အပိုင်း (၁၁၄)
မှန်ဝင်္ကပါလောက
သတိလစ်နေတုန်းမှာပင် တစ်စုံတစ်ယောက်သည် ကျန်းလော်နားထဲသို့ တီးတိုးလာပြောနေသည်။
“ကောင်းတာနဲ့ ဆိုးတာကြားထဲက စည်းကို သိသလား”
‘ဘာ ဘာကြီး...’
မယုံကြည်နိုင်စွာ သတိကပ်ထားမှုတွင် ထိုအသံသည် ခေတ္တရပ်တန့်သွားပြီး ပို၍ ပျော့ပျောင်းစွာ ပြောလာသည်။
“အပြစ်ကို သတ်ချင်လား”
‘သတ်ရမယ် အပြစ်ကို ဘာလဲဟ’
ကျန်းလော်၏ တွေးခေါ်နိုင်မှုများသည် သူ့နဖူးကို ခပ်ဖွဖွပွတ်သပ်ပေးနေသည့် ရေခဲကဲ့သို့ အေးစက်ပြီး နှင်းကဲ့သို့ နူးညံ့နေသော အထိအတွေ့ကြောင့် တဖြည်းဖြည်းလျော့ကျလာသည်။
“မကောင်းဆိုးဝါးတစ်ကောင်က လူသားဆန်မှုကို ထိန်းသိမ်းထားနိုင်သေးရင်တောင်မှပဲ ဆိုးယုတ်မှုနဲ့မွေးဖွားလာတဲ့သူက သန်းချီနေတဲ့ မကောင်းမှုတွေနဲ့ လက်မှာသွေးစွန်းနေဦးမှာပဲ”
“သူသေသွားမှသာ အရာအားလုံး ငြိမ်းချမ်းသွားလိမ့်မယ်”
ထိုအသံသည် သူနှင့် အဝေးကြီးမှ လာနေသလို မသဲမကွဲဖြစ်နေပြီး
“မင်းသာ မကောင်းဆိုးဝါးကို သတ်လိုက်ရင် မင်းလည်း မကြာခင် ထွက်ခွင့်ရလိမ့်မယ်”
သူတို့တကယ်ပဲ မှန်ဝင်္ကပါလောကထဲ ရောက်လာတာလား။
ကျန်းလော်၏ အနံ့ခံအာရုံအလုပ်မလုပ်တော့ပေ။
‘စကားပြောနေတာ ဘယ်သူလဲ’
‘မကောင်းဆိုးဝါးဆိုတာ...............ချီယုံ့ကို ပြောတာလား’
“ထတော့”
ကျန်းလော်မျက်လုံးများပေါ်သို့ လက်တစ်ဖက်က လာရောက်ပွတ်သပ်သည်။
“ပြီးရင် အပြစ်တစ်ခုရဲ့ မွေးဖွားခြင်းအစက ဘာနဲ့တူသလဲ ကိုယ်တိုင်သွားကြည့်ချေ”
ကျန်းလော်သည် ဆူညံသံများကြောင့် နိုးလာသည်။
သူသည် ခက်ခဲစွာ မျက်လုံးဖွင့်လိုက်သည်။ သူ့ခေါင်းသည် အလွန်လေးလံနေသလို ခံစားရသည်။ ထို့ကြောင့် ကျန်းလော်အတွက် ပြည့်ပြည့်ဝဝမျက်လုံး ပွင့်နိုင်အောင် တစ်မိနစ် နှစ်မိနစ်လောက် အချိန်ယူလိုက်ရသည်။
ထိုအချိန်တွင် သူ့နားထဲသို့ တက်ကြွသော အသံများ ဆက်တိုက်ဆိုသလို ကျယ်လောင်စွာ ကြားလိုက်ရသည်။ အိုးစည်ဗုံမောင်းသံများသည် ကျေးလက်ရိုးရာမင်္ဂလာပွဲကဲ့သို့ မြူးထူးနေပြီး လူကြီးများနှင့် ကလေးများ၏ စကားပြောသံများကိုလည်း ရံဖန်ရံခါ ကြားရသေးသည်။
“ကျန်းပင်းချန် ရှင် ကလေးကို ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရက်နိုင်ရတာလဲ ”
အမျိုးသမီးသည် ကျယ်လောင်စွာအော်ဟစ်လိုက်သောလည်း သူမအသံသည် တဖြည်းဖြည်း ဆို့နစ်နေသလို တိမ်ဝင်သွားသည်။ နောက်ဆုံးတွင် သူမသည် အသံတုန်တုန်ဖြင့် နူးညံ့စွာ ချော့မော့ပြောသည်။
“ရှင်ဘယ်လိုများ လုလုကို ချီမိသားစုထဲကို လက်ထပ်ပေးနိုင်ရတာလဲ”
ထိုစကားတစ်ခွန်းတွင် အချက်အလက်အများကြီးပါသော်လည်း ကျန်းလော်အတွက် ထိုအချက်အလက်များကို မစဉ်းစားနိုင်သေးပေ။ အဘယ့်ကြောင့်ဆိုသော် သူ့အာရုံအလုံးစုံကို အမျိုးသမီး၏ အသံက ဖုန်းလွှမ်းသွားသောကြောင့်ပင် ဖြစ်သည်။
ထိုအသံသည် ဆယ်နှစ်ကျော်ကြားအောင် သူမကြားခဲ့ရသော အသံဖြစ်ပြီး သူ့ဘဝတွင် အရင်းနှီးဆုံး အမျိုးသမီးဖြစ်သည့် သူ၏ တကယ့်ကမ္ဘာမှ အမေ ရှောင်းရန်၏ အသံဖြစ်သည်။ ကျန်းလော်မျက်လုံးများသည် ချက်ချင်းဆိုလို ပြူးကျယ်လာတော့သည်။
မှောင်မည်းပြီး ကျဉ်းကျူပ်သော နေရာတစ်ခုဖြစ်သည့် ဝေါယာဉ်ကို တစ်စီးလုံး အနီရောင်ဖြင့် အလှဆင်ထားပြီး ကျန်းလော်သည် ခေါင်းငုံ့ကြည့်လိုက်သောအခါ သူသည် အနီရောင် ရိုးရာသတို့သား ဝတ်စုံကို ဝတ်ဆင်ထားသည်။
‘အမျိုးသားမင်္ဂလာဝတ်စုံလား’
အပြင်ဘက်မှ ထိုင်ခုံတွင်ထိုင်နေသော အမျိုးသားသည် စိတ်မရှည်မှုဖြင့် ပြောသည်။
“သူက ယောက်ျားလေးပဲလေ လက်ထပ်လိုက်တာ ဘာကိုဆိုလိုတာလဲ သူက ဒီတိုင်းချီမိသားစုထဲမှာ နှစ်နည်းနည်းလောက် အချိန်ဖြုန်းပြီး သွားနေရုံပဲလေကွာ ကိုယ်မင်းကို ပိုက်ဆံအပြည့်နဲ့ အိတ်ကြီးကြီးတစ်လုံးပေးမယ် အင်္ကျီလှတာလေးတွေ သွားဝယ်လိုက်ကွာ ကောင်းပြီလား”
အမျိုးသမီးသည်ငိုကြွေးနေပြီး ပြောစရာစကားများ ပျောက်သွားပုံရကာ
“မကောင်းဘူး ရှင်ကလေးကို ဒီလို လုပ်လို့ မဖြစ်ဘူးရှင့်”
အမျိုးသားသည် အသံကျယ်ကျယ်ဖြင့်
“ဒါဆို မင်းသူ့အစားသွားလက်ထပ်မှာလား ကွ”
အမျိုးသမီးသည် ရှိုက်နေပြီး နောက်ထပ် ဘာမှထပ်မပြောတော့ပေ။
ကျန်းလော်သည် ခေါင်းငုံ့ထားဆဲဖြစ်ပြီး သူ့မျက်နှာတွင် မည်သည့်အမူအယာတစ်ခုလေးမှ ပေါ်မနေပေ။
ရင်းနှီးနေသော မိဘနှစ်ပါး၏ အသံနှင့် မိဘနှစ်ပါး၏ စိတ်နေစိတ်ထားတို့ကြောင့် ဤကမ္ဘာသည် လောကအတု ပုံရိပ်ယောင် ဖြစ်ကြောင်းကိုပင် မေ့သွားတော့မလိုပင်။
‘ဘာလို့ ငါ့မိဘတွေရဲ့ ပုံရိပ်က ဒီမှာလာထင်နေတာလဲ’
ကျန်းလော်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူသတိရှိမနေချိန်တွင် စကားလာပြောသော လူသည် တကယ်ပဲ မည်သူဖြစ်သနည်း။
သို့သော် ဘယ်သူဖြစ်ဖြစ် ကိစ္စမရှိပေ။ ကိစ္စရှိသည်မှာ သူထိုလူကို အလွန်ဒေါသထွက်နေသည့် ကိစ္စဖြစ်သည်။
သူ့မှတ်ဉာဏ်၏ အနက်ရှိုင်းဆုံးမှာ သိမ်းဆည်းထားသော လူနှစ်ယောက်ကို ဘာအတွက် တူးထုတ်လာပြီး ပုံရိပ်ယောင်ထဲ ထည့်ထားရတာလဲဆိုတာ သိချင်နေသည်။
ဝေါယာဉ်သည် ရုတ်တရက် လှုပ်ယမ်းသွားပြီး အမခံလိုက်ရသောအခါ ကျန်းလော်မျက်နှာသည် မြင်နိုင်လောက်အောင် ပျက်ကျသွားတော့သည်။ သူသည် စိတ်ကိုစုစည်းပြီး မတ်မတ်ထိုင်ကာ ပြတင်းလိုက်ကာ မကြည့်ဖို့လုပ်လိုက်သည်။ အံ့အားသင့်စရာကောင်းစွာပင် ဝေါယာဉ်ပြတင်းပေါက်ကို ဖွင့်မရအောင် သံဖြင့် အသေရိုက်ထားသည်။
ကျန်းလော်သည် မူမမှန်တော့ကြောင်း သတိထားမိလိုက်ပြီး တခြားအရာများကို ရှာဖွေဖို့မကြိုးစားတော့ဘဲ သူ့ကိုယ်သူအရင်စစ်ဆေးကြည့်လိုက်သည်၊
ဤခန္ဓာကိုယ်သည် သူ့ခန္ဓာကိုယ်သာဖြစ်ပြီး ဘာမှပြောင်းလဲမသွားပေ။ ကျန်းလော်သည် အင်္ကျီလက်များကို မြောက်ကြည့်လိုက်သောအခါ ညာဘက်လက်တွင် ယင်ယန်လက်ကောက် မရှိတော့ပေ။ သက်ပြင်းချလိုက်သော်လည်း မှန်ဝင်္ကပါလောကထဲတွင် သူတို့သည် ဝိဉာဉ်ကိုသာ ဆွဲသွင်းလိုက်ပုံပေါ်သည်။
ကျန်းလော်သည် အင်္ကျီလက်ကို ပြန်ချတော့မည့် အချိန်တွင် ဘယ်ဘက်လက်ကို ရုတ်တရက် အကြည့်ရောက်သွားသည်။ သူ့လက်ပေါ်မှ အနီရောင်မှဲ့ပျောက်သွားသောကြောင့် အေးခဲသွားသည်။
ဟုတ်သည်၊ အကယ်၍ ဝိဉာဉ်သာဖြစ်ခဲ့လျှင် ဝိဉာဉ်သည် တကယ်သူသာဖြစ်ပြီး.....
သူသည် မူရင်းဝတ္ထုထဲမှ ကျန်းလော်နှင့် ဘယ်ဖက်လက်ဖမိုးပေါ်မှ မှဲ့နီလေးမှလွဲ၍ တစ်ထပ်ထဲနီးပါးတူခဲ့သည်။ ကျန်းလော်သည် ဘေးဘက်ကိုကြည့်လိုက်သော်လည်း သူ့နောက်ကျောပေါ်တွင် ထူထဲသော ဆံပင်ရှည်ကြီးလဲ ရှိကြောင်း သိလိုက်ရသည်။
ဆံပင်အရှည်သည် သူလူဘဝတုန်းကနှင့်ပင် အတူတူခန့်လောက်ရှိသည်။ ကျန်းလော်သည် ဆံပင်ကို လှုပ်ရမ်းကြည့်လိုက်ပြီး အတွေးနက်သွားပြန်သည်။
‘ဝိဉာဉ်က ခန္ဓာအဖြစ်ပြောင်းခါနီးနေတာလား’
‘ဒါမှမဟုတ် ဝိဉာဉ်နဲ့ ခန္ဓာကိုယ်က တစ်ခုထဲဖြစ်လာတာလား ဒါကြောင့်မို့လို့များ ခန္ဓာကိုယ်နဲ့အတူ ဝိဉာဉ်က လိုက်ပြောင်းလဲလာတာလား’
အပြင်ဘက်မှ အသံကျယ်ကျယ်ကို ပြတင်းပေါက်မှတစ်ဆင့် ကြားလိုက်ရသည်။
“ဖက်ထုပ်ခေါက်ဆွဲပူပူလေးရမယ် တိုဖူးစွပ်ပြုတ်ပူပူလေး စေးကပ်ကပ်ပန်ကိတ်လည်း ရမယ်နော်”
“သတင်းစာတွေရမယ် တစ်စောင်မှ သုံးကျပ်ပဲ”
ကျန်းလော်သည် အပြင်ဘက်မှ ဈေးတန်းသံကို တိတ်ဆိတ်စွာနားထောင်ရင်း မှန်ဝင်္ကပါလောကသည် ခေတ်လောက ဖြစ်နိုင်ကြောင်း တွေးမိသည်။
ထို့နောက် သူသည် စောနက အမျိုးသမီးပြောခဲ့သည်ကို သတိရသွားသည်။
“ချီမိသားစုထဲကို သွားပြီး လက်ထပ်ရမှာလား”
.......................
သူ့မျက်ခမ်းများ ရုတ်တရက် လှုပ်ခတ်သွားသည်။
‘ချီမိသားစုကဆိုတော့ ချီယုံတော့ မဟုတ်လောက်ပါဘူးနော်’
ဝေါယာဉ်လိုက်ကာသည် ရုတ်တရက်ကြီး အဆွဲမခံလိုက်ရသည်။ ထို့နောက် အမျိုးသမီးကြီးတစ်ယောက်သည် သူ့ကို တင်းမာသော မျက်နှာဖြင့် လက်ဖက်ရည်တစ်ခွက်ကမ်းပေးကာ
“သခင်လေးကျန်း ကျွန်မတို့ ချီမိသားစုကို မကြာခင်ရောက်ပါတော့မယ် ကျေးဇူးပြုပြီး အာစွတ်ရုံလောက်တော့ သောက်ပေးပါ”
ကျန်းလော်သည် ရေခွက်ကိုယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ အမျိုးသမီးကြီး၏ ရှေ့တွင် ထွေးထုတ်ပစ်လို့မရသောကြောင့် ငုံထားလိုက်သည်။ သူရေယူသောက်သည်ကို မြင်ပါမှ အမျိုးသမီးကြီးသည် အပြုံးသေးသေးလေး တစ်ခုပေးလာပြီး ရေခွက်ပြန်ယူကာ လိုက်ကာ ပြန်ချသွားသည်။
ကျန်းလော်သည် စိတ်ညစ်နေသောကြောင့် မျက်ခုံးကို လက်မဖြင့် ခြစ်ကာ သူ့ဦးနှောက်ကြီး ပေါက်ထွက်မတတ် ဖြစ်နိုင်ချေများကို စဉ်းစားနေသည်။
သူချီမိသားစု အိမ်တော်သို့ ရောက်သွားသောအခါ ကျန်းလော်ကို မီးပြားဖြတ်ကျော်ဖို့ လုပ်ပေးကြသည်။ ကျေးဇူးတင်စရာကောင်းစွာပင် ကူပေးမည့်သူရှိသောကြောင့် ဖြစ်စဉ်တစ်ခုလုံးကို အောင်အောင်မြင်မြင် ပြီးဆုံးသွားအောင် လုပ်နိုင်ခဲ့သည်။
သူတို့သည် သူ့အခြေနေကို ကြည့်ပြီး မအံ့ဩကြပေ။ အရှုပ်အထွေးကြီး တစ်ခုပြီးသွားပြီးနောက် ကျန်းလော်သည် သတို့သမီးအခန်းသို့ ခေါ်သွားခံခဲ့ရသည်။
အိပ်ရာသည် အေးစက်နေပြီး ကျန်းလော်သည် အစွန်းနားတွင် ဝင်ထိုင်ကာ ပေါင်ကို လက်ဖြင့် ဖြေးဖြေးထုနေသည်။
“အိုက်ယား သခင်လေးကျန်းရယ် ဒီလိုကြီး ဖြစ်မနေပါနဲ့”
အမျိုးသမီးကြီးတစ်ယောက်သည် အခန်းထဲသို့ ဝင်လာပြီး ကျန်းလော်ကို ရေတစ်ခွက်ငှဲ့ပေးကာ ပွစိပွစိပြောနေသည်။
“ရေတစ်ခွက်လောက်သောက်ပြီးရင် နေလို့ကောင်းသွားလိမ့်မယ်”
ရေတစ်ခွက်သောက်ပြီးနောက် ကျန်းလော်သည် ထိုင်းမှိုင်းနေရာမှ ဖြေးဖြေးချင်း ကြည်လင်လာသည်။ မျက်ခုံးပင့်လိုက်ပြီး အခန်းထဲသို့ လိုက်ကြည့်လိုက်ရာ အခန်းထဲတွင် အလင်းတုံးလေးများနှင့် မင်္ဂလာယူရန်အတွက် ပျော်ရွှင်မှုနှစ်ဆဆိုသော အနီရောင် ကပ်ခွာများ ကပ်ထားသည်။
အိပ်ရာသည် နီရဲခမ်းနားပြီး ခြင်ထောင်အမိုးသည် နီရဲနေကာ တဲကြီးကဲ့သို့ အိပ်ယာကို အုပ်မိုးထားပြီး မျက်လုံးထဲ မြင်မြင်သမျှသည် နီရဲနေတော့သည်။ အခန်းထဲတွင် အဖွားအိုတစ်ဦးနှင့် ခေါင်းငုံ့နေသော အစေခံနှစ်ဦးရှိပြီး အဖွားအိုသည် လည်ပင်းတွင် ကျောက်စိမ်းဗုဓ္ဒရုပ်ပွားတစ်ဆူကို ဆွဲထားကာ ပြုံးနေသည်။
“သခင်လေးကျန်း ကျွန်မတို့ ထွက်သွားပါတော့မယ် သခင်လေးလဲ မကြာခင်ရောက်လာတော့မှာပါ တစ်ခုခုလိုတာရှိရင် ကျွန်မတို့ကို လှမ်းခေါ်လို့ ရပါတယ်”
မားမားအိုကြီးသည် အစေခံနှစ်ယောက်နှင့် အတူ ဂါရဝပြု၍ ထွက်သွားသည်။ နောက်ဆုံးနားမှ အစေခံသည် ကျန်းလော်နားရောက်သောအခါ မသိမသာရပ်သွားပြီး ကျန်းလော်သူမကိုကြည့်လိုက်သောအခါ မထင်မှတ်ထားဘဲ သူမသည် လျန်ရွှီနှင့်တူနေသည်။
လျန်ရွှီသည် စာရွက်တစ်ရွက်ပစ်ချခဲ့ပြီး မြန်မြန်ထွက်သွားသည်။
ကျန်းလော်သည် ထိုစာရွက်ကို တက်နင်းထားလိုက်ပြီး အခန်းထဲတွင် မည်သူမျှမရှိတော့သည့် အချိန်ကိုစောင့်ကာ ကုန်းကောက်လိုက်သည်။ ထို့နောက် စာကိုဖတ်ကြည့်လိုက်သည်။ စာသည် ခပ်သော့သော့ရေးထားပြီး ဖတ်ရရုံလက်ရေးဖြင့် ရေးထားခြင်းဖြစ်သည်။
“ကျွန်မတို့အားလုံး မှန်ဝင်္ကပါလောကထဲရောက်လာခဲ့တာ လျန်ချင်းနဲ့ တခြားသူတွေအားလုံး ဒီလောကထဲမှာ ယောက်ျားလေးတွေပဲဖြစ်နေတယ် အခုထိတော့ တစ်ယောက်နဲ့မှ မတွေ့ရသေးဘူး ကိုယ့်ကိုယ်ကို ကာကွယ်ပါ ကျွန်မတို့ အခွင့်သာရင် စကားပြောကြတာပေါ့”
လျန်ရွှီနှင့် တခြားသူများပါ ဝင်္ကပါလောကထဲရောက်နေသည်ဆိုတာ သေချာသွားသည်။
ကြည့်ရသည်မှာ မှန်ရှေ့မှလူတိုင်းသည် မှန်ဝင်္ကပါပုံရိပ်ယောင်လောကထဲသို့ ဆွဲသွင်းခံလိုက်ရခြင်း ဖြစ်နိုင်သည်။
‘ချီယုံလည်း ဒီထဲရောက်နေမလား မသိဘူး’
ကျန်းလော်သည် မျက်မှောင်ကုတ်လိုက်ပြီး သူ့ဦးနှောက်သည် ယောင်ကိုင်းကာ အပြင်သို့ပေါက်ထွက်မတတ်ဖြစ်အောင် နာကျင်ကိုက်ခဲလာသည်။ ယခုအနည်းငယ် လန်းဆန်းသွားလျှင်တောင် ခေါင်းကိုက်နေဆဲဖြစ်သည်။
ချီမိသားစုသည် ကျားဂူနှင့်တူပြီး လက်မထပ်ခင် ဆေးအိတ်တစ်လုံးဆောင်ပြီးမှဝင်သင့်တာဖြစ်သည်၊ သို့သော် မည်သည့် သတို့သမီးကများ ဆေးအိတ်ကိုင်ပြီး ယောက္ခမအိမ် ဝင်ပါသနည်း။
ကျန်းလော်သည် ထိုင်ရာမှထပြီး အခန်းတစ်ခုလုံးကို လျှောက်ကြည့်နေသည်။ အခန်းသည် အလင်းမှိန်မှိန်လေးသာ လင်းနေပြိး စားပွဲအချိုု့မှလွဲ၍ အခန်းထဲရှိ ထိုင်ခုံများ ညောင်စောင်းမှားနှင့် ပန်းအိုးများ အားလုံးသည် ရှေးဟောင်းပစ္စည်းများ ဖြစ်ပြီး ဘာမှထွေထွေထူးထူး ကြည့်စရာ မရှိပေ။
လျန်ရွှီပေးခဲ့သော စာရွက်ကို မီးရှို့ပစ်လိုက်ကာ အိပ်ရာအစွန်သို့ ပြန်သွားထိုင်နေလိုက်သည်။
နာရီဝက်ခန့်ကြာပြီးနောက် အပြင်ဘက်မှ နှုတ်ဆက်သံများကို ရုတ်တရက် ကြားလိုက်ရသည်။
“သခင်လေး”
ကျန်းလော်သည် အပြင်ဘက်ဆီသို့ စိုက်ကြည့်ပြီး နားစွင့်နေသည်။ စက္ကူဖြင့်လုပ်ထားသော တံခါးကိုဖွင့်၍ ပုံရိပ်တစ်ခု အခန်းထဲသို့ ဝင်ဟန်ပြုနေသည်ကို မြင်ရသည်။
“နေမြဲအတိုင်းနေကြပါ”
‘ယောက်ျားတစ်ယောက်ဘဲ’
‘မဟုတ်ဘူး ယောက်ျားလို့ ပြောရမှာထက် အခုမှအရွယ်ရောက်တဲ့ ဆယ်ကျော်သက်လိုအသံမျိုးပဲ နည်းနည်းဆောင့်ကြွားကြွားဖြစ်နေတယ်’
ကျန်းလော်အရည်ပြားတွင် ရင်းနှီးနေသော ယားယံတင်းကျပ်မှု တစ်မျိုုး ခံစားလိုက်ရသည်။
မားမားအိုကြီးက ပြောသည်၊။
“ဟုတ်ကဲ့ပါ”
တခြားအပြင်က ပုံရိပ်များသည် လမ်းဖယ်ပေးလိုက်ပြီး ပိန်ပါးသော ပုံရိပ်တစ်ခုသာ အခန်းထဲသို့ ဝင်လာသည်။ အခန်းတံခါးသည် ကျွီခနဲမြည်အောင် ပွင့်သွားပြီး အစစ်အမှန် လူတစ်ယောက်ဝင်လာသည်။
‘သေချာသွားပြီ ဆယ်ကျော်သက်လေးပဲ’
သူ့မျက်နှာသည် ကလေးပုံမပျောက်သေးသော်လည်း ခန့်ညားနေသည်မှာတော့ ငြင်းမရချေ။ နှာတံမြင့်မြင့်နှင့် မဟာနဖူးသည် သူရင်းနှီးနေသော သူနှင့် အနည်းငယ်ဆင်တူနေသည်။ မျက်နှာသည် ဖြူဖျော့နေပြီး နှုတ်ခမ်းသည် သွေးကဲ့သို့နီရဲနေသည်။ သို့သော် သူ၏ပြုံးနေသော မျက်လုံးများသည် နက်မှောင်နေပြီး လျှို့ဝှက်၍ အသိခက်သော ခံစားမှုများကို ပေးစွမ်းနေသေးသည်။
သူသည်လည်း ချီယုံ့ကဲ့သို့ ဆယ်ကျော်သက်လေးများဖြစ်နေမလားဆိုသည့် အတွေးဖြင့် ကျန်းလော်သည် သူ့ကိုယ်သူငုံ့ကြည့်လိုက်ပြီး အေးခဲတောင့်တင်းသွားသည်။
ထိုကောင်လေးကို ကြည့်လိုက်ရာ အတောင့်လိုက်ကြီး ကြက်သေသေသွားတော့သည်။
‘တကယ့် ချီယုံကြီးဟေ့ ငါက အခု ချီယုံနဲ့ မှန်လောကထဲမှာ တကယ်လက်ထပ်ရတော့မှာလား’
‘ချီးပဲဟေ့’
ကျန်းလော်သည် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီး သတိပြန်ဝင်လာကာ ချီယုံ့ကို လင်းလက်စွာကြည့်လိုက်သည်။ သူ့မျက်စိရှေ့မှ ချီယုံ၏ဝိဉာဉ်ကို မျက်နှာတည့်တည့်သို့ စိုက်ကြည့်လိုက်သည်။ ကျန်းလော်နှင့် လျန်ရွှီတို့သည် အပြင်က အသက်အရွယ်အတိုင်း ဖြစ်သော်လည်း ချီယုံတစ်ယောက်သာကွက်ပြီး ဆယ်ကျော်သက် ဖြစ်သွားရပါသနည်း။
ချီယုံအတုများ ဖြစ်နေမလား ။
ချီယုံသည် နောက်လှည့်ပြီး တံခါးပိတ်လိုက်သည်။ ထို့နောက် ပြန်လှည့်လာကာ အသစ်စက်စက် သတို့သမီး/သားကို ငေးကြည့်၍ ပြုံးပြကာ ကျန်းလော်ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် သူငယ်ချင်းများလိုစပြီး စကားပြောသည်။
“သခင်လေးကျန်း မင်းကိုယ့်ကို အခုထိ မသိသေးဘူးထင်တယ် ကိုယ့်နာမည်က ချီယုံပါ အခုက စပြီး မင်းတစ်ဘဝလုံးရဲ့ အိမ်ဦးနတ်ပေါ့”
“အိမ်ဦ်းနတ်(ဖုကျွင်း) ဟုတ်လား”
ကျန်းလော်သည် မလှောင်လဲမနေနိုင်တော့ပေ။ ချီယုံ့မျက်နှာသည် ဒီကောင်လေးကြီးလာသောအခါ မည်မျှစိတ်ပျက်စရာကောင်းလာမည်မှန်း သူ့ကို သတိပေးနေသည်။ အမြဲတမ်းသူ့ကို ညှစ်သတ်ချင်နေသော နှာဘူးကောင်ဖြစ်သွားမည့် ချီယုံ့ကိုကြည့်ရင်း
“မင်းက အခုမှ ကလေးပဲရှိသေးတာကို အိမ်ဦးနတ် ဖြစ်ချင်နေတာလား”
ချီယုံသည် သိမ်မွေ့စွာ ပြုံးလိုက်ပြီး သဘောထားကြီးစွာ ပြောလိုက်သည်။
“ကိုယ်က မင်းရဲ့ အိမ်ဦးနတ်ဖြစ်ပြီးနေပြီလေ”
ကျန်းလော်သည် မျက်ခုံးပင့်လိုက်ပြီး
“ငါက အရွယ်ရောက်တဲ့သူနဲ့ အိပ်ပြီးနေပြီလေ ဒါပေမဲ့ မင်းလိုကလေးတစ်ယောက်နဲ့တော့ မလုပ်နိုင်လောက်ဘူး”
သူသည် အားပါးတရပြုံးလိုက်ပြီး ရုတ်တရက် ချီယုံ့ပုခုံးပေါ်သို့ လက်မောင်းတစ်ဖက် တင်လိုက်ကာ
“အိမ်ဦးနတ် ဘယ်လိုလုပ်ရမလဲဆိုတာ သိလို့လား”
ချီယုံသည် ဘေးသို့ မျက်လုံးဆွေကြည့်လိုက်ပြီး သူ့ပုခုံးပေါ်မှလက်ကို ကြည့်၍ မဖယ်ရန်ဆုံးဖြတ်လိုက်ကာ အေးဆေးစွာပြောသည်။
“ကိုယ့်ကို ပြောပြကြည့်လေ ကိုယ်နားထောင်နိုင်ပါတယ်”
ကျန်းလော်သည် တစ်စုံတစ်ခုကို အားပါးတရပြောမည်လုပ်ပြီးမှ ရုတ်တရက် သတိရသွားကာ မရဲတရဲ တောင့်တောင့်ကြီး မေးလိုက်သည်။
“ဆယ့်ရှစ်နှစ်ပြည့်ပြီးပြီလား”
ချီယုံသည် ရယ်မောလိုက်ပြီး
“ကိုယ်က ဒီနှစ်တွေထဲမှာ အရမ်းနေမကောင်းနေလို့ပါကွာ ကိုယ်နေမကောင်းတာနဲ့ အပြင်မထွက်ဖြစ်တာ ကိုယ့်ပုံစံက ကြည့်ရတာငယ်နေနိုင်ပေမဲ့ နှစ်သစ်ကူးပြီးထဲက ဆယ့်ရှစ်နှစ်ပြည့်ပြီးနေပါပြီကွ”
‘နေမကောင်းတာ’
မှန်လောကထဲမှ ကျန်းလော်၏ မိဘများသည် တကယ့်ကျန်းလော်၏ မိဘအစစ်များဖြစ်နေပြီဆိုတော့ကာ ဤအသက်ငယ်ငယ် ချီယုံသည်လည်း တကယ့် ချီယုံအစစ်ဖြစ်နိုင်သည်လား။
ကျန်းလော်သည် ချီယုံ၏ လျှို့ဝှက်ချက်များကို သိချင်လာပြီး မည်သို့သောပတ်ဝန်းကျင်ကြောင့် မကောင်းဆိုးဝါးတစ်ကောင် မွေးဖွားလာရသည်ကို သိချင်လာသည်။
ချီယုံ့၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကြီးကို ဖော်ထုတ်မည်ဟု ပြောခဲ့ဖူးသည်။ အသက်သုံးဆယ်မတိုင်မှီ သေဆုံးခဲ့သောအမှန်တရားနှင့် ထိုသူ၏ အားနည်းချက်အစစ်အမှန်တို့ကို ရှာဖွေ ဖော်ထုတ်ပြီး ချီယုံ့မျက်နှာတည့်တည့်တွင် ဂုဏ်ယူစွာ ပစ်ပေါက်ပစ်ချင်သည်။
“ဘာတွေမှားနေလို့လဲ”
ကျန်းလော်၏ မျက်နှာအပြောင်းအလဲသည် တစ်စုံတစ်ယောက်ကို သိချင်စိတ်ဖြစ်ပေါ်လာစေသည်။
“ဒီနှစ်တွေတလျှောက်လုံး မင်းတကယ် မကျန်းမာခဲ့တာလား”
ချီယုံသည် သက်ပြင်းချလိုက်ပြီး
“ကိုယ့်ခန္ဓာကိုယ်က အများကြီး အပင်ပန်းမခံနိုင်ဘူး အဲ့တာကြောင့် ကိုယ်မှာ အချိန်ကောင်းလေးရအောင် မင်းကိုပဲ ရှေ့လျောက် အနှောက်အယှက်ပေးရတော့မှာပဲ”