အပိုင်း (၄၇)
တစ်စုံတစ်ယောက်ကတော့ ငါ့နှလုံးကိုခိုးသွားပြီ
သူ့သခင်ရဲ့ရှေ့မှာ ဒီလိုမျိုး လူသားတစ်ယောက်ဆီက နှိမ်နှိမ်ချချပြုမူခံရတာကြောင့် ဟွာပိရဲ့မျက်နှာသည် နီရဲနေပြီး အင်အားရှိသမျှလေးနှင့် မျက်နှာလွှဲလိုက်သည်။
‘ဒီလူသားကောင်ရဲ့ မဲ့ရွဲ့နေတဲ့မျက်နှာကို လက်သည်းနဲ့ခြစ်လိုက်ချင်တာ’
မကောင်းဆိုးဝါးဝိဉာဉ်သည် ရယ်လိုက်ပြီး
“ဒီလိုလုပ်တာက ငါ့အတွက်အကျိုးမရှိပုံပဲ”
သိရဲ့သားနဲ့ သူ့ကိုလာပြောနေတယ်ဆိုသော အကြည့်နှင့် ကျန်းလော်ကိုကြည့်နေသောကြောင့် ကျန်းလော်သည် ဝါးလုံးကွဲထမရယ်မိအောင် ထိန်းလိုက်ပြီး
“ရွေးချယ်ဖို့က မင်းအပေါ်ပဲ မူတည်တာ”
ချီယုံသည် ညှစ်ထားသည်ကို ထပ်တင်းလိုက်သည်။ ထန်ပိသည် နာကျင်သောကြောင့် အော်လိုက်သော်လည်း ချီယုံ၏ အာရုံသည် ထန်ပိထံ၌မရှိဘဲ ကျန်းလော်မျက်နှာကိုသာ မျက်တောင်မခတ်တမ်းကြည့်နေသည်။ ဆံပင်နက်နှင့်လူငယ်သည် ထန်ပိအော်သံကို ကြားသော်လည်း မျက်နှာပျက်မသွားပေ။ ထန်ပိသည် သူ့အတွက်တော့ သူစိမ်းတစ်ယောက်ကဲ့သို့ပင် သူ၏အမူအရာသည် သေချာကြည့်လျှင် အနည်းငယ်စိတ်မရှည်တော့ပုံပေါ်သည်။ ထန်ပိသေသွားလျှင်တောင် စိတ်ညစ်မည့်ပုံမပေါ်သော်လည်း လက်စားချေသည့်အနေဖြင့် ဟွာပိကိုသတ်လိုက်မည်မှာ အသေအချာပင် ဖြစ်သည်။ ထိုသူသည် မြွေပွေးလိုပင် သွေးအေးပြီး အမှတ်သည်းခြေကြီးကာ တစ်စုံတစ်ယောက်ကသာ သူ့ကိုစိတ်ဆိုးစေလျှင် အစွယ်များကျိုးနေလျှင်တောင် မလွတ်တမ်းကိုက်ထားမည့်သူ ဖြစ်သည်။
မကောင်းဆိုးဝါးဝိဉာဉ်သည် အကြောင်းတစ်ချို့တွေးပြီးနောက် ပိုပိုပြီးရယ်ချင်လာသည်။ သူသည် ထန်ပိကို ရုတ်တရက်လွတ်ချလိုက်ရာ ထန်ပိသည် ဒူးထောက်ကျသွားပြီး ချီယုံသည် ရယ်ရယ်မောမောဖြင့်
“ဟုတ်ပြီလေ ငါသဘောတူပေးလိုက်မယ်”
ဟွာပိသည် အလွန်ကျေးဇူးတင်စိတ်လှုပ်ရှားသွားပြီး ချီယုံဘက်လှည့်နိုင်ရန် အသည်းအသန်ရုန်းရင်း
“သခင်”
ကျန်းလော်သည် စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များကျနေသော ဟွာပိကိုမြေပေါ်သို့တွန်းချ၍ တက်နင်းလိုက်ပြီး ချီယုံကိုကြည့်ကာ ချည်ထားသော ရွှေရောင်ကြိုးကို ဖြည်မပေးသည့်အပြင် ပို၍တင်းအောင်ကိုင်လိုက်သည်။ သူသည် မပြုံးချင်ပြုံးချင်ပြုံးလိုက်ပြီး ဝတ်ကျေတမ်းကျေ ပြောလိုက်သည်။
“သူ့ဒဏ်ရာတွေကရော မကုပေးတော့ဘူးလား”
ချီယုံသည် လက်ကိုဆန့်လိုက်ပြီးနောက် သူ၏ဘယ်ဘက်လက်မှ မြူနက်များပေါ်လာပြီး ထန်ပိကို ထိုမြူနက်ထဲသို့ ဆွဲသွင်းလိုက်သည်။ မြုနက်ထဲတွင် ထန်ပိသည် နာကျင်လွန်းသောကြောင့် လှိမ့်နေပြီး ပြင်းပြင်းထန်ထန်ရုန်းကန်နေသည်။ သို့သော် ရုန်းမရဘဲ အသည်းခိုက်အောင်နာကျင်ပြီးရင်း နာကျင်နေကာ ကျယ်လောင်စွာ အော်ဟစ်နေတော့သည်။ ထိုရုတ်တရက် ဝင်လာသော မြူနက်များကြောင့် ထန်ပိသည် အော်ဟစ်နေသည်။ ချီယုံသည် မေ့ပြီးမပြောလိုက်ရတာရှိပုံဖြင့်
“ဟွာပိရဲ့ လက်သည်းတွေက အဆိပ်ရှိတယ်လေ၊ ဒီဒဏ်ရာတွေကိုသာ ပြန်ကောင်းချင်ရင် အဲ့ဒီအဆိပ်တွေကို ဆွဲထုတ်လိုက်မှ ရမယ်”
ကျန်းလော်သည် ထန်ပိကိုကြည့်၍
“ဘယ်လို ထုတ်မလို့လဲ”
ချီယုံသည် ဂရုမစိုက်စွာဖြင့်
“အဆိပ်ထိထားတဲ့ အသားတွေအကုန် ဖြတ်ထုတ်လိုက်ရင် ပိုကောင်းသွားမလားလို့”
သို့သော် ဒီကိစ္စကြီးသာ ဒီလောက်လွယ်နေပါလျှင် ထန်ပိဤမျှအထိ အော်နေစရာ အကြောင်းမရှိပေ။ ချီယုံ၏ မြူနက်များ ထန်ပိဒဏ်ရာကို ထိလိုက်လျှင် ထန်ပိ၏ အော်သံနက်ကြီး ကြားရပြန်သည်။ သူသည် သေချာပေါက် နာကျင်မှုကို ခံနိုင်ရည်ရှိပါသည်။ ရှင်နေသောအလောင်းကောင်များသည် များသောအားဖြင့် နာကျင်မှုကို လုံးဝနီးပါး မခံစားရသော်လည်း ယခု ဤနာကျင်မှုသည် ထန်ပိအတွက် လုံးဝမခံစားနိုင်သော နာကျင်ရခြင်းမျိုးဖြစ်သည်။ ချီယုံ၏ မြုနက်များ သူ၏ပုတ်သိုးနေသော အသားထဲဝင်သွားလိုက်တိုင်း သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများသည် မရပ်မနားတွန့်လိမ်နေသည်။ အသားကို ဖြတ်ထုတ်လိုက်လို့ နာတာမဟုတ်ဘဲ မြူနက်များ ဒဏ်ရာအတွင်းတွင် မွှေနေသောကြောင့်ဖြစ်သည်။ ထန်ပိသည် ထိုမြူနက်များသည် သူ၏ အသားများ၊ အရွတ်များနှင့် အရိုးများကို တစ်ခုချင်းဆွဲထုတ်နေပြီး သူ၏ချင်ဆီများကို မီးနှင့်မြှိုက်နေသည်ဟုပင် ထင်လာသည်။ သူ၏ဝိဉာဉ်အတွင်းထဲကပင် နာကျင်မှုကို ခံစားနေရသည်။ အမြင်အာရုံဝေဝါးသွားပြီး လေဟာနယ်ထဲရောက်သွားသကဲ့သို့ သတိလစ်သွားသည်။
‘ခုနတုန်းက သခင်သူ့ကို မြူနက်နှင့် ညှစ်ထားတုန်းကတောင် ဒီလိုမျိုးမခံစားရဘဲနဲ့’
ထန်ပိသည် ချက်ချင်းပြန်သတိရလာပြီး သိချင်လာသည်။
“ဘယ်သူကပိုင်ရှင်လဲ”
မရေရာသော အတွေးတို့တွေးမိပြီး ထန်ပိသည် နောက်ထပ်နာကျင်မှုထဲသို့ နစ်မြုပ်သွားပြန်သည်။ ချီယုံသည် ထန်ပိကို ငုံ့ကြည့်ပြီးသူ၏ အမူအယာကင်းမဲ့သော မျက်နှာတွင် ရက်စက်ပြီး အေးခဲသွားစေနိုင်သော အရိပ်အယောင်ပေါ်နေသည်။ မကြာခင်မှာပဲ မြူနက်များသည် ထန်ပိကိုလွတ်ချလိုက်သည်။ အဆိပ်များဖယ်ထုတ်ပြီးနောက် ထန်ပိ၏ ဒဏ်ရာများသည် ဖြေးဖြေးချင်းပြန်ကောင်းလာသည်။ ထန်ပိသည် နာကျင်နေပုံမရတော့ဘဲ ထရပ်ဖို့ကြိုးစားသည်။ သို့သော် ခြေထောက်များအားနည်းနေသောကြောင့် မြေပြင်ပေါ်သို့ ပြန်လဲကျသွားပြီး အားပြန်ဖြည့်ရန် ကြိုးစားနေသည်။ ကျန်းလော်သည် ထန်ပိအဆင်ပြေသွားကြောင်း သေချာအတည်ပြုပြီးနောက် ကတိတည်စွာ မသေမရှင်ဖြစ်နေသော ဟွာပိကို လွတ်ပေးလိုက်သည်။
ချီယုံသည် မထင်မှတ်ထားပုံနှင့် ကျန်းလော်ကို မျက်ခုံးပင့်၍ ကြည့်လိုက်သည်။ သူထင်သည်မှာ ကျန်းလော်သည် ဒီအခြေအနေတွင် ဟွာပိကိုသုံး၍ လွတ်ပေးရန်တောင်းဆိုလိမ့်မည်ဟု၊ သို့သော် အံ့အားသင့်ဖွယ် သူ၏သားကောင်လေးသည် အလွန်ရိုးသားနေသည်။ သူသည် ထပ်မံစိတ်လှုပ်ရှားလာပြီး ပျော်ရွှင်စွာဖြင့်
“ငါက သူ့အသက်ကိုသုံးပြီး မင်းကိုလွတ်ပေးခိုင်းမယ်ထင်တာ”
ကျန်းလော်သည်ရယ်လိုက်ပြီး
“ရှက်စရာကောင်းလိုက်တာ”
ချီယုံသည်လည်းပဲ ရှက်စရာကောင်းသည်ဟု ခံစားရသည် ။ ထို့နောက် ကျန်းလော်သာ ထိုသို့တောင်းဆိုလျှင် သူ၏စိတ်ရှည်မှုများ ကုန်ခမ်းသွားလောက်သည်။ ခပ်ဟဟရယ်လိုက်ပြီး ကျန်းလော်ကို အသိအမှတ်ပြုလိုက်သည်။
‘သူ၏သားကောင်ကလေးသည် သူလာဖမ်းတာကို စောင့်နေသည်ပဲ။ ကြည့်ရတာ စောစောကသူပြောတာကိုလည်း သားကောင်လေးက မေ့သွားပြန်ပြီထင်ပါရဲ့’
မကောင်းဆိုးဝါးဝိဉာဉ်သည် ကြင်နာစွာဖြင့်
“မပြေးသေးဘူးလား”
ကျန်းလော်သည် နှာမှုတ်လိုက်ပြီး
“မစ်စတာ မကောင်းဆိုးဝါးတစ္ဆေကြီးက ကျွန်တော်ကို ခန့်မှန်းကြည့်နေတာပါလား”
ချီယုံသည် ရယ်ချင်သွားပြီး "အိုး”
ကျန်းလော်သည် ချီယုံကို လက်နှစ်ချောင်းထောင်ပြပြီး အကြီးကြီးပြုံးပြ၍
“ကဲ ငါမင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်”
ချီယုံသည် လက်နှစ်ချောင်းကိုကြည့်၍ ရယ်ကျဲကျဲပြန်ပြောလိုက်သည်။
“နားရွက်အကုန်လုံးနဲ့ နားထောင်နေပါတယ်”
ကျန်းလော်သည်ပြုံးလိုက်ပြီး
“ပထမတစ်ခုက မင်းငါ့ကို လိုက်ဖမ်းရမယ် ပြီးရင် ငါတို့နှစ်ယောက်လုံးရှုံးနိုင်တယ် ဒါမှမဟုတ် မင်းသေမယ်”
ချီယုံသည် မိမိက ကသုတ်ကရက်နှင့် ခေါင်းမီးတောက်ကာ ဗျာများတော့မည်ဟု ကျိန်းသေစွာ ပြောနေသော ကျန်းလော်ကိုကြည့်၍ ပို၍ပို၍ပျော်လာသည်ကို မထိန်းချုပ်နိုင်တော့သော်လည်း မျက်နှာကိုတည်ထားပြီး လူကြီးလူကောင်းပီသစွာ မေးလိုက်သည်။
“ဒုတိယတစ်ခုကရော”
ဆံပင်အနက်ရောင်နှင့် လူငယ်လေးသည် လက်နှစ်ချောင်းကိုယမ်း၍
“ဒုတိယအနေနဲ့ မင်းဝင်ဖို့လုပ်ထားတဲ့ တခြားဝိဉာဉ်သခင်တွေနဲ့ ခွဲခြားသွားတော့မဲ့ ရုပ်ထုဆီကိုသွားကြည့်”
“ရုပ်ထုက မင်းအတွက် တော်တော်အရေးကြီးတယ်ထင်တယ်”
ကျန်းလော်သည် အသံကိုနှိမ့်လိုက်ပြီး
“အခုသွားမကြည့်ဘူးဆိုရင် သေချာပေါက် နောက်ကျသွားမှာနော်”
ချီယုံသည် လျော့တိလျော့ရဲပြုံး၍ ဟွာပိကို ကြည့်လိုက်သည်။ ဟွာပိသည် မျက်လုံးမှိတ်၍ ရှက်ရွံ့စွာဖြင့် ခြင်တစ်ကောင်ထက်ပင် တိုးသော အသံနှင့်
“သခင် တောင်းပန်ပါတယ်”
“အမှိုက်လိုကောင်”
ကျန်းလော်သည် ဖြတ်၍ “ဘာကိုရွေးမလဲ”
မကောင်းဆိုးဝါးဝိဉာဉ်သည် တွေဝေသွားပြီး
“နှစ်ခုလုံးရွေးရင်...”
ကျန်းလော်သည် မျက်နှာထားပြောင်းမသွားဘဲ ထိုအဖြေကို မျှော်လင့်ထားပြီးသား ဖြစ်သလိုပင်။ မကောင်းဆိုးဝါးဝိဉာဉ်သည် ကိုယ်ကိုကိုင်း၍ ကျန်းလော်၏နားနားကပ်ကာ
“စိတ်မပူနဲ့ မင်းထွက်ပြေးဖို့ အချိန်နည်းနည်းရအောင် ငါရုပ်ထုဆီအရင်သွားလိုက်မယ်”
ကျန်းလော်၏နားကို ဆံပင်ဖြူတစ်ချို့ ပွတ်သပ်သွားပြီး
“ငါလူတွေကို သက်ညှာပေးတယ်ဆိုတာ အင်မတန်ရှားတာနော်၊ ဒီလိုနောက်ဆုံးအကြိမ်ကို ကောင်းကောင်းတန်ဖိုးထား ”
ကျန်းလော်သည် နှစ်ကြိမ်မျှရယ်လိုက်သည်။ ချီယုံသည် ရပ်သွားပြီး ပြောလိုက်သည်။
“အား ဒီအတွက်လဲစိတ်မပူနဲ့ဦး ရုပ်ထုရှာတွေ့တာနဲ့ မင်းကို မြန်မြန်လာရှာမယ်”
ထိုသို့ပြောပြီးနောက် သူသည် ကျန်းလော်နံဘေးမှ နှေးကွေးစွာ ဖြတ်လျှောက်သွားသည်။ ကျန်းလော်သည် လုံးဝမှ မတွေဝေဘဲ မြန်မြန်ထွက်သွားသည်။ ဟွာပိသည် သူ့ကိုတားရန် အင်အားမရှိသောကြောင့် မုန်းတီးစွာဖြင့် ဒီအတိုင်းကြည့်နေရတော့သည်။ ထန်ပိသည် ကျန်းလော်ကို ရှုပ်ထွေးစွာကြည့်၍ အားနည်းစွာဖြင့်
“သူငယ်ချင်း ငါ့ကိုထားခဲ့တော့မလို့လား”
ကျန်းလော်သည် ရပ်သွားပြီးနောက် ထန်ပိ၏နောက်စိတွင် ကပ်နေသောကျောက်တုံးကြောင့် ထန်ပိအတိတ်မေ့နေသည်ကို သတိရသွားပြီး ဆက်လျှောက်ထွက်သွားလိုက်သည်။ နောက်ဆုံးမှာတော့ သူတို့နှင့် ထန်ပိကြားတွင် မတူညီသော ကမ္ဘာနှစ်ခုခြားနေသည်။ ထန်ပိသာ သတိပြန်ရလာလျှင် ဘယ်သောအခါမှ ထိုစကားပြောလိမ့်မည် မဟုတ်ပေ။
ချီယုံ၏ ဖမ်းဆီးခြင်းမှ လွတ်မြောက်ရန် ကျန်းလော့သည် နတ်ကွန်းထဲရှိ လျို့ဝှက်လမ်းကျဉ်းထဲမှ တရွတ်တိုက်သွားလိုက်ပြီး ဂူဝင်ပေါက်အပြင်ဘက်တွင် အပေါင်းအဖော်များကို စောင့်ဆိုင်းနေလိုက်သည်။
သူသည် လျင်မြန်စွာဖြင့် ဝင်ပေါက်သို့ပြေးသွားပြီး ကျောက်တုံးလှေကားထစ်ကို အသက်တစ်ရှိုက်စာအတွင်း ခုန်ကျော်လိုက်သည်။ ထို့နောက် မြေပြင်ရှိ တွင်းပေါက်ဘေးတွင် လှလှပပချေချိတ်ထိုင်လိုက်သည်။
ကျန်းလော်သည် နတ်တမန်တော် ဝတ်စုံကိုဝတ်ဆင်ထားချိန်တွင် ချီယုံ၏နောက်လိုက်ဖြစ်ချင်ကြသော တစ္ဆေများကို အရူးလုပ်၍ ရုပ်ထုကိုစောင့်ရှောက်ရန်နှင့် တစ်ယောက်ယောက် ထိုနေရာမှဖြတ်သွားပါက သေချာပေါက်သတ်ပစ်ရန် မှာထားခဲ့သည်။
‘ချီယုံရေ မင်းဖြတ်သွားလိုက်လို့ကတော့ တစ္ဆေအစုလိုက်အပြုံလိုက် ဝိုင်းတိုက်ခိုက်တာကနေ လွတ်နိုင်ပါ့မလား’
ကျန်းလော်သည် ထိုသို့တွေးမိသောကြောင့် ပျော်ရွှင်သွားပြီး ခြေထောက်ကိုစုကာ တွင်းဝမှထွက်သွားရန်ထလိုက်သည်။ သို့သော် သူ့ခြေထောက်ကိုမလိုက်လျှင် လက်အေးအေးကြီးတစ်ဖက်သည် သူ့ကို ဒူးခေါင်းမှ ဆွဲထားလေသည်။ ကျန်းလော်သည် မျက်ခုံးပင့်လိုက်ပြီး ခုန်၍ငုံ့ကြည့်လိုက်သည်။ တစ္ဆေအစုအဝေးကြီးထံမှ ဆွဲထားခြင်းခံရသော ချီယုံ သည် သူ့ကိုမော့ကြည့်ပြီး ပြုံးပြနေသည်။ ချီယုံသည် ကျန်းလော်မှ ချီယုံကို ဒုက္ခပေးရန် နိုးဆွခဲ့သော ကြောက်မက်ဖွယ် တစ္ဆေအစုအဝေးကြီး နှင့် ကျန်းလော်ကိုဆွဲ၍ တွားတက်လာနေသည်။ ထို တစ္ဆေအစုအဝေးကြီးသည် ပရမ်းပတာဖြင့် မှီရာလှမ်းဆွဲနေကြရာ ချီယုံ အဝတ်အစားများ တစ်လွှာပြီး တစ်လွှာကျွတ်ကုန်သည်။ သူတို့သည် စူးစူးရှရှ ကျယ်ကျယ်လောင်လောင် အော်ဟစ်နေပုံမှာ သေလောက်အောင် ကြောက်မက်ဖွယ်ကောင်းလေသည်။
ချောမောသောချီယုံ မျက်နှာထားတစ်ချက်မပြောင်းတတ်သော ထိုမကောင်းဆိုးဝါးသည် တစ္ဆေအစုအဝေးကြီးဝိုင်းဆွဲခံထားရပြီးနောက် ဒေါသထွက်လာပုံပေါ်သည်။
“မင်းဘယ်လိုများထွက်သွားနိုင်မလဲ”
တစ္ဆေများဆွဲထားခြင်းခံနေရသော ချီယုံသည် သူတစ်ခါမှမမြင်ဖူးသော အပြုံးမျိုးပြုံး၍ ကျန်းလော်၏ဒူးခေါင်းကို ဆုပ်ကိုင်ထားပြီး ဆွဲချ၍
“ကစားပွဲက အခုမှစမှာ”
ကျန်းလော်သည် ဒူးကိုပြန်ဆွဲထုတ်နေသော်လည်း စိတ်မရှည်တော့သောကြောင့် ကိုယ်ကိုကိုင်းလိုက်ပြီး ချီယုံ၏လက်ကို ဆွဲဖြုတ်ရန် ကိုင်လိုက်သည်။ သူ့လက်တစ်ဖက်သည် မြေပြင်ပေါ်ထောက်မိသွားပြီးနောက် သရဲလက်များက သူ့ကိုဆွဲချကြသည်။ ကျန်းလော်သည် ထိုလက်များကို အားပြင်းပြင်းဖြင့်ခါချ၍ ချီယုံံ့လက်ကို ဖြုတ်ချဖို့ ကိုင်လိုက်သည်။ သရဲများသည် သူခါချနေသည်ကို ကြည့်၍ အသည်းခိုက်ဖွယ်ရယ်ကြသည်။ ကျန်းလော်လက်နှင့် ချီယုံလက်တို့ ထိမိသွားသည့်အချိန် ကျန်းလော်လက်ချောင်းများသည် ချီယုံ၏လက်ချောင်းများနှင့် တစ်ထပ်ထဲကျသွားသည်။ ထို့နောက် ကျယ်လောင်သော နှလုံးခုန်သံကို ကျန်းလော်ကြားလိုက်သည်။ ထိုနှလုံးခုန်သံသည် သူ့ထံမှမဟုတ် ရုပ်ထုထံမှ မည်သူမှ မသိအောင်ယူလာပြီး သိမ်းထားသော နှလုံးမှ အသံဖြစ်သည်။ သူသည် မလှုပ်ရှားတော့ပဲ ချီယုံကိုငုံ့ကြည့်လိုက်ရာ ထိုသူ၏ မျက်ဝန်းထဲမှ ပုံရိပ်အချို့ကို မြင်လိုက်ရသည်။
ထိုမြင်ကွင်းထဲတွင် ချီယုံသည် မီးတောက်တစ်ခုရှေ့တွင် မက်တပ်ရပ်နေသည်။ ၁၁နှစ် ၁၂နှစ်လောက်သာ ရှိဦးမည်ထင်သည်။ သို့သော် သူသည် ထိုအရွယ်လေးမှာပင် အေးစက်သော မျက်နှာထားနှင့် ဖြစ်သည်။ မီးတောက်ကို ကြည့်နေသော မျက်နှာသည် အမူအယာကင်းမဲ့နေပြီး ရုတ်တရက် နှလုံးရပ်သွားလောက်သော အပြုံးတစ်ခုပြုံးလိုက်သည်။ အမှောင်ဆန်သော မျဉ်းကြောင်းကဲ့သို့ အရာတစ်ခု သူ့နောက်မှ ထွက်ပေါ်လာပြီး ငယ်ရွယ်သေးသော ချီယုံမျက်နှာတွင် ကြီးမားသော ဖျက်ဆီးမှုကြီးဖန်တီးတော့မည့်ပုံပေါ်သည်။
“မင်းဘာလိုချင်လဲ”
တစ်စုံတစ်ခုက မေးလိုက်ပုံပေါ်သည်။ ပြုံးနေသော ချီယုံသည် တိုးတိုးလေးဖြေလိုက်သည်။
“ချီမိသာစု ပျက်ဆီးပြီး ပြန်နလန်မထူလာနိုင်တော့အောင် ကျိန်စာတိုက်ချင်တယ်”
သူ၏အသံသည် တိုးသည်ထက်တိုးသွားပြီး မျက်လုံးများတောက်လာကာ
“ပြီးတော့ ရုပ်လွန်လောကကြီးကိုပါ ငါနဲ့အတူဆွဲချသွားချင်တာ”
ပုံရိပ်အဆုံးကို မြင်လိုက်ရသော ကျန်းလော်သည် ဒယိမ်းဒယ်ိုင်နှင့် တွင်းထဲပြုတ်ကျမလိုဖြစ်ပြီး သတိဝင်လာသည်။ ချီယုံသည် အပြုံးတုတစ်ခုပြုံးလိုက်ပြီး ကျန်းလော်ဒူးကို မလွတ်တမ်းဆွဲထားကာ
“ဘာတွေစဉ်းစားနေတာလဲ”
“ငါ့မျက်နှာကိုကြည့်နေရင်း ဘယ်လိုတောင် တခြားကိုအတွေးရောက်သွားရဲရတာလဲ”
ကျန်းလော်သည် သူ့ကိုကြည့်လိုက်ပြီး ပြုံးပြလိုက်ကာ
“ချီယုံ ကြည့်ရတာ ငါမင်းကို နည်းနည်းပိုသိလာသလိုပဲ”
ကျန်းလော်သည် ဒူးကိုဆွဲထုတ်၍ ဂူထဲမှ ထွက်ပြေးသွားတော့သည်။ ဇွတ်ဆွဲထုတ်လိုက်သောကြောင့် ဘောင်းဘီသည် နှစ်ပိုင်းပြဲသွားပြီး ချီယုံ့ထံတစ်ပိုင်းကျန်ခဲ့သည်။ ဆံပင်အနက်နှင့်ကောင်လေးသည် မျက်စိတစ်မှိတ်အတွင်း ချီယုံ့ရှေ့မှပျောက်ကွယ်သွားသည်။ ချီယုံသည် ထွက်ပေါက်ကိုကြည့်၍ ဘောင်းဘီစကို တင်းတင်းကိုင်ထားပြီး ကျန်းလော်ပျောက်သွားသည်ကို စောင့်ကြည့်နေပြီး ထွက်ပေါက်ဆီမရောက်မှီ မျက်နှာကျက်တွင် ပင့်ကူအိမ်များကို ထွက်ပေါက်မှ အလင်းများကျနေသည်။ သူတိတ်ဆိတ်စွာကြည့်နေစဉ်တွင် မီးတောက်တစ်ခုပြီးတစ်ခုလွင့်လာပြီး ချီယုံ၏ဆံပင်တချို့ပင် လောင်သွားသည်။ ကျန်းလော်သည် ဂူဝင်ပေါက်တွင် မီးမန္တာန်နှစ်ရွက်ချန်ထားခဲ့သည်။
ချီယုံသည် မီးတောက်များနှင့်ဝေးရာ အရိပ်တစ်ခုအတွင်းဝင်လိုက်သည်။ ချီယုံဝင်လိုက်သည်နှင့် သရဲအော်သံများ ချက်ချင်းပျောက်သွားသည်။ အတင့်ရဲသော သရဲတစ်ကောင်သည် ချီယုံ့လက်ထဲရှိ ဘောင်းဘီစကို လာဆွဲလေသည်။ ချီယုံသည် ထိုသရဲကို အေးစက်စွာကြည့်လိုက်သည်။ သရဲသည် တောင့်ခနဲဖြစ်သွားပြီး ထိုဘောင်းဘီစကို လျင်မြန်စွာ လွတ်လိုက်သည်။
“သူက ငါ့ရဲ့ သားကောင်” ချီယုံက ပြောလိုက်သည်။
“နားလည်လား”
သူအသက်ရှူထုတ်လိုက်သောအခါ သူ့ကိုဖမ်းဆွဲနေကြသော သရဲအစုအဝေးကြီးသည် ဘာအစအနမှမကျန်ဘဲ ပျောက်ကွယ်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ထိုနေရာတွင် ချီယုံတစ်ယောက်ထဲကျန်တော့သည်။ ချီယုံသည် သက်ပြင်းချလိုက်ပြီး သရဲများဆွဲ၍ ကျွတ်ကုန်သော အင်္ကျီများကို တစ်ထည်ချင်းလိုက်ကောက်နေသည်။ ကျန်းလော်သည် ထိုကဲ့သို့ ချီယုံ၏ထောင်ချောက်ထဲမှ လွတ်လာနိုင်သောကြောင့် မပျော်နိုင်သလိုဖြစ်နေသည်။ ချီယုံသည် ကျန်းလော်နောက်သို့ လိုက်မသွားခဲ့။ ကျန်းလော်သာ သေသွားခဲ့လျှင် သူ့အတွက် ပျော်စရာမကောင်းတော့ပေ။ ချီယုံသည် မြေအောက်ဂူထဲသို့ ပြန်သွား၍ ရုပ်ထုကို တစ်နေရာမှာတင်လိုက်သည်။ မည်သို့ပြန်ကောင်းလာမှန်း မသိသော ဟွာပိသည် ထိုရုပ်ထုကို ကျောက်ဖျာပေါ်သို့ နေရာတကျတင်လိုက်သည်။
“သခင် စလို့ရပါပြီ”
ချီယုံသည် အတွေးထဲမှထွက်၍ အဝတ်များချွတ်လိုက်သည်။
“အခုချက်ချင်း စလုပ်မယ်၊ ထန်ပိရော သူဘယ်မှာလဲ”
ဟွာပိသည် ချက်ချင်းစူပုပ်သွားပြီး
“ကျွန်တော် မလှုပ်နိုင်တုန်း သူ့သူငယ်ချင်းတွေဆီသွားမယ်ဆိုပြီး ထွက်ပြေးသွားသည်”
“အခုမှ သူငယ်ချင်းကို သစ္စာရှိနေတာ”
ချီယုံသည် ချီးမွမ်းသလိုနှင့် အေးစက်စွာပြောလိုက်သည်။
“ကျန်းလော်က မင်းအသက်နဲ့ သူ့ကိုလဲချင်တာ မထူးဆန်းတော့ပါဘူး”
ဟွာပိသည် ထိုယုတ်ညံ့သည့်လူသားကို တွေးမိသည်နှင့် အသက်ရှူကျပ်လာပြီး လက်သည်းများယားလာသလို ခံစားရသည်။ ချီယုံသည် အဝတ်များချွတ်လိုက်ပြီး ရုပ်ထုအတွင်းဝင်လိုက်သည်။ ဟွာပိသည် စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေပြီး အချိန်အတော်ကြာသွားပြီးနောက် ရုပ်ထုသည် ဖြေးဖြေးချင်း ချီယုံံ့ပုံစံအတိုင်း ပြောင်းလဲလာသည်။ ရုပ်ထုသည် အရပ်ရှည်လာပြီး မျက်နှာက ချောမောလာသည်။ ထို့နောက် ခနအကြာတွင် ရုပ်ထုသည် မျက်လုံးပွင့်လာသည်။ ကျောက်ဖြင့်လုပ်ထားသော မျက်လုံးသည် လူတစ်ယောက်၏ မျက်လုံးများအဖြစ်ပြောင်းလဲသွားပြီး အသူတရာချောက်ကဲ့သို့ နက်ရှိုင်းပုံပေါ်ကာ အမြင်အာရုံသည် အနည်းငယ်နေသားမကျ တောင့်တင်းနေပုံပေါ်သည်။
ဟွာပိသည် တိုးတိုးလေးပြောလိုက်သည်။
“သခင် ခန္ဓာအသစ်က ဘယ်လိုနေပါသလဲ”
“မဆိုးဘူး”
ချီယုံသည် ထိုခန္ဓာ(ယခုသူ့ခန္ဓာကိုယ်)ကို ထိန်းချုပ်ပြီး မက်တပ်ရပ်လိုက်ကာ ပြင်ဆင်ထားသော အဝတ်အစားဝတ်လိုက်သည်။
“နတ်ဘုရားအဆင့် ခန္ဓာကိုယ်နှင့် နတ်ဆိုးစွမ်းအားရှိနေတဲ့ ဒီခန္ဓာက ဟိုပါရမီရှင်ဝိဉာဉ်ခန္ဓာတွေထက် ပိုအဆင်ပြေတာပဲ”
ဟွာပိသည် မထိန်းနိုင်တော့ပဲ ပျော်ရွှင်စွာပြုံးလိုက်သည်။ သို့သော် ချီယုံသည် ရုပ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ရင်ဘက်ပေါ်သို့ လက်တင်ကြည့်သည်။ ဟွာပိသည် ဆက်မပြုံးနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာမေးလိုက်သည်။
“သခင် ဘာများဖြစ်လို့ပါလဲ”
ချီယုံ၏မျက်နှာသည် အိုးဖင်ကဲ့သို့ မည်းနက်သွားပြီး သူ့မှာဘာဖြစ်သွားမှန်း တွေးမရအောင်ဖြစ်နေသည်။ ရုတ်တရက် ချီယုံသည် ပြုံးလိုက်ပြီး သူ့ကိုယ်သူတီးတိုးပြောလိုက်သည်။
“အားး တစ်စုံတစ်ယောက်ကတော့ ငါ့နှလုံးကိုခိုးသွားပြီဘဲ”
###