အခန်း ၂၇
ကျောင်းကြီးခြောက်ကျောင်းထဲက တစ်ကျောင်းဖြစ်သော ဖုန်းမိသားစု၏ ဆရာသခင်အသစ်ဖြစ်သည့် ဖုန်းလီက ချီမိသားစု၏ခေါင်းဆောင် ချီယုံ၏ မျက်နှာကို သေချာပေါက်ကို တွေ့ဖူးသည်။
သူ အံ့ဩသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်၊ မကောင်းဆိုးဝါး အရောင်အဝါက ချီယုံဆီကနေ ထွက်လာတာကြောင့်လည်း ပါသလို သူပြောလာသည့် စကားတွေကြောင့်လည်း ပါသည်။
လူ နှင့် မကောင်းဆိုးဝါး နှစ်ယောက်စလုံးက တူညီတဲ့စကားတို့ကို ပြောလာခဲ့ကြ၍ သူတို့ပြောတာက သေချာပေါက်ကို အမှန်တရားဖြစ်သည် သို့သော် နက်ရှိုင်းသော ချစ်ခြင်းကို ဖုန်းလီ လုံးဝ မခံစားမိပေ။ ဖုန်းလီ၏ ညာလက်က ချိတ်စည်းတစ်ခုကို ပြေပြစ်ကြော့ရှင်းကာ ရေးဆွဲလာခဲ့ပြီး သူ၏ ရှည်သွယ်သော လက်ညိုးနှင့် လက်ခလယ်က အတူတူပူးကပ်သွားကာ သူ ခံစားချက်မဲ့စွာဖြင့် ပြောလိုက်သည်။ “နောက်ပြန်ဆုတ်စမ်း”
လူတွေ၏ မျက်းလုံးနှင့်မမြင်နိုင်သော မီးလျှံတစ်ခုက ထတောက်လာခဲ့ပြီး လေထုကိုတောင် အနည်းငယ် ပုံပျက်သွားစေခဲ့သည်။ လူအုပ်ကြီးကို မကောင်းဆိုးဝါးများအား နှင်ထုတ်နိုင်သော အစွမ်းရှိသည့်အပြင် သူတို့တွေကို သေသည်အထိ လောင်ကျွမ်းစေနိုင်သော ယင်စွမ်းအင် မီးလျှံများက ဝန်းရံထားခဲ့ပြီသည်။
ကျန်းလော့ကို စိတ်ဝင်တစားကြည့်နေခဲ့သော ချီယုံက နောက်ဆုံးမှပဲ ဖုန်းလီကို လှည့်ကြည့်တော့သည်။
မီးလျှံများက နီးကပ်လာချိန်မှာ ချီယုံ မျက်လုံးကို မှေး၍ကြည့်လိုက်ပြီး မီးလျှံတွေကို ပြန်တိုက်ခိုက်နိုင်သော စွမ်းအင်မရှိသည့်အလား အဆုံးမှာ ကျန်းလော့ ခန္ဓာကိုယ်ပေါ်ကနေ ဖယ်ခွာပြီး အရိပ်အယောင်မကျန်ခဲ့အောင် ပျောက်ကွယ်သွားခဲ့သည်။
ဖုန်းလီ သူ့လက်ကိုတည်တည်ငြိမ်ငြိမ် ပြန်ချလိုက်ပြီး မျက်မှောင်ကြုတ်၍ ကျန်းလော့ကို ကြည့်ကာ လေသံမာမာဖြင့် ပြောလိုက်သည်။
“အသက်ရှင်နေတဲ့ လူတွေနဲ့ သရဲတစ္ဆေတွေက သွားရာလမ်းမတူဘူး။ သူက မကောင်းဆိုးဝါးတောင် ဖြစ်သွားပြီ။ မင်း ဘာကို မျှော်လင့်နေသေးတာလဲ”
ဖုန်းလီဆီက စကားတစ်ခွန်းနှင့်တင် ချီယုံ ဖယ်ရှားခံလိုက်ရတာကို တွေ့ရတော့ ကျန်းလော့ အံ့အားသင့်သွားမိသည်၊ ဖုန်းလီက ဒီလောက်တောင်ပဲ အစွမ်းရှိတာလား။
မူလဝတ္ထုထဲက ဇာတ်လိုက်က ဒီလောက်တောင် အင်အားကြီးတာလား။
“လူကြီးမင်း ဖုန်း”ကျန်းလော့ပုံစံက အသိစိတ်လွတ်နေသည့် လူကဲ့သို့ပင်။ “သူက ကျွန်တော့်ကို အဖော်ပြုပေးနေရုံတင်ပါ … ကျွန်တော့်ကို အန္တရာယ်မပြုပါဘူး”
ဖုန်းလီ၏ မျက်နှာထက်မှာ သရော်ပြုံး ယဲ့ယဲ့ကလေး ရှိနေခဲ့သည်။ “မင်းကို အန္တရာယ်မပြုဘူးတဲ့လား”
သူ ဖုန်းမိသားစု၏ တပည့်တပန်းတွေကို မျက်စိဖြင့် ဝှေ့ကြည့်လိုက်ပြီး မျှော်လင့်စောင့်စားနေသော အကြည့်များစွာ၏အောက်မှာ ပါရမီရှင် တချို့ကို ရွေးထုတ်လိုက်ပြီး ကျန်းလော့ကို ပြန်ကြည့်လိုက်သည်။
“မနက်ဖြန်သုံးနာရီကျရင် မင်းနဲ့ သူတို့တွေ ငါ့ကို လာပြီးတော့တွေ့ကြ”
ဖုန်းလီ ပြောနေရင်းနှင့် ရပ်သွားပြီး သူ၏ အရောင်ဖျော့ဖျော့ မျက်လုံးတစ်စုံက ကျန်းလော့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လာခဲ့သည်။
“မကောင်းဆိုးဝါးဝိညာဉ်တွေက လူတွေကို အန္တရယ်ပြုနိုင်လား မပြုနိုင်ဘူးလားဆိုတာ ငါ မင်းကိုပြမယ်”
ထိုစကားကို ပြောပြီးနောက် ဖုန်းလီ ဥယျာဉ်ထဲကနေ လှည့်ထွက်သွားခဲ့သည်။
လူအုပ်ကြီး၏ မနာလိုဖြစ်နေသော အကြည့်တို့အောက်မှာ ကျန်းလော့ သက်ပြင်းချလိုက်မိ၏။
ဖုန်းလီက အင်းအားအရမ်းကြီးလွန်း၍ သူနှင့်မိတ်ဆွေဖြစ်နိုင်လျှင် ကောင်းသည်။ သို့သော် ဖုန်းလီ၏သဘောထားက ပြောရလျှင် ဆရာတစ်ယောက်အနေနှင့်တော့ ကောင်းပေမဲ့ လူတစ်ယောက်အနေနှင့်တော့ တည်ကြည်လေးနက်လွန်းသည်။ သည်ဟာကကိုပင် မူလဝတ္ထုထဲရှိ အဓိကဇာတ်လိုက်က ဆက်ဆံဖို့ မလွယ်ကူသည့်သူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေခဲ့သည်။
ထို့အပြင်ကို ဖုန်းလီ၏ စကားတွေက ရုတ်တရက်ဆန်လွန်း၍ ကျန်းလော့ အငိုက်မိသွားခဲ့၏။ တစ်ခြားသူအတွက်တော့ ဒီလိုအခွင့်အရေးကောင်းမျိုးရတာ ဂုဏ်ယူစရာပေမယ့် လူတစ်ယောက်က ဘာအကြောင်းရင်းမှမရှိဘဲ ကူညီပေးလာလိမ့်မည်ဟု ကျန်းလော့ကတော့ မယုံကြည်ပေ။
သူ သက်ပြင်းထပ်ချလိုက်ပြီး ဥယျာဉ်ထဲကနေထွက်ကာ ကြည့်နေကြသော လူအုပ်ကြီးကို နောက်မှာချန်ထားရစ်ခဲ့သည်။
အလည်အပတ်ခရီးထွက်မည့်အစီအစဉ်ကို ရွှေ့လိုက်ရပေမယ့် ပိုင်ဟွာ တက္ကသိုလ်ကလူတို့ ညစာကိုတော့ စီစဉ်ထားသည့်အတိုင်း ထွက်စားလိုက်ကြသည်။
ဟိုတယ်ကို ပြန်ရောက်ပြီးနောက်မှသာ သူတို့တွေ ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြိုင်ပွဲဝင်တချို့အကြောင်းကို သိလိုက်ကြရ၏။
ထိုလူများနှင့်ယှဉ်လျှင် ပိုင်ဟွာတက္ကသိုလ်ရှိ လူတို့က အတော်လေး ကံကောင်းကြသည်။ အထူးသဖြင့် ကံကောင်းခြင်းတို့နှင့် ပြည့်နေသော စိုင်းလောင်အာလို လူမျိုးက ကျန်းလော့နှင့် ပြဒါးတစ်လမ်း သံတစ်လမ်းပင်။
သူတို့တွေ ဘာဘီကျူး လုပ်စားကြရန်အတွက် တောထဲကို သွားလိုက်ကြသည်။ သူတို့ အကင်ဗန်းကို ဆင်လိုက်ပြီး ပါဝင်ပစ္စည်းတွေကို အသင့်ပြင်လိုက်ကြသည်။ လုယုံရိကဆိုလျှင် အနီးနားမှာပေါက်နေသော မှိုကိုတောင်ခူးပြီးတော့ လူတိုင်းစားဖို့ရာအတွက် ကင်မလို့ လုပ်လိုက်သေးသည်။
ပျော်ပွဲစားထွက်လာသော နေရာ၏ဘေးမှာ မေဘယ်တောအုပ်လေးတောင် ရှိသေးသည်။ မေလပဲရှိသေးတာမို့ အရွက်တွေက စိမ်းနေသေး၏။ ဝမ်ယမ်လန်ဆီကနေ ကျန်းလော့ ဆေးလိပ်တစ်လိပ် တောင်းလိုက်ပြီး လမ်းတစ်ဖက်ကိုသွားကာ မျက်လုံးထဲမှာ တောက်ပနေခဲ့သော သဘာဝရှုခင်းကို ခံစားရင်း စိတ်အပန်းဖြေလိုက်သည်။
နောက်တခဏအကြာမှာ ဝမ်ယမ်လန်က သူ့ဆီ ချဉ်းကပ်လာပြီး ရေတစ်ဘူး ကမ်းပေးလာခဲ့သည်။ “စိတ်ခံစားချက် ကောင်းနေတာလား”
ကျန်းလော့ ပြုံးလိုက်ပြီး “ငါက အမြဲတမ်း စိတ်ခံစားချက် ကောင်းနေတာပါပဲ”
ဝမ်ယမ်လန် ပေါ့ပေါ့ပါးပါးပင် ပြောလာခဲ့သည်။ “သူတို့ကတော့ မမြင်ဘူးလေ … ဒါပေမဲ့ ငါကတော့ မတူဘူး။ ကျန်းလော့ မင်း သတိမထားမိဘူးလား”
သူ ကျန်းလော့၏ရင်ဘတ်ကို တံတောင်ဖြင့် အသာအယာတွန်းရင်း ပြုံးလိုက်သည်။ “ချီယုံ သေသွားပြီးကတည်းက မင်းရဲ့ စိတ်အခြေအနေက တစ်ခုခုတော့ ဖြစ်နေခဲ့တာ”
“မင်းကို တွန်းအားပေးနေတဲ့ တစ်စုံတစ်ခု ရှိနေခဲ့သလိုမျိုးပေါ့”ဝမ်ယမ်လန် နူးနူးညံ့ညံ့လေး ပြောလိုက်သည် “မင်းအနောက်မှာ တစ်ခုခုရှိနေခဲ့သလိုမျိုး မင်း စိတ်တွေ ပူပန်နေခဲ့တာ။ မင်း အားမထုတ်ရင် တစ်ခုခုကို နောက်ကျသွားတော့မယ့် အတိုင်းပဲ။ ကျန်းလော့ မင်း တကယ် စိတ်အေးလက်အေးနဲ့ အနားယူခဲ့တာ ဘယ်လောက်တောင် ကြာသွားပြီလဲ”
ကျန်းလော့ လက်မထောင်ပြလိုက်ပြီး လေးစားမိသွားသည်။ “ဝမ်ယန် မင်း တကယ် အံ့ဩဖို့ကောင်းတာပဲ”
ဝမ်ယမ်လန် ပြုံးလိုက်ပြီး သက်ပြင်းချကာ “မင်း တကယ်ပဲ ဘာကိုစိုးရိမ်နေတာလဲ”
ဝမ်ယမ်လန်၏ စကားကို ကျန်းလော့ မငြင်းပယ်ခဲ့ပေ။
ဝမ်ယမ်လန်က သူ့စိတ်အခြေအနေနှင့် ပတ်သတ်ပြီး တစ်ခုခုမှားယွင်းနေမှန်း ခံစားမိနေခဲ့သည်။ အမှန်တကယ်ကိုပင် ချီယုံဆီကနေ အိပ်မက်ထဲမှာ ဆယ့်ရှစ်ကြိမ် အသတ်ခံရပြီးကတည်းက ကျန်းလော့ စိတ်လွတ်ပြီးတော့ ရူးသွပ်လုနီးပါးပင်။
လူတစ်ယောက်က တစ်ကြိမ်အသတ်ခံရတာနဲ့တင်ကို တော်တော်လေး ဆိုးနေပြီပင်။ သို့သော် ကျန်းလော့ကတော့ ချီယုံဆီမှာ မတူညီသော သေခြင်းဆယ့်ရှစ်မျိုးဖြင့် ထပ်တလဲလဲ အသတ်ခံခဲ့ရသည်။ သူ့ မျက်လုံးကို အသိကပ်၍ ဖွင့်လာနိုင်ခဲ့ဖို့ကိုပင် သူ စိတ်ခွန်အားအများကြီး သုံးခဲ့ရ၏။
သို့သော် သူ ခံစားခဲ့ရသော ထိခိုက်မှုကတော့ ကျန်းလော့၏ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်နေဆဲပင်။ သူ ပုံမှန်ဖြစ်အောင် ဘယ်လောက်ပဲ ကြိုစားနေပါစေ ကျန်းလော့ဆီမှာ ရူးသွပ်မှုတချို့ကတော့ ကျန်နေဆဲပင်။
သူ့အဖော်ဖြစ်သူ၏ စိတ်ပူပန်မှုကို ကျန်းလော့ လက်ခံလိုက်သည်။ သို့သော် စိတ်ပိုင်းဆိုင်ရာမှာ တစ်ခုခုဖြစ်နေတယ်လို့တော့ ပြောပြဖို့ခက်၏။ သူ ချီယုံကို ဆယ့်ရှစ်ကြိမ်ပြည့်အောင် ပြန်မသတ်ရသရွေ့တော့ ဘယ်စကားကမှ အရာထင်မှာမဟုတ်ပေ။
ကျန်းလော့ ပြုံးလိုက်ပြီး “ဒီလိုပြိုင်ပွဲကြီးကို အရင်တုန်းက မပြိုင်ဘူးတော့ နည်းနည်းစိတ်လှုပ်ရှားနေတာပါ ဒါပေမယ့် အဆင့်နှစ်ဆင့်ကို ဖြတ်ပြီးသွားတော့ နည်းနည်း သက်သာလာပါပြီ”
ဝမ်ယမ်လန် ထိုအကြောင်းကို ဆက်ပြောမလာတော့ပေ။ သူ့နှင့် စကားအချို့ စမြည်ပြောပြီးနောက်မှာ သူ့ကို သီးသန့်အချိန်ပေးလာခဲ့ပြီး ဘာဘီကျူး လုပ်စားနေကြသော အုပ်စုဆီ ပြန်သွားခဲ့သည်။
ကျန်းလော့ အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး သူ့မျက်စိရှေ့မှာ ပျံသန်းသွားသော အရောင်စုံလိပ်ပြာတို့ကို မျက်လုံးမှေး၍ ကြည့်လိုက်သည်။ သူ၏ ရှည်လျားပြီး သေးသွယ်သော မျက်လုံးထောင့်တွေက အနည်ငယ် ကော့တက်လာခဲ့သည်။ သူ သဘာဝအလှကို ခံစားနေသည့် အခိုက်မှာပဲ လေတစ်သုတ်က ကျန်းလော့ထံ အရှိန်ဖြင့် တိုက်ခတ်လာခဲ့၏။ လေအရှိန်က ပြင်းလွန်း၍ ကျန်းလော့၏ဆံပင်တောင် မျက်နှာပေါ် ဖွာကျလာခဲ့သည်။
“…..ချီးပဲ”ကျန်းလော့ ကျိန်ဆဲလိုက်ပြီး သူ့ဆံပင်ကို ပြန်ချည်လိုက်သည် “မနက်ကျရင် ညှပ်ကိုပစ်မယ်”
ဘာဘီကျူးက အလွန်စားကောင်းသလို သူတို့ ယွင်နန်၏ ဒေသထွက်အစားအစာ အများကြီးကိုလည်း မှာစားလိုက်ကြ၏။ သို့သော် ဘာလီဝိုင်ကတော့ ကျန်းလော့အတွက် သောက်ရတာ နည်းနည်းထူးဆန်းနေခဲ့သည်၊ အရသာက လက်ဖက်ရည်ကြီး သောက်နေရသလိုပင်။
ညပိုင်းကို အပန်းဖြေအနားယူပြီးနောက် ကျန်းလော့ တစ်ချိုးတည်းအိပ်လိုက်ပြီး နောက်တစ်နေ့နေ့လည်ခင်းမှ နိုးလာတော့သည်။ နေ့လည်စာ စားပြီးချိန်မှာ သူ ဆံပင်ညှပ်ဖို့ ပြင်လိုက်သည်။
သူ ဆံပင်ညှပ်ဆိုင်သုံးဆိုင် သွားခဲ့ပေမယ့် တစ်ဆိုင်မှ မဖွင့်ပေ။ ကျန်းလော့ ကတ်ကြေးတစ်လက်ပဲ ဝယ်လာလိုက်ပြီး ဟိုတယ်ကို ပြန်လာခဲ့သည်။ သူ အခန်းထဲက မှန်ကိုကြည့်ပြီး သူကိုယ်တိုင် ဆံပင်ညှပ်ဖို့ ပြင်လိုက်သည်။
သူ ဆံပင်အရှည်ကိုတိုင်းပြီးတော့ ဗြိကနဲ ညှပ်ချဖို့လုပ်လိုက်သော်လည်း အခုလေးတင် ဟထားခဲ့သော ကတ်ကြေးကို ပြန်စေ့လို့မရတော့တာ တွေ့လိုက်ရသည်။
ကျန်းလော့၏ မျက်နှာမဲသွားခဲ့သည်။
သူ ကတ်ကြေးကို အားနှင့်ဖိကိုင်လိုက်ပြီး ကတ်ကြေးပေါ်မှာရှိနေသော လက်ချောင်းလေးတွေတောင် အဖြူရောင်သန်းလာခဲ့သည်။ လက်ချောင်းတွေ နာလာသည့်တိုင် ကတ်ကြေးကတော့ ပြန်စေ့မည့် အရိပ်အယောင်မရှိပေ။
ကျန်းလော့ မှန်ကိုမော့ကြည့်လိုက်သည်။
မှန်ထဲမှာ သူ့ဆံပင်က ပခုံးနှစ်ဖက်ပေါ် ပိုသားလေးကဲ့သို့ ဖြာကျနေခဲ့သည်။ သူ့နဖူးထက်မှာ ရှိနေသောဆံနွယ်တို့က ကြာဖူးလေးအလား အတွင်းသို့ ငုံနေခဲ့ပြီး လူငယ်လေး၏ လှပသော မျက်ခုံးတန်းတို့၏ ဘေးဖက်မှာ ကျဆင်းနေခဲ့သည်။
ကျန်းလော့ ကတ်ကြေးကို ကိုင်ထားသော လက်ကိုဖြည်လိုက်ရာ ငွေရောင်ကတ်ကြေးက ကြမ်းပြင်ပေါ် အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျသွားခဲ့သည်။
လုံးဝစေ့လို့မရခဲ့သော ကတ်ကြေးအသွားနှစ်ဖက်က ကြမ်းပြင်နှင့်ရိုက်မိသည့် တခဏမှာ ပြန်စေ့သွားခဲ့သည်။
ကျန်းလော့၏ မျက်ခုံးတွေ တွန့်ချိုးနေခဲ့ပြီး ကြည့်မှန်ပေါ်မှာ ရေစာတွေ တဖြည်းဖြည်းနှင့် ပေါ်လာခဲ့သည်။
မင်းကို ဆံပင်အရှည်နဲ့ ပိုကြိုက်တယ်။
ချီယုံ။
ကျန်းလော့ အံကြိတ်ပြီး ထိုနာမည်ကို ရင်ထဲမှာ ရွတ်လိုက်သည်။
ချီယုံကို အရေခွံနွာ အရွတ်တွေကို ဆွဲနှုတ်ပြီး သူ့သွေးအရသာကရော သူ့အတိုင်းပဲ ငြီးငွေ့ဖို့ကောင်းလားဆိုတာ မြည်းစမ်းကြည့်ချင်မိသည်။
ဘယ်လိုတောင် ဘေးနားမှာ တဝဲလည်လည် လုပ်နေတာလဲ။
ငါ့ဟာငါ ဆံပင်ညှပ်တာ မင်း သောက်ပူပါလား။
စာတန်းပေါ်လာချိန်ကနေ ပျောက်ကွယ်သွားသည်အထိ ကျန်းလော့ အေးတိအေးစက်ဖြင့် စိုက့်ကြည့်နေလိုက်၏။ အပြင်ဘက်ကနေ အလန်းပေးထားသည့် အသံမြည်လာခဲ့ပြီး လုယုံရိက အော်ပြောလာခဲ့သည်။
“ကျန်းလော့ မင်း ဖုန်းလီဆီ သွားတွေ့ရမယ့် အချိန်ရောက်ပြီ”
ကျန်းလော့ ဒေါသကိုထိန်းချုပ်ကာ မှန်ကိုလစ်လျူရှုပြီး ရေချိုးခန်းထဲကနေ ထွက်သွားလိုက်သည်။
တံခါးက ဝုန်းဆိုသော အသံကျယ်ကြီးနှင့်အတူ ပိတ်သွားခဲ့၏။
သုံးနာရီထိုးချိန်မှာ ဖုန်းလီ ရှေ့မှောက်ကို ကျန်းလော့ အချိန်အတိအကျ ရောက်သွားခဲ့သည်။
သူ ရောက်သွားချိန်မှာ တခြားလူများက အစောကြီး ရောက်နှင့်နေပြီဖြစ်သည်။ ကျန်းလော့ နောက်ကျမှ ရောက်လာတာကိုတွေ့ချိန်မှာ ဖုန်းလီကို နတ်ဘုရားအလား ထင်မှတ်ထားကြသော သူတွေက ကျန်းလော့ခန္ဓာကိုယ်မှာ အပေါက်ကြီး နှစ်ပေါက်ဖြစ်လာတော့မတတ် စိုက်ကြည့်လာခဲ့ကြသည်။
ကျန်းလော့က ထိုနေရာမှာတင် တည်တည်ငြိမ်ငြိမ် ရပ်လိုက်သည်။ ဖုန်းလီက သူ့ကို အကြည့်တစ်ချက် ပေးလာပြီး ဘာမှမပြောခဲ့ပေ သို့သော် သူ မတ်တပ်ထရပ်လိုက်ပြီး ပြောလာခဲ့သည်။ “သွားကြရအောင်”
ကားထဲကို အုပ်စုလိုက်ဝင်လိုက်ကြပြီး တချို့လူတွေက တလေးတစားဖြင့် မေးလာခဲ့ကြသည်။ “လူကြီးမင်း ဖုန်း … ကျွန်တော်တို့ ဘယ်ကိုသွားနေကြတာလဲ”
“ငါ့ကို ကိစ္စအသေးလေးတစ်ခု ဖြေရှင်းပေးဖို့အတွက် တောင်းဆိုထားတာလေးရှိလို့”ဖုန်းလီ ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။ “ပြီးတော့ မင်းတို့က ငါနဲ့လိုက်ခဲ့ရမယ်”
လူတစ်စု နားလည်ကြောင်း တုံ့ပြန်လိုက်သည်။
တစ်နာရီကြာပြီးနောက်မှာ ကားက စံအိမ်ကြီးတစ်ခုရှေ့မှာ ရပ်သွားခဲ့သည်။ ဖုန်းလှက အရင်ဆင်းလိုက်ပြီး ကျန်တဲ့သူများက သူ့နောက်ကနေ လိုက်ကာ အကြည့်တစ်ချက်မလွှဲဘဲ စံအိမ်ထဲကို ဝင်သွားလိုက်ကြသည်။
သူတို့တွေ ဧည့်ခန်းမထဲကို မဝင်ရသေးခင်မှာပဲ ချောင်ကျနေသော မျက်တွင်းနှင့် အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦးက အမြန်ထွက်လာပြီး သူတို့ကို ခရီးဦးကြိုပြုလာခဲ့သည်။
“လူကြီးမင်း ဖုန်း … နောက်ဆုံးတော့ ရောက်လာပြီပဲ”
ဖုန်းလီခေါင်းကို အနည်းငယ် ညိမ့်ပြလိုက်သည်။ လူငယ်လေးက အသက်ရှင်ဖို့အတွက် ကောက်ရိုးတစ်မျှင်ကို တွေ့လိုက်ရသည့်အလား သက်ပြင်းချလိုက်ပြီး “ဝင်လာခဲ့ကြပါ”
စံအိမ်ကြီးကို အထပ်နှစ်ထပ်ခွဲထားပြီး အောက်ထပ်က ပေတစ်ရာ့နှင့်ငါးဆယ်လောက်ရှိသည်။ သူ အိမ်ထဲကို ဝင်ပြီးလျှင်ပြီးချင်းမှာပဲ ဖုန်းလီ ခြေလှမ်းကိုရပ်လိုက်ပြီး ခေါင်းလှည့်ကာ ကျန်းလော့နှင့် တခြားသူတွေကို မေးလာခဲ့သည်။
“မင်းတို့ ဘာကိုတွေ့ကြလဲ”
ကျန်းလော့၏ ဘေးနားမှာရှိသော ဝမ်စန်းထန်းဟုခေါ်သည့်လူက လေးလေးနက်နက်ဖြင့် ပြောလာခဲ့သည်။ “ထင်ရှူးပင်နဲ့ ကျောက်ပန်းပင်ကို ခြံဝန်းထဲက ခန်နေရာမှာ စိုက်ထားတယ်။ ထင်ရှူးပင်နဲ့ ကျောက်ပန်းက အိမ်ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိပြီးတော့ စည်းစိမ်တွေကို နှစ်ဆတိုးပွားစေပြီး ထာဝရတည်မြဲစေလိမ့်မယ်”
နောက်လူတစ်ယောက်က ထပ်ပြောလာခဲ့သည်။ “ထင်းရှူးပင်ကို အဝင်ဝမှာ စိုက်ထားတာကြောင့် မကောင်းဆိုးဝါးတွေကို ဖယ်ရှားပေးပြီး ရွှေငွေလာဘ်လာဘတွေကို ဆွဲဆောင်နိုင် လိမ့်မယ်။ ဘုရားရှင်ရဲ့ဝမ်းတော် ဝါးပင်တွေကိုလည်း ဒီအထဲမှာ စိုက်ပျိုးထားတယ်။ အဲဒီ့အပင်က မကောင်းဆိုးဝါးတွေ ကြောက်ရွံ့ကြတဲ့ မကောင်းဆိုးဝါးနှင့်တဲ့ အပင်တွေထဲက တစ်ခုပဲ။ ဒီအိမ်ရဲ့ပိုင်ရှင်က အတော်လေးကို ချမ်းသာကြွယ်ဝတဲ့သူပဲ ဖြစ်ရမယ်။
ဝမ်စန်းထန်း သူ လုံလုံလောက်လောက် မပြောလိုက်မိဟု ခံစားလိုက်ရပြီး မခံမရပ်နိုင်ဖြစ်နေသော မျက်နှာဖြင့် ခေါင်းကိုငုံ့လိုက်သည်။
ဖုန်းလီ မှားသည်မှန်သည်မပြောဘဲ ခေါင်းညိတ် လိုက်ပြီး ကျန်းလော့ကို ကြည့်လာခဲ့သည်။ “မင်းရော ဘယ်လိုထင်လဲ”
ကျန်းလော့ မျက်နှာထား တည်တည့်တံ့တံ့နှင့်ပင် ဖြေလိုက်သည်။
“ကျွန်တော်ကတော့ ဒီအိမ်ကမိသားစုက မကောင်းတဲ့အရာတွေ အများကြီးနဲ့ ကြုံတွေ့နေရတယ်လို့ထင်တယ်”
****