Ch 5
Viewers 2k

🥝 Chapter 5


စုကျီကျီသည် သူ့ ရှေ့မှောက်သို့ ရောက်ရှိလာသောသူကို မော့ကြည့်ရင်း မှင်သက်သွားရသည်။


“အဆင့် (၁၀) တဲ့လား...”


အခန်းထဲသို့ ဝင်လာသော ထိုအမျိုးသားက ပြုံးလိုက်သည်။ သူ့မှေးစင်းသော မျက်ဝန်းများကြောင့် ညာဘက်မျက်ခုံးပေါ်မှ ရွှေရောင်အမှတ်အသားသည် ပိုမိုတောက်ပသွား၏။


သူ့လက်တစ်ဖက်တွင် လှည့်လည်ရောင်းချရာ၌ သုံးသည့် ဝါးလုံးတုတ်အားကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင်တော့ လင်းထိန်နေသော ကြေးနွားရုပ်မီးအိမ်ရှိနေသည်။ သူ အခန်းထဲသို့ ဝင်လာစဉ်အပြာရောင်အင်္ကျီလက်စ အောက်မှ ပေါ်ထွက်နေသော လက်ကောက်ဝတ်ပေါ်တွင် ဝိညာဉ်ရေးရာ မျဉ်းကြောင်းကိုးကြောင်းကို တွေ့လိုက်ရသည်။


“... ယွမ်သန့်စင်မှု အဆင့် ၉ ပဲ ” 


စုကျီကျီသည် မျဉ်းကြောင်း သုံးကြောင်းသာရှိသည့် သူ့ ဝိညာဉ်လက်ပတ်ကိုကြည့်ရင်း ကြောင်တောင်တောင်ဖြစ်နေရှာသည်။


ဝိညာဉ်ပိုးကောင်ဂေဟာ၏ပထမထပ်ရှိ သစ်သားအိမ်များကို အမှောင်ထုကလွှမ်းခြုံထားသည်။ ပြတင်းပေါက်၏ ကာကွယ်ရေးအစီရင်စု အပြင်ဘက်တွင် မိစ္ဆာသားရဲများမှာ ဝဲပျံနေကြသည်။


“အခုပဲ စလိုက်ကြမလား?”


ထိုအမျိုးသားက ကြေးနွားရုပ်မီးအိမ်ကို စားပွဲပေါ်တွင် တင်လိုက်သောအခါ အပြင်ဘက်မှ သားရဲနှင့် ငှက်များမှာ ထိတ်လန့်သွားကြပြီး ပြတင်းပေါက်မှ ဝေးရာသို့ပျံပြေးသွားကြသည်။ သူ ကြေးမီးအိမ်အထက်ရှိ မီးလောင်နေသော မန္တန်စက္ကူကို လက်ဖြင့်ထိလိုက်ပြီး “ဒီမန္တန်စက္ကူ မလောင်ကျွမ်းသွားမချင်း ငါတို့ ဆက်လုပ်လို့ရတယ်” 


စုကျို မျက်ခုံးတစ်ချက် ပင့်လိုက်သည်။


ထိုလူ့အသားအရေမှာ အလွန်ဖြူစင်ပြီး ဖီးနစ်မျက်ဝန်းများမှာပြုံးယောင်သန်းနေကာ အလွန်ဖော်ရွေပုံရသော် လည်း မျက်နှာပေးမှာတော့ အကွက်မြင်ပြီးလည်မည့်သူမှန်း သိသာလှသည်။


သူ့ခါးထက် ချိတ်ဆွဲထားသော သစ်သားပြားမှာ စုကျီကျီတို့၏အပြားနှင့် မတူကြောင်း စုကျို သတိထားမိလိုက်သည်။ ‘ပါရမီစွမ်းရည်’ဆိုသည့် နေရာတွင် ‘လျှို့ဝှက်’ ဟူသော စာလုံးသာရှိနေသည်။ သူမက အာရုံခံကြည့်ရန် ကြိုးစားလိုက်သော်လည်း ဝိညာဉ်အာရုံမှာ နံရံတစ်ခုကို သွားတိုက်မိသကဲ့သို့ ဖြစ်သွားသည်။


စုကျို အနည်းငယ် အံ့သြသွားသော်လည်း အခြေအနေကို သဘောပေါက်လိုက်သည်။ မိစ္ဆာသားရဲများ သောင်းကျန်း နေသည့် ညဘက်တွင် အပြင်၌လျှောက်သွားရဲသည်ဆိုကတည်းက ဤလူ့အစွမ်းမှာ မနိမ့်နိုင်ပေ။


သူသည် အဆင့် (၁၀) ဖြစ်သဖြင့် အများထက် အပြတ်အ သတ် သာလွန်နေပါလျက်နှင့် လူများကိုလိုက်လံဆွဲဆောင်ပြီး စိန်ခေါ်ခိုင်းနေသည့် သူ့ မျက်နှာပြောင်ပုံမှာ သူပင် မမီနိုင်အောင်ဖြစ်နေရသည်။ ထို့ပြင် စုကျိုသည် ဤလူအား တစ်နေရာရာတွင် မြင်ဖူးသလိုခံစားနေရသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏မှတ်ဉာဏ်များသည် သူ့ နဖူးပေါ်မှ မီးသီးလေးကဲ့သို့ တောက်ပနေသော ‘၁၀’ ဟူသည့် ဂဏန်းနှင့်အတူ ပြန်လည်နိုးထလာသည်။


သူမ သိနေသည်။ ၎င်းကား ကျူးပိုင်ယွီ ဖြစ်သည်။ ဝိညာဉ်ပိုးကောင်ဂေဟာပထမထပ်၏ ထိပ်တန်း အဆင့် (၁၀) လူချွန်တစ်ယောက်သာ။


လွန်ခဲ့သော သုံးနှစ်အတွင်းမှာ မူလခန္ဓာကိုယ်ပိုင်ရှင်သည် ကျူးပိုင်ယွီကို ၁၃ ကြိမ်တိုင်တိုင် ပိုးပန်းခဲ့ဖူးသည်။ သူ စားဖို့အတွက် လက်ဆောင်တွေ သွားပေးဖို့ကြိုးစားခဲ့သော် လည်း အကြိမ်ကြိမ်အငြင်းခံခဲ့ရသည်။ လွန်ခဲ့သောခြောက် လခန့်က ပါရမီအနည်းငယ်နိမ့်သော ချန်ကျိုးကို တွေ့ရှိသွားပြီးမှသာ သူမ ဤပထမထပ်၏ပါရမီရှင် ကျူးပိုင်ယွီအားလက်လျှော့ခဲ့ခြင်းပင်။


စုကျို နှုတ်ခမ်းများ တွန့်သွားသည်။


ထိုအကွက်မြင်သော လူက စုကျိုအကြည့်ကို သတိထားမိသွားသောအခါ သူ့ ဖီးနစ်မျက်ဝန်းများဖြင့် သူမကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် သတိထားသည့် အနေဖြင့် နောက်သို့သုံးလှမ်းခန့် အမြန်ဆုတ်လိုက်ကာ သူမနှင့် အလှမ်းဝေးရာတွင် နေလိုက်သည်။


စုကျို: "..." 


တောက်... မူလပိုင်ရှင်ကတော့ အရှုပ်အထုပ်တွေ ချန်ထား ခဲ့ပြန်ပြီ။


တစ်ဖက်လူ သူမနှင့် အလုပ်မလုပ်ချင်ရခြင်းမှာလည်း အံ့သြစရာ မဟုတ်တော့ပေ။


“အဆင့် (၁၀) တောင်ဖြစ်နေပြီး ညဘက်မှာ လူတွေကို စမ်းသပ်ပြီး ပိုက်ဆံလိမ်နေတုန်းလား ?” 


စုရှင်းချန် မျက်မှောင်ကြုတ်ရင်း ညီမလေး စုကျီကျီရှေ့တွင် ကာရပ်လိုက်သည်။


ကျူးပိုင်ယွီက ခေါင်းလှည့်ကြည့်လိုက်သည်။ စုရှင်းချန်မှ စုကျိုအမြင်ကို ပိတ်ဆို့ထားသည်ကိုမြင်သောအခါ သူ့ အပြုံးမှာ ပိုစစ်မှန်သွားသည်။


“ဒါက လျှို့ဝှက်ချက်မှမဟုတ်တာ၊ မင်းတို့ အခန်းက ငါ့စီးပွားရေးအတွက် တစ်ခါမှ အသုံးမပြုရသေးလို့ပါ၊ ငါနဲ့ ယှဉ်ပြိုင်ပြီး ရှုံးသွားတဲ့သူတွေကလည်း သူတို့ ရှုံးတာကို ဘယ်သူ့ကိုမှ မပြောချင်ကြဘူးလေ၊ တခြားလူတွေလည်း ငါ့လက်ထဲမှာ ခံရဦးမလားဆိုပြီး စောင့်ကြည့်နေကြတာ”


စုရှင်းချန် ဘာမှ ပြန်မပြောနိုင်တော့ပေ။ ၎င်းတို့သည် ညဘက်ယှဉ်ပြိုင်မှုမျိုးကို တစ်ခါမှမစမ်းသပ်ခဲ့ဖူးပါ။ သူ စမ်းချင်သည့် အခါတိုင်း စုကျိုက “ကလေးတွေအတွက် ဝိညာဉ်ကျောက်တုံး ဖြုန်းတီးရာရောက်တယ်၊ နင် ရှုံးမှာ သေချာတယ်” ဟု ဆိုကာတားမြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ညတိုင်း အပြင်မှ စိန်ခေါ်သံများကြားရသော်လည်း သူနှင့် ညီမလေးမှာ မကြားချင်ယောင်ဆောင်ခဲ့ကြရသည်။


စုရှင်းချန် အနည်းငယ် ရှက်သွားသော်လည်း ချက်ချင်းပင် တည်တည်ငြိမ်ငြိမ်ဖြင့် “ကျွန်တော် ခင်ဗျားနဲ့ပြိုင်မယ်” ဟု ပြောလိုက်သည်။


“ရတာပေါ့”


ကျူးပိုင်ယွီက အပြစ်ကင်းစင်စွာ ပြုံးလိုက်ပြီး သူ့ ခါးပတ်ကို လက်ဖြင့် တို့လိုက်သောအခါ ပိုးစာရွက်ပုံသဏ္ဌာန် ကျောက်စိမ်းပြားတစ်ခု သူ့ လက်ထဲပေါ်လာသည်။ ၎င်းကို အနည်းငယ် တို့လိုက်ရုံဖြင့် ကျောက်စိမ်းပြားမှာလေထဲတွင် ပေါ်လာပြီး အရွက်၏အကြောများကြားမှ စာလုံးများ ထွက်ပေါ်လာသည်။


【 စမ်းသပ်ယှဉ်ပြိုင်မှု ကတိကဝတ် 】


၁။ ဤယှဉ်ပြိုင်မှုသည် နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး၊ ယှဉ်ပြိုင်နေစဉ်အတွင်း မည်သည့်ဆေးလုံးကိုမျှ အသုံးမပြုရ။


၂။ စမ်းသပ်ခ - ဝိညာဉ်ကျောက်တုံး ၁၀၀၊ အကယ်၍ သင်နိုင်ပါက စမ်းသပ်ခပေးရန် မလိုသည့်အပြင် မန္တန်မီးအိမ် သုံးညစာ အခမဲ့ရရှိမည်။


၃။ မတော်တဆမှုကြောင့်ဖြစ်စေ၊ ယှဉ်ပြိုင်သူကိုယ်တိုင်ကြောင့်ဖြစ်စေ ဒဏ်ရာရခြင်း၊ မသန်မစွမ်းဖြစ်ခြင်း သို့ သေဆုံးခြင်းများအတွက် ကျူးပိုင်ယွီတွင်တာဝန်မရှိစေရ။


ကျူးပိုင်ယွီသည် ပိုးစာရွက်ကို လက်ဝဲလက်ဖြင့်တို့လိုက် ကာ အဆုံးတွင် သူ့ ဝိညာဉ်ရေးရာလက်မှတ်ကို ရေးထိုးလိုက်သည် — [ပထမထပ် ကျူးပိုင်ယွီ၊ ယွမ်သန့်စင်မှု အဆင့် ၉]။


သို့သော် သူသည် ထိုကတိကဝတ်ကို စုရှင်းချန်ထံ ကမ်းပေးတော့မည့်အချိန်တွင် ဝှီးချဲပေါ်ရှိ စုကျိုထံတစ်ချက်ကြည့်ကာ တုံ့ဆိုင်းသွားသည်။ ထို့နောက် လျင်မြန်သော လက်လှုပ်ရှားမှုဖြင့် ထိုကတိကဝတ် ပိုးစာရွက်ကိုပြန် လည် ရုပ်သိမ်းလိုက်တော့သည်။


ကျူးပိုင်ယွီ နောက်ဆုံးစည်းကမ်းချက်တစ်ခုအား ထပ်တိုးလိုက်ပြန်သည် -


【 ၄။ ယှဉ်ပြိုင်သူ၏မိသားစုဝင် သို့မဟုတ် အခန်းဖော်များ သည် မည်သည့်အကြောင်းပြချက်နှင့်မျှ ကျူးပိုင်ယွီအား နှောင့်ယှက်ခြင်းမပြုရ၊ သို့မဟုတ် ကျူးပိုင်ယွီအား သူမ (စုကျို) အတွက် တာဝန်ယူရန် တောင်းဆိုခြင်းမပြုရ။ 】


စုကျို: "…………"


ဒီချောချောလှလှ ကောင်လေးကတော့ ငါ့ကို တည့်တည့်ကြီး ပစ်မှတ်ထားနေတာပဲ 


ထိုစာကြောင်းကို ရေးပြီးနောက် ကျူးပိုင်ယွီသည် သိသိသာသာ စိတ်အေးသွားပုံရပြီး သူ့ မျက်ဝန်းထဲ အကွက်မြင်သောအပြုံးများ ပြန်လည်ပေါ်လာသည်။ သူသည် ပိုးစာရွက်ကတိကဝတ်ကို စုရှင်းချန်ထံသို့ကမ်းပေးလိုက်သည်။ ပဉ္စမမြောက် စည်းကမ်းချက်ကို မြင်လိုက်ရသောအခါ စုရှင်းချန် မျက်နှာမှာ သိသိသာသာပျက်သွား၏။


ကျူးပိုင်ယွီက စာချုပ်ကို ညွှန်ပြရင်းပြုံးလိုက်သည် - "သာမန်အားဖြင့်တော့ ဘာမတော်တဆမှုမှမဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ 'ဘာဖြစ်မလဲ' ဆိုတာ မသိနိုင်ဘူးလေ၊ တရားဝင် လုပ်ထားတာက နှစ်ယောက်လုံးအတွက် ပိုပြီးစိတ်ချရတာပေါ့"


စုရှင်းချန် မျက်မှောင်ကြုတ်သွားသည်။ သူတို့ထံ ဝိညာဉ် ကျောက်တုံး ၁၀၀ မရှိပေ။ အကယ်၍ သူ ပိုးစာရွက်စာချုပ်မှာလက်မှတ်ထိုးပြီး နောက်ဆုံးမှာ ကျောက်တုံးတွေ မပေးနိုင်ခဲ့ပါက ဂေဟာသည် နောက်လ သူရမယ့်ပိုးစာစိုက်ပျိုးခထဲမှ အဓမ္မဖြတ်တောက်သွားလိမ့်မည်။


သူ တုံ့ဆိုင်းနေစဉ်မှာပင် လက်ကလေးတစ်ဖက်က ပိုမိုမြန် ဆန်စွာလှုပ်ရှားသွားပြီး ပိုးစာရွက်စာချုပ်၏အဆုံးသို့ ထိတွေ့လိုက်သည်။


—【 ပထမထပ် စုကျီကျီ၊ ယွမ်သန့်စင်မှု အဆင့် ၃ 】


"ကော... ကျီကျီကို ပေးလုပ်ပါ" စုကျီကျီမျက်နှာလေးမှာ ပြတ်သားနေသည် - "ညီမလေးက အဆင့်အနိမ့်ဆုံးပဲ၊ ရှုံးသွားလည်း ကိစ္စမရှိပါဘူး"


စုကျို မျက်ခုံးပင့်လိုက်သည်။ 


နိုင်တာ ရှုံးတာက အဆင့်သတ်မှတ်ချက်ကို ထိခိုက်စေလို့လား?


မူလခန္ဓာကိုယ်ပိုင်ရှင်၏မှတ်ဉာဏ်များမှာ ရှုပ်ထွေးနေပြီး တစ်ခါတစ်ရံ မှန်သော်လည်း တစ်ခါတစ်ရံ မှားနေသဖြင့် သူမအနေဖြင့် ကြည့်ရင်း၊ နားထောင်ရင်းသာ နားလည်အောင် ကြိုးစားနေရသည်။


စမ်းသပ်ယှဉ်ပြိုင်မှု စာချုပ်မှာ လေထဲတွင် ဝဲပျံနေပြီး အမည်နှစ်ခု လက်မှတ်ထိုးပြီးနောက် ဝိညာဉ်ပိုးကောင်ဂေဟာ၏အမှတ်အသားဖြစ်သော ဝိညာဉ်ပိုးကောင် ပုံစံ အနက်ရောင် တံဆိပ်တစ်ခုပေါ်လာသည်။


"ကဲ... စာချုပ် အတည်ဖြစ်သွားပြီ။"


ကျူးပိုင်ယွီက တိုးတိုးလေး ရယ်မောလိုက်ပြီး သူ့လက် ညှိုးဖြင့် မျက်ခုံးထောင့်ကို ခပ်ဖွဖွ တို့လိုက်သည်။ ချက် ချင်းဆိုသလိုပင် သူ့မျက်ခုံးကြားမှ ဂဏန်းများသည် လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။


【 ၁၁ 】


【 ၁၂ 】


…


【 ၄၉ 】


…


【 ၂၃၆၉ 】


…


အနီရောင် ရွှေရောင်သည် မှိန်ဖျော့သွားပြီးနောက် အနက်ရောင်သို့ ပြောင်းသွားသည်။ သူ့ အရှိန်အဝါသည်လည်း တစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းလာသည်။ စုကျီကျီ နဖူးပေါ်မှ [၄၉၅၉] ဆိုသည့် ဂဏန်းနှင့်အရောင်တူသွားသည့် အချိန်မှသာ ရပ်တန့်သွား၏။


သူ့ လက်ကောက်ဝတ်ပေါ်မှ ယွမ်သန့်စင်မှု အဆင့် ၉ ကို ကိုယ်စားပြုသော ဝိညာဉ်လက်ပတ်မှာလည်း မှိန်သွားပြီး မျဉ်းကြောင်း ၃ ခုသာကျန်တော့သည်။


"ညီမလေး... အခု ငါ့ရဲ့ကျင့်ကြံမှုအဆင့်က မင်းနဲ့ အတူတူပဲ၊ ဝိညာဉ်စွမ်းအင် ပြန်လည်ပြည့်ဖြိုးတဲ့နှုန်းကိုယှဉ်ကြမလား?"


"ဟုတ်ကဲ့!" 


စုကျီကျီ ခေါင်းညိတ်ပြလိုက်ပြီးနောက် စုကျိုထံ ကြောက် ရွံ့တုန်လှုပ်စွာလှမ်းကြည့်သည်။


စုကျို ခေါင်းညိတ်ပြကာ အားပေးလိုက်သည် - "လုပ်စမ်းပါ... မကြောက်နဲ့"


စုကျိုကိုယ်တိုင်မှာတော့ ဝှီးချဲ၏လက်တင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူမ ခန္ဓာကိုယ်မှာ ရှေ့သို့ ကိုင်းနေကာ အနီးကပ်ကြည့်လျှင် အနည်းငယ်တုန်ရင်နေသည်ကိုတွေ့ရမည်။ သို့သော် သူ လွန်စွာစိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။


အဆင့် ၁၀၊ ယွမ်သန့်စင်မှု အဆင့် ၉ ရှိပြီး မူလခန္ဓာကိုယ်ပိုင်ရှင် ပိုးပန်းခဲ့ရသည့် ပါရမီရှင် ကျူးပိုင်ယွီ! သူ့ ဝိညာဉ်အမြစ်မှာ အဆင့် ၇ ချန်ကျိုးထက် အနည်းဆုံးနှစ်ဆလောက် ပိုထူးချွန်မည်မှာ သေချာသည်။


ကြည့်ပါဦး... သူ့ ကိုယ်ပေါ်မှာ ဝတ်ဆင်ထားသော အဖိုး တန်ခါးပတ် ၈ ခု၊ ခါးမှာ ချိတ်ထားသည့် ပုလဲစီထားသော ငွေအိတ်ကြီး ၃ အိတ်၊ တစ်ကိုယ်လုံးတွင် ရွှေရောင် ငွေရောင်များတောက်ပနေသည်မှာ - ၎င်းသည် လွန်စွာချမ်း သာကြွယ်ဝသူဖြစ်ကြောင်း ထင်ရှားလို့နေသည်။


ဤလူကိုသာ ထိတွေ့လိုက်ရပါက သူ ဘယ်လောက်တောင် ကောင်းမွန်သည့် အရာတွေရနိုင်မလဲဆိုသည်အား စုကျို မတွေးရဲအောင်ဖြစ်နေရသည်။ တွေးမိရုံနှင့်တင် ရင်ခုန်လွန်းလှသည်။ သူ စိတ်မထိန်းနိုင်ဘဲ ယဉ်ကျေးမှုမရှိရာရောက်မည်စိုးသဖြင့် ဝှီးချဲလက်တင်ကိုသာ တင်းတင်းဆုပ်ကာ အသက်ကိုပြင်းပြင်းရှူနေရသည်။


ကျူးပိုင်ယွီသည် သူ့ နောက်ကျောဘက်မှ အကြည့်ကို ခံစားလိုက်ရသည်။ ဘာကြောင့်ရယ်မသိ သူ့ ဂုတ်သားများ အေးစိမ့်သွားပြီး ရင်ထဲတွင်လည်း နိမိတ်မကောင်းသလို စိုးရိမ်စိတ်များဝင်လာသည်။ သို့သော် လှည့်ကြည့်လိုက်သောအခါ မျက်နှာဖြူဖျော့ပြီး ဖျားနာနေပုံရသော စုကျို သည် သစ်သားကုလားထိုင်ပေါ်တွင် နုံးချိစွာမှီထိုင်နေသည်ကိုသာ တွေ့ရသည်။ သွေးထွက်လွန်ပြီး ဝိညာဉ်စွမ်းအင် ကုန်ခမ်းနေသည့် သူမ အနေဖြင့် အရင်လိုဒုက္ခပေးနိုင်မည့် အားအင်ရှိမည်မဟုတ်ဟု သူ တွေးလိုက်သည်။


သူသည် ထူးဆန်းသော စိုးရိမ်စိတ်ကို ဖယ်ထုတ်ကာ ခေါင်းခါလိုက်ပြီး သူ့သိုလှောင်အိတ်ထဲမှလက်တစ်ဝါးစာခန့်ရှိသော၊ မြေကြီးများပေကျံနေသည့် ပိုးစာပင်ပျိုးပင်ပေါက် နှစ်ပင်ကိုထုတ်လိုက်သည်။


"ဒါဆို ငါတို့ 'အညှောက်ထွက် ဝေဆာခြင်း' နည်းစနစ်ကို သုံးမယ်၊ ဘယ်သူ ပိုးစာရွက်တွေ ပိုများများ ထွက်အောင် လုပ်နိုင်မလဲဆိုတာ ပြိုင်ကြတာပေါ့"


၎င်းမှာ ဝိညာဉ်ပိုးကောင်ဂေဟာ ပထမထပ်ရှိ ကျင့်ကြံသူတိုင်း သိထားရမည့် အခြေခံအကျဆုံး ပိုးစာစိုက်ပျိုးရေး နည်းစနစ်ဖြစ်ပေသည်။


စုကျီကျီက လိမ္မာသိုသိမ်စွာ ခေါင်းညိတ်ပြပြီးနောက် သူ့ ဘယ်ဘက်ရှိ နုနယ်ပြီးမြစိမ်းရောင်သန်းနေသော ပိုးစာပျိုးပင်လေးကို လှမ်းယူလိုက်သည်။


ချက်ချင်းဆိုသလိုပင် သူ့ နဖူးပေါ်တွင် ဖျော့တော့သော အစိမ်းရောင်အလင်းတန်းတစ်ခုပေါ်လာသည်။ ၎င်းမှာ သူ့ မွေးရာပါ ဝိညာဉ်စွမ်းအားဖြစ်သော 'အရွက်စိုက်ပျိုးခြင်း' ၏သင်္ကေတဖြစ်ပြီး သူ့ မျက်ခုံးနှစ်ခုကြားတွင် အစိမ်းရောင်အရွက်ပုံလေးတစ်ခု တဖြည်းဖြည်းပေါ်ထွက်လာသည်။


သူမ ညာဘက်လက်ဖြင့် မန္တန်အမှတ်အသားတစ်ခုပြုလုပ်လိုက်ပြီး တည်ငြိမ်စွာဖြင့် "အညှောက်ထွက်စေ" ဟု ရွတ် ဆိုလိုက်သည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုးစာပင်မစည်၏ဘယ်ဘက်ခြမ်းမှ သွယ်လျသော အကိုင်းတစ်ခုထွက်ပေါ်လာပြီး နုနယ်သောအညှောက်မှာ လျင်မြန်စွာကြီးထွားလာသည်။ အရွက်ဖုံးလေး ၄၊ ၅ ခုကြားမှ မြစိမ်းရောင် အရွက်နုလေး များမှာ လေထဲတွင် သိသိသာသာကြီးထွားလာသည်ကို မြင်တွေ့ရသည်။


စုကျီကျီသည် ပါးလေးနှစ်ဖက် ဖောင်းနေအောင် အားစိုက်ထားပြီး သူ့လက်ညှိုးဖြင့် ပိုးစာပင် ညာဘက်ခြမ်းကို ခပ်ဖွဖွလေးတို့လိုက်သည်။ ဒုတိယမြောက် အညှောက်လေးလည်း ထွက်ပေါ်လာပြန်သည်။


ကျူးပိုင်ယွီ ပြုံးလိုက်ပြီး "တော်တယ်" ဟု ချီးကျူးလိုက်သည်။


သူ မည်သည့်မန္တန်ကိုမျှ မရွတ်ဆိုသလို ပျိုးပင်ကိုလည်း မထိတွေ့ဘဲနှင့် ပျိုးပင်လေးမှာ နိုးထလာသကဲ့သို့ဖြစ်သွားပြီး ဘေးတစ်ဖက်တစ်ချက်မှ အကိုင်းအသစ်များ ထွက်ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သန်မာသော အကိုင်းအခက် အရွက်များဖြင့် ပြည့်နှက်သွားတော့သည်။


စုကျီကျီ မော့ကြည့်လိုက်သောအခါ သူ့ မျက်နှာလေးမှာ ချက်ချင်းဖြူလျော်သွားရတော့သည်။ ကျင့်ကြံမှုအဆင့် တူညီနေသော်လည်း သူမ မန္တန်ထုတ်ဖော်သည့် အရှိန်ရော ပိုးစာပင်စိုက်ပျိုးသည့် အရည်အသွေးမှာပါရှုံးနိမ့်သွားခြင်း ဖြစ်သည်။


"ညီမလေး... ငါက ဒီည မင်းကို နိုင်စေချင်တာပါ"


ကျူးပိုင်ယွီသည် စုကျိုနှင့် ၇ လှမ်း၊ ၈ လှမ်းခန့်အကွာတွင် ရပ်နေသည်။ စုကျိုအကြည့်မှာ သူ့ထံမရှိသည်ကို မြင်သောအခါ သူ သက်ပြင်းတစ်ချက်ချကာ စိတ်အေးသွားပြီးပြုံးလိုက်သည် - "ငါ တကယ်ကို မင်းကိုအရှုံးပေးချင်တာပါ"


စုကျီကျီကမူ ပါးလေးဖောင်းပြီး စိတ်ကောက်နေရှာသည်။


စုကျိုသည် သူ့ အကြည့်အား မြေကြီးပေါ်တွင်သာ အတင်း အကျပ်ပို့ထားပုံရသည်။ သို့သော် ဝှီးချဲလက်တင်အား တင်းတင်းဆုပ်ထားသော သူ့ လက်များမှာ ယခုအခါပိုတင်းကျပ်လာသည်။


ဒီကောင်ကတော့ တကယ်ဟန်ဆောင်ကောင်းတဲ့ကောင်ပဲ။


သူ့ ကူးယူချင်စိတ်က ပိုလို့ပင် ပြင်းပြလာရသည်။ ဘယ်လိုလုပ်ရပါ့မလဲ!


"ငါ ဒီလို ယှဉ်ပြိုင်ခဲ့တာ အကြိမ်တစ်ရာမကတော့ဘူး၊ တစ် ခါမှ မရှုံးဖူးသေးဘူး၊ ဒါကြောင့် ငါ့ကို ပိုက်ဆံပေးပြီး ယှဉ်မယ့်သူတွေက နည်းသထက် နည်းလာပြီ"


"ဘယ်သူမှ သူတို့နိုင်မယ်လို့ မယုံကြတော့ဘူးလေ"


ကျူးပိုင်ယွီသည် သူ့လက်ထဲမှ ပိုးစာကိုင်းကို ကိုင်ရင်း သက်ပြင်းချလိုက်သည် - "ငါ တစ်ခါလောက်ပဲ ဖြစ်ဖြစ် တကယ် ရှုံးချင်မိတယ်"


"ဒါမှ လူတိုင်းက ငါနဲ့ယှဉ်ရင် နိုင်ဖို့ အခွင့်အရေးရှိတယ်၊ ဝိညာဉ်ကျောက်တုံးတွေနဲ့ မန္တန်မီးအိမ်တွေရဖို့ မျှော်လင့် ချက်ရှိတယ်ဆိုတာ သိသွားကြမှာ၊ အဲဒီလိုဆိုရင် အလွှာတိုင်းမှာ ရှိတဲ့လူတွေက ငါ့ရဲ့ ညဘက်စိန်ခေါ်မှုကို ပိုက်ဆံပေးပြီး လက်ခံဖို့ ပိုစိတ်အားထက်သန်လာကြမှာပေါ့"


"ကံမကောင်းတာက ငါ ဘာလို့ ဒီလောက်ထိ အစွမ်းထက်နေရတာလဲ!"


ကျူးပိုင်ယွီမျက်နှာမှာ နောင်တရနေသည့် ပုံစံရှိသော် လည်း သူ့ လက်ထဲမှ ပိုးစာကိုင်းမှာတော့ တရစပ်ကြီးထွားနေဆဲပင် - "ငါ အရှုံးကို အဖော်မပါဘဲ ရှာဖွေနေသူပါ၊ ဒါပေမဲ့ တစ်ခါမှ မရှုံးနိုင်သေးဘူး!"


စုကျီကျီ မျက်လုံးလေးများဝိုင်းသွားရသည်။ စုရှင်းချန် နှုတ်ခမ်းများ တွန့်သွားကာ စုကျိုကမူ တိုးတိုးလေးရယ်လိုက်သည်။


ကျူးပိုင်ယွီသည် နာကျင်နေသည့် မျက်နှာဖုံးကိုတပ်ထားသော်လည်း မကြာမီမှာပင် ကောက်ကျစ်သောအပြုံးတစ်ခု သူ့ မျက်နှာထက်ပေါ်လာသည်။


၎င်းသည် သူ့ လက်နှစ်ဖက်အား ဝိညာဉ်ပိုးစာပင်အနားသို့ ကပ်လိုက်သောအခါ ချက်ချင်းဆိုသလိုအငုံလေး ၄၊ ၅ ခု ထပ်ထွက်လာသည်။ အကိုင်းပေါ်တွင် ကြီးမားပြည့်စုံသော အစိမ်းရောင် ပိုးစာရွက်ပေါင်းတစ်ရာတိတိ ချက်ချင်းပေါ် ထွက်လာတော့သည်။