အပိုင်း (၁၃၈)
မင်းတောင်းဆိုတဲ့ အချက်တွေ
အိမ်ခြံဝန်းသည် သူတို့ရောက်နေသော နေရာနှင့် နီးနှီးလေးတွင် ရှိနေသည်။ သူပြန်သွားဖို့ ရွေးချယ်ပြီးမှတော့ ကျန်းလော့သည် ထျန်ပိရေကန်နှင့် ပတ်သက်၍ ဘာမှဂရုမစိုက်သလို ဟန်ဆောင်နေရမည်ဖြစ်သည်။ ထို့အပြင် သေချာစဉ်းစားကြည့်လျှင် သူသာ တုံ့ပြန်မှုမရှိ ခံစားချက်မရှိသော ပုံစံဖြင့် တသီးတခြားဖြစ်နေလျှင် မကောင်းဆိုးဝါးကို ကောင်းကောင်းအသုံးချရန် ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ပြီး ကျန်းလော့သည် ကျေကျေနပ်နပ်ကြီး အသုံးချခံမကောင်းဆိုးဝါးလေးကို ထိုင်ကြည့်နေလိုက်မည် ဖြစ်သည်။
သူ့ခံစားချက်များနှင့် သူ၏ စိတ်ထက်သန်ပြင်းပြမှု ခုနှစ်မျိုးကိုလည်း သန့်စင်ဆေးကြောခံလိုက်ရသောကြောင့် မကောင်းဆိုးဝါးကို သူ့စိတ်ဆန္ဒများ တိုးပွားလာအောင် မည်သို့ အသုံးချရမည် မသိတော့ပေ။
မကောင်းဆိုးဝါးကပဲ သူသဘောနှင့်သူ နည်းလမ်းစဉ်းစားပြီး သူ့ကို စိတ်ဆန္ဒတိုးပွားလာအောင် လုပ်မှပဲ ဖြစ်မည်။ ကျန်းလော့သည် ထပ်၍ လမ်းလျှောက် ရပ်သွားပြန်သည်။ သူရပ်လိုက်သောအခါ သူ့နောက်မှ လူတစ်စုသည်လည်း လိုက်ရပ်လိုက်သည်။
ကျန်းလော့သည် သူ့သူငယ်ချင်းများကို ခေါင်းစောင်းကြည့်လိုက်သည်။ သူလမ်းလျှောက်နေသည့် အတောအတွင်းတွင် ကျန်းလော့မျက်နှာသည် မည်သည့်အမူအယာမှ မရှိသလောက် တည်ငြိမ်နေခဲ့သည်။
သို့သော် ကျန်းလော့သည် သွေးများဆုံးရှုံးထားသောကြောင့် ဖြူရော်နေကာ ရှားရှားပါးပါး အားနည်းသည့်ပုံစံဖြစ်နေသည်။ တကယ်တော့ အားနည်းမှုသည် ခုနှစ်ပုံလောက်ကသာ အစစ်အမှန်ဖြစ်ပြီး သုံးပုံလောက်က အတုအယောင်ဖြစ်သည်။ အမြဲလိုလို ယုံကြည်အားကိုးရပြီး သန်မာသောတစ်စုံတစ်ယောက်က ရုတ်တရက်အားနည်းသွားသည်ကို မြင်ရသောအခါ လုယုံရိနှင့် တခြားသူများသည် စိတ်ဖိစီးလာကြသည်။
သို့သော် အကြောင်းပြချက်တချို့ကြောင့် ကျန်းလော့ကို မြင်ရသည်မှာ စတွေ့တုန်းကထက် အေးစက်သွားသလို ခံစားမိသည်။ သူတို့ကို စကားပြောနေသော်လည်း သူ့ပုံစံသည် သူတို့ကို တွေ့လို့ ပျော်ရွှင်နေပုံမရပဲ အကြာကြီး တိတ်ဆိတ်နေသည်။
ထိုအချိန်တွင် ကျန်းလော့က စကားထပ်ပြောလာသည်။
“ဒါနဲ့ မင်းတို့ ကံကြမ္မာယုံသူကို သိလား”
လူတိုင်းသည် အချင်းချင်းနားမလည်သလို ကြည့်လိုက်ပြီး
“................. အနာဂတ်ဟောပြောတဲ့သူတွေကို ပြောတာလား”
ကျိုးမိသားစု၏ ဆက်ခံသူဖြစ်သော ကျိုးကျုံးချိုးပင်လျှင် ထိုသူအကြောင်း လုံးဝမကြားဖူးပုံပေါ်နေကာ သူတို့သည် မတိုင်ပင်ရပါပဲ ဝမ်ယမ်လန်ဘက်သို့ လှည့်သွားကြသည်။ ဝမ်ယမ်လန်သည် သူတို့ထဲတွင် သတင်းအစုံဆုံးသူဖြစ်ပြီး ယခုသူကတောင် ပုံမှန်မဟုတ်စွာ တိတ်ဆိတ်နေသည်။
“ငါအဲ့ဒီလို နာမည်မျိုး တစ်ခါမှမကြားဖူးဘူး အဲ့တာ လူလား”
သူတို့အားလုံး ကံကြမ္မာယုံသူကို မသိကြသော်လည်း ထန်ပိ၏ လေဖြတ်ထားသလို မျက်နှာသေမှ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
ကျန်းလော့သည် ထိုအမူအယာကို ဖမ်းမိလိုက်ပြီး
“ဟုတ်တယ် သူက လူပဲ သူက လွန်ခဲ့တဲ့ နာရီအနည်းငယ်တုန်းက ငါနဲ့အတူတူ ထျန်ပိရေကန်ထဲမှာ ငါနဲ့အတူတူစိမ်ခဲ့သေးတယ်”
“ရေစိမ်ပြီးတော့ ငါတော်တော်လေး လန်းဆန်းသွားတယ်”
ကျန်းလော့သည် သူတို့ကို ပေါ့ပါးစွာကြည့်၍ ပြောလိုက်သည်။
“ဒါပေမဲ့ ငါအခု ဘာကိုမှ သိပ်စိတ်မဝင်စားဘူးဖြစ်နေတယ် ဘာမှလဲ မပြောချင်ဘူးဖြစ်နေတယ်”
သူသည် တကယ်ကြီး အကျင့်စရိုက်ပြောင်းလဲသွားသလို ဟန်ဆောင်ဖို့ ပြင်ဆင်နေသည်။
ကျန်းလော့သည် လုယုံရိတို့ကို သူဘာဖြစ်ခဲ့လဲ မပြောပြချင်ပေ။ ထိုအကြောင်းကို လူသိနည်းလေ ဝေ့ဟယ်နှင့် ကံကြမ္မာယုံသူတို့ သူပုံမှန်ပြန်ဖြစ်သွားကြောင်း မသိရလေအောင် လှည့်ဖြားနိုင်မှာဖြစ်သည်။
သူ့သူငယ်ချင်းများသည် အများကြီး မတွေးနေကြပဲ
“မင်းချမ်းနေလား လည်ပင်းနာနေလား”
“စကားမစပ် မင်းဘယ်လိုဒဏ်ရာရခဲ့လို့ ဒီလောက်သွေးတွေအများကြီးထွက်ရတာလဲ”
ကျန်းလော့သည် စကားအနည်းငယ်ပြောပြီးနောက် ကံကြမ္မာယုံသူ အဖြစ်သို့ ပြောင်းလဲသွားကာ သူ့အသံသည် တည်ငြိမ်သွားပြီး အသံထဲတွင် စိတ်အတက်အကျတစ်ခုမှ မပါဝင်တော့ကာ သူ့စကားလုံးများသည် ဂါရဝတရားနှင့် ပြည့်နှက်နေကာ လူတိုင်းကို လေးစားစွာ ဆက်ဆံနေသည့် အသံအဖြစ်ပြောင်းလဲသွားသည်။
ထန်ပိသည် သူပြောသည့်စကားများကို မှတ်ထားသော်လည်း သူနားထောင်လေ ပိုကြောက်လာလေ ဖြစ်လာသည်။
စိတ်ထဲမထားသော လစ်လျူရှုထားပြီးလျှောက်နေသည့်အချိန်တွင် ထန်ပိသည် အားအကြီးကြီးနှင့် အတွန်းခံလိုက်ရသလို ရုတ်တရက်လွှင့်ထွက်သွားပြီး အိမ်တော်ရှေ့ရှိ အစီအရင်သည် သူ့ကို အိမ်နှင့် မီတာဝေးဝေးအထိ ကြမ်းတမ်းစွာ တွန်းထုတ်ပစ်လိုက်သည်။ ထန်ပိသည် ရင်ဘက်ကို လက်နှင့်ဖိထားကာ တင်းတင်းစေ့ထားသော နှုတ်ခမ်းထောင့်မှ သွေးများ ကျလာသည်။ လုယုံရိသည် အထိတ်တလန့်အော်လိုက်သည်။
“စီကွေး”
ထန်ပိသည် သွေးများကို မြိုချလိုက်ကာ သူငယ်ချင်းများစိတ်မပူစေရန် ပြောလိုက်သည်။
“စီဝမ်ကွေးတွေက အစီအရင်ထဲ ဝင်လို့မရဘူး ဒီတော့ ငါမင်းတို့ကို တောင်အောက်မှာပဲ စောင့်လိုက်တော့မယ်”
ကျန်းလော့က ပြောသည်။
“တောင်အောက်ကို ဆင်းတဲ့လမ်းမှာလဲ အစီအရင်ရှိတယ်”
ထန်ပိက ပြောသည်။
“ရပါတယ် ငါ့မှာ အကြံတစ်ခုရှိတယ်”
သူသည် နောက်လှည့်ပြီး သူ့သခင်ကို ရှာရန် အလောတကြီး ထွက်ခွာသွားသည်။ ကျန်းလော့နှုတ်ခမ်းသည် ကျေနပ်စွာ ကွေးတက်သွားပြီး တစ်ချိန်ထဲမှာပင် သတိပေးလိုက်သည်။
“စီကွေး ငါ့သွေးတွေစွန်းနေတဲ့ နှင်းတွေနဲ့ ရေတွေကို တခြားသူတွေ မတွေ့သွားခင် ရှင်းပေးပါဦး”
ထန်ပိမျက်လုံးများသည် တောက်ပသွားပြီး ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ”
ဒီနေရာတွင် အစီအရင်များစွာ ရှိနေသည်။ သူရော သူ့သခင်ရော အထဲသို့ လုံးဝဝင်လို့မရနိုင်ပေ။ သို့သော် ကျန်းလော့၏သွေးများနှင့်ဆိုလျှင် သူတို့လုပ်လို့ရနိုင်တာအများကြီးရှိသည်။ အနည်းဆုံးတော့ သွေးကိုသုံးပြီး အိပ်မက်ထဲသို့ ဝင်သွားလို့ရသည်လေ။
ထန်ပိပျောက်ကွယ်သွားတာကို ကြည့်နေပြီးနောက် ကျန်းလော့သည် အကြည့်လွှဲလိုက်ပြီး အိမ်ထဲသို့မဝင်ခင် လုယုံရိနှင့် သူငယ်ချင်းများကို သူ့ဒဏ်ရာနှင့်ပတ်သက်ပြီး လုံးဝထုတ်မပြောရန် ပြောလိုက်သည်။
သူတို့ရောက်သည်နှင့် လျန်ရွှီသည် အပျော်လွန်ပြီး ကျိုးကျုံးချိုးကို ထွက်လာပြီးနှုတ်ဆက်သည်။ တာအိုဆရာတော်ဝေ့ဟယ်သည် လူငယ်လေးများကိုထွက်မတွေ့သော်လည်း တပည့်များကို ဧည့်သည်များကို သေချာဂရုစိုက်ရန် ညွှန်ထားသည်။
အိမ်ရှင်တစ်ယောက်အနေနှင့် လျန်ရွှီသည် သူ့တို့ကို အိမ်တော် တဝိုက်လိုက်ပြချင်သည်။ တောင်ထိပ်တွင် ဘာမှကြည့်စရာ လုပ်စရာ များများစားစားမရှိပေ။ ထို့ကြောင့် လျန်ရွှီသည် သူတို့ကို ထျန်ပိရေကန်၏ ရေပူစမ်းငယ်လေးကို လိုက်ပြချင်သည်။ သို့သော် ရှောင်ချန်ရေကန်လေးရှိရာ အနောက်ဘက်ခြံဝန်းသည် ပိတ်ထားပြီး သူတို့ကို ယနေ့တွင် ဝင်ခွင့်မပြုပေ။
ရေပူစမ်းကန်လေးကို အဘယ့်ကြောင့် ပိတ်ထားရလဲဆိုတာ် လျန်ရွှီမသိသောကြောင့် တာအိုဆရာတော် ဝေ့ဟယ်ဆီသို့ ဧည့်သည်များကို ဦးဆောင်ပြီး သွားမေးသည်။
“ဆရာဦးလေး တောင်နောက်က ရေပူစမ်းကန်ကို ဘာလို့ပိတ်ထားတာလဲ”
တာအိုဆရာတော်ဝေ့ဟယ်သည် အေးဆေးစွာ ပြန်ပြောသည်။
“ဒါကို မင်းရဲ့ အစ်ကိုကြီး ကျန်းလော့ကိုပဲ မေးရမှာ သူ့ခန္ဓာကိုယ်ထဲမှ အညစ်အကြေးတွေက များပြားလွန်းလို့ ကြောက်စရာကောင်းနေပြီ ဒီနေ့ ရေပူစမ်းကန်ကို သူသုံးပြီးတာနဲ့ အဲ့တာကို ပြန်ကောင်းလာအောင် ခနအနားပေးလိုက်ရတယ် အဲ့ဒီကန်က မနက်ဖြန် မင်းအစ်ကိုကြီးရဲ့ ခန္ဓာကိုယ်ကို ထပ်ပြီး သန့်စင်ပေးရဦးမှာလေ”
ကျန်းလော့သည် သူ့ကိုယ်သူ စိတ်ထဲမှ ပြောလိုက်သည်။
“သေချာသွားပြီ ငါတော့ မနက်ဖြန် ဒီရွံစရာရေထဲမှာ စိမ်ရဦးမှာပေါ့”
ကျန်းလော့မျက်နှာထားသည် သူတို့စကားဝိုင်းကို စိတ်မဝင်စားသည့် ပုံစံဖြင့် မပြောင်းသွားပေ။ သူ့ပုံစံသည် အရာရာတိုင်းကို လစ်လျုရှုထားပုံနှင့် တူနေသည်။
‘အဲ့တာက အလုပ်ဖြစ်တယ်ဟ....................’
တာအိုဆရာတော်ဝေ့ဟယ်သည် သက်ပြင်းချလိုက်ပြီး သူ့ကို ထပ်မကြည့်တော့ပေ။
လျန်ရွှီသည် ကျန်းလော့က အရေးကြီးသည်ကိုသိသောကြောင့် ရှင်းပြချက်ကိုကြားပြီးသည်နှင့် နောက်ထပ် မေးခွန်းထပ်မမေးတော့ပေ။ သို့သော် သူမသည် ရှောင်ချန်ရေကန်ကိစ္စထက် တခြားအရာများကို မေးချင်နေတာ ရှိသေးသည်။ သူမပုံစံသည် တစ်ခုခုပြောချင်နေတာ ရှိသေးပုံပေါ်သောကြောင့် တခြားသူများသည် အလိုက်တသိ အခန်းထဲမှ ထွက်သွားပေးကြသည်။
ကျန်းလော့သည် ထွက်မသွားခင် သူ့လက်ကို လှုပ်လိုက်ရာ သတိမထားမိလောက်သော အလင်းတစ်ချက်လက်သွားပြီး ကြွက်တစ်ကောင်သည် ထောင့်တစ်ထောင့်မှ မသိမသာဝင်သွားသည်။ တံခါးများ လုံးဝပိတ်သွားပြီး မည်သူမှ မရှိသောအခါမှ လျန်ရွှီကပြောသည်။
“ဦးလေး သမီးနားမလည်တာ တစ်ခုရှိလို့”
တာအိုဆရာတာ်ဝေ့ဟယ်သည် လက်ဖက်ရည်ခွက်ကို အောက်ချ၍ သူမပြောမည့်အကြောင်းကို ခန့်မှန်းမိပုံရကာ မသိမသာ သက်ပြင်းချလိုက်သည်။
“ကောင်းပြီ ပြောကြည့်လေ”
“ဘာလို့ အကြီးအကဲတွေက သမီးတို့ကို ဆေးပညာကလွဲ၍ တခြားအရာတွေကို သင်ယူခွင့်မပြုတာလဲ သမီးတို့က ကအရေးကြုံလာရင် ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်ဘူး ဒီတော့ သမီးတို့ တကယ်ကြီး အသက်အန္တာရာယ်ရှိတဲ့ အခြေအနေမျိုးဆို အသက်ရှင်နိုင်ပါတော့မလား”
မုန်တိုင်းထဲတွင် အန္တာရာယ်ကြုံလာပြီးထဲက လျန်ရွှီသည် ဤကိစ္စကို စိုးထိတ်နေခဲ့သည် ။ အဘယ့်ကြောင့်ဆိုသော် သူမသည် ကူကယ်ရာမဲ့နေချိန်တွင် လျန်မိသားစုသည် အနာဂတ်တွင် နာကျင်ရမည့်အခြေအနေကို မြင်ခဲ့ရသောကြောင့် ဖြစ်သည်။
“ဒီပုံအတိုင်းဆို သမီးတို့လျန်မိသားစု ထျန်ပိရေကန်ကို ဆက်ပြီး ထိန်းသိမ်းနိုင်ပါတော့မလား”
တာအိုဆရာတော် ဝေ့ဟယ်သည် တိတ်ဆိတ်စွာ နားထောင်နေပြီး သူမစကားဆုံးသောအခါ
“လျန်ရွှီ.............”
လူအိုကြီးသည် သက်ပြင်းချ၍ နူးညံ့သည်ထက် နူးညံ့သော အသံဖြင့်
“လာ ဒီဦးလေးနားလာခဲ့”
လျန်ရွှီသည် နှုတ်ခမ်းစေ့လိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
တာအိုဆရာတော် ဝေ့ဟယ်သည် သူမခေါင်းကို ပွတ်သပ်ပေးကာ ကြင်နာစွာ ပြောသည်။
“ဦးလေးရဲ့ အရင်ကစီနီယာတွေနဲ့ ဦးလေးတို့ မျိုးဆက်အပါအဝင်ပေါ့ တစ်ချိန်တုန်းက ဦးလေးတို့ မင်းတို့သင်ရတာတွေထက် အများကြီးသင်ယူခဲ့ရတယ် သူတို့တုန်းက အထက်လမ်းနတ်ဆေးပညာတင်မကဘူး ခန္ဓာကိုသန်မာအောင် ကျင့်ကြံခြင်းအတတ်ပညာနဲ့ ဖူလုရေးဆွဲခြင်းတွေပါ သင်ကြရတာ ပညာရပ်ငါးမျိုးလုံး တတ်မြောက်တဲ့သူက အရမ်းရှားတယ် ပညာရပ်ငါးမျိုးဆိုတာ တောင်တွေအကြောင်း၊ ဆေးပညာ၊ အနာဂတ်ဟောခြင်းအတတ်၊ နက္ခတ်ဗေဒနဲ့ နတ်ဘုရားပင့်ဖိတ်ခြင်းအတတ်ပညာတွေကိုပြောတာ”
“မင်းရဲ့စီနီယာဦးလေး လျန်ပန့်က လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ရွှမ်ရွှီလောကရဲ့ အကျော်ကြားဆုံး ဆရာတစ်ဆူဖြစ်ခဲ့တယ် ”
“ဒါပေမဲ့ အချိန်တွေက မတူတော့ဘူးလေ”
တာအိုဆရာတော် ဝေ့ဟယ်သည် လျန်ရွှီကို ချစ်မြတ်နိုးစွာ ကြည့်ကာ သိမ်မွေ့စွာပြောလိုက်သည်။
“မင်းတို့မျိုးဆက်တွေကျတော့ တခြားပညာရပ်တွေသင်ဖို့ မသင့်တော်ဘူး”
လျန်ရွှီသည် မျက်မှောင်ကြုတ်လိုက်ပြီး
“မသင့်တော်ဘူးလို့ ဘယ်သူက ပြောတာလဲ”
တာအိုဆရာတော် ဝေ့ဟယ်သည် ထိုမေးခွန်းကို ပြန်ဖြေဖို့ ရှောင်လိုက်ပြီး လှည့်ပတ်ပြောလိုက်သည်။
“ဒါပေမဲ့ ကြောက်စရာမလိုဘူး သေခြင်းရှင်ခြင်း အရေးကိစ္စမျိုးကြုံလာရင် မင်းတို့ကို ကာကွယ်ပေးမဲ့လူတွေရှိလာလိမ့်မယ် သူတို့က မင်းတို့ကို သေးသေးလေးတောင် အထိခိုက်ခံရစေမှာ မဟုတ်ဘူး........... အဲ့ဒီအချိန်မှာ ‘လုပ်ကိုလုပ်ရမယ်’ဆိုတဲ့ အချိန်ရောက်လာလိမ့်မယ် ”
လျန်ရွှီသည် လုံးဝနားမလည်နိုင်သောကြောင့်
“ဦးလေး”
တာအိုဆရာတော် ဝေ့ဟယ်က ပြောသည်။
“သွားတော့”
လျန်ရွှီသည် အကြာကြီး မသွားချင်သွားချင် တွန့်ဆုတ်နေပြီးနောက် အခန်းထဲမှ နှေးကွေးစွာ ထွက်လာသည်။ ရွှေရောင်ကြွက်သည် သူမခြေထောက်နားမှဖြတ်၍ သူမနှင့်အတူ တခါးမှ ဖြတ်၍ ထွက်ပြေးသွားသည်။
ကျန်းလော့သည် စကားဝိုင်းတစ်ခုလုံးကို သေချာနားထောင်ခဲ့သည်။ သူ့လက်ချောင်းများသည် ရွှေရောင်ကြွက်၏ခေါင်းကို ချီးကျူးသည့်အနေဖြင့် ပွတ်သပ်ပေးနေပြီး ကြွက်သည် ခနလောက် ဇိမ်ခံကာ စာလုံးများအသွင်ပြောင်း၍ လက်ကောက်ထဲ ပြန်ဝင်သွားတော့သည်။
ကျန်းလော့သည် မျိုးနွယ်ကြီးခြောက်ခုသည် တစ်ခုချင်းစီတိုင်းတွင် လျှို့ဝှက်ချက်အများကြီး ရှိနေကြကြောင်း မထင်မှတ်ထားဘဲ ရှာတွေ့လိုက်သည်။
ထျန်းရှိဖူတွင် ဖုန်းလီ၏မိဘများအကြောင်းသည် တားမြစ်ထားသော အကြောင်းအရာဖြစ်ပြီး ပြန်လည်သုံးသပ်ခန်းများအောက်တွင် လူများကို ချုပ်နှောင်ထားသော အချုပ်ခန်းများရှိနေသည်။
ဗုဓ္ဒဘာသာကျောင်းတွင် ကောဝူချန်သည် ကျောင်းတော်ကို ပုန်ကန်ကာ သူ့ဆရာှနှင့် ဆရာဦးလေးများကို သတ်ပစ်လိုက်သည်။
ချီ(ချီယယ်)နှင့် ချီ(ချီယုံ)မိသားစုနှစ်ခုကတော့ ပြောဖို့မလိုတော့အောင် ကြံရာပါတွဲဖက်များဖြစ်ပြီး ခွဲမရသော မိသားစုနှစ်ခုဖြစ်ကြသည်။
လိုအင်လောဘ လိုအင်ဆန္ဒမျိုး မရှိဟု ထင်ရသော လျန်မျိုးနွယ်တောင်မှပဲ အပြင်လူများသိခွင့်မရှိသော လျှို့ဝှက်ချက်များ ရှိနေသေးသည်။
‘သူတို့အားလုံးက နောက်ကွယ်မှာ ဆက်စပ်မှု ရှိနေမလားမသိဘူး’
ကျန်းလော့သည် ရောက်ရာပေါက်ရာ လျှောက်တွေးနေရင်း နာရီကြည့်လိုက်ရာ နာရီလက်တံသည် ခုနှစ်နာရီကို ညွှန်ပြနေကာ ဆောင်းတွင်းတွင် ခုနှစ်နာရီတွင် မှောင်နေပြီဖြစ်သည်။
အိပ်ရာဝင်ရန် အချိန်ရောက်ပေပြီ
ကျန်းလော့မျက်လုံးများသည် တစ်ခုခုကို မျှော်လင့်စောင့်စားနေသလို လင်းလက်တောက်ပလာကာ အိပ်ရာပေါ်သို့ အေးဆေးစွာ လှဲအိပ်လိုက်သည်။
အိပ်ရာပေါ်သို့ သေချာလှဲအိပ်ပြီးနောက် မှောင်မဲနေသော မျက်နှာကျက်ကို ကြည့်လိုက်ပြီး ပျင်းရိစွာ မျက်လုံးများပိတ်လိုက်သည်။
မကောင်းဆိုးဝါး အခွင့်ကောင်းယူနိုင်သော အချိန်ရောက်လာလေပြီ
အမှောင်ထဲတွင် လူငယ်လေး၏ နှုတ်ခမ်းထောင့်များသည် ခနလောက် ကော့တက်နေကာ ချက်ချင်း အေးစက်သော မျက်နှာသို့ပြောင်းလဲသွားသည်။
သူသတိပြန်ဝင်လာချိန်တွင် သူ့ခေါင်းပေါ်မှ ပန်ကာအသံကိုကြားနေရသည်။
“ခရက် ခရက်”
သူသည် ချက်ချင်း မျက်လုံးဖွင့် မကြည့်သော်လည်း ထိုစိတ်ပျက်စရာအသံသည် သူ့နားထဲတွင် ဆက်တိုက်ကြားနေရသည်။ ပန်ကာအသံအပြင်ကို သူ့ဘေးနားလေးတွင် တခြားလူများ၏ တီးတိုးပြောသံများနှင့် အခြားသော ဆူညံသံများကြားနေရသည်။ ထိုအသံများထဲတွင် လုယုံရိနှင့် ကျိုးကျုံးချိုးတို့၏ အသံလည်းပါသည်။
ချွေးနံ့နှင့် အစားအသောက်အနံ့များ လေထုထဲတွင် ပျံ့နှံ့နေကာ ရောယှက်နေသော အနံ့များသည် ငယ်ရွယ်ခြင်း၏ ပြယုဂ်တစ်ခုဖြစ်ကာ ကျန်းလော့သည် ထိုရနံ့များနှင့် အလွန်ရင်းနှီးနေသည်။
ကျန်းလော့လက်ချောင်းများလှုပ်ရှားသွားပြီး စားပွဲသည် ပြားကပ်နေပြီး ချောမွတ်နေသည်။ သူ့လက်ချောင်းများကို ရှေ့နည်းနည်းတိုးလိုက်သောအခါ စာအုပ်တစ်အုပ်ကို ထိမိသွားသည်။
စာသင်ခန်းထဲသို့ ရောက်နေခြင်းဖြစ်သည်။
ကျန်းလော့သည် နောက်ဆုံးတွင် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူသည် စားပွဲပေါ်မှောက်အိပ်နေရာမှ ထလိုက်ပြီး တွေဝေရှုပ်ထွေးနေသော အမူအယာဖြင့် စာသင်ခန်းထဲကို လိုက်ကြည့်နေသည်။ ရင်းနှီးနေသော မျက်နှာများသည် သူ့ပတ်ပတ်လည်တွင် ရှိနေသည်။ ထိုသူများသည် ယယ်ရွှင်နှင့် တခြားသူငယ်ချင်းများဖြစ်သည်။
သို့သော် သူတို့ကျန်းလော့ကို ကြည့်နေကြသည့်ပုံစံမှာ ရွံရှာနေသော အကြည့်များဖြစ်သည်။ သူတို့သည် နှစ်ယောက်တစ်စု သုံးယောက်တစ်စု စုထိုင်နေကြကာ သူ့ကိုဖယ်ထားကြသည်။ လုယုံရိသည် သူ့ကို အကြိမ်နည်းနည်းလောက် လှည့်ကြည့်သည်။ ထိုသို့သော သဘောထားသည် ယခင်က မူလပိုင်ရှင်ကို သူတို့ဆက်ဆံသော သဘောထားဖြစ်သည်။
သရဲတစ်ကောင်အနေဖြင့် လူများကို အိပ်မက်ထဲတွင် ခြောက်လှန့်ခြင်းသည် သရဲတိုင်းတတ်မြောက်သော သင်စရာမလိုသည့် နည်းလမ်းဖြစ်သည်။ မကောင်းဆိုးဝါးတစ်ကောင်က လူတစ်ယောက်ကို အိပ်မက်ထဲသို့ ဆွဲသွင်းလိုက်သောအခါ အိပ်မက်ထဲမှ မြင်ကွင်းသည် ကျန်းလော့ရွေးချယ်သတ်မှတ်နိုင်တာမျိုး မဟုတ်တော့တာ ပုံမှန်ဖြစ်သည်။
‘လွန်ခဲ့တဲ့ တစ်နှစ်က စာသင်ခန်းထဲကို ပြန်ရောက်လာတာလား’
“ကျောင်းသားတို့”
ရင်းနှီးနေသော အသံနိမ့်နိမ့်သည် အတန်းရှေ့ဆုံးမှ ကြားလိုက်ရသည်။
“မင်းတို့ရဲ့ နောက်ဆုံးတစ်ခေါက် သင်ခန်းစာကို ဆရာစစ်တော့မယ်နော်”
‘ဒီအသံက.............’
ကျန်းလော့သည် မျက်မှောင်ကြုတ်သွားပြီး မော့ကြည့်လိုက်သည်။
မြွေပွေးကဲ့သို့ ကောက်ကျစ်သော မျက်လုံးတစ်စုံဖြင့် အကြည့်ချင်းဆုံသွားသည်။ ချီယုံသည် စမတ်ကျသော ဝတ်စုံတစ်စုံဝတ်ထားပြီး ကျန်းလော့ ရေကန်ထဲပစ်ထည့်လိုက်တာ ကြာပြီဖြစ်သော နှင်းဆီရင်ထိုးကို အံ့ဩစရာကောင်းစွာ သူ့ကိုယ်ပေါ်တွင်ပြန်တွေ့လိုက်ရသည်။ ထိုမျှမကသေးဘဲ မကောင်းဆိုးဝါးသည် ရွှေကိုင်းမျက်မှန်တစ်လက်ကို ဝတ်ဆင်ထားပြီး သူ့လက်ထဲတွင် ဆရာကိုင်ကြိမ်လုံးသေးလေးတစ်ချောင်းကိုင်ထားပြီး အဖြူရောင်လက်အိတ်အသစ်တစ်စုံကို ဝတ်ဆင်ထားကာ တကယ်ကြီး ဆရာတစ်ယောက်နှင့် တူနေသည်။
မျက်မှန်အောက်မှ မျက်ဝန်းတစ်စုံသည် ကျန်းလော့၏ ငေးကြည့်မှုကြောင့် လှိုင်းထန်သွားသလို ဖြစ်သွားသည်။
ပိုင်ဟွာတက္ကသိုလ်တွင် သင်ကြားရေးလက်ထောက် လုပ်ခဲ့သော ချီယုံသည် ဤပုံစံဖြစ်သည်ကို ကျန်းလော့ ပထမဆုံးမြင်လိုက်ရသည်။ သူ့ကို သေချာကြည့်ပြီးသော အခါ ကျန်းလော့သည် အော်ရယ်မိတော့မလို ဖြစ်သွားသည်။
‘သူ့ကိုယ်သူ တကယ်ကြီး လူသားလို့ထင်နေတယ်လို့တော့ ငါ့ကိုလာမပြောနဲ့နော်’
သို့သော် ခံစားချက်မရှိတော့သော သူကဲ့သို့ ဟန်ဆောင်နေသော ကျန်းလော့သည် ချီယုံက သူ့ကို စိတ်မဝင်စားသကဲ့သို့ လုပ်ပြနေသော ချီယုံ့ကို တည်ငြိမ်စွာ ကြည့်နေသည်။ ခန့်ညားသော ဆရာသည် လက်ချောင်းများကို ပုတ်နေပြီး ရှည်လျားပြီး ပေါ့ပါးသော တုတ်ချောင်းကို ကျောင်းသားများကို ကြည့်၍ ဝေ့ယမ်းနေသည်။
သူသည် နူးညံ့စွာ ပြုံးလိုက်သော်လည်း ထိုအပြုံးသည် အန္တာရာယ်ရှိပြီး ထူးဆန်းနေသည်။
“ကျန်းလော့ ဆရာ့ကို နောက်ဆုံးသင်ခန်းစာရဲ့ အဖြေပြောပြ”
အတန်းသားများသည် အခန်းအလယ်မှာထိုင်နေသာ ကျန်းလော့ကို လှည့်ကြည့်ပြီး ကျန်းလော့ထဖြေမည့် အချိန်ကို စောင့်နေကြသည်။ ကျန်းလော့သည် ဖြေးညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး မျက်လွှာချ၍ တည်ငြိမ်သော အသံဖြင့်
“မသိပါဘူး”
“ဘယ်လိုတောင် မသိနိုင်ရတာလဲ”
ဆရာ့အသံသည် တိုးဝင်သွားပြီး သူ့အသံထဲတွင် ခက်ထန်မှု အချို့ကို ခံစားမိစေသည်။
“ဒီကိုလာခဲ့ စင်ပေါ်တက်”
ကျန်းလော့သည် ရပ်တန့်သွားပြီး စင်ပေါ်သို့ တက်ဖို့သွားလိုက်သည်။
သူသည် ချီယုံ့မျက်နှာအပြောင်းအလဲကိုကြည့်၍ သူ့ဘဝတွင် ဤမျှလောက် ပျော်တာမျိုး မဖြစ်ဖူးသလို ကြိတ်ရယ်နေသည်။
မကောင်းဆိုးဝါးနှင့် ဤကဲ့သို့ သိသိသာသာ လစ်လျူရှုသည့် ကစားနည်း ကစားခြင်းသည် သူတွေးထားသည်ထက် ပို၍ ပျော်စရာကောင်းနေသေးသည်။
ချီယုံသည် ကျန်းလော့သူနှင့် နီးလာသည်ကို စောင့်ကြည့်နေသည်။
ယခင်က မီးပွင့်ကဲ့သို့ လင်းလက်ခဲ့ဖူးသော ဆံပင်အနက်ရောင်နှင့် လူငယ်လေး၏ မျက်လုံးများသည် ယခုအချိန်တွင် အေးစက်နေကာ ခံစားချက်မဲ့နေကြသည်။ ထို့အပြင် ကောင်လေးသည် သူလုပ်ခိုင်းတာအကုန် ဘာမှလိုက်လံ ခံစားတွေးတောမနေဘဲ လုပ်ပေးမည့်ပုံဖြစ်နေသည်။
သို့သော် ချီယုံ့ကို ကြည့်နေသော မျက်လုံးများတွင် မမြင်ချိတ်တစ်ခုရှိနေပုံရကာ ချီယုံ၏ စိတ်အာရုံအလုံးစုံကို အပိုင်သိမ်းချင်သော ချီယုံအာရုံတစ်ခုလုံးကို သူသာအပိုင်လိုချင်သော စိတ်ဆန္ဒများ တိုးပွားလာကြောင်း ကာယကံရှင်သာ သိနိုင်သည်။
ထန်ပိသည် ဟွာပိကို ကျန်းလော့သည် ထျန်ပိရေကန်ထဲတွင် ကံကြမ္မာယုံသူနှင့် အတူစိမ်ခဲ့ကြောင်းပြောပြလိုက်သည်။ ထို့အပြင် ဟွာပိကို သူမုန်းသည့် ကျန်းလော့ ထျန်ပိရေကန်ထဲ စိမ်ပြီးနောက် တခြားသူတစ်ယောက်အဖြစ်ပြောင်းလဲသွားကြောင်း ပြောခဲ့သည်။
မကောင်းဆိုးဝါး၏ အပြုံးသည် ပို၍ ခက်ထန်လာကာ သူ့နှုတ်ခမ်းထောင့်များသည် ပိုပိုပြီး မြင့်တက်လာကာ သူ့လက်ချောင်းရှည်ရှည်များသည် စာသင်တုတ်ကို မြှောက်ဆော့နေသည်။ သူ့ပုံစံသည် ဆန်းကြယ်စွာ နတ်ဆိုးဆန်နေသော်လည်း အလွန်ဆွဲဆောင်မှုရှိနေသည်။
သူသည် ကျောက်သင်ပုန်းကို စာသင်တုတ်ဖြင့် အသာထိလိုက်ပြီး ခန့်ညားသော သင်ကြားရေးလက်ထောက်သည် ပေါ့ပါးစွာဖြင့် အသံကိုမြှင့်၍ ပြောလိုက်သည်။
“အရင်က သင်ခန်းစာကို မင်းမဖြေနိုင်မှတော့ ဒီမေးခွန်းရဲ့ အဖြေကို ချရေးလိုက်”
“မင်း ဒီတစ်ကြိမ်မှန်အောင်မရေးနိုင်ရင် ..”
သူသည် အသံကို အရှည်ကြီး ဆွဲ၍ ပြောလိုက်သည်။
“ဒီဆရာက မင်းကို သေချာသီးသန့် သင်ကြားပေးရတော့မယ်”
ကျန်းလော့သည် ကျောက်သင်ပုန်းကို ကြည့်လိုက်သည်။
ကျောက်သင်ပုန်းပေါ်တွင် ထပ်ပေါင်းမေးခွန်းတစ်ခုရှိနေသည်။
“မင်းကို ဆရာက မှန်လောကထဲက ခေါ်ထုတ်ပေးခဲ့တုန်းက မင်းဆရာ့ကို ကတိပေးခဲ့တဲ့ အကြောင်းအရာတွေက ဘာတွေလဲ”
မေးခွန်းအောက်ဘက်တွင် အဖြေရေးရန် နေရာအကျယ်ကြီး ချန်ထားပေးသည်။
အောက်မှကျောင်းသားများထဲမှ မည်သူက လျှာရှည်ပြီး မေးခွန်းကို အကျယ်ကြီး အော်ဖတ်လိုက်သည် မသိပေ။
“ဘယ်အကြောင်းအရာကို .................... ဆရာ့ကို ကတိပေးခဲ့တာလဲ”
“ဟမ် အဲ့တာ ဘာကို ပြောချင်တာလဲ သိချင်လိုက်တာကွာ ဆရာက ကျန်းလော့နဲ့ တစ်ခုခုကို အတူတူညှိနှိုင်းထားတာ ရှိတာလား မသိဘူးရော”
ဤသို့သော ကိစ္စကြီးကို လူများရှေ့တွင် ဖော်ထုတ်ခံလိုက်ရသောအခါ ရှက်ရွံ့ပြီး ဘယ်ကိုပြေးပုန်းရမှန်းမသိ ဖြစ်သွားစေသည်။ မကောင်းဆိုးဝါးက သူ့ခံစားချက်များကို နှိုးဆွဖို့ ကြိုးစားနေမှန်း ကျန်းလော့သိသည်။ မကောင်းဆိုးဝါးသည် သူ့ကို ခံစားချက်ကင်းမဲ့နေသော အခြေအနေမှ ဆွဲထုတ်၍ သူ့ကို ပြဿနာရှာပြီး ပေါက်ကွဲလိုက်စေချင်နေသည်။
သို့သော် မကောင်းဆိုးဝါး ဒီလိုလုပ်လေ ကျန်းလော့သည် ရေသေကဲ့သို့ ခံစားချက်မရှိချင်ယောင်ဆောင်ချင်လေဖြစ်သည်။
အခုမှ အိပ်မက်စမက်တာဖြစ်သောကြောင့် ကျန်းလော့သည် အလျင်မလိုပဲ သူ၏ စနောက်ချင်သော ဉာဉ်ဆိုးလေးကို အလိုလိုက်ထားလိုက်သည်။
သူသည် မေးခွန်းကို ခနလောက်ကြည့်လိုက်ပြီး ချီယုံကသူ့ကို မရေးနိုင်လောက်ဖူးဟု တွေးထားမည်ကိုသိရာ မြေဖြူတောင့်ကို ကောက်ကိုင်လိုက်သည်။
ထို့နောက် မြေဖြူဖြင့် ကျောက်သင်ပုန်းပေါ် ရေးခြစ်နေသံသည် အခန်းထဲတွင် အားအင်ပြည့်ဝစွာ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။
အောက်တွင်ထိုင်နေသော စောနက လျှာရှည်သော ကျောင်းသားသည် သူရေးသမျှကို လိုက်ဖတ်နေသည်။
“ဆရာက မေးတယ် ပြီးတော့ ကျွန်တော် လုပ်တယ် အချစ်ကိစ္စ”
ကျန်းလော့သည် မြေဖြူကို အောက်ချလိုက်ကာ ချီယုံ့ကို ကြည့်ရန် လှည့်လာပြီး သာမန်ကာလျှံကာ ပြောလိုက်သည်။
“ဒါတွေက ဆရာကျွန်တော့်ကို တောင်းဆိုထားတဲ့ အကြောင်းအရာတွေပါ”
#########################