အပိုင်း (၅၃)
သူများကို ယုတ်မာဒုက္ခပေးရန် ဆွဲဆောင်ခံရ
ရက်ရှာ့ဆာသရဲသည် ရင်းဟူမှသူ့ကို မြေပြင်တွင် ထိုးနှက်ခဲ့တည်းက ခံစားချက်မကောင်းတော့ပေ။ ထိုခံစားချက်သည် ဆံပင်အနက်နှင့် လူငယ်မှသူ့ကိုပြုံး၍ ငုံ့ကြည့်လိုက်ချိန်တွင် အထွတ်အထိပ်သို့ရောက်သွားသည်။ ရက်ရှာ့ဆာသရဲသည် သတ်ကွင်းထဲသို့ ကြည့်လိုက်သောအခါ သံကြိုးဖြင့် ချည်ထားသော လှောင်အိမ်များထဲမှ မကောင်းဆိုးဝါးတစ္ဆေများသည် ကွင်းပတ်ပတ်လည်တွင် ရပ်နေသော သရဲများနှင့် မကောင်းဆိုးဝါးဝိဉာဉ်များကို အစိမ်းရောင်မီးတောက်မျက်လုံးများနှင့် သွားရည်တောက်တောက်ကျနေအောင် အပြန်ပြန်အလှန်လှန် ကြည့်နေကြသည်။
ရက်ရှာ့ဆာသရဲသည် ဖြူဖျော့ကြောက်ရွံ့လာပြီး သူသတ်ခဲ့သော သူများကိုသေချာကြည့်၍ ကွင်းထဲမှ ပျံပြေးတော့သည်။ သို့သော် သူ့ကိုမြင်တိုင်း ကြောက်ရွံ့ရှောင်ရှားသွားတတ်သော သရဲများနှင့် မိစ္ဆာများသည် သူ့ကိုဝိုင်းထားကြသည်။ ရက်ရှာ့ဆာသရဲသည် ဒေါသထွက်လွန်းသဖြင့် ဆံပင်နီနီများသည် လေထဲလွှင့်နေကာ အစွယ်ကြီးများပေါ်သည်အထိ အော်လိုက်သည်။
“ငါ့ကိုတားရဲတယ် မင်းတို့ကလေ”
သူပိုကြောက်လာလေလေ သူ့မျက်နှာသည် စပရင်ကဲ့သို့ တွန့်လိမ်လာလေဖြစ်ပြီး ရက်ရှာ့ဆာသရဲသည် ယခုအလွန်ကြောက်ရွံ့နေပါသည်။ သို့သော် ထိုသရဲနှင့် မိစ္ဆာများသည် သူထွက်သွားသည်ကို မရပ်တန့်နိုင်ပေ။ ဘယ်လိုပင် ရက်ရှာ့ဆာသရဲသည် အင်အားကောင်းသည်ဆိုသော်လည်း များလွန်းသော သရဲတစ္ဆေများကို မယှဉ်နိုင်။ ထိုသရဲများသည် သူ့ကို မပြီးသတ်ကွင်းထဲသို့ ပစ်ထည့်လိုက်သည်။ သုံးမီတာရှည်သော ရက်ရှာ့ဆာသည် သတ်ကွင်းအတွင်းသို့ ပြင်းထန်စွာကျသွားပြီး ကြီးမားလှသောကွင်းထဲတွင် သူသည် ကလေးပေါက်စကဲ့သို့ သေးငယ်နေသည်။ တက်ကြွသော အားပေးသံများ တစ္ဆေသတ်ကွင်းအပြင်မှ ထွက်ပေါ်လာသည်။
“လောင်းမယ်ကွာ ရက်ရှာ့ဆာ သေချာပေါက်သေလိမ့်မယ်”
“ငါကတော့ သူတစ်မိနစ်တောင် မခံနိုင်မဲ့ ဘက်က....ဟား..ဟားဟား..... ငါသူ့ဆီမှာ နှိပ်စက်ခံနေရတာ ဘယ်နှနှစ်ရှိနေပြီလဲ ”
“မိစ္ဆာကောင်ကြီး လွတ်လိုက်ပါတော့ ငါသူအပိုင်းပိုင်းအပြတ်ပြတ် အသားပုံကြီးဖြစ်မှာ မြင်ချင်လှပြီကွ၊ ရက်ရှာ့ဆာ ဟေ့ကောင်ကြီး ဒီနေ့ကတော့ မင်းထပ်သေရမဲ့နေ့ပဲဟေ့”
“ခေါင်းဖြုတ်ပစ်လိုက်စမ်းကွာ ဒီကောင့် ခွကြားကို သွားကန်လိုက်ချင်တာပဲ”
မြေအောက်ကမ္ဘာတွင် နေ့ညမရှိပေ ပိန်းပိတ်နေသော အမှောင်ထုကြီးသာလျှင် တစ္ဆေမြို့တော်ကို ဝန်းရံထားသည်။ ရွံစရာကောင်းသော သရဲများသည် မြောင်းပုပ်ရေထဲကျထားသလို နံစော်နေကြသည်။ ထိုသရဲများအသံကို ကျန်းလော်ကြားပြီး ပြုံးလိုက်ကာ
‘ဘယ်လိုတောင် ရက်စက်လူမဆန်တဲ့ မကောင်းဆိုးဝါးတွေလဲ၊ သွေးအေးရက်စက်ပြီး ကမ္ဘာကိုကပ်ဆိုက်စေမဲ့ကောင်တွေ’
ကျန်းလော်သည် ကြက်သီးထလောက်သော သရဲများကိုကြည့်၍ အတွေးများနေသည်။ နွားခေါင်းက မေးလိုက်သည်၊
“အရှင် ရက်ရှာ့ဆာကိုတိုက်ခိုက်ဖို့ ဘယ်မိစ္ဆာသားရဲကို လွတ်လိုက်ရမလဲ”
ကျန်းလော်သည် သားရဲလှောင်အိမ်များကို ကြည့်လိုက်သည်။ ထိုအထဲမှ ခေါင်းကိုးလုံးနှင့်မြွေသည် ကျန်းလော်ကို စိတ်ဝင်စားသွားစေသည်။ ကျန်းလော်သည် ရယ်လိုက်ပြီး
“ရက်ရှာ့ဆာက ခေါင်းတွေစားရတာကြိုက်တယ်ဆိုမှတော့ မြွေကိုပဲလွတ်ပေးရမှာပေါ့”
နွားထီးခေါင်းသည် ရက်ရှာ့ဆာကို ကြိုသနားသွားကာ
“ဟုတ်ကဲ့ပါ”
သို့သော် မြွေမိစ္ဆာကိုလွတ်ရန် အော်ဟစ်အမိန့်ပေးလိုက်ချိန်တွင် စိတ်လှုပ်ရှားလာသောကြောင့် အသံကျယ်ကြီးဖြင့်
“ဟိုက်ဒရာ ၁ ကို လွတ်လိုက်”
ရက်ရှာ့ဆာသရဲသည် ကွင်းထဲတွင်အော်ဟစ်၍
“ငါ့ကို ဘယ်ကောင်ပစ်လိုက်တာလဲကွ ဟေ့ကောင် ငါမင်းကို ဝါးစားပစ်မယ်”
ကျိန်ဆဲရင်းနှင့် တဖြည်းဖြည်းမကြောက်တော့သော ရက်ရှာ့ဆာသည် ပိုပိုပြီး ကျယ်ကျယ်လောင်လောင် ကျိန်ဆဲတော့သည် ထိုအချိန်တွင် သူ့ခေါင်းပေါ်သို့ မိုးစက်များကျလာသည်။ မိုးစက်များသည် သူ့ဦးခေါင်းကို ပြတ်ရှသွားစေပြီး သူ့နှာခေါင်းတွင် ပြတ်ရှရာအကြောင်းလိုက်ကြီးဖြစ်သွားစေသည်။ ရက်ရှာ့ဆာသရဲသည် ထိုမိုးစက်များကို သုတ်ပစ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်သည်။
ငါးညှီနံ့ကဲ့သို့ နံစော်ပြီး စေးကပ်နေသော ရေစက်များသည် ပိုပိုများလာလေသည်။ ရက်ရှာ့ဆာသည် ထိုအရာကို ဒေါသထွက်စွာ စူးစိုက်ကြည့်လိုက်သည်။ ကြီးမားသော မြွေကြီးသည် အစိမ်းရောင်မီးများတောက်နေသော မျက်လုံးများဖြင့် သူ့ကိုပြန်ကြည့်နေသည်။ ဟိုက်ဒရာတွင် ခေါင်းကိုးလုံးပါပြီး အောက်ဘက်တွင် ယောက်ျားခေါင်းသုံးလုံး၊ အလယ်တွင် မိန်းမခေါင်း သုံးလုံးနှင့် အပေါ်ဆုံးတွင် ကလေးခေါင်းသုံးလုံးပေါက်နေသည်။ ထိုကိုးလုံးသော ခေါင်းတို့သည် ရက်ရှာ့ဆာကို မလွတ်တမ်းကြည့်နေပြီး ရက်ရှာ့ဆာဆီသို့ ဖြေးဖြေးချင်းကပ်သွားသည်။
နွားထီးခေါင်းသည် ကျန်းလော်ကို ပြောပြသည်။
“ဒီဟိုက်ဒရာက နှစ်နှစ်ရာလောက်သက်တမ်းရှိပြီး လွန်ခဲ့သော နှစ်တစ်ရာခန့်က သူ့ကို မိသားစုသုံးစုက အပြင်မှာအေးခဲပြီး သတိလစ်နေလို့ ခေါ်ပြီး ဆေးကုပေးခဲ့တာ၊ ဟိုက်ဒရာက နိုးလည်းနိုးလာရော သူ့ကို နှစ်နှစ်ကျော်စောင့်ရှောက်ခဲ့တဲ့မိသားစုက ကလေးတွေရဲ့ အနံ့ရလိုက်ပြီး ကလေးတွေကိုစားပစ်လိုက်တယ်၊ ကလေးတွေစား ပြီးတော့ ကျန်တဲ့လင်မယားသုံးတွဲကိုလည်း တစ်ယောက်ချင်းစီ မြိုပစ်ခဲ့တာ ။ သူတို့ အကုန်လုံးကိုလည်း စားပြီးရော ဟိုက်ဒရာမှာ ခေါင်းကိုးလုံးပေါက်လာခဲ့တယ် အဲ့ဒီခေါင်းတွေက ထူးထူးဆန်းဆန်းပဲ သူစားခဲ့တဲ့ မိသားစုသုံးစုနဲ့ တူနေတာပဲ ”
ကျန်းလော်သည် ထိုအကြောင်းကို နားထောင်ပြီးနောက် ပြုံးလိုက်ပြီး ဆံပင်သပ်လိုက်ကာ သရဲသတ်ပွဲကို ကြည့်၍
“ဒါဆို သူတို့က အတွေ့အကြုံရှိဖူးကြတယ်ပေါ့”
နောက်တစ်ခနကြာပြီးနောက် ဟိုက်ဒရာမှ နှစ်ခြမ်းဆွဲဖြဲခံလိုက်ရပြီး ခေါင်းတစ်ဝက်အမြိုခံနေရသော ရက်ရှာ့ဆာသရဲသည် နားကွဲမတက်အော်လိုက်သည်။ သွေးများရွှဲအိုင်နေသော ရက်ရှာ့ဆာသရဲသည် သွေးမသောက်ရသည်မှာ နှစ်များစွာကြာနေပြီ ဖြစ်သော သတ်ကွင်းကို ပထမဆုံးသွေးစွန်းစေခဲ့သည်။
တစ်စက္ကန့်မျှတိတ်ဆိတ်သွားပြီး ကျယ်လောင်သော အားပေးသံများ သတ်ကွင်းထဲညံသွားသည်။ သတ်ကွင်းအပြင်တွင် စိတ်အားထက်သန်နေကြသော ပွဲကြည့်သူများသည် ရှေ့သို့တိုးလာကာ ဟိုက်ဒရာကို အားပေး၍
“နောက်ထပ်”
“နောက်ထပ် တစ်ပွဲဟေ့”
မရေတွက်နိုင်သော မျက်လုံးများသည် အမြင့်ကြီးဆီမှ ခုံကို မော့ကြည့်နေကြသည်။ ပျင်းတိပျင်းရွဲထိုင်နေသော ဘုရင်ကြီးသည် ထိုသရဲများကို မျက်လုံးမှေးကြည့်၍
“ဘယ်တစ်ခုကို ရွေးရမလဲ”
စိတ်အားထက်သန်စွာဖြင့်လှမ်းကြည့်နေသော ထိုမကောင်းဆိုးဝါးတစ်ကောင်ချင်းဆီသည် သူ့ကို သေချာစိတ်ဝင်တစား ဖြစ်စေသည်။ ကျန်းလော်သည် မကောင်းဆိုးဝါးများကို ဝန်းရံနေသော မြူနက်များကို သေချာကြည့်နေသည်။ မြူထူလေ ထိုမကောင်းဆိုးဝါးပိုဆိုးယုတ်လေဖြစ်သည်။ ထိုသို့သော မကောင်းဆိုးဝါးသည် သူရွေးချယ်ရန် အသင့်တော်ဆုံးဖြစ်သည်။ သူ့တွင်အကြင်နာတရားမရှိသောကြောင့်တော့ မဟုတ်ပေ၊ မကောင်းဆိုးဝါးများကို အမြစ်ဖြတ်သုတ်သင်ရန်ရသော အခွင့်အရေးကို အပြည့်အဝအသုံးချလိုက်ခြင်းသာ ဖြစ်သည်။
လူများသည် အင်အားကြီးလေ ထင်ပေါ်ကြော်ကြားလေဖြစ်ပြီး ထိုသူများ အင်အားမဲ့စွာ သေခြင်းတရားကို ရင်ဆိုင်ရချိန်တွင် ဖြစ်နေမည့် အမူအယာကို ရိုးရိုးသားသားသိချင်သွားမိသည်။ ဒီမကောင်းဆိုးဝါးများသည် မရေမတွက်နိုင်သော မကောင်းမှုများကိုပြုလုပ်ခဲ့ပြီး ဖြစ်သည်။ သူတို့ရော ထိုသို့ တန်ပြန်ဝဋ်လည်လိမ့်မည်ဟု တွေးမိပါရဲ့လားမသိပေ။ သေခြင်းတရားကြောင့် ငိုကြွေးမိမည်လား ဒါမှမဟုတ် ခေါင်းမာမိုက်မဲစွာပဲ ခုခံကြလေမလား။
ကျန်းလော်၏ လက်ချောင်းများသည် ရှည်မျောမျောနှင့် ဖြူဖွေးနေကာ အနုပညာလက်ရာတစ်ခုကဲ့သို့ပင် မျက်နှာမလွှဲနိုင်လောက်အောင် လှပသည်။ ထိုအချိန်တွင် ကျန်းလော်၏လက်များသည် အသက်ခြွေတံစဉ်ကိုင်ထားသော သေမင်းတစ်ပါး၏လက်ကဲ့သို့ ခြောက်ခြားဖွယ်ကောင်းကာ သူလက်ညိုးညွှန်လိုက်သော သရဲများသည် ဖြူဖျော့ကြောက်လန့်ကုန်ကြပြီး ကျေးဇူးမတင်နိုင်ကြတော့ပေ။ လက်ချောင်းသည် တဖြည်းဖြည်းလျှောက်ပတ်ထိုးနေပြီး ကြောက်မက်ဖွယ် လူသတ်ရိပ်တို့ ဖုန်းလွှမ်းနေသော မကောင်းဆိုးဝါးတစ်ကောင်ထံတွင် ရပ်တန့်သွားသည်။
ပျော်ရွှင်အားရနေသော မျက်နှာပျောက်သွားပြီး ကြောက်လန့်မယုံနိုင်ဖြစ်သွားသော မကောင်းဆိုးဝါးသည် သတ်ကွင်းထဲရောက်သွားတော့သည်။
“ဟိုက်ဒရာကိုပဲထွက်ခိုင်းနေရင် တခြားမိစ္ဆာလေးတွေ အတွက်မတရားဘူးဖြစ်နေမယ်”
ပလ္လင်ပေါ်မှ ဘုရင်ကြီးသည် အကြီးအကျယ် နက်နက်နဲနဲ တွေးတောကာ
“ဒီလိုလုပ်ရအောင် တစ်ကောင်ချင်းစီ တစ်လှည်ွစီလွတ်ပေးကြမလား”
နွားထီးခေါင်းသည် တံတွေးမြိုချလိုက်ပြီး တုန်တုန်ယင်ယင်ဖြင့်
“အရှင် အဆင်ပြေမယ်ထင်ရင် အဆင်ပြေပါလိမ့်မယ်”
“ကောင်းပြီ ဒီလိုပဲလုပ်ကြတာပေါ့”
ကျန်းလော်သည် ပျင်းတိပျင်းရွဲမှီလိုက်ပြီး ရဲရဲနီနေသောသွေးများ လောင်းထားသကဲ့သို့ ဖြစ်နေသော မကောင်းဆိုးဝါးကိုကြည့်လျက်
“မိစ္ဆာသားရဲငါးကောင် မကောင်းဆိုးဝါးငါးကောင် ဒီလိုဆို တော်တော်ကြည့်ကောင်းသွားမယ်”
ခုံလက်ယမ်းကို ခေါက်လိုက်ပြီး မှီထားရင်း
“ထပ်ပြောရရင် ဒီလိုတစ်စက္ကန့်တောင် မကြာတဲ့တိုက်ပွဲက ပျင်းစရာတအားကောင်းလို့”
သရဲသတ်ကွင်းထဲတွင် သွေးများဖုံးလွှမ်းသွားသည်။ သရဲအုပ်ကြီး၏ သက်ပြင်းချသံနှင့် အသားစသွေးစများမှ အမြုပ်ထနေသော အော့အန်ချင်စဖွယ်အနံ့များ နှင့် များစွာသောသရဲများသည် အပေါ်အင်္ကျီများချွတ်လိုက်ပြီး ဝှေ့ယမ်းကာ အကြီးအကျယ် အားပေးနေကြသည်
“လုပ်ထားဟေ့”
“မျက်နှာမဲ့ဝံပုလွေဘက်က လောင်းလိုက်မိတာ ကုန်တာပဲကွာ တော်သေးတယ်ငါက အမွှေးတိုင်တစ်တိုင်စာလောက်ပဲ ခံမဲ့ဘက်က လောင်းလိုက်လို့ ၊ အိုက်ယား ငါ့ရဲ့ စက္ကူပိုက်ဆံလေးတွေ အိုက်ယား”
လောင်းကစားခုံးတွင် သရဲများလောင်းထားသော လောင်းကြေးများဖြင့် ပြည့်နှက်နေသည်။ သတ်ကွင်းသည် ထိုသရဲများအတွက် ဖျော်ဖြေရေးပန်းခြံကဲ့သို့ ဖြစ်နေသည်။ ကျန်းလော်သည် ထိုသို့ ဖြစ်ပျက်နေသည်ကို တိတ်ဆိတ်စွာထိုင်ကြည့်နေသည်။ သတ်ကွင်းမှ လေထုသည် ပို၍ပို၍တက်ကြွလာသည်။ သို့သော် ကျန်းလော်သည် မတအားကို ပျင်းလာနေသည်။ ကျန်းလော်သိမ်းထားသော နှလုံးသည် ပုံမှန်ပြန်ဖြစ်သွားပြီး သူသည် အိပ်ချင်လာသည်။
သူ့ခြေထောက်များကို ဟိုရွေ့သည်ရွေ့ ဆော့နေပြီး နောက်တစ်ဖွဲ့တိုက်ခိုက်နေသည်ကို ကြည့်နေလိုက်သည်။ တစ်ဖက်သက် သတ်ပွဲကို ကြည့်နေပြီးနောက် ကျန်းလော်သည် သူ၏ဝိဉာဉ်သည် ထုံထိုင်းပျင်းရိလာပြီး အိပ်ပျော်သွားတော့မလိုဖြစ်လာသည်။
‘နည်းနည်းလောက် ပျော်လိုက်ရတာလဲ မဆိုးပါဘူး’
ကျန်းလော်သည် ....ချင်သည်။
သူသည် မျက်လုံးကို မနည်းဖွင့်ထားပြီး လျှောက်ကြည့်နေရင်း ထောင့်တစ်နေရာတွင် ရပ်တန့်သွားပြီး မျက်လုံးပြန်ကျယ်လာသည်။ သရဲများနှင့် အလောင်းစားကောင်များနောက်ဘက် အရိပ်ကျနေသော ထောင့်နားတွင် လူနှစ်ယောက် မတ်တပ်ရပ်နေသည်။
တစ်ယောက်မှာ ခေါင်းတုံးပြောင်နှင့် ဘုန်းကြီးဖြစ်ပြီး နောက်တစ်ယောက်မှာ သေသပ်ကျော့မော့စွာ ဝတ်စားထားသော ဇာတ်လိုက်ကျော် ချီယုံဖြစ်သည်။
ကျန်းလော်သည် ချီယုံကိုကြည့်၍ တည်ငြိမ်စွာပြုံးလိုက်သည်။ နောက်ဆုံးတော့ သူသည် မတ်မတ်ထိုင်ပြီး ဘေးမှာရပ်နေသော နွားထီးကို တီးတိုးပြောလိုက်သည်။ အဝေးတွင် ကောဝူချန်သည် သတ်ကွင်းအတွင်းရှိ သနားစဖွယ် တစ်ဖက်သတ်တိုက်ပွဲကို ကြည့်၍
“ကိုယ့်အသက်ကိုတောင် လောင်းရဲတဲ့ သောက်ရူးတွေ”
ချီယုံသည် ထိုရုပ်ဆိုးဆိုးအရာများကို လုံးဝမကြည့်ဘဲ ပလ္လင်ပေါ်ရှိ ဆံပင်အနက်နှင့်လူငယ်လေးကိုသာ တစိုက်မက်မက် ကြည့်နေသည်။ ချီယုံသည် လေသံကိုလျော့၍ အကြည့်မလွဲဘဲ
“တကယ်ကို မထင်ထားဘူး ဒီကောင်လေး ဒီလောက်ထိ မွှေနိုင်လိမ့်မယ်လို့ တကယ်ကြီး မထင်ထားမိဘူး”
နတ်မိစ္ဆာရုပ်ထုသည် နတ်ဘုရားတို့ကဲ့သို့ သန့်စင်၍ နတ်ဆိုးတို့ကဲ့သို့ ဆိုးယုတ်သော သဘာဝနှစ်ခုလုံးရှိနေသည်။ ရုပ်ထု၏ စွမ်းအားအရှိန်အဝါသည် လွန်စွာ ဆိုးယုတ်ပြီး တိုင်းတာမရသော မကောင်းဆိုးဝါးစွမ်းအားများ ရှိနေသည်။ နတ်ဘုရားသည် နှလုံးသားသန့်စင်ပြီး နတ်ဆိုးများကို လွန်စွာဆန့်ကျင်သော သဘာဝရှိသည်။ ရုပ်ထု၏နှလုံးသားသည် ဆိုးယုတ်ခြင်းဖြင့် အသက်သွင်းထားပြီး ထိုစွမ်းအားသည် ရုပ်ထု၏နှလုံးသားကို မည်းနက်သွားစေသည်။
သို့သော် ထိုထက်ဆိုးယုတ်သော အရာမှာ ထိုရုပ်ထုနတ်ဆိုးနှလုံးသားသည် လူတစ်ယောက်၏အတွင်းစိတ်နတ်ဆိုးကို နှိုးဆွနိုင်ပြီး ထိုနတ်ဆိုးသည် လူတစ်ယောက်၏ ဝိဉာဉ်ကို လမ်းဆုံးရောက်အောင် ထိန်းချုပ်တွန်းပို့သည်။ ကျန်းလော်သည် ထိုသို့ထိန်းချုပ်မခံရရုံသာမက သူကပင် ထိုနတ်ဆိုးနှလုံးသားရုပ်ထုကို ပြန်လည်ထိန်းချုပ်ပြီး တစ္ဆေသတ်ကွင်းကို ဖွင့်လိုက်သေးသည်။
ဤအရာသည် ကျန်းလော်၏ အတွင်းစိတ်နတ်ဆိုးသည် ရုပ်ထုနတ်ဆိုးနှလုံးသားထက်ပို၍ ပိုမိုကြမ်းတမ်းကာ ရက်စက်သည်ဟု ဆိုလိုသည်။ ချီယုံသည် ထိုသို့တွေးမိပြီးနောက် အလွန်အံဩသွားသည်။ ရုပ်ထုသည် ချီယုံကိုယ်တိုင် သူ့အတွက် နှစ်ပေါင်းများစွာကြိုတင်ပြင်ဆင်ထားပြီး သူ၏အသွေးအသားများဖြင့် မိစ္ဆာနတ်ဘုရားဖြစ်သည်အထိ ပျိုးထောင်လာရသည့် ရုပ်ထုဖြစ်သည်။ ထိုရုပ်ထုအသိစိတ်ပေါ်လာသည်အထိ ဖွံ့ဖြိုးလာအောင် ပင်ပင်ပန်းပန်း လုပ်ယူခဲ့ရသည်။ ပြောရလျှင် ရုပ်ထုသည် ချီယုံအတွက် ဒီဇိုင်နာချုုပ် လက်လုပ်အဝတ်အစားဖြစ်သည်။
ရုပ်ထု၏နှလုံးသားသည် တစ်ခုလုံးနီးပါ မဲနက်နေသည်မှာ ချီယုံမည်မျှ ဆိုးသွမ်းယုတ်မာကြောင်း သက်သေဖြစ်သည်။ သို့သော် ယနေ့တွင် ချီယုံသည် သူကဲ့သို့သော နတ်ဆိုးကဲ့သို့လူ နောက်တစ်ယောက်ရှိသေးမှန်း သိလိုက်ရသည်။ ယခုအချိန်တွင်မူ ချီယုံသည် သူ့နှလုံးပြန်ရရန်ထက် ကျန်းလော်၏ နတ်ဆိုးဆန်နေရခြင်းကို ပိုမိုသိချင်လာသည်။
သူသည် ကျန်းလော်ကို ပိုမိုသတိထားကြည့်လိုက်သည် လှုပ်ရှားမှုသေးသေးလေး သူ့အမြင်မှ လွတ်သွားမည်ကို စိုးရိမ်နေသကဲ့သို့ပင်။ ဆံပင်အနက်နှင့်လူငယ်လေးသည် သူ့မျက်လုံးထဲသို့ တည့်တည့်စိုက်ကြည့်သည်ကို မြင်လိုက်ပြီးနောက် ချီယုံသည် မျှော်လင့်ချက်နှင့် ပေါ့ပါးပျော်ရွှင်စွာ ပြုံးပြ၍ ပြန်ကြည့်ပေးလိုက်သည်။
ထိုအချိန်မှာပင် နွားထီးသည် ချီယုံ့အနားရောက်လာသည်။
“အရှင်က မင်းကိုသတ်ကွင်းထဲ ဝင်ဖို့ရွေးချယ်လိုက်တယ်”
ချီယုံသည် ခနမျှကြောင်သွားပြီး ပြုံးလိုက်ကာ
“ငါ့ကို”
နွားထီးသည် ကြေးဝါရောင်ခေါင်းလောင်းကဲ့ မျက်လုံးဖြင့် ပြူးကြည့်နေလိုက်ပြီး သနားကရုဏာသက်စွာဖြင့်
“အရှင်က မင်းကို သားရဲငါးကောင်နဲ့ တစ်ယောက်ထဲ တိုက်ခိုက်ရမယ်လို့ အမိန့်ချလိုက်တယ်”
ချီယုံသည် မျက်ခုံးပင့်လိုက်ပြီး သရဲထောင်ချီကိုကျော်၍ အမြင့်တွင်ထိုင်နေသော ဆံပင်အနက်နှင့်ကောင်လေးကို ရယ်ကျဲကျဲ ကြည့်လိုက်သည်။ ထိုကောင်လေးသည် သူ့ကို အထင်သေးသလိုပြန်ပြုံးပြလာသည်။
“နှလုံးသားမဲ့လိုက်တာ”
ချီယုံသည် သက်ပြင်းချလိုက်ပြီး သူ၏နက်ခ်တိုင်နှင့် အင်္ကျီလက်ကြယ်သီးများကို ဖြုတ်လိုက်သည်။
“ကောဝူချန် ငါတော့မင်းကိုတောင်းပန်ရတော့မှာပဲ၊ ဒီနေ့လာရတဲ့ခရီးက အလကားဖြစ်သွားရပြီ”
ကောဝူချန်သည် ကြောင်အသွားသည်။ ချီယုံသည် သူ့ကို ဖုန်းတုတစ္ဆေမြို့တော်သို့ လာခိုင်းခြင်းမှာ နှလုံးပြန်ယူရန်နှင့် မိစ္ဆာသားရဲများကို တစ္ဆေရုပ်သေးလုပ်ရန် ခေါ်ထားခြင်းဖြစ်သည်။ ကောဝူချန်သည် ချီယုံဘာကြောင့် စိတ်ပြောင်းသွားမှန်း မသိတော့ပေ။ ချီယုံကို မထိန်းနိုင်ဘဲ မေးလိုက်သောအခါ
“သားရဲတွေကို အရင်ထိန်းချုပ်လိုက်ရင် ပိုပျော်စရာကောင်းမယ် ထင်လို့”
သို့သော် ချီယုံသည် အမြဲလိုလို စိတ်ထဲတွင် ပေါ်လာသည့်အတိုင်းလုပ်တတ်သူဖြစ်သောကြောင့် ကောဝူချန်သည် သူ့သခင်ကို ဘာမှထပ်မေးမကြည့်တော့ပေ။
သူသည် ချီယုံကို အဖော်ပြုရန်သာ ဤနေရာသို့ လိုက်လာခြင်းဖြစ်ပြီး ချီယုံ နောက်ဆုံးဘာလုပ်မည်ကို မသိပေ။
“သခင် ဘာကိုဆိုလိုတာလဲ မသိဘူး”
ကောဝူချန်သည် သက်ပြင်းချလိုက်ပြီး ခါးသီးစွာ အကြံပေးလိုက်သည်။
“ကျွန်တော်တို့ ဒီနေရာအထိတောင် ရောက်လာပြီးမှ လုပ်ရမဲ့ဟာကို အရင်လုပ်ရင်ရော၊ ဒီကောင်တွေကို နောက်မှသတ်သတ် ရုပ်သေးလုပ်လုပ် သခင်ကြိုက်သလိုလုပ်လို့ရပါတယ်ဗျာ”
ထိုသားရဲများမသေမချင်း သူတို့ရုပ်သေးဖြစ်လာနိုင်သေးတယ်လေ။ ကောဝူချန်သည် ဒီခရီးကို ဘာမှမဟုတ်သည်အရာ မဖြစ်စေချင်ပေ။ သူသည် ချီယုံကို သူ့စကားနားထောင်စေရန် မျှော်လင့်နေပြီး ချီယုံသည် ဘာမှမရဘဲနဲ့တော့ ပြန်သွာမည်မဟုတ်ဟု ယုံထားသည်။ ကောဝူချန်သည် ချီယုံကို ယုံကြည်သည်။ ချီယုံသည် ချီမိသားစုတွင် နှစ်နှစ်ဆယ်ကျော် ပိရိစွာ နေထိုင်ခဲ့သော သူဖြစ်သည်။ သို့သော် ချီယုံသည် သူ၏နက်ခ်တိုင်နှင့် လက်ကြယ်သီးများကို ကမ်းပေးလာပြီး ရက်စက်စွာပြုံးလိုက်ကာ
“ငါကတော့ အဲ့လိုလွယ်လွယ်နဲ့ အောင်မြင်သွားအောင် မလုပ်ချင်ဘူး”
ထိုသို့ပြောလိုက်ပြီး ခြေနှစ်လှမ်းနောက်ဆုတ်၍ သတ်ကွင်းထဲသို့ ခုန်ဝင်သွားသည်။ ထိုထဲတွင် သားရဲများသည် အပိုင်းပိုင်းပြတ်နေသော ခြေလက်များကို အငမ်းမရစားသောက်နေကြသည်။ ထို့ကြောင့် သတ်ကွင်းထဲတွင် သန့်ရှင်းသောနေရာအကွက်သေးသေးလေးတချို့သာ ကျန်သည်။ ချီယုံသည် သေချာပေါက် ထိုသန့်ရှင်းနေသော နေရာတစ်ခုတွင် ရပ်လိုက်သည်။ ချီယုံဝင်လာသည်နှင့် သားရဲများသည် သတိအနေအထားဖြစ်သွားပြီး သူ့ကို သေချာစောင့်ကြည့်ကြသည်။
ထိုဝင်လာသူထံမှ ခြိမ်းခြောက်နေသော အန္တာရယ်အငွေ့အသက်ကြောင့် သားရဲများသည် စားလက်စများကိုချ၍ ချီယုံ့အနားသို့ ကပ်လာသည်။ ထိုအချိန်တွင် ချီယုံသည် သူ့ခေါင်းပေါ်မှ နောက်ထပ်သားရဲလှောင်အိမ်များ ချလာသံကိုကြားလိုက်သည်။ သတ်ကွင်းအပြင်ရှိ သရဲများသည် ကြောက်လန့်စွာအော်လိုက်ပြီး
“နောက်ထပ် နောက်ထပ် ငါးကောင်တောင်.....”
သံလှောင်အိမ်ကြီးများအတွင်းမှ နောက်ထပ်တစ္ဆေသားရဲငါးကောင် ထပ်လွတ်ပေးလိုက်သည်။ ထိုငါးကောင်သည် လှောင်အိမ်အတွင်းမှ တွားထွက်လာပြီး သတ်ကွင်းတွင် ပျံ့နံ့နေသော သွေးနံ့များကြောင့် သွားရည်များကျကာ စိတ်ရိုင်းဝင်လာကာ ချီယုံ့ဆီသို့ အရူးအမူးပြေးလာကြသည်။ ပွဲကြည့်နေသော သရဲများသည် နောက်ဆုတ်သွားမိပြီး အသက်မရှူစတမ်း သေချာကြည့်နေကြသည်။
“အခု အခုထိ လောင်းလို့ရသေးလား”
“ဘာကိုလောင်းမှာတုန်း ဒီသရဲက အခုကိုသေတော့မယ့်ဟာကို”
“ဟုတ်တယ် သားရဲဆယ်ကောင်တောင်မှပဲ တစ်ကောင်ထဲဆိုရင်တောင် ရင်ဆိုင်ဖို့ခက်တာကို”
ကျန်းလော်သည် စိတ်လှုပ်ရှားစွာ သားရဲများဝိုင်းနေသော ချီယုံကို ကြည့်လိုက်သည်။ ချီယုံသည် ထိုဆယ်ကောင်အချင်းချင်းသတ်တာကိုမြင်လိုက်ပြီး သူ၏နှလုံးသား ထုံထိုင်းပြီး မွှေနှောက်ခံလိုက်ရသလို ဖြစ်သွားမည့် ကျန်းလော်ကို မြင်ယောင်၍ ပြံးလိုက်သည်။ ကျန်းလော်ကတော့ ထိုမကောင်းဆိုးဝါးရှုံးနိမ့်ပြီး သူ့အဝတ်များ အစိတ်စိတ်အမွှာမွှာပြဲသွားပြီး ပြန်မထနိုင်အောင်ဖြစ်သွားမည်ကို စောင့်နေသည်။
သားရဲများသည် သတ်ကွင်းထဲတွင် ချီယုံကို ဝိုင်းထားသည်။ ချီယုံသည် အလယ်တွင် သနားစဖွယ် အကူညီမဲ့နေပုံဖြင့် မတ်တပ်ရပ်နေသည်။ နံစော်နေသော သရဲသားရဲသည် ချီယုံ့မျက်နှာတည့်တည့်တွင် လာအော်ရာ နတ်ဆိုးအရှိန်အဝါနှင့် လေထုတစ်ခုပေါ်လာကာ ထိုနံစော်နေသော အနံ့အသက်နှင့် ချီယုံကို ခြားထားလိုက်သည်။ ချီယုံ၏ရှပ်အင်္ကျီသည် လေထဲတွင် တစ်လှပ်လှပ်လွင့်နေပြီး သူ့အင်္ကျီမှကော်လာသည် တစ်ချက်တစ်ချက် ထောင်သွားကာ ဆံပင်သည် လေထဲတွင်လွင့်၍ နဖူးပေါ်တွင် တလွန့်လွန့်ဖြစ်နေရာ ရိုးရှင်းပေါ့ပါးနေပုံပေါ်သည်။
“ဆယ်ကောင်”
ချီယုံသည် သူ့ကိုယ်သူပြောလိုက်သည်။
“တော်တော်လှမဲ့ နိုင်ပွဲလေးပဲ”
ထိုသို့ပြောလိုက်ပြီးနောက် သားရဲများသည် ချီယုံမှ ပြန်တိုက်မည့်ဟန် မရှိသောကြောင့် အတင့်ရဲလာပြီး ဒေါသတကြီး တိုက်ခိုက်လာကြသည်။ ချီယုံသည် ထိုအကောင်များကို လျစ်လျူရှုထား၍ ကျန်းလော်ဘက်သို့ မျက်နှာမူရပ်လိုက်သည်။ သားရဲများသည် သူ့ရှေ့တွင် ပြေးလာနေကြသော်လည်း သူ့ကိုကျော်သွားကာ သူ့နောက်မှ သားရဲငါးကောင်နှင့် တိုက်ခိုက်နေကြသည်။ သားရဲများသည် တစ်ကောင်တစ်ကောင်ချင်းကိုက်နေကြပြီး သားရဲများသည် ချီယုံ၏ သစ္စာရှိ ရုပ်သေးများဖြစ်လာသည်။ သားရဲများသည် ဟိန်းဟောက်နေကြပြီး ချီယုံသည် သူတို့ကို နည်းနည်းမျှ မကြည့်ပေ။ သို့သော် သတ်ကွင်းထဲမှထွက်ရန် ခြေလှမ်းလိုက်ချိန်တွင် မြေတုန်လောက်သော လှုပ်ရှားမှုကြီး သူ့နောက်မှပေါ်လာသည်။ သူလှည့်ကြည့်လိုက်သောအခါ နောက်ထပ်သားရဲများ သူ့ရှေ့သို့ချက်ချင်းရောက်လာသည်။
ချီယုံသည် မတတ်နိုင်စွာ နောက်ဆုတ်လိုက်ရပြီး မြူနက်များထုတ်ကာ သူ့နားကပ်လာသော အကောင်များကို မြူနက်များဖြင့် ငှက်ညစ်သလို ညစ်သတ်လိုက်သည်။ (T/N: တရုတ်ပြည်မှာ ငှက်တွေကို ညစ်သတ်တယ်ထင်ပါတယ်)
သို့သော် ထိုသို့ ညစ်လိုက်ရာ သွေးများပန်းထွက်လာပြီး ခြေပြတ်လက်ပြတ်များ နေရာအနှံ့လွင့်စင်ကုန်ပြီး ချီယုံသည် သွေးနှင့်ရေချိုးထားသလို ဖြစ်သွားတော့သည်။ သူ၏ သပ်ရပ်ကျော့ရှင်းသော အဝတ်များသည် ညစ်ပတ်စုတ်ပြတ်သွားလေပြီ။ ချီယုံ၏ မျက်နှာသည် ချက်ချင်းအိုးဖင်ကဲ့သို့ မဲနက်သွားသည်။ သူသည် အလွန်စိတ်တိုသွားပြီး တစ်ကောင်ပြီး တစ်ကောင် သတ်ပစ်တော့သည်။ သူသည် တစ်ကိုယ်လုံးသွေးများရွှဲရွှဲစိုနေကာ ငရဲမှတက်လာသောသူကဲ့သို့ ခြောက်ခြားဖွယ်ကောင်းနေသည်။
သူ၏ လှပစွာအနိုင်ရရန် အစီအစဉ်မှာ ပျက်ဆီးသွားလေပြီ။ ကျန်းလော်ကို သားကောင်ကဲ့သို့ကြည့်လိုက်ပြီး ကျန်းလော်၏ မကောင်းကြံနိုင်မှုကို ဆက်မတွေးနိုင်တော့ပေ။ လုံလောက်လေပြီ ထိုဆံပင်နက်ကောင်သည် သူ့ကိုလှောင်နေသည်။ ချီယုံသည်အေးစက်စွာပြုံးလိုက်ပြီး ကျန်းလော်ထံသို့ လျှောက်သွားလိုက်သည်။
နွားထီးသည် ထိတ်လန့်စွာဖြင့်
“သူ ထွက် လာ နိုင် တယ်”
အံ့ဖွယ်ပင်.....
တစ်စုံတစ်ယောက်သည် ထိုသို့ သားရဲများပတ်လည်ဝိုင်းနေရာမှ အသက်ရှင်နိုင်သည်ပင် တော်တော်ကြီး ထူးဆန်းနေပြီ ဖြစ်ပြီး ယခုကဲ့သို့ အကောင်းတိုင်းထွက်လာသည်မှာ အံ့ဖွယ်ဖြစ်သည်။ အကယ်၍ သတ်ကွင်းမှ ရှင်ကျန်သောသူသည် ဘုရင်နှင့်တွေ့ခွင့်ရှိသည်ဖြစ်ရာ ချီယုံသည် ကျန်းလော်ထံသို့ သွေးစက်လက်ဖြင့် တစ်လှမ်းချင်းလျှောက်သွားသည်။
သူကျန်းလော်နှင့် နီးလာလေ ရုပ်ထုနှလုံးသည် ပိုခုန်လာလေဖြစ်ပြီး ထိုနှလုံးခုန်သံကို ချီယုံခံစားမိသည်။ နှလုံးသည် သူ့ကိုဆွဲငင်နေသည်။ သူကပ်လာလေ နှလုံးခုန်သံကျယ်လာလေ။ နှလုံးခုန်လေ သူများကို ထိန်းချုပ်နိုင်စွမ်းပိုမြင့်လေ ဖြစ်သည်။ ချီယုံသည် ပြုံးလိုက်ပြီး ကျန်းလော်နားတွင် ကိုယ်ကိုကိုင်း၍ ကျန်းလော်လက်ကို လှမ်းယူကာ လက်ဖမိုးကို လူကြီးလူကောင်းဆန်ဆန် နမ်းလိုက်သည်။
“မင်းရဲ့ တစ္ဆေသတ်ကွင်းက အံ့ဩဖို့ကောင်းပြီး လှလိုက်တာ”
သူသည် သူများကိုဒုက္ခပေးတော့မည့်အတိုင်းပြုံးလိုက်ပြီး ကျန်းလော်နှင့်ပိုမို နီးကပ်စေလိုက်သည်။ သူ၏ ဆိုးယုတ်သော ဆန္ဒကိုအာရုံခံမိသော ရုပ်ထုနှလုံးသည် ပြင်းပြင်းထန်ထန် ဆွဲငင်တော့သည်။
မကောင်းဆိုးဝါး၏ဆိုးယုတ်မှုသည် ချီယုံ၏အရှိန်အဝါနှင့် ပေါင်းစပ်သွားသောအခါ ကျန်းလော်သည် နှလုံးခုန်တအားမြန်လာသည်။ ချီယုံသည် တမင်တကာပင် ရုပ်ထုနှလုံးကို သူ့စွမ်းအင်သက်ရောက်စေကာ ကျန်းလော်ကို ဒုက္ခခံစေသည်။ သူသည် အလွန်အငြိုးကြီးသော လူတစ်ယောက်ဖြစ်ပီး ကျန်းလော်၏အတွင်းနတ်ဆိုးကို ဖော်ထုတ်ချင်သည်။ ကျန်းလော်သည် ချီယုံ၏မျက်နှာနားမှ ပလ္လင်ဘေးသို့ ရွေ့လိုက်သည်။ သတ်ကွင်းကိုကြည့်လိုက်ရာ သတ်ကွင်းရှိ သားရဲအကောင်နှစ်ဆယ်လုံး သေသွားလေပြီ။
ကစားပွဲပြီးသွားသော်လည်း ချီယုံသည် မည်သည့်ဒဏ်ရာမျှ မရလိုက်ပေ။ ကျန်းလော်သည် ချီယုံကို အေးစက်စွာဖြင့် ပြန်လှည့်ကြည့်လာသည်။ သူသည် နောက်သို့ အသာအယာမှီလိုက်ပြီး သူ့လက်သည် ချီယုံ၏လက်ထဲတွင် ရှိနေသေးသည်။ ထို့နောက် ဆံပင်အနက်များ ပုခုံးထက်ဖြာကျနေပြီး တော်ဝင်နှင်းဆီအနက်ရောင်ကဲ့သို့ လူငယ်လေးသည်
“မင်းကို ဘယ်သူက ရပ်ခွင့်ပြုပြီး ဘယ်တုန်းက စကားပြောလို့ရတယ်ပြောလဲ”
ကျန်းလော်သည် စိတ်ကြည်မနေကာ ဒေါသထွက်ထွက်ဖြင့် ပြောဆိုပြီး ချီယုံကို စိတ်မရှည်သလိုကြည့်လိုက်သည်။ ထို့နောက် ဤနေရာသည် သူ့ခံစားချက်အမှန်ကို ထုတ်ပြသင့်သည့် နေရာမဟုတ်မှန်းသတိရသွားကာ ကျန်းလော်သည် မျက်မှောင်ကြုတ်ပြီး အရှက်မဲ့စွာဖြင့်
“ကျွန်တော့်ကို စိတ်ဆိုးနေတောလား”
ကျန်းလော်သည် တစ္ဆေသတ်ကွင်းတွင် ဘုရင်ဖြစ်သည်။ ချီယုံသည် ချက်ချင်းဒူးတစ်ဖက်ထောက်လိုက်ကာ မှားသွားပုံဖြင့်
“ဒီလိုလုပ်လိုက်လို့ မင်းကျေနပ်သွားတယ်မလား”
ကျန်းလော်သည် သူ့ကို ကြောင်တောင်တောင်နှင့် ပြန်ကြည့်လိုက်သည်။
‘သူကဘာဖြစ်သွားတာလဲ’
သူသည် အတွေးထဲနစ်သွားကာ ချီယုံကို သေချာပြန်ကြည့်လိုက်သည်။ ထို့နောက် ချီယုံသည် နက်ရှိုင်းစွာပြုံးလိုက်ပြီး ကျန်းလော်လက်ကိုဆွဲကာ တိုးတိုးလေးပြောလိုက်သည်။
“ဘာတွေတွေးနေပြန်ပြီလဲ”
ကျန်းလော်သည် ချီယုံ့ကို မည်သို့သတ်ရမည်ကို စဉ်းစားနေသည်။ သူ၏အတောင့်တရဆုံး ဆန္ဒသည် ပေါ်သွားလေပြီ။ သူသည် ဘေးပတ်လည်ရှိ အရာအားလုံးကို အေးစက်စွာကြည့်လိုက်သည်။ သရဲများသူ့ကိုကြောက်နေတာ၊ မြေအောက်ကမ္ဘာရဲ့သတ်ကွင်းတစ်ခုပိုင်တာ သူဘာမှမလိုချင်ပေ။ သတ်ကွင်းတွင် ဘယ်သူဘာဖြစ်သွားသွား သူဂရုမစိုက်ပါ။ သူသည် သွေးဆာနေပြီး ကရုဏာတရားလုံးဝမရှိ။
ကျန်းလော်သည် သူဤကမ္ဘာသို့စရောက်လာချိန်ကို ပြန်တွေးမိသည်။ သူသည် ချီယုံ၏အခေါင်းရှေ့တွင် ဘာမှမတတ်နိုင်ပဲ ငိုကြွေးခဲ့ရသည်။ သူသည် ထိုသို့ မကောင်းဆိုးဝါးနှင့် အသက်ကိုရင်း၍ ကစားရသည်မှာ ရယ်စရာကောင်းသည်ဟုပင် ထင်ခဲ့သည်။ သူ ချီယုံကို ကြိုက်သည်၊ ပြီးတော့ အဲ့ဒီအချိန်မှာ သူသည် မကောင်းဆိုးဝါးကို ကြိုက်ရတာထက် သူ့ကိုစနောက်ပြီး ရန်စရသည်ကို ပိုပျော်တတ်လာသည်။
‘ဘယ်လိုလုပ်လိုက်ရင် မကောင်းဆိုးဝါးကောင် စိတ်ဆိုးသွားမလဲ၊’
‘သူစိတ်ဆိုးတော့ ပျော်စရာကောင်းလား၊’
‘ကောင်းတယ်၊ ကောင်းတယ်’
ကျန်းလော်သည် သူ့ရှေ့တွင် ဒူးထောက်နေသော သွေးစွန်း၍ ညစ်ပတ်နံစော်နေသော မကောင်းဆိုးဝါးကို ကြည့်လိုက်သည်။ သို့သော် ထိုအချိန်တွင် အေးစက်သော အသံတစ်သံကို သူ့နှလုံးသားထဲမှ ကြားလိုက်ရသည်။
“မကောင်းဆိုးဝါးတွေကို မသတ်ဘဲနေတာက နည်းနည်းလေးပဲ ပျော်စရာကောင်းတာမလား”
‘ဟုတ်တယ်’
‘အဲ့တော့ ဘာလုပ်ရမှာလဲ’
ထိုအသံက ပြောသည်။
“ဒီမကောင်းဆိုးဝါးကို မင်းခြေထောက်အောက်က ခွေးအဖြစ်ပြောင်းလိုက်ရင်ရော”
“သူ့ကို မင်းကိုအရူးအမူးချစ်လာအောင်လုပ် မင်းကလွဲပြီး ဘာမှမသိတော့အောင် မွှန်သွားရင် သူက မင်းပြောသမျှလုပ်လာလိမ့်မယ် ပြီးတော့ မင်းသေခိုင်းရင်တောင် သေပေးလိမ့်မယ်”
“မကောင်းဆိုးဝါးကို အချစ်ဆေးရည်တိုက်ပြီး သူ့ကို ပိုအားကောင်းလာအောင်လုပ်လိုက်၊ သူသာပိုအားကောင်းလာရင် သူ့ကိုထိန်းချုပ်ပြီး ခိုင်းချင်တာခိုင်းလို့ရသွားပြီ၊ တခြားကြောက်စရာကောင်းတဲ့ ဘယ်ဟာကိုမှ ဘယ်လောက်စွမ်းအားကြီးကြီး ကြောက်စရာမလိုတော့ဘူး”
“မင်းပြောတာ အဆင်ပြေသလိုပါပဲ”
‘တကယ်ပဲ အကြံကောင်းလို့ထင်တယ် ချီယုံက သူ့ကို ရူးလောက်အောင်ချစ်၊ ပြီးတော့ သူ့အောက်မှာနေရဖို့ အသည်းအသန်တောင်းဆို’
ကျန်းလော်သည် မျက်လုံးများပင် နီရဲလာသည်။
ချီယုံသည် ထူထပ်သိပ်သည်းသော မကောင်းဆိုးဝါးစွမ်းအင် အနံ့ရလိုက်သည်။ သူသည် သူများကို ယုတ်မာရန် ဆွဲဆောင်ခံလိုက်ရသည်။ သူသည် ကျန်းလော်ကို လေးစားထိတ်လန့်စွာ ကြည့်လိုက်သည်။ ထိုယုတ်မာဒုက္ခရောက်စေချင်သည့်ဆန္ဒသည် အလွန်အားကောင်းပြီး ချီယုံသည် ဒီအချိန်အတွင်းမှာ သေချာသိသွားသည်။ ကျန်းလော်သည် သူကဲ့သို့သော လူတစ်ယောက်ပင်။