Ch 19
Viewers 2k

🥝 Chapter 19


ဝိညာဉ်စမ်းသပ်ခန်းအတွင်း၌ အမွှေးတိုင်ဝက်ခန့် ကြာမြင့်ချိန်တွင် အဆင့်မြင့်ကျင့်စဉ် ၉ မျိုးအရှိန်အဝါများလွှမ်း ခြုံနေသည်။


စုကျို ဝိညာဉ်စွမ်းအင်ကို တစ်ပတ်လှည့်ပတ် လေ့ကျင့်ပြီးနောက် ဝိညာဉ်စမ်းသပ်ပိုးမျှင်ကို တစ်ဖန်ပြန်လည်ကိုင် တွယ်လိုက်သည်။


ယခုတစ်ကြိမ်တွင်မူ မတူညီတော့ပေ။ သူ့ ဒန်ထျန်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် အလိုအလျောက်လှည့်ပတ်စီးဆင်းသွားပြီး နှလုံးသားရှိ ‘သိုလှောင်ရုံ’ ကို ဖြတ်သန်းသွားသည်။


စုကျီကျီ စိုးရိမ်တကြီးဖြစ်နေပြီး စုရှင်းချန်ကလည်းလမ်းစ မရှိတော့ဟု ထင်နေချိန်တွင် သစ်သားသေတ္တာထဲမှ ငြိမ်သက်နေသော ပိုးမျှင်လေးမှာ ရုတ်တရက်ပြောင်းလဲသွားတော့သည်။


မည်သူမျှ သတိမထားမိခင်မှာပင် ပိုးမျှင်အဆုံးမှာ နှစ်ခွဖြစ်သွားပြီး လေထဲပါးလွှာသော ပိုးမျှင်အသစ်တစ်မျှင် အလိုအလျောက်ပေါ်ထွက်လာသည်။ တောက်ရန် ငုံ့ကြည့်လိုက်သည့် တစ်ခဏအတွင်းမှာပင် သေတ္တာထဲ၌တတိယနှင့် စတုတ္ထမြောက် ပိုးမျှင်များထပ်မံပေါ်ပေါက်လာပြန် သည်။


“ဒါ...” 

တောက်ရန် အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။


ရုတ်တရက်ဆိုသလို သူ့လက်ထဲရှိ သစ်သားသေတ္တာငယ်လေးမှ အဖိုးတန်အလင်းတန်းများထွက်ပေါ်လာတော့ သည်။ နံရံပေါ်ရှိ ‘ပိုးကောင်သည် သေသည်အထိ ပိုးမျှင်ကို ငင်သည်’ ဟူသော ဆိုင်းဘုတ်ကြီးတစ်ခုလုံးမှာ အဆုံးစွန်ထိလင်းထိန်သွားတော့သည်!


တစ်စုံတစ်ခုက နောက်မှ လိုက်လံတိုက်ခိုက်နေသကဲ့သို့ပင် အဆင့်အတန်းများမှာ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့်ပြောင်းလဲနေတော့သည်!


အဆင့်များမှာ - အောက်တန်း၊ သာမန်၊ အထက်တန်း၊ အောက်တန်း၊ ထူးချွန်၊ ထူးချွန်၊ ထူးချွန်...


တောက်ရန်၏တည်ငြိမ်မှုများ လုံးဝပျောက်ဆုံးသွားရပြီ - “သူတော်စင်အဆင့်!”


သူ့မျက်လုံးများထဲ အံ့အားသင့်မှုများဖြင့် တောက်ပနေသော်လည်း ထူးဆန်းသော မလုံခြုံမှုတစ်ခုကတော့ ကျန်ရှိနေဆဲပင်။ သူသည် ဤမျှလောက် မြန်ဆန်စွာလင်းထိန်သွားသော ဝိညာဉ်စမ်းသပ်မှုကို တစ်ခါမှမမြင်ဖူးခဲ့ပေ။


သူသည် ဤအထပ်တွင် နေထိုင်လာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး ‘သူတော်စင်အဆင့်’ ပါရမီရှင် အချို့ကိုမြင်ဖူးခဲ့သော်လည်း ယခုကဲ့သို့ အလင်းအမြန်နှုန်းမျိုးကိုတော့ တစ်ခါမှမကြုံဖူးခဲ့သည်မှာ သေချာသည်။


သူသည် ဤစမ်းသပ်မှုက စုကျို တကယ့်ပါရမီအစစ်အမှန်ကိုတိုင်းတာနိုင်ပါ့မလားဟုပင် သံသယဝင်မိသွားသည်။ သို့သော် ထိုသို့ဖြစ်ရန်မှာလည်း မဖြစ်နိုင်ပေ။


“စုကျို...” 


တောက်ရန်သည် နှစ်ပေါင်းများစွာ ပါရမီနိုးထခြင်းမရှိခဲ့သော မိန်းကလေးကို လှည့်ကြည့်လိုက်သည်။ သူမသည် ဖြူဖတ်ဖြူလျော် ဖြစ်နေဆဲဖြစ်သော်လည်း သူမ မျက် ဝန်းများကမူ စူးရှတောက်ပနေသည် - “ကောင်းတယ်... တကယ်ကို ကောင်းတယ်!”


“ပါရမီက ပိုပြီးအားကောင်းလေလေ၊ ကျင့်ကြံရတာ ပိုခက်လေလေပဲ၊ နင်က ဒီလောက်နှစ်တွေအထိ ငြိမ်နေခဲ့တာက အခုလို တစ်ကမ္ဘာလုံးသိအောင် စောင့်နေခဲ့တာကိုး!”


တောက်ရန်စိတ်လှုပ်ရှားမှုကြောင့် သေတ္တာကိုကိုင်ထားသော သူ့လက်များပင် အနည်းငယ် တုန်ရီနေသည်ကို စုကျို သတိထားမိလိုက်သည်။ စုကျီကျီနှင့် စုရှင်းချန်တို့လည်း ‘သူတော်စင်အဆင့်’ အလင်းတန်းကို မော့ကြည့်ရင်း မှင်သက်နေကြတော့သည်။


ကောင်းကင်ယံသို့ ထိုးတက်သွားသော ငါးရောင်ခြယ် မင်္ဂလာအလင်းတန်းကြီးမှာ စုကျိုတစ်ကိုယ်လုံးကိုလွှမ်း ခြုံထားတော့သည်။


[ ပထမထပ်မှ စုကျိုသည် ‘သူတော်စင်အဆင့်’ ပါရမီ နိုးထလာခဲ့သည်။ ]


[ ယွမ်မြှင့်အားဖြည့်ဆေးလုံး ၁၂ လုံး ဆုချီးမြှင့်သည်။ ]


[ အဆင့်မြင့် ကျင့်စဉ်တစ်ခု ဆုချီးမြှင့်သည်။ ]


[ ဝိညာဉ်ကျောက်တုံး တစ်သောင်း ဆုချီးမြှင့်သည်။ ]


...


ဆုလာဘ်စာသားများသည် ကောင်းကင်တစ်ဝက်ခန့် ပြည့်သွားသည်အထိ အဆုံးမရှိပေါ်ထွက်နေတော့သည်။ ပထမထပ်ရှိ လူတိုင်းမှာ မော့ကြည့်ရုံဖြင့် ထိုသတင်းကို သိနိုင်ကြသည်။


“ဘာ?! သူတော်စင်အဆင့်လား?”


“ပထမထပ်မှာ နောက်ထပ် သူတော်စင်အဆင့် ပါရမီရှင်တစ်ယောက် ထပ်ပေါ်လာပြီ! အခုဆိုရင် ထိပ်တန်း ဆယ်ယောက်ထဲမှာ သူတော်စင်အဆင့် သုံးယောက်ပဲ ရှိတော့တာ!”


“တကယ်ပဲ စုကျိုလား ? အုပ်ချုပ်ရေးမှူးတောက် မှားနေတာများလား?”


လူအများ၏ ဆူညံစွာဆွေးနွေးမှုများနှင့် ဆုလာဘ်များ၏ တောက်ပမှုကြီးမှာ သစ်သားအိမ်ထဲရှိ ချန်ကျိုးနှင့်သူ့အမေကို လုံးဝလွှမ်းမိုးသွားတော့သည်။


ချန်ကျိုးသည် သရဲသဘက် မြင်လိုက်ရသကဲ့သို့ မော့ ကြည့်နေမိသည် - “ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...”


ခုနတင်ကမှ အညံ့စားပါရမီလို့ပြနေတာကို၊ ဘယ်လိုဖြစ်ပြီး သူတော်စင်အဆင့်ဖြစ်သွားတာလဲ? သူက ဘယ်လိုလုပ်ပြီး သူတော်စင်အဆင့် ဖြစ်နိုင်မှာလဲ!


သူ့ကို ရှိသမျှ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေ အကုန်ပေးပြီး၊ သူ့ကိုပဲ အားကိုးနေတဲ့ ဒီမိန်းမက သူတော် စင်အဆင့် ပါရမီရှင်ဖြစ်နေတယ်တဲ့လား?


ချန်ကျိုး အမေအိုမှာလည်း ဆွံ့အသွားရသည် - “ဘုရားရေ... သူတော်စင်အဆင့်တဲ့! သားရယ်... သားကျတော့ ‘အဆင့်ကောင်း’ ပါရမီပဲ ရှိတာလေ!”


ချန်ကျိုး မျက်နှာမှာ ရှက်စိတ်ကြောင့် ရဲတက်သွားသည်။ ဟုတ်သည်၊ သူမ ပါရမီက သူ့ထက်ပိုမြင့်နေပြီ၊ ဒါ ဘယ် လိုဖြစ်နိုင်မှာလဲ?


“ဒါ အိမ်မက်များလား ?” အမေအိုချန်သည် မိမိကိုယ်မိမိ ဆွဲလိမ်ကြည့်ရာ နာကျင်သဖြင့် ညည်းတွားလိုက်သည် - “မဟုတ်ဘူး... အိမ်မက် မဟုတ်ဘူး...”


“ဒီကောင်မလေး တစ်ချိန်လုံးဟန်ဆောင်နေခဲ့တာလား?”


ချန်ကျိုး ထိတ်လန့်သွားသည်။ ဟန်ဆောင်နေတာတဲ့လား?


အမေအို ချန်သည် သက်ပြင်းချလိုက်သည် - “ပြဇာတ်တွေထဲကလိုပေါ့... သူမက ချမ်းသာတဲ့ မိသားစုက သမီးတော်ဖြစ်ပြီး တစ်သက်တာ လက်တွဲဖော်ကို ရှာဖို့အတွက် ငါ့သားကို စမ်းသပ်ဖို့ သူမရဲ့ အစွမ်းတွေကို တမင်ဖုံးကွယ်ထားတာများလား?”


ချန်ကျိုး မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်သွားတော့သည်။


သူသည် သူမအား အရင်ရိုင်းစိုင်းသော စကားများစွာပြောခဲ့ဖူးသည့်အပြင်၊ မနေ့ညနှင့် ဒီမနက်တွင်လည်း သူမအပေါ် အလွန် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မိသည်။ သူ့ မျက် စိထဲတွင်ပင်မထည့်ခဲ့သော ထိုတောက်ပလှသော ဆုလာဘ်များကိုကြည့်ရင်း သူ နောင်တမရဘဲ မနေနိုင်တော့ပေ။


အကယ်၍ စုကျိုသည် ‘သူတော်စင်အဆင့်’ ပါရမီရှင် ဖြစ် လာမည်မှန်း ကြိုသိခဲ့လျှင် မနေ့ညကတည်းက သူ့မာနကို လျှော့ချပြီး ဤမိုက်မဲသော မိန်းမကို ချော့မော့ထားခဲ့သင့်သည်ဟု ချန်ကျိုး တွေးလိုက်မိသည်။


အဖွားအိုချန်၏မျက်လုံးများမှာလည်း အရောင်တောက်လာသည် - “လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတို့ရွာမှာ ‘သူတော် စင်အဆင့်’ ပါရမီရှိတဲ့ ဝိညာဉ်ပိုးထည်ယက်လုပ်သူမလေးတစ်ယောက်ကသာမန်အဆင့်ရှိတဲ့ ဝိညာဉ်လယ်သမားတစ်ယောက်နဲ့ လက်ထပ်ခဲ့ဖူးတယ်၊ သူ့ရဲ့ တင်တောင်းပစ္စည်းတွေတင် လှည်းအစီး ရှစ်ဆယ့်ရှစ်စီးတောင်ရှိတာ။ နောက်တော့ အဲဒီလယ်သမားရဲ့ဇနီးသေသွားတော့ သူက ပိုးထည်ဆိုင်ပေါင်း ၁၈ ဆိုင်တောင် ပိုင်ဆိုင်သွားခဲ့တာလေ!”


ချန်ကျိုးမှာလည်း စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ပေ။ သူသည် များပြားလှသော တင်တောင်းပစ္စည်းများနှင့် ဝိညာဉ်ကျောက်တုံးများစွာရရှိမည့် ဆိုင်ကြီးများကိုမြင်ယောင်နေမိပြီဖြစ်သည်။


“ဟုတ်တယ်... အခု စုကျိုကို ပြန်ချော့မယ်ဆိုရင်လည်း အချိန်မနှောင်းသေးပါဘူး!”


စုကျိုသည် အမြဲတမ်း အမျိုးသားများကို အားကိုးရသည်အားနှစ်သက်သူ မဟုတ်ပါလား!


ချန်ကျိုး ချက်ချင်းပြုံးလိုက်သည် - “သူက အစွမ်းထက်တယ်ဆိုတော့ ကျွန်တော့်ကျင့်ကြံမှုကို ပိုပြီးအထောက် အကူပြုနိုင်တာပေါ့။”


အမေအိုချန်လည်း ခေါင်းညိတ်သည် - “ဒါပေါ့၊ နင် သူ့ကို သိပ်မကြိုက်ရင်တောင် သူ အိမ်ရောက်လာပြီးရင် နောက် ထပ် ကိုယ်လုပ်တော်တွေ အများကြီးထပ်ယူလို့ရသေးတာပဲ”


ချန်ကျိုးသည် မျက်လုံးလေးများမှေးသွားသည်အထိ ပြုံးနေတော့သည်။ ကောင်းကင်မှ ဆုလာဘ်များကိုကြည့်ရင်း သူသည် ဘယ်အရာကို အရင်ယူရမလဲဟုပင် ရွေးရခက်နေသည်။


“ကျွန်တော့်မှာ ဝိညာဉ်ကျောက်တုံးတွေလည်း လိုနေတာ၊ ပြီးတော့ အဆင့်မြင့်ကျင့်စဉ်တွေလည်း လိုအပ်နေတာပဲ...”


ချန်ကျိုးသည် စုကျို ရရှိသမျှဆုလာဘ်အားလုံးမှာ သူ့ ပစ္စည်းများ ဖြစ်တော့မည့်အလား ခံစားနေရရှာသည်။


-


ဝိညာဉ်စွမ်းအားစစ်ဆေးခြင်း အခန်းအတွင်း၌


စုကျိုသည် ကောင်းကင်ပေါ်ရှိ ဆုလာဘ်စာသားများ အားလုံး ပျောက်ကွယ်သွားသည်အထိ မော့ကြည့်နေခဲ့သည်။


“ဒါ ဘယ်လို အစွမ်းမျိုးလဲ ?” 


တောက်ရန်သည် နောက်ဆုံးတွင် သေတ္တာထဲမှ ပြောင်းလဲမှုများကို အာရုံစိုက်လိုက်သည် - “ပိုးမျှင်ရဲ့ အရည်အသွေးက လုံးဝမပြောင်းလဲဘူး၊ ကြမ်းတမ်းမသွားဘူး၊ ဓာတ်ကြီးငါးပါးရဲ့စွမ်းအားတွေလည်း မပါဝင်ဘူး၊ ဒါပေမဲ့ ပိုးမျှင်က ရုတ်တရက် လေးမျှင်ထပ်တိုးလာတာပဲ”


စုကျီကျီ တစ်ခုခုပြောရန် ပါးစပ်ပြင်လိုက်သော်လည်း စုရှင်းချန်က သူမကိုလှမ်းဆွဲလိုက်သဖြင့် ချက်ချင်းပြန်ပိတ်လိုက်ရသည်။


“အုပ်ချုပ်ရေးမှူး ဘယ်လို ထင်ပါသလဲ ?” 


စုကျိုက တည်ငြိမ်စွာ မေးလိုက်သည်။


စုကျီကျီ စမ်းသပ်မှုတွင် ပထမဆုံးစာလုံးသာ လင်းခဲ့သည်ကိုမြင်ကတည်းက စုကျိုသည် ‘ဝိညာဉ်ပိုးကောင်ဂေဟာ’ ထံမှ အကောင်းဆုံး အခွင့်အရေးများရရှိရန်အတွက် အမှတ်အများဆုံးရအောင် ကြိုးစားရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။


သို့သော် သူမအနေဖြင့် ပိုးမျှင်လေးမျှင်ကို ကူးယူပြီးချိန်တွင် ဆိုင်းဘုတ်ပေါ်ရှိ နောက်ဆုံးစာလုံး ‘尽’ (ကုန်ဆုံးသည်) အထိလင်းသွားပြီး အမှတ်ထပ်တက်ရန် နေရာမရှိတော့သဖြင့် သူမသည် ပိုးမျှင်များကိုလွှတ်လိုက်ခြင်းဖြစ် သည်။


သူမအနေဖြင့် ပိုးမျှင်များ မည်မျှပင်ထပ်မံထုတ်လုပ်နိုင်ပါစေ၊ ဆုလာဘ်မှာအတူတူပင် ဖြစ်နိုင်သဖြင့် သူ့ ဖဲချပ်အစစ်အမှန်ကို ဝှက်ထားခြင်းက ပိုကောင်းပေလိမ့်မည်။ ကမ္ဘာပျက်ကပ်ထဲတွင် အသက်ရှင်သန်ခဲ့စဉ်က သူမ သင် ယူခဲ့ရသော အရေးကြီးဆုံး သင်ခန်းစာမှာ အထူးသဖြင့် မိမိကိုယ်မိမိ အားနည်းနေချိန်တွင် မိမိ စွမ်းအားအစစ် အမှန်ကို ဖုံးကွယ်ထားရန်ဖြစ်သည်။


သူမ စုကျီကျီကိုစကားမပြောရန် တားလိုက်သော စုရှင်းချန်ကို ကြည့်ကာ စိတ်ထဲမှချီးကျူးလိုက်မိသည်။


“ကောင်းတယ်... ကောင်းတယ်... လေးဆတိုး ထွက်နှုန်းပဲ! ပုံမှန်ဆိုရင် ပထမထပ်မှာ ထူးချွန်တဲ့ ရလဒ်ဆိုရင် နှစ်ဆ တိုးထွက်နှုန်းပဲ ရှိတာ၊ နင့်ရဲ့ ပါရမီကလေးဆအထိ ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားဘူး... မဟုတ်သေးဘူး...”


တောက်ရန်က သေတ္တာကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည် - “ဒါက အဲဒီထက်မက ပိုနိုင်သေးတယ် ထင်တယ်”


“ဒါက နင့်ရဲ့ ဝိညာဉ်စွမ်းအားနိုးထကာစ အခြေအနေပဲ ရှိသေးတာ၊ နင့်ရဲ့ သူတော်စင်အဆင့်ပါရမီကထပ်ပြီး ကြီးထွားလာနိုင်တယ်၊ စုကျို... နင်သာ ကောင်းကောင်းကျင့် ကြံရင် နောင်ကျရင် ထွက်နှုန်းက ဆယ်ဆ၊ အဆတစ်ရာအထိတောင် ဖြစ်လာနိုင်တယ်!”


စုကျို မျက်ခုံးပင့်လိုက်မိသည်။ သူ့ ‘သိုလှောင်ရုံ’ ထဲရှိ ကူးယူထားသောအချက်အလက်များအရ ကျွမ်းကျင်မှုအဆင့် မလုံလောက်ခြင်းကြောင့် ကူးယူရာတွင် အမှားအယွင်းများ ရှိနေတတ်သည်ကို ထောက်ဆ၍ သူ့ ပါရမီမှာ တိုးတက်လာနိုင်ကြောင်း သူမ ခန့်မှန်းပြီးသားဖြစ်သည်။


“ကျွန်မ ပါရမီကို တိုးတက်အောင် ဘယ်လိုလုပ်ရမလဲ ?” စုကျိုက နှိမ့်ချစွာမေးလိုက်သည်။


တောက်ရန် သူ့ မုတ်ဆိတ်ကိုသပ်ရင်း အားကျစိတ်နှင့် နှမြောစိတ်များ ဒွန်တွဲနေသောမျက်ဝန်းများဖြင့် ကြည့်လိုက်သည် - “ငါလည်း သိချင်တာပေါ့၊ ဒါပေမဲ့ နင့်မောင်လေးလိုပဲ ငါ့ရဲ့ ပါရမီကလည်း ‘ထူးချွန်အဆင့်’ ပဲ ရှိတာလေ”


“သူတော်စင်အဆင့် ကျင့်ကြံခြင်းရဲ့လျှို့ဝှက်ချက်တွေကို ငါလည်း သိပ်မသိဘူး၊ လုပ်ဖော်ကိုင်ဖက်တွေ ပြောတာ ကြားဖူးတာကတော့ ကိုယ့်ရဲ့ပါရမီကို အမြဲတမ်း အသုံးပြုနေပြီး ကျင့်ကြံမှုအဆင့်ကိုမြှင့်တင်ရင် ပါရမီကပြောင်းလဲသွားနိုင်တယ်တဲ့၊ ဒါပေမဲ့ သူတော်စင်အဆင့် ပါရမီရှင်တစ်ယောက်နဲ့တစ်ယောက်က မတူကြဘူးလေ၊ ဒါကြောင့် နင်ကိုယ်တိုင် သီးခြားကျင့်ကြံတဲ့ နည်းလမ်းတွေကိုရှာဖွေရလိမ့်မယ်”


စုကျို ထိုအချက်ကို စိတ်ထဲ၌ မှတ်သားထားလိုက်သည်။


တောက်ရန်က ခဏစဉ်းစားပြီးနောက် - “မနက်ဖြန်ကစပြီး ဒီလကုန်အထိ ငါ အထပ် ၃၀ မှာ တာဝန်ကျမယ်၊ နင့်အ တွက်လည်း စုံစမ်းပေးပါ့မယ်၊ အထပ် ၃၀ မှာရှိတဲ့ တပည့်တွေထဲမှာ နင်နဲ့တူတဲ့ ပါရမီရှိသူတွေ ရှိ၊ မရှိ ငါ မေးမြန်းကြည့်မယ်၊ နောက်လ ၁ ရက်နေ့ ငါ တာဝန်ပြန်ကျတဲ့အခါ နင့်ကို ပြန်ပြောပြမယ်” ဟု ဆိုသည်။