အပိုင်း (၁၆၁)
ကိုယ်ဝန်ဆောင် အမျိုးသမီး
ဒုတိယစည်းမျဉ်းကို ဖတ်ကြည့်ပြီးနောက် ကျန်းလော့အမူအယာသည် အနည်းငယ် ထူးဆန်းသွားသည်။ ထိုစည်းမျဉ်းသည် သူ့ကို အံ့ဩသွားစေပြီး ကာလကြာရှည်စွာ ကံမကောင်းလာသော လူတစ်ယောက်အနေဖြင့် တစ်ခေါက်ပြီး တစ်ခေါက်ကံကောင်းခြင်းတွေ ကြုံလာရသောအခါ သူ့ကိုယ်သူ အနည်းသံသယဖြစ်လာပြီး ကျန်းလော့သည် သူ့ကိုယ်သူ ဒီလောက်ကံကောင်းလိမ့်မည်ဟု မယုံရဲပေ။ ပိုင်ယဲ့ဖုန်းအခန်းထဲမှ တွေ့ကရာကောက်ယူခဲ့သည့် ပစ္စည်းနှစ်ခုက ဤမျှကံကောင်းစေလိမ့်မည်ဟု မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်လာသည်။
သူ့မျက်နှာသည် ထူးဆန်းသည်ထက် ပိုထူးဆန်းလာကာ သူ့အိတ်ထဲမှ ပိုက်ဆံများကို ထုတ်၍ ရေတွက်လိုက်ရာ ဒေါ်လာငါးရာ ရှိသည်။ မများသော်လည်း မနည်းပေ။ သူ့အတွက်သုံးပြီးလျှင် တခြားသူများကို မျှပေးဖို့ကတစ်ယောက်စာသာ ရှိတော့သည်။ သို့သော် သူလှည့်ကြည့်လိုက်သောအခါ စိုင်လောင်အာတစ်ယောက် ပိုက်ဆံအိတ်ထုတ်၍ လူတိုင်းကို ပိုက်ဆံဝေပေးနေသည်ကို မြင်လိုက်ရသည်။
“ပိုက်ဆံမရှိတဲ့သူ ဘယ်သူရှိသေးလဲ ငါ့အိပ်မက်ထဲက ဇာတ်ကောင်က ပိုက်ဆံရှိတယ်လေ အားလုံးအတွက် ပိုက်ဆံထုတ်ပေးလို့ရတယ်”
“.......”
ကျန်းလော့သည် လူတိုင်းမတူညီသော အခြေအနေများရှိကြောင်း သဘောပေါက်သွားပြီး သူ၏ အံ့ဩနေသော စိတ်ကို ပြန်၍ သိမ်းထားလိုက်ကာ သူပိုင်ဆိုင်သည့် ဒေါ်လာငါးရာကို အသာလေး ပြန်သိမ်းလိုက်သည်။ ထို့နောက် စိုင်လောင်အာ ဝေပေးသော စာအိတ်နီကို ဝင်ယူလိုက်သည်။
“မိနစ်နှစ်ဆယ်တိုင်း ဆိုင်တံခါးတွေပွင့်လာပြီး ဆိုင်ပိုင်ရှင်တွေ အပြင်ထွက်လာမယ်တဲ့ ကြည့်ရတာ ဆိုင်ရှင်တွေအားလုံးက လူတွေကို ဒုက္ခပေးမဲ့ သရဲတွေပဲ ဖြစ်ရမယ်”
ကျန်းလော့သည် သူ့ကိုယ်သူတွေးကြည့်လိုက်သည်။
“ဒီတော့ မိနစ်နှစ်ဆယ် မရောက်ခင်ထိ ငါတို့ဘေးကင်းမှာပဲ ဒါပေမဲ့ မိနစ်နှစ်ဆယ်ကုန်သွားတိုင်း ငါတို့ဝင်ကြည့်နေတဲ့ ဆိုင်တွေက တံခါးပိတ်သွားပြီး ဆိုင်ထဲမှာ ရှိတယ် ဝယ်သူတိုင်းကို ဆိုင်ရှင်တွေက သတ်ပစ်လိမ့်မယ် ပြီးရင်သူတို့က ဆိုင်ထဲက ထွက်လာပြီး မောလ်လမ်းပေါ်မှာ ရှိနေတဲ့ လူတိုင်းကို လိုက်သတ်မှာပဲ မိနစ်နှစ်ဆယ်က ပုံသေသတ်မှတ်ထားတဲ့အချိန်ဆိုပေမဲ့ သူတို့ အချိန်စရေတွက်တဲ့အချိန်ကို ငါတို့မသိဘူး ဒီတော့ ငါတို့ဘာဖြစ်မလဲ စောင့်ကြည့်ဖို့ပဲ တတ်နိုင်တော့တယ်”
မောလ်ထဲတွင် နာရီမရှိသော်လည်း ကံကောင်းစွာပင် လူတိုင်းတွင် ဖုန်းရှိကြသည်။ ငွေများ ခွဲဝေပေးပြီးနောက် လူရှစ်ယောက်သည် ချက်ချင်းလူခွဲပြီး သူတို့နှင့် အသင့်တော်ဆုံးဖြစ်မည့် အဝတ်များ ရှာကြရန် ဆိုင်များကို လိုက်ကြည့်ကြသည်။
ဘယ်လိုအဝတ်မျိုးက သင်နဲ့ အသင့်တော်ဆုံးဖြစ်မလဲ
သေချာပေါက် မင်းတို့နဲ့ တော်တဲ့ အဝတ်ပေါ့
ကောကျူသည် ကျိုးကျုံးချိုးနှင့် စိုင်လောင်အာတို့နောက်မှ လိုက်သွားသော်လည်း လမ်းတွင် အမျိုးသားဝတ် ဆိုင်တစ်ဆိုင်ကိုတွေ့ပြီး သူ့အကြည့်သည် ထိုဆိုင်သို့ ရောက်သွားကာ ခြေလှမ်းရပ်သွားတော့သည်။ ဆိုင်အရှေ့ဘက်မျက်နှာစာတွင် ကြည်လင်နေသော မှန်နံရံကြီးရှိကာ နံရံနောက်တွင် ပလက်စတစ် အမျိုးသားအရုပ်ရှိသည်။ ထိုအမျိုးသားမော်ဒယ်အရုပ်သည် သူ့အစ်ကို ကောဝူချန်နှင့် တူနေသည်။
ကောကျူသည် အတွေးနက်နေပြီး ထိုင်းမှိုင်းသွားသလို ဖြစ်သွားသည်။ သူသည် ထိုအမျိုးသားမော်ဒယ်အရုပ်သည် သူ့ကို နှုတ်ခမ်းကွေး၍ ပြုံးပြနေသလို မြင်လိုက်ရသည်။ ထိုအရုပ် ပြုံးလိုက်သောအခါ ကောဝူချန်နှင့် ပိုတူလာလေသည်။ ကောကျူသည် အတွေးထဲမှ နိုးလာပြီး မျက်လုံးများမှိတ်၍ ပြန်ကြည့်လိုက်သောအခါ အမျိုးသားမော်ဒယ်ရုပ်၏ ပါးစပ်ထောင့်တွင် မွန်းကြပ်ဖွယ်အပြုံးတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူသည် ခဏလောက် တွေဝေနေပြီးမှ ထိုအမျိုးသားဝတ် အဝတ်အစားဆိုင်ထဲသို့ ဝင်သွားသည်။
သူ အပါအဝင် ဆိုင်ထဲမှ တစ်ဒါဇင်လောက်ရှိသော ဈေးဝယ်များသည် စိတ်သောကရောက်နေသော အကြည့်များဖြင့် အမျိုးသားဝတ်ပစ္စည်း အရောင်းဆိုင်ထဲတွင် လှည့်ပတ်ကြည့်နေကြသည်။
အခန်းတစ်ဖက်ခြမ်းတွင် ကျန်းလော့၏ လက်ချောင်းများသည် သူ့အတွက် အဝတ်ရှာနေပြီး လုယုံရိနှင့် တစ်ဆိုင်ထဲပင် ဝင်ကြည့်နေသည်။ ဆိုင်ရှင်သည် ကောင်တာနောက်တွင် ထိုင်နေကာ သူတို့၏လှုပ်ရှားမှုတိုင်းကို မြွေပွေးတစ်ကောင်လို သေချာလိုက်ကြည့်နေသည်။
ကျန်းလော့သည် ပထမဆုံးအတန်းကြည့်၍ ပြီးသွားပြီးနောက် ရုတ်တရက် မောလ်ထဲတွင် သတိပေးခေါင်းလောင်းမ်းသံတစ်သံ မြည်သွားသည်။ သူ့ဝိညာဉ်သည်ပင် ရုတ်တရက် တင်းကျပ်သွားသလို ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အပြင်ထွက်သွားကြရသည်။
အမျိုးသားဝတ်အဝတ်အစားများရောင်းသည့် မျက်စောင်းထိုးမှဆိုင်ကို ကြည့်၍ မီးများ ပြတ်သွားသည်။ ဆိုင်ထဲမှ မော်ဒယ်အရုပ်သည် တောင့်တင်းစွာ လှုပ်ရှားလာပြီး ခေါင်းလှည့်လိုက်ပြီး သူ၏ အရုပ်မျက်လုံးများသည် ဆိုင်ထဲမှ ဈေးဝယ်များကို တောင့်တောင့်ကြီး လိုက်ကြည့်နေကြသည်။ ဆိုင်ကောင်တာနောက်တွင် ထိုင်နေသော ဆိုင်ရှင်၏ မျက်နှာတွင် ရက်စက်သော အပြုံးပေါ်လာပြီး ခုံပေါ်မှထပြီး စားပွဲခုံအောက်မှ ပုဆိန်ကြီးတစ်လက်ကို ထုတ်လိုက်သည်။ ဈေးဝယ်များသည် ကြောက်လာပြီး ဆိုင်ရှေ့တွင် ပိတ်သွားသော တံခါးဆီသို့ ပြေးသွားကြကာ အသည်းအသန်ထုပြီး ဖွင့်ခိုင်းနေကြသည်။
“ကယ်ကြပါ”
“တံခါးဖွင့် မြန်မြန်ဖွင့်ပေးပါ”
တခြားဆိုင်များတွင် ရှိနေသော ဈေးဝယ်များသည်လည်း စိတ်ပင်ပန်းစွာ ပိတ်မိနေကြသည်။ ထိုနေရာတွင် ပွဲအကြီးကြီး ဖြစ်နေသလို စည်ကားနေပြီး အခန်းထဲမှ လူများအားလုံး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ကိန်းအောင်းနေကြသည်။ သို့သော် သူတို့၏ ကူပါကယ်ပါ အသံများကို မည်သူကမှ မတုံ့ပြန်ကြပေ။
ကျန်းလော့နှင့် လုယုံရိတို့၏ မျက်နှာသည် အမျိုးသားဝတ်ဆိုင်တစ်ဆိုင်ထဲတွင် ပိတ်မိနေသော ကောကျူကို မြင်လိုက်သောအခါ အလွန် မျက်နှာပျက်သွားကြသည်။ နည်းနည်းမှ မတုံ့ဆိုင်းကြပဲ ပိတ်ထားသော မှန်တခါးကို အပြင်းအထန်ထု၍ အော်လိုက်သည်။
“ကောကျူ”
သို့သော် ထိုမှန်တံခါးသည် စိတ်ကဲ့သို့မာကျောကာ မည်မျှအားကုန်သုံးပြီး ထုနှက်ပါစေ ကွဲထွက်မသွားပေ။ ကျန်းလော့သည် ခေါင်းလှည့်၍ ဆိုင်ရှင်ကို ဒေါသထိန်း၍ အမိန့်ပေးလိုက်သည်။
“တံခါးဖွင့်စမ်း”
သူ့ကို ခြိမ်းခြောက်သော လူသားကို ပထမဆုံးမြင်ဖူးသော ဆိုင်ရှင်သည် နှစ်ကြိမ်လောက် နှာမှုတ်လိုက်ပြီး
“ဒီတံခါးက ငါတို့ ဖွင့်လို့မရဘူး”
ကျန်းလော့သည် ဒေါသဆက်မထိန်းထားနိုင်တော့ဘဲ ကောကျူရှိနေသော ဆိုင်ကိုကြည့်၍ လက်သီးတင်းတင်းဆုပ်ထားသည်။
အမျိုးသားဝတ်အင်္ကျီဆိုင်ထဲတွင် ကော်လူရုပ်နှင့် ဆိုင်ရှင်တို့သည် ဈေးဝယ်များကို ဝိုင်းထားကြသည်။ ကျန်းလော့သည် ကလေးတစ်ယောက်ကို ကာကွယ်ပေးနေသော ကောကျူကို မြင်သောအခါ သူ့ကိုကယ်ရန် ဘာလုပ်ရမှန်းမသိ ဖြစ်လာသည်။ ကောကျူ ကာကွယ်ပေးထားသောကလေးသည် ကြောက်လန့်စွာ ငိုကြွေးနေပြီး ကောကျူကို ဆိုင်ရှင်၏ လက်ထဲမှ ပုဆိန်ရှိရာသို့ တွန်းလွတ်ပစ်လိုက်သည်။
အသားကို ဖြတ်သွားသော ပုဆိန်အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရကာ လေချွန်သံလို ရွှီးခနဲအသံနှင့်အတူ ကောကျူ၏ ခေါင်းသည် တံခါးနားထိ နှစ်ပတ်လောက် လှိမ့်ထွက်သွားသည်။ ကောကျူ၏ ထိတ်လန့်တုန်လုပ်နေသော မျက်နှာသည် ကျန်းလော့အမြင်အာရုံထဲတွင် လုံးဝဆွဲထင်သွားတော့သည်။
ခေါင်းမဲ့ခန္ဓာကိုယ်သည် ဆိုင်ကြမ်းပြင်ကို သွေးများ အိုင်ထွန်းသွားစေသည်။
ကျန်းလော့၏ အမူအယာသည် အေးခဲတောင့်တင်းသွားပြီး သွေးမှုန်များကြားတွင် အော်ဟစ်ငိုယိုနေကြသော ယောက်ျားမိန်းမ ကလေးများကို ငေးကြည့်နေသည်။ ထိုသူများသည် ကယ်ပေးကြရန် အော်ဟစ်နေပြီး အသတ်ခံလိုက်ကြရသောကြောင့် တံခါးနားတွင် တအိအိ လဲပြိုသွားကြသည်။ လုယုံရိသည် မယုံနိုင်စွာ နောက်ဆုတ်သွားပြီး
“ကောကျူ ... သေသွားပြီလား”
ဆိုင်ရှင်နှင့် ကော်ရုပ်တို့သည် သွေးဆာနေကြပြီး လူတိုင်းကို ဆက်တိုက် သတ်ဖြတ်၍ မှန်တံခါးကို သွေးများ ဖုံးလွှမ်းသွားစေခဲ့သည်။ သူတို့ ဆိုင်ထဲမှ လူတိုင်းကို သတ်ပြီးသောအခါ တံခါးပွင့်လာသည်။ ဆိုင်ရှင်သည် ပုဆိန်ဆွဲ၍ အကြင်နာမဲ့သည့် မျက်နှထားနှင့် ထွက်လာကာ ကော်ရုပ်သည်လည်း ဆိုင်ထဲသို့ မဝင်ရသေးသော လူများစွာကို ဒေါသတကြီး လိုက်ကြည့်နေသည်။ ကျန်းလော့လက်များကို ရုတ်တရက် လုယုံရိက တင်းတင်းကျပ်ကျပ် ဆွဲကိုင်လာကာ သူ့အသံသည် တုန်ခါနေသည်။
“ကျန်းလော့ ကျိုးကျုံးချိုးနဲ့ စိုင်လောင်အာတို့ အခုထိ အပြင်ဘက်မှာပဲ ရှိသေးတယ်”
ကျန်းလော့သည် ချက်ချင်း အာရုံပြောင်းသွားပြီး လုယုံရိလက်ညှိုးနောက်သို့ကြည့်လိုက်သည်။ ကျိုးကျုံးချိုးသည် မာန်တင်းထားသော မျက်နှာဖြင့် စိုင်လောင်အာကို ဆိုင်ထဲသို့ ဝင်ရန်လုပ်လိုက်သော်လည်း သူတို့ရွေးမိသော ဆိုင်မှာ အလွန်သေးသောကြောင့် မတတ်နိုင်စွာ နောက်တစ်ဆိုင်ထွက်ရွေးရန် လျင်မြန်စွာ ထွက်ခဲ့ကြသည်။ သူတို့နောက်တစ်ဆိုင်ရှာတွေ့ပြီး ဝင်ရန်လုပ်သောအခါ ရုတ်တရက် သတိပေးခေါင်းလောင်းသံမြည်လာပြန်သည်။
စိုင်လောင်အာသည် ကော်ရုပ်တစ်ရုပ်ထံမှ လွတ်မြောက်ရန် တိုက်ခိုက်နေပြီး သူတို့ဘယ်ဘက်နားလေးမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်သည် ကြီးမား လုံးဝန်းသော ဗိုက်ကြီးဖြင့် အကူအညီအော်တောင်းနေသည်။
“ဖာ့ချ”
ကျိုးကျုံးချိုးသည် အလွန်ဒေါသထွက်နေသည်။
“ဒီလောက်အန္တာရာယ်များတဲ့နေရာကို ကိုယ်ဝန်သည်က ဘာကိစ္စလာရတာတုန်း”
ထိုသို့ပြောပြီးနောက် စိုင်လောင်အာနှင့် သူမတို့သည် ကြောက်လန့်တုန်လှုပ်နေသော ကိုယ်ဝန်ဆောင်အမျိုးသမီးကို အမြန်ပြေးဆွဲပြီး ထွက်ပြေးကြသည်။ သို့သော် ထိုကိုယ်ဝန်ဆောင်အမျိုးသမီးသည် အလွန်နှေးကွေးစွာပြေးနေပြီး ကျိုးကျုံးချိုးသည် သူမကို ဆွဲပြီး အကြမ်းပတမ်း မပြေးဝံ့ပေ။ သူမဗိုက်ထဲမှ ကိုယ်ဝန် တစ်ခုခုဖြစ်သွားမှာ ကြောက်ရွံ့နေသည်။
သူတို့သုံးယောက်တွဲသည် ကော်လူရုပ်တစ်ရုပ်ထံမှ ဖမ်းမိသွားကြသောအခါ နောက်လှန်လဲကျတော့မလို ဖြစ်သွားကြပြီး ကျိုးကျုံးချိုးသည် အံကြိတ်၍ ပြောလိုက်သည်။
“စိုင်လောင်အာ မင်း သူမကိုခေါ်ပြီး အရင်ပြေး ငါမင်းတို့အတွက် အချိန်ဆွဲထားပေးမယ်”
“ကျိုး”
စိုင်လောင်အာ၏ မျက်လုံးများသည် နီရဲလာပြီး ကျိုးကျုံးချိုးကို လှည့်ကြည့်၍ ထွက်ပြေးသွားသည်။ သူသည် သက်ပြင်းချလိုက်ပြီး ကျိုးကျုံးချိုး၏ စတေးခံမှုကို အလဟဿဖြစ်စေလို့ မဖြစ်ကြောင်း နားလည်ထားသည်။ သူ့မျက်ရည်များကို သုတ်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ဆွဲ၍ ဆက်ပြေးသည်။ သူသည် ကြောက်ရွံ့နေသော အမျိုးသမီးကိုလည်း အားပေးကာ
“မကြောက်ပါနဲ့ ကျွန်တော် မင်းကို ကာကွယ်ပေးပါ့မယ်”
“သရဲများ ထွက်လာတာက အချိန်အကန့်အသတ်ရှိတယ် ကျွန်တော်တို့ မြန်မြန်ပြေးနိုင်ရင် လုံခြုံမှာပါ”
ကိုယ်ဝန်ဆောင်အမျိုးသမီးသည် သူ့ကိုမော့ကြည့်လာသောကြောင့် စိုင်လောင်အာသည် သူမကိုပြုံးပြလိုက်သည့် အချိန်တွင် သူမသည် သူ့ကို ရှေ့သို့တွန်းလွတ်ပစ်လိုက်သည်။ စိုင်လောင်အာသည် ကြောင်အစွာ ရှေ့သို့ပစ်လဲသွားပြီး သူ့ရင်ဘတ်ကို ကော်လူရုပ်၏ လက်တစ်ဖက်က ဖောက်ဝင်သွားတော့သည်။
သူသည် ပါးစပ်အပြည့် သွေးများအန်ထုတ်လိုက်ပြီး ပင်လယ်ပြာရောင် မျက်လုံးများသည် နားမလည်နိုင်သော အကြည့်များဖြင့် ရှုပ်ထွေးနေသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် သူ့ကိုတစ်ချက်မှ ပြန်လှည့်မကြည့်ဘဲ လူသားဒိုင်းလုပ်ပြီးသည်နှင့် ချက်ချင်းလှည့်ပြေးသွားသည်။ သူမသည် စိုင်လောင်အာတို့ တွဲထားတုန်းကထက် ပို၍ မြန်မြန်ပြေးသွားသည်။
“အရမ်းနာတာပဲ..”
စိုင်လောင်အာသည် ပါးစပ်အပြည့် သွေးတစ်လုပ် ထပ်အန်ပြီး မျက်ဝန်းပြာလဲ့လဲ့တို့သည် မီးခိုးရောင်ပြောင်းသွားကာ
“ဒီတော့ သေခြင်းတရားက ဒီလိုနာကျင်ရတာပါလား.. အရမ်းနာတယ်”
ဖြည်းဖြည်းချင်း သူ့ခေါင်းသည် အသက်မရှိတော့ဘဲ အောက်စိုက်သွားတော့သည်။ ဆိုင်အပြင်ဘက်တွင် လူများ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံနေရသည်။ ကျန်းလော့သည် ဤရုန်းကန် ပြေးလွှားနေရသော မြင်ကွင်းသည် အလွန်စိတ်လှုပ်ရှားစရာကောင်းကြောင်း တွေ့မြင်သည်။ သို့သော် စိုင်လောင်အာနှင့် ကျိုးကျုံးချိုးတို့ အလောင်းကောင်များ ဖြစ်သွားပုံကို ကြည့်ပြီး အဝတ်ဆိုင်တွင် ခေါင်းဖြတ်ခံလိုက်ရသော ကောကျူကို မြင်ယောင်ကာ သူ့နှလုံးသားထဲမှ နှစ်လိုသည့်လှုပ်ရှားမှုသည် ပြောင်းလဲသွားပြီး သူ့နှုတ်ခမ်းထောင့်များသည် စိတ်ဓာတ်ကျစွာ အောက်သို့ ကုတ်သွားတော့သည်။ သူ့မျက်ဝန်းများသည် ရှေ့သို့ ရှင်းရှင်းလင်းလင်း မမြင်ရတော့အောင် ဝေဝါးလာသည်။
လူသားချင်းစာနာမှု၊ တစ္ဆေသရဲများနှင့် မိစ္ဆာများ ဒါတွေအားလုံးသည် ချီယုံဖြစ်စေချင်သော အနာဂတ်တိုင်းပြည် ဖြစ်သည်။ အကယ်၍ အနာဂတ်သာ ဒီလိုပုံစံမျိုးဆိုပါလျှင် သူ့သူငယ်ချင်းများသည် သူတို့၏ အနစ်နာခံလိုသည့် စိတ်ရင်းအခံကြောင့် အရင်ဆုံး သေကြမည်မှာ သေချာသည်။ လုယုံရိသည် ငိုရှိုက်ရင်း စိတ်ထိန်းကာ ကျန်းလော့ကိုရော သူ့ကိုယ်သူပါ မည်သို့ နှစ်သိမ့်ရမည်မသိ ဖြစ်နေပြီး ထပ်တလဲလဲပြောနေသည်။
“အိပ်မက်ဖြစ်နေတာ ကောင်းတယ် အိပ်မက်ဖြစ်နေလို့ တော်သေးတယ်...........”
‘ဟုတ်တယ် အိပ်မက်ဖြစ်နေတာ ကောင်းတယ်’
‘ဒါပေမဲ့ အိပ်မက် မဟုတ်ဘဲ တကယ် အစစ်အမှန် ဖြစ်လာမယ်ဆိုရင်ရော’
...
နောက်ဆုံးတွင် အပြင်ဘက်တွင် အသက်ရှင်ကျန်သူ တစ်ဦးတည်းသာရှိတော့သည်။ ထိုသူသည် ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်သည်။ ဆိုင်ရှင်သည် ပုဆိန်ကို မြောက်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အပိုင်းပိုင်းဖြတ်ချင်သည့် အပြုံးကြီးဖြင့် ရှေ့တိုးလာသည်။ သို့သော် သူမသည် ကြောက်ရွံ့စွာဖြင့် ဆိုင်ရှင်ကို ကြည့်လိုက်ပြီး ရုတ်တရက် တုန်ယင်လာကာ
“ခဏလေး ဒီမောလ်က ဆိုင်ရှင်တစ်ယောက်က ကလေးတွေကို စားရတာ ကြိုက်တယ်လို့ကြားဖူးတယ် ပြီးတော့ ကျွန်မဗိုက်ထဲမှာ ကလေး ရှိတယ် တကယ်လို့ ရှင်ကျွန်မကို မသတ်ရင် ဒီကလေး မွေးပြီးတာနဲ့ ရှင့်ဆီကို ခေါ်လာပေးမယ် ကျေးဇူးပြုပြီး ချမ်းသာပေးပါ ကျေးဇူးပြုပြီး ချမ်းသာပေးပါ”
ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ဝပ်တွားခယစွာ ဒူးထောက်တောင်းပန်နေသည်။ သူမပုံစံသည် ရှုပ်ပွနေသော ဆံပင်များနှင့် နီရဲယောင်ဖောင်းနေသော မျက်လုံးများကြောင့် သနားစရာကောင်းနေသောလည်း သူမပြောတာ ကြားပြီးနောက် သနားစိတ်တို့ ပျောက်သွားရသည်။
ဆိုင်ရှင်၏ ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများသည် သူမကို စေ့စေ့စပ်စပ်ကြည့်နေကာ ထို့နောက် သူမဝမ်းဗိုက်ကို လောဘတကြီးကြည့်လိုက်ပြီး သူမကို သတ်ရမည်လား အရသာရှိသော ကလေးကို စောင့်လိုက်ရမည်လား စဉ်းစားနေသည်။
သို့သော် သူသေချာစဉ်းစားနေချိန်တွင် မောလ်ထဲတွင် သတိပေးခေါင်းလောင်းသံအကျယ်ကြီး နောက်တစ်ခေါက် ထပ်မြည်လာလေသည်။ ဆိုင်ရှင်သည် ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကြည့်၍ တွန့်ဆုတ်စွာပြောလိုက်သည်။ ထို့နောက် ကျောချမ်းဖွယ်အသံဖြင့် သတိပေးလိုက်သည်။
“ကလေးမွေးပြီးတာနဲ့ ကျုပ်ကိုလာပေးဖို့ သတိရ”
ကိုယ်ဝန်ဆောင် အမျိုးသမီးသည် ပျော်ရွှင်စွာ ပြုံးလိုက်မိပြီး သူပါးစပ်ကို အုပ်၍ အထပ်ထပ်အခါခါ ခေါင်းညိတ်နေသည်။ ဆိုင်ရှင်နှင့် ကော်လူရုပ်တို့သည် အမျိုးသားဝတ်များ ရောင်းသည့်ဆိုင်ထဲသို့ ပြန်ဝင်သွားကြသည်။ ဆိုင်ရှင်သည် ပုံမှန်အတိုင်း ကောင်တာနောက်တွင် ဝင်ထိုင်ပြီး ကော်လူရုပ်သည်လည်း သူရပ်ရမည့်နေရာတွင် ဝင်ရပ်နေလိုက်ကာ အရင်ကနှင့် ဘာမှ မခြားနား ဘာမှဖြစ်မသွားသည့်နှယ်။
အမျိုးမျိုးသော ဆိုင်တံခါးများအားလုံး ပြန်ဖွင့်လာလေပြီ။
ကျန်းလော့သည် ကြမ်းပြင်ပေါ်မှ အလောင်းများကို ကြည့်၍ စက္ကန့်အနည်းငယ်ကြာအောင် အတွေးထဲနှစ်နေပြီး အချိန်ကြည့်ရန် ဖုန်းထုတ်လိုက်သည်။
“နောက်ထပ် မိနစ်နှစ်ဆယ်က ကိုးနာရီ ငါးဆယ့်ခြောက်မိနစ်မှာ စမှာ”
“ပြီးတော့ အဲဒီမိနစ်နှစ်ဆယ်အတွင်း ငါတို့ အဝတ်အစား အရင်ရှာပြီး ဓာတ်လှေကားပေါ် အမြန်တက်ရမယ်”
လုယုံရိသည် စိတ်ခံစားချက်များကို ထိန်းထားပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် အံကိုတင်းတင်းကြိတ်၍ ကြမ်းပြင်ပေါ်မှ သူငယ်ချင်းများ၏ အလောင်းများကို လျစ်လျူရှု၍ အဝတ်ဆိုင်ထဲသို့ ဝင်သွားသည်။
မိနစ်နှစ်ဆယ်အတွင်း သူတို့ ကျန်နေသေးသော ငါးယောက်လုံး အဝတ်ကိုယ်စီ ရှာတွေ့ခဲ့ကြသည်။ ကျန်းလော့၏ အဝတ်များသည် ရှာရအခက်ခဲဆုံးဖြစ်ကာ ကျော့ရှင်းသော အနက်ရောင်ဝတ်စုံသည် ကော်ရုပ်မော်ဒယ်ဝတ်ဆင်ထားသောကြောင့် ချွတ်ယူခဲ့ရသည်။ ဆိုင်ရှင်ကို ငွေရှင်းပေးပြီးနောက် နောက်ဆုံးတစ်မိနစ်အလိုတွင် ဓာတ်လှေကားဆီသို့ အမြန်ပြေးသွားကြရတော့သည်။ ဓာတ်လှေကားပေါ်တွင် စိုင်လောင်အာနှင့် ကျိုးကျုံးချိုးတို့ကို သတ်ခဲ့သော ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် အခြား ပူပန်နေပုံပေါက်သော သက်လတ်ပိုင်း လူနှစ်ယောက် ရှိနေသည်။
ဓာတ်လှေကားထဲတွင် ခလုတ်များမရှိသော်လည်း မိနစ်နှစ်ဆယ်ကြာပြီးနောက် သတိပေးခေါင်းလောင်းသံ ထပ်မြည်လာပြီး ဓာတ်လှေကားသည် သူ့အလိုလို တံခါးပိတ်သွားကာ အပေါ်သို့ တက်သွားသည်။
နှစ်လွှာ... သုံးလွှာ... ဓာတ်လှေကားသည် ငါးလွှာတွင် ရပ်တန့်သွားသည်။
ဓာတ်လှေကားတံခါးသည်ပွင့်သွားပြီး အနီရောင်အားကစားခန်းမ အမှတ်အသားပေါ်လာကာ ကျပ်ထုပ်နေသော အားကစားဝတ်စုံနှင့် ကိုယ်လုံးကိုယ်ပေါက်လှသော အမျိူးသမီးနှစ်ယောက်တို့ ဓာတ်လှေကားရှေ့တွင် ရပ်နေကြသည်။ နှစ်ယောက်လုံးသည် ပြုံးရွှင်နေပြီး ဆံပင်အဖြောင့်နှင့် တစ်ယောက်က
“ကျွန်မတို့ ဒီအထပ်မှာ ကျွန်မတို့ရဲ့ ကြံ့ခိုင်းခြင်း အစီအစဉ်နဲ့ပတ်သက်ပြီး လူသုံးယောက် နေခဲ့ရပါမယ်”
နောက်ထပ် ဆံပင်အကောက်နှင့်အမျိုးသမီးက ပြုံး၍ ပြောသည်။
“ဟုတ်ပါတယ် ကျွန်မတို့မှာ အတော်ဆုံး ထရိန်နာတွေရှိပါတယ် ပြီးတော့လဲ အကောင်းဆုံးဆိုတဲ့ စက်တွေလည်း တပ်ဆင်ပေးထားပြီးတော့ ဒီပရိုဂရမ်ကနေ လုံးဝကျန်းမာစေမဲ့ နည်းလမ်းကောင်းတွေ ကြုံတွေ့ကြရမှာပါ အကယ်၍ ရှင်တို့ ဒီအထပ်မှာ မဆင်းဘူးဆိုရင် ဒီအထပ်လောက် ဘယ်အထပ်ကမှ လုံခြုံမှာ မဟုတ်ပါဘူး”
ဆံပင်အဖြောင့်နှင့် အမျိုးသမီး၏ မျက်လုံးများသည် ဖြားယောင်းနေသလို ပြီတီတီဖြစ်နေကာ သူမ၏ အနီရောင်နှုတ်ခမ်းတို့သည် သွေးများစွန်းထင်းနေသလို နီရဲနေပြီး ကွေးတက်သွားကာ
“ကျွန်မတို့မှာ အနှိပ်ဝန်ဆောင်မှုလည်းရှိပါသေးတယ် ပထမဆုံးလာတဲ့ အဖွဲ့ဝင်တွေကို တစ်ခေါက်တိတိ ဖရီးဝန်ဆောင်မှု ပေးမှာပါ”
သက်လတ်ပိုင်း အမျိုးသားနှစ်ယောက်တို့သည် ဓာတ်လှေကားထဲမှ ထွက်လိုက်ကြပြီးမှ စိတ်ကယောင်ချောက်ချား ဖြစ်လာကြကာ မေးလိုက်သည်။
“ဒီမှာ တကယ်ပဲ လုံခြုံပါ့မလား”
“သေချာတာပေါ့”
ဆံပင်ကောက်ကောက်နှင့် အမျိုးသမီးသည် အတည်ပြုသလို ပြောလိုက်ပြီး
“ပြီးတော့ တကယ်လို့ မင်းကံကောင်းရင် ကျွန်မတို့ရဲ့ စတိုးဆိုင်တွေမှာ အထူးဝန်ဆောင်မှုတွေတောင် ရနိုင်ပါသေးတယ်”
ထိုစကားများကို ကြားပြီးနောက် သက်လတ်ပိုင်း လူနှစ်ယောက်တို့သည် စိတ်ဆုံးဖြတ်လိုက်ကြပြီး ဓာတ်လှေကားမှ အတူတူထွက်သွားကြတော့သည်။ သုံးယောက်ပြောထားသောကြောင့် တစ်ယောက်လိုနေသေးသည်။ အမြဲတမ်း ကံကောင်းကြောင်း ကိုယ့်ကိုယ်ကို ဂုဏ်ယူလေ့ရှိသော လုယုံရိသည်..
“ငါသွားမယ်”
ကျန်းလော့သည် လူတိုင်း၏နောက်တွင်ပုန်းနေသော ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကြည့်နေကာ ထိုအမျိုးသမီးသည် အားကစားခန်းမမှ အမျိုးသမီးနှစ်ယောက် ပြောသည်များကြောင့် စိတ်လှုပ်ရှားပုံမရပေ။ ဟုတ်ပေသည် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်က မည်သို့ လေ့ကျင့်ခန်း လုပ်နိုင်ပါမည်နည်း။ သူ့အကြည့်များသည် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ဗိုက်ဆီသို့ အကြည့်ရောက်သွားသည်။
ကျန်းလော့သည် လုယုံရိကို တားရန် ကြိုးစားချင်သော်လည်း ကျန်သည် ဝမ်ယမ်လန် ယယ်ရွှင်နှင့် ခွမ့်ကျိန်းတို့သည် လုယုံရိလို ကံမကောင်းကြပေ။ ထို့အပြင် သူသည်လည်း ကံအဆိုးဆုံးအဖြစ် သတ်မှတ်ခံထားရပြီး တကယ်လည်း ကံမကောင်းနေပေ။ နောက်ဆုံးတွင် သူသည် လုယုံရိကို ရွှန်ရှင်းအားကစားခန်းမ အဖွဲ့ဝင်ကတ်ကိုသာ ထုတ်၍ ပေးလိုက်သည်။
“ငါတို့ သတင်းပို့တာ စောင့်”
လုယုံရိသည် ယုံကြည်မှုရှိသော အပြုံးဖြင့် သူတို့ကို ‘အိုကေ’ ဟုပြောပြီး ဓာတ်လှေကားထဲမှ ထွက်သွားသည်။ သူထွက်သွားသည်နှင့် ဓာတ်လှေကားသည် ဖြည်းဖြည်းချင်း တံခါးပိတ်သွားကာ အားကစားခန်းမ သင်္ကေတကို စိုးရိမ်ကြောင့်ကြမှု၏ အငွေ့အသက်ကြီးကဲ့သို့စိုက်ကြည့်နေသည်။
‘ဒီနေရာက ... ဒီလောက် ကြောက်စရာကောင်းလို့လား ငါတော့ မထင်ပါဘူး’
.........
ဤတစ်ကြိမ်တွင် ဓာတ်လှေကားသည် ဆက်တိုက် အပေါ်သို့ တက်နေသည်။ ဓာတ်လှေကားသည် အချို့သော အလွှာများတွင် ရပ်သွားပြီး တံခါးပွင့်မလာဘဲ ဆက်၍ နှေးကွေးစွာ တက်နေသည်။ ကျန်းလော့သည် သူတို့ဖြတ်လာခဲ့သော အထပ်များကိုသာ ကြည့်နေကာ သူတို့သည် ၁၀လွှာသို့ရောက်ခါနီးနေပြီဖြစ်သည်။ ထို့နောက် ကိုယ်ဝန်ဆောင် အမျိုးသမီးဘက်သို့ တမင်တကာ လှည့်လိုက်ပြန်သည်။
ကိုယ်ဝန်ဆောင် အမျိုးသမီးသည် သူလှည့်ကြည့်လိုက်တာနှင့် တောင့်ခနဲဖြစ်သွားကာ အကြင်နာကင်းမဲ့မှုအချို့ သူမမျက်လုံးထဲတွင် ပေါ်လာပြီး ချက်ချင်း ပြန်နူးညံ့သွားသည်။
“ကျွန်မကိုပဲ ဘာလို့ ဆက်တိုက်ကြည့်နေတာလဲ ရှောင်ကောကော”
ကျန်းလော့သည် သူမကိုပြုံးပြလိုက်ပြီး ရုတ်တရက် သူမဗိုက်ကို သွားထိလိုက်သည်။ ပိန်ပါးသော လက်ချောင်းများသည် ဗိုက်နှင့် အနည်းငယ်သာ ဝေးတော့ပြီး လက်တစ်ချောင်းကတော့ ချက်နားသို့ ထိမိနေကာ သူမအသားထဲသို့ အချိန်မရွေးဖောက်ဝင်သွားမတတ်ဖြစ်နေကာ ကြောက်မက်ဖွယ်ကောင်းသည့် ကိစ္စသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားနိုင်ပေသည်။
ကိုယ်ဝန်ဆောင် အမျိုးသမီး၏ မျက်ဆံများသည် ကျုံ့ဝင်သွားပြီး ကြောက်လန့်စွာပြောသည်။
“ရှင်ဘာလုပ်ချင်တာလဲ”
ဝမ်ယမ်လန်နှင့် ယယ်ရွှင်တို့သည် ပူဆွေးနေကြတုန်း ဖြစ်သော်လည်း ကျန်းလော့ကို အံ့ဩစွာ ပြန်လှည့်ကြည့်လိုက်ကြသည်။
“ဒါက ကလေးလေးမလား ဟုတ်လား”
ကျန်းလော့သည် နူးညံ့သော မျက်နှာထားနှင့် မျက်လုံးများသည် အောက်သို့ စိုက်ကြည့်နေကာ မျက်တောင်များသည် မျက်နှာပေါ်သို့ အရိပ်ဖျော့ဖျော့ထင်နေစေသည်။
“ဒီထဲကဟာလေးက ယောက်ျားလေး ဖြစ်မလား မိန်းကလေးဖြစ်မလားတော့ ကျုပ်မသိဘူး”
ကိုယ်ဝန်ဆောင် အမျိုးသမီးသည် သူမဗိုက်ကို ဆက်တိုက် ကာကွယ်ထားပြီး သူ့လက်များကို ရှောင်ဖို့ပဲ ကြိုးစားနေသည်။ သို့သော် လှပသောအမျိုးသားသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေကာ သူ့လက်ကို ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ဗိုက်တွင် မြဲမြံစွာ တင်ထားသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးသည် ကျောတစ်လျှောက်လုံး စိမ့်တက်လာကာ ကြောက်ကြောက်လန့်လန့်နှင့် တုန်ယင်နေသည်။
ထိုလက်သည် သူမဗိုက်ကို အားနှင့် ညှစ်ပစ်လာသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးသည် ကြောက်လွန်းလို့ အသံပျောက်မတတ် အော်ဟစ်လာသည်။
“သူ့ကို ဒီထဲက ထုတ်ပေးကြပါ သူ့ကို ကျွန်မဗိုက်ကို မထိခိုင်းပါနဲ့ ငါ့ဗိုက် နာတယ် ငါ့ဗိုက်..”
ဝမ်ယမ်လန်နှင့် ယယ်ရွှင်တို့သည် ကြောင်အအနှင့် ကျန်းလော့လက်မောင်းကို အလျင်အမြန် ဆွဲလိုက်ကြပြီး သောကရောက်စွာ ပြောသည်။
“ကျန်းလော့ မင်းစိတ်ဆိုးနေမှာ ငါတို့သိပါတယ် ဒါပေမဲ့ မင်းလက်ကို လွတ်လိုက်ပါကွာ ကျုံးချိုးနဲ့ စိုင်လောင်အာတို့ သေသွားတာက သူ့ဗိုက်ထဲက ကလေးနဲ့ ဘာမှမဆိုင်ဘူးလေ ကလေးက အပြစ်မရှိပါဘူး”
“ကလေးတဲ့လား”
ကျန်းလော့သည် အထင်သေးစွာ ကြည့်လိုက်ပြီး
“သူ့ဗိုက်ထဲမှာ တကယ်ကလေးတစ်ယောက်ရှိမှပဲ ဒီဆင်ခြေက အလုပ်ဖြစ်လိမ့်မယ် ဒါပေမဲ့ သူမကို ကြည့်လိုက်စမ်းပါ သူ့ဗိုက်ထဲမှာ တကယ်ရော ကလေးရှိလို့လား”
သူ့သူငယ်ချင်းများသည် အလျင်အစလို ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ဗိုက်ကိုကြည့်လိုက်ကြကာ အလွန်ထိတ်လန့်သွားပြီး ကျန်းလာ့ကို နောက်ကို ဆွဲခေါ်ဖို့ပင် မေ့သွားကြသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ဗိုက်သည် ကျန်းလာ့၏ ညှစ်ထားမှုကြောင့် ချိုင့်ဝင်နေသည်။ ထိုအချင်းအရာသည် ဗိုက်သာဆိုလျှင် ထိုသို့ချိုင့်ဝင်မှာမဟုတ်ပေ။ ရှင်းလင်းနေသည်မှာ..
ကျန်းလာ့၏ လက်သည် အလွန်ပြင်းပြင်းပြပြ ဖိညှစ်လိုက်သောကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ဂါဝန်အောက်မှ ချည်ခေါင်းအုံးတစ်လုံး ဓာတ်လှေကား ကြမ်းပြင်ပေါ်သို့ ကျလာတော့သည်။
######