Ch 136
Viewers 8k

အပိုင်း (၁၃၆) 


ကိုယ့်ကိုယ်ကို ပြန်ရှာဖွေရပြီ 

ကျန်းလော့သည် ရေကန်ထဲတွင် တစ်နာရီလုံးလုံး စိမ်နေခဲ့သည်။ တစ်နာရီကြာပြီးနောက် ရေကန်ထဲမှ ထွက်လာကာ တာအိုဆရာတော် ဝေ့ဟယ်လှမ်းပေးလာသော သဘက်ကို ယူလိုက်သည်။ တာအိုဆရာတော် ဝေ့ဟယ်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ 

“ဘယ်လိုနေလဲ” 

ကျန်းလော့သည် သူ့တစ်ကိုယ်လုံးမှ ပင်ပန်းညောင်းညာမှုများ ပျောက်သွားသလို ခံစားရသည်။ သူ့စိတ်သည်လည်း သန့်ရှင်းသွားသလို ယခု အလွန်လန်းဆန်းနေသည်။ သူ့ခန္ဓာကိုယ်မှ ရေစက်များကို သဘက်ဖြင့် သုတ်နေသည်။ တာအိုဆရာတော်ဝေ့ဟယ်သည် သူ့ကိုစကားပြောရာတွင် အရင်ကထက်ပိုပြီး ပျော့ပြောင်းလာသော်လည်း သူ့တွင် ပြန်ပြောချင်စိတ်ရှိမနေပေ။ 

“မဆိုးပါဘူး” 

ကံကြမ္မာယုံသူသည် အပြုံးတစ်ခုဖြင့် 

“ပြန်သွားတော့” 

ကျန်းလော့သည် အဝတ်များပြန်ဝတ်လိုက်ပြီး သူတို့နှင့်အတူ ပြန်သွားလိုက်သည်။ စိမ်းလန်းစိုပြေသော တောင်မြင်ကွင်းကို လမ်းတလျှောက် မြင်နေရသော်လည်း သူ့နှလုံးသားသည် နည်းနည်းမှ မလှုပ်ရှားသွားပေ။ 

ကံကြမ္မယုံသူက မေးသည်။ 

“အပြင်ဘက်မှာက ဘယ်နေရာဖြစ်ဖြစ် နှင်းတွေကြီးပဲ အခုထိကို နှင်းကျနေသေးတယ် ဒီမှာတော့ မြက်နုလေးတွေနဲ့ စိမ်းစိုနေတာပဲ မင်းဒီရှုခင်းကို ကြိုက်လား” 

ကံကြမ္မာယုံသူ၏ စကားကြောင့် ကျန်းလော့သည် ပတ်ပတ်လည်မှ ရှုမျှော်ခင်းကို လိုက်ကြည့်သည်။ ဤသို့သော လှပပြီး သာယာသော မြင်ကွင်းကို သေချာပေါက် သဘောကျခဲ့ပါသော်လည်း ယခု မည်သည့်ခံစားချက်မှ ရှိမနေပေ။ ထို့ကြောင့် သူသည် စိတ်ဝင်စားမှုမရှိစွာ ပြန်ဖြေလိုက်သည်။ 

“အဆင်ပြေပါတယ်” 

ထိုစကားနှစ်ခွန်းပြောထွက်သွားသည်နှင့် ကျန်းလော့သည် သူ့ကိုယ်သူတစ်ခုခုမှားနေကြောင်း အာရုံခံမိလိုက်သည်။ 

သူ့စိတ်အခြေအနေနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတာလား 

ဒါကြီးက အရမ်းကို ယဉ်ကျေးမှုမရှိသလိုမျိုး ပြန်ဖြေလိုက်မိတာမဟုတ်ဘူးလား 

ကျန်းလော့သည် ချီ(ချီယယ်)မိသားစုနှင့် ချီ(ချီယုံ)မိသားစုတို့လုပ်ခဲ့သော ညစ်ညမ်းသော ကိစ္စများကို ပြန်တွေးကြည့်သော်လည်း သူတို့ကို ဖျက်ဆီးပစ်ချင်သော ခက်ထန်မုန်းတီးမှုများသည် လုံးဝပျောက်ကွယ်သွားပြီး သူသည် အရာအားလုံးကို ခဝါချလိုက်မိသလို ခံစားရသည်။ သူသည် လုယုံရိနှင့် ယယ်ရွှင်တို့ အကြောင်း၊ ဖုန်းလီနှင့် ကျိယောင်ဇီတို့အကြောင်း တွေးကြည့်သော်လည်း သူ့ခံစားချက်များသည် ထိုလူများကြောင့် နည်းနည်းမှ ခံစားချက်မရှိသလို ဖြစ်နေသည်။ 

အဆုံးတွင် ချီယုံ့အကြောင်းတွေးမိကာမှ ကျန်းလော့စိတ်ခံစားချက်များသည် ပြင်းပြစွာ လှုပ်ရှားသွားပြီး လှိုင်းထန်နေသည်။ ထိုအချက်ကြောင့် သူ့ကိုယ်ပေါ်တွင် တစ်ခုခုတော့ မူမမှန်ကြောင်း သိနေသည်။ သို့သော် ထိုမူမမှန်ဖြစ်နေမှန်း သိတာတောင် သူ့စိတ်သည် လှုပ်ရှားမသွားပေ။ 

သူ့ကိုယ်ပေါ်တွင် မကောင်းဆိုးဝါးချန်ထားခဲ့သော အညစ်အကြေးများကို ဆေးကြောပစ်ခြင်းပဲ မဟုတ်လောက်ပဲ သူ၏ နက်နက်ရှိုင်းရှိုင်း ဖုန်းကွယ်ထားသော ဆိုးယုတ်သော စိတ်ဆန္ဒများနှင့် လောဘမောဟတို့ကိုပါ ဆေးကြောလိုက်ဟန်တူသည်။ 

သူခံစားရသော အကြောင်းပြချက်များသည် ထင်ရှားပေါ်လွင်နေသော်လည်း သူ့စိတ်သည် ရေသေကဲ့သို့ တည်ငြိမ်နေကာ မည်သည့် လိုအင်ဆန္ဒမှမရှိတော့ပေ။ 

ကျန်းလော့သည် သာမန်အခြေအနေတွင် သူမည်သို့ ခံစားရသည်ကိုတော့ ကောင်းကောင်းကြီးမှတ်မိသည်။ သို့သော် ယခုအချိန်တွင် ထိုသာမန်စိတ်အခြေအနေကို လုံးဝပြန်မတွေးကြည့်ချင်နေပေ။ 

သူ့နောက်တွင် တာအိုဘုန်းတော်ကြီး ဝေ့ဟယ်နှင့် ကံကြမ္မာယုံသူတို့သည် အတူတကွ လမ်းလျှောက်လာကြသည်။ တာအိုဘုန်းတော်ကြီး ဝေ့ဟယ်သည် ကျန်းလော့နောက်ကျောကို ကြည့်နေပြီး အကြာကြီး တွေဝေနေပြီးမှ စကားစလာသည်။ 

“ရေပူစမ်းရဲ့ အစွမ်းသတ္တိကို ပိုအားကောင်းလာအောင် သခင်ကြီးရဲ့သွေးကို ရေပူစမ်းထဲထည့်လိုက်တာလား အဲ့ဒီအစွမ်းက ကျန်းလော့တစ်ခါလေးစိမ်တာနဲ့တောင် တစ်လလောက်သူ့ကိုယ်ပေါ်မှာ ကျန်နေတော့မှာ ဒီနေ့လိုမျိုး နောက်ထပ် အကြိမ်နည်းနည်းစိမ်လိုက်ရင် သူက လုံးဝကို တခြားလူတစ်ယောက်လို ပြောင်းလဲသွားလိမ့်မယ်” 

အကယ်၍ မင်းရဲ့ လိုအင်ဆန္ဒများနှင့် ဆိုးယုတ်သော အတွေးများပျောက်ဆုံးသွားလျှင် သင်သည် တစ်လောကလုံးအတွက်ကျယ်ပြန့်သော နှလုံးသားရှိသော်လည်း ကမ္ဘာပေါ်မှ အရာအားလုံးကို လစ်လျူရှုထားနိုင်သော ကံကြမ္မာယုံသူကဲ့သို့ လူဖြစ်သွားနိုင်သည်။ 

တာအိုဆရာတော်ဝေ့ဟယ်သည် လျန်ရွှီနှင့် တခြားကလေးများနှင့် အသက်တူသော ငယ်ရွယ်သေးသော ကျန်းလော့ကို ဤသို့လုပ်လိုက်ခြင်းသည် ကောင်းလားဆိုးလား မသိတော့ပါချေ။ 

သူ့အဖြစ်က အသက်ကြီးလာသည်နှင့် နောက်မျိုးဆက်များကို နူးနူးညံ့ညံ့ကလေးများအဖြစ်သာ မြင်လာသောကြောင့် တာအိုဆရာတော် ဝေ့ဟယ်သည် သက်ပြင်းချလိုက်သည်။ 

“ဒါကြီးက အရမ်းမစောလွန်းနေဘူးလားဗျာ” 

ကံကြမ္မာယုံသူသည် နှေးကွေးအေးဆေးစွာ ပြောလိုက်သည်။ 

“ကောင်လေးရဲ့ တဏှာစိတ်က အရမ်းကြီးလွန်းနေတယ် ပြီးတော့ ဒီအချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာတာဆိုတော့ သန့်ရှင်းပေးလိုက်ရမှာပေါ့” 

တာအိုဆရာတော် ဝေ့ဟယ်က ပြောသည်။ 

“တောင်အောက်ကနေရောက်လာတဲ့ သတင်းတော်တော်များများ ရှိတယ် တချို့ပြည်နယ်ကိုယ်စားလှယ်ဌာနတွေက ချီမိသားစု(ချီယုံ)ကို စုံစမ်းနေကြပြီ ပြီးတော့ အဲ့ကနေ တော်တော်များများ ရှာတွေ့တာတွေလည်း ရှိတယ်တဲ့ ထျန်းရှိဖူကလည်း ဘာဖြစ်တယ်မသိဘူး ချီ(ချီယယ်)မိသားစုနဲ့ ချီ(ချီယုံ)မိသားစုတို့နဲ့ ပြတ်ပြတ်သားသားကို စည်းတားပစ်လိုက်တာ ကျွန်တော်ကြားတာတော့ ကောင်းကင်သခင်ဖုန်းက တော်တော်ကြီးပေါက်ကွဲသွားပြီး လုံးဝမပတ်သတ်ရဘူးဆိုတဲ့ အမိန့်ထုတ်လိုက်တာတဲ့ဗျာ” 

“အာ ဟုတ်သား ပြီးတော့လဲ ကျိုးကျုံးယွီဆိုတဲ့လူကလည်းဗျာ သူ့သမီးအတွက်နဲ့ ကောင်းကင်သခင်ဖုန်းနဲ့ တစ်ဖက်ထဲရပ်ပစ်လိုက်တယ် သူပြောတာတော့ ချီ(ချီယယ်)မိသားစုနဲ့ ချီ(ချီယုံ)မိသားစုတို့က သူ့သမီးနဲ့ သူ့သမီးရဲ့ အတန်းဖော်ကလေးတွေကို ဒုက္ခပေးဖို့လုပ်လို့တဲ့ ” 

“သူတို့ပဲ လုပ်တာမဟုတ်ဘူးနော် ပိုင်ဟွားတက္ကသိုလ်ကလည်း အဲ့ဒီနှစ်မိသားစုကို ရွှမ်လင်းစစ်ဆေးရေးရုံးတော်ကို တိုင်ကြားထားသေးတယ်တဲ့ ရုံးတော်ရဲ့ အထက်တန်းစီရင်ရေးဌာနက သခင်ကြီးကို သိပြီး သခင်ကြီးက ဒီမိသားစုနှစ်စုကို ကာကွယ်ပေးထားတုန်းလား သိချင်နေကြတယ် သူတို့က တကူးတက သခင်ကြီးအတွက် ရုံးတော်လျှောက်လဲမဲ့ ရက်ကို နောက်ဆုတ်ပေးထားတယ်” 

တာအိုဆရာတော်ဝေ့ဟယ်သည် အိတ်ကပ်ထဲမှ စာတစ်စောင်ကို ထုတ်လိုက်ပြီး ကံကြမ္မာယုံသူကို ပေးလိုက်သည်။ 

“သူတို့က မိသားစုနှစ်ခုက သူတို့ကိုယ်ကျိုးအတွက်လုပ်တာလား ရွှမ်ရွှီအဖွဲ့အစည်းအတွက်လုပ်တာလားဆိုတာ သိချင်နေကြတယ် ပြီးတော့ ရွှမ်ရွှီလောကအတွက်လုပ်တာဆိုရင် ရုံးတော်က မိသားစုနှစ်ခုကို အပြစ်ယူရင်တောင် အာမခံနဲ့ လွတ်ပေးပြီး ရွှမ်ရွှီအဖွဲ့အစည်းရဲ့ အကျိုးအတွက်လုပ်တာဆိုတဲ့ အကြောင်းပြချက်နဲ့ ပိုင်ဟွားတက္ကသိုလ်ကို ရုံးတင်စစ်ဆေးရက်ကျရင် သေချာမစုံစမ်းပဲ တိုင်ကြားမှုနဲ့ ပြစ်တင်ရှုံ့ချပါမယ်တဲ့” 

ကံကြမ္မာယုံသူသည် သူကမ်းပေးသော စာကို မယူပဲ နူးညံ့စွာပြောလိုက်သည်။ 

“ဘာမှ ကာကွယ်စရာမလိုဘူး ပြီးတော့ သူတို့ ဒီတစ်ခေါက်လုပ်ခဲ့တာ ကျုပ်ကို နည်းနည်းဒေါသထွက်စေတယ်” 

“သူတို့က ကျုပ်သတ်မှတ်ထားတဲ့ စည်းကို ကျော်လိုက်တာပဲ” 

ကံကြမ္မာယုံသူသည် နူးညံ့တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။ 

“ကျုပ်ပြောခဲ့တယ် ကျန်းလော့ကို မထိခိုက်စေနဲ့လို့ ဒါပေမဲ့ သူတို့ အခုဘာလုပ်ခဲ့လဲ သူ့တို့မျက်လုံးထဲမှာ ရွှမ်ရွှီလောကရဲ့ အနာဂတ်ဆိုတာ မရှိတော့ဘူး သူတို့က အခုဘာမှ အသုံးမဝင်တော့တဲ့သူတွေ ဖြစ်သွားပြီ” 

တာအိုဆရာတော် ဝေ့ဟယ်သည် ကံကြမ္မာယုံသူ အဆုံးထိပြောပြီးသည်အထိ သေချာနားထောင်နေသည်။  

“သူတို့ကို ပစ်ထုတ်လိုက်တော့” 

ကံကြမ္မာယုံသူပြောသော ပုံစံသည် ပုရွတ်ဆိတ်တစ်ကောင်ကို တောက်ထုတ်ပစ်သလို အမှိုက်အိတ်ကို ပစ်ထုတ်လိုက်သလို ပြောတာဖြစ်သော်လည်း ကံကြမ္မာယုံသူ၏ အသံသည် နည်းနည်းလေးမှ မပြောင်းလဲသွားပေ။ 

“ဟုတ်ကဲ့ပါ” 

တာအိုဆရာတော် ဝေ့ဟယ်သည် တုန်ယင်နေသော နှလုံးသားဖြင့် ပြန်ဖြေခဲ့သည်။ 

....................... 

ကျန်းလော့သည် သူ့အခန်းသို့ ပြန်လာသည်?။ 

သူသည် အိပ်ရာအစွန်တွင် ဝင်ထိုင်ပြီး ဂွမ်းကပ်အောက်မှ စိုနေသော အဝတ်အစားများ မလဲရသေးပေ။ 

အဝတ်အစားများသည် အေးခဲတောင့်တင်းလာပြီဖြစ်ပြီး အပေါ်ဝတ်များကလည်း နွေးထွေးမှုမပေးနိုင်တော့ပေ။ ကျန်းလော့လက်ဖမိုးများသည် ဖြူဆုတ်နေပြီဖြစ်ပြီး သူ့နှုတ်ခမ်းများသည် အေးလွန်းသောကြောင့် ခရမ်းရောင်ပင်ပြောင်းနေပြီဖြစ်သည်။ 

သို့သော် ယခုအချိန်တွင် ကျန်းလော့သည် အေးနေတာကို အာရုံမစိုက်နိုင်သေးပေ။ 

သူသည် ခံစားချက်မရှိသော ကျောက်တုံးကဲ့သလို့ ဖြစ်နေပြိး သူ့မျက်လုံးများသည် အခန်းတစ်ခုလုံးကို အသေးစိတ်လိုက်ကြည့်နေသည်။ 

အခန်းများသည် ပုံမှန်အခန်းများဖြစ်ပြီး မည်သည့်စိတ်ဝင်စားစရာအခန်းအပြင်အဆင်မှမပါဘဲ ပျင်းရိစရာကောင်းနေသည်။ 

သို့သော် ကျန်းလော့သည် သူ့စိတ်ကိုက အခန်းအပြင်အဆင်ကို စိတ်မဝင်စားကြောင်း သိနေပြီး သူ့တွင် သာမန်လူတစ်ယောက်ကဲ့သို့ စိတ်ခံစားချက်များ မရှိတော့တာ သေချာသွားသည်။ 

သိမ်မွေ့သော ရွံမုန်းမှုသည် ကျန်းလော့စိတ်ထဲတွင် မွေးဖွားလာပြီး ကျန်းလော့၏ ရွံရှာမှုသည် ပြင်းထန်လာသည်။ 

သူသည် ယခုကဲ့သို့ဖြစ်နေသော သူ့ကိုယ်သူမုန်းနေသည်။ 

ထို့ကြောင့်သူသည် သူဘယ်တုန်းကမှ မတွေးချင်ခဲ့သော မကောင်းဆိုးဝါးအကြောင်း ကတိုက်ကရိုက်စဉ်းစားတော့သည်။ ထိုရူးသွပ်နေသော မကောင်းဆိုးဝါးကသာလျှင် သူ့ကို စိတ်လှုပ်ရှားလာအောင် လုပ်နိုင်တော့သည်လေ။ 

ကျန်းလော့သည် သူတို့ရင်ဆိုင်တိုက်ခိုက်သော အစောဆုံးအချိန်ကို ပြန်တွေးကြည့်သည်။ မကောင်းဆိုးဝါး သူ့ကို ဆယ့်ရှစ်ခါ သတ်ခဲ့သည်ကို ပြန်တွေးသည်။ သူပြန်မယူရသေးသော သတ်ရန်အကြွေးသုံးခေါက်ကို ပြန်တွေးသည်။ ထို့နောက် သူ့အိပ်ရာပေါ်သို့ ရောက်သွားခဲ့သည့်အချိန်၊ မကောင်းဆိုးဝါးကို အသည်းခွဲခဲ့သည့် အချိန်၊ စိတ္တဇလူသတ်သမားလို ချီယုံ သူ့ကို ချစ်မိသွားသည့်အချိန်နှင့် ရှက်ပြီး ထွက်ပြေးသွားသော ပုံစံတို့ကို ပြန်တွေးကြည့်သည်။ 

ကျန်းလော့သည် ကိုယ့်ကိုယ်ကို ထိန်းချုပ်နေပါသော်လည်း သူ့ကို လွှမ်းမိုးချုပ်ကိုင်ချင်သော မကောင်းဆိုးဝါးကို  သူသည် မကြာခင်အချိန်မှာပင် မကောင်းဆိုးဝါးကို မေ့သွားတော့မည်လား မသိတော့ပေ။ 

 ထက်ရှသော ဓားသွား၊ သွေးစက်များ လည်ပတ်နေသော မီးခိုးငွေ့များ 

ချွေးစများ နှင့် သာယာမှု 

ခံစားချက်များသည် မြင့်တက်လာပြီး ရုတ်တရက် တည်ငြိမ်နေသော စိတ်အခြေအနေကို ချိုးဖြတ်သွားသည်။ 

ကျန်းလော့သည် မျက်မှောင်ကြုတ်သွားပြီး သူ့တစ်ကိုယ်လုံးသည် အချုပ်အနှောင်မှ ပြေလျော့သွားသလို ခံစားလိုက်ရပြီး သူသည် သက်ပြင်းမောကြီးမှုတ်ထုတ်လိုက်ရာ အငွေ့ဖြူဖြူများ ထွက်လာသည်။ 

သူသည် ရုတ်တရက် နောက်လှန်ကျတော့မလိုဖြစ်သွားကာ တစ်ကိုယ်လုံးတုန်လာသောကြောင့် အိပ်ရာပေါ်မှ စောင်ကို ဆွဲ၍ ပတ်ထားလိုက်ရသည်။ 

သို့သော် ကျန်းလော့သည် ခဲသွားမတတ် အေးစက်နေသည်ကို ပထမဆုံးအကြိမ်အဖြစ် သဘောကျမိသွားသည်။ သူ့နှုတ်ခမ်းများသည် ပြာနှမ်းနေပြီး တဆတ်ဆတ်တုန်ယင်နေကာ သူ့ကိုယ်သူပြောလိုက်သည်။ 

“အေးလိုက်တာ  အေးလိုက်တာ အေးတယ် ................” 

“မင်းအေးလာရင် စောင်လိုလာမယ် စောင်ခြုံလိုက်ရင် ရလာမဲ့ ခံစားချက်ကို နွေးထွေးမှုလို့ခေါ်တယ် .............. ” 

သူ့ကိုယ်သူ ဇွတ်အတင်းတွန်းအားပေးနေပြီး ပုံမှန်စိတ်အခြေအနေပြန်ဖြစ်ပြီဆိုတာ သေချာမှ  စိုရွှဲနေသောအဝတ်များကို ချွတ်၍ သန့်ရှင်းပြီးနွေးထွေးသော အဝတ်များလဲလိုက်သည်။ 

ရေနွေးအိုးတစ်အိုး စားပွဲပေါ်တွင် ရှိနေသောကြောင့် ကျန်းလော့သည် ရေနွေးတစ်ခွက်ငှဲ့၍ သောက်လိုက်သည်။ ရေနွေးများ လည်ချောင်းတစ်လျှောက်မှ အစာအိမ်ထဲသို့ ရောက်သွားကာမှ အအေးဓာတ်များပြယ်သွားကာ နွေးထွေးလာတော့သည်။ ကျန်းလော့သည် ရေပူများကို ကြည့်ိလိုက်ပြီး သူ့မျက်လုံးများသည် ငွေ့ရည်ဖွဲ့လာသည်။ သူသည် ကြွေရေခွက်ကို ကိုင်ထားရင်း လူသတ်ချင်မှုနှင့် အမျက်ဒေါသတို့သည် နှလုံးသားအောက်ခြေမှ လှိုက်တက်လာသည်။ 

စောနကအခြေအနေသည် ကြောက်စရာကောင်းလောက်အောင် သူ့ကိုယ်သူမပိုင်တော့သလို ခံစားချက်မျိုးဖြစ်သည်။ 

ကျန်းလော့သည် ပြင်းပြမုန်းတီးသော ခံစားချက်တို့ မြင့်တက်လာပြီး သူ့ကို ဒီအခြေအနေဖြစ်အောင် လုပ်ခဲ့သော ရေကန်အကြောင်းတွေးမိသောအခါ အလွန်စက်ဆုပ်ရွံရှာလာပြန်သည်။ 

သို့သော် ရန်လိုမှုနှင့် ရွံမုန်းမှုသည် နှိမ်နှင်းခံလိုက်ရသလို ချက်ချင်းပေါ်လာပြီး ရုတ်ချည်းပျောက်ကွယ်သွားသည်။ ကျန်းလော့ ခံစားချက်များကို သေချာမသိလိုက်ရသေးခင် လွှတ်မချလိုက်ရသေးခင် သူတို့ဟာသူတို့ပျောက်ကွယ်သွားတော့သည်။ 

ကျန်းလော့သည် သူအပြည့်အဝပြန်ကောင်းသွားတာမဟုတ်မှန်း နားလည်သွားတော့သည်။ 

သို့သော် ယခုအချိန်သည် ဒေါသရှေ့ထားရမည့် အချိန်မဟုတ်သောကြောင့် ကျန်းလော့သည် သေချာစဉ်းစားလိုက်ပြီး ရုတ်တရက် ရှေ့တိုးလိုက်ကာ လက်ကို ဖြည်လိုက်သည်။ 

သူ့လက်ထဲမှ ကြွေခွက်သည် ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျသွားပြီး ခွမ်းခနဲအသံကြားလိုက်ရကာ အစိတ်စိတ်အမွှာမွှာကွဲသွားတော့သည်။ ကျန်းလော့သည် အနည်းငယ်သေးသော အစွန်းနှစ်ဖက် ချွန်ထွက်နေသော ကြွေခွက်အပိုင်းအစကို ယူလိုက်ကာ သူ့ခန္ဓာကိုယ်ထဲတွင် ဖွက်ထားလိုက်သည် ။ ထို့နောက် အခန်းအပြင်သို့ လျှောက်ထွက်သွားလိုက်သည်။ 

သူခြံဝန်းအပြင်ထွက်လိုက်သည်နှင့် တချို့တပည့်များက မေးသည်။ 

“အစ်ကိုကြီး ဘယ်သွားမလို့လဲ” 

ကျန်းလော့သည် သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။

“လမ်းလျှောက်ထွက်မလို့” 

တပည့်များသည် သူ့ကို မတားပဲ သူလျှောက်ထွက်သွားတာကိုပဲ ကြည့်နေကြသည်။ 

ခြံဝန်းအပြင်ဘက်တွင် ရှင်းလင်းနေကာ လျန်အိမ်တော်၏ တပည့်များက ရှင်းလင်းထားပုံရပြီး တခြားနေရာများတွင်တော့ နှင်းထုထူထူကြီး ကျန်ရှိနေသေးသည်။ 

ကျန်းလော့သည် ကျပန်းနေရာရွေးလိုက်ပြီးထွက်သွားသည်။ တော်တော်ဝေးဝေးရောက်သည်နှင့် ဖွက်ယူလာသော ကြွေခွက်အကွဲစကို ထုတ်လိုက်ကာ သူ့လက်ကောက်ဝတ်ကို လှီးလိုက်သည်။ 

ချက်ချင်းသွေးများပန်းထွက်စီးကျလာကာ မြေပြင်ပေါ်မှ နှင်းများပေါ်သို့ ကျသွားတော့သည်။ 

ကျန်းလော့သည် သွေးများ ဆုံးရှုံးသွားသည်ကို ဒီတိုင်း စိတ်ခံစားချက်မရှိစွာ ကြည့်နေပြီး သူ့မျက်နှာသည် နေမကောင်းသူလို ဖြူဖျော့လာရန် အချိန်မကြာခဲ့ပေ။ နှုတ်ခမ်းများ ဖြူဆုတ်လာသော်လည်း မျက်လုံးများကတော့ မီးပွင့်များလို တောက်ပနေသည်။ 

သွေးလွန်ပြီး သေတော့မည့် သေခြင်း၏ ခြိမ်းခြောက်မှုအောက်တွင် ကျန်းလော့၏ ပြင်းပြသော ရှင်သန်ချင်စိတ်သည် အကန့်အသတ်ရောက်သွားသည့် ပြာကျသွားသည့် ဖီးနစ်ငှက်ပြန်ရှင်လာသလို့ ထိုးထွက်လာတော့သည်။ ကျန်းလော့၏လက်များသည် တုန်ယင်နေကာ သူသည် သွေးတိတ်အဆောင်တစ်ခုကို အိတ်ကပ်ထဲမှ ထုတ်လိုက်သည်။ ထို့နောက် ထိုအဆောင်ကို လက်ကောက်ဝတ်မှ ဒဏ်ရာပေါ်သို့ ဖိကပ်လိုက်သည်။ 

နာကျင်နေပါသော်လည်း နှုတ်ခမ်းထောင့်များကတော့ အပေါ်သို့ ကွေးတက်နေသည်မှာ အလွန်ပျော်ရွှင်နေသည့် ကလေးငယ်လေးကဲ့သို့ပင်။ ကျန်းလော့သည် သွေးတိတ်အဆောင်၏ ဒဏ်ရာကို လောင်ကျွမ်း၍ ပိတ်ကာ အမာရွတ်ချန်ထားမည်ကို ဂရုမစိုက်ပေ။ 

သူသည်အပြုံးအကြီးကြီးပြုံးနေပြီး သီချင်းညည်းနေကာ အင်္ကျီလက်ကို ဒဏ်ရာဖုံးအောင် ဆွဲချလိုက်သည်။ သွေးလွန်ခြင်းကြောင့်ဖြစ်လာသော နာကျင်မှုနှင့် မူးဝေခြင်းတို့သည် သူ၏ စိတ်ကောင်းဝင်နေသည်ကို မနှောက်ယှက်နိုင်ပေ။ 

သူကအော်ပင်အော်ပြောလိုက်ချင်နေသည်။

‘ဒါကမှ တကယ့်ခံစားချက်ကွ’ 

အသက်ရှူမဝစွာ မူးဝေနေမှုသည် သူ့ကို သေလုနီးပါးဖြစ်နေစေသောကြောင့် ကျန်းလော့သည် ထိုနေရာတွင် ခနလောက်ထိုင်နေကာ သူ့ကိုယ်သူပြန်ရှာတွေ့သောကြောင့် စီးကရတ်တစ်လိပ်နှင့် ဂုဏ်ပြုလိုက်ချင်သည်။ 

အနည်းငယ်သက်သာလာပြီးနောက် ကျန်းလော့သည် လက်မြှောက်လိုက်ကာ သူ့လက်ကို ကြည့်ပြီး တာအိုဆရာတော် ဝေ့ဟယ်နှင့် ကံကြမ္မာယုံသူတို့ တကယ်လုပ်ချင်နေတကာကို စတင်ပြီး သိချင်လာသည်။

‘သူ့ဆီမှ အညစ်အကြေးများကို ရှင်းလင်းသန့်စင်ခြင်းဆိုတာသည် သူ၏လောဘ မောဟ တဏှာတို့ကို  ဆေးကြောပစ်တာကို ဆိုလိုတာလား ‘

‘သူ့ကို သာမန်ထက်သာလွန်သော တာအိုဘုန်းတော်ကြီး ဖြစ်အောင် လုပ်ချင်နေတာလား’

‘မဟုတ်သေးဘူး ကောကျူကလည်း တာအိုဘုန်းတော်ကြီးပဲလေ ဒါပေမဲ့ သူ့မှာ စိတ်ခံစားချက်ရှိသေးတယ် ပြီးတော့ ဒီကောင်က ချမ်းသာချင်နေသေးတယ်ဟ’ 

ထိုသူနှစ်ယောက် ဘယ်လိုတွေးတွေး ကျန်းလော့သည် ရေကန်ကိစ္စကြောင့် စိတ်ပျက်မိသည်။ 

သူသည် ထိုရေကန်ကို ဖျက်ဆီးပစ်ချင်သော်လည်း ယခုအချိန်တွင် သူ့တွင်ထိုသို့သော အင်အားမရှိသောကြောင့် အကြံအစည်ကို လက်လွတ်လိုက်ရသည်။ ရေကန်ကို ဖျက်ဆီးဖို့ထက် ကျန်းလော့သည် မနက်ဖြန် ဘယ်လိုလုပ်ရမလဲ အရင်စဉ်းစားသင့်သည်။ သူတို့ကို ကြည့်ရတာ ကျန်းလော့ခန္ဓာကိုယ်ထဲမှ အညစ်အကြေးမကုန်မချင်း သန့်ရှင်းပစ်ဖို့ ဆုံးဖြတ်ထားပုံရသည်။ 

ယနေ့တွင် တစ်နာရီသာရေစိမ်လိုက်သော်လည်း ကျန်းလော့ကို တခြားသူတစ်ယောက်နီးနီး ပြောင်းလဲသွားစေခဲ့သည်။ 

ယနေ့တွင် သူ့ကိုယ်သူတစ်ခုခုမှာနေမှန်း သိခဲ့သော်လည်း မနက်ဖြန်ကျရင် သူဘယ်လိုဖြစ်မလဲ သဘက်ခါကျရင်ရော နောက်ထပ် ဆယ်ရက်နေရင်ရော သူဘာဖြစ်သွားလိမ့်မလဲ 

ကျန်းလော့သည် သူဘဝကို ကံကြမ္မာယုံသူကဲ့သို့ (သို့မဟုတ်) လျန်မျိုးနွယ်သားများကဲ့သို့ အလွန့်အလွန်ဖြစ်မလာချင်ပေ။ 

သူသည် သွေးများဖုန်းလွှမ်းနေကာ နီရဲနေသော နှင်းထုကို ကြည့်ပြီး သူ့သွေးများကို ကိုယ်တိုင်ဖောက်ထုတ်၍ သူ့ကိုယ်သူနိုးနေအောင် လုပ်နိုင်သည်။ သို့သော် ခနခနဒီလိုလုပ်၍ သူ့ကိုယ်သူ ရှာဖွေလို့တော့မဖြစ်မှန်း ကျန်းလော့သိသည်။ 

သူ့ခန္ဓာကိုယ်ထဲတွင် သွေးအများကြီးရှိသော်လည်း နောက်တစ်ကြိမ် ဤနည်းလမ်းဖြင့် စွန့်စားလို့မဖြစ်ပေ။ 

မနက်ဖြန်တွင်လည်း ဤသို့ထပ်ဖြစ်လာလျှင် နောက်ထပ် သူ့ရှင်သန်ချင်စိတ်ကို ဆွပေးနိုင်သော သတ်သေခြင်းနည်းလမ်းတစ်ခု ပြောင်းရမည်ဖြစသည်။ ကျန်းလော့သည် ဆက်တိုက် ဦးနှောက်ကိုအလုပ်ပေး၍ တွေးတောနေသည်။ 

သို့သော် မနက်ဖြန်တွင် သူက သူဖြစ်နေပါဦးမလား။ မနက်ဖြန်တွင် သူ့ကိုယ်သူ နှိုးထလာအောင် လုပ်ရန် အသိစိတ်ရှိနေပါဦးမလား။ 

ကျန်းလော့သည် ဖြေးဖြေးချင်း ထရပ်လိုက်သည်။ 

ပြန်သွားမည့်အစား သူ့ကိုယ်သူ တင်းကျပ်စွာ ဖက်ထားလိုက်ကာ သူ့ကိုယ်မှ ထွက်သွားသော သွေးများကို ကြည့်၍ တောင်ပေါ်မှ ဆင်းသွားဖို့ တွေးလိုက်သည်။ 

ထိုသို့ လုပ်လိုက်လျှင် လျန်အိမ်တော်နှင့် ဖုန်းလီတို့၏ ဒေါသကို သွားဆွလိုက်မိနိုင်သော်လည်း သူဂရုမစိုက်ချင်တော့ပေ။ 

သူ့ကိုယ်သူထက် မည်သည့်အကျိုးဆက်ကမှ အရေးမကြီးနို်ငပေ။ 

ကျန်းလော့သည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး လမ်းတစ်ခုရွေးကာ ခေါင်းငိုက်စိုက်ချကာ တောင်အောက်သို့ဆင်းသွားသည်။ 

##############################