အပိုင်း (၁၁၂)
မီးပြတ်သွား
ရေချိုးခန်းဝတ်ရုံဝတ်ထားသော အိမ်ပိုင်ရှင်သည် လူအုပ်စု၏ ဆူညံမှုကြောင့် တကယ်ပဲ အနှောက်အယှက်ဖြစ်သွားပုံ ရသည်။ မြေညီထပ်မှ လူများအားလုံးသည် ထိုသူ၏ စကားလုံးများကြောင့် တင်းကျပ်ကုန်ကြပြီး နောက်ပိုင်းတွင် သူ့အသံမှ ရယ်မြူးရိပ်သဲ့သဲ့ကြောင့် ပုံမှန် ပေါ့ပေါ့ပါးပါး အခြေအနေမျိုး ပြန်ဖြစ်ကုန်ကြသည်။ သူတို့သည် လှေကားပေါ်မှ အေးဆေးစွာဆင်းလာသော ခန့်ညားသောသူကို လိုက်ကြည့်နေကြသည်။
ကျန်းလော်သည်လည်း ထိုသူကို ကြည့်နေသည်။ လူအုပ်နောက်ဆုံးမှာထိုင်နေပြီး တုပ်တုပ်မှမလှုပ် ထမကြိုဘဲ အိမ်ရှင်လှေကားပေါ်က ဆင်းလာသည်ကို ကြည့်နေသည်။ လှပသောမျက်နှာသည် တည်ငြိမ်နေပြီး မတုန်မလှုပ်ဖြင့် ထိုင်းမှိုင်းအထီးကျန်ဆန်နေရာမှ ချက်ချင်း လန်းဆန်းသလိုဖြစ်သွားသောသူကို ကြည့်နေသည်။ ထိုသူ လှေကားပေါ်မှဆင်းလာပုံမှာ အဝတ်များ အကုန်ကျွတ်ထွက်တော့မည့်အတိုင်း ဖြစ်နေသည်။
လှေကားပေါ်မှ ဆင်းလာသောလူသည် ပေါ့ပါးသွက်လက်နေသော်လည်း အရှိန်အဝါကတော့ မသေးပေ။ အမှောင်ထဲတွင် လွင့်မျောနေသော ဟော်မုန်းများသည် တစ်စုံတစ်ယောက်၏ နှလုံးသားကို သူ့ဘက်ညွတ်ကျလာအောင် ဆွဲဆောင်နေပြီး စိတ်လှုပ်ရှားမှုနှင့် သဘာဝကျကျ ကြောက်လန့်မှုကိုလည်း ပေးစွမ်းနေသေးသည်။
မုန်တိုင်းကြီး ၊ စံအိမ်ငယ်နှင့် ထူးခြားဆန်းကြယ်သော စံအိမ်ပိုင်ရှင်..........
ထိုအရာများသည် မိန်းမငယ်လေး၏ နှလုံးသားကို အကြောင်းပြချက်မရှိ တစ်ထိတ်ထိတ်ခုန်စေကာ မနက်ခင်းပွင့်သော နှင်းဆီကဲ့သို့ ရှက်သွေးဖြာစေသည်။
မကောင်းဆိုးဝါးသည် အမြဲတမ်းထိုကဲ့သို့ လူတိုင်း၏ စိတ်နှလုံးကို ညှို့ယူနိုင်စွမ်းရှိသည်ပင်။
ကျန်းလော်သည် တိတ်ဆိတ်စွာ လှောင်နေသည်။
ချီယုံ့ကို မြင်လိုက်သည်နှင့် ချီယုံစက္ကန့်ပိုင်းလောက်သာ အသုံးကျခဲ့ပုံကို သတိရသွားသည်။
‘………ခွီး ဟားဟားဟားဟား’
ကျန်းလော်သည် ရယ်သံကို အပြင်မထွက်အောင် ထိန်းချုပ်ထားသည်။ နောက်ဆုံးမှာတော့ သူတို့အခန်းထဲက ထွက်လိုက်သည်နှင့် မေ့ပစ်ရန် မကောင်းဆိုးဝါးနှင့် သဘောတူထားခဲ့သည်လေ။
မကောင်းဆိုးဝါးသည် အိမ်တော်ထိန်းဖော်ပြခဲ့သည့်အတိုင်း သဘောကောင်း ဖော်ရွေသော အိမ်ရှင်အဖြစ် သရုပ်ဆောင်နေသည်။
“ညစာ အဆင်ပြေကြရဲ့လား”
ထမင်းပေါင်းအိုးမှ အသံကဲ့သို့ နွေးထွေးသောအသံသည် လူငယ်လေးများကို ငေးနေရာမှ နိုးထလာစေသည်။ ချင်းယွင်မျက်နှာသည် နီမြန်းနေပြီး အရင်ဆုံးလုဖြေလိုက်သည်။
“အဆင်ပြေပါတယ် မေးမြန်းပေးလို့လဲ ကျေးဇူးတင်ပါတယ်”
သူမသည် မကောင်းဆိုးဝါး၏ နောက်ထပ်မေးခွန်းတစ်ခုကိုလဲ ဖြေလိုက်သေးသည်။
“ကျွန်မတို့ ဘုရင်ဂိမ်းဆော့မလို့လေ ရှင်ရော ဝင်ဆော့မလား”
ချီယုံသည် မျက်ခုံးပင့်လိုက်ပြီး
“ဘုရင်ဂိမ်း...”
ချင်းယွင်သည် ဂိမ်းအကြောင်း ခရေစေ့တွင်းကျ ပြောပြသည်။
ထိုအချိန်တွင် ဧည့်ခန်းတစ်ခုလုံးတွင် သူမအသံကိုသာ ကြားရသည်။ မကောင်းဆိုးဝါးသည် အာရုံစိုက်နားထောင်နေပုံပေါက်ပေါ်လည်း သူ့မျက်လုံးများသည် ကောင်မလေးကို နက်ရှိုင်းစွာကြည့်နေသည်။ သို့သော် သူ့အာရုံစိုက်မှုသည် နံရံပေါ်သို့တွယ်တက်နေသော နွယ်ပင်များကဲ့သို့ပင် တဖြည်းဖြည်း ကျန်းလော်ဆီတွင် အဆုံးသတ်သွားသည်။
မတွေ့ရတာ ဆယ့်လေးရက်ရှိပြီဖြစ်သည်။
မကောင်းဆိုးဝါးသည် ဂရုမစိုက်စွာတွေးမိသည်မှာ မတွေ့ရတာ ဆယ့်လေးရက်သည် ပုံမှန် ရက်အရေအတွက်မဟုတ်ပေ။ ဆံပင်အနက်နှင့်ကောင်လေးနှင့် ပတ်သက်သော အလွန်အကျွံစိတ်လှုပ်ရှားမှုများကို သေချာ ထုပ်သိမ်းပြီး တင်းခံနေသော်လည်း သူ့အတွေးအာရုံများသည် ကောင်လေးဆီသာ ပြန်ရောက်သွားသည်။
ချီယုံသည် ကျန်းလော်ကို ရယူပြီးသွားလျှင် ထပ်ပြီး စိတ်ဝင်စားမှု မရှိတော့ဟု ထင်ခဲ့သည်။
လိရှားကို သူ့လူများ ပုန်းခိုရာနေရာသို့ခေါ်သွားပြီး မိတ်ဆက်ပေးခဲ့သည်။ သူတို့သည် အစီအစဉ်အတိုင်းထွက်သွားကြသည်။ ထိုနေ့က ချီယုံသည် ကျန်းလော်အကြောင်း အများကြီးမတွေးမိသေးပေ။ သို့သော် တိတ်ဆိတ်သော ညသို့ရောက်သွားသောအခါ သွေးနီရောင်ရမ္မက်သည် ချီယုံ့ကို ကျိန်စာတစ်ခုကဲ့သို့ တောက်လောင်ခါစေပြီး သူ့အာရုံများကို ဒုတိယအကြိမ် ဝါးမျိုသွားပြန်သည်။
ထိုညမှစ၍ အချိန်တိုင်း ကျန်းလော်၏ ရှက်သွေးဖြာနေသောမျက်နှာ၊ သူ့အောက်မှာ ကျိန်ဆဲနေသည့်အသံလေး၊ သူ့မျက်လုံးများထဲ အကြိမ်ကြိမ်ကြည့်ခဲ့သည့် အကြည့်လေးများ သူ့ကို ကျိန်ဆဲသည့်စကားများထွက်လာတတ်သော သွေးနီရောင် နှုတ်ခမ်းများ မျက်ရည်အပြည့်နှင့် ရန်လိုနေသော မျက်လုံးများ လှပဖြူဝင်းသော အသားအရည် တစ်လက်မချင်းစီတိုင်းသည် ချီယုံ့ကို ပြင်းပြတောက်လောင်နေသော စိတ်ဆန္ဒများဖြင့် ဆာလောင်လာစေသည်။
ကျန်းလော်ထံမှ ရခဲ့သောသာယာမှုများသည် မကောင်းဆိုးဝါး၏ တောက်လောင်နေသော ဆန္ဒကို ဆက်မဖုံးကွယ် လစ်လျူမရှုနိုင်တော့အောင် ပိုပိုတိုးလာစေသည်။ ချီယုံသည် ထိုသို့သော စိတ်ဆန္ဒများ တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ သူမသာယာသွားခင်အထိ ထိုဆန္ဒသည် ဘယ်လိုဟာမှန်းတောင် မသိခဲ့ပေ။
သို့သော် ကျန်းလော်၏ စကားလုံးများနှင့် သူပေးခဲ့သော ကတိကို ပြန်သတိရသွားသည်။
___“ဒုတိယအကြိမ်ဆိုတာ ရှိလာမှာမဟုတ်ဘူး”
ကျန်းလော်ကို အရင်ကထက်ကိုပိုပြီး တောင့်တာလာသည်။
ထို့ကြောင့် မကောင်းဆိုးဝါးသည် ပိုပိုပြီး စိတ်ဆတ်လာခဲ့သည်။
ရက်အနည်းငယ်လောက် သူ့ကိုယ်သူထိန်းချုပ်ခဲ့သော်လည်း ကျန်းလော်အနီးနားတွင် ပြန်ပေါ်လာခဲ့သည်။
ချီယုံ့အတွက် လျန်အိမ်တော်ထဲသို့ မဝင်နိုင်သောကြောင့် ကျန်းလော်ထွက်လာသည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ရသည်။
ထူးဆန်းစွာပင် ကျန်းလော်ထွက်လာတာမမြင်ရသော်လည်း ကျန်းလော်အနီးနားတွင် ပုန်းအောင်း စောင့်ဆိုင်းနေရရုံနဲ့ လုံလောက်ခဲ့သည်။ ထိုသို့စောင့်နေရတာကပင် သူ့ကို စိတ်လှုပ်ရှားစေပြီး သားကောင်ထွက်မလာမချင်း စောင့်နေသော မုဆိုးတစ်ကောင်ကဲ့သို့ပင် အခွင့်အရေးရသည်နှင့် ဖမ်းပစ်ရန် ဆုံးဖြတ်ထားသည်။ ထိုသို့စောင့်ဆိုင်းနေချိန်တွင် မကောင်းဆိုးဝါးသည် ကျန်းလော်ထွက်လာမည့် အချိန်ကို ရေတွက်နေခဲ့သည်။
ယနေ့မှသာ သူ၏ ပထမထပ် ပြတင်းပေါက်မှာ ရပ်ကြည့်နေသည့် အချိန်တွင် သူ့ဆီဦးတည်လာနေသော နှင်းများနှင့် လေပြင်းကြားမှ ကျန်းလော်ကို တွေ့ခဲ့ရသည်။
ချီယုံသည် အသက်အောင့်ထားမိပြီး ကြွက်သားများ တောင့်တင်းသွားကာ ကျန်းလော်ကိုသာ မြဲမြဲကြည့်နေသည်။ နှင်းမုန်တိုင်းကြား လမ်းလျှောက်လာကာ သတ္တိကောင်းနေသော ကောင်လေးကို ဝါးစားပစ်လိုက်ချင်လာသည်။
ထိုဟာသည် အသစ်ဖြစ်လာသော စိတ်ဆန္ဒဖြစ်သည်။
သူသည် ကျန်းလော်၏ နှလုံးသားတစ်ခုလုံးကို သိမ်းပိုက်စိုးမိုးချင်သည်။
သူပြောခဲ့သော စကားများကို အကုန်ပစ်ထုတ်လိုက်ချင်ပြီး သူ့ကိုသာ စိတ်ကျေနပ်စေမည်ဆိုလျှင် ကျန်းလော်၏ လှောင်ပြောင်ခံရမည်ကိုလည်း ဂရုမစိုက်ချင်တော့ပေ။
သူတစ်ခါက ပြောခဲ့ဖူးသည့်အတိုင်းပင် ကျန်းလော်ထံတွင် အဖြေတစ်ခုရှိနိုင်ပြီး စော၍ဖြစ်စေ နောက်ကျ၍ဖြစ်စေ ထိုအဖြေကို သူရအောင်ရှာမည် ဖြစ်သည်။
.......................................
အိမ်ထဲမှ လူတိုင်းသည် အကြည့်များ၏ လားရာကို သတိမထားမိကြပေ။ သို့သော် သတိကပ်ထားသော ကျန်းလော်အတွက်တော့ ထိုအကြည့်ကို သတိမပြုမိဖို့ ခဲယဉ်းသည်။
တမင်သက်သက်ကြီး သူသတိထားမိလာအောင် စိုက်ကြည့်နေသော အကြည့်များကိုဆို ပိုတောင်သတိမပြုမိဖို့ ခက်ပေသည်။
ကျန်းလော်သည် မမြင်ချင်ယောင်ဆောင်ပြီး ထိုင်နေလိုက်သည်။ သူ့လက်များကို စားပွဲပေါ်တင်ထားပြီး လူတိုင်းသည် ခိုက်ခိုက်တုန်အောင်အေးစေသော ဆောင်းလေပွေကြောင့် အဝတ်ထူထူဝတ်ထားကြသည်။ မျက်နှာ၊ လက်နှင့် လည်ပင်းများသာ အဝတ်မကပ်ကြခြင်းဖြစ်သည်။
ကျန်းလော်သည် အနက်ရောင် လည်ပိတ်ဆွယ်တာဝတ်လာသောကြောင့် အရင်ကနှင့် မတူဘဲ တစ်မျိုးတမည် ခန့်ညားနေသည်။ မကောင်းဆိုးဝါး ယခင်က ထပ်တလဲလဲ နမ်းခဲ့ဖူးသော ရှည်သွယ်သော လည်ပင်းသည် ဆွယ်တာကော်လာအောက်တွင် ပြည့်ပြည့်ဝဝဖုန်းကွယ်ထား ခံရသည်။ မကောင်းဆိုးဝါးသည် လည်ပင်းကိုကြည့်ရင်း ကိုယ့်ကိုယ်ကို သနားလာသောကြောင့် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ကိုယ့်လက်ကို ဆော့နေတော့သည်။
ထို့နောက် ချင်းယွင်သည် ဘုရင်ဂိမ်း၏ စည်းမျဉ်းများအားလုံးကို ပြောပြပြီးသွားပြီဖြစ်သည်။
“ဒီတော့ ဒါအကုန်ပါပဲ”
မကောင်းဆိုးဝါးသည် ကျောဆန့်လိုက်ပြီး စိတ်ဝင်စားစွာ ပြုံး၍ ပြောလိုက်သည်။
“ကိုယ်လည်း မင်းတို့နဲ့ ဝင်ဆော့လို့ရမလား”
ချင်းယွင်သည် ထိုစကားကို စောင့်နေပုံဖြင့် ပြာပြာသလဲဝင်ပြောလိုက်သည်။
“ဒါပေါ့ ရတာပေါ့”
ထမင်းစားစားပွဲတွင် ခုံတစ်လုံးတိုးလာသည်။ ချင်းယွင်ကတ်ဝေတော့မည့်အချိန်တွင် အစထဲက စကားတစ်ခွန်းမှ ဝင်မပြောသောကျန်းလော်က ရုတ်တရက်ဝင်ပြောလိုက်သည်။
“ကျွန်တော်ဝေမယ်”
ချင်းယွင်သည် ပျော်ရွှင်စွာပင် ခပ်ချောချောကောင်လေးကို သူမအလုပ်လွှဲပေးလိုက်သည်။ သူမသည် ကျန်းလော်ကို ကတ်ကမ်းပေးလိုက်သည်နှင့် ကျန်းလော်သည် ကတ်များကို ပြန်မွှေကာ လူတိုင်းကို ဝေပေးလိုက်သည်။ သူသည် ချီယုံ့အလှည့်ကို တမင်တကာကျော်သွားပြီး မကောင်းဆိုးဝါးသည် ကျန်းလော်လက်ထဲမှ နောက်ဆုံးကျန်သော ကတ်ကိုသာ ရခဲ့သည်။
တိတ်ဆိတ်စွာရယ်ရင်း ကျန်းလော်၏ လက်ဆစ်များကို ကြည့်ကာ ဖြူဖျော့အေးစက်သောလက်ဖြင့် ကတ်ကို လှမ်းယူလိုက်သည်။
“ကျေးဇူး”
ကျန်းလော်သည် နှုတ်ခမ်းထောင့်များ ကော့တက်လာအောင် ပြုံး၍
“ရပါတယ်”
စားပွဲ အလယ်တည့်တည့်တွင် အနက်ရောင်ကတ်တစ်ကတ်ရှိနေပြီး နောက်ထပ် ဘုရင်အဖြစ် လုပ်ဆောင်နိုင်မည့် ကတ်ဖြစ်သည်။
ရလဒ်များတွင် တစ်ခါတစ်ရံ ဘုရင်ဖြစ်သူမှ သူကိုယ်တိုင်ပါဝင်နေမည့် အမိန့်များလည်း ပေးတတ်သည်။ ထို့ကြောင့်ပင် ဤဂိမ်းသည် စိတ်ဝင်မစားစရာကောင်းနေခြင်းဖြစ်သည်။
ကျန်းလော်သည် ထိုင်လိုက်ပြီး သူ့ကတ်ကို ကြည့်လိုက်သည်၊ သူ့ကံသည် အကောင်းကြီးမဟုတ်သော်လည်း ယခုအချိန်တွင်တော့ သူ့တွင် ဘုရင်ဖြစ်လာနိုင်သည့် မျှော်လင့်ချက်လေးရှိသေးသည်။
ကျန်းလော်သည် သာမန်အကွက်သုံးခုပါသော ကတ်ကိုသာ ရခဲ့သောကြောင့် အနည်းငယ်တော့ စိတ်ပျက်မိသွားသည်။
(T/N: ယူတို့ရဲ့ ထွမ်စလိတ်တာမမက ဖဲတစ်ခါမှမကစားဖူး အပြင်မှာဖဲချပ်ကို မမြင်ဖူးလို့ ခွင့်လွတ်ပေးကြပါ)
သူ့ကတ်ကို စားပွဲပေါ်ချလိုက်ပြီး ဘုရင်ကတ်ရသည့် သူထွက်ပေါ်လာမှာ စောင့်နေလိုက်သည်။
လျန်ရွှီသည် သူမရထားသည်မှာ တစ္ဆေကတ်ဟုတ်မဟုတ် မသေချာသောကြောင့် လူတိုင်းကို သူမလက်ထဲမှ ကတ်ကို ထောင်ပြလိုက်သည်။
“ဘုရင်က ငါလားမသိဘူး”
ကျန်းလော်သည် သူမကိုင်ဆောင်ထားသော ဘုရင်ကတ်ကို ကြည့်ပြီး ချီယုံဘုရင်မဟုတ်သောကြောင့် ဝမ်းသာသွားသည်။ တိကျသောအဖြေရပြီးနောက် လျန်ရွှီသည် သူမလက်ထဲမှ အနက်ရောင်ကတ်ကို မသေချာသလိုကြည့်ရင်း သူမစိတ်ထဲတွင် အမိန့်ပေးရမည်ကို အနည်းငယ်ကြောက်လန့်နေသည်။ ထို့ကြောင့် သမသည် ရိုးရှင်းသော အမိန့်ကိုရွေးချယ်ခဲ့သည်။
“နံပါတ် ၅နဲ့ နံပါတ် ၁၀ အခြောက်ခံထားတဲ့ အနွေးထည်တွေ ချက်ချင်းသွားရုတ်ရမယ်”
နံပါတ်၅သည် လျန်ချင်းဖြစ်ပြီး နံပါတ်၁၀သည် တစ်ခါမှစကားဝင်မပြောသေးသော လိရှောင်းဖြစ်သည်။ နှစ်ယောက်လုံးသည် ခေါင်းညိတ်လိုက်ပြီး စိတ်သက်သာရာရသွားသည်။
ပထမဆုံးပွဲသည် ရိုးရှင်းသောအမိန့်တစ်ခုနှင့်သာ ပြီးသွားသော်လည်း အစကောင်းသည် ပြောရမည်။ ဒုတိယပွဲဆက်ကြပြီး ဤတစ်ကြိမ်တွင် တွမ်ကျီက ဘုရင်ဖြစ်ပြီး သူသည်လည်း စကားသိပ်မပြောပေ။
တွမ်ကျီသည် တစ္ဆေကတ်ကိုကြည့်ပြီး သူ့မျက်နှာသည် အနည်းငယ်တွေဝေနေကာ အားတင်းပြောလိုက်သည်။
“ငါ့မှာ ဝိဉာဉ်တွေအကြောင်း သိချင်တဲ့ ဝါသနာလေးတစ်ချို့ရှိတယ် ဒါပေမဲ့ အခြေအနေမပေးလို့ တစ်ခါမှ မစမ်းကြည့်ဖူးဘူး………မင်းတို့ကြောက်တယ်လို့ ခံစားရရင် မလုပ်လဲရတယ်............ဒါပေမဲ့..............”
ချင်းယွင်သည် အနည်းငယ်စိတ်မရှည်တော့ပဲ
“အားလုံးတောင် ဂိမ်းဆော့နေကြပြီးပြီကို ဆက်ပြောလိုက်တော့ ဇွတ်အတင်းလုပ်မှ ဖြစ်မှာလဲ မဟုတ်ဘူး”
“ကောင်းပြီလေ”
တွမ်ကျီကပြောသည်။
“၆ နဲ့ ကိုး ညသန်းခေါင် ဆယ့်နှစ်နာရီထိုးရင် အိမ်သာထဲမှာ အမှောင်ချပြီး မှန်ကြည့်ရမယ်၊ အဲ့ဒီနည်းနဲ့ ငါတို့မမြင်နိုင်တဲ့ လောကကအရာတွေ မြင်နိုင်တယ်လို့ကြားဖူးတယ် အဲ့တာဒဏ္ဍာရီတွေက အမှန်ပဲလားဆိုတာ သိချင်တယ်”
အမိန့်ကိုပြောပြီးသည်နှင့် လူတိုင်း၏ မျက်နှာသည် ပြောင်းလဲသွားသည်။ ရင်းနှီးကျွမ်းဝင်မှုနှင့် ခြောက်လန့်မှုများ ဟာသများသည် ဤသို့ဂိမ်းကစားနေချိန်တွင် မထူးဆန်းပေ။
တွမ့်ကျီက မေးသည်။
“ခြောက်နဲ့ကိုးက ဘယ်သူတွေလဲ”
ကျန်းလော်သည် မျက်နှာမပျက်ဘဲ သူ့လက်ထဲမှ ကတ်ကိုထောင်ပြလိုက်သည်။
“ငါက ခြောက်”
ဤအမိန့်သည် သူ့ကို ဘာသက်ရောက်မှုမှ မရှိစေပေ။
“နံပါတ်ကိုးက”
တွမ်ကျီက ထပ်မေးသည်။
ထိုအချိန်တွင် အိမ်ကြီးရှင် ထွက်လာပြီး
“အိုး ကိုယ်က ၉ပဲ”
ကျန်းလော်သည် မော့ကြည့်လိုက်ပြီး မကောင်းဆိုးဝါးကို တည့်တည့်စိုက်ကြည့်သည်။ သူတို့နှစ်ယောက်သည် ချက်ချင်းအကြည့်လွှဲလိုက်ပြီး ဉာဏ်နီဉာဏ်နက်အပြည့်နှင့် မကောင်းဆိုးဝါးသည်လည်း တည်ငြိမ်သည့်မျက်နှာကို ထိန်းသိမ်းကာ ဘာမှမပြောပေ။
တွမ့်ကျီသည် အားနာနေပြီး လူတိုင်းသည် သူတို့အသက်သူတို့တော့ ကာကွယ်ချင်ကြမည်ဟု တွေးမိကာ
“မင်းတို့ မလုပ်ချင်ရင်လည်း...................”
“ဘာမှမဖြစ်ဘူး”
အိမ်ကြီးရှင်က ပြောလိုက်သည်။
“ကိုယ်လုပ်နိုင်တယ်”
သူတို့သည် တတိယပွဲကို ဆက်သွားကြသည်။
ချင်းယွင်၏ နှလုံးသားလေးသည် လျှို့ဝှက်စွာကျကွဲသွားသည်။ လျှို့ဝှက်ထားသော စိတ်လှုပ်ရှားမှုများသည် ဂိမ်းစတုန်းထဲက မြင့်တက်လာပြီး နောက်ပွဲစဉ်တွင် လမ်းလွှဲသွားသောကြောင့် စိတ်ပျက်မှုသို့ပြောင်းလဲသွားရသည်။
‘ဒီလိုကစားနည်းမျိုးက ကောင်လေးနဲ့ကောင်မလေးတွေကြားက ခံစားချက်တွေ မြင့်တက်လာအောင် ဆော့ရတဲ့ ဂိမ်းလို့’
‘ဘာလို့ သရဲတွေပါလာတာလဲလို့’
ဒီတစ်ကြိမ်သည် သူမကတ်ဝေရမည့်အလှည့်ဖြစ်ပြီး အခြေအနေကြီးကို ပြောင်းပြန်လှန်ပစ်ရန် သူမကိုယ်သူမ ဘုရင်ကတ်ကျအောင် ဆုတောင်းနေသည်။ သို့သော် နောက်တစ်ကြိမ်စိတ်ပျက်သွားရပြန်သည်။
ကျန်းလော်သည် တည်ငြိမ်စွာပင် သူ့ကတ်ကို ပြန်အုပ်ထားလိုက်သည်။
‘ဂီး ဒီတစ်ကြိမ်က ကွင်း တဲ့လား’
“အာ့ ဒီတစ်ကြိမ် ဘုရင်ကတ်က ကိုယ့်ဆီရောက်လာတာပဲ”
မကောင်းဆိုးဝါးသည် ရုတ်တရက် ထုတ်ပြောလိုက်ပြီး လူအုပ်ကြီး၏ အာရုံစိုက်မှု အပြည့်အဝရသွားသောအခါ သူ့လက်ထဲမှ တစ္ဆေကတ်ကို ဖြေးဖြေးချင်းထောင်ပြလိုက်သည်။
“ကိုယ့်ကိုယ်ကို ဒီလောက် ကံကောင်းမယ်လို့ မထင်ခဲ့ဘူး”
ကျန်းလော်သည် စပ်ဖြဲဖြဲပုံပေါက်နေသော တစ္ဆေကတ်ကို အသေကောင်လို စိုက်ကြည့်နေပြီး မကောင်းသည့်ခံစားချက်ရလာသောကြောင့် မျက်ခုံးပင့်သွားသည်။
မကောင်းဆိုးဝါးသည် ထိုင်ခုံနောက်ကို ပျင်းတိပျင်းရွဲမှီလိုက်ပြီး စိုထိုင်းသော ဆံပင်အနက်ရောင်များသည် မျက်ခုံးပေါ် အချောင်းလိုက်ကျနေပြီး သူ့မျက်လုံးများသည် လူအုပ်ကြီးကို တစ်ယောက်ချင်း လိုက်ကြည့်နေသည်။
“အမိန့်ပေးဖို့ ဘယ်သူ့ကို ရွေးရမလဲ........”
စားပွဲကို လက်ချောင်းဖြင့် ခေါက်နေသော အသံသည် စားပွဲဝိုင်းမှ လူများ၏ နှလုံးခုန်သံကို မြင့်တတ်လာစေသည်။ မကောင်းဆိုးဝါးသည်ပျော်ရွှင်မှုကြောင့် မျက်လုံးများမှေးသွားပြီး
“ဒါဆိုလဲ ဘုရင်မကို ဘုရင်ကို လာနမ်းခိုင်းလိုက်ရအောင်”
ချင်းယွင်သည် စိတ်လှုပ်ရှားသွားပြီး
‘ဒါကမှ တကယ့်ဂိမ်း’
သူမသည် လည်ချောင်းရှင်းပြီး
“ကင်း နဲ့ ကွင်းက ဘယ်သူတွေလဲ”
လူတိုင်းသည်ခေါင်းယမ်းလိုက်ပြီး အကြာကြီး တိတ်ဆိတ်သွားပြီးနောက် ကျန်းလော်ကိုလှည့်ကြည့်လာကြသည်။
ကျန်းလော်သည် မျက်နှာသေဖြင့် ကတ်ကိုလှန်ကြည့်လိုက်သည်။ မမှားနိုင်စွာပင် အနက်ရောင် Q အက္ခရာသည် ကတ်ထောင့်နားတွင် ပြောင်ပြနေသည်။
“ကင်းက ဘယ်သူလဲ..........”
သူတို့သည် အနက်ရောင်ကတ်ကို ကြည့်လိုက်ကြသည်။ တုကောသည် စားပွဲပေါ်မှ ကတ်နှင့်အနီးဆုံးဖြစ်သောကြောင့် ကတ်ကို လှန်လိုက်သည်။ ထိုကတ်သည် ကင်းကတ်ဖြစ်နေသည်။
မကောင်းဆိုးဝါးသည် အလွန်အံ့ဩသွားပုံဖြင့်
“ကိုယ်ပဲ ဖြစ်နေတာပဲ အံ့ဩစရာကောင်းလိုက်တာ”
ခန့်ညားချောမောသော အိမ်ကြီးရှင်သခင်ကြီးသည် မတတ်နိုင်စွာ ပုခုံးတွန့်လိုက်သည်။
“လုပ်လေ ရပါတယ်”
ကျန်းလော်သည် အေးစက်စွာရယ်လိုက်ပြီး ထိုင်ရာမှ ထကာ မကောင်းဆိုးဝါးဆီသို့ မဲ့ပြုံးဖြင့် လျှောက်သွားလိုက်သည်။ မကောင်းဆိုးဝါးသည် ခုံတစ်လုံးပေါ်တွင် ထိုင်နေပြီး သူ့မျက်လုံးသည် ကျန်းလော်၏ ကိုယ်ပေါ်သို့ စုန်ချည်ဆန်ချည် ကြည့်နေသည်။
လျန်ရွှီ၏မျက်နှာသည် ရဲတွတ်နေပြီး သူမဘေးမှ လူများကို ကြည့်မိစေသည်။ ထို့အပြင် သူမသည် အလွန်အော်ချင်နေသောကြောင့် လျန်ပင်း၏ လက်ကို အသေဆွဲဆုပ်ထားရာ သူမက မအော်ပဲ လျန်ပင်းက အော်တော့သည်။
“မကြီးရေ နာတယ် နာတယ်ဗျ နာတယ်လို့”
ချီယုံ့ဆီသို့ရောက်သွားသောအခါ ကျန်းလော်သည် ယဉ်ကျေးစွာပြောလိုက်သည်။
“ရိုင်းပြမိပါပြီ”
မကောင်းဆိုးဝါးသည် ချောမွေ့စွာရယ်လိုက်ပြီး
“ရပါတယ်”
ကျန်းလော်သည် နှုတ်ခမ်းဆူလိုက်ပြီး သူ့ခေါင်းငုံ့ပြီး တောင့်တောင့်ကြီး ကုန်းနမ်းလိုက်သည်။
သို့သော် မကောင်းဆိုးဝါးပေါ်သို့ လူသား၏နှုတ်ခမ်းကပ်မိသွားချိန်တွင် ကြမ်းတမ်းပြီး အေးစက်သော လေပြင်းသည် ရုတ်တရက်ကြီး အိမ်ထဲသို့ ဖြတ်တိုက်သွားပြီး အိမ်ထဲတွင် ရုတ်တရက်ကြီး မှောင်မဲသွားသည်။
စံအိမ်တစ်ခုလုံး အမှောင်ကျသွားအောင် မီးပြတ်သွားခြင်း ဖြစ်သည်။
#########################