Ch 126
Viewers 8k

အပိုင်း (၁၂၆) 


တရားစီရင်ရေးကွင်းပြင် 

ချီယုံသည် တချို့သော အကြောင်းပြချက်များကြောင့် သူ့ရှေ့မှ ယူနီဖောင်းဝတ်ထားသည် သခင်လေးကိုမြင်သည်နှင့် ထိုသူ့ဆီမှ အလွန်အမင်း ရန်လိုမှုနှင့် စက်ဆုပ်မှုကို ခံစားမိနေသည်။ 

ယူနီဖောင်းဝတ်ထားသော သခင်လေးသည် လက်မြောက်၍ ဦးထုပ်ကို တည့်လိုက်ရာ ထိုသူ၏ ဓားသွားသဏ္ဍာန်တည်ကြည်သော မျက်ခုံးအစုံပေါ်လာသည်။ 

သူသည် ချီယုံနှင့် အကြည့်ချင်းဆုံသွားသော်လည်း ချီယုံ့ကို ခနသာကြည့်၍ ကျန်းလော့ဘက်သို့ မျက်နှာလွှဲသွားသည်။ ဆန့်ကျင်ဘက်တွင် ထိုသခင်လေးနောက်မှ တပ်အရာရှိသည် ယခုမှ မြို့ထဲသို့အသစ်ရောက်လာသကဲ့သို့ ချီယုံ့ကို မမြင်ဖူးသလို စိုက်ကြည့်နေသည်။ 

“ချီမိသားစုဝင်တွေ ရောက်လာပြီဆိုတော့ ခင်များတို့ မိသားစုက သေသွားတဲ့သူအကြောင်း ပြောပြပါဦး” 

ယူနီဖောင်းဝတ်ထားသော သခင်လေးသည် သတင်းစာကို လိပ်၍ ချီမိသားစုအိမ်တော်ထဲသို့ ဝင်သွားသည်။ သူ့ခြေလှမ်းတိုင်းတွင် အပေါ်မှ ခြုံထည်သည် ယိမ်းနွဲ့လှုပ်ရှားနေသည်။ ထိုသခင်လေးသည် ရုတ်တရက် ခြေလှမ်းရပ်သွားပြီး နောက်လှည့်ကာ ကျန်းလော့၏မေးစေ့ကို သတင်းစာဖြင့် ပင့်လိုက်ပြီး မထီတရီအပြုံးဖြင့် မေးလိုက်သည်။ 

“မင်းက ချီမိသားစုကဆိုတာ သေချာလို့လား မင်းပုံစံက ချီမိသားစုဝင်တွေနဲ့လဲ မတူဘူးပဲ” 

ကျန်းလော့သည် ထိုသူ၏ မကြည့်ကြည့်အောင် ဖိအားပေးမှုကြောင့် မော့ကြည့်လိုက်ရာ ထိုယူနီဖောင်းနှင့်လူ၏ အရှိန်အဝါသည် သူ့အတွက် အလွန်ရင်းနှီးနေလေသည်။ 

ဖုန်းကွယ်ထားသော်လည်း နှာဘူးကျသော အကြည့်များသည် အလွန်ရင်းနှီးနေသည်။ 

စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျန်းလော့သည် ထိန်းမနိုင်စွာ မျက်ခုံးပင့်မိသွားပြီး မရယ်မိအောင် မနည်းထိန်းနေရသည်။ 

‘ချီယုံက ဒီထဲကို သူ့သဘောနဲ့သူဝင်လာတာလား တကယ်ကြီး’ 

‘ဟဟ သူပါဝင်လာတာဆိုတော့ ချီယုံနှစ်ယောက်ဖြစ်သွားပြီ သူတို့အတူတူရှိနေတဲ့ မြင်ကွင်းကတော့ တကယ့်အထွပ်အထိပ်ရောက်ပြီပဲ’  

ကျန်းလော့သည် အလွန်ရယ်ချင်နေသောကြောင့် အံတင်းတင်းကြိတ်ထားပြီး ကြောက်ရွံ့နေဟန်ဖြင့် အောက်ငုံ့နေရသည်။ 

သတင်းစာကို ကျန်းလော့ဘေးတွင် ရပ်နေသော ဆယ်ကျော်သက်ကောင်လေးသည် ပုတ်ထုတ်လိုက်ပြီး ကျန်းလော့ပုခုံးကို လက်တစ်ဖက်ဖြင့် သိုင်းဖက်လိုက်သည်။ ထို့နောက် ချီယုံက ပြုံးလိုက်ကာ 

“သခင်လေး ဒါက ကျွန်တော့် ဇနီးကျန်းလော့ပါ မျိုးရိုးက ကျန်းလေ ကျွန်တော်နဲ့ လက်ထပ်ထားပေမဲ့ ချီမျိုးနွယ်ဝင်စစ်စစ်တော့ မဟုတ်ဘူးပေါ့ဗျာ” 

ကျန်းလော့သည် တိတ်ဆိတ်နေပြီး ယူနီဖောင်းဝတ်ထားသော သခင်လေးနှင့် ဆယ်ကျော်သက်ချီယုံတို့၏ အမူအယာကို တလှည့်စီအကဲခတ်နေကာ အူမြူးနေလေသည်။ 

သခင်လေးသည် ခပ်ဟဟရယ်လိုက်ပြီး 

“မင်းဇနီးတဲ့လား” 

ချီယုံသည် ကျန်လော့ဘက်သို့ စောင်းကြည့်လိုက်ရာ သူ့လည်ပင်းပေါ်မှ အနမ်းရာများနှင့် လက်သည်းရာများသည် အင်္ကျီကော်လာအောက်မှ အပြင်သို့ ပေါ်ထွက်လာပြီး တမင်တကာပြနေသလို ရှင်းရှင်းလင်းလင်း မြင်ရစေသည်။ 

“သခင်လေးမှာ ပြောစရာရှိရင် ကျွန်တော့်ကိုသာ ပြောပါဗျာ ကျုပ်ဖူးရန်က အခုမှ အိမ်တော်ထဲ လက်ထပ်ဝင်လာကာစဆိုတော့ အိမ်တော်အကြောင်း ဘာမှသိပ်မသိသေးဘူးဗျ” 

ပြောနေရင်းမှာပင် ကျန်းလော့၏ ဆံပင်ညှိနေမှာကို စိုးရိမ်သော အကြည့်ဖြင့် ဆံပင်ကို နားနောက်သို့ သပ်ပေးလိုက်ပြီး ကျန်လော့၏ နားအဖုလေးဘေးကို ညင်သာစွာ နမ်းလိုက်ပြီး 

“ဖူးရန် အခန်းပြန်ပြီး အရင်နားလိုက်ချင်လား” 

ကျန်းလော့ နားပေါ်သို့ ကြောက်မက်ဖွယ်အေးခဲနေသော အကြည့်ရောက်လာပြီး ကျန်လော့သည် သူ့နားတစ်ဖက် လောင်ကျွမ်းသွားတော့မလို ခံစားလိုက်ရသည်။ 

လေထုသည် တစ်စုံတစ်ခုတော့ မှားယွင်းနေသည်။ ယူနီဖောင်းဝတ်ထားသော သခင်လေးသည်လည်း တစ်ခုခုမှားနေသလိုမျိုး နူးညံ့ပြီး ကြင်နာတတ်သော သူ့ဘေးမှ ဆယ်ကျော်သက် ချီယုံသည် လည်း တစ်ခုခုမှားနေသလို ထင်ရပြီး ထူးဆန်းသော ထိတ်တိုက်ရင်ဆိုင်ပွဲတစ်ခု ကြည့်နေရသလို ဖြစ်နေသည်။ 

ကျန်းလော့သည် ပြဇာတ်ကို အလွန်စိတ်ဝင်စားနေသောကြောင့် နှုတ်ခမ်းထောင့်များ ကော့တက်သွားပြီး သူသည် ပြဇာတ်ထဲသို့ ဆီလောင်းထည့်ချင်စိတ်များ တဖွားဖွားပေါ်လာတော့သည်။ 

မီးထဲသို့ လောင်စာထည့်ရာတွင် ကျန်းလော့သည် အလွန်တော်ပြီး မီးတောက်ကြီးဖြစ်လာတာကို စောင့်ကြည့်ရခြင်းအား နှစ်ခြိုက်သဘောကျသူဖြစ်သည်။ 

ကျန်းလော့ပြုံးလိုက်ပြီး သူ့မျက်လုံးများတွင် အန္တာရာယ်အငွေ့အသက်များမသဲကွဲစွာ ပေါ်လာပပြီး အနမ်းခံလိုက်ရသော နေရာကို ရှက်ကိုးရှက်ကန်းကိုင်ကြည့်၍ ရှက်ပြုံးပြုံးကာ 

“ကျွန်တော် နားဖို့မလိုသေးပါဘူး” 

သူ့နားအဖုလေးကို လက်ချောင်းထိပ်ဖြင့် ခပ်ဖွဖွပွတ်သပ်၍ ထိုနှစ်ယောက်ကို ခိုးကြည့်လိုက်ရာ နှစ်ယောက်စလုံး၏ မျက်လုံးများသည် သူ့တစ်ကိုယ်လုံးကို မသိမသာ ကြည့်နေကြလေသည်။ 

ယူနီဖောင်းဝတ်ထားသော သခင်လေး၏ မျက်လုံးများသည် သူ့ကိုယ်ပေါ်မှ ချီယုံ့လက်များကို စူးစိုက်ကြည့်နေတော့သည်။ အကြာကြီး ကြည့်နေပြီးမှ နှေးကွေးစွာ ပြုံးလိုက်သော်လည်း လူနှစ်ယောက်ကို ခွာပစ်ချင်သော မမြင်နိုင်သော အရှိန်အဝါကိုတော့ မဖုံးဖိခဲ့ပေ။ 

ထိုလူကပြောသည်။ 

“စိတ်ဝင်စားစရာပဲ” 

ကျန်းလော့ကတော့ အလွန်ပျော်နေသည်။ 

‘ဘာကိစ္စတည့်တည့်ရှုရှုနေကြမှာလဲ တိုက်ခိုက်ကြ ရန်ဖြစ်ကြ ရန်ဖြစ်ကြလို့’ 

တပ်အရာရှိသည် ကြားဖြတ်ဝင်ပြောလိုက်သည်။ 

“သခင်လေး လူသေကို စစ်ဆေးဖို့ ဆက်သွားကြတော့မလား” 

သခင်လေးသည် အိမ်တော်ထဲကို ကြည့်လိုက်ပြီး 

“ကောင်းပြီ အလုပ်အရင်လုပ်ကြတာပေါ့” 

ကျန်းလော့နှင့် ချီယုံ့နောက်သို့ လိုက်သွားလိုက်သည်။ သို့သော်ကျန်းလော့သည် ခြေလှမ်းအနည်းငယ်သာ လျှောက်ရသေးသည် ရုတ်တရက် ခလုတ်တိုက်မိသွားပြီး သတိမထားမိစွာ ဟပ်ထိုးလဲကျသွားသည်။ 

သူ့နောက်တွင် ချီယုံ့မျက်နှာသည် အေးခဲသွားပြီး ချက်ချင်း သူ့ကို လှမ်းဆွဲလိုက်သော်လည်း ကျန်းလော့သည် သူ့နောက်မှ ယူနီဖောင်းဝတ်သခင်လေး၏ လက်မောင်းထဲသို့ လဲကျသွားတော့သည်။ 

ကျန်းလော့မျက်နှာသည် ထိုလူ၏ရင်ဘက်ပေါ်ရှိ ယူနီဖောင်းမှ အေးစက်နေသော သံကြယ်သီးများနှင့် ရိုက်မိသွားပြီး မီးခိုးရောင်ဝတ်ရုံသည် လွှင့်တက်သွားကာ သူ့မျက်နှာကို ဖုံးအုပ်သွားသည်။ ထိုလူသည် သူ့ကို လက်မောင်းများကြားတွင် တင်းကျပ်စွာ ပွေ့ဖက်ထားပြီး စနောက်လိုက်သည်။ 

“ကိုယ်တို့ကို စစ်ဆေးရေးကနေနှောက်ယှက်ချင်တဲ့ ဒါက မိန်းမလှမာယာလား” 

‘မိန်းမလှမာယာ ငါ့ဖင်....’ 

ကျန်းလော့ မျက်လုံးများသည် အနည်းငယ်ကျဉ်းမြောင်းသွားပြီး ယူနီဖောင်းဝတ်သခင်လေး၏ လက်မောင်းကို အားယူကိုင်ကာ မြေပြင်ပေါ်သို့ ကြည့်လိုက်သည်။ သူလဲကျခဲ့သော နေရာတွင် ဘာမှမရှိအောင်ရှင်းလင်းနေပြီး လမ်းသည် အဖုအထစ်လေးပင် ရှိမနေပေ။ သူချော်လဲသည်ဆိုသည်၏ သက်သေတစ်ခုမှ မရှိတော့ပေ။

သို့သော်ကျန်းလော့ကတော့ သူတစ်ခုခုကို ခလုတ်တိုက်သွားသည်မှန်း အလွန်သေချာသည်။ 

ချီယုံသည် ဤလှည့်ကွက်ကို တစ်ကြိမ်အသုံးပြုဖူးသည်။ သူတိ့သူငယ်ချင်းများ ဖြူနီသရဲများနှင့် ရင်ဆိုင်စဉ်က ဤမကောင်းဆိုးဝါးသည် တမင်တကာ လုယုံရိခြေထောက်အောက်တွင် သစ်ကိုင်းခြောက်တစ်ခုထားခဲ့လေသည်။ 

ကျန်းလော့သည် နောက်လှည့်ပြီး ရုတ်တရက်ပြုံးလိုက်ကာ သူ့ခြုံထည်အောက်တွင် ခြေထောက်မြှောက်၍ ပြောင်လက်နေသော ဖိနပ်စီးထားသည့် သောက်ကောင်၏ ခြေထောက်ကို အားကုန်တက်နင်းပစ်လိုက်သည်။ 

“အိုး သခင်လေးရယ် ကျွန်တော်တောင်းပန်ပါတယ်ဗျာ ကောင်းကောင်းမရပ်နိုင်လိုက်လို့ ဟန်ချက်ပျက်သွားတယ်ဗျ” 

ထိုသို့ တက်နင်းပြီးနောက် ဆံပင်အနက်ရောင်နှင့်လူငယ်လေးသည် စိတ်ရင်းဖြင့် အားနာသလို ပြောလိုက်သည်။ 

သူ့တွင် ဆံပင်အရှည်ကြီး ရှိနေသည်ဆိုသော်လည်း တကယ်တမ်းတွင် သူသည် ၅ပေ၉လက်မရှည်သော ယောက်ျားတစ်ယောက်ဖြစ်ပြီး သူ့ခြေထောက်နှင့် အားကုန်တက်နင်းလိုက်သောကြောင့် ထိုသူ၏ခြေချောင်းများ ကျိုးသွားနိုင်သည်။ သို့သော် ယူနီဖောင်းနှင့်သခင်လေးသည် တစ်ချက်မှ မျက်နှာပျက်မသွားပဲ သူ့ဝတ်ရုံကြီးကို အကာအကွယ်ယူ၍ ကျန်းလော့၏နောက်ကျောကို လူများရှေ့တွင် မသိမသာလိုက်ကိုင်စမ်းနေသည်။ 

အနီးကပ်သေချာကြည့်မည်ဆိုလျှင် ထိုလှုပ်ရှားမှုသည် စာတစ်ကြောင်းရေးနေသည်မှန်း မြင်ရပေလိမ့်မည်။ 

“ခါးသေးသေးလေး” 

တိုတောင်းသော စကားလုံးသုံးလုံးသည် ကျန်းလော့ကို လှိုင်းထန်နေသော ပင်လယ်ထဲမှ သင်္ဘောပေါ်မှအခန်းကို ပြန်သတိပေးသလို ဖြစ်သွားသည်။ ချီယုံ၏ချွေးဆို့နေသော နဖူး အသံနိမ့်နိမ့် သာယာ၍ မြူချော့သော သူ့ကို နာကျင်စေသော တမင်တကာ ရည်ရွယ်၍ သူ့နားနားကပ်ပြောသော “ဒီနေရာက ဘာလို့အရမ်းကောင်းနေရတာလဲ” စကားသံများကို ပြန်သတိရလာစေသည်။ 

ချက်ချင်းပင် ကျန်းလော့သည် သူ့နောက်ကျောတစ်ပြင်လုံးကို ပုရွက်ဆိတ်များ လျှောက်ပြေးနေသလို ယားယံတောင့်တင်းသွားတော့သည်။ 

လူငယ်လေး၏ တောင်းပန်နေဟန် မျက်နှာထားသည် တစ်ချက်မှ ပြောင်းမသွားသော်လည်း သူ့ဒူးသည် ချက်ချင်းမြှောက်တက်ျလာကာ ယူနီဖောင်းနှင့်သခင်လေး၏ ကိုယ်အလယ်တည့်တည့်ကို တိုက်ပစ်လိုက်တော့သည်။ ယူနီဖောင်းနှင့်သခင်လေးသည် အနည်းငယ်မျက်နှာနီသွားပြီး သူ့ကိုလွတ်လိုက်သည်။ 

တစ်ချိန်ထဲမှာပင် ချီယုံသည် ကျန်းလော့လက်ကိုဆွဲ၍ သခင်လေးဆိုသူ၏ လက်မောင်းထဲမှ ဆွဲထုတ်လိုက်ကာ သိမ်မွေ့စွာပြောလိုက်သည်။ 

“ကျွန်တော့ဖူးရန်ကို ကယ်ပေးလို့ကျေးဇူးပါဗျာ အခုလွတ်ပေးလို့ရပါပြီ” 

ကျန်းလော့သည် တမင်တကာ လက်ကိုခါပစ်၍ ဒေါသထွက်နေသလို အော်ပြောလိုက်သည်။ 

“မင်းလည်း ငါ့ကိုလိုက်ထိမနေနဲ့” 

ချီယုံသည် ကြောင်အသွားပြီး ရပ်နေခဲ့သည်။ သတိရလာချိန်တွင် ကျန်းလော့သည် သူ့ရှေ့မှ ဒေါကြီးမောကြီး ထွက်သွားပြီဖြစ်သည်။ 

သူသိလိုက်ရတာ နောက်တစ်ခုရှိသေးသည်။ ကျန်းလော့သူ့ကို ပြောသွားသော စကားလံဒးတွင် ချီယုံသည် သူနှင့် မသက်ဆိုင်သော စကားလုံးတစ်လုံးကို သတိထားမိလိုက်သည်။ 

“လည်းပဲ...” 

‘အဲ့ဒီ ‘လည်းပဲ’ ဆိုတာ ဘာကိုဆိုလိုတာလဲ’ 

သေချာပေါက် သူ့ကို တခြားသူတစ်ယောက်ကလည်း ထိကိုင်မှသာ ‘လည်းပဲ’ ဆိုသည့်စကားလုံးထွက်လာမည်ဖြစ်သည်။ 

ချီယုံသည် ထိုစကားအမှားကို လိုက်လံတွေးကြည့်စရာမလိုတော့ချေ။ သူသည် ယူနီဖောင်းဝတ်သခင်လေးကို အနည်းငယ် ခံစားချက်တချို့ပါနေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ 

ယူနီဖောင်းဝတ်သခင်လေးသည် သူ့ကို ပြန်ကြည့်သော်လည်း ကြာကြာမကြည့်ဘဲ ဂရုမစိုက်ဟန်ဖြင့် ကျန်းလော့နောက်သို့ ခပ်သွက်သွက်လိုက်သွားသည်။ 

ဆန့်ကျင်ဘက်တွင် ယူနီဖောင်းဝတ်သခင်လေး၏နောက်မှ ကောဝူချန်ဟန်ဆောင်ထားသော တပ်အရာရှိသည် သူ၏ ဆယ်ကျော်သက်အရွယ်သခင်ဖြစ်သူ၏ အကြည့်ကြောင့် ကျောချမ်းလာသည်။ 

မျက်လုံးခုနှစ်လုံးဗုဓ္ဒ ကောဝူချန်သည် သံသယဖြစ်စရာမလိုစွာ ချီယုံ၏သက်တမ်းအရှည်ဆုံး နောက်လိုက် ဖြစ်သော်လည်း ချီယုံ့ကို အခုထိ တကယ်မသိနိုင်သေးပေ။ သို့သော် ချီယုံ့အကြည့်အချို့၏ အဓိပ္ပာယ်ကိုတော့ ကောင်းကောင်းနားလည်သည်။ ယခု ဆယ်ကျော်သက်ချီယုံ၏ အကြည့်ကိုတော့ သူနားလည်သည်။ 

ထိုအချိန်တွင် ချီယုံသည် ရှေ့မှ နှစ်ယောက်နောက် အမြန်လိုက်သွားပြီဖြစ်သည်။ သို့သော် ချီယုံသည် လူနှစ်ယောက်ကို ကြည့်၍ ကျန်းလော့ဘေးသို့ အမြန်ရောက်အောင် သွားလိုက်သည်။ ထို့နောက် ကျန်းလော့နှင့် ယူနီဖောင်းဝတ်သခင်လေးတို့ကြား အတင်းဝင်ရပ်၍ လူခွဲပစ်လိုက်သည်။ 

အလွန်တင်းမာနေသော လေထုသည် မုန်တိုင်းမလာခင် လေပြေလာသလို ရုတ်တရက်ကြီး တည်ငြိမ်သွားသည်။ သို့သော် ထိုတည်ငြိမ်မှုသည် ကြာရှည်မခံစွာ ကျိုးပဲ့သွားတော့သည်။ 

ခြံဝန်းထဲမှ တစ်စုံတစ်ယောက်သည် ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။ 

“ရေကန်ထဲက အလောင်းတစ်လောင်းရတယ်” 

ထိုနေရာသို့ သွားနေသော အုပ်စုသည် ချက်ချင်းအရှိန်မြင့်လိုက်ပြီး ရေကန်ဆီသို့ အမြန်သွားလိုက်ကြသည်။ 

သူတို့ ရေကန်ဆီသို့ ရောက်သောအခါ ကျန်းလော့သည် ရေကန်ဘေးမှ အလောင်းကို ကြည့်လိုက်သည်။ 

အလောင်း၏လက်သည်းများသည် မြက်များနှင့် ပေပွနေပြီး တောက်ပသောအနီရောင်လက်သည်းနီသည် သတိထားမိလောက်အောင် သိသာထင်ရှားနေသည်။ 

ဤလောကတစ်ခုလုံးတွင် ထိုသို့သော လက်သည်းနီဆိုးနိုင်သူမှာ တစ်ယောက်သာရှိသည်။ ကျန်းလော့သည် အလောင်းနားသို့ မြန်မြန်သွား၍ ဒူးတစ်ဖက်ထောက်ပြီး ထိုင်ကြည့်လိုက်သည်။ အသတ်ခံရသူ၏ မျက်နှာကိုကြည့်ရန် အလောင်းပေါ်မှ ဆံပင်များကို ဖယ်လိုက်ရာ ရင်းနှီးနေသော မျက်နှာကို မြင်လိုက်ရသည်။ 

ထိုသူမှာ ချင်းယွင်ဖြစ်သည်။ 

ချင်းယွင်မျက်လုံးများသည် ပြူးကျယ်စွာပွင့်နေပြီး သေဆုံးနေသည်။ သူမအဝတ်အစားများသည် စုတ်ပြဲနေကာ အသားအရည်ပေါ်တွင် ရုန်းကန်သောကြောင့်ကျန်ခဲ့သော ဒဏ်ရာအမှတ်များ မြင်နေရသည်။ 

သူမပါးစပ်သည် ပွင့်ဟနေပြီး သူမဝမ်းဗိုက်သည် ပုံမှန်ထပ် ပိုပူနေသည်။ ကျန်းလော့သည် သူမပါးစပ်ပေါက်ထဲသို့ နှိုက်လိုက်ရာ ရွှံ့များသဲများ ပါးစပ်ထဲမှ ထွက်ကျလာသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူမခန္ဓာကိုယ်ထဲတွင် ရွှံ့များပြည့်နေသောကြောင့်ဖြစ်ပြီး ချင်းယွင်ခန္ဓာကိုယ်သည် အလောင်းပေါ်လာတော့မှာ မဟုတ်ပေ။ ကောင်လေးတစ်ယောက် ရေကန်ထဲဆင်းချိန်တွင် မျက်လုံးပွင့်နေပြီး ရေသရဲကဲ့သို့ နှစ်မြုပ်နေသော ချင်းယွင်ကိုသာ မတွေ့ခဲ့လျှင် ယနေ့တွင် ချင်းယွင်သေဆုံးကြောင်း မည်သူမျှ သိလိုက်မည်မဟုတ်ပေ။ 

ကျန်းလော့သည် မျက်နှာသေဖြင့် မတ်တပ်ရပ်လိုက်ကာ လက်ကိုင်ပုဝါဖြင့် လက်ကို ဖြည်းဖြည်းချင်းသုတ်လိုက်သည်။ 

တွမ့်ကျီသေပြီ တုကောသေပြီ ချင်းယွင်သေပြီ 

အခုသုံးယောက်သေပြီးနေပြီ။ 

သုံးယောက်လုံးသည် သာမန်လူသားများဖြစ်ကြသော ကျောင်းသားလေးယောက်ထဲကသာ ဖြစ်နေသည်။ 

ထိုအချက်သည် ရယ်စရာကောင်းအောင်သိသာနေသည်။ 

‘ဘာလို့ ဒီသုံးယောက်ဖြစ်နေရတာလဲ’ 

ကျန်းလော့သည် ဤသုံးယောက်ဖြစ်နေခြင်းမှာ မရည်ရွယ်ဘဲဖြစ်သွားသည်ဆိုတာကို လုံးဝမယုံပေ။ 

ချင်းယွင်ကို ရှာတွေ့ခဲ့သောကောင်လေးသည် အလွန်ကြောက်လန့်နေပြီး အနားယူရန် သူ့အခန်းသို့ အရင်ပြန်သွားသည်။ 

ယူနီဖောင်းဝတ်သခင်လေးသည် ချင်းယွင်နားသို့လျှောက်သွားပြီး ခေါင်းငုံ့၍ အလောင်းကို စေ့စေ့စပ်စပ်ကြည့်ကာ ရိကျွမ်းတွင် တွမ့်ကျီကိုကြည့်၍ ဆယ်ကျော်သက်ချီယုံပြောခဲ့သော လေသံနှင့်တစ်ထပ်ထဲ ပြောလိုက်သည်။ 

“သနားစရာကောင်းလိုက်တာ” 

ကျန်းလော့သည် ဘေးမှကြည့်နေကြသော အစေခံများ၏ တိုးတိုးပြောနေသံကို ကြားနေရသည်။ 

“ဘယ်လိုလုပ်ပြီးနောက်တစ်ယောက်သေသွားရတာလဲ” 

“နောက်တစ်ယောက်က  ငါတို့တော့မဟုတ်လောက်ပါဘူးနော်” 

“မကောင်းဆိုးဝါးက ချီမိသားစုဝင်တစ်ယောက်ဆိုတာ တကယ်လားမသိဘူးနော်” 

ကျန်းလော့သည် ရုတ်တရက် ယူနီဖောင်းဝတ်သခင်လေးကို လှည့်ကြည့်၍ မေးလိုက်သည်။ 

“ဘယ်လိုထင်လဲ” 

ယူနီဖောင်းဝတ်သခင်လေးက ပြောသည်။ 

“ဟမ် တစ္ဆေသရဲကသတ်လိုက်တယ်ဆိုတာထက် ကိုယ်ကတော့ လူသားတစ်ယောက်ရဲ့ လုပ်ရပ်လို့ထင်တယ်” 

ကျန်းလော့သည် ချင်းယွင်၏ စုတ်ပြဲနေသော အဝတ်အစားများနှင့် ပေါ်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်မှ ဒဏ်ရာဒဏ်ချက်များကို ကြည့်၍ 

“တစ်ယောက်ယောက်က သူမကို မုဒိန်းကျင့်ပြီး ရေကန်ထဲပစ်ချလိုက်တာပဲ ” 

ယူနီဖောင်းဝတ်သခင်လေးသည် ချောမွေ့စွာပြောလိုက်သည်။ 

“တိုက်ဆိုင်လိုက်တာ ကိုယ်လဲ အဲ့လိုပဲ ထင်တာပဲ” 

ချီယုံသည် ထိုနှစ်ယောက်အမေးအဖြေလုပ်နေတာကို ကြည့်ပြီး ကျွဲမြီးတိုလာသသည်။ သူသည် လူအုပ်ကြီးဘက်လှည့်၍ အေးစက်သောအသံဖြင့် 

“ဒီအစေခံနဲ့ အတူတူနေတဲ့သူရှိလား” 

လျန်ရွှီ၏မျက်နှာသည် ဖြူဖျော့နေပြီး ကြောက်လန့်နေသော လိရှောင်းကိုကူ၍ လူအုပ်ကြားထဲမှ ထွက်လာသည်။ သူမသည် ချင်းယွင်ကို ခွင့်မလွှတ်နိုင်သလိုကြည့်၍ မျက်နှာလွှဲလိုက်ပြီး 

“သခင်လေး ကျွန်မတို့နှစ်ယောက်ပါ” 

“မနေ့ညက သူအပြင်ထွက်သွားသေးလား” 

လျန်ရွှီသည် ခနလောက်တွေဝေသွားပြီး ခေါင်းယမ်းပြလိုက်သည်။ 

“ကျွန်မတို့မနေ့ညက နှစ်နှစ်ခြိုက်ခြိုက်အိပ်သွားတော့ သူမထွက်မထွက် မသိလိုက်ပါဘူး” 

ချီယုံက ပြောသည်။ 

“အိမ်တော်ထိန်’” 

အိမ်တော်ထိန်းသည် ဘေးသို့ အမြန်ရောက်လာပြီး ပြောသည်။ 

“သခင်လေး” 

ချီယုံသည် တစ်ခုခုကို အမိန့်ပေးတော့မည်တွင် ရုတ်တရက် လူအုပ်ထဲကိုကြည့်လိုက်သည်။ 

လူအုပ်ကြီးကြားတွင် ရွှေရောင်ငွေရောင်တောက်ပနေသော ဝတုတ်တုတ် ခေါင်းကြီးကြီးနှင့် သခင်လေးတစ်ယောက် ရပ်နေသည်။ ထိုသူသည် အလျင်စလိုလာခဲ့ပုံပေါ်ကာ ဖြူဆုတ်နေပြီး ကြောက်ရွံ့နေသော မျက်နှာနှင့် နေလို့ကောင်း၍ သမမျှတသော ရာသီဥတုကြီးတွင် ချွေးများအလုံးလိုက်စီးကျနေသည်။ 

ချွေးများသည် မျက်နှာမှအဆီများနှင့် ရောနှောသွားကာ စေးကပ်နေပြီး မျက်နှာကို ရွံစရာကောင်းသွားစေသည်။ 

အိမ်တော်ထိန်းကမေးသည်။ 

“သခင်လေးချီထျန် ဒီကိုဘယ်လိုရောက်လာတာပါလဲ” 

ကောင်လေးတစ်ယောက်သည် တိုးတိုးလေးပြောလိုက်သည်။ 

“အဲ့တာ ညနေခင်းထိ အိပ်တာဆိုတဲ့ အိမ်တော်ခွဲက သခင်လေးမို့လား” 

“ငါထင်တာတော့ ဒီက ရုတ်ရုတ်သဲသဲ အသံတွေကြားလို့ တကူးတကလာကြည့်တာပဲ ဖြစ်ရမယ်” 

ချီထျန်သည် မွန်းကြပ်သော အပြုံးဖြင့် ရှေ့တိုးလာပြီး စစ်တပ်ယူနီဖောင်းနှင့် လူနှစ်ယောက်ကိုမြင်သောအခါ သူ့မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာပြီး ယူနီဖောင်းဝတ်သခင်လေးကို ဖော်လန်ဖာပြီး ကိုယ်ကိုကိုင်း၍ နှုတ်ဆက်လိုက်ကာ မျက်နှာလိုအားရပြောလိုက်သည်။ 

“လူကြီးမင်းတို့နှစ်ယောက် ဒီကို သေသူကိုစစ်ဆေးဖို့ လာကြတာလား” 

ယူနီဖောင်းဝတ်သခင်လေးသည် အထင်သေးစွာစိုက်ကြည့်လိုက်ပြီး ဘာမှပြန်မပြောပေ။ 

တပ်အရာရှိသည် လည်ချောင်းရှင်းလိုက်ပြီး မေးလိုက်သည်။ 

“မင်းသိထားတာ တစ်ခုခုရှိလို့လား” 

ချီထျန်သည် ခေါင်းမှ ချွေးများကို သုတ်လိုက်ပြီး မျက်လုံးများသည် ဟိုကြည့်သည်ကြည့်ပြီး ရုတ်တရက် ချီယုံ့ကို မြင်သောအခါ မျက်လုံးများလက်လာပြီး သွားနာသွားသည်အထိ အံကိုတင်းတင်းကြိတ်၍ ချီယုံ့ကို လက်ညှိုးထိုးလိုက်သည်။ 

“မင်းပဲ လူသတ်သမားက မင်းပဲ လူကြီးမင်း ကြည့်ပါ သူက လူသတ်သမားပါ ပြီးတော့ သူကပဲ ဒိတစ်ယောက်ကို ရေကန်ထဲ ပစ်ချလိုက်တာပါ” 

ချီယုံ့မျက်လုံးထဲတွင် အရိပ်အယောင်တချို့ဖြတ်ခနဲပေါ်လာပြီး ချီထျန်လက်ညှိုးကို ဘေးသို့တွန်း၍ ပြောလိုက်သည်။ 

“ငါ့ကိုပြောနေတာလား” 

“ငါက မင်းလို့ပြောရင် မင်းပဲကွ” 

ချီထျန်သည် ချီယုံသူ့ကို ပြန်လှန်ပြောရဲလိမ့်မည်ဟု မတွေးမိသောကြောင့် ဒေါသတကြီး ချီယုံ့ကိုတွန်းပစ်လိုက်ကာ 

“မင်းမဟုတ်ရင် ဘယ်သူဖြစ်မှာလဲ ငါလား” 

“မင်းသူမကို မုဒိန်းကျင့်နေတာ ငါမြင်တယ် ပြီးတော့ သူမကို မနေ့ညက ရေကန်ထဲပစ်ချလိုက်တာ ပြီးတော့လဲ ငါ့ကိုမင်းအတွက် လျှို့ဝှက်ထားဖို့လာတောင်းဆိုသေးတယ် ဒါပေမဲ့ တစ်စုံတစ်ယောက်က မိသားစုထဲကို လာစစ်ဆေးနေပြီဆိုတော့ ငါမင်းအကြောင်း ဆက်ပြီး လျှို့ဝှက်မထားနိုင်တော့ဘူး” 

ချီထျန်သည် ဒေါသပုန်ထပြီး ပြောသည်။

“ဒီနေ့တော့ ငါမှန်တာကိုပဲ လုပ်မယ် ချီအိမ်တော်က သူတိုင်း မင်းဘယ်လောက်ဆိုးဝါးလဲဆိုတာ သိပြီးသာ မင်းဘယ်လိုဟန်ဆောင်နေနေ မင်းက အပြင်ကလို ဟန်ဆောင်ထားတဲ့ပုံအတိုင်းမဟုတ်တာ အားလုံးသိတယ် မင်းမလုပ်ဖူးလို့ ပြောရဲလား ငါ့အသက်နဲ့တောင် ကျိန်ရဲတယ်ကွာ မင်းသူမကို သတ်လိုက်တာ မင်းငါ့ကိုပါ သတ်ပစ်ရင်တောင်  ငါ့စိတ်ကို ပြန်ပြောင်းမှာမဟုတ်ဘူး” 

သူသည် ချီယုံ့ကို ဆက်တိုက်ကြိမ်းမောင်းနေပြီး စကားလုံးတစ်လုံးစီတိုင်းသည် အကြိမ်သန်းပေါင်းများစွာ ကြားခဲ့ဖူးသလို ရင်းနှီးနေသည်။ ထိုနေရာတွင် စုဝေးနေကြသော လူတိုင်း၏ မျက်လုံးများသည် ချီယုံ့ကို စိုက်ကြည့်နေကြသည်။ မယုံနိုင်ကြသူ အချို့က ပြောသည်။

“သခင်လေးက ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုး လုပ်နိုင်မှာလဲ ” 

ထိုသူပြောပြီးသည်နှင့် လူအိုကြီးတစ်ယောက်က ပြန်ပြောသည်။ 

“သခင်လေးချီက ကလေးဘဝတုန်းထဲက ဒီလိုဆိုးဆိုးဝါးဝါးတွေ အများကြီး လုပ်ခဲ့ဖူးတယ်” 

“ငါကြားဖူးတာတော့ သူငယ်ငယ်တုန်းက ပိုက်ဆံလည်းခိုးပြီး လူလည်းသတ်တယ်တဲ့ သူပြောတာတော့ ငယ်ငယ်တုန်းက လေ့ကျင့်ဖို့သရဲတွေလိုလို့ သတ်ခဲ့တာတဲ့ ပြီးတော့လဲ အသက်ငယ်ငယ်လေးနဲ့ မိသားစုတစ်ခုကို သတ်ပစ်ခဲ့တာတဲ့” 

“ဒါက တကယ်ကြီး .................. မကြည့်ရက်စရာပါလား” 

“ပိုဆိုးတာက မင်းငါ့ကိုမေးလို့ပြောပြတာနော် အိမ်တော်ခွဲတွေက တိုက်ရိုက်မျိုးဆက်တွေအပေါ် ကောင်းလွန်းတယ်ကွ တိုက်ရိုက်မျိုးဆက်ရဲ့ သခင်လေးက မကောင်းတဲ့လူမဆန်တဲ့ဟာတွေ အများကြီးလုပ်ခဲ့တာတောင် မိသားစုသခင်ကြီးဖြစ်နေသေးတယ် အဲ့ဒီအိမ်တော်သခင်လေး မကောင်းတာတစ်ခုခုလုပ်တိုင်း အကျိုးဆက်တွေကို အိမ်တော်ခွဲတွေကပဲ လိုက်ရှင်းပေးရတာ  နောက်ပြီး ငါကြားဖူးတာ  သခင်လေးချီက အရင်တုန်းက ................. မိန်းမတွေကို တစ်ကြိမ်မကအောင် သတ်ဖူးတယ်တဲ့” 

“သူ့ပုံစံက သဘောကောင်းတဲ့ပုံနဲ့ ဒါပေမဲ့ တကယ့်တကယ်က အရမ်းကြောက်စရာကောင်းတာပါလား ငါတော့ သူ့နားမသွားရဲတော့ဘူး” 

“အား ဘယ်လိုလုပ်ပြီး သခင်လေးက ဒီလိုလူဖြစ်နေရတာလဲ”

ချီယုံသည် ခေါင်းငုံထားသည်။ 

ဒေါသထွက်လွန်း၍ မီးတောက်မတတ်ဖြစ်နေသော်လည်း ချီယုံသည် ဒေါသထွက်လေ စကားမပြောတော့လေ ဖြစ်လာသည်။ 

အဘယ့်ကြောင့်ဆိုသော် ကျန်းလော့သည်လည်း သူ့ကိုစောင့်ကြည့်နေသည်လေ။ ယူနီဖောင်းဝတ်သခင်လေးသည်လည်း သူ့ကိုဘေးမှ ရပ်ကြည့်နေသည်။ 

လူပုံအလယ်တွင် အင်္ကျီချွတ်၍ ကြောက်မက်ဖွယ်အမာရွတ်များကြောင့် ရုပ်ဆိုးပါသည်ဟူ၍ ဖိအားပေးရပ်ခိုင်းထားသလိုပင်။ 

သူတို့သူ့ကို မည်သို့ ထင်သွားကြမည်နည်း ။ 

ဆယ်ကျော်သက်လေးသည် လူအုပ်ကြီးအလယ်တွင် မတ်တပ်ရပ်နေပြီး လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ အိမ်တော်ခွဲ သခင်လေး၏ သူ့အတိတ်ကို အရောင်ဆိုး၍ တလွှာခြင်းခွာချနေသည်ကို နားထောင်နေကြမည်လား။ 

ချီထျန်သည် ရန်လိုစွာပြောလိုက်သည်။ 

“မင်းငါ့ကိုသတ်မယ်ဆိုရင်တောင် မင်းလုပ်နိုင်တယ် မင်းငါ့ကိုသတ်ရဲလား ချီယုံ မင်းလုပ်ရဲလား” 

သူသည် သူ့နှလုံးသားအောက်ခြေကနေပင် ချီယုံသူ့ကို မထိရဲကြောင်း သေချာသည်။ ချီယုံ့တွင် ကျိန်စာရှိပြီး မသေချင်သေးလျှင် သူ့ကိုလက်လွတ်စပယ် ထိရဲမည်မဟုတ်ပေ။ တိုက်ရိုက်မျိုးဆက်များသည် အိမ်တော်ခွဲများကို နာကျင်အောင် မလုပ်နိုင်ပေ။ 

ချီထျန်သည် ချီယုံက သူ့စကားကို ခေါင်းငုံ့ခံနေသည်ကို ကျေနပ်အားရစွာကြည့်လိုက်သည်။ 

သူကလေးတုန်းထဲကပင် သူလုပ်သမျှ အရာအားလုံးကို ချီယုံ့အပေါ်ပုံချခဲ့သည်။ 

တစ်ခုခုပြဿနာဖြစ်လာလျှင် သေးသေးကြီးကြီး ချီယုံ့အပေါ်ပုံချရမည်ဆိုတာကို သူတင်မဟုတ်ဘဲ ချီမိသားစုအိမ်တော်ထဲမှ ရှစ်ဆယ့်ကိုးနှစ်အရွယ်လူကြီးများမှအစ ငါးနှစ်အရွယ်ကလေးအဆုံး အားလုံးသိကြသည်။ 

အမှားလုပ်မိတာ ချီယုံ လူသတ်ခဲ့တာ ချီယုံ ယခု လူတွေသတ်သည့် ကိစ္စတွင်လည်း တရားခံသည် ချီယုံသာဖြစ်သည်။ 

ချီထျန်သည် ယခုအချိန်တွင် ဤကိစ္စကို စိတ်ပူစရာမလိုတော့သလို ခံစားလိုက်ရသည်။ ယခု သူတွေးရမည်မှာ တခြားတစ်ခုဖြစ်သည်။ ဒီည ညစာဘာလဲဆိုတာမျိုးနှင့် ဆောင်ကြာမြိုင်မှ အလှမယ်များက သူ့အကြောင်းတွေးနေရဲ့လား ဆိုတာရယ် ဖြစ်သည်။ 

ယူနီဖောင်းဝတ်သခင်လေးသည် သူ့ရှေ့မှ မြင်ကွင်းတစ်ခုလုံးကို အေးစက်သော မျက်လုံးများဖြင့် အစအဆုံးသေချာရပ်ကြည့်နေသည်။ 

သူ့မျက်လုံးထဲတွင် တုန်လှုပ်ယိမ်းယိုင်သည့် အရိပ်အယောင်တစ်စက်မှမရှိပဲ သူ့အမြင်အာရုံအလုံးစုံသည် လူအုပ်ကြီးအလယ်တွင် မတ်တပ်ရပ်နေသော ဟိုးအတိတ်က သူ့ကြုံခဲ့ရသည်နှင့် တစ်ထပ်ထဲတူညီစွာ ကြုံတွေ့နေရသော သူမဟုတ်သည့် ချီယုံ့ထံတွင်သာ ရှိနေသည်။ 

#######################