အပိုင်း (၁၇၁)
ကြားနာမှု အဆုံးသတ်
ချီယွမ်သည် ကြားနာခြင်း မစမှီတွင် သားဖြစ်သူကို မြင်လိုက်သည်။ ချီယွမ်သည် သားကို မကြည့်ရဲသောကြောင့် တခြားနေရာများသို့ အကြည့်လွှဲနေသည်။
ဌာနမှူးရှု၏ သက်သေများကို မချန်မလှပ် တစ်လုံးချင်း လေးနက်စွာ ပြောနေသံသည် ချီယွမ်နှင့် ချီကျုံးယဲ့တို့ကို ဓားတုံးတုံးနှင့် လှီးဖြတ်နေသလိုပင်။
ကျန်းလော့သည် သက်သေများကို ကြားပြီးနောက် ဌာနမှူးရှုကို အူလှိုက်သည်းလှိုက် ပြေးဖက်ချင်သွားသည်။ သူ့ကို ကြည့်လိုက်သည်နှင့် ကြားနာမှု တရားလိုနေရာတွင် ထိုင်နေကြသော လူငယ်လေးများသည် စိတ်သက်သာရာရသွားသည်။ သို့သော် မျှော်လင့်ချက် ကောက်ရိုးတစ်မျှင် ဆုပ်ကိုင်ထားသလို ချီယွမ်နှင့် ချီကျုံးယဲ့တို့သည် ရှုတွမ့်သုန်းတစ်ယောက် အဓိကသက်သေကို မရှာမိသေးသည်ကို ကြားပြီးနောက် မျက်နှာမဲ့ပြလိုက်ကြသည်။
သူတို့နှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ပြီး ချီကျုံးယဲ့သည် အသံကို နှိမ့်၍ ပြောလိုက်သည်။
“ချီယွမ် ငါတို့ သဘောတူထားတာ ကို မမေ့သွားနဲ့နော်”
ချီယွမ်က အလျင်စလို ပြောသည်။
“အေးပါ အေးပါ စိတ်မပူနဲ့ ငါ့လက်ထဲမှာ အဆက်အသွယ်တွေ အများကြီးရှိပါတယ်ကွာ ပြီးတော့ မင်းလည်း ရုပ်သေးထိန်းချုပ်ပညာတတ်တာပဲကို ငါ လူသိများနေတာကို ရှောင်ဖို့ လနည်းနည်းလောက် စောင့်ပြီးရင် မင်းကို ဒီကနေထုတ်ဖို့ နည်းလမ်းတစ်ခု သေချာပေါက်ရှိပြီးသား”
“မင်းပြောတဲ့အတိုင်း လုပ်တာကောင်းမယ်”
ချီကျုံးယဲ့သည် ချီယွမ့်ကို တကယ်တမ်းတွင် မယုံသော်လည်း ယခုအချိန်တွင် မျက်စိမှိတ်ယုံလိုက်ရုံကလွဲ၍ တခြားနည်းလမ်း မရှိပေ။ သူတို့နှစ်ယောက်စလုံး အောက်ဆုံးထိ ကျသွားသည်ထက်စာလျှင် တစ်ယောက်ထဲကသာ အဖမ်းခံလိုက်လျှင် ပိုကောင်းမည်ဖြစ်ပြီး သူ့လက်ထဲတွင် ချီယွမ်ကြောက်သော အချက်အလက်များ ရှိနေသည်။
ထိုအတွေးဖြင့် စိတ်သက်သာရာရသွားခဲ့သော်လည်း မရေရာသော စိတ်ခံစားချက်တချို့ကတော့ သူ့ကို ခြောက်လန့်နေဆဲဖြစ်သည်။ တစ်ချိန်လုံး ချီကျုံးယဲ့သည် ချီယွမ့်စကားနားထောင်၍ ကျန်းလော့ကို လုပ်ကြံခဲ့မိသည်ကို နောင်တရနေခဲ့သည်။ တကယ်တမ်းတွင် သူသည် ကျန်းလော့ကို ငါးစာလုပ်၍ ချီယုံ့ကို ရှင်းပစ်ချင်ခြင်းဖြစ်သော်လည်း ချီယွမ်၏တိုက်တွန်းချက်ကြောင့် ယခု ဤနေရာတွင် ရပ်နေရခြင်းဖြစ်သည်။
သို့သော် သူကသာလျှင် အရာအားလုံး စီစဉ်သူဖြစ်ပြီး နောက်ကွယ်က ကြိုးကိုင်သူဖြစ်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ချီယွမ်သည် ပါးစပ်ကလေးသာ လှုပ်၍ သူ ချီကျုံးယဲ့ကသာ အရာအားလုံးကို အမှန်တကယ် ရုပ်လုံးပေါ်လာအောင် လုပ်ခဲ့မိသောကြောင့်ပင်။ သူတို့နှစ်ယောက်တွင် ချီကျုံးယဲ့ကသာလျှင် သံသယဖြစ်စရာ ကောင်းနေသည်မှာ ထင်ထင်ရှားရှားဖြစ်သည်။
သူတစ်ယောက်ထဲကသာ အပြစ်အားလုံးကို ခံယူမည့် ချီကျုံးယဲ့သည် တကယ်တမ်းတွင် ခြေထောက်များ ပျော့ခွေနေပြီဖြစ်ကာ နေရာတွင် ရပ်နေရန်ပင် ရှိသမျှ အားကုန်သုံးထားရလေသည်။ မှုန်ဝါးဝါး ကြောက်ရွံ့စိတ်နှင့် လိုအင်ဆန္ဒတို့သည် သူ့နှလုံးသားထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်လာသလို ခံစားနေရသည်။
အကယ်၍ သူသာ ချီမိသားစု အိမ်တော် အကြီးအကဲမဖြစ်ခဲ့ပါလျှင် ဤကိစ္စကြီးကို ခေါင်းခံရမည့်သူမှာ သူမဟုတ်နိုင်ပေ။ အကယ်၍ ချီယုံသာ မသေသေးခဲ့ပါလျှင် သူသည် ချီယုံ့အပေါ်တွင် ကိစ္စကြီးတစ်ခုလုံး ပုံချပစ်လို့ရသေးကာ သူ့ကိုယ်စား ချီယုံ့ကို အောက်ဆုံးထိ ဆင်းသွားခိုင်းလိုက်နိုင်ပေလိမ့်မည်။
ချီကျုံးယဲ့၏ သိက္ခာမရှိသော ခံစားချက်များသည် ထိုသို့ တွေးလိုက်လျှင် ပို၍ပင် အရှက်မရှိစွာ များပြားလာတော့သည်။
‘ဒါတွေအားလုံး ချီယုံ့အမှားတွေကြီးပဲ’
ချီယုံသာ သေဆုံးသွားပြီးနောက် မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲမသွားခဲ့ပါလျှင် သူက အဘယ့်ကြောင့် ချီယုံ့ကို သတ်ဖို့လေးအတွက်နှင့် ဤသို့ အပြစ်ကြီး ကျူးလွန်မိပါမည်နည်း။ အသက်ရှင်စဉ်တုန်းကလည်း လူတိုင်း၏ ဖင်ထဲမှ ဆူးတစ်ချောင်းလို ခုလုခုလု ဖြစ်စေခဲ့ပြီး သေသွားပြီးနောက်လည်း လူတိုင်းကို ငြိမ်းငြိမ်းချမ်းချမ်း မနေရအောင်လုပ်သွားသော ချီယုံ၏ အမှားကြောင့်သာ ဖြစ်သည်။
ချီကျုံးယဲ့သည် အများကြီး တွေးခဲ့ပါသော်လည်း တကယ်တမ်း တည့်တည့်ဆိုင်ဆိုင် ဝန်ခံစကားပြောရမည့်အချိန်တွင် တုံ့ဆိုင်းနေခဲ့သည်။ ချီယွမ်က သူ့ကို တံတောင်နှင့် တွက်လိုက်သည့်အခါမှသာ မွန်းကြပ်စွာ တောင့်တောင့်ကြီး ရှေ့တိုးသွားခဲ့ပြီး ခြောက်သွေ့အက်ကွဲနေသော အသံဖြင့်
“ဒါတွေအားလုံးက ကျုပ်အကြံတွေပါပဲ ကျုပ်က ချီယွမ့်ကို ကူညီပေးဖို့ တောင်းဆိုခဲ့တာ သူက ကျုပ်ဘာလုပ်မယ်ဆိုတာကို လုံးဝမသိခဲ့ပါဘူး ပြီးတော့ ကျုပ်က သူ့ကို လှည့်စားခဲ့လို့သာ သူဒီကိစ္စထဲ ဝင်ပါသလိုမျိုး ဖြစ်သွားခဲ့တာပါ”
ချီယွမ်သည် သူ၏ အပြစ်ကင်းစင်မှုကို ဖော်ပြရန် ဗျာများနေကာ
“ဟုတ်ပါတယ် ဟုတ်ပါတယ် ကျုပ်တကယ်ကို ဘာမှ မသိခဲ့ပါဘူး အစ်ကိုချီက ကျုုပ်ကို ဒီတိုင်း လူနည်းနည်းလောက် ငှားပေးဖို့ပြောလို့ပါ ကျုပ်က ဖြောင့်မတ်တဲ့လူတစ်ယောက်မို့လို့ သူငယ်ချင်းဟောင်းက အကူအညီတောင်းတော့ ဘာမှပြန်မမေးပဲ ဒီတိုင်း ငှားပေးလိုက်မိတာပါ”
ကျန်းလော့သည် အရှက်မရှိသော စကားတွင် မထိန်းနိုင်လောက်အောင် အထင်သေးသွားမိပြီး ဟက်ခနဲ ရယ်လိုက်သည်။ သူ့ဘေးမှ ယယ်ရွှင် တစ်ယောက်သာ သူ့ရယ်သံကို ကြားလိုက်ပြီး ယယ်ရွှင်သည် သူ့ကို အားကိုးရာမဲ့သလို ဟန်ဆောင်၍ ကြည့်လိုက်ပြီး ရုပ်တည်ကြီးနှင့် နှုတ်ခမ်းတို့ ကွေးသွားတော့သည်။
ချီယွမ်နှင့် ချီကျုံးယဲ့တို့သည် တစ်ယောက်အတွက်တစ်ယောက် တွေးပေးပြီး အနစ်နာခံကြဖို့ ကြိုးစားနေကြသည်လား။
သို့သော် ကျန်းလော့သည် ထိုနှစ်ယောက်ထဲမှ တစ်ယောက်ကိုမှ ဘာမှဖြစ်မသွားဘဲ ပြန်လွှတ်ပြီး အေးချမ်းနေမည်ကို မလိုလားပေ။
ဌာနမှူးရှုသည် မျက်မှောင်ကုတ်၍ မည်သို့ တုံ့ပြန်ရမည်ကို စဉ်းစားနေချိန်တွင် ကျန်းလော့၏ လက်နှစ်ချောင်းသည် လှုပ်ရှားသွားပြီး သူ၏ ပြန်ကောင်းလာပြီဖြစ်သော ချီစွမ်းအင်ကို အသုံးပြုကာ ‘ရိုးသားမှု’ ဟူသော စကားလုံးကို မည်သူမျှ သတိမထားမိခင် လေထုထဲတွင် ရေး၍ ချီယွမ်နှင့် ချီကျုံးယဲ့တို့ဆီသို့ ပို့လိုက်လေသည်။
မမြင်နိုင်သော စာလုံးသည် လေထုကို ဖြတ်၍ ချီယွမ်နှင့် ချီကျုံးယဲ့တို့ နှစ်ယောက်လုံးကို လွှမ်းခြုံနေသည်။ နှစ်ယောက်သာ အပြစ်ကင်းကြောင်း ထွက်ဆိုရန် လုံးပန်းနေကြသော လူနှစ်ယောက်သည် ရုတ်တရက် ဆတ်ခနဲဖြစ်သွားကြကာ သူတို့သည် လူပြောင်းသွားသလိုမျိုး လုပ်ခဲ့သမျှ အကြံအစည်များနှင့် ပြစ်မှုများကို ထုတ်ဖော်ပြောကြတော့သည်။
“အဲဒါကျုပ်ပါ ကျုပ်အကြံပါ ကျုပ်တို့က ကျန်းလော့ကို သတ်ချင်လို့ စာမေးပွဲထဲမှာသေသွားအောင် အစီအစဉ် ချခဲ့တာပါ”
တရားစီရင်ခန်း ပရိတ်သတ်များနေရာတွင် ထိုင်နေသော ချီယယ်သည် လက်သီးတင်းတင်းဆုပ်ထားပြီး သူ့လည်ချောင်းထဲမှ ညည်းညူသံတို့ကို မနည်း ပြန်မျိုချနေရသည်။ ချီယွမ်သည် ကြောက်လန့်စွာ မျက်လုံးပြူးသွားပြီး သူ့ကိုယ်သူ ဤသို့ ပြောထွက်လာသည်ကို မယုံနိုင်ဖြစ်နေသည်။ သို့သော် သူ့ပါးစပ်သည် ဆက်၍ ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေသည်။
“ကျုပ် ကျန်းလော့ကို သတ်ချင်ရတာက ဒီကောင်က ချီယုံ့အတွက် လက်စားချေချင်နေလို့လေ ကျုပ်က ကျန်းလော့ကို သတ်ရုံလောက် ဘယ်လုပ်မလဲ ထျန်းရှိဖူကိုပါ နန်းချပြီး အိမ်တော်ကြီးခြောက်ခုရဲ့ ခေါင်းဆောင်ဖြစ်လာမှာ”
ဤစာကြောင်းနှစ်ကြောင်း ပြောပြီးနောက် ချီယွမ့်အမူအယာသည် ထိတ်လန့်ပြိုလဲသွားသည်။ သို့သော် သူလုပ်ခဲ့သော အမှားများကို လူတိုင်းကြားရအောင် ဆက်ပြောနေခဲ့သည်။ သူ့စကားများကို ကြားခဲ့သော လူတစ်ယောက်ချင်းစီတိုင်းသည် ထိန်းချုပ်မရအောင် အံ့ဩသွားကြသည်။
ချီကျုံးယဲ့သည်လည်း သူကဲ့သို့ပင် သူ့ပါးစပ်ကို ပိတ်မရစွာ..။
“မဟုတ်ဘူး ကျုပ်လုပ်ခဲ့တာတွေကမှ ပိုပြီး လူမဆန်တာ ကျုပ် သွေးငါးရှဉ့်တွေရဲ့ ခေါင်းဆောင်နဲ့ အလုပ်လုပ်ခဲ့တယ် ပြီးတော့လဲ လူချမ်းသာတွေကို ထာဝရငယ်ရွယ်ပြီး အသက်ရှည်မယ်ဆိုပြီး တမင်တကာ သတင်းဖြန့်ခဲ့တာ ပြီးတော့မှ သူတို့အားလုံးကို အဆုံးသတ်ပေးလိုက်တာ နောက်ပြီးတော့ ဟူလင်လို့ခေါ်တဲ့ လူတစ်ယောက်လဲ ရှိတယ် ကျုပ်ကို သူက ဆုတောင်းပွဲတစ်ခုလုပ်ပေးဖို့ တောင်းဆိုခဲ့တာ ဒါပေမဲ့ ကျုပ် အဲဒီနေ့က အမူးလွန်သွားပြီး ဟူလင်တို့ တစ်မိသားစုလုံးကို သတ်ပစ်လိုက်မိတယ် ကျုပ် အဲ့ကိစ္စကို ချီယုံ့ကို အပြစ်လွှဲချလိုက်တာပဲ ပြီးတော့လဲ ချန်ပင်းရှီ ဒဏ်ရာအကြီးကြီး ဖြစ်သွားခဲ့တုန်းကလည်း ကျုပ် ချီယုံ့ကိုပဲ ပုံချခဲ့တာ...’
အကြောင်းအရာ တစ်ခုချင်းစီတိုင်းသည် ကြားလိုက်ရတိုင်း စိတ်ပျက်ဖွယ်ကောင်းအောင် ကျောချမ်းစရာကောင်းခဲ့သည်။
တရားစီရင်ရေး အခန်းတစ်ခုလုံးသည် ချီယွမ်နှင့် ချီကျုံးယဲ့တို့၏ အပြိုင်အဆိုင် အပြစ်ဝန်ခံနေသည့် အသံနှစ်ခုသာ ဟိန်းထွက်နေတော့သည်။ ချီယွမ်နှင့် ချီကျုံးယဲ့တို့ကို ရွှမ်လင်းရုံးတော် အကြီးအကဲများက မယုံနိုင်စွာ ကြည့်နေကြပြီး ကြားနာမှု ပရိတ်သတ်များကလည်း အလွန် စိတ်ခံစားချက်များ ပြင်းထန်လာသည်။
ရုံးစာရေး၏ မျက်နှာသည် အင်မတန် ထိတ်လန့်တုန်လှုပ်နေကာ သူတို့ စာရေးအဖွဲ့ကတော့ အပြစ်သားနှစ်ယောက်၏ စကားများကို ဆက်တိုက် မှတ်တမ်းတင်နေကြသည်။
ချီယွမ်သည် သူပြောတာ သူပြန်ကြားလိုက်ရသည်။
“မဟုတ်ဘူး ကျုပ်က ဒီထက်ဆိုးတာတောင် လုပ်ခဲ့သေးတယ်..”
အသက်ငါးဆယ်နားကပ်နေသော လူအိုကြီး၏ ပါးစပ်သည် သူ့ကိုယ်သူ ချောက်ကမ်းပါး အစွန်းထိ ဆွဲခေါ်သွားတော့သည်။ ချီယွမ်သည် သူ့ပါးစပ်သူ အုပ်လိုက်ချင်သော်လည်း သူ့လက်များသည် ကိုယ်ဘေးတွင် ဖြောင့်စင်းနေအောင် ကပ်နေကာ မှန်ကန်သည့် စစ်သားတစ်ယောက်ကဲ့သို့ တောင့်တင်းနေသည်။ ရှက်စရာကောင်းသော ကိစ္စများကိုပါ ဆက်တိုက် ဖွင့်ပြောမိနေသည်။ သူသည် သူ့အတွင်းထဲတွင် တစ်ခုခု မှားနေကြောင်း သိနေသော်လည်း မထိန်းချုပ်နိုင်ခဲ့ပေ။
ချီယွမ်၏ အမူအယာသည် ထုံထိုင်းနေပြီး အားငယ်နေပုံပေါက်နေကာ
“ခင်ဗျားတို့ ယွမ်ထျန်းကျူး အကြောင်းသိလား”
အခန်းထဲမှ လူတိုင်းသည် အေးခဲသွားကြသည်။ ချီယွမ်ကပြောသည်။
“တစ်လောကလုံးမှာ ယွမ်ထျန်းကျူး လေးလုံးပဲရှိတယ် ပြီးတော့ ယွမ်ထျန်းကျူးကို ...”
“အဟွတ်ဟွတ်.......”
ရုတ်တရက် ချီယွမ်သည် ပြင်းထန်စွာ ချောင်းဆိုးလာသည်။ ချောင်းဆိုးလိုက်ခြင်းသည် သူ့ကို သတိပြန်ဝင်လာစေသလို ဖြစ်သွားပြီး သူ့မျက်လုံးများသည် တဖြည်းဖြည်း ကြည်လင်လာသည်။ သူ့ဘေးတွင် ချီကျုံးယဲ့သည် တူနှင့် ထုရန် တူကို လွှဲလိုက်ရာမှ ဖြစ်လာသော လေပွေတစ်ချက် ဖြတ်တိုက်သွားခြင်း ခံလိုက်ရပြီး သတိပြန်ဝင်လာခဲ့သည်။
တရားစီရင်ခန်းသည် တိတ်ဆိတ်သွားပြီး ချီယွမ်နှင့် ချီကျုံးယဲ့တို့သည် သူတို့ပြောခဲ့သည်များကို သူတို့ကိုယ်သူတို့ မယုံနိုင်ဖြစ်နေကြကာ ဘာလုပ်ရမှန်း မသိတော့အောင် ဖြစ်နေကြသည်။
ကျန်းလော့သည် ထိုနှစ်ယောက်ကိုယ်ပေါ် လွှမ်းခြုံနေသည့် စကားလုံးစိတ်ဝိညာဉ်အစွမ်း ပယ်ပျက်သွားပြီ ဖြစ်ကြောင်း အာရုံရလိုက်ပြီး နောက်ထပ် စွမ်းအားကြီးတစ်ခု သူတို့ကိုယ်ပေါ်သို့ လွှမ်းခြုံသွားကာ ထုတ်ပြော၍ မဖြစ်သော လျှို့ဝှက်ချက်များ ထုတ်မပြောနိုင်အောင် တားဆီးလိုက်သည်ကိုလည်း ခံစားမိခဲ့သည်။
ချီယွမ်သည် အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။
“ခုနက ကျုပ်ကို ဝိညာဉ်ရုပ်သေးပညာနဲ့ ချီကျုံးယဲ့ ထိန်းချုပ်လိုက်တာပါ သူက ကျုပ်ကို ထိန်းချုပ်ပြီး သူ့အပြစ်တွေအကုန် ကျွန်တော့်အပေါ် ပုံချချင်နေတာပါ”
“မင်း လျှောက်ပြောနေတယ်”
ချီကျုံးယဲ့သည် စိတ်တိုစွာ ကြည့်လိုက်ပြီး အံကြိတ်၍ မုန်းတီးစွာ ပြောလိုက်သည်။
“ရက်စက်တဲ့ကိစ္စတွေလုပ်ဖို့ ငါ့ကို အသုံးချတာ မင်းဆိုတာ ရှင်းနေတာပဲကို”
အိမ်တော်ကြီးခြောက်ခုမှ အကြီးအကဲများ ဖြစ်ကြသော လူနှစ်ယောက်သည် လူအများရှေ့တွင် သူတပြန်ကိုယ်တပြန် သတ်ပုတ် ပြောဆိုနေကြပြီး အရူးများလို ဆဲဆိုကြတော့သည်။
မြင်ကွင်းသည် အလွန်ဟာသမြောက်သော်လည်း ရွှမ်လင်းရုံးတော် အကြီးအကဲများကတော့ မရယ်နိုင်ကြပေ။ လေးနက်သော မျက်နှာထားများဖြင့် ချီယွမ်နှင့် ချီကျုံးယဲ့တို့ ဝန်ခံသွားသော အပြစ်များကို ကြားပြီး ထိတ်လန့်စွာ လက်ချောင်းများ တဆတ်ဆတ် တုန်ခါနေကြသည်။ သူတို့သည် စတင်ပြီး တခြား အဖွဲ့အစည်းများဆီသို့ ဆက်သွယ်ကြတော့သည်။
ချီယွမ်နှင့် ချီကျုံးယဲ့တို့သည် လူတစ်ယောက်ထက်မက ပိုသတ်ခဲ့ကြကာ သူတို့သတ်ခဲ့သူများတွင် သာမန်လူများပါ ပါနေခြင်းကြောင့် ကိစ္စကြီးသည် ကြီးသည်ထက်ကြီးသွားတော့သည်။ ထိုကဲ့သို့ ကိစ္စမျိုးသည် သူတို့ကိုင်တွယ်နိုင်သော ပြဿနာလေး မဟုတ်တော့ဘဲ ပြည်နယ်ဘက်မှ အကြီးပိုင်းများ ဝင်ပါမှ ရတော့မည့်ကိစ္စကြီး ဖြစ်သွားလေပြီ။
အရာရှိလင်နှင့် သူ့လုပ်ဖော်ကိုင်ဖက်များသည် ရွှမ်လင်းတရားရုံးရှေ့တွင် ချီကျုံးယဲ့နှင့် ချီယွမ်တို့ကို အမိန့်ချပြီးသည်နှင့် ဖမ်းဆီးရန် အရံသင့် စောင့်ဆိုင်းနေကြသည်။ ချီယွမ်နှင့် ချီကျုံးယဲ့တို့သည် ရဲများ ပြေးဝင်လာသည်ကို မြင်သည်နှင့် အလွန်ထိတ်လန့်သွားကာ မျက်နှာများ ဖြူဆုတ်သွားကြပြီး ဤတစ်ကြိမ်တွင်တော့ လွတ်လမ်း မရှိတော့သည်ကို သဘောပေါက်သွားကြသည်။
လူသားများ၏ ဗီဇအရ သူတို့သည် ချက်ချင်းလှည့်ပြေးဖို့ လုပ်သော်လည်း ချီယွမ်သည် နှစ်လှမ်းလောက်သာ ပြေးရသေးသည် ရဲများက သူ့ကို မြေကြီးပေါ်တွင် ဆွဲမှောက်ပစ်လိုက်လေသည်။ မြေကြီးပေါ်သို့ မျက်နှာနှင့်ကျသွားသောကြောင့် သူ့နှာခေါင်းရိုးသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်မိပြီး သွေးများထွက်လာသည်၊
သူသည် နာကျင်မှုကြောင့် ညည်းညူလိုက်ပြီး တစ်ဖက်တွင် ချီကျုံးယဲ့က အော်ဟစ်နေသည်။
“ငါ့ကိုလွတ် ငါ့ကိုလွှတ်လို့”
‘ပြီးသွားပြီ ပြီးသွားပြီ ငါတော့ ဘဝပျက်ပြီ’
တစ်သက်လုံးထောင်ထဲမှာပဲ ကုန်ဆုံးသွားရတော့မှာကို တွေးရင်း ချီယွမ်သည် တစ်ကိုယ်လုံးတုန်ယင်လာပြီး ရဲများ ဆွဲခေါ်ရာနောက် ပါသွားတော့သည်။
လူအုပ်ထဲမှ သတိမထားမိနိုင်လောက်သော အအေးစီးကြောင်းတစ်ခုသည် လူအုပ်ကြီးကိုဖြတ်၍ ချီယွမ့်ကို လွှမ်းခြုံသွားသည်။ ချီယွမ်၏ မျက်နှာသည် တွန့်လိမ်သွားပြီး ရုတ်တရက် အန္တာရာယ်ကို အာရုံခံမိလိုက်သည်။ နောက်ခဏတွင် မမြင်ရသော တစ်စုံတစ်ခုက သူ့ကို လည်ပင်းမှကိုင်၍ လေထဲတွင် ကြမ်းတမ်းစွာ ဆွဲမြောက်ပစ်လိုက်လေသည်။
ချီယယ်သည် ချက်ချင်း ထရပ်မိသွားပြီ..။
“ပါး”
ချီယွမ့်ဘေးမှ လူများသည် ကြောင်အနေပြီး အရာရှိလင်သည် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ဘာရပ်ကြည့်နေကြတာလဲ သူ့ကို မြန်မြန် ပြန်ချကြလေ”
သို့သော် မည်သူကမှ ချီယွမ့်ကို ဆွဲမချနိုင်ခဲ့ပေ။ ချီယွမ်၏ အသက်ရှူသံသည် တဖြည်းဖြည်း နှေးကွေးလာပြီး သူ့မျက်နှာသည် ပြာနှမ်းသွားကာ “ဟိုး အား” အသံယဲ့ယဲ့သာ ထွက်နိုင်တော့သည်။ မျက်လုံးထဲမှ မျက်ရည်များ စီးကျလာကာ သေခြင်းတရားကို အလွန်ကြောက်ရွံ့နေကြောင်း သိနိုင်လေသည်။
သူသည် ရုန်းကန်နေရင်း ချီယယ်ကို ငုံ့ကြည့်လိုက်သည်။ ချီယွမ်သည် သားဖြစ်သူ၏ မျက်ရည်ဖြိုင်ဖြိုင်ကျနေသော မျက်နှာကိုမြင်ကာ ဘယ်ကမှန်းမသိ ထွက်လာသော အားများပြည့်ဝသွားပြီး လွှတ်အောင် အတင်းရုန်းကန်တော့သည်။
ထိုအချိန်တွင် ချီယွမ်သည် အေးစက်သော အသံတိုးတိုးကို ကြားလိုက်ရသည်။
“ချီယွမ် မင်းကိုယ်ထဲက စိတ်ဝိညာဉ်က ကျုပ်အဘိုးပိုင်တာ အခု ကျုပ်ကို ပြန်ပေးသင့်ပြီနော်”
ချီယွမ်၏ မျက်စိသူငယ်အိမ်သည် ကျုံ့ဝင်သွားတော့သည်။ ရုန်းကန်နေသော ချီယွမ့်ခြေထောက်များကို ဖမ်းရန် ကြိုးစားနေသော ရဲသားများသည် ချီယွမ် အနည်းငယ် ငြိမ်သွားသောအခါ ဝမ်းသာသွားကြသည်။ သူ့ပါးစပ်ထဲမှ ထွက်လာသော အသံသည် သက်ရှိလူတစ်ယောက်၏ အသံမျိုး မဟုတ်ပေ။ ထို့အပြင် သူ့လည်ပင်းမှ မျက်နှာအထိ သွေးကြောများထောင်နေသော ပုံစံသည် အလွန်ကြောက်စရာကောင်းလေသည်။
သူ့ကိုယ်ထဲမှ မမြင်နိုင်သော စိတ်ဝိဉာည်ကို ကျောရိုးမှ ဆွဲထုတ်နေသည့် နာကျင်မှုသည် သေတော့မတတ် ဆိုးဝါးလှသည်။ သူ့ဘဝ၏ နောက်ဆုံးအချိန်တွင် ချီယွမ်၏ မျက်လုံးများသည် နက်မှောင်သွားပြီး ရုတ်တရက် လူအုပ်အလယ်တွင် ထိုင်နေသော မကောင်းဆိုးဝါးကို မြင်လိုက်ရသည်။
လူအားလုံး၏ ကြားထဲတွင် အနက်ရောင်ဝတ်စုံကို အထက်တန်းကျကျ ဝတ်ဆင်ထားသော လူသည် မလှုပ်မရှား ထိုင်နေပြီး မရဏငရဲသားတစ်ကောင်ကဲ့သို့ မျက်လုံးမျာသည် သူ့ကို ဖောက်ထွင်းတော့မတတ် ကြောက်မက်ဖွယ်ကောင်းစွာ ကြည့်နေခဲ့သည်။ ချီယွမ်၏ ရင်ဘတ်သည် မောက်တက်လာပြီး အလွန်ထိတ်လန့်သွားကာ မောဟိုက်နေသော အသံဖြင့် ခက်ခဲစွာ ပြောခဲ့သည်။
“ချီယုံ...”
ထိုစကားပြောပြီးပြီးချင်း သူ့လည်ပင်းသည် ရုတ်တရက် ကျိုးသွားပြီး သေဆုံးသွားတော့သည်။ ဆက်တိုက်ရုန်းကန်နေသော ချီကျုံးယဲ့သည် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကာ ရဲသားများသည် ငြိမ်ကျသွားသည်ကို လက်ဦးမှုယူပြီး ဖမ်းချုပ်လိုက်ကြသည်။ သူသည် ဘေးပတ်ပတ်လည်ကို လိုက်ကြည့်ပြီး ကြောက်ရွံ့လွန်းလို့ တဆတ်ဆတ်တုန်နေကာ။
“ချီယုံလား ချီယုံက ဒီရောက်နေတာလား”
သူသည် ရဲများ ဖမ်းချုပ်ထားသည်ကို အတင်းရုန်းကန်လိုက်ပြီး ချီယွမ့်ခန္ဓာကိုယ်ကို ဆွဲကာ ကြောက်လန့်စွာဖြင့် ဆွဲယမ်းရင်း
“ချီယွမ် ချီယုံဘယ်မှာလဲ သူငါ့ကို သတ်မှာလား...”
သေနေပြီးဖြစ်သော ချီယွမ်သည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး ချီကျုံးယဲ့ကို ယုတ်မာစွာ စိုက်ကြည့်ကာ ကြောက်မက်ဖွယ်အပြုံးကြီးပြုံး၍..။
“မင်းက နောက်တစ်ယောက်ပဲ”
ထိုသို့ ပြောပြီးနောက် ချီယွမ်သည် မျက်လုံးပြန်မှိတ်သွားပြန်သည်။ ချီကျုံးယဲ့သည် အလွန်ကြောက်လန့်နေပြီး အောက်သို့ ထိုင်ချလိုက်ကာ ရဲသားများသည် သူ့ကို ဆွဲထူသော်လည်း ချီကျုံးယဲ့ကို ထိလိုက်လျှင် ထိလိုက်ချင်း အရူးတစ်ယောက်လို အာ်ဟစ်ကာ ခေါင်းကို လက်နှစ်ဖက်နှင့်ကိုင်ထားပြီး
“ငါ့ကို မသတ်ပါနဲ့ ငါ့ကို မသတ်ပါနဲ့..”
ဟာသပြဇာတ်လို့ ထင်ရသော ရယ်မောဖွယ် ကိစ္စသည် လုံးဝ ငြိမ်ကျသွားသည်။
တရားစီရင်ခန်းသည် မကောင်းဆိုးဝါး၏ ဝင်ပါလိုက်မှုဖြင့် အဆုံးသတ်သွားပြီး မကောင်းဆိုးဝါးသည် ကုတ်အနက်ရောင်ဖြင့် ခမ်းနားစွာ ခြေချိတ်ထိုင်နေခဲ့သည်။ ထို့နောက် တုတ်ကောက်ကို အားပြု၍ ထိုင်ရာမှ ထလိုက်ကာ အပြင်ဘက်သို့ အေးဆေးစွာ ထွက်သွားခဲ့သည်။ တံခါးအပြင်ရောက်သည်နှင့် သူ့ဘေးမှ အသံတစ်ခုကြားလိုက်ရသည်။
“ဟေး..”
မကောင်းဆိုးဝါးသည် ညာဘက်သို့ လှည့်ကြည့်လိုက်သည်။ ဆံပင်အနက်ရောင်ကောင်လေးသည် နံရံကို မှီရပ်နေပြီး တစ်ဝက်ကျန်နေသော စီးကရက်တစ်လိပ်သည် လက်ချောင်းကြားတွင် ညှပ်ထားပြီး နှာခေါင်းမှ စီးကရက်ငွေ့များ မှုတ်ထုတ်လိုက်သည်။ နေဝင်ချိန်၏ လိမ္မော်နီရောင် နေရောင်သည် ကောင်လေး၏ ဆံပင်အနက်ရောင်များပေါ်သို့ ဖြာကျနေကာ ဝံ့ကြွား တောက်ပသော မျက်နှာ အစိတ်အပိုင်းများကို ပို၍ ပေါ်လွင်လာစေသည်။ မကောင်းဆိုးဝါးကို ပျင်းရိစွာ ကြည့်လိုက်ရင်း
“သွားတော့မလို့လား”
မကောင်းဆိုးဝါးကို တမင်တကာ ရပ်စောင့်နေသော ပုံစံဖြင့် ပြောလိုက်သည်။
#####