Ch 34
Viewers 8k

Part 34


အရင်းကနေစပြီး အဖျားအထိ ဆံနွယ်တစ်ချောင်းလုံးက ဖုန်မှုန့်မတင်အောင်ပင် ဖြူဆွတ်နေခဲ့ပြီး ဆံပင်ညှပ်ဆိုင်များမှာ တွေ့ရသော အဖြူရောင်ဆံပင်ဆိုးဆေးထက်တောင် ကြည့်ရတာ ပိုပြီးတော့ သဘာဝကျနေခဲ့သည်။

ကျန်းလော့နှင့် မှန်ထဲရှိ အနက်ရောင်ဆံပင်နှင့်ကောင်လေးတို့ မျက်လုံးချင်းဆုံသွားကြပြီး သူမျက်မှောင်ကြုတ်လိုက်မိသည်။

ခွမ့်ကျိန်းက သူ့မျက်နှာကိုကြည့်ပြီး ရိုးရိုးစင်းစင်းပင် ချီးမွမ်းလာခဲ့သည်။ “ကြည့်ကောင်းတယ်”

လုယုံရိ ရှေ့တိုးလာပြီး ပြောလိုက်၏။ “ကျန်းလော့ … မင်း‌ဒီနေ့ အပြင်သွားပြီးတော့ မင်းဆံပင်ကို အရောင်ဆိုးခဲ့တာလား။မင်းက နည်းနည်းလေးပဲ ဆိုးလာတော့  အနီးကပ်မကြည့်ရင် မြင်တောင်မမြင်ရဘူး။ ဒါပေမဲ့ အဲတာအရေးမကြီးပါဘူး … မင်းနဲ့ လိုက်တာတော့ တော်တော်လေးလိုက်တယ်”

ကျန်း‌လော့ ဘာမှပြန်မဖြေဘဲ သူ၏ အနက်ရောင်ဆံပင်ကြားထဲကနေ အဖြူရောင်ဆံပင်ကို ကိုင်ကြည့်လိုက်၏။ လုယုံရိ ပြောသလိုပင် အဖြူရောင်ဆံပင်လေးက ပုလဲတန်းလေးကဲ့သို့ သူ့ဆံပင်ထက်မှာ အလှဆင်နေခဲ့သည်၊ သူ၏အေးစက်စက်နိုင်မှုက ကျန်းလော့၏အလှကို ထိန်းပေးနေခဲ့သလိုပင်။ သို့သော် ထိုပုံစံက ကြည့်ကောင်းနေသော်လည်း ကျန်းလော့ ဒေါသထွက်လာမိသည်။

သရဲဆီကနေ ယူသွားခံလိုက်ရတာက ထိုဆံပင်၏ အသက်ဓာတ်နှင့် ပျိုမြစ်မှုဖြစ်သည်။ ဤဆံနွယ်က ထပ်ပြီးတော့ ရှည်လာဦးမှာပင် သို့သော် ဘယ်လောက်ပဲရှည်လာပါစေ အရောင်ကတော့ အမြဲအဖြူရောင် ဖြစ်နေတော့မှာပင်၊ ထိုဆံနွယ်က ဘဝ၏နေဝင်ချိန်ထဲကို စောစောစီးစီး ဝင်ရောက်သွားသည့်အလား။

နေ့တိုင်းလိုလို ညနက်ချိန်ထိနေပြီး ပုံဆွဲရသော ဒီဇိုင်နာတစ်ယောက်အတွက် သူ့ဆံပင်ထက်ပိုပြီး အရေးကြီးတာ ဘာမှမရှိပေ။ မကောင်းဆိုးဝါးသာ သူ့အရှေ့မှာ ရှိနေခဲ့ပါက ကျန်းလော့ ထိုမကောင်းဆိုးဝါး၏ တရားလွန်ချောမောသော မျက်နှာကို လက်သီးနှင့် ပိတ်ထိုးပြီးလောက်ပြီဖြစ်သည်။

ကျန်းလော့ အဖြူရောင်ဆံပင်ကို အနက်ရောင်ဆံပင်ကြားမှာ ဝှက်လိုက်၏။ ကံကောင်းထောက်မ၍ သူ့ဆံပင်အချောင်းရေ အနည်းငယ်၏ အသက်ဓာတ်ကိုသာ ယူသွားခဲ့လိုပင် မဟုတ်ပါက ကျန်းလော့၏ဆံပင်စတိုင်က ကြည့်ကောင်းသည်မဟုတ်ဘဲ သမာရိုးကျမဟုတ်ဟု ယူဆခံရလောက်သည်။ 

မြစ်ထဲကို ကားထိုးကျသည့်ကိစ္စနှင့် ပတ်သတ်၍ ဖြေရှင်းပြီးနောက်မှာ သူတို့အုပ်စု ကျောင်းဆီ ပြန်လာလိုက်ကြသည်။ ကျန်းလော့ မမြင်လိုက်သည့်အချိန်မှာ ကျန်တဲ့သူများက အချင်းချင်း မျက်စပစ်လိုက်ကြသည်။

ကျန်းလော့ မတိုင်ခင်ကပြောတာကို သူတို့မယုံကြည်ပေ သို့သော် ကျန်းလော့ကို စိတ်အနှောင့်အယှက် မ‌ဖြစ်စေရန်အတွက် ကျန်းလော့၏စကားနောက်ကိုလိုက်ပြီး အကြောင်းအရာကို ပြောင်းပြောခဲ့ကြတာဖြစ်သည်။

အကြောင်းအရင်းမရှိဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ ကားရောလူရော မြစ်ထဲကို ထိုးကျတာဖြစ်နိုင်မှာလဲ။

ကျန်းလော့ ပြန်လာသည့်လမ်းမှာ ချီယုံအကြောင်းကို တွေးမိတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ချီယုံ ပေါ်လာပြီးတော့ ကျန်းလော့ကို စိတ်လွင့်အောင်လုပ်ကာ ကားကိုမြစ်ထဲထိုးကျအောင် လုပ်ခိုင်းတာပဲဖြစ်ဖြစ် ဖြစ်ရမည်ဟု သူတို့ ခန့်မှန်းလိုက်ကြသည်။

ကျန်းလော့ ကြုံတွေ့နေရသော မထင်မှတ်ထားသည့် ဖြစ်ရပ်များက သူတို့ကို  အလွန်စိတ်မကောင်းဖြစ်စေသည်။ ကျန်းလော့က အရင်တုန်းက ကျန်းလော့ မဟုတ်တော့ပေ။ အခုချိန်မှာ သူက သန်မာလာအောင် အရမ်းကြိုးစားနေခဲ့ပြီး ထိုသို့ကြိုးစားနေတာကလည်း ချီယုံကို ကူညီပေးဖို့အတွက်ပင်။ 

ဆိုးသွမ်းနေခဲ့သော သားဖြစ်သူ၏ ပြန်လိမ္မာလာသည့် ဖြစ်ရပ်က လူ၏စိတ်ကို နူးညံ့သွားစေသည် ထို့ပြင် သူတို့က အခုကျန်းလော့ကို အဖော်တစ်ယောက်အဖြစ် မြင်နေပြီဖြစ်၍ သူ့ကို မျှော်လင့်ချက်မရှိသော အချစ်မှာ ကျရှုံးနေတာကို မကြည့်ရက်တော့ပေ။

ကျန်းလော့ အဝေးရောက်နေစဉ် နေ့လည်ခင်းတုန်းက သူတို့တွေ အစည်းအဝေးလေးတစ်ခု ထိုင်ခဲ့ကြပြီး ကျန်းလော့နှင့် ချီယုံတို့ ဆက်တွေ့နေကြတာကို တားဆီးဖို့ ဆုံးဖြတ်လိုက်ကြသည်။ သို့သော် ထိုဟာနှင့်ပင် မလုံလောက်သေးဘဲ သူတို့ ကျိုးကျုံးချိုး၏ အကြံကို နားထောင်ပြီး ကျန်းလော့ကို နောက်ထပ်ဆက်ဆံရေးအသစ်တစ်ခု စတင်ဖို့ရာအတွက် တိုက်တွန်းဖို့ အကြံအစည် ဆွဲလိုက်ကြသည်။ 

ယခင်တုန်းကဆက်ဆံရေးကို အစားထိုးဖို့ရာအတွက် အထိရောက်ဆုံး နည်းလမ်းက ဆက်ဆံရေးအသစ်တစ်ခုကို စတင်လိုက်တာပဲလို့ ပြောကြတယ်မလား။

ကျန်းလော့ကတော့ သူတို့၏အကြံအစည်ကို လုံးဝမရိပ်မိခဲ့ချေ။ သူကျောင်းကိုပြန်ရောက်ချိန်မှာ သူ့အခန်းထဲမှာပဲနေပြီး ယင်ယန်လက်ကောက်ကို ဆက်လေ့လာလိုက်သည်။

ယင်ယန်လက်ကောက်ပေါ်ရှိ ဆယ့်နှစ်ခုသော ရွှေရောင်မန္တန်တို့က ရာသီခွင်ဆယ့်နှစ်ခုကို ဖန်တီးနိုင်စွမ်းရှိသည်။ သို့သော် ရာသီခွင်အကောင်က အင်အားကြီးလေလေ ကျန်းလော့အတွက် လိုအပ်ချက်မြင့်လေလေဖြစ်သည်။ ဥပမာအနေနှင့်ပြောရရလျှင် ကျန်းလော့က နဂါးကို ဆင့်ခေါ်ချင်ရင်တောင်မှပဲ ယခု သူ့မှာ နဂါးကိုဖန်ဆင်းဖို့ရာအတွက် ဆယ့်နှစ်ခုသော မန္တန်တို့ကို ထိန်းချုပ်နိုင်သည့် အစွမ်းမရှိသေးပေ။

ကျန်းလော့ အလျင်မလိုပေ။ ရွှေရောင်မန္တန်ကို ထိန်းချုပ်ရသည့် ခံစားချက်ကို တဒင်္ဂနောက် အသားကျအောင်လုပ်ပြီးချိန်မှာ မီးပိတ်ပြီးတော့ အိပ်ရာဝင်ဖို့ပြင်လိုက်သည်။ 

သူ အိပ်ရာထက်မှာ လှဲနေစဉ် ပျောက်ဆုံးနေတာကြာပြီဖြစ်သော စိတ်အေးလက်သာရှိမှုက သူ့ဆီ ပြန်ရောက်လာခဲ့သည်။ သူ အိပ်မပျော်ခင်မှာ ကျန်းလော့ ဟိုဟိုဒီဒီ လျှောက်တွေးနေမိပြီး အဆုံးမှာ ယင်ယန်လက်ကောက်၏ လျို့ဝှက်မန္တန်က ချီယုံ၏ ကြိုးဆွဲရုပ်ကို ဖော်ထုတ်နိုင်လောက်လားဟု တွေးမိလာပြန်သည်။

အိပ်ချင်စိတ်က တဖြည်းဖြည်းနှင့် ကြီးစိုးလာခဲ့သည်။

ထားလိုက်တော့ မနက်ဖြန်ကျမှပဲ ဆက်‌တွေးတော့မယ်ဆိုပြီး ကျန်းလော့ တဖြည်းဖြည်းနှင့် အိပ်မောကျသွားခဲ့၏။

ကျန်းလော့ အိပ်မက်တောင်မမက်ပဲ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားခဲ့ပြီး သူ့မျက်လုံးကို တစ်ဖန်ပြန်ဖွင့်လိုက်ချိန်မှာ နေတောင်ပွင့်နေပြီဖြစ်သည်။

ကျန်းလော့ အကြောဆန့်လိုက်ပြီး သူ့လက်ကိုမြှောက်လိုက်သည်၊ နေရောင်ခြည်က သူ့လက်ချောင်းကြားကို ဖြတ်ကျော်ပြီး အိပ်ရာခင်းထက်မှာ တောက်ပစွာဖြင့် ဖြာကျလာခဲ့သည်။

သူအချိန်အတော်ကြာအောင် ပျင်းရိနေပြီးမှ အိပ်ရာထဲကနေထွက်ကာ ရေချိုးလိုက်သည်။

သည်ကနေ့က တိမ်ကင်းစင်ပြီး ကောင်းကင်ကြီးက စိမ်းပြာရောင်ကဲ့သို့ ကြည်လင်နေသော လှပသည့်နေရက်တစ်ရက်ပင်။

ကျန်းလော့ ဝရံတာမှာရပ်ပြီး မနက်ခင်း၏မြင်ကွင်းကို  သူ ဒီလောကထဲကို ဝိညာဉ်ကူးပြောင်းလာပြီးကတည်းက စိတ်လက်အပေါ့ပါးဆုံးသော ခံစားချက်ဖြင့် တဒင်္ဂလောက် ရှုစားလိုက်သည်။ သူ့နှုတ်ခမ်းထောင့်တို့က ကော့တက်နေခဲ့ပြီး သူ ကျောင်း၏ အသွင်အပြင်ကို သေချာဂရုတစိုက်နှင့် ကြည့်လိုက်သည်။ ထိုသို့ကြည့်ရင်း သူ သိပ်ပြီးမလှမ်းမကမ်းမှာ ရှိနေသော သီးနှံစိုက်ခင်းတစ်ခုကို တွေ့လိုက်ရသည်။

ထိုထဲမှာ စိမ်းစိုနေ‌သော ကြက်သွန်မြိတ်၊ ခရမ်းချဉ်သီးနှင့် သခွါးသီးများကို စိုက်ပျိုးထားခဲ့သည်။ ကျန်းလော့ မျက်ခုံးတစ်ဖက် ပင့်တင်လိုက်ပြီး ကန်တင်းမှာစားရသော လက်မခံနိုင်လောက်စရာ အရသာကို ပြန်တွေးမိသွားကာ သူကိုယ်တိုင် ချက်ပြုတ်ဖို့ ဆန္ဒ‌ဖြစ်လာခဲ့သည်။

သူ အောက်ထပ်ကိုဆင်းလိုက်ပြီး သီးနှံတချို့ကို ခူးကာ ကန်တင်းထဲက နေရာကိုငှားပြီး ကြက်ဥခရမ်းချဉ်သီး မွှေကြော်တစ်ခွက်နှင့် အရွက်သုပ်တစ်ပွဲ လုပ်လိုက်သည်။

သို့သော် သူအပြင်ကို ပြန်ထွက်လာချိန်မှာ လုယုံရိအပါအဝင် လူခုနှစ်ယောက်က သူ့တို့လက်ထဲမှာ ထမင်းပန်းကန်တွေ ကိုင်ရင်းနှင့် သူ့ကို ပြုံးဖြီးပြီး စောင့်နေကြတာကို တွေ့လိုက်ရသည်။

ကျန်းလော့ ဖြစ်ချင်တာ ဖြစ်ပစေတော့ဟုသော ပုံစံဖြင့် အစားအသောက်နှစ်ပန်းကန်ကို စားပွဲပေါ်တင်လိုက်သည်။ “ငါ ဒီမှာ ရှိနေတယ်ဆိုတာကို မင်းတို့ ဘယ်လိုလုပ်သိကြတာလဲ”

ဝမ်ယမ်လန် ပြုံးကာ ပြောလိုက်၏။ “နောက်တစ်ဆင့်အတွက် အချိန်ထွက်လာပြီလေ။ တစ်လနေရင် ပြိုင်ရမှာ … ပြိုင်ပွဲနေရာကတော့ ရှန်းရှိကို ပြောင်းသွားပြီ။ ငါတို့ မင်းဆီကို လာပြီးတော့ သတင်းပြောမလို့ပါပဲ။ ဒါပေမဲ့ အဆောင်အန်တီကြီးက မင်း ကန်တင်းကိုသွားပြီးတော့ ချက်ပြုတ်နေတယ်လို့ ပြောပြလာတယ်လေ”

သူတို့စကားပြောနေစဉ်အတွင်းမှာပဲ ဟင်းနှစ်ပန်းကန်က လူတစ်ယောက်ကို တူတစ်ကော်ဖြင့် ပြောင်ရှင်းသွားခဲ့ပြီဖြစ်သည်။ လုယုံရိ ကြက်ဥခရမ်းချဉ်သီး‌မွှေကြော်ထဲက အရည်ကို ထမင်းပေါ်ဆမ်းချလိုက်ပြီး အရည်တစ်စက်တောင် လေလွင့်မသွားအောင် ဂရုတစိုက်နှင့် လုပ်လိုက်သည်။ “ ကျန်းလော့ … မင်း တကယ်ကြီးကို ဟင်းချက်တတ်တာပဲ”

ကျန်းလော့ ဘာအရသာမှမရှိ‌သော ထမင်းဖြူကို အလွတ်သက်သက်စားရင်း ပြန်ဖြေလိုက်သည်။ “ မင်းတို့တွေ ဟင်းဘယ်လိုချက်ရလဲဆိုတာ သင်လို့ရတယ်လေ”

ကောကျူ လောကဓံတရားကို သိနားလည်နေသော အပြုံးပြုံးလိုက်၏။ “ဟင့်အင်း… ငါတို့တွေ သင်လို့မရဘူး ဒါကြောင့်မို့ ငတ်ပြီးတော့မသေအောင် ကန်တင်းက အစားအသောက်တွေကို စားနေရတာ”

သို့သော် သူက အတော်လေးကို အကောင်းမြင်စိတ်‌ရှိ‌နေဆဲပင်။ “ကန်တင်းက အစားအသောက်တွေက အကုန်ဆိုးတယ်..ကောင်းတာတစ်ခုဆိုလို့ ဈေးမကြီးဘဲနဲ့ ဝဝလင်လင် စားနိုင်တာလေးပဲ”

ကျန်းလော့ စိတ်ရင်းဖြင့် မေးလိုက်မိသည်။ “ ဘာလို့ ကျောင်းက စားဖိုမှူးအသစ် မငှားရတာလဲ”

“ ငါတို့ရဲ့ ရုပ်နယ်လွန်လောကအကြောင်းကို သိတဲ့သူတွေက မရိုးရှင်းဘူးလေ … အဲလိုလူတွေထဲမှာ စားဖိုမှူးက ပိုရှားတာပေါ့” ကျိုးကျုံးချိုးက ပြောလာခဲ့၏။ “ ငါတို့ကျောင်းရဲ့ စားဖိုမှူးကလည်း နယ်နယ်ရရတော့ မဟုတ်ဘူး … သူက ငါတို့ဌာနမှူးရဲ့ ဆရာလေ။ ဌာနမှူးက သူ့ကို ဖိတ်ခေါ်ခဲ့တာ … ကျောင်းကိုရောက်လာပြီးတဲ့နောက်မှာ သူ ဆရာ မလုပ်ချင်တာနဲ့ ဟင်းချက် ဝင်လုပ်နေတာ”

သူတို့ ပြောင်သလင်းခါနေသော ဟင်းပန်းကန်နှစ်ချပ်ကို ဝိုင်းပြီးတော့ ထိုင်နေကြတဲ့ပုံစံက အတော်လေးကို သနားစရာကောင်းလွန်း၍ ကျန်း‌လော့ ကြည့်မနေနိုင်တော့ဘဲ မီးဖိုချောင်ထဲကို ပြန်ဝင်ကာ အကြော်အလှော်နှစ်ခွက်ကို ချက်ပြုတ်လိုက်ရသည်။

လုယုံရိနှင့် ကျန်းလော့က သူ့ဘေးနားကနေ ထမင်းပန်းကန်ကို ကိုင်ပြီး ရပ်စောင့်နေခဲ့ကြသည်။ လုယုံရိက မျက်လုံးထဲမှာ မျက်ရည်တောင်စို့လာခဲ့ပြီး လေထဲမှာ ပျံ့လွင့်နေသော ဟင်းအနံ့ကို ရှူရှိုက်လိုက်သည်။ “ဝူး…. မွှေးလိုက်တာ အနံ့လေးက”

ယယ်ရွှင်က သူ့ထက်စာရင် နည်းနည်းတည်ငြိမ်သေးသည်။ “ မင်း အခုထိမစားရသေးဘူးမလား”

လုယုံရိဖြစ်ပျက်နေပုံကို ကျန်းလော့ ရယ်လိုက်မိပြီး မေးလိုက်သည်။ “ယယ်ရွှင် … ခွမ့်ကျိန်းက ရှောင်ဖန်းကို ဒီနေ့ပြင်ပေးမှာမလား”

ယယ်ရွှင် အနည်းငယ်ပြုံးလိုက်ပြီး “ဟုတ်တယ်”

“ ငါလည်း တူတူလိုက်ပြီးတော့ ကြည့်လို့ရလား” ကျန်းလော့ သိချင်စိတ်ဖြင့် မေးလိုက်သည်။

ယယ်ရွှင် ခေါင်းညိမ့်ပြလိုက်ပြီး သူ့အကြည့်က အိုးထဲမှာရှိနေသော နံရိုးဆီရောက်သွားခဲ့သည်။ “ ကျန်းလော့ … မင်း ဘယ်လိုလုပ်ပြီးတော့ ဟင်းဘယ်လိုချက်ရလဲဆိုတာ သိနေတာလဲ”

တစ်ယောက်ယောက်က သူဟင်းချက်တာကို ဘေးနားကနေ အဖော်လုပ်ပေးတာ ကျန်းလော့အတွက် ပထမဆုံးအကြိမ်လို ခံစားရသည်။ သူ ယောက်မကို လှန်လိုက်ပြီး ပြန်ဖြေလိုက်သည်။ 

“ လူတွေက ထမင်းစားဖို့ လိုသေးတယ်လေ”

ကျောင်းကန်တင်းရှိ ထမင်းချက်များ၏ လက်ရာက မကောင်းသော်လည်း ပါဝင်ပစ္စည်းကတော့ အရည်အသွေး ထိပ်တန်းပင်။ ကျန်းလော့၏ ဟင်းချက်လက်ရာကလည်း သာမန်လောက်ပင်ဖြစ်သည် သို့သော် ပါဝင်ပစ္စည်းများကို အိုးထဲအကုန် ပစ်ထည့်ပြီးချိန်မှာ ထွက်လာသည့် ရလဒ်ကတော့ အံ့ဩဖို့ကောင်းအောင်ပင် အရသာရှိနေခဲ့သည်။

ကျောင်းကိုပြန်ရောက်ပြီး ပထမဆုံးတစ်ရက်မှာ ကျန်းလော့၏ ဟင်းချက်လက်ရာကြောင့် လူတိုင်း ကန်တင်း၏နှိပ်စက်မှုကနေ လွတ်မြောက်သွားခဲ့သည်။ သူတို့၏ မျက်လုံးထဲမှာ ကျန်းလော့က အချက်အပြုတ် နတ်ဘုရားအဆင့်ထိတောင် ရောက်သွားခဲ့သလို ထင်ယောင်‌ထင်မှား ခံစားလာရသည်။

သူတို့ အခုမှပြိုင်ပွဲကနေ ပြန်ရောက်လာကြတာဖြစ်၍ သည်နေ့အတွက် အတန်းချိန်မရှိပေ။ နေ့လည်ခင်းမှာ ယယ်ရွှင် နောက်ကိုလိုက်ပြီး ခွမ့်ကျိန်းက လက်မှုပညာအခန်းဆီ ကျန်းလော့ သွားလိုက်သည်။

သူ လက်နက်ကို ပြန်လည်မွမ်းမံသည့် ဖြစ်စဉ်ကို တခြားသူလာကြည့်တာ ခွမ့်ကျိန်းအတွက် ပထမဆုံးမဟုတ်ပေ။ သူ အငြိုးအတေးအရုပ်ကို အစီအရင်အလယ်မှာ ထားလိုက်ပြီး လေးနက်သော အမူအရာဖြင့် အငြိုးအတေးကနေဖြစ်လာသော အနက်ရောင်ချီတစ်မျှင်ကို ဆွဲထုတ်ကာ ထိုဟာကို အပ်ချည်နှင့်အပ်အဖြစ် အသုံးပြုပြီး ပြဲထွက်သွားသောနေရာကို ဂရုတစိုက်ဖြင့် ချုပ်လိုက်သည်။  ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနှင့် တောင်တန်းကြီးကဲ့သော ယောင်္ကျားကြီးက အရုပ်ကို အပ်နှင့် အပ်ချည်ကိုသုံပြီး ချုပ်နေ‌သည့်မြင်ကွင်းကို ကျန်းလော့ ပြုံးကြည့်လိုက်သည်။ “ အကူအညီ လိုသေးလား”

ခွမ့်ကျန်း ခေါင်းယမ်းပြလိုက်၏။ “ရတယ်”

အငြိုးအတေးအရုပ်ကို ဖန်တီးရတာက အလွန်ခက်ခဲသလို ပြန်ပြုပြင်ရတာကလည်း အင်မတန်မှကို ရှုပ်ထွေးသည်။ ကျန်းလော့ လုပ်နေတာကို ခဏလောက်ကြည့်လိုက်ပြီး ယယ်ရွင်၏ မျက်နှာဆီ အကြည့်ရောက်သွားကာ ယယ်ရွှင်၏ လွန်ကဲနေသော စိုးရိမ်ပူပန်မှုကို တွေ့လိုက်ရသည်။

ယယ်ရွှင် သန့်စင်ခန်းသွားချိန်မှာ ကျန်းလော့ မေးလိုက်သည်။ “ဘာလို့ ယယ်ရွှင်က ဒီအငြိုးအတေးအရုပ်အပေါ် အရမ်းဂရုစိုက်နေရတာလဲ”

ခွမ့်ကျိန်း ပူလွန်းအားကြီး၍ သူ့ကျောပြင်တစ်ခုလုံး ချွေးနှင့်စိုရွှဲနေပြီဖြစ်သည်။ သူ အင်္ကျီကို ချွတ်ပစ်လိုက်ပြီး သူ၏ တောင့်တင်းနေသော ကြွက်သားတို့က သူ့လက်လှုပ်ရှားမှုပေါ်လိုက်ပြီး  တက်လိုက် ကျလိုက် ဖြစ်နေခဲ့သည်။ သူ သုန်မှုန်စွာဖြင့် ပြန်ဖြေလာခဲ့သည်။

“ ဒီအရုပ်က ယယ်ရွှင်အတွက် သူ့အမေ ချန်ထားရစ်ခဲ့တဲ့အရုပ်ပဲ”

“အငြိုးအတေးအရုပ်က သူ့ကို အသုံးမပြုနိုင်ခင်မှာ သူ့ရဲ့စုပ်ယူမှုကို လိုလိုလားလားနဲ့ခံမယ့် အမျက်ကြီးဝိညာဉ်ကို လိုအပ်တယ်” 

ခွမ့်ကျိန်း သူ့နဖူးထက်က ချွေး‌ကို သုတ်လိုက်ပြီး “ ရှောင်ဖန်းရဲ့ကိုယ်ထဲမှာ အစောတုန်းကရှိနေခဲ့တဲ့ အမျက်ကြီးဝိညာဉ်က ယယ်ရွှင်ရဲ့အမေပဲ”

ယယ်ရွှင်အတွက်တော့ ရှောင်ဖန်းက ရှောင်ဖန်းတင်မကပဲ သူ့အမေလည်း ဖြစ်သည်။

အံ့ဩစရာမရှိတော့ပါဘူး။

ရှောင်ဖန်းကို ကျန်းလော့ကြည့်လိုက်ပြီး တခဏလောက် တိတ်ဆိတ်နေမိသည်။ “အထဲမှာရှိနေတဲ့ အမျက်ကြီးဝိညာဉ် အဆင်ပြေဖို့ ငါ မျှော်လင့်ပါတယ်”

အငြိုးအတေးအရုပ်ကို ပြင်လို့မပြီးသေးခင်မှာပဲ ချန်ဖိက ကျန်းလော့ဆီ ဖုန်းခေါ်လာခဲ့သည်။

ကျန်းလော့ လက်မှုပညာအခန်းကနေ တိတ်တိတ်လေး ထွက်လာလိုက်သည်။ ချန်ဖိက သူ့ကို ဟိုအကြောင်းဒီအကြောင်း ဖုန်းထဲကနေ အလာပသလာပ ပြောလာခဲ့သည်။ ကျန်းလော့ အေးအေးဆေးဆေးပင် ပြောလိုက်သည်။ “ ဆရာ … မနေ့က ကျွန်တော့်ကို ဆရာ ငှားပေးလိုက်တဲ့ ကားကို ကျွန်တော်မြစ်ထဲ မတော်တဆ ထိုးချလိုက်မိတယ်။ ကားကို ပြန်ဆယ်ပြီးတော့ ပြင်နေတုန်းပဲ ရှိသေးတယ်။ ဆရာ့ကို ကျွန်တော် ကားအသစ်တစ်စီး ထပ်ဝယ်ပေးပါ့မယ်”

“ ကားလေးတစ်စီးပဲဟာ” ချန်ဖိက သိပ်ဂရုစိုက်ပုံ မပေါ်ပေ။ “ပျက်ရင်လည်း … ပျက်တယ်ပေါ့”

ကျန်းလော့ ရယ်လိုက်ပြီး “ ဆရာက အရမ်းရက်ရောတာပဲ”

“ဒီလိုဟာမျိုးလောက်ကို ရက်ရောတယ် ပြောနေစရာလား” ချန်ဖိ သက်ပြင်းချလိုက်မိသည်။ “ဒါပြီးရင် မင်း…”

သူ့တပည့်က ဖုန်းလီ၏လက်အောက်ကို ခေါ်သွားခံရလိမ့်မည်ဟု ချန်ဖိ ဘယ်တုန်းကမှ မထင်ထားခဲ့သလို၊ ကျန်းလော့က အခုလို အရည်အချင်း ရှိလာလိမ့်မည်ဟုလည်း သူ မတွေးမိခဲ့ပေ။ သူ နောင်တမရဘူးဟု ပြောဖို့တော့ မဖြစ်နိုင်ပေ သို့သော် ဒီလိုဖြစ်လာမှတော့ သူ ကျန်းလော့နှင့် သူ့ကြားက ဆရာတပည့်ဆက်ဆံရေးကို အတတ်နိုင်ဆုံး ပြန်မွမ်းမံပြီး ဖုန်းလီက ကျန်းလော့၏မျက်နှာကို ထောက်ပြီးတော့ သူ့ကို အပြစ်ကြီးကြီးမားမား ပေးမလာဖို့ပဲ မျှော်လင့်ရတော့မှာဖြစ်သည်။

ချန်ဖိ နောက်ဆုံးမှာ ပြောလိုက်သည်။ “ဆရာ မင်းရဲ့ကျောင်းနားကို ရောက်ခါနီးနေပြီ … မင်းကို ကိစ္စလေးတစ်ခုအတွက် ဆရာ လာခေါ်တာ”

ကျန်းလော့ “ ဘာကိစ္စများလဲ ဆရာ”

ချန်ဖိ အကျယ်ကြီး ရယ်လိုက်မိသည်။ “ကောင်းတဲ့ကိစ္စပါ။ စိတ်မပူပါနဲ့ … ဆရာနဲ့ အတူတူသွားရမှာပါ”

ဖုန်းချပြီးနောက်မှာ ကျန်းလော့ တဒင်္ဂလောက် တွေးတောပြီးနောက် ကျောင်းအပေါက်ဝဆီ လျှောက်သွားလိုက်သည်။

ချန်ဖိ၏ကားက ကျောင်းပေါက်ဝမှာ ရပ်ထားခဲ့ပြီး ကျန်းလော့ ဖြတ်သွားသွားချင်းမှာပဲ လူတစ်ယောက်က သူ့အတွက် တံခါးဖွင့်ပေးပြီး ကားထဲကို အရေးတယူဖြင့် ကြိုဆိုလိုက်သည်။

ချန်ဖိက သာမန်လူအိုကြီးတစ်ယောက်နှင့် ဘာကွာခြားမှုမှမရှိသော လူအိုကြီးတစ်ယောက်ပင်ဖြစ်သည်။ သူ ကျန်းလော့ကို အပြုံးဖြင့်ကြည့်လာပြီး သက်ပြင်းချလိုက်သည်။

“ တော်လိုက်တဲ့ ကလေး … မင်းလည်း အခု အရွယ်ရောက်သွားပြီပေါ့”

ကျန်းလော့ ပြုံးလိုက်သည်၊ ချန်ဖိက ရှက်မနေဘဲ မူလပိုင်ရှင်၏ ကလေးဘဝက အကြောင်းကို တရစပ် ပြောလာခဲ့၏။ ထိုဟာတွေက သာမန်ကလေးတိုင်းမှာ ရှိကြသော သာမန်အကြောင်းအရာလေးများပဲ ဖြစ်သည်။ ကျန်းလော့ သိပ်မကြာလိုက်ခင်မှာပဲ ထိုဟာတွေက ချန်ဖိဘာသာ လုပ်ကြံပြောနေတာမှန်း သိလာခဲ့သည်။

ကားက မြို့ထဲကို တဖြည်းဖြည်းနှင့် ဦးတည်သွားခဲ့ပြီး ဖုန်းမိသားစု၏ ဘိုးဘွားပိုင်အိမ်ကို ရောက်လာခဲ့သည်။ ဖုန်းမိသားစု၏ ဘိုးဘွားပိုင်အိမ်က မြို့တော်၏ အကြွယ်ဝဆုံးသောနေရာမှာ တည်ရှိနေတာဖြစ်သည်။

ဖုန်းမိသားစု၏ ဘိုးဘွားပိုင်အိမ်က ရုပ်နယ်လွန်လောကမှာ တခြားနာမည်တစ်ခုလည်း ရှိသေးသည်။ ထိုဟာကတော့ ထျန်းစစ်ဖူပင်ဖြစ်သည်။ ချန်ဖိက သူ့ကို ထျန်းစစ်ဖူဆီ ခေါ်လာလိမ့်မည်ဟု ကျန်းလော့ ထင်မထားခဲ့မိပေ။ သူ ချန်းဖိ၏ နောက်ကိုလိုက်ပြီး ဖုန်းမိသားစု၏ ဘိုးဘွားပိုင်အိမ်ထဲကို ခြေချလိုက်သည်။

--------