အပိုင်း (၈၈)
နေရာချိန်းကုန်ကြပြီ
ဝင်လတန် ဆိုသော နာမည်ကို ကျန်းလော်သည် တော်ဝင်အမျိုးသမီးသုံးယောက်ထံမှ သိခဲ့ခြင်းဖြစ်သည်။ တကယ့်စီစဉ်ထားသည်မှာ လူချမ်းသာများ၏ ပုံရိပ်အမှန်ကို ဖုန်းကွယ်နိုင်ရန် မျက်နှာဖုံးစီစဉ်ထားတာဖြစ်သော်လည်း စင်ပေါ်မှ လူချမ်းသာသည် နာမည်အခေါ်ခံလိုက်ရသောအခါ အမည်မသိလူချမ်းသာတစ်ဦးဆိုသော ပုံရိပ်သည် ပျက်ပြားသွားပြီဖြစ်ပြီး လူချမ်းသာ၏ ပုံရိပ်အစစ်အမှန်ကို ဖော်ပြလိုက်သလို ဖြစ်သွားသည်။
ဝင်လတန်သည် အနည်းငယ်ကြောက်လန့်သွားသည်။ သို့သော် သူ့နာမည်ခေါ်လိုက်သူကို သူမသိပေ။
“မင်းက ဘယ်သူလဲ”
ကျန်းလော်သည် ရှေ့တိုးသွားပြီး အလင်းရိပ်များကြောင့် သူ့အရိပ်သည် ကြမ်းပြင်ပေါ်တွင် မြင်နေရသည်။ သူသည် ဝင်လတန်ကို ပြန်မဖြေဘဲ အခမ်းအနားတွင် မပါဝင်သော ထုံးစံတစ်ခုကို ကပွဲထဲတွင် စတင်လုပ်လိုက်သည်။
“စိတ်ဝင်စားစရာမကောင်းလိုက်ပုံများ”
“ပျင်းစရာကြီး”
“ကျုပ်ထင်တာ ဒီပေါ်က ကစားပွဲကတော့ အပြင်ဘက်ကမ္ဘာကဟာတွေထက် စိတ်ဝင်စားစရာကောင်းမယ်ပေါ့ အခုတော့ဗျာ အပေါစားဆန်ဆန် အရင်လိုပျင်းစရာနည်းလမ်းကြီးတွေနဲ့ ပျော်စရာလဲ မကောင်းဘူး”
ကျန်းလော်သည် လူချမ်းသာများဘက် လှည့်ကြည့်လိုက်ပြီး
“ခင်များတို့ရော စိတ်ဝင်စားဖို့ကောင်းတယ် ထင်လား”
လူချမ်းသာများသည် ငြီးငွေ့နေသောမျက်နှာများနှင့် လက်ဖြန့်ပြီး ပုခုံးတွန့်၍ အဖြေပေးလိုက်ကြသည်။၊
လူချမ်းသာများ၏ ထုတ်ဖော်ပြသော မှတ်ချက်များသည် ဝင်လတန်ကို လူဆင်းရဲများအုတ်အော်သောင်းနင်း ဖြစ်တုန်းကထက် ပိုမိုဒေါသထွက်လာစေသည်။ သူ့မျက်လုံးသည် ဆံပင်အနက်နှင့်လူငယ်လေးကိုသာ စူးစူးစိုက်စိုက် လိုက်ကြည့်နေပြီး ထိုကောင်လေး ဆက်ပြောမည့်စကားကို စောင့်နေသည်။
“ကစားပွဲကဒီလောက်တောင် ပျင်းစရာကောင်းနေတာ စည်းမျဉ်းလေးတစ်ခုကို ပြောင်းလိုက်မယ်ဆိုရင် ပျော်စရာကောင်းသွားမယ်ထင်တယ်”
ကျန်းလော်သည် လှည့်ကွက်တချိ့ မသိမသာဝှက်ထားပြီး ပြောလိုက်သည်။
“ဒီကပွဲ၍ ပထမဆုံးစည်းမျဉ်းက ‘ကတ်ကိုပြခိုင်းရင် မငြင်းဆန်ပဲ ပြကိုပြရမယ်’ဆိုတော့ ကျုပ်တို့ အဲ့စာကြောင်းရှေ့မှာ စကားလုံးတချို့ဖြည့်လိုက်ရင် ကစားပွဲက ပျော်စရာကောင်းသွားမှာပဲ”
“ပြောရရင် ”
ကျန်းလော်သည် နှုတ်ခမ်းကို စေ့လိုက်ပြီး
“ကတ်ကို မကြည့်ခင် အရင်ခန့်မှန်းကြည့်ရမယ်”
“တကယ်လို့ မှန်းတာမှားသွားရင် မှားတဲ့လူက သေချာပေါက် အစေခံအဖြစ် အဆင့်ချခံရမယ်”
သူပြောပြီးနောက် ခန်းမတစ်ခုလုံးသည် တီးတိုးသံများနှင့် ဆူညံသွားရသည်။ လူချမ်းသာများသည် အစတုန်းက သဘောတူဟန်မရသော်လည်း ဝိုင်းဖွဲ့ ဆွေးနွေးကြပြီးနောက် အရှုံးမရှိနိုင်ဟု တွေးကြပြီး လက်ခံရန်ဆုံးဖြတ်လိုက်ကြပုံရသည်။
သူတို့သည် အချင်းချင်း လျှို့ဝှက်စွာဆွေးနွေးကြခြင်းဖြစ်သည်။
“ဒီနည်းလမ်းက အရင်ကထက်ပိုစိတ်လှုပ်ရှားရမှာပဲ ”
“ဒီလူက ဘယ်ကလဲဟ ဒီလိုစိတ်ဝင်စားစရာနည်းလမ်းတောင် စဉ်းစားနိုင်တယ်၊ ဒီစည်းမျဉ်းထပ်ဖြည့်လိုက်ရင် အပေါ်ယံမှာတော့ လူဆင်းရဲတွေဘက် အလေးသာသွားပုံရပေမဲ့ တကယ်က အဲ့လောက်တွေကို ချွေးသိပ်လိုက်တာပဲ လူချမ်းသာတွေကို အန္တာရာယ်ထဲက ကယ်တင်ပြီး ပျော်စရာလည်းကောင်းမဲ့နည်းလမ်းပဲကွ အောက်ခြေကကောင်တွေက ကျုပ်တို့ကို အတင့်ရဲပြီး လာခန့်မှန်းရဲမှာလား ဘယ်ဘက်ကကြည့်ကြည့် ကျုပ်တို့က အသာကြီးပဲ”
“သေချာပေါက် ကျုပ်တို့ဘက်မှာ အရှုံးမရှိနိုင်ဘူး ပြီးတော့လဲ အကြံပြုတဲ့သူက ကျုပ်တို့ထဲကတစ်ယောက်လေ”
“ကျုပ်ကတော့ ဒီအကြံကို သဘောတူတယ် နောက်မို့ဆို ဒီချီးတွင်းထဲကလောက်တွေ ကျုပ်တို့ကို ပြဿနာရှာလာမှာ ကြောက်တယ်ဗျ ဒီလိုတစ်ခုခုအလှည့်အပြောင်းမလုပ်ဘူးဆို ဒီကောင်တွေ ပိုပြီးဆူပူလာနိုင်တယ်”
“အောက်ခြေလူတန်းစားလေးတွေကို မျှော်လင့်ချက်လေးတွေပေး ပြီးမှ ရိုက်ချပစ် အိုး ငါကြိုက်တယ်”
လူဆင်းရဲများဘက်တွင် လူချမ်းသာများဘက်ထက် ပိုမိုဆူညံစွာ ဆွေးနွေးနေကြသည်။
စည်းမျဉ်းပြောင်းလဲသွားခြင်းသည် သူတို့အတွက် အနည်းငယ်အကျိုးရှိသော်လည်း ကစားပွဲသည် မမျှမတတော့ ဖြစ်နေသေးသည်။ သူတို့တွင် လူချမ်းသာများကို စိန်ခေါ်ရန် သတ္တိမရှိပေ။ အခုအချိန်တွင် မျှော်လင့်ချက်အနည်းငယ်တော့ရှိလာပြီး အရင်စည်းမျဉ်းထက်စာလျှင် သူတို့အတွက် အနည်းငယ်တော့ အသက်ရှူချောင်လာသည်။
ဝမ်ယမ်လန်သည် သူ့ဘေးမှ မျက်မှန်တပ်ထားသော လူကို အစမ်းသဘောဖြင့် စကားသွားပြောသည်။
“ဒီလိုပြောင်းသွားလဲ မမျှတတာကတော့ မမျှတသေးတာပဲလေ ဒီလူချမ်းသာတွေက ကျုပ်တို့ကို မျှော်လင့်ချက် အတုကြီးပေးနေတာပဲ”
“သာမန်လူတွေက သခင်ကတ်နှိုက်ဖို့ လိုလို့လား”
မျက်လုံးလေးလုံးနှင့်လူသည် ထိုသို့ပြောပြီး အန္တာရာယ်များသော ခေါင်းစဉ်ကို ရှောင်ရှားချင်ပုံဖြင့် တစ်ဖက်လှည့်သွားသည်။ ထို့နောက်
“ကျုပ်ကတော့ ဒီလိုပြောင်းလဲသွားတာကလည်း ကောင်းတယ်ထင်တာပဲ အနည်းဆုံးတော့ ကျုပ်တို့အားလုံးက အစေခံကတ်ဆွဲမိထားတာလေ ကျုပ်တို့လွယ်လွယ်တော့ ခေါ်အနှိပ်စက်မခံရတော့ဘူးပေါ့ ပြီးတော့လဲ ကျုပ်တို့ လူချမ်းသာတွေကို သွားပြီးတန်းညှိလို့်မဖြစ်ဘူး၊ ဒီကပွဲကိုတက်လာတဲ့လူတွေအကုန်လုံးက ကိုယ်ပိုင်အတွေးနဲ့ တက်လာကြတာကြီးပဲ သူတို့က ပိုက်ဆံကြောင့်သာ ဒီလိုကပွဲကို မကြောက်မရွံလာကြတာလေ မင်းက ကြားထဲက ဘာလို့ဒီလောက် ဂရုစိုက်နေရတာလဲ”
ဝမ်ယမ်လန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ထိုသူ့လက်မောင်းကိုဆွဲလိုက်ကာ
“ကျုပ်တို့ဘာလို့ထပ်ပြီး ဆူပူတာကို မလုပ်ရမှာလဲ လူချမ်းသာတွေ ထပ်ပြီး လျော့ပေးချင် လျော့ပေးလာနိုင်တာပဲလေ”
လေးလုံးနှင့်လူသည် သူ့လက်ကို ကြမ်းကြမ်းတမ်းတမ်း ဆွဲဖြုတ်ပစ်လိုက်သည်။
“မင်းရူးသွားတာလား ကျုပ်တို့ သင်္ဘောပေါ်မတက်ခင် လက်မှတ်ထိုးထားတဲ့ အသက်စွန့်လွှတ်ခြင်းစာချုပ်ကိုမေ့သွားပြီးလား ခင်များသေချင်ပေမဲ့ ကျုပ်မသေချင်ဘူးဗျ ကျုပ်ဒီပွဲကိုတက်တာ ကျုပ်ကံကြမ္မာကိုပြောင်းချင်လို့ ကျုပ်အသက်ရှင်ပြီး အပိုဆုကြေးလဲ ယူဦးမှာ”
ဝမ်ယမ်လန်လက်ကိုဖယ်ချပြီး စိတ်ပျက်ရွံရှာသည့် အကြည့်တစ်ချက်ပေးလိုက်ကာ လူအုပ်ထဲသို့ ဝင်သွားတော့သည်။
“ကံဆိုးတာပဲ”
ဝမ်ယမ်လန်သည် သူ့လက်ကိုခါလိုက်ပြီး
“အသက်စွန့်လွတ်ခြင်း...............အပိုဆုကြေး...........”
သူသည် လူချမ်းသာများနှင့် လူဆင်းရဲများကြားခြားထားသည့် မျဉ်းကြောင်းကို စိတ်ရှုပ်စွာကြည့်လိုက်သည်။ ကပွဲထဲသို့ ဝမ်ယမ်လန်စဝင်ခဲ့တုန်းကပင် ကပွဲထဲ၌ လူဆင်းရဲများတအားများနေခြင်းကို သတိထားမိခဲ့သည်။
လူဆင်းရဲများအတွက် ငွေသည် အသက်ကိုလည်းဝယ်နိုင်သလို လူသားများသည် လူသားလိုနေထိုင်ရန် အဆင့်မှီဖို့ငွေလိုပေသည်။
လူတိုင်းသည် ကျန်းလော်၏ အဆိုပြုချက်ကို လက်ခံကြသည်။ သို့သော် မစ်စတာဝင်လတန်သည် မည်းမှောင်နေသော မျက်နှာကြီးနှင့် အော်ဟစ်လိုက်သည်။
“ကျုပ်သဘောမတူဘူး”
ကျန်းလော်သည် သူ့ကို မျက်နှာသေနှင့်ကြည့်လိုက်ပြီး စင်ပေါ်သို့ လျှောက်သွားလိုက်သည်။ အမျိုးသမီးငယ်၏ ခင်ပွန်းကို တားခဲ့သော ဝန်ထမ်းသည် ကျန်းလော်ကို မတားခဲ့ပေ။ ကျန်းလော်သည် အပေါ်တက်သွားပြီး ထိုအမျိုးသမီးကိုဆွဲ၍ စင်ပေါ်မှ တွန်းချလိုက်သည်။ ထို့နောက် ဝင်လတန်နားသို့ ကပ်သွားလိုက်သည်။
လက်တစ်ဖက်ဖြင့် မိုက်ကိုဆွဲယူပြီး အရပ်ရှည်ရှည်နှင့် ပိန်ပါးသော လူငယ်လေးသည် မိုက်ကိုအောက်ချကာ ရုပ်ဆိုးဆိုးလူချမ်းသာကို နားနားကပ်ပြီး တစ်ခုခုပြောလိုက်သည်။
“မစ်စတာ ဝင်လတန် ခင်များမျက်လုံးကိုသေချာဖွင့်ပြီး လူဆင်းရဲတွေခင်များကို ကြည့်နေတဲ့ အကြည့်ကိုကြည့်လိုက်”
“ဒီကစားပွဲ ဘယ်လောက် မမျှတလဲ သူတို့သိသွားပြီးပြီ”
ကျန်းလော်သည် ရယ်လိုက်သည်။ ထိုရယ်သံသည် အန္တာရာယ်များသော စကားလုံးများသိုဝှက်ထားသော အသံကဲ့သို့ လူချမ်းသာ၏ နားထဲသို့ အတောင့်လိုက်ဝင်သွားသည်။
“သင်္ဘောတစ်ခုလုံးမှာ လူဆင်းရဲတွေက နေရာအနှံ့ပဲဗျ ပုရွက်ဆိတ်တွေတောင် ဆင်တစ်ကောင်လုံးကို စုပေါင်းပြီး ဝိုင်းကိုက်နိုင်ကြတာပဲ ခင်များကိုသာ အဲ့လိုအကိုက်ခံလိုက်ရရင် ကျုပ်တို့အားလုံးအတွက် အဆင်မပြေတော့ဘူးဗျ”
ဝင်လတန်၏ မျက်လုံးသည် ပြူးကျယ်သွားပြီး ဆံပင်အနက်နှင့်လူငယ်လေးက ဆက်ပြောလိုက်သည်။
“ကျုပ်တို့ကို ပြဿနာလာမပေးနဲ့ ကြားလား”
ထိုသို့ပြောပြီး ကျန်းလော်သည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ ဝင်လတန်ကို နောက်ဆုံးအနေနှင့် အကြည့်တစ်ချက်ပေးခဲ့ကာ စင်ဘေးဘက်သို့ လျှောက်ထွက်လာခဲ့သည်။
ဝင်လတန်သည် ငေးငိုင်နေကာ ရုတ်တရက် အန္တာရာယ်ကို ခံစားမိသွားသည်။ ကျောရိုးတလျှောက်အေးစက်လာကာ အသက်ရှူကျပ်လာသော ဝင်လတန်သည် ကြောက်မက်ဖွယ်ကောင်းသော အကြည့်လာရာနေရာသို့ လှမ်းကြည့်လိုက်ရာ ရွှေညိုရောင်ဆံပင်နှင့် လူတစ်ယောက်သည် တိုင်ကို ပျင်းတိပျင်းရွှဲမှီနေပြီး သူ့ကိုလှောင်ပြုံးပြုံး၍ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
နောက်ခနကြာပြီးနောက် စင်ပေါ်မှ အေးခဲတောင့်တင်းစွာဆင်းသွားသည်။ သူ့ကိုကြည့်ပြီး ရယ်နေကြသော လူအုပ်ကြီးကို ဖြတ်ကျော်ကာ ခန်းမအပြင်သို့ထွက်သွားတော့သည်။
“သောက်ရူး...........”
သူဝင်တိုက်မိသော လူသည် သူ့ကို လှည့်ကြီးပြီး ကျိန်ဆဲလိုက်သည်။
ငြင်းဆိုမည့်သူမရှိတောသောကြောင့် ကျန်းလော်သည် ဝန်ထမ်းတစ်ယောက်ကိုခေါ်ကာ စကားအနည်းငယ်ပြောလိုက်သည်။ ဝန်ထမ်းသည် စင်ပေါ်သို့တက်သွားပြီး စည်းမျဉ်းအသစ်ကို ကြေငြာပေးသည်။
“ဒီကလူကြီးမင်း အကြံပြုတဲ့ စည်းမျဉ်းအဆိုပြုချက်ကို ငြင်းဆိုမဲ့ သူရှိပါသလား”
ကြေငြာသူသည် ခနစောင့်နေသော်လည်း မည်သူမျှမငြင်းသောအခါ သူကဆက်ပြောသည်။
“အခုကစပြီး တစ်စုံတစ်ယောက်ရဲ့ ကတ်ကိုကြည့်ချင်တယ်ဆိုရင် အရင်ဆုံးခန့်မှန်းကြည့်ရပါမယ် တကယ်လို့မှားသွားခဲ့ရင် ခန့်မှန်းသည့်သူက လူချမ်းသာဖြစ်စေ သာမန်လူတန်းစားဖြစ်စေ ချွင်းချက်မရှိ အလိုလျောက် အစေခံဖြစ်သွားမှာ ဖြစ်ပါတယ်”
ကပွဲခန်းမထဲတွင် သီချင်းသံပြန်ကြားရပြီဖြစ်သည်။
ဖျော်ဖြေခြင်းစင်မြင့်သည် အလွတ်ကြီး ဖြစ်သွားခဲ့ပြီး နောက်ထပ် သခင်အစေခံအတွဲ ထပ်မပေါ်လာသေးပေ။ သူတို့ကသာ အားသာကြောင်းသိသော်လည်း လူချမ်းသာများသည် သူတို့အားသာချက်ကို လွယ်လွယ်ထုတ်ပြမှာ မဟုတ်ပေ။
သူတို့သည် အောက်ခြေလူတန်းစားများကို လိုက်ကြည့်ရင်း တစ်ခုခုကို သတိရသွားသည်။
“အောက်ခြေလူတန်းစားထဲက သရဖူကတ်ကိုင်ထားတဲ့ တစ်ယောက်က ဘယ်သူလဲ”
တစ်စုံတစ်ယောက်သည် လုယုံရိကို လက်ညိုးထိုးပြလိုက်ကာ
“သခင်ကတ်ဆွဲထားမိတာ အဲ့ဒီလူပဲ ဒီတစ်ယောက်ကို ရှောင်ရမယ်”
သူတို့သည် လုယုံရိပုံစံကို သေချာမှတ်ထားလိုက်ပြီး သာမန်လူတန်းစားများကို ကစားရန် နည်းလမ်းများ စဉ်းစားနေကြသည်။
လူအုပ်ကြီးအနောက်တွင် ဒုကပ္ပတိန်သည် အရိပ်ထဲတွင် ရပ်နေပြီး ရုက်တရက်လှောင်ရယ်လိုက်ကာ
“တကယ် ပါးနပ်တဲ့ အကြံအစည်ပါလား”
ထိုသို့သော စည်းမျည်းကြောင့် ကျန်းလော်သည် သူဘာဆိုတာကို လုံခြုံစွာဖုန်းထားနိုင်မည် ဖြစ်သည်။ အစေခံများသည် ကျန်းလော်၏ ပုံရိပ်ကို မေးခွန်းမထုတ်ရဲကြသလို လူချမ်းသာများသည်လည်း သာမန်လူများကို ကြည့်ရင်း အလုပ်များနေသောကြောင့် ကျန်းလောကို သွားရှုပ်ဖို့မအားကြပေ။ ကျန်းလော်သည် အခုချိန်ထိ လုံခြုံနေသေးသည်။
ချီယုံသည် ကျန်းလော်ခက်ခက်ခဲခဲစီစဉ်ထားသည်ကို ဖျက်ဆီးချင်စိတ် တိုးပွားလာသည်။ သူသည် ခြေကြွလိုက်ပြီး ကပွဲထဲသို့ ဝင်သွားသည်။ တောက်ပြောင်နေသော သားရေဖိနပ်ဝတ်ထားသော ခြေအစုံသည် ကျော့မော့စွာ လူအုပ်ကြီးထဲမှ သူသွားလိုရာအထိ ဖြတ်သွားတော့သည်၊။
ချီယုံလူအုပ်ထဲ ဝင်လိုက်သည်နှင့် ကျန်းလော်သည် ဆယ်မီတာအကွာအဝေးကနေပင် မကောင်းဆိုးဝါးကို အာရုံခံမိသည်။ ဖျော့တော့သော မျက်ဝန်းနှင့် ပင်လယ်ပြာရောင်မျက်ဝန်းတို့ အကြည့်ချင်းဆုံသွားကြသည်။ ကျန်းလော်သည် တည်ငြိမ်နေကာ အနက်ရောင်မျက်နှာဖုံးမှ ငှက်မွှေးများသည် သူ့နားကို ထိထိလာသည်။ မျက်နှာဖုံးသည် နှာတံမြင့်မြင့်ကို တစ်ဝက်မက ဖုံးအုပ်ထားပြီး သူ့မျက်နှာအောက်ဘက်ခြမ်းသည် ဖြူဖွေးတောက်ပနေသည်။ သူသည် မကောင်းဆိုးဝါးကိုတမင်တကာစောင့်နေသလို ရပ်နေပြီး စားသောက်ပွဲ၏ ဇာတ်သိမ်းပိုင်း အချိုပွဲလာအောင် စောင့်နေသလို စိတ်ရှည်နေသည်။
လူအုပ်ကြီးတစ်ခုလုံးသည် တစ်ခုခုမှားနေသည့် အနံ့မျိုးရရကာ အားလုံးငြိမ်သက်သွားတော့သည်။ ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားသည်။ မည်းမှောင်နေသော မျက်နှာဖုံးအနက်နှင့် ဖြူစင်ဝင်းလက်နေသော မျက်နှာဖုံးဖြူဖြူတို့သည် နီးသည်ထက်နီးလာသည်။
“ရှပ် ရှပ် ရှပ်” သားရေဖိနပ်အသံသည် တဖြည်းဖြည်း ရှင်းရှင်းလင်းလင်း ကြားလာရသည်။
နောက်ဆုံးတွင် မကောင်းဆိုးဝါးသည် လူသားများကြားတွင် လာရပ်နေလေပြီ ဖြစ်သည်။
တူညီစွာ ပိန်ပါးချောမောပြီး ဆွဲဆောင်မှုရှိလွန်းသော အမျိုးသားနှစ်ယောက်သည် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ သူတို့နှစ်ယောက်၏ တိုက်ခိုက်တော့မည့် အနေအထားသည် ဘေးမှကြည့်နေသူများကို အလွန်ဆွဲဆောင်နေသည်။ ကျန်းလော်နှင့် ချီယုံတို့သည် ဘယ်သူကမှ စပြီး စကားမပြောကြပဲ ဒီတိုင်းကြည့်နေကြသည်။
သို့ဖြစ်ရာ မကောင်းဆိုးဝါးကပင် အလျော့ပေးလိုက်ရပြီး စတင်ပြုံးပြ၍ ပြောလာသည်၊
“မစ်စတာကျုံး ခင်များအကြံပြုလိုက်တဲ့ စည်းမျဉ်းက ပွဲကိုပိုပြီး စိတ်ဝင်စားစရာကောင်းသွားစေတယ်ဗျာ”
“ကျေးဇူးပဲ”
လူငယ်လေးသည် မောက်မာစွာ ခေါင်းညိတ်လိုက်ပြီး
“ဒုကပ္ပတိန်လည်းပဲ စည်းမျဉ်းအသစ်ကိုသုံးပြီး ပါတနာရှာလို့ ပျော်သွားပါဦးလား”
“ဘာလို့ တခြားတစ်ယောက်ရှာနေဦးမှာလဲဗျာ”
ဒုကပ္ပတိန်သည် အံ့ဩသွားပုံပေါ်ကာ အပြုံးတစ်ခုကို သိုဝှက်ထားပြီး အသံမမြင့်တမြင့်နှင့် ပြောလိုက်သည်။
“မစ်စတာကျုံးက ကျုပ်ခင်များ ဘယ်လိုကတ်ရထားလဲ လာခန့်မှန်းမှာ ကြောက်နေလို့များလား”
ကျန်းလော်သည် နှာမှုတ်လိုက်ပြီး
“အတွေးလွန်နေပါပြီ”
မကောင်းဆိုးဝါးသည် ခေါင်းညိတ်လိုက်ပြီး
“အာ ဟုတ်တာပဲ လူကြီးမင်းကိုကြည့်ပြီး လူတိုင်းက လွယ်လွယ်လေး ဒီလူကတော့ သခင်ကတ်ကိုင်ထားတာပဲလို့ ခန့်မှန်းကြမှာပဲနော်”
ကျန်းလော်သည် အောင်မြင်မှုအကြီးကြီးရထားသလို မောက်မာဝံ့ကြွားစွာ ချီယုံသည် သူ့မျက်လုံးထဲတွင် အရူးတစ်ယောက်ထက်မပိုကြောင်း သေချာကြည့်ပေးလိုက်သည်။ သူသည် အနည်းငယ်စိတ်ပျော်နေပုံရကာ မျက်နှာဖုံးမှ ပတ္တမြားရောင်နှင်းဆီဒီဇိုင်းကျောက်မျက်ရတနာလေးသည် မျက်လုံးစွန်းနားတွင် ဝံ့ကြွားစွာ တလက်လက်တောက်ပနေသည်။
“မင်းနားလည်သွားတာကောင်းတယ်”၏
သို့သော် မကောင်းဆိုးဝါးသည်
“ဒါပေမဲ့ ကံမကောင်းလိုက်တာဗျာ ကျွန်တော်ကတော့လေ သူများနဲ့ မတူတာကိုပဲ လုပ်ချင်နေတော့တာပဲ”
ကျန်းလော်မျက်နှာပေါ်မှ အပြုံးသည် တောင့်တင်းသွားပြီး
“ဘာပြောချင်နေတာလဲ”
မကောင်းဆိုးဝါးသည် ပုခုံးတွန့်လိုက်ပြီး
“ကျုပ်ဆိုလိုတာက ကျုပ်က လူကြီးမင်းကိုင်ထားတဲ့ ကတ်ကို ခန့်မှန်းတော့မယ်လို့ ပြောနေတာပါဗျာ”
သူ့တွင်ဖုံးကွယ်သာယာနေတာတွေမရှိဘဲ ဆိုးယုတ်မှုနှင့် စိတ်လှုပ်ရှားမှု ရောယှက်နေသော ခံစားချက်တချို့ ခံစားမိပြီး ဘေးမှကြည့်နေသူများပင် သူ့ကို ကြောင်နေပြီဟူသော အကြည့်နှင့် ကြည့်လိုက်ပြီး ကျန်းလော်ဘယ်လိုဖြေရှင်းမလဲ စောင့်ကြည့်နေကြသည်။
ကျန်းလော်သည် မျက်မှောင်အကြီးကြီးကြုတ်လိုက်သည့်အချိန်တွင် ဗီလိန်၏အသံသည် ခန်းမထဲတွင် အကျယ်ကြီး ဟိန်းထွက်သွားသည်။
“လူကြီးမင်းရဲ့ ကတ်က အစေခံကတ်လို့ ကျုပ်ခန့်မှန်းတယ်”
“အစေခံကတ်လား”
ကြည့်နေသော လူများသည် မယုံနိုင်စွာ ပွစိပွစိပြောကြတော့သည်။
“မဖြစ်နိုင်တာ ဒီလူကဘယ်လိုလုပ်ပြီး အစေခံဖြစ်ရမှာတုန်း”
“ကျုပ်ကတော့ သေချာပေါက် သခင်ကတ်ကိုင်ထားမဲ့ဘက်ကလောင်းရဲတယ် အဖြူရောင်မျက်နှာဖုံးနဲ့တစ်ယောက်က တမင်တကာကို အစေခံဖြစ်ချင်လို့ သူ့ကိုရန်သွားစနေတာနေမှာ”
မေးမြန်းသံများကြားတွင် မကောင်းဆိုးဝါး၏ စိတ်အခြေအနေမြင့်တက်လာပြီး သီချင်းတညည်းညည်းနှင့် မေးလိုက်သည်။
“မမှန်ဘူးလား”
ကျန်းလော်သည် မကောင်းဆိုးဝါးကို စူးရှခက်ထန်စွာကြည့်သည်။
“သေချာလား ကျုပ်မင်းကို စိတ်ပြောင်းဖို့ အခွင့်အရေးတစ်ခါပေးမယ်”
မကောင်းဆိုးဝါးသည် ကြောက်ရွံ့နေသော ကြောင်ပေါက်လေးမှ ရန်သူကို အားတင်းရင်ဆိုင်နေရပုံဖြင့် ကျန်းလော်ကို ကြည့်နေသည်။ ထို့နောက် ထရိုက်ချင်လာအောင် လုပ်ရယ်နေပြီး လက်တစ်ဖက်က မျက်နှာဖုံးကို သွားကိုင်ထားသေးကာ သတ္တိရှိရှိပြောလိုက်သည်။
“လူကြီးမင်းရဲ့ သဘောထားကြီးမှုကို ကျေးဇူးတင်ပါတယ်ဗျာ ဒါပေမဲ့ ကျုပ်အဖြေကိုပြောင်းဖို့ စိတ်ကူးမရှိဘူးဗျ”
ကျန်းလော်သည် ရပ်သွားပြီး သူ့ရင်ဘက်အိတ်ကပ်ထဲမှ ကတ်ကို ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်သည်။
ကတ်အလယ်မှ ပုံစံကို စက္ကန့်အနည်းငယ်ကြာအောင် တည်ငြိမ်စွာကြည့်နေပြီး မကောင်းဆိုးဝါးကို မျက်လုံးလှန်ကြည့်လိုက်သည်။
မကောင်းဆိုးဝါးသည် အခြေအနေတစ်ခုလုံးကို သူကသာထိန်းချုပ်ထားသလို အလွန်တည်ငြိမ်နေသည်။
သူသည် ကျန်းလော်ကတ်မှာ အစေခံကတ်ဖြစ်မည်ဆိုတာ သေချာနေသလိုပင် မျက်နှာကို မော်ချီထားသေးသည်။
ဆံပင်အနက်ရောင်လူငယ်လေး၏ သွေးနီရောင်နှုတ်ခမ်းထောင့်များသည် အသာအယာကော့တက်လာပြီး ပိုပိုမြင့်လာကာ အလွန်ထူးဆန်းသောအပြုံးပြုံးနေသည်။
ကတ်ကို လှန်ပြလိုက်သည်။
အဖြူရောင်ကတ်ပေါ်တွင် ရွှေရောင်သရဖူသည် တကယ့်ရွှေဆိုင်းပြားအစစ်ဖြင့် လုပ်ထားသလို မီးရောင်အောက်တွင် တဖိတ်ဖိတ်လက်နေသည်။
“ဂုဏ်ယူပါတယ် ဒုကပ္ပတိန်ကြီး”
သူသည် ကတ်ကို လက်နှစ်ချောင်းကြားညှပ်ကိုင်ကာ မကောင်းဆိုးဝါးမျက်လုံးနားသို့ စုန်ချည်ဆန်ချည် ရွှေ့ပြနေသည်၊ သူသည် အပြုံးမပျက်သေးဘဲ
“မင်းကတော့ အောင်အောင်မြင်မြင်ကြီး အစေခံအဖြစ် ရာထူးကျသွားပါပြီ ဂုဏ်ယူပါတယ်ဗျာ”
#########################