင်တောက်ပနေသည်။ အာဟာရချို့တဲ့နေပုံရသော်လည်း အလွန်လိမ္မာယဉ်ကျေးမည့်ပုံစံရှိသည်။


သူမသည် အခန်းထဲသို့ ဝင်လာစဉ် ရှေ့တွင် လွင့်မျောနေသော အလင်းရောင်ထွက်နေသည့် စာအုပ်တစ်အုပ်ကို ကြည့်ကာ စိတ်ပါလက်ပါ ဖတ်ရှုနေသည် —


"မြောင်းတူးခြင်း အတတ်ပညာ (၁၈) နည်း၊ ပထမအချက် - ခြေထောက်ကို ကွေးပါ၊ ပေါက်တူးကို မြေကြီးနှင့် ကပ်ထားပါ၊ ထို့နောက် ဒန်ထျန်မှ ဝိဉာဉ်စွမ်းအင်များကို ခါးဆီသို့ တွန်းပို့ပါ..."


သူမ အနီးသို့ ရောက်လာသောအခါ စုကျိုသည် ထိုမိန်းကလေး၏နှင်းကဲ့သို့ ဖြူစင်သော နဖူးပေါ်တွင် ပန်းရောင်အမှတ်အသား [၄၉၅၉] ဟု ရေးထိုးထားသည်ကို သတိပြုမိလိုက်သည်။


"ကျဲ  နိုးလာပြီလား?" မိန်းကလေးငယ်သည် "ပိုးစာပင်စိုက်ပျိုးရေး စိတ်လမ်းစဉ်" ကျမ်းစာအုပ်မှ မျက်မှောင်ခွဲကာ ဝှီးချဲပေါ်တွင် မျက်လုံးပွင့်နေသော စုကျိုကိုတွေ့ပြီး ဝမ်းသာအားရ ဖြစ်သွားသည်။


"ဟွန့်!" 


သူ့နောက်မှ ပါလာသော အရပ်တစ်ခေါင်းစာခန့်ပိုပုသည့် ကောင်လေးကမူ မျက်နှာကိုခပ်တင်းတင်းလွှဲလိုက်ပြီး ခုတင်ကြီး၏ ရှေ့တွင် ဝင်ထိုင်လိုက်သည်။


သူ မျက်နှာလွှဲလိုက်သောအခါ ဘယ်ဘက်ပါးပေါ်ရှိ အနက်ရောင်အမှတ်အသား [၂၃၃၉] ကို တွေ့လိုက်ရသည်။


၎င်းတို့၏အဝတ်အစားများပေါ်တွင် ကြေးနီနန်းကြိုး ကိုးမျှင်ဖြင့် ရက်လုပ်ထားသော တံဆိပ်လေးများချိတ်ဆွဲထားသည်။


[စုကျီကျီ: ဝိဉာဉ်အမြုတေ အဆင့် ၃]


[လက်အောက်ခံ: ဝိဉာဉ်ပိုးကောင်ဂေဟာ အဆင့် ၁ ပိုးစာဥယျာဉ်]


[ပါရမီစွမ်းရည်: အရွက်ပြုစုပျိုးထောင်ခြင်း (ညံ့)]


[စုရှင်းချန်: ဝိဉာဉ်အမြုတေ အဆင့် ၅]


[လက်အောက်ခံ: ဝိဉာဉ်ပိုးကောင်ဂေဟာ အဆင့် ၁ ပိုးစာဥယျာဉ်]


[ပါရမီစွမ်းရည်: သစ်သားဓာတ်မြှင့်တင်ခြင်း (ထူးချွန်)]


စုကျို မျက်ခုံးပင့်လိုက်မိသည်။


ဝိဉာဉ်ပိုးကောင်၊ ပိုးစာစိုက်ပျိုးခြင်း၊ စုကျီကျီ... အားလုံးက ရင်းနှီးနေသလိုပင်။


ဒါ သူမ အရင်ဘဝ ကမ္ဘာပျက်ကပ်တုန်းကဖတ်ခဲ့ဖူးတဲ့ "ဝိဉာဉ်ရက်ကန်းလမ်းမှသည် ဘုရင်တစ်ပါးဖြစ်လာခြင်း" ဆိုတဲ့ အမျိုးသား ဇာတ်လိုက်ဝတ္ထုထဲကအတိုင်း မဟုတ်ပါလား?


ထိုဝတ္ထုထဲက ကျင့်စဉ်လောကကို စိုက်ပျိုးရေး၊ ရက်ကန်း၊ ဆေးဝါး၊ ကုန်သွယ်ရေး၊ စစ်ရေး၊ စာပေ၊ အစားအစာ၊ ဖျော်ဖြေရေးနှင့် လက်မှုပညာဟူ၍ လမ်းစဉ်ကိုးသွယ် ခွဲခြားထားသည်။


ဇာတ်လိုက်မင်းသားသည် ဝိဉာဉ်ရက်ကန်းလမ်းစဉ်ဖြင့် အောင်မြင်လာသူဖြစ်သည်။


သူ အောင်မြင်မလာခင်က စုကျိုဟုခေါ်သော ငယ်သူငယ်ချင်းမလေးအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုခဲ့ရသည်။ သူမသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်ဖြင့် သူနှင့်အတူ ဝိဉာဉ်ပိုးကောင်ဂေဟာသို့ ရောက်လာခဲ့သူဖြစ်သည်။


မူရင်းဇာတ်လမ်းထဲက 'စုကျို' သည် သူမ ကွယ်လွန်သူမိဘများချန်ထားခဲ့သော ကျင့်စဉ်ပစ္စည်းများသာမက သူမ၏ မောင်နှမနှစ် ယောက်အတွက် ပိုးကောင်မွေးမြူ၍ ရလာသော အကျိုးအမြတ်အားလုံးကိုပါ ဇာတ်လိုက်မင်းသားထံပုံအောပေးခဲ့သည်။ သို့သော် ငြား သူ မရောင့်ရဲနိုင်ဘဲ အဆုံးတွင် သူမသည် မိမိ၏ အသွေးနှင့် အသားကိုပင်ရောင်းချ၍ သူ့အား ထောက်ပံ့ခဲ့ရသည်။


သို့သော် ဇာတ်လိုက်မင်းသား၏ကျင့်စဉ်များ တိုးတက်လာပြီး "ဆေးဘုရင် ဝိဉာဉ်ပိုးကောင်" ကို မွေးမြူနိုင်ခဲ့သည့်အခါမှာတော့ သူသည် ဆင်းရဲနွမ်းပါးပြီး ပါရမီစွမ်းရည်မနိုးထသေးသော ငယ်သူငယ်ချင်း 'စုကျို' အားအဆက်အသွယ် ဖြတ်တောက်ပစ်ခဲ့သည်။


နောက်ဆုံးတွင် 'စုကျို' မှာ အရာရာကို ပိုက်ဆံပေးဝယ်နေရသော ဝိဉာဉ်ပိုးကောင်ဂေဟာထဲတွင် ကျင့်စဉ်ပစ္စည်းများ ဝယ်ယူနိုင်စွမ်း မရှိတော့ဘဲ ဖျားနာကာသေဆုံးသွားခဲ့ရသည်။


စုကျို: "..."


သူ အခု ဒီလို စိတ်ပျက်စရာကောင်းလောက်အောင်ဆင်းရဲတဲ့ အချစ်ရူးမလေးရဲ့ကိုယ်ထဲကို ရောက်လာတာပေါ့လေ?


“လစ်စမ်းပါ...” 


စုကျိုတစ်ယောက် မအောင့်နိုင်တော့ဘဲ ဆဲရေးလိုက်မိသည်။ သို့သော် သူ့ခါးနောက်တွင် ဟောင်းနွမ်းနေသော မှင်စွန်းကူရှင်လေးကို အလိုက်တသိ လာရောက်ခုပေးနေသည့် ညီမလေး စုကျီကျီကိုမြင်လိုက်ရသဖြင့် ပါးစပ်ကို အမြန်ပြန်ပိတ်လိုက်ရသည်။


“အဲဒီ နွား... အဲလေ... ငါ့သွေးကိုစုပ်နေတဲ့ ကျိုးကျန့်ဟဲ ဆိုတဲ့ကောင် အခု ဘယ်မှာလဲ ?”


စုကျီကျီမှာ ခဏတာ ကြောင်အသွားပြီး ဝိဉာဉ်ကျောက်တုံး နှမြောသဖြင့် ကြမ်းပြင်ပေါ်မှာသာ ထိုင်နေသည့် စုရှင်းချန်ပင်လျှင် လက်ထဲက ဝိဉာဉ်အလင်းတန်းများကိုရပ်တန့်လိုက်မိသည်။


မူရင်းဝတ္ထုထဲတွင် 'ဝိဉာဉ်ပိုးကောင်ဂေဟာ' သည် နှစ်ထောင်ချီသက်တမ်းရှိသော ဝိဉာဉ်ပိုးစာပင်များကို စိုက်ပျိုးပြီး နတ်ဝိဉာဉ်ပိုးကောင်များကို မွေးမြူသည့်နေရာဖြစ်သည်။ ၎င်းတို့ထုတ်လုပ်သော 'နှင်းချည်ပိုးထည်' နှင့် 'သက်တံရောင် ငှက်မွှေးဝတ်ရုံ' များမှာ ကျင့်စဉ်လောကတွင် အလွန်ပင်ကျော်ကြားလှသည်။


သို့သော် စုမိသားစု မောင်နှမသုံးယောက်မှာမူ ထိုဂေဟာထဲမှ အနိမ့်ဆုံးအဆင့်ရှိသော ပိုးစာပင်စိုက်ပျိုးသူနှင့် ပိုးကောင်မွေးမြူသူ များသာဖြစ်ကြပြီး နေ့မနား ညမနား ပင်ပန်းခံလုပ်ကိုင်မှသာ ကျင့်စဉ်ပစ္စည်းများနှင့် လဲလှယ်နိုင်မည့် ဝိဉာဉ်ကျောက်တုံးများကို ရရှိကြသူများပင်။


စုရှင်းချန်၏လက်သွက်ပုံမှာ အတော်လေး ချီးကျူးစရာပင်။ ခဏအတွင်းမှာပင် ပိုးစာပင်အခေါက်များကို အသုံးပြု၍ ပိုးစာရွက် ထည့်ရန် တောင်းလေးတစ်လုံးကိုရက်လုပ်ပြီးသွားပြီဖြစ်သည်။


စုကျိုအမေးကြောင့် သူ ခဏရပ်သွားသော်လည်း ဘာမှမကြားသလိုဟန်ဆောင်ကာ ခေါင်းငုံ့၍ ဒုတိယမြောက်တောင်းကို ဆက်လက်ရက်လုပ်နေပြန်သည်။


ညီမငယ်လေး စုကျီကျီကတော့ လိမ္မာပါးနပ်စွာပြန်ဖြေသည် — “ကျဲ... ကျိုးကောကို ပြောတာလားဟင်?”


“ဘာ ကော လဲ ? အဲဒီလို အရှက်မရှိတဲ့ကောင်က ကောလို့ အခေါ်ခံရဖို့ မတန်ဘူး” စုကျို တံတွေးထွေးရင်း ပြောလိုက်သည်။


စုကျီကျီမှာ လန့်ဖျပ်သွားပြီး သူ့ ဒုတိယကော စုရှင်းချန်ထံ မယုံကြည်နိုင်သလိုလှမ်းကြည့်မိသည်။


“ကျိုး... အင်း... ကျိုး... အရှက်မရှိတဲ့ကောင်” စုကျို စိုက်ကြည့်နေသဖြင့် စုကျီကျီမှာ မျက်နှာလေးနီကာ လိုက်ဆဲလိုက်ရသော် လည်း သူမ အမူအရာလေးမှာ ဆဲရသည်ကို ခိုးပြီးသဘောကျနေပုံရသည်။


“ကျဲ မေ့သွားပြီလား? ကျဲ သတိမေ့မလဲခင်တုန်းက သူက 'ယွမ်တန်း' အဆင့်ကို တက်လှမ်းနိုင်သွားပြီး 'ဝိဉာဉ်ဘုရင်ပိုးကောင်' ကိုလည်းမွေးမြူနိုင်ခဲ့တယ်လေ” စုကျီကျီ စုကျို၏မျက်နှာရိပ်မျက်ကဲကို ကြည့်ကာ သတိထားပြောနေရသည် — “အဲဒါကြောင့် သူ့ကို ဆေးလုံးဂိုဏ်းက လာခေါ်သွားတာ အခုဆို မြို့တော်ကိုရောက်နေတာ နှစ်လတောင်ရှိပြီ ကျဲရဲ့”


ခွဲခွာရမည့်နေ့က မူရင်းခန္ဓာကိုယ်ပိုင်ရှင်မှာ လမ်းခွဲရန်ဝန်လေးနေခဲ့သည်။ သူ့နောက်သို့ လိုက်မီရန်အတွက် ဝိဉာဉ်ပိုးကောင်ဂေဟာ မှထွက်ခွာပြီး သုံးရက်နှင့် သုံးညတိုင်တိုင် လမ်းလျှောက်ခဲ့သော်လည်း မြို့တော်အဝင်အဝထိ သူ့အရိပ်အယောင်ပင် မတွေ့ခဲ့ရပေ။


ထိုလမ်းခရီးတွင် 'စုကျို' သည် သားရဲငှက်တစ်ကောင်၏တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ပြန်ရောက်လာသည့်အခါ နှစ်လတိုင်တိုင် သတိမေ့မြောနေခဲ့ခြင်းဖြစ်သည်။


ယနေ့အထိ မြို့တော်ဘက်မှ ဘာသတင်းမျှ မကြားရသလို ဇာတ်လိုက်မင်းသားမှာလည်း ဝိဉာဉ်ချိုးငှက်ဖြင့် စာတစ်စောင်ပင် ပြန်မပို့ခဲ့ပေ။ စုကျီကျီမှာ သူ့ကျဲကို ထပ်ပြီး စိတ်မလှုပ်ရှားစေရန် ဆက်မပြောရဲတော့ပေ။


“ဘုရားရေ...”


ဒါကို ကြားလိုက်ရသည့်အခါ စုကျိုရင်ဘတ်ထဲတွင် စူးခနဲနာကျင်သွားသည်။


သူ နောက်ကျသွားပြီ!


သူ့ ပိုက်ဆံတွေကိုလိမ်ယူပြီး ထွက်ပြေးသွားတဲ့ ဇာတ်လိုက်က အခုဆိုရင် အစပြုရွာထဲကနေ ထွက်သွားပြီပဲ။


“သူ့ဆီသွားဖို့ ထပ်ပြီးတော့ စိတ်မကူးနဲ့တော့! ကျွန်တော်နဲ့ ညီမလေးကတော့ ကျဲကို ဝိဉာဉ်ကျောက်တုံး တစ်တုံးတောင် ထပ် မပေးနိုင်တော့ဘူး!” စုရှင်းချန်က ကြမ်းပြင်ပေါ်တွင်ထိုင်နေရာမှ လက်ထဲကတောင်းအား ပစ်ချကာအော်ပြောလိုက်သည်။


သူ့မျက်နှာမှာ အေးစက်နေပြီး မျက်ဝန်းထဲတွင်လည်း မကျေနပ်မှုများပြည့်နှက်နေသည်။ ခါးတွင် ချိတ်ထားသောစုတ်ပြတ်နေသည့် ငွေအိတ်ကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ရာ တောက်ပနေသည့် ကျောက်ခဲလေး တစ်ဒါဇင်ခန့်ထွက်ကျလာသည်။


“ဒါပဲ ကျန်တော့တာ!”


“ညီမလေးကို ခုတင်ပေါ်မှာ နားခိုင်းဖို့တောင် ကျွန်တော်တို့မှာ ပိုက်ဆံမရှိတော့ဘူး! ဒီဝိဉာဉ်ကျောက်တုံး နည်းနည်းက ဆန်ပြုတ်၊ ဆန်ပြုတ်၊ ဆန်ပြုတ် ဝယ်ဖို့ပဲ တောင့်ခံနိုင်တော့တာ!”


“ကျဲ ဖြုန်းဖို့ ပိုက်ဆံမရှိတော့ဘူး၊ နောက်တစ်ခါ အပြင်ထွက်လို့ သားရဲတွေ အကိုက်ခံရလို့ သွေးထွက်သံယိုဖြစ်ရင်တောင် ကျွန်တော်တို့ မကယ်နိုင်တော့ဘူး! ကယ်ဖို့ ပိုက်ဆံမရှိလို့!”


စုကျီကျီမှာ စိတ်မကောင်းဖြစ်သွားပြီး — “အာ့ကော...” ဟု တားလိုက်သည်။


စုကျိုမှာ ဆွံ့အသွားရသည်။ ဤခန္ဓာကိုယ်ပိုင်ရှင်နှင့် သူမ၏ မောင်နှမနှစ်ယောက်မှာ ဤမျှအထိ ဆင်းရဲတွင်းနက်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။


တဲအိမ်အဝင်ဝတွင် ချိတ်ဆွဲထားသော “ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်ခြင်း - ဝိဉာဉ်ကျောက်တုံး ၁၀ တုံး” ဟူသည့် စာသားကို ကြည့်ရင်း သူ တွေးမိသည်မှာ — “ရှိတဲ့ ပိုက်ဆံလေးနဲ့ဆို ငါ နှစ်ခါတောင် အပြင်ထွက်လို့မရပါလား” ဟူ၍ပင်။


စုရှင်းချန်မှာ ဒေါသကြောင့် မျက်နှာလေးနီမြန်းနေကာ သူမအားကျောခိုင်းပြီး ထိုင်နေလေတော့သည်။