Ch 12
Viewers 3k

🍼 Chapter 12

🍼 Qingqing's New Identity


ချင်ချင်် ဖူစစ်ကျင်း ကုမ္ပဏီသို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်း မဟုတ်ပေ။


ပထမဦးဆုံးဗြောင်းဆန်မှုများဖြစ်ပြီးနောက် ချစ်စဖွယ်ကလေးငယ်လေးကိုမြင်ရသောအခါ လူတိုင်းစိတ်ငြိမ်သွားကြသည်။


တစ်ခါတစ်ရံ ချစ်စဖွယ်ကလေးလေးထံ လှည့်လည်သွား  လာပြီး အာရုံစိုက်မှုရယူသော်လည်း လူအများစုမှာ သူတို့အလုပ်များကိုသာ ဆက်လုပ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ချစ်စရာကောင်းခြင်းသည် ဆွဲဆောင်မှုရှိသော်လည်း အလုပ်သည် အရေးကြီးသောကြောင့်ပင်။


ဟုတ်သည်။ ချစ်စရာလေးကို သွားရည်စာကျွေးရမည့် အခွင့်အရေးအား မည်သူမျှ ငြင်းပယ်မည်မဟုတ်ပေ။


ကံမကောင်းစွာဖြင့်၊ စီအီးအိုမှ သူ့ "အဒေါ်ငယ်လေး" ကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး သရေစာအပိုပေးရန် ငြင်းဆိုသည်။


မှန်သည်။ ချင်ချင်အား တရားဝင် အဆင့်အတန်းပေးရန် ဖြစ်သည်။


လူအများရှေ့တွင် ဖူစစ်ကျင်းမှ ချင်ချင်သည် သူ့မိခင်ဘက်မှ ဆွေမျိုးဖြစ်ပြီး ဝါကြီးသူဖြစ်၍ ကလေးငယ်မှ သူ့အား တစ်ချိန်လုံး "အာကျင်း" ဟုခေါ်နိုင်ကြောင်းကြေညာ ထားသည်။


ကလေး၏အားလပ်ရက်ဖြစ်သည့်အပြင် သူ့ မိသားစုမှလည်း အလုပ်များလွန်းနေသောကြောင့် သူ့ထံ စောင့် ရှောက်ရန် အပ်နှံထားခဲ့ခြင်းဟုဆိုသည်။


ဤအကြောင်းပြချက်သည် အခြားသူများအတွက် မယုံ ကြည်နိုင်လောက်အောင်ဖြစ်နေနိုင်ပြီး မည်သူမျှယုံကြည်မည်မဟုတ်သကဲ့သို့ လှောင်ပြောင်ခံရနိုင်ခြေလည်းရှိသည်။


မည်သူကများ အလုပ်ရှုပ်လွန်း၍ စီအီးအိုအားဆွေမျိုး သားချင်း၏ ကလေးအားထိန်းခိုင်းရမည်နည်း။


သို့သော်လည်း ကုမ္ပဏီမှဝန်ထမ်းတိုင်းသည် ဖူစစ်ကျင်းနှင့်အတူ စီးပွားရေးစတင်ချိန်မှစ၍ ဒုက္ခများကိုအတူတကွ ဖြတ်သန်းခဲ့ကြပြီး သုံးနှစ်ကျော်၊ အချို့မှာ ထို့ထက် ပိုကြာအောင် အတူအလုပ်လုပ်ခဲ့ကြသည်။


ထို့ကြောင့် ဝန်ထမ်းဟောင်းများသည် ဖူစစ်ကျင်း မိသားစုအခြေအနေကို အနည်းငယ်သိရှိကြသည်။


သူ့ မိဘနှစ်ပါးစလုံးသည် ထိပ်တန်းချမ်းသာသော မိသားစုများမှဆင်းသက်လာကြသည်။


ထို့အပြင် ကြီးမားသောဖူနှင့် ကူးအဖွဲ့များနှင့်နှိုင်းယှဉ်လျှင် ယခုမှ အောင်မြင်လာသော ဤမျှော်လင့်ချက်ရှိသည့် လူငယ်စီးပွားရေးသမား ဖူစစ်ကျင်းသည် မိသားစုတွင် "အလုပ်မများဆုံး" တစ်ဦးဖြစ်နေသည်မှာ အမှန်ပင်။


ဒါဆို ဥက္ကဌရဲ့ ညီကကော ??


မပြောတော့ဘူး၊ သူက သူ့ဘာသာ သူပြဿနာရှာတတ်တဲ့သူ ဖြစ်နေတုန်းပဲ၊ သူ့ကိုအပြင်ထွက်ပြီး တိုင်းပြည်၏ အနာဂတ်အားဖျက်ဆီးခွင့်မပြုဘဲ ထားလိုက်သည်ကပိုကောင်းသည်။


အချုပ်အားဖြင့်ဆိုသော် ချင်ချင့်၏ဇစ်မြစ်ကိုကျိုးကြောင်းခိုင်လုံစွာရှင်းပြနိုင်ခဲ့ပြီး ဖူစစ်ကျင်းကုမ္ပဏီတွင် တရားဝင် နေထိုင်ခွင့်ရခဲ့သည်။


သူလေးသည် အလွန်ယဉ်ကျေးစွာနေထိုင်တတ်သည်။ အရုပ်များ သို့မဟုတ် ကာတွန်းတစ်ခုခုရှိပါက တစ်နေကုန် တစ်ယောက်တည်း ကစားနေနိုင်သည်။ သူလေးသည် တစ် ယောက်တည်းကစားခြင်းအား အတော်လေးအသားကျနေပုံရသည်။


ဤအရာက ကလေးအား အလုပ်တစ်ဖက်နှင့်စောင့်ရှောက် နေရသည့် ဖူစစ်ကျင်းအား သက်သာရာရစေသည်။ သူ့မိခင်သာ ပြဿနာရှာတတ်သောကလေးဖြစ်ခဲ့ပါက သူ ခေါင်းကိုက်ရပေလိမ့်မည်။


ယနေ့တွင် အစည်းအဝေးများ သို့မဟုတ် ဖောက်သည် ဖိတ်ခေါ်မှုများမရှိသဖြင့် ဖူစစ်ကျင်းသည် သူ့ရုံးခန်းတွင်သာ နေ၍ အလုပ်လုပ်ရန် လိုအပ်သည်။


ချင်ချင်သည် ရုံးခန်းဆိုဖာဘေးရှိ လွတ်နေသောနေရာတွင် ဘလောက်တုံးများဖြင့် ကစားနေသည်၊ ဖူစစ်ကျင်း အလွယ်တကူ လှမ်းမီနိုင်သည့် နေရာတွင်ဖြစ်သည်။


နွေရာသီဖြစ်၍ အတော်လေးပူသော်လည်း ရုံးခန်းသည် လေအေးပေးစက်ဖွင့်ထားသဖြင့် ကြွေပြားကြမ်းပြင်မှာ အေးနေသည်။


ချင်ချင် အအေးမိမည်ကို စိုးရိမ်သဖြင့် ဖူစစ်ကျင်းသည် အနားယူခန်းမှ စောင်တစ်ထည်ယူလာကာ ကြမ်းပြင်ပေါ်တွင် ခင်းပေးပြီး ပြန့်ကျဲနေသောဘလောက်တုံးများကို ၎င်းအပေါ်တွင် ပုံပေးထားသည်။


အလုပ်ရှုပ်နေစဉ် ဖူစစ်ကျင်းသည် ချင်ချင်အား တစ်ခါ တစ်ရံလှမ်းကြည့်သည်။


သူမသည် ဘလောက်တုံးများဖြင့် အိမ်ငယ်လေးတစ်လုံးဆောက်ကာ ဆက်လက်ကစားနေသည်ကို မြင်သောအခါ သူ အာရုံစိုက်ခြင်းကိုရပ်ပြီး သူ့အလုပ်ကိုဆက်လုပ်လိုက်သည်။


သူတို့နှစ်ဦးစလုံးသည် ကိုယ့်အလုပ်ကိုယ် လုပ်ကိုင်နေကြပြီး နားလည်မှုရှိရှိနှင့် တိတ်ဆိတ်ငြိမ်သက်မှုကို ထိန်းသိမ်းထားကာ နွေးထွေးမှုအငွေ့အသက်ကို သိမ်မွေ့စွာထုတ်လွှတ်နေကြသည်။


ဤတိတ်ဆိတ်ပြီး သဟဇာတဖြစ်သော ပတ်ဝန်းကျင်သည် ဖူစစ်ကျင်း အလုပ်မှပြန်ချိန်အထိ ကြာရှည်လိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း ရုတ်တရက်ရောက်ရှိလာသောဧည့်သည်ကြောင့် မမျှော်လင့်ဘဲ အနှောင့်အယှက်ဖြစ်သွားခဲ့ရသည်။


"မစ္စတာအန်း၊ ခင်ဗျား ဝင်လို့မရဘူး!"


အတွင်းရေးမှူးချန် အချိန်မီတားဆီးနိုင်ခြင်းမရှိခဲ့ဘဲ ရန်လိုသည့်လူတစ်ဦး ရုံးခန်းထဲသို့ အတင်းအဓမ္မဝင်ရောက်လာသည်။


တင်းကျပ်စွာပိတ်ထားသောတံခါးကို ရိုင်းစိုင်းစွာတွန်းဖွင့်လိုက်ရာ တံခါးသည် နံရံကိုပင်ဆောင့်မိသွားရသည်။


ထိုကျယ်လောင်သောအသံကြောင့် ချင်ချင် လန့်သွားပြီး လက်ထဲမှ ဘလောက်တုံးများပင်ပြုတ်ကျသွားသည်။


ဖူစစ်ကျင်းသည် မျက်မှောင်ကြုတ်ကာ ဝင်လာသူအားမကျေမနပ်ဖြစ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်– "မစ္စတာအန်း၊ မဝင်ခင် တံခါးခေါက်ရမယ်ဆိုတာ ခင်ဗျားမသိဘူးလား"


"ဆောရီး၊ ခဏမေ့သွားတယ်" အန်းယွမ်၏တောင်းပန်စကားမှာ လုံးဝရိုးသားခြင်းမရှိခဲ့ပေ။


"ဥက္ကဌ ၊ ဒီ... " အတွင်းရေးမှူးချန်သည် အန်းယွမ်နောက် တွင်ရပ်နေပြီး စိုးရိမ်နေပုံပေါ်သည်။


သူ ဝင်လာသူအား မတားဆီးနိုင်ခဲ့ခြင်းက တစ်နည်းအား ဖြင့် တာဝန်ပျက်ကွက်ခြင်းပင်။


"ကိစ္စမရှိဘူး၊ မင်း အလုပ်ပြန်လုပ်လို့ရပြီ"


ဖူစစ်ကျင်းသည် အန်းယွမ်အား နှစ်ပေါင်းများစွာသိခဲ့ပြီး သူ့စရိုက်ကို ကောင်းကောင်းသိသဖြင့် အတွင်းရေးမှူးချန်ကိုအပြစ်မတင်ခဲ့ပေ။


"ဟုတ်ကဲ့ပါ"


အတွင်းရေးမှူးချန် လှည့်ထွက်ပြီး တံခါးကို ဂရုတစိုက်ပြန်ပိတ်လိုက်သည်။


ဝင်လာသူ ထွက်သွားပြီးနောက် ဖူစစ်ကျင်းသည် သူ့လက်များကိုယှက်လိုက်ကာ သက်သောင့်သက်သာဖြစ်စွာကုလားထိုင်တွင် မှီထိုင်လိုက်ပြီး သူ့လေသံမှာ အေးစက်နေဆဲဖြစ်ပြီး ပြက်ရယ်ပြုခြင်းများပါဝင်နေသည်– "မစ္စတာအန်း၊ ရဲကို ဖုန်းခေါ်တော့မလိုပုံစံမျိုးနဲ့ ခင်ဗျား ဒီမှာ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"


သူ ရဲကို ဖုန်းခေါ်တော့မလို ပုံစံမျိုးဖြစ်နေခဲ့သည်။


"ခင်ဗျား ကြိုသိပြီးသားလား" ဒေါသတကြီး မေးလိုက်သည်။


"ဘာကို သိတာလဲ" ဖူစစ်ကျင်း စူးစမ်းစွာချောင်းကြည့်နေသော ချင်ချင်အားလှမ်းကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးမေးလိုက်သည်။


သတိပေးခံရသောကြောင့် ချင်ချင်သည် နောက်ဆုတ်သွားပြီး ဘလောက်တုံးများဖြင့် ဆောက်နေဟန်ဆောင်သော် လည်း သူ့ နားရွက်လေးများမှာ နားစွင့်နေခဲ့သည်။


အကြောင်းတစ်ခုခုကြောင့် ဤမြင်ကွင်းသည် အနည်းငယ် ရင်းနှီးနေသည် ဟု သူ ခံစားရသည်။


လွန်ခဲ့သောရက်အနည်းငယ်ခန့်က ဤနေရာတွင်ပင် မတူ ညီသော လူများမှ ဖူဟန်အား အလားတူမေးခွန်းများမေးခဲ့ပုံရသည်။


"ခင်ဗျား အမေ ဘာလုပ်ခဲ့လဲဆိုတာ သိလား!"


အန်းယွမ် အော်လိုက်သည်– "ခင်ဗျားအမေ ရှောင်ရန်ကို ဘယ်ကို အတိအကျပို့လိုက်တာလဲ ? ကျနော်တို့ ဒီရက်ပိုင်း နေရာတိုင်းလိုက်ရှာနေခဲ့တာ၊ ခင်ဗျားအမေ သူ့ကို ချက် လက်မှတ်ပစ်ပေးလိုက်တဲ့ဟာပဲ CCTV မှာတွေ့လိုက်ရတယ်"


"ရှောင်ရန်ဆိုတာ ဘယ်သူလဲ"


ဖူစစ်ကျင်း ရှုပ်ထွေးနေပုံပေါ်နေပြီး ဆက်ကာမသိချင်ဟန် ဆောင်နေခြင်းမှာ အန်းယွမ်၏ဒေါသကို ပိုမိုဆွပေးလိုက်သည်။


"ရှောင်ရန်က ငါ့ရဲ့နှစ်ရှည်လများပျောက်ဆုံးနေခဲ့တဲ့ ငါ့ညီမ၊ အန်းရန်"


အန်းရန်—ထိုနာမည်က ရင်းနှီးနေသည်။


သူ တစ်စုံတစ်ဦးဆီမှ ကြားဖူးပုံရသည်။


ခဏမျှစဉ်းစားပြီးနောက် ဖူစစ်ကျင်း တစ်စုံတစ်ခုကိုရုတ် တရက် သတိရသွားသည်။


"ဖူစစ်ချန်ရဲ့လောဘကြီးပြီး ဂုဏ်မက်တဲ့ ရည်းစားဟောင်းလား"


ထိုနာမည်ရှိသော မိန်းကလေးအပေါ် သူ၏ တစ်ခုတည်းသော ထင်မြင်ချက်မှာ ထိုမျှသာဖြစ်သည်။


"ရှောင်ရန်က ကျွန်တော့် အန်းမိသားစုရဲ့တရားဝင်သမီးပါ၊ သူ လိုချင်တာမရှိပါဘူး၊ ဘာကိစ္စ ခင်ဗျားအမေရဲ့သေးနုပ် တဲ့ပိုက်ဆံကို ဘယ်လိုလုပ်လိုချင်ရမှာလဲ!"


အန်းယွမ်သည် သူ့ ညီမ ဂုဏ်သိက္ခာထိခိုက်သည့်အတွက် ဒေါသတကြီးဖြင့် ဖူစစ်ကျင်းကို စူးစိုက်ကြည့်လိုက်သည်။


"ဒါဆို ခင်ဗျားရဲ့အန်းမိသားစုကို ပြန်မေးကြည့်ရမှာပေါ့" ဖူစစ်ကျင်း အေးစက်စွာပြောလိုက်သည်– "အန်းမိသားစုရဲ့ ဂုဏ်သရေရှိ သမီးပျိုတစ်ယောက်က နောက်ဆုံး ကျွန်တော့်မားဆီက လမ်းခွဲကြေးကိုလက်ခံရတဲ့ အဖြစ်ရောက်သွားတာ၊ ခင်ဗျားတို့ အန်းမိသားစုကတကယ်ကိုထူးခြားပါ ပေတယ်" သူ့စကားများသည် ပြောင်ပြောင်တင်းတင်းခနဲ့နေခြင်းပင်။


အန်းမိသားစု၏အရှုပ်တော်ပုံများသည် အသိုင်းအဝိုင်းတစ်ခုလုံးတွင် လူသိများပြီး သူပင်လျှင် အတင်းအဖျင်းများ အား နားနှင့်မဆံ့ကြားဖူးခဲ့သည်။


၎င်းတို့၏သမီးအရင်းသည် ကလေးဘဝကတည်းက ပျောက်ဆုံးသွားခဲ့ပြီး အန်းမိသားစုမိဘများက သူတို့၏ ဝမ်းနည်းမှုကိုဖြေသိမ့်ရန် ဆွေမျိုးနီးစပ်ကလေးအား မွေးစားခဲ့ကြသည်။


နောက်ဆုံး ၎င်းတို့သမီးအရင်းအား ပြန်တွေ့သောအခါ မွေးစားသမီး ထိခိုက်နစ်နာမည်ကိုကြောက်ရွံ့ပြီး သူမအားအမြဲတစေ သတိထားစောင့်ကြည့်နေသဖြင့် သမီးအရင်းကိုအနေခက်စေခဲ့သည်။


ဤဒရာမာတစ်ခုလုံးသည် လူ့အသိုင်းအဝိုင်းတစ်ခုလုံးအားအံ့အားသင့်စေခဲ့သည့် ပြကွက်တစ်ခုပင်။


ဤကဲ့သို့ အလှောင်ခံလိုက်ရသောကြောင့် အန်းယွမ်၏ မျက်နှာသည် မည်းမှောင်သွားသော်လည်း ပြန်လည်ချေပရန် နည်းလမ်းမရှိခဲ့ပေ။


သူ မကြာသေးမီကမှ ပြည်ပမှ ပြန်လာခဲ့ပြီး သူ့ မိသားစုတွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးကိုသိရှိခဲ့ရသည်။


သူ့ ညီမအရင်းပြန်လာခြင်းသည် ဝမ်းမြောက်ဖွယ်အခါသမယဖြစ်သင့်သည်။


သူ့မိဘများမှ ဤမျှမိုက်မဲလိမ့်မည်ဟု သူ မထင်ခဲ့ချေ။ သူညီမအား လစ်လျူရှုထားခဲ့သည့် နှစ်ပေါင်းများစွာအတွက် ပြန်လည်ပြုစု ချစ်ခင်ပေးရမည့်အစား ထိုပရိယာယ်ကြွယ်သော မွေးစားသမီးကိုကာကွယ်နေပြီး သူ့ ညီမရင်းအား များစွာသော ဆင်းရဲဒုက္ခများပေးခဲ့သည်။


ယခု သူမ ထပ်မံပျောက်ဆုံးသွားသောအခါ ၎င်းတို့ လုပ်တတ်သမျှသည် အိမ်တွင် အပြစ်တင်ခြင်းနှင့် ညည်းညူခြင်းများသာဖြစ်ပြီး သူ့ ညီမအား ရင့်ကျက်မှုမရှိခြင်းနှင့် ကျေးဇူးမသိတတ်ခြင်းတို့အတွက် အပြစ်တင်ကာ ရှာဖွေရန် မည်သည့်ကြိုးပမ်းမှုမျှမပြုလုပ်ခဲ့ကြချေ။


ရင်နာခြင်းလား သို့မဟုတ် အခြားအရာလားဆိုသည်ကို သူ တိကျစွာမဆုံးဖြတ်နိုင်ခဲ့သော်လည်း အန်းယွမ်သည် သူ့မိဘများနှင့် အိမ်တွင် အကြီးအကျယ်ရန်ဖြစ်ခဲ့ပြီး တံခါးကို ပိတ်ရိုက်ကာထွက်လာခဲ့ပြီး သူ့ညီမအား တစ်ယောက် တည်းရှာဖွေခဲ့သည်ကို ပြန်သတိရမိသည်။ ဒီရက်ပိုင်း ၎င်းတို့ သူ့ညီမအရင်း၏ အတိတ်အကြောင်းအားစုံစမ်းပြီး ပြောဆိုလေလေ၊ သူ့ရင်ထဲ ပိုနာကျင်လာလေလေ၊ ဒေါသတွေ ပိုစုပြုံလာလေလေဖြစ်သည်။


ဖူစစ်ကျင်းဆီသို့ သွားရောက်ရင်ဆိုင်ခြင်းသည် သူ့ခံစားချက်များကို အချိန်ကြာမြင့်စွာဖိနှိပ်ထားပြီးနောက် ပေါက် ကွဲထွက်မှုငယ်လေးတစ်ခုဖြစ်သော်လည်း နောက်ပိုင်းတွင် သူ့ ရင်ထဲဟာလာဟင်းလင်းဖြစ်သလိုခံစားလိုက်ရသည်။


ရိုးရိုးသားသားပြောရလျှင် သူ ရှောင်ရန်အတွက် ဘာမှမလုပ်ပေးခဲ့ပေ။ သူသည်လည်း အစ်ကိုကောင်းတစ်ယောက် လုံးဝမဟုတ်ချေ။


၎င်းနှင့် ကျန်မိသားစုဝင်များအကြား မည်သည့်ကွာခြားချက်ရှိတော့သနည်း ??


ဆိုဖာပေါ်တွင် မှီလဲထိုင်ရင်း အန်းယွမ်သည် သူ့ကိုယ်သူ ကွေးညွှတ်လိုက်ကာ လက်များဖြင့် မျက်နှာကိုဖုံးအုပ်လိုက်ပြီး မိမိကိုယ်ကို အပြစ်တင်ခြင်း၏နာကျင်မှုထဲစုန်းစုန်း မြုပ်သွားသည်။


သူ့ သူငယ်ချင်းဖြစ်သူအား ဤကဲ့သို့မြင်သောအခါ ဖူစစ်ကျင်း ဒေါသပင်လွင့်ပျယ်သွားခဲ့သည်။


သူ သက်ပြင်းချကာ ချင်ချင့်ထံမသိစိတ်မှ မျက်လုံးများရောက်သွားသော်လည်း သူ့ကို မည်သို့ နှစ်သိမ့်ပေးရမည်ကိုမသိခဲ့ပေ။


သူ ဘာပြောနိုင်မှာလဲ ??


သူ့ မားသည် မယုံနိုင်လောက်အောင် လှည့်စားတတ်သူဖြစ်ပြီး၊ အန်းယွမ်သာမက အန်းရန်ကို ပိုမိုသိရှိသော ဖူစစ်ချန်ပင်လျှင် သူ့ ခြေရာကိုရှာမတွေ့နိုင်ကြောင်းပြောရမည်လား ??


ရိုးရိုးသားသားပြောရမည်ဆိုလျှင် တကယ့်ပြစ်မှုကျူးလွန်သူသည် ၎င်းရှေ့ ဘလောက်တုံးများဖြင့်ကစားနေခဲ့ပြီး ဒိုက်ပါပင် ဝတ်ထားဆဲဖြစ်သည်။


ဖူစစ်ကျင်း သူ့အား ကြည့်နေသည်ကို သတိပြုမိသဖြင့် ချင်ချင် အပြစ်ကင်းစွာဖြင့် ပြန်ကြည့်လိုက်သည်။


ချင်ချင်သည် အတော်လေးအပြုအမူကောင်းသည်။


သူ ချောင်းနားထောင်နေတာမဟုတ်ပါဘူး၊ သူ ပွင့်ပွင့်လင်းလင်းနားထောင်နေတာပါနော်။


ဖူစစ်ကျင်း: "..."


သူ့ ဉာဏ်ရည်ဉာဏ်သွေးအား အမြဲတစေစော်ကားနေသည်ဟု အဘယ်ကြောင့် ခံစားနေရသနည်း။


အန်းယွမ်ခမျာ စိတ်ဓာတ်ကျနေဆဲဖြစ်သည်။


ချင်ချင် ဘလောက်တုံးများဖြင့် ကစားရင်း သူ့အား စူးစမ်းစွာ အနည်းငယ်ထပ်ကြည့်လိုက်သည်။


ရုတ်တရက် သူမ လက်ကလေးများကို လက်ခုပ်တီးလိုက်ပြီးထရပ်ကာ အန်းယွမ်ထံလျှောက်သွားပြီး သူ့ ခေါင်းထိပ်ကို ညင်သာစွာထိလိုက်သည်။


"ဦးဦး၊ ငိုနေတာလား ?"


ကလေး၏အပြစ်ကင်းသော အသံသည် လှောင်ပြောင်ခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှုတစ်စုံတစ်ရာမရှိဘဲ စူးစမ်းလိုစိတ် သက်သက်သာပါဝင်နေသည်။


"မဟုတ်ဘူး" အန်းယွမ်သည် မော့ကြည့်ပြီး သြဇာပျက်သောအသံဖြင့် ပြန်ဖြေသည်။


သူ ယခုမှသာ ချင်ချင်ရှိနေခြင်းအား သတိပြုမိပြီး "ဒီကလေးက ဘယ်သူလဲ" ဟု မေးလိုက်မိသည်။


သူမသည် ဖူစစ်ကျင်းနှင့် ၄၀-၅၀% ခန့် တူနေသည်။ ဖြစ်နိုင်မလား... ??


"ဆွေမျိုးသားချင်းရဲ့ ကလေးပါ၊ ခဏစောင့်ရှောက်ပေးဖို့ တောင်းဆိုထားတာ"


"အော်"


...


ခဏတာ တိတ်ဆိတ်ပြီးနောက် အန်းယွမ် နောက်ဆုံးတွင် စကားပြောလာသည်။


"စစ်ကျင်း၊ မင်းနဲ့ မင်းအမေ သိပ်မတည့်ဘူးဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ ငါတို့ နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်ခဲ့တာ အဲ့တော့... "


သူ ပထမဆုံးအကြိမ် အကူအညီတောင်းခံခြင်းဖြစ်သော် လည်း စကားမဆုံးမီ ဖူစစ်ကျင်းဖြတ်ပြောလိုက်သည်။


"မဖြစ်နိုင်ဘူး" ဖူစစ်ကျင်းသည် ခေါင်းခါရင်း အလေးအ နက်ပြောလိုက်သည်– "မင်း ညီမနဲ့ပတ်သက်ပြီး မင်း ငါ့ကို မပြောခဲ့ရင်တောင် အကယ်၍ ငါ သိရင်ကူညီပေးမှာပါ၊ ဒါပေမဲ့ အခုချိန်မှာ ငါ တကယ် ဘာမှလုပ်မပေးနိုင်ဘူး"


"ဘာဖြစ်လို့လဲ" အန်းယွမ်က အံ့အားသင့်စွာမေးလိုက်သည်။


"...ငါ့အမေကို၊ ငါ ရှာမတွေ့နိုင်ဘူး၊ ငါ့အဖေနဲ့ ဦးလေးတောင် ရှာမတွေ့ကြဘူး"


လူက မင်းရှေ့မှာရှိနေပေမယ့် သူက အရင်ကလိုမဟုတ်တော့ဘူး၊ သူမ ကြီးပြင်းလာပြီးနောက် ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းကို သူ ဘယ်လိုလုပ်မှတ်မိနိုင်မှာလဲ ??


မျှော်လင့်ချက်ကင်းမဲ့ခြင်းသည် အန်းယွမ်အတွက် နာကျင်မှု၏အောက်ခြေအဆင့်မျှသာ။


သို့သော် သူငယ်ချင်းမှ ထိုကဲ့သို့ပြောလာလျှင် တကယ်ကို နည်းလမ်းမရှိတော့ကြောင်း သူ သိသည်။


ခဏတာမျှ သူ လုံးဝ အကူအညီမဲ့သလိုခံစားလိုက်ရသည်။


သူ ရှောင်ရန်ကို ရှာတွေ့နိုင်ပါဦးမလား ??


"ဦးဦး" ကလေးမလေး၏ ချိုသာသောအသံက ထပ်မံခေါ် လာသည်။ အန်းယွမ်သည် အာရုံမစိုက်ချင်သော်လည်း ချင်ချင်၏ ဇွတ်တရွတ်အနှောင့်အယှက်ပေးမှုကို မခံနိုင်တော့ပေ။ 


"ဦးဦး၊ ဦးဦး..."


"ဘာလို ချင်လို့လဲ"


"ချင်ချင်၊ ဒီကို လာ၊ သူ့ကို သွားမနှောင့်ယှက်နဲ့"


အန်းယွမ်နှင့် ဖူစစ်ကျင်းတို့သည် တစ်ချိန်တည်းစကား ပြောလိုက်ကြသော်လည်း ချင်ချင့် ဆန္ဒကိုမလွှမ်းမိုးနိုင်ခဲ့ပေ။


သူလေး လက်ကလေးကိုဆန့်တန်းလိုက်ပြီး သူ့ လက်ဖဝါးထဲတွင် တင်းကျပ်စွာဆုပ်ကိုင်ထားသည်ကို အန်းယွမ်၏ လက်ထဲ ထည့်ပေးလိုက်သည်။


"ရော့"


"ဒါ ဘာလဲ"


အန်းယွမ် ကြည့်လိုက်ရာ ဝက်ဝံပုံသဏ္ဍာန် ဘီစကစ်သေးသေးလေးတစ်လုံးမှာ သူ့လက်ဖဝါးပေါ် တိတ်ဆိတ်စွာရှိနေခဲ့သည်။


ဤသည်မှာ ချင်ချင်၏ကန့်သတ်ထားသော နေ့စဉ်သရေ စာထောက်ပံ့ကြေးမှ ချွေတာထားသည့် အစားအစာဖြစ်ပြီး သူမ အန်းယွမ်အား ဤမျှရက်ရောလိမ့်မည်ဟု ဖူစစ်ကျင်း မမျှော်လင့်ခဲ့ပေ။


အရင် သူ့ဆီက ငါတောင်းတုန်းက‌တောင် မပေးခဲ့ဘူးလေ။


ဖူစစ်ကျင်း ဘေးမှနေ၍ စိတ်အချဉ်ပေါက်ကာ တွေးလိုက်မိသည်။