Ch 19
Viewers 8k

ဒီအပြစ်သားက ရှင်သန်လို

 

အခန်း ၁၉

 

ငါးရက်တာအနားယူချိန် ပြီးဆုံးသွား သည်နှင့် တစ်ပြိုင်နက် .. ပြိုင်ပွဲ၏ ဒုတိယအဆင့် ကျင်းပမည့်နေရာကို လူတိုင်း ဘတ်စကားစီး၍ သွားလိုက်ကြ သည်။

 

ဒီတစ်ခေါက် သွားရသည့်နေရာကလည်း နေ့လည်ခင်းမှာ ရောက်သွားသည့် နေရာပင်။ အမြဲစိမ်း အထက်တန်း ကျောင်းက ကျန်းလော့နှင့် သူ့အဖွဲ့တို့ အတူစုစည်းထားခဲ့သော ကျောင်း ဆယ်ကျောင်းထဲက တစ်ကျောင်းဖြစ်နေ ခဲ့သည်။

 

ကျောင်းကို သူမြင်လိုက်ချိန်မှာ သူ မှတ်ထားခဲ့တဲ့ အချက်အလက်တွေကို ကျန်းလော့ ပြန်သတိရလိုက်မိသည်။

 

အမြဲစိမ်းအထက်တန်းကျောင်းက ချောင်ကျသောနေရာမှာ တည်ရှိပြီး ဟောင်းနွမ်းပြီး ယိုယွင်းပျက်စီးနေသည့် အဆောက်အဦးတွေနှင့် ဖြစ်ပေမယ့်လို့ စာရင်း‌သွင်းကြသော ကျောင်းသား အရေအတွက်က အထင်ကြီးလောက် သည့် မြို့ရဲ့ အချက်ချာကျသော အထက်‌တန်း ကျောင်းတစ်ခုဖြစ်သည်။ 2012 ခုနှစ် မှာ ပညာရေးဌာနကနေပြီး ကျောင်းကို တိုးချဲ့ဆောက်ဖို့ရာအတွက် ရန်ပုံငွေ ချပေးခဲ့သည်။ ကျောင်းကို တိုးချဲ့ပြီးနောက်မှာ ကျောင်းပရိဝုဏ် အဟောင်းနှင့် အသစ်ဆိုပြီး နှစ်ခြမ်း ခွဲထားလိုက်သည်။ ကျောင်းဆောင် အသစ်က အထက်တန်းကျောင်း ပထမနှစ်တွေနှင့် ဒုတိယနှစ်တွေ အတွက်ဖြစ်သည်။ ကျောင်းဆောင် အဟောင်းတွေကတော့ စီနီယာ ကျောင်းသားတွေ နှင့် နှစ်ကျစီနီယာ ကျောင်းသားတွေအတွက်ပင်။ 

 

အဘယ် ကြောင့်ဆိုသော် ကျောင်းဆောင် အဟောင်းဘက်က ပိုပြီးတော့ချောင်ကျ ကာ သန့်ရှင်းသည့်အတွက်ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြ မည့်သူတွေကို တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင် ပေးစွမ်းနိုင်သည်။

 

ထိုဟာက ပုံမှန်ကျောင်းဆောင်တိုးချဲ့မှု တစ်ခုသာဖြစ်ပေမယ့် ထိုနေရာမှာ မတော်တဆမှု ဖြစ်ပွားခဲ့သည်။ စီနီယာ ကျောင်းသူလေးတစ်ယောက်က ကျောင်းဆောင်တိုးချဲ့နေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့သည်။

 

အမြဲစိမ်းအထက်တန်းကျောင်းက ကျောင်းအိပ်ကျောင်းစား နေရသည့် ကျောင်းဖြစ်ပြီး ကျောင်းသားတွေက အိမ်ကို တစ်လလျှင် တစ်ကြိမ်သာ ပြန်ခွင့်ရကြသည်။ ကျောင်းသူတစ်ဦး က ကျောင်းတက်နေစဉ် အတော အတွင်းမှာ ပျောက်သွားခဲ့သည်။

 

 ထို မတော်တဆဖြစ်ရပ်က ထိုအချိန်တုန်းက ပြဿနာတွေ အများကြီးဖြစ်ပွားခဲ့ပြီး နောက်ထပ်သုံးလအတွင်းမှာ ကျောင်းသူ လေးအချို့ ထပ်ပျောက်သွားခဲ့ပြီး အလုပ်သမားနှစ်ဦး တိုးချဲ့လုပ်ငန်းခွင် မှာ မတော်တဆမှုဖြစ်ပြီး သေခဲ့ကြ သည်။ 

 

သို့သော် ထိုအကြောင်းကို မယုံကြည် ကြဘဲ အမြဲစိမ်း အထက်တန်းကျောင်း က ဝင်ခွင့်အမှတ်တွေကို လျှော့ချလိုက် သည့်အတွက် ကြိတ်ပြီး ဝမ်းသာနေ သော ကျောင်းသားအများစုနှင့် မိဘ တွေတောင်မှ ရှိသေးသည်။ ထို့ကြောင့် အမြဲစိမ်းအထက်တန်းကျောင်း၏ ကျောင်းသားဦးရေက တခြား အထက်တန်းကျောင်းတွေနှင့် ယှဉ်လျင် နောက်ကောက်ကျမနေခဲ့ချေ။ 

 

သို့သော် ဒီနှစ်မှာတော့ အမြဲစိမ်း အထက်တန်းကျောင်းမှာ နေက်ထပ် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။

 

ဝန်ထမ်းအဖွဲ့ကလူက အရှေ့ဆုံးမှာ အသံချဲ့စက်ကိုကိုင်ပြီး ပြောလာခဲ့ သည်။ 

 

“ပြိုင်ပွဲရဲ့ ဒုတိယအဆင့်က သုံးရက်ကြာ မှာဖြစ်ပါတယ်။ အဲဒီ့ သုံးရက်အတွင်း မှာ 2012ခုနှစ်က ပျောက်သွားခဲ့တဲ့ မိန်းကလေးကို ရှာရမှာဖြစ်ပြီး ၊ အလုပ်သမားတွေကရော ဘာ့ကြောင့် သေသွားရသလဲ ၊ အဲဒီ့နှစ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲဆိုတာကို လူတိုင်း အဖြေရှာကြရမှာပါ။ ဒီပြိုင်ပွဲ ပြီးသွားတဲ့ နောက်မှာ နောက်တစ်ဆင့်ကိုတက်ဖို့ရာ အတွက် လူအယောက်သုံးဆယ်ကို သူတို့ရေးလာတဲ့ အဖြေပေါ်မူတည်ပြီး ရွေးချယ်သွားမှာပါ။ မင်းတို့အတွက် စီစဉ်ပေးထားတဲ့ အဆောင်ခန်းက ကျောင်းဆောင်အဟောင်းဘက်မှာ ဖြစ်ပြီး ကျောင်းဆောင်အဟောင်းဘက် မှာ နေနေကြတဲ့ ကျောင်းသားတွေကို ကျောင်းတောင်အသစ်ဆီ နေရာရွှေ့ပေး ထားမှာပါ။ ဒုတိယပြိုင်ပွဲကိုလည်း တိုက်ရိုက်ထုတ်လွှင့် သွားမှာပါ။ ပြိုင်ပွဲ မစတင်ခင်မှာ … ကျေးဇူးပြု၍ အသက်ကိုစွန့်လွှတ်ကြောင်း စာချုပ်ကို ကျွန်တော်တို့ဆီမှာ ထိုးနှံပေးကြပါ”

 

“လူအယောက်သုံးဆယ်ထဲတင်”

 

“ဘုရားရေ … ဒါကြီးက လူအယောက် တစ်ရာကို တစ်ခါတည်းတန်းထုတ်ပစ် တာပဲ မဟုတ်ဘူးလား”

 

“ဖြစ်နိုင်ချေက လေးရာခိုင်နှုန်းကနေ တစ်ရာခိုင်းနှုန်းပဲ ရှိတော့တယ် … ဘယ်လိုဖြစ်လို့ ဒီအဆင့်က အရမ်းခက် နေရတာလဲ”

 

လူသံတွေ ဆူညံပွက်လောရိုက်သွားပြီး ဝန်ထမ်း၏အသံကို လွှမ်းသွားခဲ့သည် 

 

ကျန်းလော့ သက်ပြင်းချလိုက်ပြီး “အသက်ကိုစွန့်လွှတ်ကြောင်း အာမခံ စာချုပ်တဲ့လား … အဲလောက်ထိတောင် လိုလိုလား”

 

ကျိုးကျုံးချိုး လူတိုင်းကို တည်တည် ငြိမ်ငြိမ်ပင် နှစ်သိမ့်ပေးလိုက်သည်။

 

“စိတ်မပူကြပါနဲ့ … ငါ့ရဲ့ အဖေက ဒီနှစ် ပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ် ရွေးချယ်ခံရ တယ်။ ငါ ပြိုင်ပွဲမစခင်တုန်းက သူ့ဆီ ဖုန်းခေါ်ပြီးတော့ ငါတို့ကို ဂရုစိုက်ပေး ဖို့ ပြောထားတယ်။ ဒီအဆင့်က အရမ်း အန္တရာယ်များရင်တောင်မှပဲ … ငါတို့တွေ သေချာပေါက် လုံခြုံမှာပါ”

 

ကောကျူ သက်ပြင်းချလိုက်ပြီး “မမလေးကျိုး နောက်ကို လိုက်ရာတာက အရမ်းကို လုံခြုံသလိုခံစားရတယ်”

 

ကျိုးကျုံးချိုး သူ့နှုတ်ခမ်းတွေကို ခပ်ချောချော ပင့်တင်လိုက်ပြီး “အသေးအမွှား ကိစ္စလေးတွေပါ”

 

သူမရဲ့စကားကို နားထောင်ပြီး စိတ်ကို အသင့်ပြင် ထားပြီးကြသော ပိုင်ဟွာ တက္ကသိုလ် အခန်းနံပါတ် 01 က ကျောင်းသား‌တွေ စိတ်အေးသွားရပြီး စိတ်ကိုအသင့်ပြင်ကာ အသက်ကို စွန့်လွှတ်ကြောင်း အာမခံစာချုပ်ကို မျက်နှာတည်တွေနှင့် သွားထိုးလိုက်ကြ ပြီး အမှုထမ်းတွေရဲ့ အနောက်ကိုလိုက် ကာ အဆောင်ခန်းဆီ သွားလိုက်ကြ သည်။

 

ကျောင်းဆောင်အဟောင်းရှိ အဆောင် ခန်းတွေက နှစ်ထပ်အိပ်စင်နှစ်ခုရှိသော လူလေးယောက် အခန်းတွေဖြစ်ပြီး စားပွဲလေးခုံကို အလယ်မှာစုထားခဲ့၍ ဆယ်ပေပတ်လည် အခန်းလေးကို အလွန် ကျဉ်းသွားစေခဲ့သည်။ အဆောင်ခန်းထဲကို ဝင်ဝင်ချင်းမှာပဲ အောက်သိုးသိုးအနံ့က ဆီးကြိုနေခဲ့ သည်။

 

ထိုအနံ့က အချိန်အကြာကြီး စုပုံနေခဲ့ သော အမှိုက်ပုံကနေ ထွက်လာတဲ့အနံ့ လိုလို သို့မဟုတ် ရေဆိုးပိုက်ထဲကနေ လာတဲ့ အနံ့ဆိုးလိုလိုပင်။ဝမ်ယမ်လန် သူ့ နှာခေါင်းကိုအုပ်ကာ သက်ပြင်းချ လိုက်သည်။

 

“တစ်ချက်ကြည့်ရုံနဲ့တင် ယောက်ျားလေးအဆောင်ပဲ “

 

“သေချာပေါက်ကိုပဲ ယောက်ျားလေး အဆောင်ပေါ့”သူတို့အရှေ့မှာရှိနေခဲ့ သော ဝန်ထမ်းက အပြုံးဖြင့် ပြောလာခဲ့ သည်။

 

“ဒါက ကျောင်းဆောင်အဟောင်း ဖြစ်တာမို့ ရေဆိုးပိုက်တွေက မကြာခဏ ပိတ်တတ်တယ် ဒါကြောင့်မို့ လူတိုင်း သည်းခံပေးကြပါအုံး”

 

“သည်းခံလို့က ရပါတယ်”ကျိုးကျုံးချိုး ကို လုယုံရိ လက်ညိုးထိုးလိုက်ပြီး နားမလည်ဟန်ဖြင့် “မိန်းကလေးဖြစ်တဲ့ သူက ဘာကိစ္စ ယောက်ျားလေး အဆောင်ထဲကို ရောက်နေရတာလဲ”

 

ဝန်ထမ်းဖြစ်သူ၏ အပြုံးက ပြောင်းလဲ သွားခြင်းမရှိဘဲ “ကျွန်တော် အဆောင် ခန်းတွေကို စီစဉ်တဲ့အချိန်တုန်းက အမှားလုပ်မိသွားတာပါ ဒါပေမယ့် အဆင်ပြေပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေး ကွာခြားတာမှမရှိဘဲ။ ကျောင်းသားကျိုးက ပထမထပ်မှာရှိတဲ့ ဝန်ထမ်းရုံးခန်းကို လာပြီးတော့ ရေချိုး နိုင်ပြီး သန့်စင်ခန်းလည်း သုံးလို့ရပါတယ်”

 

ကောင်လေးတစ်ယောက်က အနောက် ကနေ အကျယ်ကြီးအော်ပြောလာခဲ့ သည်။ 

 

“အဲလိုဆိုရင် ကျွန်တော်တို့ အင်္ကျီချွတ် ပြီး လမ်း‌လျှောက်လို့ မရတော့ဘူးပေါ့”

 

“နင်တို့ကြိုက်သလို အဝတ်မပါဘဲ နေလို့ ရတယ် … ချွတ်ချင်တဲ့ဟာသာ ချွတ်”ကျိုးကျုံးချိုး လေသံကို ပျင်းတိပျင်းရွှဲ့ ဆွဲလိုက်ပြီး “ငါ့ကောင် … ငါကြိုက်တာ က လှပြီးတော့ နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးတွေပဲ။ နင်တို့မှာ အပိုပါလာ တဲ့ ရင်သားနှစ်ခုမရှိရင် အများကြီး အတွေးလွန်မနေကြနဲ့”

 

ရယ်သံတွေ ညံသွားခဲ့သည်။

 

ဝန်ထမ်းက အဆောင်ခန်းတစ်ခုချင်းစီ ကို ဝင်တိုင်းမှာ စာရင်းထဲကအတိုင်း နာမည်တွေကို ခေါ်ခဲ့သည်။ သူတို့တွေ ခြောက်ထပ်မှာရှိသော နောက်ဆုံး အဆောင်ခန်းဆီ ရောက်ချိန်မှာတော့ ဝန်ထမ်းက ပြောလာခဲ့သည်။ 

 

“ကျန်းလော့ ၊ ကျိုးကျုံးချိုး ၊ ပိုင်ယယ်ဖုန်း ၊ ရွှီယန်”

 

ကျန်းလော့ ဘေးဖက်ကို ကြည့်လိုက်ချိန် မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပိုင်ယယ်ဖုန်း က ကောင်လေးတစ်ယောက်ကို လက်မောင်းထဲမှာ ဖက်ထားရင်းနှင့် သူ့ဆီကို မျက်နှာမှာ အပြုံးကြီးနှင့် လျှောက်လာနေတာကို တွေ့လိုက်ရ သည်။

 

“တိုက်ဆိုင်လိုက်တာ”ပိုင်ယယ်ဖုန်း ဆံပင် အနက်ရောင်နှင့် လူငယ်လေးကို ပြုံးပြ လိုက်ပြီး “ငါတို့တွေ အဆောင်ခန်း တူတူကျတာပဲ”

 

ထူးဆန်းသော ရင်းနှီးသည့်ခံစားချက် ကြီးက ပြန်ရောက်လာခဲ့သည်။

 

ကျန်းလော့ သူ့မျက်လုံးတွေကို အနည်းငယ် မှေးလိုက်ပြီး “ဟုတ်ပ … ငါလည်း ဒီလိုတိုက်ဆိုင်မှုမျိုး ရှိလိမ့်မယ် မထင်ထားဘူး”

 

ပိုင်ဟွာတက္ကသိုလ်က နှစ်ယောက် နှင့် ရှန်ဟိုင်း တက္ကသိုလ်က နှစ်ယောက် အဆောင်ခန်းတစ်ခုတည်းမှာ အတူကျ ကြသည်။ ထိုဟာကို “တိုက်ဆိုင်မှု”လို့ တော့ ပြောလို့မရလောက်ပေ။

 

ဝန်ထမ်းက သူတို့တွေကို အဆောင်ခန်း ဆီပို့ပေးပြီး ထွက်သွားခဲ့သည်။ လူလေး ယောက် အခန်းရှေ့မှာ တခဏလောက် ရပ်နေခဲ့ကြသည်။ ပိုင်ယယ်ဖုန်း ခေါ်လာ ခဲ့သော လူငယ်လေးက ကျန်းလော့ကို သတိထားကာ ရန်လိုသောအကြည့်တွေ နှင့် ကြည့်လာခဲ့သည်။ ကြည့်ရတာ ပိုင်ယယ်ဖုန်း၏ နောက်လိုက်တွေ ရင်ထဲ မှာတော့ ကျန်းလော့က နံပါတ်တစ်ရန်သူ အဖြစ် သတ်မှတ်ခံလိုက်ရပြီးသည့်ပုံပင်။

 

ကျိုးကျုံးချိုး သူ့လက်တွေကို ကျန်းလော့ ပုခုံးပေါ်တင်ပြီး နှစ်ယောက် အတူတူ အဆောင်ခန်းထဲ ဝင်သွားလိုက် ကြသည်။ 

 

“အိပ်ရာအရင် ရွေးကြရအောင်”

 

ခြောက်ထပ်မြောက်က အခန်းတွေမှာ လည်း ရေဆိုးပိုက်က အနံ့ဆိုးတွေရှိ သည် သို့သော် ထိုနေရာမှာ အချိန် အတော်ကြာ နေပြီးချိန်မှာတော့ အနံ့ဆိုး ကို ထပ်မရကြတော့ပေ။

 

လူတချို့ သူတို့ရဲ့ပစ္စည်းတွေကို နေရာ ထားသိုပြီးချိန်မှာတော့ ကျန်းလော့နှင့် ကျိုးကျုံးချိုးတို့ အဆောင်ခန်းထဲကနေ ထွက်လာလိုက်ကြသည်။

 

ပြောနေစရာတောင်မလိုပဲ ဒီအခန်းထဲမှာ အဖွဲ့က နှစ်ဖွဲ့လို ဖြစ်နေတာကြောင့် သူတို့တွေ တစ်ယောက်နှင့်တစ်ယောက် စကားအများကြီး မပြောခဲ့ကြပေ။

 

ဤပြိုင်ပွဲမှာ ကျောင်းတစ်ကျောင်းတည်း က မဟုတ်သော သူတွေက အချင်းချင်း ပြိုင်ဘက်တွေပင်။ ထို့အပြင်ကို လူ အယောက် 130 ထဲက ပမာဏအနည်း ငယ်သာဖြစ်သော အယောက်30 သာ နောက်တစ်ဆင့်ကို တက်နိုင်မှာဖြစ်၍ လူတိုင်းက အချက်အလက်တွေကို ကာကွယ်ထားကြသည်။

 

ပိုင်ဟွာတက္ကသိုလ်က လူတွေအကုန် အဆောင်တွေရှေ့က မြေကွက်လပ်မှာ စုလိုက်ကြသည်။ ခွမ့်ကျိန်း နှင့် ဝမ်ယမ် က တစ်ခန်တည်းကျပြီး လုယုံရိနှင့် ယယ်ရွှင်က တစ်ခန်းဖြစ်ကာ ကောကျူ နှင့် စိုင်းလောင်အာတို့က တစ်ခန်းဖြစ် သည်။ သေချာကြည့်လိုက်တော့မှ အဆောင်ခန်းတစ်ခုတည်းမှာ ကျောင်း တစ်ခုစီကလူ နှစ်ယောက်စီဖြစ်နေခဲ့ သည်။

 

“အကုန်လုံးက လေးယောက်အခန်း တွေပဲ မဟုတ်ဘူးလား”ကျန်းလော့ မျက်မှောင်ကြုတ်လိုက်သည်။

 

“စာရွက်ထဲမှာ ရေးထားတဲ့ 4-5 ယောက် အခန်းထဲမှာဆိုတာက ကျောင်းဆောင် အဟောင်းက အဆောင်ခန်းတွေကို ရည်ညွှန်းထားတာ မဟုတ်ဘူးလား”

 

“ဖြစ်နိုင်ချေ အရမ်းရှိတယ်”ဝမ်ယမ်လန် တွေးလိုက်သည်။ “ညွှန်ပြ ထားတာက အရမ်းကို မရေမရာ ဖြစ်လွန်းတယ်။ အဲတာနဲ့ကိုက်ညီတဲ့ အချက်အလက်လည်း မရှိဘူး”

 

သူ ပြောပြီးသည့်နောက် ကျန်းလော့ကို ကြည့်လိုက်သည်။

 

“ကျန်းလော့ … မင်းရော တစ်ခုခုကို တွေ့မိသေးလား”

 

ကျန်းလော့ အဆောင်အဆောက်အဦး ကို ပြန်လှည့်ကြည့်လိုက်သည်။

 

ကောင်းကင်ကြီးက မှုန်မှိုင်းနေပြီးတော့ အဆောင်ခန်းအို၏ အဆောက်အဦးက မီးခိုးရောင်သန်းနေကာ ယိုယွင်းပျက်စီး နေခဲ့ပြီး သုံးထပ်နှင့် လေး‌ထပ်မြောက် မှာရှိသော နံရံတချို့က ကွာကျနေပြီး တော့ အထဲက မီးခိုးဖြူရောင် နံရံကြီးကို လှစ်ဟပြနေခဲ့သည်။

 

အဆောက်အဦးပုံစံကြီးက စိုထိုင်းထိုင်း နှင့် မှောင်မဲကာ လူတွေကို ကြည့်ဖို့ရာ တောင်မှ စိတ်ဓာတ်ကျစေသည်။

 

“ဒီနေရာက ငါ့ကို တော်တော်လေး စိတ်မသက်မသာ ဖြစ်စေတယ်”ကျန်းလော့ရဲ့ မျက်လုံးတွေက ခြောက် ထပ်မြောက်ကို ဝေ့ဝိုက်ကြည့်လိုက်ပြီး နောက်ဆုံး အဆောင်ပြတင်းပေါက်မှာ ရပ်သွားခဲ့သည်။ ထိုနေရာမှာ လူ တစ်ယောက် ရပ်‌နေပြီး အောက်ကိုငုံ့ ကြည့်နေခဲ့သည်။ ကျန်းလော့ ထိုသူကို မှတ်မိသည် … ပိုင်ယယ်ဖုန်းပင်။ 

 

“ဒီကျောင်းအဆောင်ဟောင်းဘက်ကို စလျှောက်လာကတည်းကစပြီး ငါ့ကို စိတ်မသက်မသာ ဖြစ်စေခဲ့တာပဲ”

 

ကျိုးကျုံးချိုး အတွေးနွံ နစ်သွားခဲ့သည်။ သူမက ခန္ဓာကိုယ်နှင့် ဝိညာဉ်ဒွန်တွဲ ကျင့်ကြံသောသူ ဖြစ်တာကြောင့် ထိုကဲ့ သို့သော အရာတွေကို သူမရဲ့ခန္ဓာကိုယ် က သာမန်သူတွေထက် ပိုပြီးတော့တုံ့ပြန် လေ့ရှိသည်။

 

“နင့်လောက်တော့ ပြင်းပြင်းထန်ထန် ကြီး မခံစားရပေမယ့်လည်း … ငါလည်း တစ်ခုခုဝောာ့ မှားနေတယ်လို့ ခံစားရ တယ်”

 

သူတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် နားလည်မှုဖြင့် ကြည့်လိုက် ကြသည်။

 

ကျန်းလော့ သူ့ရဲ့ ကျောင်းလွယ်အိတ်ကို ဖွင့်ကာ အထဲကနေ အဆောင်အထပ် လိုက်ကို ထုတ်ယူလိုက်သည်။

 

“တစ်ယောက် ငါးရွက်စီပဲ … ဒီထက်တော့ ပိုမရဘူး”

 

သူတို့အုပ်စုခမျာ ဝမ်းသာလွန်း၍ မျက်ရည်တွေတောင် စို့သွားကြပြီး ကျန်းလော့ဆီ ပြေးဝင်ကာ သူ့ကို နှစ်ကြိမ်နမ်းလိုက်ကြသည်။ 

 

“ကျန်းလော့ … မင်း ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သဘောကောင်းရတာ လဲ”

 

“ပြီးတော့ ငါတို့တွေ အဆောင်တွေ အများကြီးကို ရလိုက်တာ”

 

“မင်း ဒါတွေကို အချိန်တွေအကြာကြီး ရေးခဲ့ရမှာပဲ … ဟုတ်တယ်မလား”

 

ကျန်းလော့ နှိမ့်ချပြီး ပြောလိုက်သည်။

 

“မင်းတို့ရဲ့ လုံခြုံမှုက အရေးအကြီးဆုံး ပဲ”

 

သူ ရုတ်တရက် ထပြုံးလိုက်ပြီး “တကယ်တော့ ငါတို့တွေသာ အတူ ပေါင်းစည်းပြီးတော့လုပ်ရင် ငါတို့ ပထမနေရာကို ရနိုင်တယ်လေ”

 

ခဏတဖြုတ် ဆွေးနွေးပြီးနောက်မှာ ကောင်းကင်ကြီးက လုံးလုံးအုံ့မှိုင်းလာ ခဲ့သည်။သစ်ပင်တွေက လေကြောင့်မို့ တစ်ဝက်လောက် ငိုက်ညွတ်နေကြပြီး တိမ်တွေက စုစည်းလာခဲ့ကာ မိုးရွာချ တော့မည့်ပုံပင်။ 

 

ကောကျူ ကောင်းကင်ကို မော့ကြည့် လိုက်ပြီး ပြောလိုက်သည်။ “မနက်ဖြန် မနက် ခြောက်နာရီအထိ မိုးရွာလိမ့်မယ်။ ဒါကြောင့်မို့ အဆောင်ခန်းဆီကို အရင် ပြန်ကြတာပေါ့”

 

အဆောင်ကို ပြန်လာတဲ့လမ်းမှာ ရွာချ တော့မည့်မိုးကို ဂရုမစိုက်ဘဲ သဲလွန်စ တွေကို ထွက်ရှာနေကြသော ယှဉ်ပြိုင်သူ တွေ‌ တော်တော်များများလည်း ရှိသည်။  ထိုသူတွေက သူတို့ နောက်တစ်ဆင့်ကို ဝင်နိုင်မလားဆိုတာ မသေချာသော သူတွေဖြစ်ပြီး စိတ်ပူပန်စွာဖြင့် သူတို့ရဲ့ အဖိုးတန်သော အချိန်တွေကို မဖြုန်းတီး ရဲကြပေ။

 

ခြောက်ထပ်ထိမြင့်သော လှေကားတွေ ကို မတက်ရတာ ကျန်းလော့အတွက် အချိန်‌အတော် ကြာခဲ့ပြီပင်။ ကံကောင်း ထောက်မစွာဖြင့် သူနှင့် လုယုံရိတို့ ဒီ တစ်လအတွင်း လေ့ကျင့်ခန်းတွေကို အဆက်မပြတ်လုပ်နေခဲ့၍ သူ ထို လှေကားတွေကို တစ်ဆက်တည်း တက်ရချိန်မှာ သိပ်ပြီးတော့ မပင်ပန်း တာဖြစ်သည်။

 

အဆောင်ခန်းထဲမှာ ပိုင်ယယ်ဖုန်းက ရှိနေ‌ဆဲပေမယ့် ရွှီယန်ကိုတော့ သူ့ဘေး နားမှာ မတွေ့ရတော့ပေ။

 

ပိုင်ယယ်ဖုန်းက ပြတင်းပေါက်နားမှာ ခုံနှင့်ထိုင်ပြီး စာအုပ်တစ်အုပ်ကို ဖတ်နေ ခဲ့သည်။ ကျန်းလော့ နှင့် ကျိုးကျုံးချိုး ဝင်လာတာကို တွေ့ချိန်မှာ သူ ပြုံးပြလိုက် ပြီး ပြောလိုက်သည်”ပြန်လာကြပြီလား”

 

ကျိုးကျုံးချိုး ခေါင်းညိတ်ပြလိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။ 

 

“နင် ဘာကိုကြည့်နေတာလဲ”

 

ပိုင်ယယ်ဖုန်း စာအုပ်ကို ပိတ်လိုက်ပြီး “သံလိုက်အိမ်မြှောင်အကြောင်း အသေး စိတ်”ဆိုသည့် ခေါင်းစဉ်က ထင်းနေခဲ့ သည်။ သူ ပြုံးလိုက်ပြီး “ဒီလိုမျိုး အခြေခံစာအုပ်တွေကို ငါ ဖတ်ခဲတယ် လေ … သူတို့ကို တစ်ခါတစ်ရံ ဖတ် ကြည့်တော့လည်း အတော်လေးကို စိတ်ဝင်စားဖို့ကောင်းသားပဲ “

 

ကျန်း‌လော့ လူ နှင့် စာအုပ်ကို မျက်လုံး မှေး၍ ကြည့်လိုက်ပြီး အခန်းထဲရှိ အောက်သိုးသိုးအနံ့က ပိုပိုပြီးတော့ ဆိုးလာသလို ခံစားလိုက်ရပြီး သူ့ ကိုယ်ပေါ်မှာတောင် အနံ့တွေ စွဲကပ်လာ သလို ခံစားလာရသည်။

 

“ငါ ရေချိုးလိုက်အုံးမယ်”

 

ကျန်းလော့ ရေချိုးဆပ်ပြာဘူးကို ထုတ် လိုက်ပြီး အဆောင်ရေချိုးခန်းထဲကို ဝင်သွားလိုက်သည်။

 

ကျောင်းဆောင်အဟောင်းရှိ အဆောင် ရေချိုးခန်းတွေကလည်း သိပ်ပြီးတော့ မကောင်းပေ သို့သော် ကံကောင်းစွာဖြင့် အခန်းက သန့်ရှင်းပြီး ရှုပ်ပွနေခြင်းမျိုး မရှိချေ။ ကျန်းလော့ သူ့ကိုယ်ပေါ်ကို ရေချိုးဆပ်ပြာဂျယ်တွေ လိမ်းကျံလိုက် ပြီး ခေါင်းလျှော်နေစဉ်မှာ ရုတ်တရက် ဆိုသလို သူ သံချေးနံ့ကို ရလိုက်သည်။ 

 

ကျန်းလော့ မျက်လုံးတွေကို ဖွင့်ကြည့် လိုက်ချိန်မှာတော့ သူ့ခေါင်းပေါ်ရှိ ရေပူ တွေက သွေးရောင်တွေပြောင်းသွားခဲ့ ပြီး ရေတွေက ဂလူးဂလူးနှင့် အသံတွေ မြည်နေခဲ့ကာ သံချေးနံ့ကလည်း ပြင်းသထက် ပြင်းလာခဲ့သည်။ 

 

ကျန်းလော့ “…… ချီးပဲ”

 

သူ လက်ကရေတွေကို ခါလိုက်ပြီးနောက် ဘောင်းဘီအိပ်ကပ်ထဲက အဝါရောင် အင်းစာရွက်တစ်ရွက်ကို ထုတ်ကာ ရေပိုက်ခေါင်းမှာ ကပ်လိုက်သည်။ တခဏအကြာမှာတော့ သံချေးနံ့တွေ ပျောက်ကာ သွေးရောင်ကဲ့သို့ ရေတွေ ပြန်ကြည်လင်သွားခဲ့သည်။

 

ကျန်းလော့ ခေါင်းထက်မှာ အနီရောင် အရေတွေနှင့် ရေနောက်တစ်ထပ် ပြန်ချိုးလိုက်ရသည်။

 

သူ ရေပိတ်လိုက်ပြီး အဝတ်အစားဝတ် နေချိန်မှာ ရေချိုးခန်းတံခါးအပြင်ကနေ ခေါက်သံတစ်သံ ထွက်လာခဲ့သည်။

 

“ကျန်းလော့ … မင်း ရေချိုးလို့ ပြီးပြီ လား။ ငါလည်း ရေချိုးချင်သေးလို့”

 

ထိုသူကတော့ ပိုင်ယယ်ဖုန်းပင်။

 

ကျန်းလော့ တံခါးသွားဖွင့်ပေးလိုက်ပြီး အပြင်ကို ကြည့်လိုက်ချိန်မှာတော့ ကျိုးကျုံးချိုးက ရှိမနေခဲ့ပေ။

 

“သူ အောက်ဆုံးထပ်ကို ရေချိုးဖို့ သွားတယ်”ပိုင်ယယ်ဖုန်း ပြုံးလိုက်ပြီး “ပြီးတော့ သူ မကြာခင် ပြန်လာခဲ့မယ် ဆိုပြီး မင်းကိုပြောပေးဖို့လည်း မသွားခင်က မှာသွားသေးတယ်”

 

ကျန်းလော့ သူ့ကို ကြင်ကြင်နာနာ ပြုံးပြ လိုက်ပြီး “ကျေးဇူးတင်ပါတယ်”

 

သူ ပြန်လှည့်ကာ အဝတ်ဆက်ဝတ်လိုက် သည်။

 

ပိုင်ယယ်ဖုန်း သူ့ကို ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါပြုံးကာ ရေချိုးခန်းတံခါး ကို ညင်ညင်သာသာ ပိတ်လိုက်သည်။ ထို့နောက် သူ ဝတ်ထားသော လက်တို အင်္ကျီကို ချွတ်လိုက်သည်။

 

မှန်ထဲမှာ အသားအရေ ဖြူဖွေးပြီး ပိန်သွယ်သော အနက်ရောင်ဆံနွယ်နှင့် လူငယ်လေးက ခေါင်းကိုငုံ့ပြီး သူ့ရဲ့ ဘောင်းဘီကြယ်သီးတွေကို တပ်နေခဲ့ သည်။ သူ့အနောက်ကနေ ပိုပြီးသန်မာ သော ခန္ဓာကိုယ်တစ်ခုက တဖြည်းဖြည်း ခြင်း လျှောက်လာခဲ့သည်။

 

“ကျန်းလော့”ပိုင်ယယ်ဖုန်း မှန်ထဲကို ကြည့်လိုက်ပြီး “မင်း ရေချိုးနေတုန်းက တစ်ခုခုများ ဖြစ်ခဲ့သေးလား”

 

ကျန်းလော့ ခေါင်းမော့လိုက်ပြီး မှန်ထဲ ကနေ ပိုင်ယယ်ဖုန်းဖြင့် မျက်လုံးချင်း ဆုံလိုက်သည်။ သူ့ရဲ့ နှုတ်ခမ်းတွေ ရုတ်တရက် ကော့တက်သွားခဲ့ပြီး တောက်ပသော အပြုံးတစ်ပွင့် ပေးလာခဲ့ ပြီး သူ့လက်ဖမိုးထက်က အနီရောင်မှည့် လေးက သွေးစက်ကဲ့သို့ စိုလက်နေခဲ့ သည်။

 

“ဘာလို့ အဲလိုပြောတာလဲ”

 

ပိုင်ယယ်ဖုန်း ရေပိုက်ခေါင်းထက်က အဝါရောင်အင်းစာရွက်ကို ညွှန်ပြလိုက် ပြီး “အရင်က ဒီနေရာမှာ ဒါမရှိတာကို ငါ မှတ်မိပါတယ်”

 

“အို့ …. ဒါလား”ကျန်းလော့ သူ့လက်ကို မြှောက်ပြီး အဝါရောင်အင်းစာရွက်ကို ဖြုတ်ကာ သူ့ရဲ့ဘောင်းဘီအိတ်ထဲကို ထိုးထည့်လိုက်သည်။ 

 

“ငါရေချိုးတဲ့အခါ အဆောင်တွေကို အနားမှာ ကပ်ထားတတ်တဲ့ အကျင့်ရှိလို့ … အလုပ်ကြောင့်ဖြစ်တဲ့ ရောဂါပေါ့ … မင်း စိတ်ထဲထားလို့လား”

 

“မထားပါဘူး”ပိုင်ယယ်ဖုန်း သူ့ ပါးစပ် ထောင့်မှာ အပြုံးတစ်ပွင့်ကို ချိတ်ဆွဲထား ခဲ့ပြီး “ဒါက လုံခြုံတဲ့အကျင့်ပါပဲ”

 

ကျန်းလော့ သူနှင့် အလာပသလာပ စကားအချို့ ပြောလိုက်ပြီး အဝတ်အစား တွေဝတ်ကာ အပြင်ထွက်ဖို့ ကြံလိုက် သည်။ သို့သော် ပိုင်ယွီဖုန်းက ရုတ်တရက် လက်ဆန့်ပြီး ကျန်းလော့ ရဲ့ ပုခုံးကို ထိလာခဲ့သည်။ ကျန်းလော့ သူ့ လက်မောင်းကို အလိုအလျောက် ဆောင့်ဆွဲလိုက်ပြီး သူ့ကို ပုခုံးပေါ်ကနေ ရိုက်ချကာ ထို့နောက် ပိုင်ယယ်ဖုန်း၏ လည်မျိုကို သူ့ဒူးခေါင်းဖြင့် ခပ်ပြင်းပြင်း ထောက်ပြီး ပိုင်ယယ်ဖုန်း၏ လက် နှစ်ဖက်ကို သူ့ လက်နှစ်ဖက်ဖြင့် ချုပ်ထားလိုက်သည်။ သူ့ အကြည့်တွေ က ဓားအိမ်တွင်းမှာရှိနေသော ဓား တစ်ချောင်းကဲ့သို့ ထက်ရှကာ အေးစက် နေခဲ့သည်။ 

 

“မင်း ဘာလိုချင်တာလဲ”

 

ပိုင်ယယ်ဖုန်းက ကြမ်းပြင်ပေါ်မှာ အကြမ်းပတမ်း ချုပ်ခံထားရပေမယ့် သူ နာကျင်မှုကို မခံစားရသည့်ပုံပင်။ ထိုအစား သူ တိုးတိုးလေး ရယ်လာခဲ့ သည်။

 

“မရှိပါဘူး … ဘာမှမလိုချင်ပါဘူး … ကျန်းလော့ မင်းရဲ့ လည်ပင်းနောက်က ကော်လံက အနောက်လန်နေတယ်လို့ ပြောမလို့ပါ”

 

ကျန်းလော့ သူ့ကို အထက်စီးကနေ ငုံ့ကြည့်လိုက်သည်။ သူ့ရဲ့ ရေစိုနေ သောဆံပင်တွေက ပုခုံးထက်မှာ ကျဆင်းနေခဲ့ပြီး ရေတစ်ချို့က သူ့ရှပ်အင်္ကျီ၏ စုပ်ယူခြင်းကို ခံလိုက်ရ ပြီး ကျန်တစ်ချို့ကတော့ ပိုင်ယယ်ဖုန်း၏ မေးစေ့အပေါ် တစက်စက်ဖြင့် ကျနေခဲ့ သည်။ ပိုင်ယယ်ဖုန်း ရယ်တာကို တဖြည်းဖြည်းနှင့် ရပ်လိုက်ပြီး သူ့ကို အပြစ်ကင်းသည့်မျက်နှာပေးနှင့် ကြည့် လာခဲ့သည်။ 

 

“ဘာဖြစ်လို့လဲ”

 

ကျန်းလော့ သူ့နှုတ်ခမ်းတွေကို စေ့လိုက် ပြီး ထရပ်ကာ ပိုင်ယယ်ဖုန်းကို ထူပေး လိုက်သည်။ ပိုင်ယယ်ဖုန်း၏ ပုခုံးကို ခင်မင်ရင်းနှီးစွာဖြင့် သူ ပုတ်လိုက်ပြီး 

 

“တောင်းပန်ပါတယ် အတန်းဖော်ပိုင် … ငါက လူတွေအနောက်ကနေပြီး ငါ့ပုခုံး ကို ထိတာကို တကယ်မကြိုက်လို့ပါ … မင်းကို နာအောင်လုပ်မိလို့ တကယ် တောင်းပန်ပါတယ်”

 

ပိုင်ယယ်ဖုန်း နူးနူးညံ့ညံ့ ပြုံးလိုက်ပြီး “အဆင်ပြေပါတယ်”

 

ကျန်းလော့ သူ့ကို ကျေးဇူးတင်သည့် အပြုံးတစ်ပွင့် ဖြတ်ခနဲပြုံးပြလိုက်ပြီး ရေချိုးခန်းထဲကနေ လှည့်ထွက်လာလိုက် သည်။ သူ့ အနောက်ရှိ ရေချိုးခန်းတံခါး ပိတ်သွားချိန်မှာ သူ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ဘောင်းဘီ အိပ်ကပ်ထဲကို နှိုက်လိုက်သည်။ 

 

သို့သော် အဆောင်အစား … စက္ကူပြာ လက်တစ်ဆုပ်ကိုသာ သူ တွေ့ခဲ့ရသည်။

 

ကျန်းလော့ လက်ချောင်းတွေ လှုပ်သွား ခဲ့ပြီး သူ ရေချိုးခန်းတံခါးကို လှည့် ကြည့်လိုက်သည်။ သူ့ရဲ့ မျက်လုံးလှလှ လေးတွေ၏ ထောင့်လေးတွေက အနည်းငယ် မြင့်တက်သွားခဲ့ပြီး သူ့ ပါးစပ်ထောင့်တွေက ဖြည်းဖြည်းချင်း ကော့တက်သွားခဲ့သည်။

 

အာ။

 

****