အခန်း ၁၅ ပြန်ရှင်သန်လာသော ပင့်ကူလူသား။
ကျန်းလော့ ရုတ်တရက်ဆိုသလို သူ့ကို အထူးသဖြင့် စိတ်မသက်မသာဖြစ် အောင် လုပ်နေသော စောင့်ကြည့်နေ သည့် မျက်လုံးတစ်စုံကို ခံစားလိုက်မိ သည်။
စောင့်ကြည့်နေသည့် မျက်လုံးတွေက မြေပွေးတစ်ကောင်အလား သူ့ရဲ့ ကျောရိုး တစ်လျှောက်ကို ကျောချမ်းသွားစေခဲ့ သည်။ ကျန်းလော့ မျက်မှောင်ကြုတ် လိုက်ပြီး စာအုပ်ကိုချကာ သူနဲ့မျက်နှာ ချင်းဆိုင်မှာ ထိုင်နေသော ကောင်လေးနှင့် အကြည့်ချင်းစုံလိုက်သည်။
ကျန်းလော့ရဲ့ တင်းကျပ်နေအောင် ကြုတ်ထားသော မျက်ခုံးတွေ အနည်း ငယ် ပြေလျော့သွားခဲ့ပြီး သူ သိချင်စိတ် ဖြင့် မေးလိုက်သည်။
“မင်း ငါ့ကို ဘာကိစ္စ ကြည့်နေရတာလဲ”
ချီယယ် ပြောလိုက်သည်။
“ငါ့နာမည်က ချီယယ်”
ကျန်းလော့ “ဪ”
သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေခဲ့သော ထိုယောက်ျားက သူဘယ်သူလဲဆိုတာ သိပြီးတာတောင်မှပဲ “ဪ”ဟု ပြောလာလိမ့်မည်ဟု မျှော်လင့်မထား သည့်အလား ချီယယ်ရဲ့ မျက်ခုံးတွေ မယုံကြည်နိုင်သည့် ပုံစံဖြင့် တွန့်ချိုးသွား ခဲ့သည်။
ကောမန့်တွေကတော့ အကြင်နာတရား မရှိ လှောင်ပြောင်နေခဲ့ကြသည်။
[ ဟား ချီယယ် အကြီးအကျယ်ကို အရှက်ကွဲတဲ့ ဖြစ်ရပ်ပဲ]
[ ချီယယ်ရဲ့ ဒေါသထွက်နေသော မျက်နှာ: ဘယ်လိုလုပ်ပြီးတော့ ဒီလောကကြီးမှာ ငါက ပါရမီရှင်ဆိုတာကို မသိတဲ့သူ ရှိသေးရတာလဲ]
“မင်း ငါဘယ်သူလဲဆိုတာကို မသိဘူးလား”ချီယယ် အသံမြှင့်ကာ မေး လိုက်သည်။
ကျန်းလော့ အာရုံနည်းနည်း လွင့်နေခဲ့ပြီး သူ မတ်တပ်ထရပ်ကာ ညမှောင်မဲကြီး ထဲမှာ တစ်ခုခုကို ရှာနေသည့်အလား ဘယ်ညာကြည့်နေခဲ့သည်။
“မင်းပဲ မင်းရဲ့နာမည်က ချီယယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား”
ချီယယ် ရင်ထဲ ဆို့နင့်သွားခဲ့ရသည်။ အချိန်ခဏကြာသွားပြီးနောက်မှာ ကျန်းလော့ ဖြစ်နေတဲ့အခြေအနေကို သူ သိချင်လာမိသည်။
“ဟေး … မင်း ဘာကိုရှာနေတာလဲ”
ကျန်းလော့ရဲ့ အကြည့်က တဖြည်းဖြည်း နှင့် သစ်ပင်တွေကြားရှိနေရာမှာ အခြေ ကျသွားခဲ့သည်။ ထိုနေရာမှာ လေတိုက် မနေခဲ့ပေမယ့် တစ်စုံတစ်ခု ပုန်းနေသည့် ပုံပင်။ သူ ချီယယ်ကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
“မင်းက ဒီနေရာမှာ အရမ်းတော်လား”
သိပ်မယုံကြည်တဲ့ လေသံနဲ့ ပြောလာ တာပဲ။ ချီယယ် ဒေါသထွက်သွားပြီး လှောင်ရယ်ရယ်လိုက်သည်။
“အနည်းဆုံး မင်းထက်တော့သာတယ်”
သူ ကျန်းလော့ ကိုင်ထားသောစာအုပ်ကို တမင်တကာကြည့်လိုက်ပြီး လှောင် လိုက်သည်။
“သံလိုက်အိမ်မြှောင်အကြောင်း အသေးစိတ်တဲ့လား။ မင်း ဘယ်လိုလုပ် ပြီး ဒီလောက်ထိရောက်လာလဲဆိုတာကို ငါ တကယ်သိချင်မိတယ်”
ပါးစပ်ကသာ ထိုကဲ့သို့ပြောနေခဲ့ပေမယ့် ကျန်းလော့ကို ချီယယ် အထင်မသေးရဲ ချေ။ သံလိုက်အိမ်မြှောင်တောင် မကြည့် တတ်ဘဲနဲ့ ဒီအထိရောက်လာတယ် ဆိုကတည်းက သူက အလွန့်အလွန် အရည်အချင်းရှိလို့ပဲဖြစ်ဖြစ် အလွန့် အလွန် ကံကောင်းလို့ပဲဖြစ်ဖြစ် နှစ်ခု ထဲက တစ်ခုတော့ ဖြစ်ရမည်။
တစ်ခါတလေမှာတော့ ကံကောင်းခြင်း ကလည်း အင်အားတစ်မျိုးပင်။
ကျန်းလော့ရဲ့ မျက်လုံးတွေထဲက သံသယ တွေက ပို၍ပြင်းပြလာခဲ့သည်။
“တကယ်လား”
ရင့်ရင့်သီးသီးစကားတွေ သူ ဘာမှ မပြောလာပေမယ့်လည်း ထိုသဘောထား က ပိုပြီးတော့ပင် စိတ်တိုဖို့ကောင်းသည်။ ချီယယ် ထရပ်လိုက်ပြီး “မင်း ဘာကို ဆိုလိုချင်တာလဲ”
“ငါက ငါလုပ်နိုင်တဲ့အရာတွေကို ဘယ်တော့မှ ကြွားပြီးတော့ပြောတတ်တဲ့ သူမဟုတ်ဘူးလေ”ကျန်းလော့ ပြော လိုက်သည် “အဆုံးမှာတော့ လူတိုင်းက စကားကြီး စကားကျယ်တွေ ပြောတတ် ကြတာကိုး … ဒါပေမယ့် မင်းက တကယ် တော်တဲ့သူဆိုတာကို ငါ့ကို သိစေချင်ရင် မင်းငါ့ကို တစ်ခုခုတော့ လုပ်ပြရမယ်။ တောအုပ်ထဲမှာ တစ်ခုခုရှိနေတဲ့ပုံပဲ … မင်း သွားပြီးတော့ ကြည့်ရဲလား”
ကျန်းလော့ ပြောပြီးမှ တွေးပေးသည့် ပုံစံဖြင့် “ကြောက်တယ်ဆိုရင်လည်း ရပါတယ်လေ … အဆုံးမှာတော့ … ကြွားပြောရတယ်ကို သဘောကျတာ ရှက်စရာမှ မဟုတ်ဘဲ”
ချီယယ် အသက်ပြင်းပြင်းရှုလိုက်ပြီး လှည့်ထွက်ကာ တောအုပ်ထဲကို ဝင်သွား လိုက်သည်။
“ငါ ဘယ်တော့မှ ကြွားမပြောဘူးကွ”
ကျန်းလော့ “အို့ … မင်း တကယ် အဲဒီထဲကို သွားမလို့လား။ မသွားနဲ့ … အန္တရာယ်များတယ် … ပြန်လာခဲ့စမ်းပါ … စိတ်မဆိုးပါနဲ့….”
ချီယယ်က သူ သံသယရှိနေတဲ့နေရာ ဆီကို မြန်သထက်မြန်အောင် သွားနေ တာမြင်ချိန်မှာ ကျန်းလော့ ပါးစပ်ကို ဖြည်းဖြည်းချင်း ပိတ်လိုက်ပြီး ချီယယ်၏ လှုပ်ရှားမှုတွေကို ဘေးကနေပြီး အေးအေးဆေးဆေး ရပ်ကြည့်နေလိုက် သည်။
ဘယ်သူထင်မှာလဲ ဆယ်စက္ကန့်အတွင်း မှာပဲ ချီယယ် တောအုပ်ထဲကနေပြီး သုန်မှုန်နေသော မျက်နှာဖြင့် တစ်ဟုန်ထိုး ပြေးထွက်လာပြီးတော့ ကျန်းလော့ကို အော်ပြောလာလိမ့်မယ်လို့။
“ပြေးတော့ … အဲဒီ့မှာ ပင့်ကူလူသားကြီး …”
သူ စကားတောင်ဆုံးအောင် မပြောရ သေးခင်မှာပဲ ကျန်းလော့က နောက်ပြန် လှည့်ကာ လှစ်ခနဲနေအောင် ပြေးသွား ခဲ့တော့သည်။ ချီယယ် တစ်စက္ကန့် လောက် ကြောင်သွားပြီးနောက်မှာ အရှိန် ပိုမြှင့်လိုက်သည်။
ယောက်ျားလေးနှစ်ယောက် နားခိုသည့် နေရာကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးလာခဲ့ကြသည်။ ကျန်းလော့ ဘယ်ဘက်ကို အလိုလို ပြေးသွားလိုက် သည်။ ကျန်းလော့က ပါ့ကွားအစီအရင် ကိုရှာသည့် နေရာမှာ သူ့ထက်ခြေတစ်လှမ်း သာနေသည်ကို ချီယယ် ပြန်မှတ်မိသွားပြီး နောက်ကနေလိုက်သွားဖို့ တွန့်ဆုတ် မနေတော့ချေ။
သစ်ပင်တွေက ပိုပိုများလာခဲ့ပြီး သစ်ပင် အရိပ်တွေက လရောင်အောက်မှာ တွန့်လိမ်ပြီးတော့ အသက်ဝင်လာခဲ့သလို ပင်။ ကျန်းလော့ ပြေးလေလေ သူ တစ်ခုခုတော့ မှားနေပြီဟု ခံစားရလေ လေဖြစ်ပြီး ရင်းနှီးနေသောနားခိုသည့် စခန်းလေး သူ့ အရှေ့မှာ ပေါ်လာချိန် ကြမှ သူတို့တွေ တူညီသောနေရာကို ပြန်ပြေးလာမိမှန်း သူ နားလည်သွားခဲ့ သည်။
ချီယယ်က သူ့ဘေးနားမှာ ပင့်သက်ရှိုက် ရင်း ရပ်လာခဲ့ပြီး နားခိုသည့်စခန်းကို တစ်ချက်ကြည့်လိုက်ပြီး ထို့နောက် ကျန်းလော့ကို ကြည့်လိုက်သည်။ သူ့ရဲ့ အမူအရာက တဖြည်းဖြည်းနှင့် တင်းမာလာခဲ့ပြီး “မင်း ဒီနေရာကို ရည်ရွယ်ချက်ရှိရှိနဲ့ ပြန်ပြေးလာတာ လား
ကျန်းလော့ ……. တကယ်ကို တမင် လုပ်တာမဟုတ်ဘူးကွ။
ချီယယ် ထိုအကြောင်းကို တွေးရင်း တွေးရင်းနှင့် လေသံထဲမှာ ဒေါသတွေ ခပ်ရေးရေးပါလာခဲ့သည်။
“ငါက မင်းကို လိမ်နေတာလို့ မင်း ထင်လိုက်တာမလား။ ဒါကြောင့်မို့ ငါနဲ့ အတူ တမင်ပြေးပြီးတော့ ဒီနေရာမှာ ပင့်ကူလူသား တကယ်ရှိမရှိ ပြန်လာ ကြည့်တာမလား”
ကျန်းလော့ “…. အမ်”
ချီယယ် လှောင်ရယ်နှစ်ခါရယ်လိုက်ပြီး ကျန်းလော့ကို ဆွဲခေါ်ကာ တောအုပ်ထဲ သို့ ပြန်ဝင်သွားလိုက်သည်။
“ဒါဆိုလည်း လာပြီးတော့ကြည့်လှည့် ငါလိမ်နေတာ ဟုတ်မဟုတ်ကို”
ကျန်းလော့ သူ့ရဲ့ပတ်ဝန်းကျင်ကို သတိ ထားပြီး ကြည့်လိုက်သည်။
“မလိုပါဘူး … မြန်မြန် သွားကြရအောင်”
သူ စကားပြောပြီးလို့ လှည့်ကြည့်လိုက် ချိန်မှာ ချီယယ်က မထင်မှတ်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းလော့ တခဏလောက် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ နောက်တခဏမှာတော့ ထူထဲပြီး စေးကပ်သော ပင့်ကူမျှင်တွေက အနောက်ဘက်ကနေ ထွေးထုတ်လာခဲ့ပြီး ကျန်းလော့ကို ရစ်ပတ်သွားခဲ့သည်။ သိပ်မကြာလိုက်ခင်မှာပဲ ကျန်းလော့ ပင့်ကူအိမ်ထဲမှာ ရစ်ပတ်ခံလိုက်ရသည်။ သူ့ဘေးနားမှာတော့ အဖမ်းခံထားရသော ချီယယ်လည်း ရှိနေခဲ့သည်။
ကြီးမားသောပင့်ကူအိမ်ကြီးက ထိုအနား တစ်ဝိုက်ကို မြူဆိုင်းသလိုဖြစ်နေစေခဲ့ သည်။ ချီယယ် 502 ကော်နဲ့တောင် ယှဉ်လို့ရသော ပင့်ကူမျှင်တွေကနေ သူ့ လက်မောင်းကို လွတ်အောင်ရုန်းလိုက်ပြီး ကျန်းလော့ကို အားရဝမ်းသာစွာဖြင့် ပြောလာခဲ့သည်။
“တွေ့တယ်မလား … ငါလိမ်ပြောတာ မဟုတ်ဘူးဆိုတာကို”
ကျန်းလော့ရဲ့ ဆံပင်တွေကလည်း ပင့်ကူအိမ်မှာ ကပ်နေခဲ့ပြီး သူ့ကို နည်းနည်းလေးမှတောင် လှုပ်လို့မရ အောင် တားဆီးနေခဲ့သည်။ သူ့လက် နှစ်ဖက်ကို ပင့်ကူမျှင်တွေကနေ အရင် လွတ်မြောက်အောင် သူ အကောင်းဆုံး ကြိုးစားလိုက်ပြီး ချီယယ်ကို ပြောစရာ စကားတောင် မရှိတော့ဘူးဆိုသည့် အကြည့်နှင့် ကြည့်လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။
“ဒီစိတ်ရှုပ်စရာကောင်းတဲ့ ဆံပင်တွေကို ဒီအဆင့်အောင်သွားပြီးတာနဲ့ ငါ သေချာ ပေါက်ကို ညှပ်ပစ်မယ်”
ထိုစကားကို ကြားချိန်မှာ ချီယယ် သူ့ကို ခေါင်းစောင်းပြီး ကြည့်လိုက်သည်။ အနက်ရောင်ဆံနွယ်တွေနှင့် ကောင်လေး က ပင့်ကူမျှင်တွေကနေ လွတ်အောင်ရုန်း ဖို့ အာရုံစိုက်နေခဲ့သည်။ အဖြူရောင် ပင့်ကူမျှင်အချို့က သူ့ရဲ့ အနက်ရောင် ဆံပင်တွေမှာ ကပ်ညှိနေခဲ့သည်။ သူ ဝတ်ထားသည့် အဝတ်အစားတွေက ဖရိုဖရဲ ဖြစ်ပြီး လည်အဟိုက်နေရာ ပေါ်လာခဲ့ သည်။ ဖြူဖွေးပြီး လှပသောလည်တိုင် လေးက ပို၍ပင် သေးသွယ်သေးသည်။
ဆံပင်အရှည်က ကြည့်ကောင်းသားပဲ….
ချီယယ် ပြန်ဖြေလိုက်သည်။
“ငါ ဘယ်လိုလုပ်ပြီး ပင့်ကူလူသားကို မတွေ့တာပါလိမ့်”
သူ ပြောပြီးပြီးချင်းမှာပဲ သူ့အောက်မှာ ရှိသော ပိုက်ကွန်အကြီးကြီးက ရုတ်တရက် တုန်ခါလာခဲ့သည်။
အမွှေးထူထူ ပင့်ကူခြေထောက် ရှစ်ချောင်းက ပင့်ကူအိမ်အစွန်းကနေ တက်လာခဲ့ပြီး အလွန်တရာကြီးမားသော ပင့်ကူကြီးက သေးမျှင်သောပင့်ကူမျှင် တွေပေါ်ကို မြန်မြန်ဆန်ဆန် ကျွမ်းကျွမ်း ကျင်ကျင်ဖြင့် တက်လာခဲ့သည်။
ပင့်ကူကြီးက အဝါနှင့် အနက်ရောစပ် ထားခဲ့ပြီး အရွယ်ရောက်ပြီးသား လူကြီး တစ်ရပ်စာလောက်ရှည်ပြီး အလွန်တရာ ထူးခြားဆန်းကြယ်တာကတော့ ထို ပင့်ကူကြီးမှာ လူမျက်နှာနှင့် လူခန္ဓာကိုယ် တစ်ပိုင်း ရှိနေခဲ့ခြင်းပင်။
ပင့်ကူလူသား၏မျက်နှာက ဖြူပြာနေခဲ့ ပြီး သူ့ရဲ့ မျက်လုံးတွေက ကြောက်စရာ ကောင်းလောက်အောင် နက်မှောင်နေခဲ့ သည်။ ထိုဟာကြီးက ကျန်းလော့နှင့် ချီယယ်ဆီကို တရွေ့ရွေ့နှင့် တွားသွားလာ နေခဲ့သည်။ ချီယယ်က ကျန်းလော့နှင့် ယှဉ်လျှင် ပိုပြီးတော့ အပြင်ဘက်ကို ရောက်သည်။ ပင့်ကူလူသားကြီးက ချီယယ်ဘက်ကို အရင်သွားလိုက်ပြီး သူ့ရဲ့ ရှေ့ခြေထောက်တွေကို ဆန့်ကာ ချီယယ် ၏ ခန္ဓာကိုယ်အပေါ်ပိုင်း အဝတ်အစား တွေကို ဖြဲပစ်လိုက်သည်။ သူ့ရဲ့ အမွှေး ထူထူလက်ချောင်းကြီးက ချီယယ်၏ ဝမ်းဗိုက်ကို ပွတ်သပ်နေခဲ့သည်။
ချီယယ် မျက်နှာသွေးဆုတ်သွားခဲ့ပြီး အံ့ကြိတ်လိုက်သည်။
“ချီးပဲ … ဒါကြီးက သူ့ရဲ့ ဥတွေကို သားဖောက်ပေးဖို့အတွက် တစ်ယောက် ယောက်ကို လိုက်ရှာနေတဲ့ ပင့်ကူအထီး ကြီး”
ပုံမှန်လိုဆိုလျှင် ပင့်ကူလူသားကို ချီယယ် အလွယ်လေး သတ်ပစ်လိုက်လို့ရပေမယ့် အခုနော့ သူ့မှာ သံလိုက်အိမ်မြှောင် တစ်ခုသာရှိပြီး ပင့်ကူအိမ်အကြီးကြီး မှာလည်း ကပ်ငြိနေသေးရာ တခဏ လောက်တော့ လွတ်မြောက်ဖို့ရာလမ်း မရှိချေ။
ချီယယ်၏ ဝမ်းဗိုက်ကို သူ့ရဲ့ သားသမီး တွေအတွက် အာဟာရအဖြစ်ထောက်ပံ့ဖို့ သင့်တော်မတော် ပင့်ကူလူသား စမ်းသပ် နေချိန်မှာ ကျန်းလော့၏ မျက်နှာလည်း အမူအရာမကောင်းချေ။ ပင့်ကူလူသား ၏ ဥတွေပေါက်ဖို့ရာအတွက် ဥ ဖောက်စက်တော့ သူ မဖြစ်ချင်ပေ။
ကျန်းလော့ ဒရုန်းကို လှမ်းကြည့်လိုက် ပြီး သစ်ပင်တွေနှင့် မြင်ကွင်းကွယ်နေတာ သေချာသွားချိန်မှာ သူ့ရဲ့အင်္ကျီလက်ထဲ က ခေါက်ဓားကို ထုတ်လိုက်သည်။ ဓားကို လက်နှစ်ချောင်းဖြင့် ဖွင့်လိုက်ပြီး သူ့ရဲ့ အောက်မှာရှိနေသော ပင့်ကူအိမ်ကို အားပြင်းပြင်းဖြင့် လှီးချလိုက်သည်။
ကျန်းလော့ကို ကျောပေးထားသော ကြောင့် ပင့်ကုလူသားက ကျန်းလော့၏ လှုပ်ရှားမှုတွေကို မမြင်နိုင်ပေမယ့် ချီယယ်ကတော့ ရှင်းရှင်းလင်းလင်းကြီး ကို မြင်နေရသည်။ ကျန်းလော့ တရားမဝင်ပစ္စည်းကို ဘယ်ကနေရလာ မှန်း သူမသိပေမယ့် အခုချိန်က ထိုဟာကို လိုက်မေးနေရမယ့် အချိန်မဟုတ်ချေ။
သူ အန်ချင်စိတ်ကိုထိန်းပြီး မလှုပ်ရှားဘဲ ကျန်းလော့အတွက် တတ်နိုင်သမျှ အချိန်ဆွဲပေးဖို့ရာ ကြိုးစားလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူက ပင့်ကူလူသားရဲ့ လိုအပ်ချက်တွေနှင့် ကိုက်ညီမှု မရှိသည့်ပုံပင်။ ပင့်ကူလူသား သူ့ လက်ချောင်းတွေကို ဝမ်းဗိုက်ပေါ် ကနေ ဖယ်လိုက်ပြီး ကျန်းလော့ဘက်ကို ကြည့်ရန် လှည့်သွားခဲ့သည်။
ကျန်းလော့က ခန္ဓာကိုယ်တစ်ပိုင်း ထထိုင်နေပြီဖြစ်ပြီး သူ့ရဲ့ခြေထောက်တွေ ကို တုတ်နှောင်ထားသော ပင့်ကူမျှင်တွေ ကို မြန်မြန်ဆန်ဆန် စူးစူးစိုက်စိုက်ဖြင့် ဖြတ်လိုက်သည်။ သူ့ရဲ့ ရည်ရွယ်ချက်ကို သတိထားမိသွားသော ပင့်ကူလူသားက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကျန်းလော့ဆီ သူ့ရဲ့ခြေချောင်းရှစ်ချောင်း ဖြင့် အပြန်ပြေးလာခဲ့သည်။
နောက်ဆုံးသောအခိုက်အတန့်လေးမှာ ကျန်းလော့ ပင်ကူမျှင်ကို ဖြတ်နိုင်သွား ခဲ့သည်။ သူ သူ့ရဲ့အဓိကနေရာတွေကို ကာကွယ်ထားရင်းနှင့် သုံးမီတာအမြင့် ကနေပြုတ်ကျသွားခဲ့သည်။ ဖြစ်ချင် တော့ အောက်ခြေမှာ စုပုံနေသော ထူထဲပြီးနူးညံ့သည့် အရွက်ခြောက်အပုံ ကြီးက ပြုတ်ကျတဲ့အရှိန်ကို ကူရှင်အဖြစ် ခံကာ ထိန်းပေးလာခဲ့သည် ။
သူ အောင်မြင်သွားတာကို တွေ့တော့ ချီယယ် အော်ပြောလိုက်သည်။
“မြန်မြန်သွားတော့”
ကျန်းလော့ မြန်မြန်ဆန်ဆန် ထရပ်ပြီး လက်တစ်ဖက်ဖြင့် အိုကေ လုပ်ပြကာ အမှောင်ထုထဲကို အလျင်အမြန် ပျောက် ကွယ်သွားတော့သည်။
ချီယယ် “……”ကျန်းလော့ ကို ထွက်ပြေး ဖို့ပြောလိုက်သည့်သူက သူကိုယ်တိုင် ပေမယ့်လည်း … ကျန်းလော့ ထိုကဲ့သို့ ဖုတ်ဖက်ခါပြီး ထွက်သွားတာကို ကြည့် နေရတာက ရုတ်တရက် သူ့ကို ရင်ထဲမှာ နည်းနည်း ခံစားရခက်လာစေခဲ့သည်။
ပင့်ကူလူသားက ညံ့ဖျင်းစွာအော်လိုက်ပြီး သူ့ဆီကို အန္တရာယ်ပြုမည့်ဟန်ဖြင့် ပြန်လှည့်လာတာကို မြင်ချိန်မှာတော့ ချီယယ်၏ နှလုံသား အနည်းငယ် နစ်မြုပ်သွားခဲ့သည်။
ပင့်ကူအထီး၏ ဖမ်းဆီးခြင်းကိုခံရသော လူသားက ပင့်ကူဥတွေအတွက် ဥဖောက်စက်ဖြစ်ရင်ဖြစ် မဖြစ်ရင် ပင့်ကူ ၏ အစာအဖြစ် စားခြင်းကို ခံကြရသည်။ နှစ်ခုထဲက ဘယ်ဟာက ပိုဆိုးမှန်းမသိ ပေမယ့်လည်း ချီယယ် ရွေးချယ်လို့သာ ရမယ်ဆိုလျှင် ဗိုက်ထဲမှာ ပင့်ကူဥတွေ အပြည့်နှင့် သူ့ရဲ့ အူကလီစာတွေကို ပင့်ကူလေးတွေ ကိုက်ဖြတ်စားသောက် တာခံရပြီး သေရမည့် လူပုံပေါက်သော ကိရိယာအစား သူ သည်အတိုင်းပဲ အစားခံ လိုက်ရဖို့ကိုသာ ရွေးချယ်မှာပင်။
သို့သော် ယနေ့ခေတ်မျိုးဆက်သစ်တွေ ထဲက အရည်အချင်းအရှိဆုံးနှင့် အင်အား အကြီးဆုံးခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်သည့် သူ့ရဲ့သေဆုံးမှုက အလွန် အရှက်တကွဲ အကျိုးနည်းဖြစ်ရ သည်ဟု ချီယယ် ခံစားရသည်။
ပင့်ကူကြီးက ချီယယ်အရှေ့မှာ ရောက်နေပြီဖြစ်ပြီး သူ့ရဲ့ ပါးစပ်ကြီးကို ဟထားခဲ့ကာ သွားရည်တွေက ပါးစပ် ထောင့်တွေကနေ စီးကျလာခဲ့သည်။ ချီယယ် သွားရည်တွေကို ရှောင်ဖို့ရာ အတွက် သူ့မျက်နှာကို စက်ဆုပ်ရွံရှာ စွာဖြင့် လွှဲလိုက်သည်။ သို့သော် သူ့ အကြည့်တွေ ရုတ်တရက် ရပ်တန့်သွားခဲ့ သည်။
ဆံပင်အနက်ရောင်နှင့် လူငယ်လေးက သစ်ပင်အကြီးကြီး၏ သစ်ကိုင်းအမြင့် ပေါ်မှာ မတ်တပ်ရပ်နေတာကို သူ မြင်လိုက်ရသည်။သူ့ရဲ့ ညာဘက် လက်ဖြင့် သစ်ပင်ပင်စည်ကို ဖက်ထားခဲ့ ပြီး ဘယ်လက်မှာ ဓားကို ကိုင်ထားခဲ့ သည်။
အမဲလိုက်ဖို့ရာအတွက် ညခင်းကို အခွင့်ကောင်းယူသော ကျွမ်းကျင်မုဆိုး တစ်ယောက်ကဲ့သို့ အနက်ရောင် ဆံနွယ်တွေနှင့် ကောင်ငယ် လေး သစ်ကိုင်းတွေနှင့် သစ်ရွက်တွေကြားမှာ တိတ်တဆိတ် ပုန်းလျှိုးပျောက်ကွယ် သွားခဲ့သည်။
ချီယယ် သူ့ကိုတွေ့သွားတာကို မြင်ချိန်မှာ ဆံပင်အရှည်နှင့် ကောင်လေးက ဓားကို ကိုင်လိုက်ပြီး ဓားရဲ့အေးစက်စက် အလင်းရောင်အောက်မှာ သူ့ နှုတ်ခမ်း တွေပေါ် လက်ချောင်းကိုတင်ပြီး “ရှုး”ဟု အသံတိတ် လုပ်ပြလာခဲ့သည်။
ချီယယ် နှစ်စက္ကန့် သုံးစက္ကန့်လောက် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ အသိ ပြန်ဝင်လာခဲ့သည်။ သူ မျက်လုံးတွေကို တောင့်တောင့်ကြီးလွှဲလိုက်ပြီး ပင့်ကူ လူသား၏ ရုပ်ဆိုးဆိုးမျက်နှာကို စိုက်ကြည့်နေလိုက်သည်။
ပင့်ကူလူသားကတော့ ရောက်လာတော့ မည့် အန္တရာယ်ကို သတိမထားမိချေ။ သူ့ပါးစပ်ကို အကျယ်ကြီးဟပြီး ချီယယ် ၏ ရင်ဘတ်ကို ကိုက်ဖို့လုပ်လိုက်သည်။ သူ သေဆုံးရတော့မည့် အချိန်တခဏ လေးမှာပဲ အနက်ရောင်ဆံနွယ်တွေနှင့် ကောင်လေးက သစ်ပင်ပေါ်ကနေ ခုန်ဆင်းပြီး ပင့်ကူ၏ဦးနှောက် အလယ် တည့်တည့်ကို သူ့ရဲ့ ချွန်မြသော ဓားမြှောင်အား ထိုးစိုက်လိုက်သည်။
စိမ်းပုပ်ပုပ် ပျစ်ချွဲချွဲသွေးတွေ ပန်းထွက် လာခဲ့ပြီး ကျန်းလော့လှိမ့်လိုက်ကာ ပင့်ကူလူသား၏ လည်ပင်းကို ခြေထောက်တွေဖြင့် ခွစီးပြီး ဓားမြှောင် ကိုဆွဲထုတ်၍ ပင့်ကူ၏ လည်မျိုကို ပြင်းပြင်းထန်ထန် ထိုးစိုက်လိုက်သည်။
စိမ်းပုပ်ပုပ်သွေးတွေ အများကြီး ပန်းထွက်လာခဲ့ပြီး ကျန်းလော့ရဲ့ ကိုယ်ပေါ်ရှိ ဖုန်မှုန့်တွေပေါ် ပေကျံသွား ခဲ့ပြီး သွေးစက်အနည်းငယ်က ကျန်းလော့၏ လက်ဖမိုးတွေနှင့် ပါးပြင် တွေပေါ် စင်လာခဲ့သည်။ ကျန်းလော့ ပင့်ကူလူသား၏သွေးတွေ သူ့ပါးစပ်ထဲကို ဝင်မလာစေရန် လျှာနှင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားခဲ့သည်။ ပင့်ကူ လူသားကြီး ရုန်းကန်ကာ ပြုတ်ကျ သွားချိန်မှပဲ သူ ပင့်ကူကြီးအပေါ်ကနေ တည်တည်ငြိမ်ငြိမ် ခုန်ဆင်းလိုက်ပြီး စီးကပ်နေသော ပင့်ကူမျှင်တွေပေါ် ခက်ခက်ခဲခဲဖြင့် နင်းလျှောက်ကာ ချီယယ် ဘေးနားသွားလိုက်ပြီး သူ့ရဲ့ အောက်က ပင့်ကူမျှင်တွေကိ ဖြတ်ပေး လိုက်သည်။
ချီယယ်က သူ့ကို ငေးကြောင်ကြောင် လေး ကြည့်လာချိန်မှာ ကျန်းလော့ သူ့ မျက်နှာကိုသုတ်ပစ်ပြီး ရယ်လိုက်သည်။
“ကြောက်လွန်းလို့ စိတ်လွတ်သွားပြီ လား”
ချီယယ် သတိလက်လွတ် ပြောလိုက်မိ သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူ့မျက်ခုံးတွေကို စိတ်အနှောင့်အယှက် ဖြစ်သည့်ပုံစံနှင့် သူ တွန့်ချိုးကာ တစ်ခုခု ပြောမလို့ လုပ်လိုက်ပေမယ့် သူ့ရဲ့ သူငယ်အိမ်တွေ ရုတ်တရက် ကျုံ့သွားခဲ့ သည်။
“ရှောင်လိုက်”
ကျန်းလော့ မြန်မြန်ဆန်ဆန်ပင် တုံ့ပြန် ကာ လှိမ့်ချလိုက်သည်။ သူ ပင့်ကူမျှင် တွေနှင့် ပြန်ကပ်သွားခဲ့သည် သို့သော် ပို၍ အများကြီး ကြောက်စရာ ကောင်းတာက ကျန်းလော့၏ သတ်ဖြတ် ခြင်းကို ခံလိုက်ရသော ပင့်ကူလူသား ကြီးက ဆန့်ငင်ဆန်ငင့်ဖြင့် ဖြည်းဖြည်း ချင်း လှုပ်ရှားလာခဲ့ခြင်းပင်။
ပင့်ကူ၏လည်ပင်းနှင့် ခေါင်းကနေ သွေးတွေ စီးကျနေဆဲဖြစ်ပြီး သူ့ရဲ့ ပြာနှမ်းနေသောမျက်နှာမှာ သေခြင်း တရားကို ရင်ဆိုင်လိုက်ရချိန်မှာ ဖြစ်ပေါ် လာသော ကြောက်ရွံ့သည့်မျက်နှာပေး တွေတောင် ရှိနေသေးပေမယ့် အကောင် ကြီးကတော့ ကျန်းလော့၏ သတ်ဖြတ် ခြင်းကို ဘယ်တုန်းကမှ မခံခဲ့ရဘူးသလို ပြန်ထလာခဲ့သည်။
ကျန်းလော့ လက်မြှောက်လိုက်ပေမယ့် သူ့ လက်က ကပ်နေခဲ့သည်။ သူ “သေသွားပေမယ့် အသက်ရှိနေသော”ပင့်ကူလူသားကို စိုက်ကြည့်ပြီး ကျိန်ဆဲ လိုက်သည်။
“ဖာခ့် “
ပင့်ကူလူသားက ထိုအသံ၏ ဆွဲဆောင်မှု ကို ခံလိုက်ရပုံပင်။ သူ့ရဲ့ ချိုင့်ဝင်နေသော မျက်လုံးကြီးတွေက ကျန်းလော့ရှိရာတီ ဖြည်းဖြည်းချင်း လှည့်လာခဲ့ပြီး ရုတ်တရက်ဆိုသလို မဲ့ရွဲ့ကာ ကျောချမ်း ဖို့ကောင်းသော အပြုံးတစ်ပွင့်ကို ပြုံးပြ လာခဲ့သည်။
ထိုကဲ့သို့သော အပြုံးက ပင့်ကူလူသား၏ အကျဉ်းတန်သော မျက်နှာထက်မှာပင် ထူးဆန်းပြီး မျက်နှာဖြင့်မလိုက်ဖက်သော ဆွဲဆောင်မှုကို ပေးစွမ်းနေခဲ့သည်။