အပိုင်း (၉၁)
နောက်ဆုံးနေရာ
အောက်ခြေလူတန်းစားများနေထိုင်ရာနေရာတွင် ညစာစားချိန်ရောက်နေပြီဖြစ်သည်။
သူတို့စားချင်တာ ရွေးချယ်ပြီးနောက် ရယ်ရွှင်တို့သည် စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်ကြသည်။ ထိုအချိန်တွင် စင်ပေါ်တွင် အရှက်ခွဲခံခဲ့ရသော အမျိုးသမီးငယ်နှင့် သူမ၏ခင်ပွန်းတို့သည် သူတို့ဆီရောက်လာပြီး သူတို့နဲ့အတူ တစ်စားပွဲထဲ ဝင်ထိုင်ကြသည်။
အမျိုးသား၏မျက်လုံးများသည် နီရဲနေပြီး သူတို့ကို ကျေးဇူးတင်သလိုကြည့်ကာ
“ကျွန်တော်တို့ ခင်များတို့ကို အရင်ရက်ထဲက လိုက်ရှာနေတာဗျ၊ ................ကပွဲညတုန်းက မင်းတို့က ကျွန်တော်နဲ့အတူတူဆူပူပေးခဲ့ကြတယ်မလား ကျွန်တော်တော့ မင်းတို့ကို ကျေးဇူးတင်လွန်းလို့ပါဗျာ”
ထိုစုံတွဲသည် ညားကာစလင်မယားဖြစ်ပြီး အမျိုးသားကို လိဝေလို့ ခေါ်ကာ အမျိုးသမီးမှာ ဟယ့်ယောင် ဖြစ်သည်။ သူတို့သည် အိမ်ဝယ်ရန်မတတ်နိုင်ကြသောကြောင့် ဒီသင်္ဘောပေါ်သို့ လိုက်လာကြခြင်းဖြစ်သည်။ ဟယ့်ယောင်သည် ကြည့်ကောင်းသည်ဆိုရုံမျှရုပ်ရည်သာ ရှိသော်လည်း ကိုယ်လုံးကိုယ်ပေါက်တောင့်ကာ အကုန်ချုံကြည့်လျှင် လှသော အမျိုးသမီးလေးဖြစ်သည်။
မျက်ရည်များကျလာသောအခါ လိဝေက သူမကို တင်းတင်းကျပ်ကျပ်ဖက်ထားပေးသည်။ လိဝေသည် အလွန်နောင်တရနေပုံပေါ်ကာ သူ့ပါးသူရိုက်လိုက်ပြီး
“ကိုယ်မင်းကို အဲ့ညက ကပွဲကို ခေါ်မသွားခဲ့သင့်ဘူးကွာ”
ဟယ့်ယောင်သည် သူ့လက်ကိုပုတ်ပေးလိုက်ကာ
“ကျွန်မတို့မှာ ရွေးချယ်စရာမရှိဘူးလေ သင်္ဘောပေါ်က လှုပ်ရှားမှုတိုင်းကို မပါဝင်ရင် ဒါမှမဟုတ် ကျွန်မတို့ သင်္ဘောနဲ့ ဆက်မလိုက်တော့ရင် ကျွန်မတို့ကြိုက်တဲ့ အိမ်လေးကို ဝယ်နိုင်မှာ မဟုတ်ဘူးလေ”
လိဝေသည် အက်ကွဲနေသော အသံဖြင့်
“ကိုယ်က အရှုံးသမားဖြစ်နေလို့ စိတ်မကောင်းပါဘူးကွာ”
သူတို့နှစ်ယောက် စိတ်ငြိမ်သွားပြီးနောက် ကျိုးကျုံးချိုးသည် ချောင်းဟန့်လိုက်ကာ
“သင်္ဘောပေါ်လိုက်ရင် ပိုက်ဆံရမယ်ဆိုတာ ရှင်တို့ ဘယ်ကသိလာတာလဲ”
လိဝေသည် သူ့ဇနီးမျက်နှာကို သုတ်ပေးရင်း
“ကျွန်တော်တို့က အနှိပ်ခန်းရေနွေးချိုးဆိုင်တစ်ခုမှာ အလုပ်လုပ်ပါတယ် သူမက အဲ့ဒီမှာ အနှိပ်သမလုပ်ပြီး ကျွန်တော်ကတော့ ဧည့်သည်တွေ ခြေထောက်ဆေးစိမ် ခြေသည်းပြင်ပေးတဲ့ အလုပ်လုပ်ပါတယ် ၊ တစ်ရက်မှာ ကျွန်တော်တို့ အလုပ်ကို ချမ်းသာတဲ့ သူဌေးကတော်တစ်ယောက်လာခဲ့ပြီး ကျွန်တော်တို့နဲ့ စကားနည်းနည်းပါးပါးပြောလာပြီး သင်္ဘောလက်မှတ်နှစ်စောင်ပေးသွားပါတယ်၊ သူမပြောတာ ကျွန်တော်တို့သာ သင်္ဘောလိုက်ခဲ့ရင် ပိုက်ဆံတွေအများကြီး ရလိမ့်မယ်လို့ပြောခဲ့တယ်”
“ကျွန်တော်တို့ထင်တာက ဧည့်သည်က ကျွန်တော်တို့ကို နောက်နေတာထင်ခဲ့တာ”
ဟယ့်ယောင်သည် တိုးတိုးလေးပြောပြလိုက်သည်။
“ဒါပေမဲ့ ကျွန်မတို့ အင်တာနက်ပေါ်မှာ စစ်ကြည့်လိုက်တော့ အဲ့ဒီလက်မှတ်နှစ်စောင်က ထောင်ပေါင်းများစွာ တန်နေတယ်လေ၊ ကျွန်မတို့ အဲ့ဒီအကြောင်းကို တစ်ညလုံးစဉ်းစားကြည့်ပြီးနောက် အံတင်းတင်းကြိတ်ပြီး လဝက်ကြာရင် ထွက်မဲ့ သင်္ဘောနဲ့လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတာပဲ ရှင်”
“ထူးဆန်းတာပဲ”
လိဝေက သူမကိုပြောလိုက်သည်။
“အဲ့ဒီတုန်းက ကျွန်တော် သူမခြေသည်းလုပ်ပေးရင်း အသားကို ဖြတ်မိမတတ်ထိသွားတာ ကျွန်တော့လစာတော့အဖြတ်ခံရပြိထင်ပြီး တော်တော်ကြောက်သွားတာဗျာ ဒါပေမဲ့ ဧည့်သည်က လုံးဝကို မနာကျင်သလိုပဲ ဘာမှမပြောဘဲ ဒီတိုင်း လက်မှတ်နှစ်စောင်ပေးသွားပြီး မြန်မြန်ထွက်သွားတယ်”
သူတို့ပြောနေတုန်းမှာပင် စားပွဲထိုးအများအပြား တွန်းလှည်းများတွန်းလာပြီး ငါးစွပ်ပြုတ်များကို လူတိုင်းရှေ့လိုက်ချပေးသည်။
ငါးစွပ်ပြုတ်သည် အငွေ့တစ်ထောင်းထောင်းထနေပြီး အနံ့ကောင်းလေး လှိုင်လှိုင်ထနေသည်။ ပန်းကန်လုံးထဲတွင် သလင်းကျောက်ကဲ့သို့ ကြည်လင်ဖွေးအုနေသော ငါးအသားဖတ်များ ပါနေသည်။ ဝမ်ယမ်လန်သည် အရသာရှိမဲ့ အနံ့မျိုးရလာသောကြောင့် တံတွေးမျိုချကာ ဇွန်းကိုင်လိုက်သည်။
သူ့ကို လိရှားပြောသောစကားကို သတိရလိုက်ကာ ဝမ်ယမ်လန့်လက်သည် တွန့်ခနဲဖြစ်သွားပြီး သူ့ဘေးမှသူကို
“ငါပြောထားတာမှတ်မိလား ငါးစွပ်ပြုတ်လုံးဝ မသောက်နဲ့”
ကျိုးကျုံးချိုးသည် ခေါင်းညိတ်လိုက်ပြီး သူ့ဘေးမှတစ်ယောက်ကို ဆက်လက် လက်ဆင့်ကမ်းလိုက်သည်။ စုံတွဲ၏ဘေးတွင် ထိုင်နေသော လုယုံရိသည် သတိကပ်လိုက်ပြီး ငါးစွပ်ပြုတ်ပန်းကန်ကို ဘေးတွန်းထားလိုက်သည်။ သူ့ဘေးမှစုံတွဲသည် ပန်းကန်လုံးကိုယ်စီကောက်ကိုင်ကြရာ လုယုံရိက သူတို့ကိုတားလိုက်သည်။
“မသောက်နဲ့”
လိဝေသည် ပန်းကန်လုံးကို မြှောက်ကိုင်ထားပြီး သွားရည်တမြားမြားကျနေကာ အနံ့ကိုအငမ်းမရရှူရင်း
“ဘာလို့လဲ”
လုယုံရိသည် စကားလုံးများ လည်ချောင်းထဲ တစ်သွားသည်။ ဘာလို့လဲတော့ သူလဲ မသိပေ။ သို့သော် ဝမ်ယမ်လန်သူတို့ကို တားရခြင်းမှာ သေချာပေါက် အကြောင်းပြချက်ရှိ၍ ဖြစ်သည်။ ငါးစွပ်ပြုတ်အကြောင်း သူတို့ကို မပြောနိုင်သော အကြောင်းကလည်း သေချာပေါက် တိတိကျကျ ရှိပေလိမ့်မည်။ ထို့ကြောင့် သူသည် ထိုစုံတွဲကို သူမသိတာကတကြောင်း ပြောပြ၍ မဖြစ်သည်ကတစ်ကြောင်း ကြောင့် မပြောပြနိုင်ခဲ့ပေ။
ထိုစုံတွဲသည် ငါးစွပ်ပြုတ်ပန်းကန်ကို နှုတ်ခမ်းနားတေ့၍ အနံ့ကို မခုခံနိုင်တော့စွာ ပန်းကန်ထဲ ခေါင်းဝင်မတတ် တစ်လုတ်ထဲအပြီးအပြတ် မျိုချလိုက်သည်။
ခွမ့်ကျိန်းသည် စွပ်ပြုတ်ကို ဇွန်းဖြင့် ခပ်လိုက်ပြီး တိတ်တဆိတ် ပါဝင်ပစ္စည်းများကို စစ်ဆေးကြည့်သည်။
ငါးနှင့် သုံးထားသော ဟင်းခတ်အမွှေးအကြိုင်များကို ကြည့်၍ စွပ်ပြုတ်ထဲတွင် သစ်သီးခြောက်နှင့် ခပ်ဆင်ဆင် ပြောမပြတတ်သော တစ်ခုခုထည့်ထားသည်။
‘ဒါဘာလဲ’
သူသည် ဇွန်းကိုနှာခေါင်းနားထိမြှောက်လိုက်ပြီး အနံ့ခံကြည့်လိုက်သည်။ ငါးစွပ်ပြုတ်မှ သွားရည်ကျမတတ်အနံ့တစ်မျိုးသည် အသားကို တစ်ကိုက်လောက်ပင် ကိုက်မြည်းကြည့်ချင်အောင် ဆွဲဆောင်နေသည်။
ထိုအသီးခြောက်လိုမျိုးအရာသည် ငါးစွပ်ပြုတ်၏ အနံ့ကို အဓိကပုံပိုးသည့် အရာပဲဖြစ်ရမည်။ ခွမ့်ကျိန်းလို ငါးမကြိုက်သူကိုတောင် ငါးစွပ်ပြုတ်ကြောင့် ဆာလောင်လာသည်။ တစ်ဖက်မှ လိဝေနင့် သူ့ဇနီးတို့သည် ငါးစွပ်ပြုတ်နှစ်ပန်းကန်ကို ခနလေးနှင့်ကုန်အောင် သောက်ပြီးသွားပြီး နှုတ်ခမ်းကို လျှာသပ်လိုက်သည်။ ငါးစွပ်ပြုတ်အရသာကို စွဲလန်းနေပုံရကာ မိန်းမောနေကြသေးသည်။
“စွပ်ပြုတ်အရသာက ရှယ်ကောင်းပဲ ငါးအသားထဲမှာ ဆူးတစ်စက်မှမပါဘူး ထပ်စားချင်သေးတယ်ကွာ”
လိဝေသည် လုယုံရိရှေ့မှ စွပ်ပြုတ်ပန်းကန်ကို အကြည့်ရောက်သွားပြီး မျက်လုံးများတောက်ပလာကာ
“မင်းမစားချင်လို့လား”
လုယုံရိသည် ခေါင်းညိတ်လိုက်ပြီး လုံးဝငြင်းဆန်လိုက်သည်။
“မစားချင်လို့”
သူပြောပြီးသည်နှင့် လိဝေသည် သူ့ရှေ့မှ စွပ်ပြုတ်ပန်းကန်ကို သူ့ဘက်ဆွဲ၍ လုယုံရိမတားလိုက်ရခင် အကုန်သောက်ပစ်လိုက်သည်။
“ကျွန်တော်ပဲ သောက်လိုက်တော့မယ်နော်”
ညစာစားချိန်ပြီးသည်အထိ သူတို့သည် ထမင်းစားခန်းထဲမှ လူတိုင်းအငမ်းမရစားနေကြပုံကို လိုက်ကြည့်နေကြသည်။ လူခြောက်ယောက်လုံးသည် ပေါင်မုန့်တို့ကို မစားချင်စားချင်နှင့် စားနေကြပြီး သူတို့အခန်းသို့ပြန်သွားသည်။
အခန်းတံခါးကို သေချာဂရုတစိုက်ပိတ်လိုက်ပြီး ရယ်ရွှင်ကပင်စပြီး မေးလိုက်သည်။
“ဝမ်ယမ် ငါးစွပ်ပြုတ်ထဲ ဘာပါလို့လဲ”
ဝမ်ယမ်လန်သည် ခေါင်းယမ်းလိုက်ပြီး
“ငါလဲ စွပ်ပြုတ်ထဲဘာပါလဲ မသိဘူး ဒါပေမဲ့ ကပ္ပတိန်ရဲ့ သမီးလေးက ငါ့ကို မသောက်ဖို့ ပြောလိုက်တာ”
ကျိုးကျုံးချိုးသည် မေးစေ့ကို ပွတ်လိုက်ပြီး
“ငါတို့ ကပ္ပတိန်ရဲ့သမီးပြောတာကို နားထောင်မှဖြစ်မယ် ဒီတော့ မစားမှဖြစ်မှာပဲ ငါတို့ ဒီငါးစွပ်ပြုတ်ပန်းကန်လုံးကို လုံးဝမထိမှဖြစ်မယ်”
သူမသည် ခွမ်ကျိန်းကို အနည်းငယ်တွေဝေစွာကြည့်လိုက်ပြီး အလျင်စလိုမေးလိုက်သည်။
“ခွမ်ကျိန်း မင်းဘာတွေ့သေးလဲ”
“ငါးစွပ်ပြုတ်အနံ့က မသောက်ရမနေနိုင်အောင် ဆွဲဆောင်နေတာ”
ခွမ်ကျိန်းသည် မသေချာစွာပြောလိုက်သည်။
လုယုံရိအစာအိမ်သည် အနံ့အကြောင်းပြောနေသောအခါ တကြုတ်ကြုတ်မြည်လာသည်။ ထို့နောက်သူသည် ခါးသီးစွာပြောလိုက်သည်။
“အနံ့ကအရမ်းကောင်းလွန်းလို့ ငါတခြားဟာတွေဘာမှမစားချင်တော့ဘူး ငါးစွပ်ပြုတ်အနံ့က သေလောက်တယ်”
“သည်းခံ သည်းခံ”
ဝမ်ယမ်လန်သည်ပြောရင်း သူ့အိတ်ထဲမှ ခေါက်ဆွဲတစ်ထုပ်လှမ်းပေးလိုက်သည်။
“ဒါလေးစားပြီး မင်းအစာအိမ်ကို နှစ်သိမ့်လိုက်”
လုယုံရိသည် မစားချင်သော်လည်း ဆာလောင်မှုဒဏ်မခံနိုင်စွာ ခေါက်ဆွဲသွားပြုတ်လိုက်သည်။ ခေါက်ဆွဲပြုတ်နံ့သင်းလာသောအခါ လူတိုင်းသည် ခေါက်ဆွဲတစ်အိုးကို တစ်ယောက်နှစ်လုပ်နှုန်းနှင့် မျှစားလိုက်ကြပြီး အိုးထဲတွင် အရည်တစ်စက်ပင် မကျန်ချေ။
လုယုံရိသည် မျက်ရည်ကျမတတ်အသံဖြင့်
“ဒီဒုက္ခသုတ်ခကြီးပြီး စိတ်ဆင်းရဲစရာဘဝကြီးက ဘယ်တော့မှ အဆုံးသတ်မှာလဲကွား”
ညနက်လာသောအခါ သူတိုအခန်းအသီးသီးသို့ ပြန်သွားကြသည်။ ညလယ်လောက်ကြီးတွင် စိုင်လောင်အာသည် နှစ်ခြိုက်စွာအိပ်ပျော်နေပြီး ခွမ်ကျိန်းသည် သူတို့အခန်းအပြင်ဘက်မှ ခြေသံတစ်ချို့ကြားလိုက်ရသည်။ စက္ကန့်အနည်းငယ်ကြာအောင် ရပ်နေကြပြီး အခန်းသော့ပွင့်လာသည်။
ခွမ်ကျိန်းသည် စောင်အောက်ထဲတွင် လက်သီးတင်းတင်းဆုပ်ထားပြီး မလှုပ်မယှက်ငြိမ်နေလိုက်သည်။ သူသည် အသက်အောင့်ထားပြီး လူနှစ်ယောက် အခန်းထဲဝင်လာသည့် အသံကိုနားထောင်နေသည်။ ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်သည် ခွမ့်ကျိန်းကုတင်နားသို့ လာပြီး နောက်တစ်ယောက်သည် စိုင်လောင်အားနားသို့ သွားလိုက်သည်။
ခွမ်ကျိန်း၏နဖူးကို စက်တစ်မျိုးထိလာပြီး တစ်ယောက်ယောက်သည် တိုးတိုးပြောလိုက်သည်။
“အဖျားမရှိဘူး”
ထိုလူသည် ခွမ်ကျိန်းမျက်ခွံကို ဆွဲလှန်ပြီး ဓာတ်မီးထိုးကြည့်လိုက်သည်။
“မျက်ဆံတွေလည်း ဘာမှမပြောင်းသွားဘူး”
ထိုခနလေးတွင် မျက်ခွ့ကိုပြန်ချပေးသွားသည်။ ခွမ်ကျိန်းသည် ထိုလူသည် သင်္ဘောသားတစ်ယောက်ဖြစ်ကြောင်း သတိထားမိလိုက်သည်။
“ဒီတစ်ယောက်လဲ ဘာလက္ခဏာမှမပြဘူး သွားကြစို့”
သူတို့ထွက်သွားပြီးနောက် အခန်းသည် ပြန်လည်တိတ်ဆိတ်သွားသည်။
ခွမ်ကျိန်းသည် ခနစောင့်လိုက်ပြီး မျက်လုံးဖွင့်လိုက်သည်။ အရင်ဆုံး အိပ်ရာပေါ်မှ ဆင်းလိုက်ကာ စိုင်လောင်အာ အန္တာရာယ်ကင်းမကင်းသွားစစ်ဆေးလိုက်သည်။ စိုင်လောင်အာသည် ဆံပင်များရှုပ်ပွနေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။ စိုင်လောင်အာ အဆင်ပြေတာ သေချာသည်နှင့် ခွမ်ကျိန်းသည် တံခါးဆီသို့ လျှောက်သွားလိုက်ကာ ချောင်းကြည့်ပေါက်မှ အပြင်သို့ ချောင်းကြည့်လိုက်သည်။
ကော်ရစ်တာအလင်းရောင်အောက်တွင် သင်္ဘောသားနှစ်ယောက်သည် ကပ်ထူအိတ်လိုအရာမျိုးယူကာ သာမန်လူတန်းစားများ၏ အခန်းထဲသို့ တစ်ခန်းပြီးတစ်ခန်း ဝင်သွားကြသည်။ ထို့နောက် လူများတစ်ယောက်ပြီးတစ်ယောက် အခန်းထဲမှ ဆွဲထုတ်လာကာ ကြမ်းပြင်ပေါ်သို့ ကော်ရစ်တာကြမ်းပြင်ပေါ်သို့ ချထားကြသည်။
သာမန်လူများသည် သတိလစ်နေကြပုံရပြီး ထိုသို့ ကြမ်းတမ်းစွာ အပြုမူခံနေရသည်ကို မရုန်းကြပေ။ သူတို့မျက်နှာများသည် နီရဲနေပြီး အသက်ရှူသံလေးနေကာ အပြင်းအထန်ဖျားနေကြပုံပေါ်သည်။ မကြာခင်တွင် အောက်ခြေလူတန်းစားများနေထိုင်ရာ တစ်ဧရိယာလုံး စစ်ဆေးပြီးသွားကြပြီဖြစ်သည်။
သင်္ဘောသားနှစ်ယောက်သည် လူများကို ကော်ရစ်တာမှ တစ်ယောက်ချင်းဆွဲထုတ်သွားကြသည်။ ထိုထဲတွင် လိဝေနှင့် ဟယ့်ယောင်လည်း ဆွဲခေါ်သည့်ထဲ ပါသွားသည်။ လိဝေမျက်နှာသည် အလွန်နီရဲနေကာ အသက်ရှူမဝသလို ရင်ဘက်သည် ဖားဖိုကဲ့သို့ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။
တစ်နာရီကြာပြီးနောက် သင်္ဘောသားနှစ်ယောက်သည် ထိုသတိလစ်နေသူများကို ကော်ရစ်တာမှ ရှင်းထုတ်ပြီးပြီဖြစ်သည်။
ခွမ်ကျိန်းသည် တံခါးမှချောင်းကြည့်ရင်း ကြွက်သားများတောင့်တင်းလာကာ စိုင်လောင်အာအိပ်ရာဘေးသို့ ပြန်သွားထိုင်နေပြီး သူ့ကို တစ်ညလုံး မနက်မိုးလင်းသည်အထိ ထိုင်ကြည့်နေခဲ့သည်။
ခွမ်ကျိန်းသည် အပြင်ဘက်မှ လူသံကြားသောအခါမှ စိုင်လောင်အာကို နှိုးလိုက်သည်။ လူခြောက်ယောက်သည် မနက်စာစားချိန်တွင် တွေ့ကြပြီး ကျေးဇူးတင်စရာကောင်းစွာ သူတို့ထဲက ဘယ်သူမှ သင်္ဘောသားများ ခေါ်ထုတ်သွားခြင်း မခံရပေ။ ရယ်ရွှင်သည် ပထမဆုံးစကားစပြောလိုက်သည်
“မနေ့ကကျွေးတဲ့ငါးစွပ်ပြုတ်က အိပ်ဆေးခတ်ထားတယ်ထင်တယ်”
သူတို့တွင် မေးခွန်းအများကြီး ထွက်လာကာ ခေါင်းကိုက်လာကြသည်။
‘သင်္ဘောသားတွေက သူတို့ကို ဘာလို့ အိပ်ဆေးခတ်တာလဲ’
‘လူတွေကို ဘယ်ခေါ်သွားကြတာလဲ’
လူအယောက်နှစ်ဆယ်ကျော် တစ်ပြိုင်ထဲပျောက်သွားကြခြင်း။
ခွမ်ကျိန်းတို့အုပ်စုသာမကပဲ လူတိုင်းသည် တစ်ခုခုတော့ မူမမှန်တော့မှန်း သိလိုက်ကြရသည်။ အသံတစ်စိမကြားလိုက်ရဘဲ လူများတစ်ချိန်ထဲပျောက်သွားကြသည်။ စားသောက်ခန်းထဲတွင် တာဝန်ကျနေသော သင်္ဘောသားချန်လိဆိုသူကို လူများဘယ်ယောက်သွားလဲ ဝိုင်းမေးကြသည်။
သူသည် အစတုန်းက ဘယ်မေးခွန်းမှမဖြေဘဲနေသော်လည်း ခနခနဆွဲမေးခံနေရသောကြောင့်
အဲ့ဒီလူတွေက အဖျားရှိနေကြလို့ မနေ့ညက သူတို့ကို တခြားနေရာပြောင်းထားလိုက်တာ ခင်များတို့အဖျားကူးမှာစိုးလို့“
“အဲဒီတခြားနေရာက ဘယ်နေရာလဲ”
ကောင်မလေးတစ်ယောက်သည် သိချင်စွာမေးလိုက်သည်။ ချန်လိသည် စိတ်မရှည်စွာကျိန်ဆဲလိုက်ပြီး
“သင်္ဘောဝမ်းထဲမှာ သူတို့အကုန် သင်္ဘောဝမ်းထဲမှာ ရပြီလား”
လူတစ်ချို့သည် ပွစိပွစိပြောကြတော့သည်။
“ဒါလေးမေးတာကို အပေါက်ဆိုးလိုက်တာတော်”
ချန်လိသည် အေးစက်စွာပြုံးလိုက်ပြီး
“မကျေနပ်ရင် ကြိုတ်တဲ့နေရာ သွားတိုင်ချေ”
လူများနှင့် အငြင်းပွားပြီး သင်္ဘောသားများသည် လူချမ်းသာများနေရာဘက်သို့ ရောက်သွားကြသည်။ ကျန်းလော်နှင့်ကောကျူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး သာမန်လူများနေထိုင်ရာဘက်သို့ သွားလည်ကြရန် အခွင့်အရေးရှာနေကြသည်။
ဘာထူးခြားတာမှမရှိဘဲ တစ်ရက်ကုန်သွားသည်။ ညနေခင်းတွင် ကျန်းလော်တို့သည် လေလံခန်းမသို့သွားလိုက်ပြီး လူအုပ်နောက်ဆုံးတွင် ဝင်ထိုင်လိုက်သည်။ လေလံခန်းမထဲတွင် လေလံပွဲစဖွင့်သူမှာ ကပ္ပတိန်ဖြစ်သည်။ လေလံပွဲမစခင် ကပ္ပတိန်သည် သဘောကောင်းစွာပြုံးလိုက်ပြီး သူတို့ငြိမ်သည့်အချိန်စောင့်နေသည်။
“နောက်သုံးရက်ဆို သွေးငါးရှဉ့်စားဖို့ အချိန်ကောင်းရောက်ပါပြီဗျာ ပထမအုပ်စုကတော့ ဆယ်ယောက်စာပဲရမယ်ဗျ. ကျွန်တော်တို့ လေလံအဖွင့်ဈေးမသတ်မှတ်ထားပါဘူး ဧည့်သည်တော်တို့ကိုယ်တိုင် နာမည်နဲ့ ပေးဈေးရေးပြီး ကျွန်တော်တို့ဆီပေးရပါမယ် ကျွန်တော်တို့ဘက်က ကြေးအမြင့်ဆုံး ဆယ်ယောက်ကို ပထမအုပ်စုထဲ ထည့်ပေးမှာ ဖြစ်ပါတယ်”
ဤနည်းလမ်းသည် လွယ်ကူမြန်ဆန်သော်လည်း အနည်းငယ် ပြင်းထန်သည်။ စိတ်ပညာအရ လူချမ်းသာများကြား ပြိုင်ဆိုင်ကြအောင် ရန်တိုက်ပေးနေသလိုပင်။ ကျန်းလော်နှင့် ကောကျူသည် ဘာမှမခံစားရပေ။ ခံစားသွားရအောင်လည်း သူတို့တွင် ပိုက်ဆံမရှိကြပေ။
ဈေးနှုန်းနေရာတွင် နှစ်ယောက်လုံး ကွက်လပ်ချန်ထားလိုက်သည်။ ကပ္ပတိန်သည် သင်္ဘောသားတစ်ယောက်ကို ခေါ်၍ ဈေးနှုန်းအမြင့်ဆုံးကနေ အနိမ့်ဆုံးစီခိုင်းပြီး နာမည်များချရေးစေသည်။ ဆယ်မိနစ်ကြာပြီးနောက် ကပ္ပတိန်သည် စာရင်းစာရွက်ကိုင်ကာ စင်ပေါ်ပြန်တက်လာသည်။
“ဂုဏ်ယူပါတယ် သုံးရက်အတွင်း သွေးငါးရှဉ့်ဟင်းလျာညစာ သုံးဆောင်နိုင်မည့် လူကြီးမင်းတို့နှင့် မဒမ်များခင်ဗျာ”
“မစ်စတာ ကျောက်ကျွယ့်ကျီ၊ မစ်ယူနာ......”
ကပ္ပတိန်နာမည်တစ်ခု ရွတ်လိုက်တိုင်း လူချမ်းသာများမျက်နှာသည် ဖြူဖျော့သွားကြသည်။ ကွာစေ့ကိုက်ပြီး ပွဲကြည့်နေသော ကျန်းလော်က ကောကျူကို ပြောသည်။
“ပထမတန်းက တစ်ယောက်မျက်နှာကိုကြည့်လိုက် ဟော ဝါထိန်သွားပြီကွ”
ကိုးခုမြောက်နာမည်အရောက်တွင် လူချမ်းသာများသည် တိုက်ပွဲကျသွားသည့်ပုံဖြစ်လာကြသည်။ လူတစ်ချို့သည် လက်မြောက်ပြီး
“ကပ္ပတိန် ကျူပ်တို့ထပ်ပြီး လေလံဆွဲလို့ရဦးမလား”
ကပ္ပတိန်သည် တောင်းပန်ဟန်ကြည့်လိုက်ပြီး
“စိတ်မကောင်းပါဘူးဗျာ အခုစာရင်းကို ပြောင်းဖို့မဖြစ်နိုင်ပါဘူး၊ ဘာပဲပြောပြော သွေးငါးရှဉ့်နောက်တစ်သုတ်ရဲ့ အရသာကလည်း အရမ်းကောင်းပါတယ်”
သူသည် နောက်ဆုံးနာမည်ကို ဖတ်လိုက်သည်။
“.....................မစ်စတာ ကျုံးဝေ့”
ကျန်းလော်သည် ကျုံးဝေ့ဆိုသူဘယ်သူမှန်း စဉ်းစားနေရချိန်တွင် ကောကျူသည် သူ့ကို ကြောင်တောင်တောင်လေး လှည့်ကြည့်လိုက်သည်။
“ဘယ်လိုလုပ် မင်းဖြစ်နေတာတုန်း”
######################################