အပိုင်း (၁၆၉)
ချီ(ချီယယ်) မိသားစု၏ မျိုးဆက်သုံးဆက် စိတ်ဝိညာဉ်ခန္ဓာများ
ဘီယာပုလင်းမှ အေးစက်စက် အငွေ့အသက်များသည် ရေစက်များအဖြစ်ပြောင်းလဲသွားပြီး ကျန်းလော့လက်ချောင်းများပေါ်သို့ လျောကျလာသည်။ ကျန်းလော့၏ လက်ဖဝါးများသည် ပူနွေးနေပြီး တီရှူးစက္ကူဖြင့် ရေစက်များကို သုတ်ပစ်လိုက်ပြီး အနည်းငယ် အာရုံလွှင့်နေသည်။
‘ချီယုံက တကယ်ကို ငါ့ကို ပြန်ရိုက်တာ မရှိသလောက်ပါလား’
‘ဟား မဖြစ်နိုင်တာ သူငါ့ကို ပြန်မရိုက်နိုင်လို့ မရိုက်တာပဲ နေမှာ ဟုတ်တယ်မို့လား မရိုက်နိုင်လို့ မရိုက်တာပါ သူက ရိုက်နိုင်ရဲ့သားနဲ့ မရိုက်တာဆိုရင်ရော’
သူအာရုံပြောင်းပြီး ငေးငေးငိုင်ငိုင်ကြီး ဖြစ်သွားသည်ကို ကြည့်ရင်း ဝမ်ယမ်လန်နှင့် ယယ်ရွှင်တို့သည် ကျန်းလော့နှင့် ချီယုံတို့ လမ်းခွဲပြီးကြပြီမှန်း သတိရသွားသည်။ ကျန်းလော့နှင့် ချီယုံတို့ မည်သို့မှ ပေါင်းစပ်နိုင်မည် မဟုတ်ပေ။ သူတို့နှစ်ယောက်လိုက်ဖက်ကြောင်း ပြောမိနေကြသည်ကို အမြန်ရပ်လိုက်ကာ ပါးစပ်ပိတ်သွားကြသည်။
ယယ်ရွှင်ဆိုလျှင် ချွေးအေးများပင် စိမ့်ထွက်လာကာ သူ့ကိုယ်သူ စိတ်ပျက်စွာ ကျိန်ဆဲလိုက်မိသည်။
‘ကျန်းလော့က အခုမှ ချီယုံ့ကို လက်လွတ်နိုင်သွားတာကို မင်းက လိုက်ဖက်ကြောင်း ပြောထွက်ရလားကွာ’
‘သူတို့နှစ်ယောက် ပြန်ဆက်သွားကြမှာ ကြောက်လိုက်တာ’
ညစာစားပြီးကြပြီးနောက် ကျန်းလော့တစ်ယောက် အနားယူရန် အခန်းထဲသို့ ဝင်တော့မည့် အချိန်တွင် ကျိုးကျုံးချိုးသည် တစ်ခုခုကို သတိရသွားသည်။
“ကျန်းလော့ ချီယယ်က နင့်ကို ပေးဖို့ဆိုပြီး ငါ့ကို ပေးထားတာ ရှိတယ်”
“ငါတို့ ပင်လယ်ထဲက ပြန်လာပြီးထဲက ငါတို့တွေ ချီယယ်ကို မတွေ့ရသေးသလို သူနဲ့ အဆက်အသွယ်လုံးဝမရတာကွ ငါ့အဖေနဲ့ ကောင်းကင်သခင်ဖုန်းတို့ ချီယယ်တို့အိမ်ကို ငါတို့အတွက် တရားမျှတမှု သွားရှာတော့မှ ချီယယ်က ငါတို့စာမေးပွဲအကြောင်းအရာက သူ့ဆီကနေ ပေါ်သွားတာကွာ ပြီးတော့ ငါတို့တွေ ကြားနာမှုလုပ်မဲ့နေ့မှာ ချီယယ်နဲ့ စစ်ဆေးကြရမယ် ထင်တယ်ဟ”
ကျိုးကျုံးချိုးက ရှင်းပြသည်။
“ပါးပါးနဲ့ ငါ ချီယယ်တို့အိမ်က ထွက်လာတော့ သူက ဘယ်ကမှန်းမသိ ပေါ်လာပြီး တစ်ကိုယ်လုံး မြက်ခြောက်တွေ ပေပွနေတာ ပြီးတော့ ငါ့ကို နီရဲနေတဲ့ မျက်လုံးတွေနဲ့ တောင်းပန်နေသေးတယ် ပြီးတော့ ငါ့ကို နင့်အတွက်ဆိုပြီး စာတစ်စောင်ပေးလိုက်တာပဲ”
သူမသည် ဗီရိုနားသွားပြီး စာရွက်ကို ထုတ်လိုက်ကာ ကျန်းလော့ကို ပေးလိုက်သည်။
“ဒါက အဲဒီစာပဲ”
စာသည် ကြွေမွနေအောင် အလုံးလိုက်လေးဖြစ်နေပြီး ကျန်းလော့ ဖြည်ကြည့်လိုက်သောအခါ ခပ်သော့သော့ ရေးထားပုံရသော စာတစ်ကြောင်းထဲကိုသာ တွေ့လိုက်ရသည်။
“ငါ တောင်းပန်ပါတယ်”
သူသည် စာရွက်ကို နောက်လှန်လိုက်ပြီး အနည်းငယ်အံ့ဩကာ ပြန်ဖတ်လိုက်ပြန်သည်။ ထို့နောက် ကျိုးကျုံးချိုးကို ကြည့်၍
“ဒီတိုင်း တောင်းပန်ပါတယ်တဲ့ ဟ”
ကျိုးကျုံးချိုးသည် ခေါင်းညိတ်ပြလိုက်သည်။ ကျန်းလော့သည် စာရွက်ကို ပြန်ခေါက်လိုက်ပြီး ဤစာကို ရေးနေမည့်အချိန်တွင် ဖြစ်နေမည့် ချီယယ်မျက်နှာထားကို မြင်ယောင်မိသည်။ ထို့နောက် သူသည် တည်ငြိမ်စွာဖြင့်
“သူက သူပဲ ပြီးတော့ သူ့အဖေက သူ့အဖေ တခြားသူတွေနဲ့ ငါတို့ ဖြစ်ကြတဲ့ ကိစ္စမှာ သူနဲ့ ဘာမှဆိုင်တာ မရှိဘူး ပြီးတော့ ငါကလည်း သူ့ကို ဘာမှပြောမှာမဟုတ်ဘူးကွာ အဲဒါကြောင့် သူ တောင်းပန်စရာမလိုဘူး”
“ထားလိုက်ပါတော့”
သူသည် လက်ဝေ့ယမ်းလိုက်ပြီး
“ငါ သွားအိပ်တော့မယ်ကွာ”
.......
ချီ(ချီယယ်)မိသားစုတွင် ဖြစ်သည်။
လျောင်စီသည် ချီယယ်၏ အခန်းဆီသို့ ကော်ရစ်တာတလျှောက် စိမ်ပြေနပြေ လျှောက်လာနေပြီး အခန်းရှေ့ရော်ကတွင် တံခါးခေါက်လိုက်သည်။
တံခါးသည် လျင်လျင်မြန်မြန် ပွင့်လာပြီး ချီယယ်ထွက်လာကာ အသံမာမာဖြင့်
“မင်းက ဒီမှာဘာလာလုပ်နေတာလဲ”
သူ့မျက်လုံးများသည် သွေးကဲ့သို့ နီရဲနေပြီး အဝတ်အစားများသည် ဘိုသီဘတ်သီဖြစ်နေကာ ခေါင်းပေါ်တွင် ကောက်ရိုးခြောက်တို့ ထိုးထိုးထောင်ထောင် ဖြစ်နေသည်။ သူ့ကိုကြည့်ရသည်မှာ ရက်ပိုင်းလောက် အိပ်မထားရပုံပေါ်သည်။
တံခါးရှေ့မှလူမှာ လျောင်စီဖြစ်ကြောင်း သိသွားသောအခါ ချီယယ်၏ ပူလောင်ဒေါသထွက်နေသော မျက်နှာပေါ်လာပြီး စိတ်မရှည်စွာ ပြောလိုက်သည်။
“ဘာကိစ္စလဲ”
လျောင်စီသည် ချီယယ်၏ ခန္ဓာကိုယ်ကို လောဘအပြည့်ဖြင့် ကြည့်ကာ
“သခင်ကြီးချီက သခင်လေးကို ဧည့်ခန်းကို ခေါ်လာဖို့ ပြောလို့ပါ”
ချီယယ်သည် စိတ်ပျက်စွာ မျက်မှောင်ကြုတ်လိုက်ပြီး မသွားတော့ဘူး ဟု ပြောတော့မည့်အချိန်တွင် လျောင်စီက စကားဖြတ်ပြောလိုက်သည်။
“အရမ်းကို အရေးကြီးတဲ့ ကိစ္စဖြစ်မယ်ထင်ပါတယ် မစ်စတာချီ(ချီယုံတို့အိမ်က အကြီးအကဲ) လဲ ရောက်နေပါတယ်”
ချီယယ်သည် ဒေါသတကြီး လက်သီးဆုပ်လိုက်ပြီး စကားတစ်ခွန်းမှ ထပ်မပြောဘဲ တံခါးပိတ်လိုက်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ဧည့်ခန်းသို့ သွားတော့သည်။ သဘက်ခါဆိုလျှင် ကြားနာမှုရက်ရောက်ပြီဖြစ်ပြီး ချီ(ချီယုံ)မိသားစုမှ သူ့အဖေကို လာတွေ့ခြင်းမှာ သေချာပေါက် ကြားနာမှုကြောင့်သာ ဖြစ်နိုင်ပေသည်။ သူတို့နှစ်ယောက်သည် ကျန်းလော့နှင့် တခြားသူငယ်ချင်းများကို တစ်ခုခု လုပ်ဖို့ ထပ်၍ ကြံစည်နေကြတာ ဖြစ်နိုင်သည်။ ထို့ကြောင့် ချီယယ်သည် အောက်ဆင်းပြီး တစ်ချက်လောက် သွားကြည့်ဖို့ ဆုံးဖြတ် လိုက်သည်။
သူ့နောက်ကျောကို ကြည့်၍ လျှောင်စီသည် လေချွန်လိုက်ပြီး ပျင်းရိစွာ တစ်လှမ်းချင်း ထွက်သွားလိုက်သည်။ သူ့မျက်ခုံး မျက်လုံးများသည် ပွဲကြီးပွဲကောင်းကြည့်ရန် အဆင်သင့်ဖြစ်ကာ ပျော်မြူးနေပြီး သိမ်မွေ့နူးညံ့သော မျက်နှာထက်တွင် ဆိုးယုတ်သောမှုတချို့ လွှမ်းခြုံလာသည်။
“ခွေးကခွေးကိုစားမဲ့ ရှိုးပွဲကြီးကတော့ တရားဝင်စဖွင့်ပြီ ဟီးဟီး”
.........
ချီယယ်သည် လေးလံသော ခြေလှမ်းများဖြင့် လျှောက်လမ်းလာသည်။
ကြားနာမှု နီးကပ်လာလေလေ ချီယယ်ဘဝ ခက်ခဲလာလေ ဖြစ်သည်။ သူသည် သူ့ဖခင်မှ ချီ(ချီယုံ)မိသားစုနှင့် ပူးပေါင်း၍ သူ့သူငယ်ချင်းများကို သတ်ဖြတ်ရန်လုပ်ခဲ့သည်ကို အခုထိ မယုံနိုင်သေးပေ။ သတင်းများစကြားရကာစတုန်းက သူ့ကိုနောက်နေသည်ဟု ထင်ခဲ့သော်လည်း ထိုစနောက်မှုများ အမှန်တကယ်ဆိုသည်ကို သိလိုက်ရသည့်အချိန်တွင် ကောင်းကင်ကြီး ပြိုကျလာသလို ခံစားလိုက်ရသည်။
ဤနေ့ရက်များတွ၍သူနှင့် သူ့အဖေသည် မကြာခဏ အငြင်းပွားမှုများ ဖြစ်ခဲ့ကြပြီး ချီယယ်သည် သူ့ဝိညာဉ်သည်ပင် နှစ်ခြမ်းကွဲထွက်တော့မလို နာကျင်နေရသည်။ ကျန်းလော့နှင့် တခြားသူများကို ရှက်ရွံ့အားနာပြီး အပြစ်ရှိစိတ်တို့က တစ်ရက်ထက်တစ်ရက် ပို၍ များပြားလာသည်။ ကျန်းလော့တို့တွေ ကြားနာမှုတွင် အနိုင်ရသွားစေရန်လည်း နာကျင်စွာ ဆုတောင်းမိသည်။
သို့သော် ကျူးလွန်ခဲ့သည့် တရားခံမှာ သူ့ဖခင်ဖြစ်နေပြီး ချီယယ်ကလေးဘဝထဲက သူ့ကို အလွန်ချစ်မြတ်နိုးပေးပြီး မျှော်လင့်ချက်ကြီးကြီးမားမား ထားပေးခဲ့သော သွေးရင်း မိသားစုဝင်ဖြစ်နေလေသည်။ ချီယယ်သည် သူ့ဖခင် ကြားနာမှုရှုံးနိမ့်လျှင် ဖြစ်လာမည့် အကျိုးဆက်ကို တွေးမကြည့်ရဲပါပေ။
ထိုသို့ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုသည် ချီယယ်ကို အားအင်မရှိဖြစ်လာစေသလို သူ့ကိုယ်သူ စက်ဆုပ်ရွံရှာလာစေသည်။ အမှန်နှင့် အမှားကို ရှင်းရှင်းလင်းလင်း သိနေတာတောင် တည်ကြည်စွာ မရွေးချယ်နိုင်သည့် သူ့ကိုယ်သူ မုန်းတီး ရွံရှာပြီးရင်း ရွံရှာနေခဲ့သည်။ သူသည် သဲနွံထဲတွင် နစ်နေသလို ခံစားနေရပြီး သူပိုရုန်းလေလေ အမြိုခံရလေ ဖြစ်နေသည်။
သူ့ဧည့်ခန်းဆီသို့ မရောက်ခင်လေးမှာပင် ချီယယ်သည် သူ့ဖခင်၏ မယုံနိုင်လောက်အောင် အံ့ဩနေသော အသံကို ရုတ်တရက်ကြားလိုက်ရသည်။
“မဖြစ်နိုင်တာတွေ”
ချီယယ်သည် ရောက်သည့်နေရာမှာပင် ရပ်နေသည်။
“ဒါ လုံးဝမဖြစ်နိုင်ဘူးကွ ချီကျုံးယဲ့ မင်းငါ့ကို လာလိမ်နေတာမို့လား ဟမ် ”
ချီကျုံးယဲ့သည် ထုံထိုင်းစွာ ပြောလိုက်သည်။
“ငါက မင်းကို လိမ်လို့ ဘာရသွားမှာမို့လို့လဲ ဒါက ကံကြမ္မာယုံသူကိုယ်တိုင်ပြောခဲ့တာကွ သူက ငါတို့ကို လက်လွတ်လိုက်ပြီ ရွှမ်လင်းတရားရုံးတော်က ဒီတစ်ခေါက် သေချာပေါက် မျှမျှတတ စစ်ဆေးတော့မှာ ပြီးတော့ လုံးဝ ဘက်လိုက်မှာ မဟုတ်တော့ဘူး အဲဒီ သောက်အဘိုးကြီး ရှုတွမ့်သုန်း သူ့တပည့်တွေအတွက်နဲ့ ငါတို့ကို တရားစွဲရဲတယ် ဒီကောင်က သက်သေ ခိုင်ခိုင်မာမာ ရှိလို့ လုပ်ရဲတာပဲဖြစ်မယ် ချီယွမ် ငါတို့ ပြီးသွားပြီကွ ဒီတစ်ခေါက်တော့ ဘဝပျက်ပြီ ငါမင်းကို ဒီကြားနာမှုကို ဆိုင်းငံ့ထားအောင်လုပ်ရမယ်လို့ ပြောတာကို မင်းက ကံကြမ္မာယုံသူကို အားကိုးပြီး အရမ်းတွေ ယုံကြည်ချက်ရှိနေတာလေ အခု ဘာဖြစ်သွားပြီလဲ အခု ဘယ်လိုဖြစ်သွားပြီလဲကွ အခုမှတော့ငါတို့ ဘာမှလုပ်လို့မရတော့ဘူးကွ ငါတို့ဘာမှလုပ်လို့မရတော့ဘူး”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ချီပါးပါးသည် လုံးဝမယုံနိုင်ဖြစ်နေသော်လည်း ချီကျုံးယဲ့၏ မျက်နှာထားသည် လုံးဝဟန်ဆောင်နေခြင်း မဟုတ်သောအခါ အားလျော့သွားပြီး ဆိုဖာပေါ်သို့ ပုံကျသွားတော့သည်။
“ကံကြမ္မာယုံသူက ငါတို့ကို လက်လျော့လိုက်တာတဲ့လား..”
မလွယ်ကူနိုင်လောက်သော အကြောက်တရားတစ်ခုသည် သူ့နှလုံးသားထဲသို့ အလုံးအရင်း ဝင်ရောက်လာသည်။ ချီဖေဖေသည် နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်နေရင်း ရုတ်တရက် ထရပ်လိုက်ကာ ချီကျုံးယဲ့ကို လက်ညှိုးထိုး၍
“ချီကျုံးယဲ့ ငါတို့ ဒီမှာပဲ ထိုင်နေလို့မဖြစ်ဘူး သဘက်ခါ ကြားနာမှုရောက်ရင် မင်းကပဲ အရင် အကုန်ဝန်ခံလိုက် မင်းကပဲ အကုန်စီစဉ်တာ ငါကတော့ မင်းလှည့်စားလို့ ဘာမှမသိတဲ့သူ ငါဘာမှမသိဘူး စိတ်မပူနဲ့ ငါ မင်းမိသားစုတစ်ခုလုံးကို ကောင်းကောင်းစောင့်ရှောက်ပေးမှာပါကွာ ငါတို့ သူငယ်ချင်းသံယောဇဉ်အတွက် မင်းကပဲ အဖမ်ခံလိုက်ပါ နောက်ပိုင်း မင်းပြန်လွတ်လာရင် ငါမင်းကို ဘဝသစ်တစ်ခုစဖို့ ကောင်းကောင်းမွန်မွန် စီစဉ်ပေးမယ်လေ”
ချီကျုံးယဲ့သည် မူးမိုက်သွားပြီး စိတ်တိုစွာ ပြောသည်။
“ငါက ဘာလို့ ကြိုးကိုင်တဲ့သူ ဖြစ်ရမှာလဲကွ မင်းကသာ ပိုင်ဟွာတက္ကသိုလ် ကွန်ယက်ကို ခိုးကြည့်ပြီး စာမေးပွဲအကြောင်းအရာကို ခိုးတဲ့သူလေ”
ချီဖေဖေသည် အထင်သေးစွာ ပြောသည်။
“အိုး ဟုတ်လား ဒါဆိုလည်း မင်းမှာ သက်သေရှိလား မင်းကသာ ကိစ္စတစ်ခုလုံးကို စီစဉ်တဲ့သူလေ ပြီးတော့ မစ်ရှင်လုပ်တုန်းက သွေးငါးရှဉ့်တွေက မင်းနဲ့ပဲ ဆက်စပ်နေတာလေ သူတို့တွေက မင်းကြောင့်မို့လို့ပဲ ပထမစီစဉ်ထားတဲ့ မစ်ရှင်ကနေ သွေးငါးရှဉ့်တွေဆီ ပြောင်းသွားတာလေ မင်းကသာ သူတို့ကို သင်္ဘောပေါ်တက်သွားရအောင် ကြံစည်တဲ့သူလေ ဒါတွေအကုန် ငါ့အကြံပါဆိုတာ မင်းမှာ သက်သေရှိလို့လား”
ချီကျုံးယဲ့သည် ဒေါသတကြီး ဝုန်းခနဲ ထရပ်လိုက်ကာ
“မင်း ”
ချီဖေဖေသည် စားပွဲကို ဒေါသတကြီး ရိုက်ပစ်၍
“ချီကျုံးယဲ့ ငါမင်းကို ငါမင်းကို ပြဿနာအကြီးကြီး မလုပ်ရသေးဘူးနော် မင်းကိုယ်မင်း လာဈေးဆစ်မနေနဲ့ကွ”
“ချီယုံ့ရဲ့ ချီမိသားစုဝင်တွေကို မင်းက သင်္ဘောပေါ်လွတ်ပြီး သူတို့ကို သွေးငါးရှဉ့်အမတွေကျွေးပြီး ထိန်းချုပ်နေတာကို ငါမသိဘူးများ.. ထင်နေလားကွ ဟမ် ငါသာ အဲ့ကောင်တွေ ငါတို့ချီမိသားစုထဲ ရောက်လာကြတာ အချိန်မီ မသိလိုက်ရင် ငါ့မိသားစုတို့က ပိုင်ဆိုင်မှုတွေ အကုန် မင်းဆီရောက်ကုန်တော့မှာလေ မင်းထိန်းချုပ်ထားတဲ့ လူတွေကို ငါတစ်သက်လုံး ရှာမတွေ့တော့ဘူးလို့များ ထင်နေတာလားကွ”
ချီဖေဖေသည် ပြောလေ စိတ်တိုလာလေ ဖြစ်ကာ
“ချီကျုံးယဲ့ မင်းမှာ တကယ်ကို အကြံအစည်ကြီး ရှိတာပဲ မင်းက သူတို့ကို ဝိညာဉ်ရုပ်သေးအတတ်နဲ့ ရုပ်သေးမလုပ်နိုင်တော့ ဘယ်သူမှ မသိအောင် သွေးငါးရှဉ့်တွေ သုံးတယ်ပေါ့ ဟာ့ပ် ဒီလို လှည့်စားမှုမျိုးကို ဘယ်သူကများ တွေးမိမလဲကွာ ငါသာ တစ်ခုခုမှာနေတာ သတိမထားမိခဲ့ရင် ဒီဖြစ်ရပ်ကြီးကို သေတဲ့အချိန် နှစ်တွေဘယ်လောက်ကြာနေမလဲ တွေးတောင် မတွေးရဲဘူးကွ သူတို့ သွေးငါးရှဉ့်ဗီဇသာ ပေါ်လာရင် ငါတို့ချီတစ်မိသားစုလုံး မင်းလက်ထဲရောက်နေလောက်ပြီကွ”
“ဘာသွေးငါးရှဉ့်လဲ ဘာပိုင်ဆိုင်မှုလဲကွ”
ချီကျုံးယဲ့သည် စိတ်ရှုပ်သွားပြီး ချီဖေဖေ၏ စကားများကို နားမလည်နိုင်ဖြစ်သွားပြီး ချီယွမ် သူ့ကို အကွက်ဆင်နေသည်ဟု ထင်သွားကာ
“ချီယွမ် မင်းဘာ ပေါက်တက်ကရတွေ ဘာပြောနေတာတုန်း”
“ပေါက်တက်ကရတွေ ဟုတ်လား”
ချီဖေဖေသည် ဒေါသထွက်လွန်းလို့ သူ့နှလုံးသားပင် အပြင်သို့ခုန်ထွက်လာပြီး ချီကျုံးယဲ့မျက်နှာကို ပစ်ပေါက်သွားမတတ်ဖြစ်လာသည်။
“မင်း ငါတို့မိသားစု ပိုင်ဆိုင်မှုတွေကို ငမ်းငမ်းတက်လိုချင်နေတာကို ငြင်းချင်နေတာလား ဒါကြောင့် ငါတို့မိသားစုကို နောက်ကွယ်ကနေ သွေးငါးရှဉ့်တွေသုံးပြီး ထိန်းချုပ်ဖို့လုပ်တာကိုး “
ချီကျုံးယဲ့သည် ဒေါသထွက်စွာ ရယ်မောလိုက်ပြီး
“ဒါဆို မင်းဘာလို့ ချီမိသားစု တိုက်ရိုက်မျိုးဆက်တွေရဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ငမ်းငမ်းတက်နေတာလဲ ပြီးတော့လဲ မင်းတို့မိသားစုရဲ့ မျိုးဆက်သုံးဆက်လုံး အရမ်းကို ထူးချွန်တဲ့ စိတ်ဝိညာဉ်ခန္ဓာတွေက ငါတို့ ချီမိသားစုက တိုက်ရိုက်မျိုးဆက်တွေရဲ့ စိတ်ဝိညာဉ် ခန္ဓာတွေကို ယူသုံးထားလို့ဆိုတာ မေ့သွားပြီလား”
ကော်ရစ်တာတွင် ချောင်းနားထောင်နေသော ချီယယ်သည် မိုးကြိုးပစ်ခံလိုက်ရသလို ထိတ်လန့်စွာ တောင့်တင်းသွားတော့သည်။
‘သူဘာပြောလိုက်တာလဲ’
‘ငါတို့ ချီမိသားစုရဲ့ မျိုးဆက်သုံးဆက် စိတ်ဝိညာဉ်ခန္ဓာကိုယ်တွေက ချီ(ချီယုံ)မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကနေ ရထားတာတဲ့လား’
‘ဘယ် ဘယ်လိုတောင်................’
ချီယယ်သည် မွေးလာထဲက ပါရမီကောင်းသူ ဖြစ်သောကြောင့် အံကို တင်းတင်းကြိတ်ထားပြီး သေချာဆက်နားထောင်သည်။ သူကလေးဘဝထဲကပင် လူတိုင်းက ချီးမြှောက်ပြီး သူ့အရည်အချင်းကို မနာလိုကြသည်။ သူဖခင်၊ သူ့အဘိုးတို့သည် ချီမိသားစု၏ အံ့ဩချီးကျူးထိုက်သော မျိုးဆက်သုံးဆက်ဖြစ်ခဲ့သည်။ ယခု သူတို့အားလုံးသည် မွေးရာပါ ပါရမီရှင်များ မဟုတ်ဟု ကြားလိုက်ရသည်။
‘ဟင့်အင်း ချီ(ချီယုံ)မိသားစုက အကြီးအကဲက လိမ်နေတာ သူပြောတာ အကုန် အလိမ်အညာတွေကြီးပဲ’
ချီယယ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်အေးစက်နေပြီး သူ့ခန္ဓာကိုယ် အရေပြားတစ်လက်မချင်းစီတိုင်းသည် ရေခဲအလွှာလိုက် ဖုံးအုပ်ခံထားရသကဲ့သို့ အေးစက်နေသည်။
သူထပ်မကြားချင်တော့သော်လည်း ခြေထောက်များက လှုပ်လို့ပင် မရတော့ပေ။ နားများကိုလည်း ပိတ်မထားနိုင်တော့သောကြောင့် ဧည့်ခန်းထဲမှ စကားများအားလုံးသည် အကူအညီမလိုစွာ တိုက်ရိုက် နားထဲသို့ ဖြောင့်ဖြောင့်ကြီး ဝင်လာနေသည်။
“ငါ မင်းအဖေနဲ့ လက်မှတ်ထိုးထားတဲ့ စာချုပ်ကို အခုထိ သိမ်းထားသေးတယ် မင်းမေ့သွားပြီလား ချီယွမ် မင်းရဲ့ စိတ်ဝိညာဉ်ခန္ဓာက ချီယုံ့အဘိုးဟာလေ သူမသေခင်တုန်းက မင်းက ဆယ်ကျော်သက်ပဲ ရှိသေးတယ် ငါတော့ မင်းဘာမှ မမှတ်မိဘူးဆိုတာ မယုံဘူးကွာ”
ချီကျုံးယဲ့သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး
“မင်းရဲ့ စိတ်ဝိညာဉ်ခန္ဓာ ဘယ်ကရလဲဆိုတာ မေ့သွားရင်တောင် မင်းသား ကိုယ်ထဲက စိတ်ဝိညာဉ်ခန္ဓာကိုတော့ မမေ့ဘူးမို့လား’ ချီယယ်က ချီယုံ့အဖေရဲ့ စိတ်ဝိညာဉ်ခန္ဓာကို သုံးနေတာလေ ပြီးတော့ အဲဒီစာချုပ်မှာ မင်းကိုယ်တိုင် လက်မှတ်ထိုးခဲ့တာ မင်းက ချီယုံငယ်ငယ်တုန်းထဲက သူ့စိတ်ဝိညာဉ်ကို ကြိုဝယ်ဖို့တောင် ပြောခဲ့သေးတယ်မလား ကံမကောင်းစွာနဲ့ ကံကြမ္မာယုံသူ ဝင်နှောင့်လိုက်လို့ ချီယုံ့စိတ်ဝိညာဉ်က ယွမ်ထျန်းကျူးဖြစ်သွားတာလေ မင်းကိုယ်မင်း အရမ်းသန့်ရှင်းချင်နေရင် ငါ့ကို အပြစ်တင်လိုက်လေ ငါ တရားရုံးမှာ ဒါတွေအကုန် ဖွင့်ချပစ်လိုက်မယ် မင်းရဲ့ လျှို့ဝှက်ချက်တွေ အကုန်ပေါ်သွားရင် ကြည့်ကောင်းတော့မှာပဲ ဘယ်သူက ပိုဆိုးလဲဆိုတာ တခြားသူတွေမြင်အောင် ပြလိုက်ကြတာပေါ့”
အခန်းထဲမှ လေထုသည် တိတ်ဆိတ်သွားပြီး ချီဖေဖေသည် အသက်ပြင်းပြင်းရှူကာ အကြာကြီးကြာအောင် တိတ်ဆိတ်သွားပြီးမှ မွန်းကြပ်စွာပြုံးလိုက်ပြီး အနည်းငယ် မချေမငံဖြစ်သော အပြုအမူဖြင့် တုံးတိပြောလိုက်သည်။
“အေးအေးဆေးဆေးပဲ ပြောရအောင်ပါကွာ ဘာလို့ ဒီလောက် စိတ်တိုနေရတာလဲ ချီတာ့ကော အရင်ထိုင်လိုက် လာလာ ဖြည်းဖြည်းချင်းပြောကြတာပေါ့”
ချီယယ်၏ မျက်လုံးများသည် မှောင်မိုက်သွားပြီး နံရံကို မှီ၍ လျှောက်လိုက်ကာ အခန်းဆီသို့ တုန်ချိချိဖြင့် အသိစိတ်ကင်းမဲ့စွာ ပြန်ရောက်သွားသည်။ သူ့ဖခင်၏ တုံ့ပြန်ပုံသည် နောက်ထပ် အဖြေတစ်ခု ထပ်မလိုတော့အောင်ကို လုံးလောက်နေပြီဖြစ်သည်။
သူ့ပါရမီသည် သူ့ကိုယ်ပိုင် မွေးရာပါမဟုတ်ကြောင်း ပေါ်ထွက်လာလေပြီ။
သူသည် တခြားတစ်စုံတစ်ယောက်ဆီမှ မတရား ခိုးယူထားသူ ဖြစ်သည်။
######