Ch 13
Viewers 8k

အခန်း ၁၃ ယွင်နန်ပြိုင်ပွဲ။


ကျန်းလော့ နှိမ်နင်းအဆောင်တွေကို အပုံလိုက်ကြီး တစ်နေ့ခင်းလုံး ထိုင်ဆွဲ နေခဲ့သည်။


 ဒီဇိုင်းကျောင်းမှာ သင်တန်းဆင်းခဲ့ ရ‌သော သူ့လက်တွေ၏ အမြန်နှုန်းကို  ကျေးဇူးတင်ပြီးတော့ သူ ဘာမှန်း မသိသော ချီ စွမ်းအင်ကို ကျေးဇူးတင်ရ မှာပင်။


ထိုရလဒ်ကြောင့် အခုသူ အဝါရောင် အင်းအဆောင်တွေကို ငွေကြဲချသလိုမျိုး ချီယုံအပေါ် ကြဲချနိုင်တာဖြစ်သည်။


ချီယုံကို ဖိသတ်လို့တောင်ရသည်။


ပိုပိုပြီး ရုပ်ဆိုးအကျဉ်းတန်လာသော မြူထုကို ကျန်းလော့ ကြည့်လိုက်ရင်း သူ့ရဲ့ နှုတ်ခမ်းပါးတွေ ကော့တက်သွားခဲ့ သည်။ သူ၏ အကောင်းတိုင်းရှိနေသေး သောလက်ကို သုံးပြီး ကျန်းလော့ လူပုံစံမြူ၏ လည်ပင်းနေရာကို အဆောင်ဖြင့် ကပ်ချလိုက်ပြီး ထို့နောက် ဒူးခေါင်းမှာ အဆောင်ကပ်ပြီး မြူထု၏ ဝမ်းဗိုက်နေရာကို ဖိချလိုက်သည်။ 


ချီယုံ မသဲမကွဲဖြင့် ညည်းညူလာခဲ့သည်။ 


ကျန်းလော့ ခေါင်းငုံ့ချလိုက်ရာ ဆံနွယ် အချို့က သူ့ပုခုံးတွေထက်ကနေ ချိတ် ကောက်သဏ္ဍာန် ကျဆင်းလာခဲ့သည်။ သူ နူးနူး‌ညံ့ညံ့လေး မေးလိုက်သည်။


“ဆရာ ... ခံစားလို့ကောင်းလား” 


အနက်ရောင်မြူတွေ စက္ကန့်ပိုင်းလောက် မှင်တက်သွားခဲ့ပြီးမှ မကောင်းဆိုးဝါး ဝိညာဉ်က ရုတ်တရက် ထရယ်လာခဲ့ သည်။


သူ့ရယ်သံက ကျယ်သထက်ကျယ်လာ ခဲ့ပြီး အသံက ကျောချမ်းဖို့ကောင်းပြီး ချောက်ခြားစေသည်။


သို့သော် ကျန်းလော့ကတော့ ထိုအသံကို တည်တည်ငြိမ်ငြိမ်ပင် နားထောင်လိုက် ပြီး နောက်ထပ် အဆောင်တစ်ခုကို မကောင်းဆိုးဝါးဝိညာဉ်ထံ ကပ်လိုက် သည်။


“ငါ မင်းကို တစ်ညလုံး ခံစားလို့ ကောင်းအောင် လုပ်ပေးမယ်”


……


လုယုံရိ အိပ်မှုန်စုံမွှားနှင့် နိုးလာချိန်မှာ အုပ်စုထဲရှိလူတွေက သူ့ကို အစား လာစားဖို့ ဖုန်းခေါ်ထားကြတာကို တွေ့ လိုက်ရသည်။ 


သူအောက်ထပ်ကို ဆင်းသွားချိန်မှာ လူခုနှစ်ယောက် အတူတူစုပြီး မနက်စာ စားနေကြတာကို တွေ့လိုက်ရသည်။ လုယုံရိ အံ့ဩသွားရသည်။ 


“မင်းတို့တွေ ဘာလို့ အစောကြီး နိုးနေကြတာလဲ”


“ကျန်းလော့က ငါတို့ဖို့ မနက်စာဝယ်လာ ပြီးတော့ ထဖို့ ဖုန်းဆက်နှိုးတာလေ” 


ကောကျူ ပဲနို့ကို ပျော်ပျော်ကြီး စုပ်လိုက် ပြီး ပြန်ဖြေလာခဲ့သည်။ ကျန်းလော့ ဝယ်လာပေးသော အစားအသောက်တွေ ကို စားပြီးနောက်မှာ သူ့စကားတွေက ကျန်းလော့ရဲ့ ကောင်းကြောင်းတွေချည်း ဖြစ်နေခဲ့သည်။ 


“မြန်မြန်လာစားလှည့် … ကျန်းလော့က ငါတို့စားဖို့ အစောကြီး ဝယ်လာပေးတာ။ ကျန်းလော့ … မင်းက အရမ်းကြင်နာ တတ်တာပဲ။ ဖုရှန်းဝူလျန့်ထျန်းကျွမ်း … မင်းလိုလူမျိုးကို အတန်းဖော်အဖြစ် သိကျွမ်းခွင့်ရတာ ငါ အရမ်းဝမ်းသာမိ တယ်”


လုယုံရိ ခေါင်းကုတ်လိုက်ပြီးနောက် လျှောက်သွားကာ ထိုင်ချလိုက်ပြီး ကျန်းလော့ကို နားမလည်သည့်ပုံစံဖြင့် ကြည့်လိုက်သည်။ 


“မင်း ဘာကိစ္စ ရုတ်တရက်ကြီး ငါတို့ကို မနက်စာဝယ်ကျွေးရတာလဲ”


သူ အကြည့်ကို အောက်ပို့လိုက်ချိန်မှာ လန့်ဖျန့်သွားခဲ့ရသည်။


“မင်းရဲ့လက် ဘာဖြစ်သွားတာလဲ”


ကျန်းလော့ရဲ့ ညာဘက်ဘက်ကို ပတ်တီး အသစ်စက်စက် စည်းထားခဲ့သည်။


ကျန်းလော့ ပြုံးလိုက်ပြီး စိတ်ကြည်စွာနှင့် ပြောလာခဲ့သည်။ 


“မနေ့ညတုန်းက မင်းတို့ကောင်တွေ မူးနေကြတာလေ။ ငါ မင်းတို့ကို အခန်း ထဲ ပို့ပေးတဲ့အချိန်မှာ တစ်ယောက်က ငါ့ကို ရိုက်ပြီးတော့ လက်ဆစ်လွဲသွား အောင် လုပ်လိုက်တယ်လေ”


မနေ့ညက မူးကွဲနေကြသော လူတစ်ချို့  တောင့်တောင့်ကြီး ဖြစ်သွားကြပြီး မျက်လုံးတွေက “အဲဒီ့အရူးက ဘယ်သူလဲ”ဟု မေးနေသယောင်ယောင် ကျန်းလော့ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့် လာကြသည်။


ကျန်းလော့ရဲ့ အကြည့်‌က လူတစ်စုကို ဝေ့ဝိုက်သွားခဲ့ပြီး ခန္ဓာကိုယ် တောင့်တင်း ထသက် တောင့်တင်းလာသော ခွမ့်ကျိန်း ဆီမှာ တဖြည်းဖြည်းနှင့် အခြေကျသွား ခဲ့သည်။


သူ့လက်မှာ ဝတ်ထားသော ယင်ယန် လက်ကောက်က ဘာဖြစ်နေသလဲဆိုတာ ကို အဖြေရှာမတွေ့သရွေ့တော့ သူ့ကို ကူညီပေးဖို့ရာအတွက် ဒီလက်ကို အကြောင်းပြပြီး ခွမ်းကျိန်းကို အသုံးချရ မှာပင်။ အပြစ်ကို ဝင်ပြီးတော့ခံပေးရတဲ့ အတွက်… အားနာပါတယ် … လက်မှု ပညာရှင်ကြီးရေ။


ခွမ့်ကျိန်းရဲ့ ခေါင်းထဲကနေ ချွေးတွေ စီးကျလာခဲ့ပြီး သူ့ရဲ့ တောင်တန်းကြီး ကဲ့သို့ တုတ်ခိုင်သောခန္ဓာကိုယ်က အခု ချိန်မှာတော့ ဂနာမငြိမ်ဖြစ်နေခဲ့သည်။ ကျန်းလော့ရဲ့ အကြည့်ကို သတိထားမိ ချိန်မှာ ခွမ်းကျိန်း ပြောလိုက်သည်။ 


“တောင်းပန်ပါတယ်”


သူက အရက်သောက်ခဲတယ် … ထို့ကြောင့် သူမူးလျှင် ဘယ်လိုဖြစ်မှန်း သူ ဘယ်တုန်းကမှ မသိ‌ခဲ့ချေ။


သို့သော် ကျန်းလော့ရဲ့ လက်မောင်းကို အဆစ်လွဲသွားအောင် လုပ်နိုင်သည့်သူက သူ တစ်ယောက်သာ ရှိသည့်ပုံပင်။ သူ့ရဲ့ အတန်းဖော်တွေအားလုံးက အရပ် ရှည်ရှည် ပိန်သွယ်သွယ်လေးတွေပင်။


ခွမ့်ကျိန်း အပြစ်မကင်းသလို ခံစားရလွန်း ၍ သူ့လက်တွေကို ဆုပ်လိုက် ဖြန့်လိုက် နှင့် အသံတိုးတိုးလေးဖြင့် တောင်းပန်ပြီး ရင်း တောင်းပန်လာခဲ့သည်။ 


“ဒါတွေအားလုံးက ငါ့ အမှားတွေပါ…”


ကျန်းလော့ သူ လူကောင်းတစ်ယောက် ကို အနိုင်ကျင့်နေမိသလို ရုတ်တရက် ခံစားလာရသည်။ သူ လူမှုပတ်ဝန်းကျင် မှာ ကျင်လည်ခဲ့သည့် ကာလပတ်လုံး ခွမ့်ကျိန်းကဲ့သို့ ရိုးသားဖြူစင်သည့်သူကို ကြုံခဲ့ရတာ ရှားသည်။ သို့သော် သူက သည်စကားတွေကို ပြောနိုင်သည်အထိ မျက်နှာအရေထူပြီးတော့ စိတ်ထားက ပုပ်သည်။


“ရပါတယ် … မင်းက မူးနေတာပဲဟာ … တမင်ရည်ရွယ်တာမှ မဟုတ်ဘဲ”


သူ ပြောလေလေ အပြစ်ရှိသလို ခွမ့်ကျိန်း ခံစားလာရလေလေပင်။


“ငါ တောင်းပန်ပါတယ် … ငါ မင်းကို ပြုစုစောင့်ရှောက်ပေးပါ့မယ်”


“မင်း ငါ့ကို ကြိုက်တာ လုပ်ခိုင်းလို့ ရတယ်”ခွမ့်ကျိန်း ပြောလိုက်သည် “ပြီးတော့ ဆေးဖိုးတွေကိုလည်း ငါ အကုန်အကျ ခံပါ့မယ်”


ကျန်းလော့ သူ့ခေါင်းကို သဘောမနော ကောင်းသည့် ပုံစံဖြင့် ယမ်းလိုက်ပြီး ...


“အဆင်ပြေပါတယ် … ငါ့မှာ ဘယ်လက် တစ်ဖက်လုံး ရှိသေးတဲ့ဟာ”


ခွမ့်ကျိန်း တိတ်ဆိတ်သွားခဲ့ပေမယ့် သူ့ မျက်နှာပေါ်ရှိ အမူအရာကတော့ ကျန်းလော့ကို ပြုစုစောင့်ရှောက်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်သည့်ပုံပင်။


ဝမ်ယမ်လန် သက်ပြင်းချလိုက်သည်။


“ဘယ်လိုလုပ်ပြီးတော့ မင်းရဲ့ ညာလက် ကိုမှ ထိခိုက်မိရတာလဲ”


ကျန်းလော့က ညာသန်ဖြစ်ပြီး သူ့ရဲ့ ညာလက်ကိုသုံးပြီး စာရေးတာတို့ အဆောင်ဆွဲတာတို့ လုပ်လေ့ရှိသည်။ ထိုစကားကို ကြားချိန်မှာ ကျန်းလော့ စိတ်ထဲကနေ လှောင်ရယ်ရယ်လိုက်မိ သည်။


ဒီလိုဖြစ်ရတာ ချီယုံက သူ့ခန္ဓာကိုယ်ကို အဆောင်ခုနှစ်ခုနဲ့ အကပ်ခံခဲ့ရပြီးတော့ သူ့ရဲ့ ကြိုးဆွဲရုပ် တွေကိုလည်း ဖျက်ဆီးပစ်လိုက်လို့ ဒေါသထွက်ပြီး အဆစ်လွဲအောင် လုပ်လိုက်လို့ပဲမလား။


“ယွင်နန်ပြိုင်ပွဲက နောက်တစ်လနေမှပါ”ယယ်ရွှင် ပြောလိုက်သည်။


“လက်ပြန်ကောင်းလာဖို့ အချိန်‌အများကြီး ရှိပါသေးတယ်”


ကျန်းလော့ ပြုံးလိုက်ပြီး သူ့လက်က ဒဏ်ရာက သူ့ စိတ်အခြေအနေကို မဆိုးရွားသွားစေခဲ့ချေ။ 


“ငါက အဖော်သပ်သပ်ပါ … တကယ့် ပြိုင်ပွဲက မင်းတို့ရဲ့ စွမ်းဆောက်ချက် အပေါ်မှာ မူတည်နေတာ”


ကျန်းလော့ ထိုပြိုင်ပွဲကို တကယ် စိတ်မဝင်စားခဲ့ချေ။


သို့သော် “ဒေသတွင်း ကောလိပ် ကျောင်းသားတွေရဲ့ သဘာဝသိပွံ ယဉ်ပြိုင်ပွဲ”၏ ပိုစတာကို ဖတ်ပြီးချိန်မှာ တော့ သူ မျက်မှောင်ကြုတ်ပြီး ပထမ‌ နေရာက ဆုကို သေချာ စိုက်ကြည့်လိုက် သည်။


ထိုဟာက ပုတီးစေ့လေးပင်။


သူရဲ့ ဖောက်ထွင်းမြင်နေရသော မျက်နှာပြင်နှင့် အေးစက်သော အဖြူရောင်မြူတွေ လျှံကျနေသည့်ပုံစံ က ကျန်းလော့ အရမ်းပူပန်ခဲ့သော နာရေးပစ္စည်းအရောင်းဆိုင် ပိုင်ရှင်၏ လက်ထဲက ပုတီးစေ့နှင့် သွားဆင်နေခဲ့ သည်။


ပိုစတာပေါ်မှာ ထိုပုတီးစေ့၏ နောက်တွင် စာကြောင်း နှစ်ကြောင်းသာ ရေးထားခဲ့ သည်။


[ပထမဆု : ယွမ်ထျန်းကျူ] 


[ လုပ်ဆောင်ချက် : လူတစ်ယောက်ရဲ့  ဝိညာဉ်စွမ်းအားကို တိုးမြှင့်ပေးသည်] 


ထို ရိုးစင်းသော စာကြောင်းလေး နှစ်ကြောင်းက ရုပ်နယ်လွန်လောက တစ်ခုလုံးနီးပါးကို တုန်လှုပ်သွားစေခဲ့ သည်။


ဝိညာဉ်စွမ်းအားကို တိုးမြှင့်ပေးသည် ဆိုတာ ဘာကိုဆိုလိုတာဖြစ်မလဲ။


သည်နယ်ပယ်မှာ အရည်အချင်းက ပဓာန ဖြစ်သည်။ ဒီဇိုင်းဆွဲတာက ဉာဏ်ကွန့် မြူးမှု အပေါ်မှာ မှီခိုသည်။  သို့သော် စိတ်ကူးစိတ်သန်းအပြင် ဒီဇိုင်းပေါင်း ရာနဲ့ချီကို ကြည့်ပြီးတော့ ဘယ်လို ဒီဇိုင်းဆွဲရင် ကောင်းမလဲဆိုတာ အကြံ ထုတ်လို့ရသည် သို့သော်  ဒီနယ်ပယ် မှာတော့ အရည်အချင်း မလုံလောက် ပါက ဘယ်လောက်ပဲကြိုးစား ကြိုစား ဘာမှဖြစ်လာမှာ မဟုတ်ချေ။


ကျန်းလော့ ပုတီးစေ့ကို ကြည့်ရင်းနှင့် ချီယုံကို သတ်ပစ်ခဲ့သော တားမြစ်ထား သည့်အတတ်ပညာကို သူ မလွှဲမရှောင် သာ ပြန်တွေးလိုက်မိသည်။


တားမြစ်ထားသော အတတ်ပညာနှင့် ဤ ပုတီးစေ့က လုပ်ဆောင်ပုံချင်း ဆင်တူ သည်။ တားမြစ်ထားသော ပညာက လူတွေရဲ့ ဝိညာ်ကို သူ့ခန္ဓာကိုယ်ကနေပြီး ခွဲထွက်သွားအောင် လုပ်နိုင်ပြီး ဤ ပုတီးစေ့လေးကတော့ လူတွေရဲ့ ဝိညာဉ် စွမ်းအားကို တိုးမြှင့်ပေးသည်။


ပြီးတော့ ကြည့်ရတာ ယွမ်ထျန်းကျူက တစ်ခုထက်မက ရှိနေသည့်ပုံပင်။


ပုတီးစေ့တွေက မူရင်းပိုင်ရှင်ကို မက်လုံး ပေးပြီး ဆွဲဆောင်ခဲ့သည့် တားမြစ်ထား သောနည်းလမ်းနဲ့များ ပတ်သက်မှု ရှိနေတာလား။


ကျန်းလော့ ထိုပုတီးစေ့ကို တော်တော် လေး စိတ်ဝင်စားနေသည် သို့သော် ထို ပုတီစေ့နှင့် နီးစပ်ဖို့ရာအတွက် ပြိုင်ပွဲ၏ ပထမအဆင့်နှစ်ခုကို အရင် ဖြတ်ကျော်ရ မှာ ဖြစ်သည်။  ကျန်းလော့ စာသင်ခန်း ထဲမှာ စာသင်သည့်အချိန်နှင့် သူ့ရဲ့ ဘယ်လက်ဖြင့် လက်ရေးလေ့ကျင့်သည့် အချိန်ကလွဲပြီး ကျန်တဲ့အချိန်မှန်သမျှကို ကျန်းလော့ စာကြည့်တိုက်မှာပင် ကုန်ဆုံး ခဲ့သည်။


သူ သင်ယူလေ့လာလို့ရသမျှ အသိပညာ မှန်သမျှကို အသည်းအသန် သင်ယူပြီး မြန်နိုင်သမျှမြန်မြန် သန်မာလာချင်သည်။


တစ်လကြာပြီးနောက် လေဆိပ်ကို သူ့ အတန်းဖော်တွေရဲ့ ဆွဲခေါ်သွားခြင်း ခံရ တော့မှပဲ ယွင်နန်ကိုသွားဖို့ အချိန်ကျလာ ပြီမှန်း ကျန်းလော့ သိတော့သည်။


ကျန်းလော့ လေယာဉ်ပေါ်ကို ကြောင် တောင်တောင်လေး ဆွဲတင်ခံလိုက်ရချိန် မှာ ခွမ့်ကျိန်းက သူလိုအပ်တာမှန်သမျှ ဂရုစိုက်ပေးနိုင်ဖို့အတွက် ကျန်းလော့ ဘေးမှာ ထိုင်နေခဲ့သည်။


ကျန်းလော့ရဲ့ ညာလက်မောင်းပေါ်က ပတ်တီးကို ဒီတစ်ပတ်မတိုင်ခင်က ဖယ်ရှားလိုက်ပြီဖြစ်ပြီး သူ့ရဲ့ ညာဘက် လက်ကို အသုံးမပြုတာ တစ်လလောက် ရှိနေပြီဖြစ်၍ သုံးရတာ နည်းနည်း အစိမ်းသက်သက် ဖြစ်နေသည်မှာ ဖြစ် တတ်သည့်ကိစ္စပင်။ သူ့ရဲ့ ညာဘက် လက်နှင့် အရေးကျင့်နေချိန်မှာ ခွမ့်ကျိန်း က ယင်ယန်လက်ကောက်နှင့် ပတ်သတ် သော အကြောင်းတွေကို ကျန်းလော့ဆီ စကားတစ်ခွန်းမျှ မဟဘဲ ပေးလာခဲ့ သည်။


ဤရိုးသားဖြူစင်သော သူကြီးက တစ်လ လုံးလုံး လုံးဝမရပ်မနားဘဲ ကျန်းလော့ အတွက် အစားအသောက်တွေ ဝယ်ပေး ပြီး သန့်ရှင်းရေးတွေလည်း အကုန်လုပ် ပေးကာ ကျန်းလော့ရဲ့ ယင်ယန် လပ်ကောက်၏ အလုပ်လုပ်ပုံကို သိရအောင်လည်း  ခက်ခက်ခဲခဲ အချိန်ပေးကာ ရှာဖွေ ပေးခဲ့သည်။ ထို့ကဲ့သို့ လုပ်ပေးပြီးနောက် မှာတော့ ကျန်းလော့ သူ့ကို အနိုင်ကျင့် ရမှာပင် ရှက်လာခဲ့သည်။ 


သို့သော် ခွမ်းကျိန်းက အရမ်းဖြောင့်မှန် ပြီး သူလုပ်ခဲ့တဲ့အမှားအတွက် နောက်ဆက်တွဲ တာဝန်တွေကို တာဝန်ယူ ရမှာပဲဟု ဆိုလာခဲ့သည်။ ကျန်းလော့ ပတ်တီးဖြေပြီးသွားပြီး နောက်မှာတောင် မှပဲ သူ ဘေးနားကနေ ထွက်မသွားသေး ဘဲ ကျန်းလော့ရဲ့လက် တကယ် ပြန်ကောင်းလာမှန်း သေချာအောင် လုပ်‌ပေးနေခဲ့သည်။ 


ကျန်းလော့ နှာခေါင်းကို ထိလိုက်ပြီး အချက်အလက်တွေကို အပြစ်မကင်း သည့်စိတ်ဖြင့် ယူလိုက်သည်။ သူတို့ အနောက်မှာ ထိုင်နေခဲ့သော ဝမ်ယမ်လန် က လျှောက်လာခဲ့ပြီး ခွမ့်ကျိန်း၏ပုခုံးကို လက်ဖြင့်ပုတ်ကာ “လူသန်ကြီး … ငါနဲ့ နေရာလဲပေးပါလား”


ဝမ်ယမ်လန်က အပြာရောင်ဂျင်းဂါဝန် အရှည်ကို ဝတ်ထားခဲ့ပြီး လှိုင်းတွန့် ဆံပင်ရှည်ကြီးဖြင့် လုံးဝကိုအပျံစား ဖြစ်ပြီး လှပနေခဲ့သည်။ ခွမ့်ကျိန်း သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ငြိမ်ငြိမ် ဆိမ်ဆိမ်ဖြင့် ထိုင်နေရာကနေထကာ ဝမ်ယမ်လန်အတွက် နေရာပေးလိုက် သည်။


ဝမ်ယမ်လန် “ကျေးဇူးပါ”


သူ ကျန်းလော့ ဘေးနားမှာ ကြော့ကြော့ မော့မော့လေး ဝင်ထိုင်လိုက်ပြီး ဘေးကို ကြည့်လိုက်ချိန်မှာ ခွမ့်ကျိန်းက နေရာ ဘေးနားမှာ မတ်တပ်ရပ်လျက်ရှိသေးတာ ကို မြင်တော့ ဝမ်ယမ်လန် ပြုံးလိုက်မိ သည်။ 


“မင်း ငါနဲ့နေရာမလဲချင်ရင်… ငါတို့ ပြန်လဲလို့ရပါတယ်”


ခွမ့်ကျိန်း၏ ဂျုံရောင်မျက်နှာထက်မှာ တောင့်တင်းမှုတချို့ ပေါ်လာခဲ့ပြီး သူ ခေါင်းယမ်းကာ ဝမ်ယမ်လန်၏ ထိုင်ခုံဆီ သွားလိုက်သည်။


ကျန်းလော့နှင့် ဝမ်ယမ်လန် အချင်းချင်း နှုတ်ဆက်လိုက်ပြီး ဝမ်ယမ်လန်က မေး ထောက်ကာ ကျန်းလော့ကို ကြည့်လာခဲ့ သည်။


“ကျန်းလော့ … မင်း ဒီတစ်လအ‌တွင်းမှာ အရမ်းကို အလုပ်ကြိုးစားနေတာပဲ”


ကျန်းလော့ မကြွားမဝါဘဲ ပြန်ဖြေလိုက် သည်။ 


“ပုံမှန်ပါပဲ”


“ငါတို့တွေ မျှော်မှန်းထားတာထက်ကို ပိုပြီးမြန်မြန် မင်းက တိုးတက်လာခဲ့တာ”ဝမ်ယမ်လန် တီးတိုးပြောလိုက်သည်။


“မင်းပုံစံက တကယ်ကို…..”


ကျန်းလော့ သေချာမကြားလိုက်ရ၍ “တကယ် ဘာဖြစ်တာ”


ဝမ်ယမ်လန် ပြုံးကာ ခေါင်းယမ်းလိုက်ပြီး မေးငေါ့ပြလိုက်သည်။ 


“လူသန်ကြီးက မင်းအတွက် ဘာတွေရှာပေးလာသလဲဆိုတာကို ကြည့်ကြရအောင်” 


ကျန်းလော့ အချက်အလက်တွေကို ထပ်တလဲလဲ ကြည့်လိုက်ပြီးနောက် ယင်ယန်လက်ကောက်က ဝတ်ဆင်ထား တဲ့သူကို ကာကွယ်ပေးပြီးတော့ မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖယ်ရှား ပေးသည့် သယ်ရလွယ်ကူသော ရှားပါး မှော်လက်နက်ဖြစ်ကြောင်း တွေ့လိုက်ရ သည်။ ထိုလက်ကောက်ကို အသုံးပြုရန် အတွက် အရင်ဖွင့်ဖို့ လိုအပ်သည်။


ဘယ်လိုဖွင့်ရမလဲ ဆိုတာကိုတော့ လက်မှုပညာရှင် ခွမ့်ကျိန်းလည်း မသိချေ။


ကျန်းလော့ အချက်အလက်တွေကို ဖတ် ပြီးနောက် သက်ပြင်းချလိုက်သည်။ သူ ညာလက်ကို မြှောက်ပြီး ယမ်းလိုက် သည်။ သူ့ရဲ့ လက်ကောက်ဝတ်ရှိ ကျောက်စိမ်းနှင့်တူသော လက်ကောက် က သိမ်မွေ့သောအလင်းရောင်လေးကို ထုတ်လွှတ်ပေးနေခဲ့သည်။ 


လက်ကောက်က လှပသည်။ သို့သော် အလှဆုံးဖြစ်နေရင်တောင်မှပဲ သူ့ရဲ့ အသုံးပြုပုံကို မသိရပါက အဆောင် လောက်ပင် မသုံးမဝင်ချေ။


ဝမ်ယမ်လန် ပြောလိုက်သည်။


“အဲတာကို ဘယ်လိုသုံးရလဲဆိုတာ ခုထိ မသိသေးဘူးလား”


ကျန်းလော့ ခေါင်းယမ်းလိုက်သည်။


ဝမ်ယမ်လန် တခဏလောက် တွေးတော လိုက်ပြီး “ဖုန်းလီ … ဖုန်းမိသားစုရဲ့ ကောင်းကင်ဘုံ ဆရာသခင်ကလည်း ပြိုင်ပွဲကို တက်ရောက်ပြီးတော့  ဒိုင် လူကြီးအဖြစ် ဆောင်ရွက်လိမ့်မယ်။ မင်းက ဖုန်းမိသားစုရဲ့သားပဲဟာ … ဖုန်းလီဆီ သွားပြီးတော့ မေးကြည့်လိုက် ပါလား”


ကျန်းလော့ ခပ်မတ်မတ်ထိုင်လိုက်ပြီး “ဖုန်းလီက ဒိုင်လူကြီးလုပ်မှာလား”


“အမြဲလိုလို ကျင်းပတဲ့ပြိုင်ပွဲတိုင်းမှာ ကျောင်းကြီးခြောက်ကျောင်းထဲက တစ်ကျောင်းက ဒိုင်အဖြစ် ဆောင်ရွက် ရတယ်”


ဝမ်ယမ်လန် ထေ့ငေါ့ပြီး ရယ်လိုက်  သည်။  


“ဖုန်းလီက ဟိုးအရင်ပြိုင်ပွဲတွေတုန်းက ဖိတ်ကြားချက်ကို လက်မခံခဲ့ပေမယ့် ဒီနှစ်တော့ ဒိုင်လူကြီး လုပ်မယ်တဲ့။ ဘယ်လိုပဲ တွေးတွေး ဒီနှစ်ရဲ့ ပြိုင်ပွဲက တော့ လွယ်မှာမဟုတ်လောက်ဘူး”


ဝမ်ယမ်လန်က ကျောင်းကြီး ခြောက်ကျောင်းထဲက မိသားစုဝင် မဟုတ်ပေမယ့်လည်း သူ့မှာ အဆက် အသွယ်တွေ အများကြီးရှိသည်။ ဖုန်းလီ လာလိမ့်မယ်လို့ သူ ပြောလိုက် ကတည်းက ဖုန်းလီ သေချာပေါက် လာမှာပင်။


ကျန်းလော့ ဖုန်းလီကို မတွေ့ချင်ပေ။ သူ နဖူးကို ပွတ်လိုက်ပြီး “ငါတို့တွေ ပြိုင်ပွဲ နေရာကို ရောက်တော့မှပဲ အဲအကြောင်း ဆက်ပြောကြတာပေါ့”


“နတ်ဆိုး”ဝတ္ထုထဲမှာ ဖုန်းလီက ဉာဏ်ရည်ထက်မြက်ပြီး သွေးအေး သည်။ ကျန်းလော့ သူနှင့် စကားမပြော ချင်ပေ အဘယ်ကြောင့်ဆိုသော် သူက ချီယုံကို မူလ ပိုင်ရှင်အား လက်စားချေ ပေးဖို့ ကူညီပေးခဲ့သည့် တွဲဖက်ဖြစ် တာကြောင့်ပင်။  


ညနေ သုံးနာရီမှာ လေယာဉ်က ယွင်နန် ကို ဆိုက်ရောက်ခဲ့သည်။ ယွင်နန် ပြည်နယ်၏ မေလမှာ ကောင်းကင်ကြီး က ပြာပြီးတော့ တိမ်တွေကထူသည်။  ဘယ်နေရာကိုပဲ ကြည့်ကြည့် ဆီဆေး ပန်းချီကား တစ်ချပ်လိုပင်။ 


သူတို့ကို ကြိုဆိုရမည့်ဝန်ထမ်းက လေဆိပ်မှာ ကြိုရောက်နေခဲ့ပြီး သူတို့ကို ခရီးဦးကြိုကာ ဟိုတယ်ဆီ လိုက်ပို့ပေး ခဲ့သည်။


ပိုင်ဟွာတက္ကသိုလ်ကို ဦးဆောင်ရသော ဖုန်းရွှေဆရာက ဆရာဖန်းဖြစ်ပြီး အရမ်း သဘောကောင်းပြီး ဖော်ရွှေသည့်သူပင်။ ကျန်းလော့ ဟိုတယ်မရောက်သေးခင် မှာပင် တက္ကသိုလ်ကျောင်းသားတွေ အများကြီး ကို ကျန်းလော့ တွေ့ခဲ့ ရသည်။ အခုလို နွေရာသီအားလပ်ရက် လည်း မဟုတ်သလို ကျောင်းပိတ်ရက် လည်း မဟုတ်သည့် အချိန်မှာ တက္ကသိုလ် ကျောင်းသားတွေ အများကြီးကို တွေ့ရ သည်ဆိုကတည်းက ထိုကျောင်းသား တွေက ကျောင်းအသီးသီးရှိ သဘာဝသိပ္ပံနှင့် လူမှုရေးဘာသာရပ်ကို လေ့လာနေကြသည့် သူတွေဆိုတာ သိသာပေသည်။


ကျောင်းသားတွေ အုပ်စုလိုက်ကြီး ဈေးဝယ်ထွက်နေတာကို မြင်ချိန်မှာ ဝန်ထမ်းဖြစ်သူက သိုသိုသိပ်သိပ်ဖြင့် ပြောလာခဲ့သည်။ 


“ဆရာဖန်း …. ဒီနှစ်အတွက် လူ ဘယ်နှယောက်ဝင်ပြီးတော့ ယှဉ်ပြိုင်ကြ လဲဆိုတာ သိလား”


သိချင်သွားသော ဆရာဖန်း မေးလိုက် သည်။ “ဘယ်နှယောက်လဲ။ အယောက် တစ်ရာထက်တော့ မနည်း လောက်ပါဘူးနော်”


ဝန်ထမ်း “ဒီနှစ်မှာ ဝင်ပြီးတော့ ပါဝင် ယှဉ်ပြိုင်တဲ့သူ တစ်ရာနဲ့မှ ရှစ်ဆယ်ရှိ တယ်။ တက္ကသိုလ်ဆယ့်နှစ်ခုက ကျောင်းသားတွေ အပြင်ကို မိသားစု ခြောက်စုက တပည့်ငယ်လေးတွေလည်း လာပြီးတော့ ယှဉ်ပြိုင်ကြတာ။ ပြီးခဲ့တဲ့ နှစ်ကြိမ်ဆက်တိုက် ဒီလိုအရေအတွက် မျိုး မရှိခဲ့ဖူးဘူး”


ဆရာဖန်း ပြုံးလိုက်ပြီး “ဆုတွေကြောင့် မို့လို့လေ”


ပိုင်ဟွာတက္ကသိုလ်ရဲ့ ရုပ်နယ်လွန်အတန်း မှာ ကျောင်းသားရှစ်ဦးရှိပြီး ရှစ်ဦးစလုံး က လုပ်ဆောင်ချက်အမှတ် နှစ်ဆယ်ကို ရခဲ့ကြတယ်ဆိုတာ အံ့ချီးလောက်သော ဖြစ်ထွန်းမှုပင်။ ကျန်းလော့တို့ ဘတ်စကားပေါ်ကနေ ဆင်းလိုက်ကြပြီး သူတို့က ပိုင်ဟွာတက္ကသိုလ်ကဟု ကြားချိန်မှာ လူတွေရဲ့အကြည့်တွေက သူတို့အပေါ် ပေါ်တင်တစ်မျိုး ကွယ်ရာ တစ်မျိုး ရောက်လာကြသည်။


ကျန်းလော့ အကြောဆန့်လိုက်သည်။ သူ့ ဆံပင်က လွန်ခဲ့သည့် တစ်လကထက် အနည်းငယ် ပိုရှည်လာခဲ့ပြီး သူ့ရဲ့ လိပ်ပြာညှပ်ရိုးနားပင် ရောက်နေပြီဖြစ် သည်။  သူ့ဆံပင်တွေက လေယာဉ်ပေါ် မှာ အိပ်ခဲ့သောကြောင့် အနည်းငယ် ရှုပ်နေပေမယ့် သူ့မျက်နှာလေးကတော့ စိုပြည်နီမြန်းပြီး တောက်ပနေခဲ့သည်။


လူတွေကြည့်ခံရတာကို ကျင့်သားရနေ ပြီဖြစ်၍ သူ့ဆီကို ဦးတည်နေသော အကြည့်တွေကို လျစ်လျှူရှုပြီး သူ့ရဲ့  ခရီးစဉ် လက်ဆောင်တွေ လက်ကဆွဲပြီး သူ့အဖော်တွေနောက်ကိုလိုက်ကာ အပေါ် ထပ်ကို တက်သွားလိုက်သည်။


ကျန်းလော့နှင့် လုယုံရိက တစ်ခန်းကို အတူမျှသုံးရပြီး သူတို့ရဲ့ အထုပ်အပိုး တွေကို နေရာချလိုက်ကြသည်။  လုယုံရိ ပြတင်းပေါက်ဆီ ပြေးသွားပြီး လိုက်ကာ ကို ဖွင့်လိုက်သည်။ 


“အရမ်းလှလိုက်တာ”


သူ စိတ်လှုပ်ရှားစွာဖြင့် အကြုံပြုလိုက် သည်။


“ကျန်းလော့… ငါတို့တွေ ဒေသထွက် ဆန်ခေါက်ဆွဲကို သွားစားကြရင် မကောင်းဘူးလား”


ကျန်းလော့ ခေါင်းငုံ့ပြီး သူ့အဝတ်အစား တွေကို ချွတ်လိုက်သည်။ 


“ကောင်းပြီလေ … ငါ အင်္ကျီလဲတာ ခဏစောင့်အုံး”


လုယုံရိ သူ ခန္ဓာကိုယ်အပေါ်ပိုင်း အဝတ် လဲနေတာကို ကြည့်ရင်း ဘယ်လိုကြောင့် များ ကျန်းလော့ရဲ့ အသားအရေက တင်းရင်းဖြူဖွေးကာ လှပပြီး ဆက်ဆီ ကျနေရသလဲဆိုတာ တွေးနေမိသည်။  ကျန်းလော့က ဘောင်းဘီချွတ်ဖို့ လုပ်လိုက်ချိန်မှာတော့ သူ အလိုလို နေရင်း ရှက်သွားမိပြီး မျက်နှာလွှဲကာ ပြတင်းပေါက် အပြင်ဘက်ကို ကြည့် လိုက်သည်။ သူ ရုတ်တရက် ထပြော လာခဲ့သည်။


“ကျန်းလော့ … မင်းရဲ့ ဖုန်းမိသားစု ရောက်လာပြီ”


ကျန်းလော့ ဘောင်းဘီဝတ်လိုက်ပြီး သူ့ အဝတ်အစားတွေကို ပြန့်အောင်လုပ်ရင်း ပြတင်းပေါက်ဆီ လျှောက်သွားကာ ငုံ့ ကြည့်လိုက်သည်။


ငယ်ရွယ်သူတချို့ ဗင်ကားထဲကနေ ထွက်လာခဲ့ကြသည်။ မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်ထဲမှာတော့ ထိုသူတွေက ဖုန်းမိသားစုရဲ့ အငယ်ဆုံးမျိုးဆက်ထဲမှာ အရည်အချင်းအရှိကြဆုံး သူတွေပင်။


ကျန်းလော့ အတွေးနယ်ချဲ့လိုက်မိသည်။


ရောက်လာကြသော လူတွေအများစုက ယွမ်ထျန်းကျူအတွက် လာတာပဲဖြစ်ရ မည်။ ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေစ နိုင်တဲ့အရာက အနည်းငယ်သာရှိပြှီး လူအနည်းစုလောက်ပဲ သူတို့ရှေ့မှောက် ရောက်နေသော ဤအခွင့်အရေးကို မတုန်မလှုပ်ဘဲ နေနိုင်ကြမှာပင်။


မွေးကတည်းက သာလွန်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားကြတဲ့ သူတွေကသာ ယွမ်ထျန်းကျူကို ဂရုမစိုက်ကြ မှာဖြစ်သည်။


ဗင်ကားထဲကနေ နောက်ဆုံးကျန်ရစ်သောသူ ထွက်လာခဲ့သည်။


ထိုယောက်ျားက အနက်ရောင်ထန်ဝတ်စုံ ကို ဝတ်ထားခဲ့ပြီး အေးစက်စက် အမူအရာ နှင့် သူ့ကို လွှမ်းခြုံထားသော အရှိန်အဝါက လူအုပ်ကြားထဲမှာ ထင်းထွက်နေခဲ့သည်။ သူ့အရှေ့မှာ ရှိနေကြသော ကျောင်းသားလေးတွေ က လမ်းဖယ် ပေးလာကြပြီး ထိုယောက်ျား က ဟိုတယ်ထဲကို ဖြည်းဖြည်းချင်း လျှောက်ဝင်သွားခဲ့ သည်။


ထိုသူကတော့ မူလဝတ္ထုထဲက အဓိက ဇာတ်လိုက် ဖုန်းလီပင်။ 


****