အခန်း ၂၉
ခယ့်ဝမ်ဝေ့ ချွေးတွေကိုသုတ်ရင်း ပြောလာခဲ့သည်။ “ ပန်းချီကားထဲက ယောင်္ကျားက ကျွန်တော့်ရဲ့အချစ်ဆုံး သူငယ်ချင်းလီအာပါ … ကျွန်တော် ကလေးဘဝကတည်းက ဆော့ဖော်ဆော့ဖက်ပေါ့။
“ ကျွန်တော် မကြီးပွားခင်အချိန်တုန်းက သူနဲ့အတူ တွဲသွားတွဲလာလုပ်ခဲ့တာ” ခယ့်ဝမ်ဝေ့ ဆက်ပြောလာခဲ့၏။
“ သူက ကျွန်တော့်အတွက်တော့ ညီအစ်ကိုလိုပဲ ၊ မရှိအတူ ရှိအတူ ကျော်ဖြတ်ခဲ့ကြပြီး အခက်အခဲတွေကိုလည်း ရင်ဆိုင်ခဲ့တာပေါ့ ။ ကျွန်တော်တို့ အသက်ဆယ့်ခုနှစ် ဆယ့်ရှစ်နှစ်လောက် အရွယ်မှာ ကျွန်တော့်သူငယ်ချင်းက သူချစ်ရတဲ့သူကို ရှာတွေ့သွားခဲ့ပြီး … ကျွန်တော်တို့တွေ ဒီလုပ်ငန်းကို စလုပ်ခဲ့ကြတယ်”
လူသေတို့၏ သင်္ချိုင်းဂူကို ဖောက်ပြီး တန်ဖိုးရှိပစ္စည်းတွေကို ရှာကာ ရောင်းစားခဲ့ကြသည်။
“ ဒါပေမယ့် တစ်ကြိမ်မှာတော့ … ကျွန်တော်တို့တွေ သင်္ချိုင်းဂူထဲမှာ မတော်တဆဖြစ်ခဲ့ကြပြီး သူ ပြန်မလာနိုင်ခဲ့ဘူး” ခယ့်ဝမ်ဝေ့ မျက်ရည်တွေကို သုတ်လိုက်ပြီး “ကျွန်တော်တစ်ယောက်တည်း ပြန်ထွက်လာနိုင်ခဲ့ပြီး အဲဒီ့နောက်မှာ ကျွန်တော်လည်း ဘယ်တော့မှ သင်္ချိုင်းဂူထဲကို ထပ်မသွားတော့ဘူး။ စုဆောင်းထားတာလေးတွေကို ထုခွဲပြီးတော့ ကျွန်တော် လုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့တယ် … မျက်စိတစ်မှိတ်အတွင်းမှာ နှစ်နှစ်ဆယ်နီးပါးတောင် ရှိခဲ့ပြီပဲ”
ကြာလွန်းအားကြီး၍ ထိုစဉ်အခါက ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို သူ မေ့တောင်နေပြီဖြစ်ပြီး ပန်းချီကားထဲက နောက်ကျောကိုလည်း သူ အမှတ်မရတော့ပေ။
ဖုန်းလီ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ “ ဒါပဲလား”
ခယ့်ဝမ်ဝေ့ ခေါင်းညိမ့်လိုက်သည်။
ဖုန်းလီ မေးလိုက်၏။ “ ခင်ဗျား သူ့အပေါ်မှာ အမှားလုပ်မိထားတာရှိလား”
ခယ့်ဝမ်ဝေ့ တခဏလောက် တုံ့ဆိုင်းသွားပြီး အံကြိတ်ကာ ပြောလာခဲ့သည်။ “ အဲဒီအချိနိတုန်းက သင်္ချိုင်းဂူထဲကနေရလာတဲ့ ပစ္စည်းတွေကို ရောင်းလို့ရတဲ့ငွေတွေကို ကျွန့်တော့်အတွက်ပဲ သုံးလိုက်ပြီး သူ့မိသားစုကို တစ်ပြားတစ်ချပ်တောင် မပေးလိုက်မိဘူး”
ခယ့်ဟေးထန် မယုံကြည်နိုင်ဘဲ “ အဖေ … ဘယ်လိုလုပ်ပြီး …”
“ပါးစပ်ပိတ်ထားစမ်း” ခယ့်ဝမ်ဝေ့ ငေါက်လိုက်သည်။ “ အဲဒီ့ပိုက်ဆံတွေ မရှိဘဲ … မင်းအခုနေနေရသလိုမျိုး နေနိုင်မယ်ထင်လား”
ထို့နောက်မှာ မျက်နှာအမူအရာ ပြန်ပြောင်းသွားပြီး မျက်နှာမှာ အပြုံးကြီးဖြင့် “ လူကြီးမင်းဖုန်း… ကျွန်တော့်ကို လဝက်နေရင် သေလိမ့်မယ်လို့ပြောတာ … ဘာများ ဖြစ်လို့လဲ”
ဖုန်းလီ အမူအရာမပြောင်းလဲဘဲ ပြောလိုက်သည်။ “ ဒီ လူသားအရေပြား စက္ကူပေါ်မှာ ပြင်းထန်တဲ့ မကောင်းဆိုးဝါး အငွေ့အသက်တွေရှိနေတယ်။ သူက ခင်ဗျားကို ကလဲ့စားလာချေတာပဲ။ ဒီပန်းချီကားက ခင်ဗျားအပေါ် သက်ရောက်ပြီးတော့ လူစိတ်ကင်းမဲ့လာစေလိမ့်မယ် ပြီးတာနဲ့အဆုံးမှာ သူသေသလိုပဲ ခင်ဗျားလည်းသေရလိမ့်မယ်”
ဖုန်းလီ၏ စကားကိုကြားချိန်မှာ ကျန်းလော့ ခယ့်ဝမ်ဝေ့၏လက်မောင်းပေါ်က ကုတ်ရာတွေကို လှမ်းကြည့်လိုက်သည်။
သူ့မိန်းမနှင့်သားဖြစ်သူ၏ ပြောပုံအရဆိုလျှင် ခယ့်ဝမ်ဝေ့က သူ့ အရေပြားကို ပြဲထွက်တော့မဲ့အထိ ကုတ်တယ်ဆိုလားပဲ။ သူလည်း နောက်ဆုံးမှာ ပန်းချီဆွဲထားတဲ့ လူသားအရေပြားလိုမျိုး အရေပြားတွေ ကွာကျတော့မှာလား။ခယ့်ဝမ်ဝေ့၏စကားတွေထဲမှာ သေချာပေါက် လိမ်ထားတာရှိနေသည်။
တခဏကြာသွားပြီးနောက်မှာ ခယ်ဝမ်ဝေ့၏ မျက်နှာထက် အကြောက်တရားတွေ ဖြတ်ပြေးသွားခဲ့သည်။
“လူကြီးမင်း ဖုန်း … ကျွန်တော် ဘယ်လိုလုပ်ရမလဲ”
“ သူက အရမ်းအားကောင်းတဲ့ မကောင်းဆိုးဝါးဖြစ်သွားခဲ့ပြီ … သူ့ကို အနိုင်ယူဖို့ တစ်နည်းပဲရှိတယ်” ဖုန်းလီ ပြောလိုက်သည်။ “ ဒါပေမယ့် အဲဒီလိုမလုပ်ခင်မှာ သူရသင့်ရထိုက်တာကို ပြန်အလျော်ပေးရမယ်။ ခင်ဗျားက သူ့ရဲ့ပိုက်ဆံတွေနဲ့ပါ ဒီအိမ်ကြီးကို ဆောက်ထားတာဆိုတော့ သူ့မိသားစုကို ပိုင်ဆိုင်မှုတစ်ဝက် ပြန်ပေးရလိမ့်မယ် ပြီးတာနဲ့ ဖုန်းရွှေကောင်းတဲ့ နေရာတစ်ခုကိုရှာပြီး သူ့အရိုးတွေကို မြုပ်နှံပေးရမယ်”
တစ်ဝက်ပေးရမယ်တဲ့လား။
ခယ့်ဝမ်ဝေ့၏မျက်နှာမှာ စိတ်မချမ်းမြေ့သော အမူအရာပေါ်လာပြီး “ လူကြီးမင်းဖုန်း ဒါကတော့ …”
ဖုန်းလီ ပြောလိုက်၏။
“ အသက်ရှင်ချင်လား … ပိုက်ဆံလိုချင်လား”
ခယ့်ဝမ်ဝေ့ အသက်ပြင်းပြင်းရှုလိုက်ပြီး “ကောင်းပါပြီ … ကျွန်တော် သူ့ကို မိသားစုရဲ့စည်းစိမ်တစ်ဝက် ပေးလိုက်ပါ့မယ်”
သူ ရှေ့နေနှင့်လက်ထောက်ကို ချက်ချင်းခေါ်လိုက်သည်၊ သူသာ နောက်ကျသွားလျှင် ဖုန်းလီက ဤပြဿနာကို ဂရုမစိုက်တော့မှာ စိုးရိမ်မိသည်။
အချိန်ခဏအတွင်းမှာပဲ ခယ့်ဝမ်ဋေ့ စာချုပ်မှာ လက်မှတ်ဖိုးပြီးသွားခဲ့သည်။ ရှုံ့မဲ့နေသောမျက်နှာဖြင့် သူ ဖုန်းလီဆီ ရောက်လာပြီး မေးလာခဲ့သည်။
“ လူကြီးမင်းဖုန်း … ပိုင်ဆိုင်မှုကို ခွဲပေးပြီးသွားပါပြီ .. အခု အဆင်ပြေပြီလား”
ဖုန်းလီ ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်သည်။ “ ကျွန်တော် ဝိညာဉ်ကို ဆင့်ခေါ်လိုက်ပါ့မယ်။ တောင်းပန်ခိုင်းတဲ့အချိန်ကျရင် သူ့ကို သုံးကြိမ်ဦးချပြီးတော့ ခွင့်လွှတ်မှုကို တောင်းခံရမယ်”
ခယ့်ဝမ်ဝေ့ ခေါင်းကို အလျင်အမြန် ညိမ့်လိုက်သည်။ “ ကောင်းပါပြီ … ကျေးဇူးအများကြီးတင်ပါတယ် လူကြီးမင်းဖုန်း”
ဖုန်းလီ သူ့တပည့်များကို ပြင်ဆင်ဖို့လိုအပ်သည်တို့ကို သွားလုပ်ခိုင်းလိုက်ပြီး သူနှင့်ဘာမှမဆိုင်သော ကျန်းလော့ကိုတော့ တစ်ယောက်တည်း သူ့အနောက်မှာ ကျန်ရစ်စေခဲ့သည်။
ဖုန်းလီ ဆံနွယ်အနက်ရောင်နှင့် လူငယ်လေးကို ကြည့်လိုက်သည်။
အနက်ရောင်ဆံပင်တွေနှင့် လူငယ်လေးက သူထွက်လာတဲ့အချိန်မှာ လောလောနှင့် ထွက်လာတာဖြစ်ရမည်။ သူ့ဆံပင်ပေါ်မှာ ဖိအိပ်ထားသည့် အရာတွေတောင် ကျန်နေသေးသည်။ သူ့မျက်နှာလေးက အတွေးနွံနစ်နေပြီး အလွန်လှပသောမျက်နှာလေးက သယ်ဆောင်လာခဲ့သော အလှတရားနှင့် လေးလေးနက်နက် တွေးတောနေဟန်လေးက သူ့ကို ဖုန်းလီ၏ ထန်ခေတ်ဝတ်စုံကဲ့သို့သော ရှေးဆန်သောအလှကို ပိုင်ဆိုင်ထားခဲ့သည်။
သူ့အတွေးတွေကို ဖုန်းလီ ဖတ်လိုက်ပြီး မေးလိုက်သည် “ မင်း ဘာမေးချင်တာလဲ”
ကျန်းလော့ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သိချင်စိတ်ဖြင့်မေးလိုက်၏။
“ လူကြီးမင်းဖုန်း သူ့ကိုယုံလား”
ဖုန်းလီ မညှာမတာ ပြောချလိုက်သည်။ “သူ အမှန်ပြောနေတာလား လိမ်ပြောနေတာလားဆိုတာ သိဖို့မလိုဘူး။ သူ လိမ်နေတာဆိုရင် အဲဒီ့ အလိမ်အညာရဲ့ အကျိုးဆက်ကို ခံရဖို့သာ ပြင်ထားပေတော့”
မူလဝတ္ထုထဲရှိ အထက်ပုဂ္ဂိုလ်က ကျန်းလော့ ထင်ထားတာထက်တောင် ပိုပြီးတော့ စိတ်မာကာ သွေးအေးသည်။ ကျန်းလော့ သဘောပေါက်သွားပြီး “ကျွန်တော် နားလည်သွားပါပြီ”
နာရီဝက်ကြာပြီးနောက်မှာ ဝိညာဉ်ဆင့်ခေါ်ဖို့ အသင့်ဖြစ်နေပြီဖြစ်၏။
ခယ့်ဝေ့ဝမ်၏ စိတ်လှုပ်ရှားနေမှုတွေက သာမန်မျက်လုံးနှင့်တောင် မြင်နိုင်နေပြီး သူ တစ်ခေါင်းလုံးပြန်နေသော ချွေးတွေကိုသုတ်ရင်း ဖုန်းလီ၏ လှုပ်ရှားမှုတွေကို စောင့်ဆိုင်းနေခဲ့သည်။
“ လူကြီးမင်းဖုန်း ကျွန်တော် ဦးသုံးကြိမ်ချပြီး ဂါဝရပြုလိုက်တာနဲ့ အကုန်အဆင်ပြေပြီမလား”
ဖုန်းလီ ပြောလိုက်သည်။ “ အဲလိုပဲပေါ့”
သူ အမွှေးတိုင်သုံးတိုင်ကို ထောင်လိုက်ပြီး အမွှေးနံ့သာအိုးပေါ်မှာ ထိုးစိုက်လိုက်သည်။ မီးခိုးငွေ့တို့က အထက်ကို လွင့်မျောလာခဲ့သည်။ မီးခိုးငွေ့တို့က အမြင့်အနေအထားတစ်ခုကို ရောက်သွားသည့်အချိန်မှာ ဖိအားတစ်ခုနှင့် ကြုံလိုက်ရသည့်အလား အောက်သို့ပြန်နိမ့်ဆင်းပြီး အဖြူရောင် ကြွေခွက်ထဲမှာ စုသွားခဲ့သည်။
ဖုန်းလီ တူတစ်ချောင်းကိုသုံးပြီး ကြွေခွက်ထဲရှိ အဖြူရောင်မီးခိုးငွေ့တွေကို ဖြည်ဖြည်းချင်း မွှေလိုက်သည်။ မီးခိုးငွေ့တွေက တဖြည်းဖြည်းနှင့် ကြည်လင်သောရေအဖြစ် ပြောင်းလာခဲ့ပြီး ထို့နောက် နီရဲနေသော သွေးတွေအဖြစ်ပြောင်းသွားခဲ့သည်။
သွေးတွေကပျစ်ချွဲလာခဲ့ပြီး တူဖြင့် အမျှင်တန်းရှည်ဖြစ်အောင် ဆွဲလို့ရသည့် အထိပင်ဖြစ်လာခဲ့သည် ထို့နောက် ဖုန်းလီ တူကို အောက်ချလိုက်ပြီး အဆောင်စက္ကူတစ်ရွက်ကို တြိဂံပုံစံခေါက်ကာ ခွက်ထဲကို ထည့်လိုက်သည်။
အဆောင်စက္ကူက ခွက်ထဲကို ရောက်သွားသည်နှင့်ချက်ချင်း မီးထတောက်ကာ အနီရောင်အရည်အားလုံးကို လောင်ကျွမ်းပစ်ခဲ့သည်။
ဖုန်းလီ ပြောလိုက်၏။ “ဦးညွတ်ပြီးတော့ တောင်းပန်လိုက်”
ခယ့်ဝမ်ဝေ့ သက်ပြင်းမောချလိုက်ပြီး ဦးညွတ်လိုက်သည် “ လီအာ … ဒီညီအစ်ကိုက မင်းအပေါ် အမှားပြုခဲ့မိပါတယ်။ ဒီညီအစ်ကိုက ပိုင်ဆိုင်မှုတစ်ဝက်ကို မင်းရဲ့မိဘတွေကို ခွဲပေးပါ့မယ်။ မင်းရဲ့မိဘတွေကိုလည်း ငါ့မိဘတွေလိုမျိုး ပြူစုစောင့်ရှောက်ပေးသွားပါ့မယ်။ မင်း အနားယူအိပ်စက်ဖို့အတွက်လည်း နေရာကောင်းကိုရှာပေးပါ့မယ်။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ”
သူ ဦးညွတ်ပြီး စကားပြောနေစဉ်အတွင်းမှာ လောင်ကျွမ်းနေသော အမွှေးတိုင်သုံးတိုင်က ရုတ်တရက်ဆိုသလို ထက်ပိုင်းကျိုးကျ ကျိုးကျသွားခဲ့သည်။ ကျန်းလော့ လူအရေပြားပန်းချီကားကို လှမ်းကြည့်လိုက်ချိန်မှာ ကျောပေးထားသော ယောင်္ကျား၏ ခြေထောက်အောက်က အရိပ်တွေက အဆက်မပြတ် တွန့်လိမ့်နေပြီးတော့ ပန်းချီကားထဲကနေ တစ်စုံတစ်ခုက တိုးထွက်လာတော့မည့်အလား ဖောင်းကြွလာတာကို တွေ့လိုက်ရသည်။
ခယ့်ဝမ်ဝေ့က ဘာမှသတိမထားမိဘဲ ဆက်ပြောနေခဲ့သည်။ “ ငါ အဲဒီ့အချိန်တုန်းက တကယ်ပဲ မှားခဲ့မိပါတယ် … ငါမှားမှန်းလည်း ငါသိပါတယ်… မင်းနဲ့ငါနဲ့ အတူတူ ကြီးပြင်းလာတာကို ထောက်ထားပြီးတော့… ငါ့ကို အသက်ရှင်ခွင့်ပေးပါ”
သူ့စကားတွေ မဆုံးသေးခင်မှာပဲ အနက်ရောင်မြူသုံးခုက အရိပ်ထဲကနေ အပြင်ကို ပြေးထွက်လာခဲ့ပြီး ခယ့်ဝမ်ဝေ့၏ ခန္ဓာကိုယ်ပေါ်မှာ တင်းတင်းကျပ်ကျပ် ရစ်ပတ်လိုက်ကြသည်။
သို့သော် ဘယ်သူကမှ ထိုမြင်ကွင်းကို မတွေ့ကြသည့်ပုံပင် ခယ့်ဝမ်ဝေ့ကိုယ်တိုင် အပါအဝင်ပေါ့။ တောင်းပန်စကားဆိုပြီးနောက်မှာ သူ ဘာမှမဖြစ်တာကိုတွေ့တော့ သက်ပြင်းချလိုက်မိသည်။ သူ့ ဝိညာဉ်က ပေါ့ပါးနေပေမယ့် ဘာလို့မှန်းမသိ သူ့ခန္ဓာကိုယ်ကတော့ အလွန်တရာပင်လေးလံကာ ပင်ပန်းနေခဲ့သည်။ ခယ့်ဝမ်ဝေ့ သတိထား၍ ဖုန်းလီကို ကြည့်လိုက်သည်။
“ လူကြီးမင်းဝေ့ ဒီဟာ…”
သူ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေခဲ့သော အငြိုးကြီးဝိညာဉ်သုံးကောင်ကို ဖုန်းလီ ကြည့်လိုက်ပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။
“ ခင်ဗျားအသက်ကို ကျွန်တော် မကယ်နိုင်တော့ဘူး”
ထိုကဲ့သို့ ပြောပြီးနောက်မှာ ဖုန်းလီ တပည့်တွေကို ပြောလိုက်သည်။
“ သွားကြစို့”
တပည့်များက အူကြောင်ကြောင်ဖြစ်နေကြသော်လည်း သူတို့ ဖုန်းလီအနောက်ကိုလိုက်ကာ ပြန်ဖို့လုပ်လိုက်သည်။ ဟွမ်းယွီလန်၏ နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်ရီနေခဲ့သော်လည်း ဖုန်းလီကို သူမ မတားရဲပေ၊ သူမ၏ မျက်လုံးအိမ်ထဲမှာ မျက်ရည်တို့အိုင်ထွန်းလာခဲ့ပြီး အသည်းအသန် ငိုကြွေးလာခဲ့သည်။
“ လူကြီးမင်းဖုန်း ကယ်ပေးလို့ ဘာလို့မရနိုင်တာလဲ”
ခယ့်ဟေးဖန်၏ မျက်နှာက ဖြူဖျော့သွားခဲ့ပြီး သူ တုန်ရီနေခဲ့သည်။
“ လူကြီးမင်း ဖုန်း …”
ဖုန်းလီ ရပ်လိုက်ပြီး သူ့အနောက်မှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ အခုထိ မသိရှာသော ခယ့်ဝမ်ဝေ့ကို ခေါင်းငဲ့၍ ကြည့်လိုက်သည်။
“ သူကမှ အမှန်မပြောပြတာကို … ဘယ်လိုလုပ် ကယ်ပေးလို့ရမှာလဲ”
သူ ဒီကိစ္စနှင့် ထက်ပတ်သတ်ချင်စိတ် မရှိတော့ဘဲ သူ ခြေလှမ်းကို ပြတ်ပြတ်သားသား လှမ်းလိုက်သည်။ ခယ့်ဝမ်ဝေ့ တစ်ကိုယ်လုံးတုန်ရီနေခဲ့ပြီး ရုတ်တရက် အော်ပြောလာခဲ့သည်။
“ ငါသာ သေသွားရင် လူကြီးမင်းဖုန်းရဲ့ ဂုဏ်သတင်းလည်း ပျက်စီးသွားမှာပဲ … ကယ်တင်ပေးမယ်လို့ အစက ကတိပေးထားပြီးတော့ နောက်ဆုံးကျ ကယ်လည်းမကယ်ပေးနိုင်ဘူး။ ငါသာတကယ်သေသွားခဲ့ရင် မင်းတို့ ဖုန်းမိသားစုလည်း ဒီကိစ္စကနေ လွတ်မယ်မထင်နဲ့ “
ထိုကဲ့သို့ပြောပြီးနောက်မှာ သူ ရုတ်တရက်ကြီး ထတောင်းပန်လာခဲ့သည်။
“ ကျွန်တော် မသေချင်သေးဘူး… ကျွန်တော့်ကိုကယ်ပေးပါ လူကြီးမင်းဖုန်း။ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်ကို လူကြီးမင်းအတွက် ချန်ထားရစ်ခဲ့ပါ့မယ် ဒါမှမဟုတ် လှူပါ့မယ်”
ဖုန်းလီ၏မျက်လုံးတို့ အေးစက်သွားခဲ့သည်။
သူ လှောင်ရယ်တချက်ရယ်လိုက်ပြီး နောက်လှည့်ကာ ပြောလိုက်သည်။
“ ကောင်းပြီ … ကယ်ပေးမယ်။ ဒါပေမဲ့ ခင်ဗျား လုပ်ခဲ့တာတွေ အကုန်လုံးကို တစ်ခုမကျန် ပြောပြရမယ်”
ခယ့်ဝမ်ဝေ့၏ နှုတ်ခမ်းတစ်စုံ ဟလိုက် စေ့လိုက် တခဏလောက်ဖြစ်နေပြီး နောက်မှာ သူကြမ်းပြင်ပေါ်ကို တုန်လှုပ်ချောက်ချားစွာဖြင့် ပြိုလဲကျသွားခဲ့သည်။
ခယ့်ဝမ်ဝေ့ သင်္ချိုင်းဂူထဲကို သူ၏ညီအစ်ကိုကောင်း လီအာနှင့် အတူဝင်ကြစဉ်အခါက လူအင်အားမလောက်၍ သူ ရွာကိုပြန်ပြီး သင်္ချိုင်းဂူထဲ တစ်ခါမှမဝင်ဖူးသော လယ်သမားသုံးယောက်ကို လိမ်ခေါ်လာခဲ့သည်။
လယ်သမားသုံးယောက်က ခယ့်ဝမ်ဝေ့ကို သူတို့ကို မြို့ပြမှာ အလုပ်ရှာပေးပြီး ပိုက်ဆံအများကြီးရအောင် လုပ်ပေးမယ်ထင်ပြီး သူ့နောက်ကို သံသယမရှိဘဲ လိုက်လာခဲ့ကြသည်။ ခယ့်ဝမ်ဝေ့က သူတို့ကို မြို့ပြရှိလူများက မြေအောက်မှာရှိသော ပစ္စည်းတွေကို ကြိုက်နှစ်သက်တယ်ဆိုပြီး လိမ်ပြောကာ သင်္ချိုင်းဂူထဲကို ဆင်းစေခဲ့သည်။
သူတို့ ကြီးပွားကံကြုံပြီး ထိုသင်္ချိုင်းဂူထဲကနေ ခယ့်ဝမ်ဝေ့နှင့် လီအာတို့ နှစ်အချို့ ရှာဖွေစုဆောင်းခဲ့တာတွေထက်ပင် အဆများစွာ တန်ဖိုးရှိသောအရာတွေကို တူးမိခဲ့ကြသည်။ ယုတ်မာသောအကြံတွေနှင့် ခယ့်ဝမ်ဝေ့က နောက်ဆုံးမှာ လယ်သမားသုံးယောက်ကို သင်္ချိုင်းဂူထဲ တွန်းချပြီး အပေါက်ကိုပိတ်ပစ်ကာ သူတို့အတွက်ပေးရမည့်ဝေစုကို ကိုယ့်အတွက်ဖြစ်အောင် လုပ်လိုက်သည်။
လီအာက ထိုလုပ်ရက်ကြောင့် စိတ်ဆိုးသွားပြီး ခယ့်ဝမ်ဝေ့ကို မကောင်ဆိုးဝါးတွေ၏ လက်တုံ့ပြန်တာ ခံရလိမ့်မည်ဟု သင်္ချိုင်းမြေကနေ မထွက်သွားခင်မှာ ပြောသွားခဲ့သည်။ ခယ့်ဝမ်ဝေ့လည်း အနည်းငယ် ခြောက်ခြားလာခဲ့ပြီး တာအိုဘုန်းကြီးတစ်ပါးဆီ သွားကာ မကောင်းဆိုးဝါးတွေ လက်တုံ့ပြန်လို့ မရအောင် ဘယ်လိုတားဆီးရမလဲဟု မေးလိုက်သည် ။
ဖြစ်ချင်တော့ သူသွားမေးခဲ့သည့် တာအိုဘုန်းကြီးက ကောက်ကျစ်စဉ်းလဲသည့်သူ ဖြစ်နေခဲ့သည်။ တာအိုဘုန်းကြီးက ပြောလာခဲ့သည် လယ်သမားတွေက သင်္ချိုင်းဂူထဲမှာရှိသည့် ပိုဟပ်တွေကို စားသောက်ပြီးတော့ ရက်အနည်းငယ် အသက်ရှင်နိုင်သေးသည်ဟု၊ သို့သော် သင်္ချိုင်းဂူထဲမှာရှိသော ပိုးမွှားတွေက မသန့်စင်သလို သင်္ချိုင်းဂူကိုက ယင်ဓာတ်အလွန်များသော နေရာဖြစ်ပြီး ယင်ဓာတ်အပေါ် ယင်ဓာတ်ဆင့်သွားပြီး လယ်သမားသုံးယောက်က သေချာပေါက်ကို မကောင်းဆိုးဝါးဝိညာဉ်တွေ ဖြစ်လာလိမ့်မည်ဟု ပြောလာခဲ့သည်။
သူတို့၏ လက်တုံ့ပြန်ခြင်းမှ ရှောင်တိမ်းချင်လျှင် ထိုလယ်သမားသုံးယောက်ကနေ ဖြစ်လာသော သရဲတွေကို ချိတ်ပိတ်ပစ်ရမည်။
“ ကျွန်တော် သူ့ကို ဘယ်လိုချိတ်ပိတ်ရမလဲလို့မေးတော့ သူကပြောတယ် … သူကပြောတယ်” ခယ့်ဝမ်ဝေ့ တံတွေးမျိုချလိုက်ပြီး “အဲဒီ့လယ်သမားတွေမှာ ရန်သူက နှစ်ယောက်ရှိတာမို့ … ရန်သူနှစ်ယောက်ထဲက တစ်ယောက်ရဲ့ အရေပြားကိုသုံးပြီး သင်္ချိုင်းဂူပေါက်ကို ပိတ်ထားခဲ့သရွေ့ အဲဒီ့မကောင်းဆိုးဝါးတွေကို အရေပြားက စုပ်ယူသွားပြီးတော့ လက်စားချေချင်ရင်တောင် အရေပြားထဲမှာ ချိတ်ပိတ်ခံထားရတဲ့ မကောင်းဆိုးဝါးက ဘယ်တော့မှ ထွက်လာလို့မရတော့ဘူးလို့ ပြောခဲ့တယ်”
လယ်သမားတွေ၏ ရန်သူနှစ်ယောက်က ခယ့်ဝမ်ဝေ့နှင့် သူ၏သူငယ်ချင်းကောင်း လီအာပင်။
အခု ခယ့်ဝမ်ဝေ့က အကောင်းတိုင်းကြီး အသက်ရှင်နေတာကြောင့် သူ့အရေပြားကို အခွာခံရပြီး မကောင်းဆိုးဝါးကို ချိတ်ပိတ်ခံခဲ့ရသည့်သူက သေချာပေါက်ကို ကျန်တဲ့တစ်ယောက်ဖြစ်သည်။
ဝမ်စန်းထန်း မနေနိုင်တော့ဘဲ တီးတိုးပြောလိုက်မိသည်။ “ ဒါကြီးကတော့ ရက်စက်လွန်းအားကြီးတာပဲ”
နောက်တပည့်တစ်ယောက်ကလည်း မျက်မှောင်ကြုတ်ပြီး ပြောလာခဲ့သည်။
“သူ့ကို တကယ်ကြီး ကယ်ပေးရမှာလား”
ခယ့်ဝမ်ဝေ့ကို ဖုန်းလီ ကယ်မှာမဟုတ်လောက်ဟု ကျန်းလော့ ခံစားရသည်။
ကောင်းလို့ဆိုးလို့မဟုတ်ဘဲ ခယ့်ဝမ်ဝေ့ ခုနကလုပ်ခဲ့သည့် ချိန်းခြောက်မှုကြောင့်ပင်။
ခယ့်ဝမ်ဝေ့၏ ဇာတ်ကြောင်း နားထောင်ပြီးသည့်တိုင်အောင် ဖုန်းလီ၏ အမူအရာက တစ်ချက်ပြောင်းမသွားခဲ့ပေ။
“ ဒီလိုဆိုရင်တော့ တခြားနည်းလမ်းရှိတယ်”
ခယ့်ဝမ်ဝေ့ ပျော်ရွှင်သွားမိသည်။
ဖုန်းလီ ဆိုလိုက်၏။ “ အဲဒီ့လူအရေပြား စက္ကူကို ခင်ဗျားရဲ့ကိုယ်ပေါ်မှာ ခုနှစ်ရက်ကနေ လေးဆယ့်ကိုးရင်အထိ ခြုံထားလိုက်ရင် ခင်ဗျားခန္ဓာကိုယ်ထဲက ယန်ဓာတ်က လူအရေပြားစက္ကူရဲ့ ယက်ဓာတ်ကို ဖိနှိပ်ပစ်လိုက်ပြီးတော့ အထဲက မကောင်းဆိုးဝါးတွေ ထွက်မလာနိုင်အောင် တားဆီးပေးလိမ့်မယ်”
ထိုစကားကို ကြားကြားချင်းပဲ ခယ့်ဝမ်ဝေ့ ချက်ချင်းဆိုသလို မရမက ထရပ်ကာ လူအရေပြားစက္ကူကို ဖြုတ်ပြီး သူ့ကိုယ်ပေါ်ကို တွေဝေမှုမရှိ လွှမ်းခြုံလိုက်သည်။ ဖုန်းလီပြောခဲ့သလိုပင် သူ ထိုစက္ကူကို ခြုံလိုက်သည့်တခဏမှာပဲ သူ့ခန္ဓာကိုယ်ထဲရှိ ဝန်ထုပ်ဝန်ပိုးတွေ လျော့ကျသွားသည့်အလား ချက်ချင်း ပေါ့ပါ့သွားခဲ့သည်။
ခယ့်ဝမ်ဝေ့ အပျော်လွန်သွားမိသည်။
“ ကျေးဇူးတင်ပါတယ် လူကြီးမင်းဖုန်း … ကျေးဇူးတင်ပါတယ်။ ငါ သေစရာ မလိုတော့ဘူး။ ငါ မသေတော့ဘူး”
ဖုန်းလီ သူ့ကို တစ်ချက်လောက်သာ ကြည့်လိုက်ပြီး သူ့တပည့်တွေကို ဦးဆောင်ကာ ထွက်သွားခဲ့သည်။ စာကြည့်ခန်းထဲကနေ ထွက်သွားတော့မည့်ဆဲဆဲမှာပဲ ကျန်းလော့ ပြန်လှည့်ကြည့်လိုက်မိသည်။ လူအရေပြားစက္ကူထဲက အနက်ရောင် မကောင်းဆိုးဝါးတွေက ခယ့်ဝမ်ဝေ့ကို ရစ်ပတ်ထားကြသည်။ သူတို့၏ သွားတွေအစွယ်တွေကို ထုတ်ပြီး ခယ့်ဝမ်ဝေ့ကို ပျော်ရွှင်မြူးတူးစွာဖြင့် ကြည့်နေခဲ့ကြသည်။
သူစိတ်ထင်တာပဲလားမသိပေမယ့် ကျောပြင်ကိုသာ မြင်ရသည့် စက္ကူပေါ်က ယောင်္ကျားက သူ့ခေါင်းကိုအနည်းငယ် စောင်းလာပြီး သူ့ကို ပါးစပ်ကြီးက နားရွက်ထိရောက်လုမတတ် အပြုံးကြီးဖြင့် ရယ်ပြလာတာကို တွေ့လိုက်ရသလိုပင်။
ထိုယောင်္ကျား၏ မျက်နှာသွင်ပြင်တွေက ခယ့်ဝမ့်ဝေ့၏ပုံစံအဖြစ် တဖြည်းဖြည်း နှင့် ပြောင်းလာခဲ့သည်။
ဖုန်းလီက တိုးတိုးလေးပြောလာခဲ့သည်။
“ မကြည့်နဲ့”
ကျန့်လော့ အကြည့်ပြန်ရုတ်သိမ်းလိုက်သည်။
ဖုန်းလီက သူ့ကို တစ်ချက်ကြည့်လာပြီး “ကောင်းတာလုပ်တဲ့သူက ကောင်းတာပြန်ရမယ်။ မကောင်းတာလုပ်တဲ့သူက မကောင်းတဲ့အကျိုးကို ပြန်ခံစားရမယ်။ အသက်ရှင်တုန်းက ညီအစ်ကိုတွေလို ရင်းနှီးခဲ့ရင်တောင်မှပဲ သေသွားပြီးတဲ့ နောက်မှာ မကောင်းဆိုးဝါးက သူ့အပေါ် နည်းနည်းလေးတောင် ညှာတာပေးမှာ မဟုတ်ဘူး”
ကျန်းလော့ ထိုအခါမှ သတိရသွားခဲ့သည်။ ဖုန်းလီက သူ့ကို “လူတွေနှင့် သရဲတစ္ဆေတွေက ကွာခြားတယ်” ဆိုတာကို ပြချင်၍ ဒီကိစ္စ ဖြေရှင်းတဲ့ဆီကို ခေါ်လာခဲ့မှန်း။
သူ ဖုန်းလီ၏စကားတွေကို သဘောတူချင်သော်လည်း အပြင်ပန်းမှာတော့ ခေါင်းမာစွာဖြင့် ပြောလိုက်သည်။ “ အဲတာနဲ့မတူဘူး”
ဖုန်းလီ မေးလိုက်သည်။ “ဘာကွာခြားသွားလို့လဲ”
ကျန်းလော့ ပြောလိုက်သည်။
“ ကျွန်တော်က ဖုန်းလီနဲ့ ချစ်ကျွမ်းဝင်နေတာ … သူတို့က သူငယ်ချင်းတွေ။ ကျွန်တော်က ချီယုံကို မသတ်ခဲ့ပေမယ် … သူကတော့ သူ့သူငယ်ချင်းကို သတ်ခဲ့တယ်လေ”
သူ ထိုစကားကို ယုံကြည်ချက်ရှိရှိဖြင့် အပြစ်မကင်းသည့်စိတ် မြူတစ်မှုန်တောင်မရှိဘဲ ပြောလိုက်သည်။
ဖုန်းလီက ပြန်မေးလာခဲ့သည်။
“ဘယ်ဟာက ကွာခြားသွားလို့လဲ”
“ မကောင်းဆိုးဝါးဝိညာဉ်တွေက အကြင်နာတရားမရှိဘူး” ဖုန်းလီ ကားထဲကိုဝင်ရင်းနှင့် ပြောလိုက်သည်။
“ သူတို့တွေ အစွဲအလမ်းရှိသွားတာနဲ့ လက်စားချေတာဖြစ်ဖြစ် ဘာဖြစ်ဖြစ် အဲတာကိုဖြစ်မြောက်လာအောင်လို့ နည်းလမ်းပေါင်းစုံသုံးပြီး လုပ်ကြလိမ့်မယ်။ ခင်မင်ရင်းနှီးမှုကလည်း အစွဲအလမ်းပဲ … ချစ်ခြင်းမေတ္တာကလည်း အစွဲအလမ်းပဲ …အဲတာတွေက မကောင်းဆိုးဝါးရဲ့ အစွဲအလမ်း ဖြစ်သွားတာနဲ့တစ်ပြိုင်နက် သူတို့မှာ လူသားဘဝတုန်းကရှိခဲ့တဲ့ ရည်ရွယ်ချက်မရှိတော့ဘူး”
“လူသားနဲ့ သရဲတစ္ဆေတွေက သွားရာလမ်းမတူဘူး” ဖုန်းလီ ဆက်ပြောလိုက်သည် “ မင်းက ငါ့လက်အောက်က လူပဲ .. ငါ့စကားကို နာခံရမယ်။ မင်း အဲဒီ့မကောင်းဆိုးဝါနဲ့ နောက်တစ်ကြိမ်ထပ်ပြီး ပတ်သတ်နေတာကိုတွေ့ရင် ငါ အဲဒီ့မကောင်းဆိုးဝါးရဲ့ ဝိညာဉ်ကို တစ်စစီဖျက်ဆီးပစ်မယ်”
****