အပိုင်း (၁၂၀)
အတွဲညီညီသရုပ်ဆောင်
‘အစေခံလား’
ကျန်းလော့သည် အတွေးနက်သွားပြီး ပြောလိုက်သည်။
“ငါတို့စားပြီးရင် ရိကျွမ်းကို တစ်ချက်လောက် သွားကြည့်ချင်တယ်”
ချီယုံ့မျက်လုံးများသည် အနည်းငယ်ကျဉ်းမြောင်းသွားပြီး ပြုံးလိုက်သည်။
“ကောင်းပြီ”
အမွှေးတိုင်တစ်တိုင်စာကုန်သွားပြီးနောက် လူနှစ်ယောက်သည် ဖျတ်လတ်သွက်လက်စွာ ရိကျွမ်းသို့ ချီတက်ခဲ့ကြတော့သည်။
ရိကျွမ်းသည် မြို့ထဲနှင့် တော်တော်လေးဝေးသည့်နေရာတွင် ရှိသည့် အဆောက်အဦးတစ်ခုဖြစ်ပြီး ပုကျိုးမြို့မှလူများသေဆုံးသည့်အခါ အလောင်းထားရာနေရာအဖြစ် ယာယီအသုံးပြုသော အဆောက်အဦးဖြစ်သည်။
အဆောက်အဦးသည် မြေကွက်ရိုင်းတစ်ခု၏ အလယ်တည့်တည့်တွင်ရှိပြီး သစ်သားဂိတ်ဝသည် ကျိုးပဲ့ကာ ပြိုကျမတတ်ဖြစ်နေကာ နံရံများမှာ ရွှံများကြောင့် ညစ်ပတ်နေလေသည်။
ညနေပိုင်းကိုမှ တော်တော်နောက်ကျနေပြီဖြစ်သောကြောင့် ရိကျွမ်းအဆောက်အအုံသည် သရဲခြောက်သောအိမ်ကြီးလို ဖြစ်နေသည်။ ကျန်းလော့နှင့် ချီယုံတို့သည် မျက်နှာမပျက်ဘဲ လမ်းလျှောက်ဝင်သွားကြသည်။
ရိကျွမ်းကို နှစ်ပိုင်းပိုင်းထားပြီး တစ်ပိုင်းမှာ အဓိကဝင်ပေါက်နောက်မှ ခြံဝန်းဖြစ်ပြီး အထဲတွင် သစ်နက်ဖြင့် ပြုလုပ်ထားသော ခေါင်းတလားအခုနှစ်ဆယ်ကျော်ကို ခင်းကျင်းသိမ်းဆည်းထားသည်။ နောက်တစ်ခုသည် အနည်းငယ်သေးသော အခန်းတစ်ခုသာရှိသော ခြံဝန်းဖြစ်ပြီး လတ်တလော သေဆုံးသူများကို တန်းစီထားသည့် အခန်းဖြစ်သည်။
ကျန်းလော့သည် ခြံဝန်းထဲမှ ခေါင်းတလာများကို ကြည့်နေသည့် အချိန်တွင် ချီယုံက ရှင်းပြသည်။
“ဒီလူတွေအကုန်လုံးက ဒီရက်ပိုင်းအတွင်းသေသွားတဲ့သူတွေပဲ ပြီးတော့ သူတို့အလောင်းတွေနဲ့ ခေါင်းတလားတွေကို ဒီမှာ ယာယီထားထားတာ နေ့ကောင်းရက်မြတ်မှာ သင်္ဂြိုဟ်ပေးဖို့လေ”
ကျန်းလော့ကမေးသည်။
“ရိကျွမ်းမှာ အစောင့်တွေ မရှိဘူးလား”
“လူအိုကြီးတစ်ယောက်တော့ရှိတယ် ကိုယ်တို့ကတော့ သူ့ကို ရှု လို့ခေါ်တယ်”
ချီယုံသည် သူ့ကို အတွင်းခန်းဘက်ဆီသို့ ခေါ်သွားပြီး
“သူက သူများတွေနဲ့မတူဘူးကွ အခုလောက်ဆို တစ်ခွက်တစ်ဖလားသောက်ပြီး ဘေးခန်းထဲမှာ အိပ်နေလောက်ပြီ ကိုယ်တို့ ကိုယ့်ဟာကိုယ်ပဲ ဝင်ကြည့်ကြတာပေါ့ကွာ”
ပြောရင်းဖြင့် တံခါးကို တွန်းဖွင့်လိုက်သည်။ ကျွီဆိုသော အသံနှင့်အတူ တံခါးအိုကြီးသည် အိပဲ့အိပဲ့ဖြင့် ပွင့်သွားပြီး အလောင်းများမှ အပုတ်နံ့သည် ပြင်ပထိ လှိုင်ထွက်လာသည်။
ချီယုံသည် ပါးစပ်နှင့် နှာခေါင်းကို လက်ကိုင်ပုဝါဖြင့် အုပ်လိုက်ပြီး ပုဝါအောက်တွင် နှုတ်ခမ်းထောင့်များသည် အန္တာရာယ်ရှိစွာ ကွေးတက်သွားသည်။
“သခင်လေးကျန်း ဝင်ခဲ့လေ”
အခန်းထဲတွင် ရေနံဆီမီးအိမ်နှစ်လုံး ထွန်းထားသည်။ ရေနံဆီမီးအိမ်နှစ်လုံး အလယ်တွင် ကုတင်နှစ်လုံးရှိပြီး ကုတင်များပေါ်တွင် အဝတ်ဖြူဖြင့်အုပ်ထားသော သွေးများရွှဲနေသော အလောင်းနှစ်လောင်း ရှိနေသည်။
ကျန်းလော့သည်လည်း နှာခေါင်းကို အဝတ်စဖြင့် ကာထာပြီး ရေနံဆီမီးအိမ်တစ်ခုကို ယူ၍ အလောင်းတစ်လောင်းနားသို့ ကပ်သွားသည်။ ထို့နောက် အဝတ်ဖြူကို လှန်လိုက်ရာ မျက်လုံးများ ပြူးသွားပြီး
“.........တွမ့် တွမ့်ကျီ”
ကုတင်ပေါ်တွင် တွမ့်ကျီ၏မျက်နှာသည် ဖြူဖျော့နေပြီး မျက်လုံးများ ပြူးကျယ်နေကာ နှုတ်ခမ်းများသည် ခရမ်းရောင်သမ်းနေကာ ခေါင်းနှင့်လည်ပင်းမှာ အလွန်အကျွံနေရာလွဲနေပြီး မြင်ရရုံဖြင့်ပင် စိတ်မချမ်းသာစရာကောင်းနေသည်။
‘သေသွားတဲ့လူက ..................... တွမ့်ကျီတဲ့လား’
‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’
‘မနေ့ကတောင် မကောင်းဆိုးဝါးဖမ်းဖို့ ဆွေးနွေးနေကြသေးတာ ဒီနေ့သေသွားပြီတဲ့လား’
ကျန်းလော့သည် စိတ်ရှုပ်စွာ သက်ပြင်းချလိုက်ပြီး ဘယ်လိုမှကို မယုံနိုင်သေးပေ။
ရေနံဆီမီးအိမ်ကို ဘေးမှာချလိုက်ပြီး တွမ့်ကျီကိုယ်ပေါ်မှာ အဖြူရောင်အဝတ်တစ်ခုလုံးကို ဖယ်ကြည့်လိုက်ရာ ခေါင်းတစ်ခုပင် အဖြတ်ခံထားရသည်မဟုတ်ဘဲ ခြေလက်များသည် လည်း ခန္ဓာကိုယ်နှင့် တကွဲတပြားဖြစ်နေပြီး လူသားပုံစံပြန်ရအောင် ပြန်ချုပ်ပေးထားရသည်။
ချီယုံသည်ဒီတိုင်းရပ်ကြည့်နေပြီး ကောင်းကင်မှတိမ်များကို ကြည့်ရတာလောက်တောင် စိတ်ဝင်စားစရာမကောင်းသောကြောင့် သက်ပြင်းချလိုက်သည်။
“ဒီလိုတောင် စိတ်မကောင်းစရာကောင်းတဲ့ နည်းနဲ့ အသတ်ခံလိုက်ရတာပါလား”
ကျန်းလော့သည် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် နောက်ထပ်ကုတင်တစ်လုံးစီသို့သွား၍ အဝတ်ဖြူကို ခက်ထန်စွာ လှန်ပစ်လိုက်သည်။ ကုတင်ပေါ်တွင် တွမ့်ကျီကဲ့သို့ သေဆုံးသူတစ်ယောက်ရှိနေပြီး ထိုသူမှာ ညစ်ပတ်စုတ်ပြတ်နေသော သူတောင်းစားတစ်ယောက်ဖြစ်ကာ ပြဲစုတ်နေသော အဝတ်များနှင့် ကြောက်စရာကောင်းသည့် ပြတ်ရှရာများ ပွထနေသည်။
ထိုသူ၏ သေဆုံးပုံသည် တွမ့်ကျီနှင့် အနည်းငယ်ဆင်သည်။ တွမ့်ကျီ၏ခေါင်းကဲ့သို့ အဖြတ်ခံထားရကာ အလောင်းဘေးတွင် တင်ထားပေးခံရသော်လည်း တွမ့်ကျီကဲ့သို့ လက်များခြေထောက်များတော့ တိတိပပအဖြတ်မခံထားရပေ။ အနည်းဆုံးတော့ ခြေလက်အင်္ဂါစုံသေးသည်ဟု ပြောရပေမည်။
သူတောင်းစား၏ မျက်နှာအမူအယာသည် တွမ့်ကျီ၏အမူအယာနှင့် တစ်ထပ်တည်းတူနေကာ ရှောင်လွှဲမရသော ကြောက်ရွံ့မှုကို ရင်ဆိုင်ခဲ့ကြရဟန်တူသည်။
သေခြင်းတရားကို အရှင်လတ်လတ် မြင်လိုက်ရသော ကြောက်ရွံ့ခြင်း၏ မျက်နှာထားဖြစ်သည်။
ကျန်းလော့သည် အဝတ်ဖြူကို မြေပြင်ပေါ်သို့ လွတ်ပစ်လိုက်ပြီး သေဆုံးသူ၏ခန္ဓာကိုယ်ကို ကြည့်နေသည်။ ထိုအချိန်တွင် သေသူ၏လည်ပင်းတဝိုက်ကို မြူနက်တချို့သည် အလွတ်မပေးချင်သလို ရစ်ပတ်ထားသည်ကို တွေ့လိုက်ရသည်။ ကျန်းလော့အတွက် ထိုမြင်ကွင်းသည် အလွန်ရင်းနှီးနေသည်။
လုံးဝမတုံ့ဆိုင်းပဲ ကျန်းလော့သည် လက်ကိုဆန့်ထုတ်၍ မြူနက်များကို ထိကြည့်လိုက်သည်။ မြူနက်များသည် ချက်ချင်း သူ့လက်မောင်းကို ရစ်သိုင်းလာကာ ကျန်းလော့ပုံစံသည် အိပ်မက်မက်နေသူတစ်ယောက်ကဲ့သို့ မတ်တပ်ကြီး မိန်းမောသွားတော့သည်။
မသေခင်တုန်းက မြင်ကွင်းကို ပြန်မြင်ရပြီး မသေခင်တွင် သေခြင်းတရားကို မျက်မြင်တွေ့ရ၍ နှလုံးပြုတ်ထွက်မတတ် ကြောက်ရွံ့မှုကိုပါ ခံစားမိရသည်။
(T/N : မှော်နက်အရှင်သခင်ထဲက ဝေ့ဝူရှန့်လိုမျိုး အားချင်တို့ arcတုန်းက မျှဝေခံစားခြင်းမန္တာန်သုံးသလိုမျိုးလေ ကိုယ်တိုင်ကြုံတွေ့ရသလိုမျိုးဖြစ်သွားတာ)
အမှောင်ထဲတွင် လမ်းထောင့်တစ်နေရာတွင် သူတောင်းစားအဖိုးကြီးသည် ယနေ့တောင်း၍ ရလာသော အကြွေစေ့များကို ရေတွက်နေသည်။ ထိုအချိန်တွင် အရိပ်တစ်ခုသည် သူတောင်းစား၏ခေါင်းပေါ်သို့ ဖြည်းဖြည်းချင်းအုပ်မိုးလာသောကြောင့် ပျစ်ဆွဲကြီးလှည့်ကြည့်လိုက်ရာ သူ့ရှေ့တွင် သွေးတစ်စက်စက်ကျနေသော တောခုတ်ဓားကို မြှောက်ပြီး သူ့ဆီသို့ ခက်ထန်စွာ လွှဲခုတ်လိုက်လေသည်။
သူတောင်းစားသည် နှလုံးခုန်ရပ်တန့်သွားမတတ်ကြောက်ရွံ့သွားပြီး အကျယ်ကြီးအော်ဟစ်ပစ်ပြီးနောက်တွင် သူ့လည်ပင်းမှ နာကျင်သွားပြီး သတိမရှိဖြစ်သွားတော့သည်။
ကျန်းလော့၏မျက်လုံးသည် ဖျက်ခနဲပွင့်လာပြီး အငမ်းမရအသက်ရှူလိုက်သည်။
သေခြင်းတရား၏ကြောက်ရွံ့မှုကို မျက်မြင်ကိုယ်တွေ့ခံစားလိုက်ရသလို ဖြစ်သွားပြီး သူ့နှလုံးသားကို တစ်ယောက်ယောက်မှ ဆွဲညစ်ထားသလို ခံစားရကာ ကျန်းလော့သည် ဖြေးဖြေးချင်း စိတ်ငြိမ်လာအောင် ကြိုးစားနေရသည်။ ထိုအချိန်တွင် ချီယုံသည်သူ့ကို ခါးမှထိန်းကိုင်ပေးထားပြီး
“ဘာမှားသွားလို့လဲ”
ကျန်းလော့သည် ခေါင်းခါလိုက်ပြီး ချီယုံက သူ့ကိုလွတ်ပေးလိုက်သည်။ ထို့နောက် ကျန်းလော့၏ ဖြူဖျော့နေသော မျက်နှာကိုကြည့်၍ အတွေးများသွားသည်။
ကျန်းလော့သည် စောနက သူမသေခင် မြင်လိုက်ရသော မြင်ကွင်းကို ပြန်စဉ်းစားကြည့်နေသည်။
ခြောက်ခြားဖွယ်ပုံရိပ်သည် ခေါင်းအစခြေအစုံ အနက်ရောင်ဝတ်ရုံဖြင့် အုပ်ထားပြီး ထိုသူကို မျက်နှာတင်မကပဲ လိင်အမျိုးအစားကိုပါ ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။ ဓားချက်သည် လျင်မြန်ရှင်းလင်းပြီး ခက်ထန်စွာ တစ်ချက်ထဲ အပြတ်ဖြတ်သွားသောကြောင့် အမှန်တကယ်ကို သွေးအေးသည့် မကောင်းဆိုးဝါးနှင့် တူနေပါသည်။ သို့သော် ထိုသူ၏ လုပ်ဆောင်ချက်သည် လူတစ်ယောက်လုပ်ဆောင်နိုင်သော အဆင့်ထဲက မဟုတ်သည်မှာလည်း တော်တော် ထူးဆန်းနေသည်။ ကျန်းလော့သည် ထိုသူကို လူတစ်ယောက် မဟုတ်နိုင်ဟု သုံးသပ်လိုက်သည်။
ကျန်းလော့သည် သူတွေ့ခဲ့မြင်ခဲ့သည်များကို သေချာမှတ်သားပြီးနောက် သူတောင်းစားအဘိုးကြီးကို ပြန်အုပ်ပေးလိုက်ပြီး တွမ့်ကျီဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
တွမ့်ကျီသည် အခုမှ အသက်နှစ်ဆယ်အရွယ် တက္ကသိုလ်ကျောင်းသားလေး တစ်ယောက်သာဖြစ်သည်။ ကျန်းလော့သည် တွမ့်ကျီ၏မျက်လုံးကို မှိတ်ပေးပြီး သေသူနှစ်ယောက်အတွက် ဘဝကူးဂါထာကို တိုးတိတ်စွာ ရွတ်ဆိုပေးလိုက်သည်။
သို့သော် သူရွတ်ပြီးမှ ရုတ်တရက် သတိရသွားသည်။
“နေဦး ဘာလို့ တွမ့်ကျီကိုယ်ပေါ်မှာ မြူနက်တွေ မရှိနေရတာလဲ”
ကျန်းလော့သည် မျက်လုံးဖွင့်လိုက်ပြီး တွမ့်ကျီ၏တစ်ကိုယ်လုံးကို စေ့စပ်စွာစစ်ဆေးလိုက်သည်။ မည်မျှစစ်ဆေးပါစေ မြူနက်များ ရှာမတွေ့ပေ။ ကျန်းလော့သည် မြူနက်များအကြောင်း အများကြီးမသိသောကြောင့် ထိုမြူနက်များသည် အသက်ခံရသူတိုင်းတွင် ပေါ်လာခြင်းဟုတ်မဟုတ် မသိပေ။ တွမ့်ကျီတကယ်မသေ၍ မြူနက်များ ပေါ်ထွက်မလာတာလည်း ဖြစ်နိုင်သည်ဟု တွေးမိသေးသည်။
ကျန်းလော့အကြာကြီး တွက်ချက်ကြည့်လိုက်သောအခါ အနည်းငယ်တော့ ကောက်ချက်ချနိုင်သွားသည်။ မြူနက်များသည် ဝိဉာဉ်မှပေါက်ဖွားလာသော မသေဆုံးခင်မှ မှတ်ဉာဏ်များကို သိမ်းဆည်းပေးနိုင်သော တစ်ခုခုဖြစ်နိုင်သည်။
သူတို့အုပ်စု မှန်ဝင်္ကပါလောကထဲသို့ ဝင်လာခြင်းသည် သူတို့ ကိုယ်ပိုင်ရုပ်ခန္ဓာများဖြင့် ဝင်လာခြင်းမဟုတ်ပေ ထို့နောက် တွမ့်ကျီ၏သေဆုံးခြင်းသည် အမှန်တကယ် သေဆုံးတာမဟုတ်ဘူးဆိုပါလျှင် အရာအားလုံးသည် သူ့နေရာနှင့် သူ ကွင်းဆက်မိသွားပြီ ဖြစ်သည်။
ကျန်းလော့သည် တွမ့်ကျီကို မျက်လုံးမှိတ်ပေးပြီး လက်ပြန်ရုတ်လိုက်သည်။ ထို့နောက် နောက်လှည့်ပြီး ချီယုံ့မျက်လုံးကို တည့်တည့်ကြည့်လိုက်သည်။
ချီယုံသည် စောနထဲက သူ့ကိုစိုက်ကြည့်နေပုံရပြီး ကျန်းလော့သည် ထိုအကြည့်ကြောင့် ခေါင်းထဲတွင် အသိပေးချက်သံများ တဒေါင်ဒေါင်မြည်သွားသလို ဖြစ်သွားသည်။
“ဘာမှားနေလို့လဲ”
“မဟုတ်ပါဘူး မင်းက ဒီသေတဲ့သူတွေအကြောင်း စိတ်ဝင်စားနေသလိုပဲနော်”
ကျန်းလော့က ပြန်ပြောသည်။
“ငါက မင်းတို့မိသားစုအကြောင်းကိုလည်း အများကြီး စိတ်ဝင်စားပါတယ်ကွာ”
သူတို့စကားပြောနေချိန်မှာပင် ခြံဝန်းတစ်ခုလုံးသည် ရုတ်တရက် လှုပ်ရမ်းသွားပြီး အခေါင်းများမှ ကျယ်လောင်သောအသံများ ထွက်လာကာ ခေါင်းတလားအဖုံးများ ပွင့်လာသည်။
ကျန်းလော့သည် ပြတင်းပေါက်မှ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မျက်လုံးများ ပြုတ်ကျမတတ်ပြူးကျယ်သွားသည်။
ခြံဝန်းထဲတွင် တန်းစီထားသော ခေါင်းတလားများသည် အဖုံးကိုယ်စီပွင့်ဟနေပြီး အလောင်းများသည် တစ်ယောက်ပြီးတစ်ယောက် ထထိုင်လာသည်။ အလောင်းများ၏မျက်နှာသည် ဖြူဖွေးပြာနှမ်းနေပြီး သွားများသည် အစွယ်များအဖြစ် နှုတ်ခမ်းအပြင်ဘက်သို့ ငေါထွက်နေကာ လက်သည်းများသည် ရှည်လျားပြီး ဓားသွားများကဲ့သို့ ထက်မြနေသည်။
အလောင်းများသည် ဖြည်းဖြည်းချင်း ဇွန်ဘီများအဖြစ်ပြောင်းလဲ နေပြီဖြစ်သည်။
ကျန်းလော့က ကျိန်ဆဲသည်။
‘ချီးပဲဟေ့ တစ်ခုပြီးတစ်ခု ဖြစ်နေလိုက်’
ဇွန်ဘီများသည် သူတို့ထိုင်နေသော ခေါင်းတလားများထဲမှ ခုန်ထွက်လာကာ လက်နှစ်ဖက်ကို ရင်ဘက်ရှေ့တည့်တည့်တွင် ဆန့်တန်းထားပြီး သူတို့ခေါင်းများသည် အိမ်အတွင်းဘက်သို့ တန်းတန်းမတ်မတ်လှည့် နေကာ ပြိုင်တူခုန်ပေါက်၍ အခန်းဆီသို့ ရောက်လာကြသည်။
ကျန်းလော့သည် နောက်လှည့်ကြည့်လိုက်ပြန်ရာ အခန်းထဲမှ ကုတင်ပေါ်ရှိ အလောင်းနှစ်လောင်းမှာ စတင်ပြီး လှုပ်ရှားလာလေပြီ။ သို့သော် သူတို့ခန္ဓာကိုယ်သည် အပိုင်းပိုင်းပြတ်နေသောကြောင့် သူတို့လက်မောင်းများနှင့် ခြေထောက်များမှာ ပြတ်ထွက်နေသောကြောင့် ကုတင်ပေါ်တွင် တစ်ချက်လှုပ်လိုက်သည်နှင့် ခေါင်းနှင့် လက်မောင်းများမှာ အကုန်လှိမ့်ပြီး ပြုတ်ကျလာသောကြောင့် အများကြီး မခြိမ်းခြောက်နိုင်ပေ။
ချီယုံဒီနေရာမှာရှိနေသည်ကို သတိရသွားပြီး ကျန်းလော့သည် ဘာမှနားမလည်သလိုဟန်ဆောင်၍ ချီယုံ့နောက်သို့ ဝင်ရပ်လိုက်ကာ တုန်လှုပ်ကြောက်ရွံ့စွာ ပြောသည်။
“သခင်လေးချီ အဲ့ဒါဘာတွေလဲ”
ချီယုံသည် ရှေ့ဆုံးကဝင်လာသော သွေးစုပ်ဖုတ်ကောင်ကိုကြည့်၍ ခက်ခဲသည့်ပုံစံဖြင့် ပြောလိုက်သည်။
“သခင်လေးကျန်း ကိုယ်က ကိုယ့်အလုပ်အကိုင်ထဲမှာ အရမ်းတော်မနေဘူးကွ ကိုယ်တစ်ယောက်နှစ်ယောက်လောက်ပဲ ဖြေရှင်းနိုင်မှာကွ ဒါပေမဲ့ ဒီလောက်အများကြီးကျတော့ ကိုယ်တကယ်မနိုင်ဘူးကွ”
ကျန်းလော့သည် အကျယ်ကြီး အော်ရယ်လိုက်ချင်တော့သည်။
‘ဇွန်ဘီလေးနည်းနည်းလေးကို ဘာဖြစ်တယ် ခက်ခဲတယ်ဟုတ်လား ဒီ...’
‘သောက်ဗရုတ်သုက္ခတွေဆို မထွက်နိုင်တာကို မရှိတော့တာပါလား လူတွေ သူ့အကြောင်းမသိဘူးဆိုတာနဲ့ပဲ ပြောချင်တိုင်းပြောနေတော့တာပဲ’
သူ၏ခက်ထန်နေသော မျက်နှာထားကို ဖြေဖျောက်လိုက်ပြီး ကြောက်ရွံ့ဖြူဖျော့နေပုံဖြင့်
“တစ်ခုခုလုပ်ပါဦးကွာ ငါတို့သေကုန်တော့မှာပဲ”
စကားသံများကြားပြီးနောက် သူတောင်းစား၏ ခေါင်းမရှိသော ခန္ဓာကိုယ်သည် ကုတင်ပေါ်မှ ခုန်ထလာပြီး သူတို့ရှေ့ထိရောက်လာသည်။ ထိုဇွန်ဘီသည် ကျန်းလော့နှင့် ချီယုံတို့ဆီသို့ တိုးကပ်လာပြီး တစ်လှမ်းပြီးတစ်လှမ်းခုန်ကူးလာသည်။
ချီယုံသည် ကျန်းလော့ကို နောက်သို့တွန်းလိုက်ပြီး သူ့ပုံစံမှာ ကြောက်လန့်ပြီး ဘယ်လိုတုန့်ပြန်ရမှန်းမသိ ဖြစ်နေကာ လှုပ်ရှားမှုများမှာ ကစဉ့်ကလျားဖြစ်နေတော့သည်။ မကြာမီတွင် ခေါင်းမပါသော ဇွန်ဘီ၏ စမ်းတဝါးဝါးခုန်မှုကြောင့် တံခါးမကြီးနှစ်ဖက်လုံး ပြင်းပြင်းထန်ထန်ပွင့်သွားကာ အပြင်ဘက်မှ ဇွန်ဘီအုပ်လိုက်ကြီးသည် ရေလှိုင်းကဲ့သို့ အခန်းထဲ အလုံးအရင်းလိုက် ဝင်လာကြသည်။
ချီယုံသည် လေးနက်စွာကြည့်၍
“သခင်လေးကျန်း မကောင်းတော့ဘူး ကိုယ်တို့တော့ အန္တာရာယ်က လွတ်နိုင်မယ်မထင်တော့ဘူး”
သူ့နောက်တွင် ကွယ်ရပ်နေသော ကျန်းလော့သည် မျက်နှာသေဖြင့် ပြောသည်။
“ဒါဆို ငါဘာလုပ်ရမလဲ သခင်လေးချီ ကျွန်တော်တကယ်ကြီး မသေချင်သေးဘူးလို့”
ချီယုံသည် အခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်ပြီး ရုတ်တရက် ကျန်းလော့ကို နောက်ဘက်သို့ဆွဲ၍ အခန်းထောင့်ရှိ ဗီဒိုထဲသို့ ဆွဲခေါ်သွားသည်။ ဗီဒိုတံခါးကို ဆွဲဖွင့်လိုက်ပြီး ကျန်းလော့ကို အရင်အထဲထည့်ပြီးမှ သူလိုက်ဝင်၍ တံခါးပိတ်လိုက်သည်။
ဗီဒိုတံခါးသည် ဆွေးနေပြီဖြစ်သောကြောင့် အပေါက်သေးသေးလေးများ ရှိနေကာ သူတို့သည် အထဲမှ သူတို့နှင့် နီးကပ်လာသော ဇွန်ဘီများကို မြင်နေရသည်။ ချီယုံက ကျန်းလော့နောက်မှနေ၍ သတိပေးလိုက်သည်။
“အသက်အောင့်ထား”
ကျန်းလော့ အသက်အောင့်လိုက်သည်။
အပြင်ဘက်မှ ဇွန်ဘီများသည် သားကောင်ပျောက်သွားကာ ခေါင်းများ ဆန့်ကျင်ဘက်သို့ လှည့်သွားကြသည်။ သူတို့၏ထက်မြသော လက်သည်းများသည် မီးရောင်အောက်တွင် ခြောက်ခြားစရာကောင်းစွာ တောက်ပနေပြီး တစ်ချက်ပုတ်လိုက်သည်နှင့် ကြောက်မက်ဖွယ်သွေးသံတရွှဲရွှဲ အပေါက်ကြီးဖြစ်သွားပေလိမ့်မည်။
ကျန်းလော့သည် ချီယုံ့ရှေ့တွင် မတ်တပ်ရပ်နေပြီး ချီယုံမမြင်နိုင်သော သူ့မျက်နှာသည် မှင်နက်အိုး မှောက်ကျထားသကဲ့သို့ မည်းမှောင်နေသည်။
ရွှမ်ရွှီလောက၏ ပရော်ဖက်ရှင်နယ်ကျသော ဆရာသခင်တစ်ယောက်အနေနှင့် ထိပ်တိုက်ရင်ဆိုင် မတိုက်ခိုက်ဖူးသော်လည်း ဤဇွန်ဘီများအကြောင်း အနည်းအကျဉ်းတော့ သိထားပါသေးသည်။ ဇွန်ဘီတွင် အမျိုးအစား နှစ်ခုသာ ခွဲနိုင်သည်။ သေဆုံးခါစထဲက ဇွန်ဘီအဖြစ်ကူးပြောင်းသွားသော အလောင်းများနှင့် သေဆုံးပြီး နှစ်ချီနေအောင် မြှပ်နှံသင်္ဂြိုဟ်ပြီးမှ ဇွန်ဘီအဖြစ် ပြန်လည်နိုးထလာသော အလောင်းကောင်များ ဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။
ချီယုံ ဤဇွန်ဘီအနည်းငယ်ကို တကယ်ကြီး မနှိမ်နှင်းနိုင်ဘူးဆိုတာကို ကျန်းလော့ကတော့ မယုံကြည်ပေ။
‘အားနည်းချင်ယောင်လာဆောင်နေတာ’
‘အားနည်းချင်ယောင်ဆောင်ချင်လည်း ကိုယ့်ဟာကိုယ်ဆောင်လေ ငါ့ကို ဗီဒိုထဲပုန်းခိုင်းပြီး သေခိုင်းမလို့လား’
လူတစ်ယောက်အသက်မရှူလျှင် ယန်စွမ်းအင်လွှတ်ထုတ်ခြင်း မရှိတော့သောကြောင့် သူတို့ကို ဇွန်ဘီများ ရှာမတွေ့နိုင်တော့ပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် ဒီလိုအခြေအနေမျိုးတွင် ရိကျွမ်းမှ ထွက်ပြေးရမည်ဆိုလျှင် အကောင်းဆုံးနည်းလမ်းမှာ အသက်အောင့်၍ ဇွန်ဘီများကြား ရောနှော၍ အပြင်ဘက်သို့ ထွက်ပြေးရန် ဖြစ်သည်။
သို့သော် အခုအခြေအနေက ကျန်းလော့ကို အလွန်အမင်း ဒေါသပုန်ထလာစေသည်။
အပြင်ပန်းအရကြည့်လျှင်တော့ ချီယုံက သူ့ကို ခနတာတော့ လုံခြုံစေရန် အကောင်းဆုံးစဉ်းစား၍ ကာကွယ်နိုင်သလောက် ကာကွယ်ပေးထားသည်။ သို့သော် လူတစ်ယောက်က မည်မျှကြာအောင် အသက်အောင့်နိုင်ပါမည်နည်း။
သူတို့ အသက်အောင့်မထားနိုင်သော အချိန်တွင် ဇွန်ဘီများသည် သူတို့ကို သတိပြန်ထားမိလာပြီး အရိုးတခြားအသားတခြား ဖြစ်အောင် တိုက်ခိုက်ပေတော့မည်။ နှမ်းစေ့များကောက်နေ၍ ဖရဲသီးကို ဆုံးရှုံးသွားရသကဲ့သို့ တုံးအမိုက်မဲသော နည်းလမ်းဖြစ်သည်။ ချီယုံက ဒီလောက်တောင် မတွေးခေါ်တတ်ဖူးဆိုတာ ကျန်းလော့ ဘယ်လိုမှကို မယုံပါချေ။
မည်သို့ပြောရမှန်းကို မသိတော့သော်လည်း ချီယုံသည် တကယ်ကြီး စိတ်ပျက်စရာ မိုက်မဲမှုကို မျက်တောင်တချက် မခတ်ဘဲ လုပ်ဆောင်ခဲ့လေသည်။
‘ငါ့ကို စမ်းသပ်ဖို့ တမင်တကာလုပ်တာ တစ်ရာရာခိုင်နှုန်းသေချာတယ်’
ကျန်းလော့သည် ဒေါသများ ပေါက်ကွဲမထွက်လာအောင် မနည်းထိန်းထားရသည်။
‘မျက်နှာဖုံးခွာမယ်ဆိုလဲ အဆုံးထိခွာလေ’
ကျန်းလော့သည် အံကိုတင်းတင်းကြိတ်ထားပြီး စိတ်ထဲမှ ပစ်စလက်ခတ်ကျိန်ဆဲနေသည်။
‘တအားတွေ တော်နေတာပေါ့လေ ဒီ ခွေးသတောင်းစား လုပ်ကြည့်လေ အဆုံးထိသွားကြည့်’
ကျန်းလော့သည် တစ်ကိုယ်လုံး မီးထတောက်တော့မလို ပူပြင်းဒေါသထွက်လာသော်လည်း စိတ်ကို ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့သည်။ နှုတ်ခမ်းတင်းတင်းစေ့၍ စိတ်ထဲမှ နှာခေါင်းရှုံ့နေသည်။
‘ဘယ်သူအရင် အရှုံးပေးရမလဲ ကြည့်ကြတာပေါ့’
အပြင်ဘက်တွင် ဇွန်ဘီများသည် လည်ချောင်းထဲမှလာသော အက်ကွဲကွဲ မာန်ဖီသံများ ဆက်တိုက် ထုတ်လွှတ်နေပြီး ရှည်လျားချွန်ထက်သော အစွယ်များသည် နှုတ်ခမ်းကြားမှ ပြူထွက်နေကာ သူတို့၏အနံ့အသက်များကြောင့် လေထုသည် မွန်းကြပ်နေတော့သည်။
ချီယုံသည် အပြင်ဘက်ကို ဘာမှမရှိသလို ကြည့်နေရင်း ရုတ်တရက် သူ့ဘယ်ဘက်လက်ကို သူ့ရှေ့မှလူ ဆွဲသွားတာခံလိုက်ရသည်။ ထိုအခါမှ အောက်ငုံ့ကြည့်လိုက်သောအခါ သခင်လေးကျန်းသည် သူ့လက်ဖဝါးပေါ်တွင် ခေါင်းငုံ့၍ တစ်ခုခုရေးနေသည်ကို တွေ့ရသည်။
“နောက်ထပ်ဘာလုပ်ရဦးမှာလဲ”
သခင်လေးကျန်း၏ လက်ထိပ်ထိသွားရာ လက်ဖဝါးပြင်သည် သူ့ကို အနည်းငယ်ယားယံလာစေပြီး နှလုံးသားကို ကလိထိုးနေသလို ဖြစ်နေသည်။ ချီယုံသည် ကျန်းလော့ရေးပြီးသည်အထိစောင့်နေပြီး ကျန်းလော့လက်ကို ပြန်ဆွဲ၍ ရေးပြလိုက်သည်။
“မင်းစိတ်ထဲမှာ တွေးထားတာရှိလား”
‘သောက်သတောင်းစားလေးရေ’
‘ငါ့ကိုစမ်းသပ်မနေနဲ့ ဒါကြီးအရင်ဖြေရှင်းဖို့ အာရုံစိုက်စမ်းပါကွာ’
‘ငါ့စိတ်ထဲ ဘာတွေးထားတာ ရှိရမှာတုန်း’
‘ငါက အခုသာမန်လူလေ’
ကျန်းလော့သည် ကျိတ်၍ ကြွေးကြော်နေမိသည်။
‘ဒီအခွင့်အရေးကို အသုံးချပြီး ဒီကောင့်ကို သင်ခန်းစာကောင်းကောင်းပေးလိုက်ရမလား’
‘ငါ့ကိုများ တစ်စုံတစ်ယောက်က လွယ်လွယ်စမ်းသပ် ဖော်ထုတ်လို့ရမဲ့သူလို့များ ထင်နေလား’
‘ငါမင်းကို တိုးတက်လာအောင်လည်း မကူညီနိုင်သလို အခုလည်း ဘာမှကူညီမှာမဟုတ်ဘူး အိုကေ’
ကျန်းလော့၏ အတွေးများသည် ရူးမိုက်နေသော်လည်း အပြင်ဘက်တွင်တော့ ရိုးသားသည့်ဖိုးသခွားလေးလို အပြစ်ကင်းစွာဖြင့် ခေါင်းယမ်းပြ၍
“မရှိဘူး”
ချီယုံသည် ကျန်းလော့ကို မျက်မှောင်ကုတ်ကြည့်၍ ကျန်းလော့ကို တစ်ကိုယ်ကောင်းဆန်သည်ဟု ထင်နေသည်။
ဗီဒိုသည် အလွန်သေးငယ်ပြီး သူတို့နှစ်ယောက်ဆန့်သည်ဆိုရုံလေး ဖြစ်သည်။ ဆယ်ကျော်သက် အရွယ်သာရှိသေးသော ချီယုံသည် ကျန်းလော့ထပ် အရပ်ရှည်နေခဲ့ပြီး ဖြစ်သည်။
ချီယုံသည် သူ့ရှေ့တွင် ရပ်နေသော သခင်လေးကျန်းကို ငုံ့ကြည့်သည်။ ကျန်းလော့မျက်နှာသည် နီရဲနေပြီး ဗီဒိုထဲတွင် လှောင်ပိတ်နေ၍လား အပြင်ဘက်မှ ဇွန်ဘီများကို ကြောက်လန့်၍လား မသိနိုင်ပါချေ။ ကျန်းလော့၏ နဖူးတွင် ချွေးများစီးကျနေ၍ ဆံပင်နက်နက်များသည် နဖူးကို လာကပ်နေကာ နေရထိုင်ရခက်ခဲစေသည်။ သူ့ပါးပြင်မှ အနီရောင်သည် တဖြည်းဖြည်းထင်းလာပြီး ပူသည်ထက်ပူလာကာ ရှင်းလင်းစွာပင် ကျန်းလော့အသက်ရှူကျပ်နေခြင်း ဖြစ်သည်။
အကြာကြီးသည်းခံခဲ့ပြီးနောက် ကျန်းလော့သည် ချီယုံ့လက်ကိုဆွဲ၍ စကားလုံးတချို့ရေးလိုက်သည်။
“ငါလေမရတော့ဘူး”
ချီယုံသည် နားမလည်သလို ဟန်ဆောင်၍ မသိလိုက်သလို စူးစိုက်ကြည့်နေသည်။
ကျန်းလော့နှင့် ယှဉ်လျှင် သူ့အမူအယာသည် တစ်စက်ကလေးမှမပြောင်းလဲပေ။ ဘယ်တုန်းကမှ အသက်အောင့်မထားခဲ့သလို အဆင်ပြေနေသည်။ သူဆော့ကစားနေသော သူ့လက်ထဲမှ သားကောင်လေးသည် ပို၍ ကြောက်ရွံ့လာဟန်ရှိကာ မျက်နှာမှသည် လည်ပင်းထိပင် နီရဲလာနေသည်။
‘ချီယုံရေ ငါ့ကိုကြည့်ပါဦးဟ’
သို့သော် ချီယုံသည် ကျန်းလော့ကို ဘာလုပ်ပေးရမှန်းမသိသလို ကြည့်နေလေသည်။ သူမလှုပ်သောအခါ ကျန်းလော့သည် ပို၍ပို၍စိတ်ရှုပ်လာသည်။ သူသည် ချီယုံနားသို့ အလျင်စလိုကပ်လာပြီး ချီယုံ့နားနားကပ်၍ တစ်ခုခုပြောတော့မည့်ပုံပေါ်သည်။
သူ့ဆံပင်အနက်ရောင်များသည် ချီယုံ့နားကို ပွတ်သပ်သွားပြီး ကိုယ်သင်းနံ့က ချီယုံနှာခေါင်းကို မြူဆွယ်နေသလို အသာအယာ ပျံ့နှံ့သွားသည်။ ချီယုံ့နားထဲသို့ ရုတ်တရက် လေပြေညှင်းတစ်ခုဝင်လာပြီး ချီယုံသည် ကြောင်အအကြီးဖြစ်သွားသည်။
“ဘွန်းမ်း”
နောက်တခဏတွင် ဇွန်ဘီတစ်ကောင်၏ ထက်ရှသော လက်သည်းသည် ဗီဒိုတံခါးကို ဖောက်ဝင်လာပြီး ချီယုံ့နားရွက်ဘေးနားကို ရှပ်ထိသွားကာ နံရံထဲသို့ စိုက်ဝင်သွားတော့သည်။
ချီယုံ့နားရွက်နားမှ ဆံပင်များပြတ်ထွက်သွားသည်။ ချီယုံသည် သူ့ခေါင်းထဲသို့ ဖောက်ထွက်မတတ်ဖြစ်သွားသော လက်ကိုကြည့်၍ ကျန်းလော့ကို လှည့်ကြည့်သည်။
သခင်လေးကျန်း၏ မျက်လုံးများသည် ကြောက်ရွံ့တုန်လှုပ်နေပြီး ဘာကိုမှ အာရုံရဟန် မရှိပေ။ ထို့နောက် သူသည် ချီယုံ့ကို စိတ်ပူစွာကြည့်ပြီး အလွန်အမင်း အားနာဟန်ဖြင့် တောင်းပန်နေပုံမှာ စိတ်ရင်းပါလွန်းသောကြောင့် ချီယုံ့နှလုံးသားကို ကျောက်ခဲဖြင့်လုပ်ထားလျှင်ပင် သူ့အတွက် သီးသန့်ပျော့ပြောင်းပေးရတော့မည့် အတိုင်းခံစားရသည်။ ချီယုံ့နားနားကပ်၍ အသက်ရှူလိုက်သည်မှာ တကယ့်ကို မရည်ရွယ်သော အမှားဖြစ်သွားဟန် တူသည်။
ဗီဒိုကို ဇွန်ဘီမှ လုံးဝသုံးမရအောင် ဖျက်ဆီးပစ်လိုက်ပြီး သံလက်သည်းများသည် သူတို့ထံသို့နောက်ထပ် တိုးဝင်လာပြန်ကာ ထိုအချိန်တွင် ချီယုံ့နှုတ်ခမ်းထောင့်စွန်းများသည် တဖြည်းဖြည်း ကော့တက်လာသည်။
သူ့ရှေ့မှလူသားသည် အလွန်စိတ်ဝင်စားစရာကောင်းသည်ဟုသာ တွေးမိတော့သည်။ သူအတွေးလွန်နေချိန်တွင် လက်တစ်ဖက်သည် သူ့အင်္ကျီလက်စကို လာရောက်ဆုပ်ကိုင်လေသည်။
သူသည် ချက်ချင်း မျက်နှာထားပြောင်းသွားပြီးနောက်လှည့်ကြည့်လိုက်ကာ စိတ်လှုပ်ရှားမှုများနှင့်အတူ ကျန်းလော့ကို နှစ်သိမ့်သည့် အပြုံးသေးသေးလေးပြုံးပြလိုက်ပြီး ကျန်းလော့ကို နူးညံ့စွာ ကြည့်လိုက်သည်။ ကျန်းလော့သည် အပြင်ဘက်ကို လက်ညှိုးထိုးပြလိုက်ပြီး ထွက်ဖို့အချိန်ရောက်ကြောင်း သတိပေးလိုက်သည်။
ချီယုံက ခေါင်းညိတ်လိုက်သည်။
လူနှစ်ယောက်သည် ဗီဒိုထဲမှ တိတ်ဆိတ်စွာ ထွက်လာပြီး သူတို့နှင့် နီးကပ်လာနေသော ဇွန်ဘီများနှင့် မထိမိအောင် သတိထား၍ လမ်းလျှောက်နေသည်။ သို့သော် ဇွန်ဘီအုပ်ကြီးသည် တံခါးရှေ့တွင် ပိတ်ထားသည်။ ချီယုံသည် တွမ့်ကျီ၏ခေါင်းက မြေပြင်ပေါ်တွင် လှိမ့်နေသည်ကို မြင်သောအခါ တံခါးကို အုပ်လိုက်ပိတ်ထားသော ဇွန်ဘီများကို ကြည့်လိုက်ပြီး တွမ့်ကျီ၏ခေါင်းကို အခန်းထောင့်နားသို့ ကန်ထည့်လိုက်သည်။
ကျန်းလော့နှင့် ချီယုံတို့သည် ဇွန်ဘီများ အသံလာရာသို့ သွားသည်နှင့် မတုံ့ဆိုင်းပဲ တံခါးကနေပြေးထွက်ကြပြီး ရိကျွမ်းဂိတ်အဝင်ဝထိ ပြေးထွက်လာကြသည်။ ဂိတ်ဝမှ ထွက်ရန် တစ်လှမ်းသာလိုတော့သည်။ ကျန်းလော့သည် ခြေတစ်လှမ်းကို လှမ်းတော့မည့်အချိန်တွင် ရုတ်တရက်ကြီး ချီယုံက သူ့နောက်ကနေ ခုန်ဖက်လိုက်ပြီး မြေပြင်ပေါ်သို့ လှိမ့်ချလိုက်လေသည်။
လူနှစ်ယောက် မြေပြင်ပေါ်တွင် နှစ်ပတ်လောက်လှိမ့်သွားပြီး အလှိမ့်ရပ်သွားသောအခါ ကျန်းလော့ကျောရိုးသည် အောက်မှကျောက်ခဲများကြောင့် နာကျင်သွားရသည်။
သိသိသာသာ လက်စားပြန်ချေခြင်း ဖြစ်နေသောကြောင့် ကျန်းလော့သည် အေးစက်စွာပြုံလိုက်ပြီး မျက်လုံးဖွင့်လိုက်သည်။ ချီယုံသည် လေသံလေးဖြင့် ပြောသည်၊။
“အဆင်ပြေရဲ့လား”
ချီယုံသည် သူ့တစ်ကိုယ်လုံးကို တက်ဖိထားပြီး သူ့မျက်နှာသည် သွေးမရှိသလို ဖြူလျော်နေသည်။ သူ့လည်ပင်းတွင် ပြတ်ရှရာတစ်ခုရှိနေပြီး ထိုနေရာမှ သွေးများ ကျန်းလော့ကိုယ်ပေါ်သို့ ကျသွားလေသည်။ ကျန်းလော့သည် ချီယုံ့လည်ပင်းမှ ပြတ်ရှရာကို အူကြောင်ကြောင်ကြည့်နေမိပြီး ချီယုံက သံသယကို ဖြေဖျောက်သည့်အပြုံးဖြင့် ပြောလိုက်သည်။
“အဆင်ပြေပါတယ် ဒီတိုင်းရှရာသေးသေးလေးပါကွာ စိတ်မပူနဲ့ မင်းရော ဒဏ်ရာရသွားသေးလား”
“.........”
ကျန်းလော့သည် ယင်ကောင်တစ်ကောင် မြိုချမိလိုက်သလို ကြက်သီးများထလာပြီး
“ငါတော့ မင်းကို ကျေးဇူးတင်စကားတောင် မပြောရဲတော့ပါဘူး ”
ချီယုံသည် ထရပ်လိုက်ပြီး ကျန်းလော့ကို ဆွဲထူပေးလိုက်သည်။ ကျန်းလော့သည် ချီယုံ့ကို တိုက်ခိုက်ခဲ့သည့် အရာကို မြင်သွားသည်။ ခြံဝန်းထဲတွင် ဇွန်ဘီများရှိနေသေးသော ခေါင်းတလားများ ရှိနေသေးပြီး ထိုဇွန်ဘီများသည် သူတို့ဘက်သို့ ခုန်ထွက်လာနေပြီဖြစ်သည်။ ချီယုံသည် သူ့ကို တိုက်ခိုက်လာသော ဇွန်ဘီများကို သတ်ရန်ပင် အချိန်မသုံးပဲ ကျန်းလော့ကို ဆွဲပြေးတော့သည်။
“ပြေး”
ကျန်းလော့သည် ပြေးနေရင်း အနောက်ကို လှည့်ကြည့်လိုက်ရာ ချီယုံသည် ရိကျွမ်း၏တံခါးကို မပိတ်ခဲ့ပေ။
ဖြစ်နိုင်သည်မှာ ချီယုံသည် ဘယ်တုန်းကမှ တံခါးပိတ်ဖို့ မတွေးမိခဲ့တာ ဖြစ်မည်။
ချီယုံသည် လူများကို ဇွန်ဘီများထွက်လာပြီး ဒုက္ခပေးမည်ကို ဂရုမစိုက်ကြောင်း သိသာသည်။ သူသည် သွေးအေးရက်စက်သော စရိုက်ရှိပြီး ဇွန်ဘီများကို တားဆီးရန် ဆန္ဒလုံးလုံးမှမရှိပေ။
‘မင်းသာမန်လူလို ဟန်ဆောင်နေရင်တောင် သာမန်လူတစ်ယောက် ဖြစ်မလာနိုင်ဘူးဆိုတာ တကယ်မှန်တာပါလား’
ကျန်းလော့သည် အကြည့်လွှဲလိုက်ပြီး ချီယုံ့လည်ပင်းမှ ရှရာကို ကြည့်၍ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။
‘တော်တော်ပြဇာတ်ကချင်နေတာ အခုသူပဲ ထိခိုက်သွဦးတာပဲ နည်းတောင်နည်းသေးတယ် ဟွန်း’
ချီယုံသည် ကျန်းလော့ကို ကြောက်ရွံ့သွားအောင် ခြောက်လှန့်ရန် အစီအစဉ်အကြီးကြီး ဆွဲထားပုံရသည်။
ထို့ကြောင့် ကျန်းလော့သည် ချီယုံနှင့် ပတ်သက်သော အကြောင်းအရာများကို သိချင်စိတ်ပြင်းပြလာခဲ့တော့သည်။
‘ချီယုံ ချီယုံ မင်းက သရုပ်ဆောင်ချင်နေမှတော့ ငါလဲလိုက် သရုပ်ဆောင်ပေးမယ်’
ကျန်းလော့၏ သရုပ်ဆောင်စကေးသည် ချီယုံ့လောက် မတော်နိုင်ဘူးဆိုလျှင်တောင် အညံ့စားထဲတော့ မပါပေ။
ကျန်းလော့မျက်နှာသည် နီရဲသွားပြီး
“မင်းလည်ပင်းက ဒဏ်ရာ......”
ထို့နောက် ဝမ်းနည်းစိတ်မကောင်းစွာ ပြောလိုက်သည်။
“ငါမင်းကို ဆွဲချလိုက်မိသွားတာ တောင်းပန်ပါတယ်”
ချီယုံသည် ခေါင်းခါလိုက်ပြီး
“မင်းက ငါ့သူငယ်ချင်းလေ ဘယ်လိုလုပ်ပြီး သူငယ်ချင်းက ဒဏ်ရာရမှာကို ရပ်ကြည့်နေနိုင်မှာလဲကွာ”
ထိုစကားလုံးများသည် တိုက်ရိုက်ခြိမ်းခြောက်လိုက်ခြင်းထပ် ပို၍ သက်ရောက်မှုပြင်းထန်သည်။
အဆိပ်ပြင်းမြွေဟောက်တစ်ကောင် ပါးပြင်းထောင်ပြီး အစွယ်ထုတ်၍ သွားရည်တမြားမြားကျကာ ကျန်းလော့ကို ဆာလောင်စွာ ကြည့်၍ ဤသို့ ပြောနေသည်နှင့် အလားတူသည်။
“ငါကမင်းကို ပါးစပ်ထဲထည့်ပြီး ကာကွယ်ပေးမှာပါ လုံးဝမျိုမချဘူး”
ကျန်းလော့အမူအယာသည် မယုံနိုင်သည့်ပုံစံပြောင်းသွားကာ
“ဒါပေမဲ့...........”
ချီယုံသည် သက်ပြင်းချလိုက်ပြီး ရုတ်တရက် ချောင်းဆိုးလာသည်။
“ဇွန်ဘီကိုက်ခံရရင် မကောင်းတဲ့အကျိုးဆက်အချို့ရှိတယ်”
ကျန်းလော့သိသည် သို့သော် မသိနားမလည်ချင်ယောင်ဆောင်ကာ
“ဘာအကျိုးဆက်လဲ”
ချီယုံကပြောသည်။
“ကိုယ်သာ ဒီဒဏ်ရာကို မြန်မြန်မကုသခဲ့ရင် သေစေနိုင်တဲ့ အဆိပ်က တစ်ကိုယ်လုံးပျံ့နှံ့သွားပြီး ကိုယ်လည်း ဇွန်ဘီဖြစ်သွားလိမ့်မယ်”
ကျန်းလော့သည် ကြောက်လန့်သွားပြီး
“ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ”
“စိတ်မပူပါနဲ့”
ချီယုံက နူးညံ့စွာ ပြောလိုက်သည်။
“ကိုယ်တို့အိမ်ပြန်ရောက်တဲ့ထိ စောင့်လိုက် စေးကပ်ကပ်ဆန်တချို့ယူဝါးပြီး အုံလိုက်ရင် သွေးစုပ်ကောင်အဆိပ်ကို ဖြေနိုင်သွားမှာပါ ဖြစ်နေတဲ့ ပြဿနာက အတွေ့အကြုံရှိတဲ့ တစ်ယောက်ယောက်က ဒဏ်ရာကို မြင်တာနဲ့ ဇွန်ဘီလက်သည်းကြောင့် ဆိုတာ သိသွားမှာ နောက်ကျရင် ကိုယ်က မိသားစုအကြီးအကဲတွေနဲ့ တွေ့ဆုံပွဲရှိသေးတာ သူတို့သာ မြင်သွားရင် ပြဿနာကို အကြီးကြီးချဲ့လိုက်ကြမှာပဲ”
ကျန်းလော့သည် ချီယုံဘာတွေတွေးနေလဲ ရေးရေးလေး မြင်သွားသည်။ ချီယုံက ကျန်းလော့ကို အိမ်တော်အကြီးအကဲများနှင့် ထိပ်တိုက်တွေ့ခိုင်းဖို့ ပြောချင်နေတာ ဖြစ်သည်။
သို့သော် ကျန်းလော့သည် အမှိုက်လိုနံစော်နေသော အကြီးအကဲများနှင့် တစ်ခနလေးမှ သည်းခံပြီး မျက်နှာချင်းမဆိုင်ချင်ပေ။ အပြင်လောကမှဖြစ်ဖြစ် မှန်လောကမှာဖြစ်ဖြစ် ချီအိမ်တော်ကို သူရွံမုန်းပါသည်။ အကယ်၍ သူသာ ချီယုံ့ကို ချီမိသားစု အကြီးအကဲများ ထိန်းချုပ်နေမှုမှ ဆွဲထုတ်ပေးလိုက်မည်ဆိုလျှင် ရှင်းပြစရာမလိုစွာပင် ချီအိမ်တော်အကြီးအကဲများသည် သူ့ကို ပစ်မှတ်ထားလာနိုင်ပြီး ချီမိသားစု၏ အရှုပ်အထွေးကြားထဲသို့ တန်းစီစရာမလိုပဲ ပါဝင်သွားရနိုင်ပေသည်။
ထို့ကြောင့် ချီယုံနောက်တစ်ခွန်းထပ်မပြောနိုင်ခင် ကျန်းလော့မျက်လုံးများ လက်ခနဲဖြစ်သွားပြီး
“မင်းဒဏ်ရာတွေကို လူမမြင်အောင် လုပ်နိုင်တဲ့နည်းလမ်းရှိတယ်”
ချီယုံသည် ခနလောက် ပါးစပ်ပိတ်သွားပြီး စိတ်ဝင်စားစွာ မေးလိုက်သည်။
“ဘယ်လိုနည်းလမ်းများလဲ”
ကျန်းလော့သည် ချီယုံ့ကို လူမရှိသည့် လမ်းကြားတစ်ခုထဲသို့ ဆွဲခေါ်သွားသည်။
ချီယုံကို နံရံသို့ ကပ်ပစ်လိုက်ပြီး ကျန်းလော့သည် ချီယုံကို အံ့ဩပြီးရင် အံ့ဩအောင် တမင်တကာ လုပ်နေသလိုပင်။ ချီအိမ်တော်၏ သခင်လေးကို နံရံသို့ တွန်းကပ်ထားသည်တဲ့။ ထို့နောက် ချီယုံသည် ပြုံးရင်းမေးလိုက်သည်။
“မင်းဘာလုပ်မလို့လဲ”
ကျန်းလော့သည် ဘာမှမပြောလာပဲ ချီယုံ့ကို အမိန့်ပေးသလို ပြောသည်။
“အောက်ငုံ့ မင်းဒဏ်ရာကို ကြည့်ရအောင်”
ချီယုံသည် ကျန်းလော့ပြောသလို ခေါင်းငုံ့ပေးလိုက်ပြီး သူ့လည်ပင်းကို ကျန်းလော့ရှင်းရှင်းလင်းလင်း မြင်ရသည်အထိ သေချာစွာ ငုံ့ပေးလိုက်သည်။
လည်ပင်းသွေးကြောသည် ပုံမှန်အတိုင်း ခုန်နေဆဲဖြစ်ပြီး သေးငယ်သော ဂရုမစိုက်မှုလေးကပင် သူ့ကို သတ်လိုက်နိုင်လေသည်။ ချီယုံကတော့ စိတ်ပူပုံမပေါ်ပေ။ ကျန်းလော့ကို အလွန်ယုံကြည်၍ အကုန်ပုံပေးထားသလို ဘာမှဂရုမစိုက်စွာ ပွင့်လင်းလွန်းနေသည်။
ကျန်းလော့သည် ရှပ်အင်္ကျီအောက်မှ ချီယုံ့ခန္ဓာကိုယ်၏ မသိမသာတောင့်တင်းနေမှုကို သတိထားမိခဲ့သည်။ အကယ်၍ သူသာ ချီယုံ့ကို လုပ်ကြံဖို့ကြိုးစားခဲ့ပါလျှင် ချီယုံသည်သူ့ကို မျက်တောင်တစ်ခတ်စာလေးအတွင် သတ်ပစ်နိုင်မည့်အကြောင်း ကျန်းလော့ သိပြီးသားဖြစ်သည်။
ကျန်းလော့သည် စုတ်သပ်လိုက်ပြီး ချီယုံ့လည်ပင်းကို ကြည့်ရန် ရှေ့တိုးသွားသည်။ ချီယုံ့ဒဏ်ရာသည် သွေးစက်အနည်းငယ်သာ စွန်းထင်းနေတော့ပြီး ခြောက်ပင်ခြောက်ခါနီးနေလေပြီ။ မသိလျှင် ကျန်းလော့ကို တမင်တကာ စိတ်အနှောက်အယှက်ပေးရန် သီးသန့်လုပ်ထားသော ဒဏ်ရာကဲ့သို့ပင်။
ဒဏ်ရာအနေအထားကို ကြည့်မည်ဆိုလျှင် ဒဏ်ရာတဝိုက်သည်အနည်းငယ် မည်းနေပြီဖြစ်ပြီး အပေါ်ယံအရေပြားသည် မာကျောနေပြီးဖြစ်ကာ အဆိပ်စပျံ့နေသည့် လက္ခဏာပြနေပြီဖြစ်သည်။
သူသည် ဒဏ်ရာကို ပုတ်ကြည့်လိုက်ပြီး မေးသည်။
“နာလား”
ချီယုံသည် အပြုံးမပျက်သေးဘဲ ပြောသည်။
“မနာပါဘူး”
ထို့နောက် တွေးမိသွားပုံဖြင့် ထပ်ဖြည့်ပြောသည်။
“တခြားဘာမှလဲ မခံစားရတော့ဘူး”
“ဒါဆို အိမ်အမြန်ပြန်ပြီး အဆိပ်ဖြေဖို့ လုပ်ရတော့မှာပေါ်”
သရုပ်ဆောင်နေတာဖြစ်သော်လည်း ကျန်းလော့အတွက်တော့ ဒဏ်ရာသည် အစစ်အမှန်ဖြစ်နေသောကြောင့် ချီယုံ့ကို တမင်တကာ မကျပ်ပေးချင်တော့ပေ။
“အရမ်းနက်တဲ့ဒဏ်ရာမဟုတ်တဲ့ လက်သည်းရာဆိုတော့ အတုလုပ်ဖို့ အဆင်ပြေပါတယ်”
ချီယုံသည် မျက်ခုံးပင့်လိုက်ပြီး
“ဟမ်”
ကျန်းလော့သည် ချီယုံ့လည်ပင်းကို သွားကိုင်ပြီး လက်သည်းဖြင့် လိုက်ခြစ်ကာ လက်သည်းရာများဖြစ်အောင် လုပ်ပေးနေသည်။
ချီယုံသည် ကျန်းလော့ဘာလုပ်ဖို့ ကြိုးစားနေမှန်း နားမလည်ပေ။ သို့သော် ကျန်းလော့လုပ်သမျှကို မလှုပ်မရှားပဲ ငြိမ်ငြိမ်လေး သည်းခံနေသည်။
ကျန်းလော့သည် ချီယုံ့လည်ပင်းတွင် သွေးကဲ့သို့နီရဲနေသော လက်သည်းရာများ ဖန်တီးပြီး နောက်ဆုတ်၍ ကြည့်လိုက်သည်။
‘မလုံလောက်သေးဘူး’
ဇွန်ဘီလက်သည်းရာသည် ထင်းနေဆဲဖြစ်ပြီး အကြာကြီး တွေးနေပြီးနောက် ရှေ့တိုးလိုက်ကာ ချီယုံ့လည်ပင်းကို ထပ်သွားကုတ်ပြန်သည်။
လည်ပင်းပေါ်မှ သူလုပ်ထားသော လက်သည်းရာများသည် မပီမပြင်ဖြစ်နေသေးသည်။
ထိုအမှတ်များလောက်နှင့်ကတော့ ငါးများနှင့် ဆက်ဆံဖူးမည့်သူကိုသာ အရူးလုပ်နိုင်လောက်မည်ဖြစ်ပြီး ချီမိသားစုအကြီးအကဲများကိုတော့ လှည့်စားနိုင်မှာ မဟုတ်ပေ။ အိုစီဒီကြောင့် ကျန်းလော့သည် ထိုမပီမသ လက်သည်းရာများကို ဒီတိုင်းမထားလိုက်နိုင်ဖြစ်နေကာ မျက်မှောင်ကြုတ်လိုက်ပြီး
“သခင်လေးချီ မင်းဒီတစ်ခုတော့ သေချာမှတ်ထားရလိမ့်မယ် အခုကျွန်တော် လုပ်နေတာအကုန်လုံးက ကျွန်တော်တို့ ရွှံ့အိုင်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်ဖို့ လုပ်နေတာနော်”
ချီယုံသည် မပီပြင်သော စိတ်ဝင်စားမှုတို့ဖြင့် သူ့ကိုယ်သူ ဘာလိုချင်မှန်းမသိတော့စွာ
“ကောင်းပြီ”
ယခု ချီယုံသဘောတူလိုက်သည်နှင့် ကျန်းလော့သည် ဘာမှဂရုမစိုက်တော့ပေ။
သူသည် ချီယုံ့လည်ပင်းပေါ်သို့ မျက်နှာအပ်လိုက်ပြီး ချီယုံ့လည်စိပေါ်သို့ အနမ်းပေးလိုက်သည်။ ထို့နောက် နှုတ်ခမ်းဖြင့် စုပ်လိုက်ကာ အနမ်းရာတစ်ခု ချန်ထားခဲ့သည်။
သူ့လည်ပင်းပေါ်သို့ နူးညံ့သော နှုတ်ခမ်းလွှာတစ်စုံလာကပ်သည်နှင့် ချီယုံသည် နေရာတွင်ပင် တောင့်တောင့်ကြီး အေးခဲသွားတော့သည်။ သူ့လက်များသည် နောက်ကျောတွင် ကပ်နေပြီး သူ့ကိုယ်သည် မသိမသာ ငုံ့ကိုင်းလာကာ စိတ်ညစ်စရာများ ပြေပျောက်သွားသလို ငေးငိုင်သွားသည်။
သို့သော် ထိုခနတွင် ဆယ်ကျော်သက်ကောင်လေး၏ ဘဝအမြင်သည် လုံးဝ အပိုင်းပိုင်းအစစ ပြိုကွဲသွားခဲ့သည်။ ချီယုံ့လည်စိသည် အနည်းငယ်ယားယံနေကာ အထက်အောက် လှုပ်ရှားနေပြီး လမ်းကြားထဲက ခြောက်သွေ့မှုကြောင့်လားမသိ အာခေါင်တွေခြောက်လာခဲ့သည်။
မကြာဘူးဆိုသော အချိန်လေးသည် တစ်ဘဝစာလောက် ကြာသွားသည် ထင်ရသည်။ ချီယုံ့လည်ပင်းမှ ဒဏ်ရာဖုံးခြင်း လုပ်ငန်းစဉ်သည် ပြီးဆုံးသွားပြီဖြစ်သည်။ ကျန်းလော့သည်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဇွန်ဘီလက်သည်းရာသည် အနမ်းရာများအောက်တွင် ပြီးပြည့်စုံစွာ ဖုံးကွယ်နေပြီဖြစ်သည်။
“လာလေ”
သူကပြောသည်။
ငါတို့ ပြန်လို့ရပြီ“
အပြင်ထွက်ရန် လှည့်ထွက်လိုက်သော်လည်း သူ့ခါးကို ရုတ်တရက် ဆွဲဖက်ခံလိုက်ရကာ ကျန်းလော့တစ်ယောက် ချီယုံ့ဘက်ပြန်လှည့်သွားတော့သည်။ ချီယုံသည် အပြုံးတစ်ခုကို လှပစွာဆင်မြန်းထားပြီး သူ့မျက်လုံးများသည် ကျန်းလော့၏ လည်ပင်းကို မြဲမြံစွာကြည့်နေသည်။
“ကိုယ်ထင်တာတော့ မင်းလည်ပင်းမှာလဲ နည်းနည်း ရှိသင့်တယ် ထင်တယ်ကွာ.....”
################################