အပိုင်း (၁၇၃)
နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းခြင်း (၁)
သို့သော် သူ့ရွေးချယ်မှုကို တခြားသူများကတော့ နားမလည်နိုင်ကြပေ။ ထိုအချက်သည် သူတို့ ကျန်းလော့ကို ထျန်းရှိဖူမှ ထွက်မလာစေချင်တာမျိုး လုံးဝမဟုတ်ဘဲ ဖုန်းလီ၏ ကျန်းလော့အပေါ် အလွန်တင်းကျပ်စွာ အုပ်ထိန်းမှုကြောင့် ကျန်းလော့ကို စိုးရိမ်သွားကြခြင်းသာ ဖြစ်သည်။ သူတို့သည် ကောင်းကင်သခင်ဖုန်း၏ သဘောထားကို တွေးမိပြီး ကြောက်လန့်စွာ နှုတ်ခမ်းကိုက်ထားမိကြသည်။ သူတို့သည် ကျန်းလော့တစ်ယောက် ထျန်းရှိဖူကို စွန့်ခွာရန် ဤမျှ လွယ်လွယ်တွေးနိုင်ခြင်းကိုလည်း အံ့ဩနေကြသည်။
ဖုန်းလီသည် အသက်အငယ်ဆုံးသော ကောင်းကင်သခင်တစ်ပါးဖြစ်ပြီး ယခုဆိုလျှင် ရွှမ်ရွှီလောက၏ နံပါတ်တစ် ထပ်ဆုံးတွင် ရပ်တည်နေသော ပုဂ္ဂိုလ်ဖြစ်သည်။ ဖုန်းလီကို တွေ့နိုင်ရန် မည်သူ့အတွက်မှ လွယ်ကူခြင်းမရှိသလို မည်သူကမှ ဖုန်းလီကို မျက်နှာလိုအားရပင် မလုပ်ရဲကြပေ။
ဖုန်းထျန်းရှိ၏ တပည့်ရင်းဆိုသည့် နာမည်နှင့်ပင် ကျန်းလော့ မည်မျှတော်ကြောင်း သိနိုင်နေပြီဖြစ်ပြီး ဤနယ်ပယ်တွင် ထိုနာမည်လောက် သိက္ခာရှိသော နာမည်အလွန်ရှားပါးသည်။ တစ်စုံတစ်ယောက်သည် ထိုနာမည်ကို မှီ၍ အလွယ်လေး ချမ်းသာလာနိုင်သည်။
ရလဒ်အရတော့ ကျန်းလော့သည် ထိုနေရာမှ ထွက်ခွာရန် လွယ်ကူစွာ တွေးနိုင်ပြီး ဆုံးဖြတ်ချက်ပင် ချနိုင်ခဲ့သည်။ ကျန်းလော့သည် သူဘာကြောင့် ထွက်ခွာလာချင်ရသလဲဆိုသည့် အကြောင်းပြချက်ကို မပြောပြခဲ့သော်လည်း အရာရှိလင်ကတော့ ဘာလို့ပဲ ထွက်လာလာ သူတို့နှင့်ပူးပေါင်းမည်ဟု တွက်လိုက်ကာ အားရဝမ်းသာ ကျန်းလော့လက်ကို ဆွဲ၍ မျက်ရည်များပင် ကျလုလု ဖြစ်လာသည်။ ထို့နောက် ရှိုက်ပြီး ပြောလိုက်သည်။
“ကျန်း ဘာမှ စိတ်မပူနဲ့သိလား နိုင်ငံတော်က မင်းရဲ့ အားကိုးရာ ခံတပ်အသစ်ဖြစ်လာမှာ ပြီးတော့လဲ သေချာပေါက် မင်းကို ကာကွယ်ပေးမှာ ဘာမှ စိုးရိမ်စရာမလိုဘူး”
ကျန်းလော့သည် ပြည်နယ်အစိုးရမှ ထုတ်ပြန်သော အဖွဲ့အစည်းကို ယုံကြည်မှုရှိသည်။ စတင်တည်ထောင်ခါစ အဖွဲ့အစည်းတစ်ခုလောက် သေချာတောက်ပထင်ရှားသော အရာမရှိပေ။ ရွှမ်ရွှီလောက၏ အကြီးပိုင်း အုပ်ချုုပ်သူများသည် သူတို့၏ အမှားများအတွက် ပြင်ဆင်မှုများ ပြုလုပ်နေရပြီး သူတို့သည် ယခုဆိုလျှင် အာရုံမကျင်းမှီ သန်းခေါင်အချိန်ကဲ့သို့ မှောင်မိုက်နေသည့် အခိုက်အတန့်ကို ရောက်ရှိနေကြသည်။
ရွှမ်ရွှီလောကကြီးကို ချီယုံဖျက်ဆီးပြီး အိပ်မက်ထဲကလို လုပ်ပစ်မှာထက်စာလျှင် ပြည်နယ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်က ပို၍ ကောင်းမည်ဟု ကျန်းလော့ထင်သည်။
ကျန်းလော့သည် သူ့ကိုယ်သူ မထိန်းနိုင်အောင် ချီးကျူးမိသည်။ သူနှင့် ချီယုံတို့သည် တစ်ယောက်နှင့် တစ်ယောက် မုန်းတီးဆန့်ကျင်ကြရန် မွေးဖွားလာခြင်းဖြစ်သည်။ သူတို့နှစ်ယောက်စလုံးတွင် ရွှမ်ရွှီလောကကို ဖျက်ဆီးချင်သည့် ရည်မှန်းချက်ချင်း တူညီနေကြလျှင်တောင် သူတို့သည် အစွန်းနှစ်ဖက်မျာ ရပ်နေကြသူများ ဖြစ်သည်။
ချီယုံ၏ အရာအားလုံးကို ဖျက်ဆီးပြီး စနစ်သစ်နှင့် အုပ်ချုပ်မှုကို ဤအဖွဲ့အစည်းဖြင့် တားဆီးနိုင်အောင် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
‘တော်တော် မိုက်မှာပဲ’
ကျန်းလော့သည် တကယ်လဲ ထိုသို့တွေးမိပြီး ဤကဲ့သို့ လှည့်ဖြားမှုနှင့် အလွဲသုံးစား လုပ်ခြင်းတို့ ရောထွေးနေသော ဆက်ဆံရေးသည် မည်သည့် ရှုထောင့်ကကြည့်ကြည့် အဆိပ်သင့်နေသော ဆက်ဆံရေးမျိုး ဖြစ်သည်။ အထွေထွေ လိုအပ်ချက်များကို ဆွေးနွေးကြပြီးနောက် အရာရှိလင်သည် အလောတကြီး ထွက်သွားဖို့ ပြင်ဆင်ခဲ့သည်။
“ကျွန်တော်တို့ ချီ(ချီယယ်)နဲ့ ချီ(ချီယုံ) မိသားစုက လူတွေကို ဖမ်းဖို့ကျန်သေးတယ်ဗျ ချီယွမ်နဲ့ ချီကျုံးယဲ့တို့ပြောခဲ့တဲ့ သူတို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ နေရာတွေအားလုံး နဲ့ ဝန်ခံချက်တွေကို မှတ်တမ်းတင်ထားပြီးသားပါ ပြီးတော့ ကျွန်တော်တို့ ကြံရာပါလို့ ထင်တဲ့သူတွေနဲ့ မိသားစုဝင်တွေကို တစ်ယောက်ချင်းစီ စစ်ဆေးရဦးမယ် အိုး ပြီးတော့ မင်းတို့အတန်းဖော် ချီယယ်ကိုလည်း ကျွန်တော်တို့ ခဏတော့ ခေါ်ထားရမယ်ဗျ နောက်ဆုံးတော့ သူက ချီမိသားစုဝင်ဖြစ်နေတယ်လေ သူအပြစ်ရှိမရှိက စစ်ဆေးကြည့်မှ သိရမှာဆိုတော့ ဒါပေမဲ့ ကျွန်တော်တို့ သူ့ကို စစ်ဆေးလို့ပြီးလို့ အပြစ်ကင်းတယ်ဆို ချက်ချင်းပြန်လွှတ်ပေးမှာပါ ဒါကြောင့် အရမ်းကြီး မစိုးရိမ်ကြပါနဲ့”
ချီယယ်သည် သူ့ဖခင် မျက်စိရှေ့မှာတင် သေဆုံးသွားသည်ကို ကြည့်၍ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသည်။ ကောကျူသည် နူးညံ့စွာ သက်ပြင်းချလိုက်ပြီး
“သူလည်းပဲ သနားစရာပါကွာ”
ကျန်းလော့သည် ချီယွမ်၏ စိတ်ဝိညာဉ်ခန္ဓာအဖြစ် ရယူခံထားခဲ့ရသော ချီယုံ့အဘိုးအကြောင်း တွေးမိသွားသည်။
‘သနားစရာလား’
‘ဟမ့်’
သို့သော် ကျန်းလော့သည် ဤအဖြစ်အပျက်တွင် နာကျင်ထိခိုက်မှု အနည်းဆုံးဖြစ်သူကို သိထားသည်။
ကြားနာမှုပြီးဆုံးသည်နှင့် ဆယ်ရက်တိုင်အောင် ကျင်းပသည့် နှစ်သစ်ကူးပွဲတော်သို့ ရောက်ပြီဖြစ်သည်။ ဆင်နွှဲရန် လုယုံရိသည် သူတို့ကို စားသောက်ဆိုင်တစ်ဆိုင်သို့ ညနေခင်းတွင် ခေါ်သွားခဲ့သည်။
ဝိုင်အနည်းငယ်သောက်ပြီး အစားအသောက်များ နည်းနည်းလောက် စား၍ လေပန်းခဲ့ကြသည်။ ကျန်းလော့သည် အနည်းငယ် နွေးထွေးလာသော အပူချိန်ကြောင့် ပျင်းရိလာသည်။ ထို့အပြင် ချီမိသားစုနှစ်စု၏ ခြိမ်းခြောက်မှုမရှိသောကြောင့် သူ့လည်ပင်းများသည် အရက်အရသာကို ကောင်းကောင်းခံစားနိုင်ကာ မူးသည်ဟူသော ဝေါဟာရကို ကိုယ်တိုင်ကိုယ်ကျ နားလည်ရန် အချိန်ကျလေပြီ။
စားသောက်ပြီး ပြန်လာကြသော လူတစ်စုသည် ညဘက်တွင် နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။ နောက်တစ်နေ့မနက် ရှစ်နာရီခန့်တွင် အုပ်စုလိုက်ကြီး တရုတ်နှစ်သစ်ကူးအတွက် ဝယ်စရာရှိတာများ ဝယ်ရန် ရှော့ပင်းစင်တာသို့ ချီတက်သွားကြသည်။
အမြဲလိုလို အလုပ်ကိစ္စကြောင့် နိုင်ငံခြားတွင်သာ နေရသော လုယုံရိမိဘများသည် နှစ်သစ်ကူးကိုလည်း နိုင်ငံခြားတွင်သာ ဖြတ်သန်းရန် ဆုံးဖြတ်လိုက်ကြသည်၊ သူတို့နှင့်အတူ လုယုံရိကို နှစ်သစ်ကူး ဖြတ်သန်းရန် နိုင်ငံခြားသို့ ခေါ်သော်လည်း လုယုံရိက ငြင်းဆိုလိုက်သည်။
ကံကောင်းစွာပင် လုယုံရိမိဘများသည် နှစ်သစ်ကူးအယူသည်းမှုများ သိပ်မရှိကြသူများ ဖြစ်သောကြောင့် သူတို့သည် လုယုံရိကို ဟုန်ပေါင်းများများပေးလိုက်ပြီး နှစ်သစ်ဆုတောင်းပေးလိုက်ကြကာ သူ့ကိုတစ်ကိုယ်ထဲ နေရန် လွတ်ထားပေးလိုက်သည်။
ကောကျူသည် ထိုဟုန်ပေါင်းများကို ကြည့်၍ အလွန်ဝမ်းနည်းလာကာ မျက်ရည်ဖြိုင်ဖြိုင်ကျလာသည်။
ရှစ်ယောက်ထဲတွင် ကောကျူနှင့် ဝမ်ယမ်လန်၊ ယယ်ရွှင်နှင့် ကျန်းလော့တို့သည် ဘယ်မှသွားစရာမရှိကြသောကြောင့် နှစ်သစ်ကို လုယုံရိနှင့် ဖြတ်သန်းကြမည်ဖြစ်သည်။ ခွမ့်ကျိန်းကတော့ နှစ်သစ်တွင် မိသားစု ဆုံစည်းခြင်း ညစာအတွက် အိမ်ပြန်မည်ဖြစ်ပြီး ညစာစားပြီးလျှင် သူတို့နှင့် ပြန်လာပြီး အချိန်ကုန်မည်ဖြစ်သည်။ စိုင်လောင်အာသည် နိုင်ငံခြားတွင် ခရစ်စမတ်နေ့ကို မိသားစုနှင့်ကုန်ဆုံးပြီးဖြစ်၍ နှစ်သစ်ကူးကိုတော့ သူငယ်ချင်းများနှင့် ကုန်ဆုံးမည်ဖြစ်သည်။
ကျိုးကျုံးချိုးကတော့ မိသားစုကြီး၏ ဆက်ခံသူဖြစ်သည်နှင့်အညီ အိမ်ပြန်ရန်လိုအပ်ပြီး အနာဂတ်တွင် ဦးဆောင်နိုင်ရန် လူမှုရေးပွဲများ ဆက်နေမည်ဖြစ်သည်။ ကျိုးကျုံးချိုးသည် မိသားစုကြီးများ အချင်းချင်း ဆွေးနွေးကြသည့်ပွဲတွင် သံလွင်ခတ်ကိုင်၍ ပွဲတက်ရမည်ဖြစ်သည်။
နှစ်သစ်ကူးတွင် ကျန်းလော့သည် အခန်းအောင်းနေပြီး စေတလုံး စကားလုံး ဝိညာဉ်အတတ်ကို လေ့ကျင့်နေခဲ့သည်။ တရုတ်စာလုံး စိတ်ဝိညာဉ်တွင် သမိုင်းကြောင်းအရှည်ကြီးရှိပြီး စာလုံးတစ်ခုချင်းစီတိုင်းသည် မခန့်မှန်းနိုင်လောက်အောင် စွမ်းအားကြီးလှသည်။
ကျန်းလော့သည် စကားလုံး စိတ်ဝိညာဉ်ကို ပုံမဖော်ကြည့်နိုင်သလို မည်သို့ပုံစံရှိမှန်းလည်း ရေးရေးမှ မသိခဲ့ပေ။ သို့သော် ပင်လယ်ကြီးလောက် ကျယ်ပြောသော စွမ်းအား ပမာဏကိုတော့ ကျန်းလော့ ခံစားနိုင်ပြီး ရင့်ကျတ်တည်ငြိမ်ပြီး အလွန်စွမ်းအားကြီးသည်။
ဤသို့ စွမ်းအားကြီးမားသော စကားလုံး စိတ်ဝိညာဉ်နှင့် ကျန်းလော့တို့ တစ်ယောက်ကို တစ်ယောက် ရွေးချယ်မိကြသည်မှာ စိတ်ကူးကြည့်ရန် မဝံ့ရဲနိုင်သော အံ့အားသင့်ဖွယ်ဖြစ်သည်။ သို့သော် စိတ်ဝိညာဉ်နှင့် ဆက်နွယ်မှုနက်ရှိုင်းလာလေ သူ့ကို ဘာကြောင့် ရွေးချယ်မှန်း ကျန်းလော့ သိလာလေဖြစ်သည်။ သူ့စိတ်ဝိညာဉ်မှ ချီစွမ်းအားသည် စိတ်ဝိဇ္ဇာအတတ်ကို လေ့ကျင့်သူများအားလုံးထဲတွင် အသန်မာဆုံးဖြစ်နေသောကြောင့် ဖြစ်ပြီး တရုတ်စာလုံးများတွင် စိတ်ဝိညာဉ်ရှိနိုင်ကြောင်း တွေးမိသော ရှားပါးလူသားများထဲမှ တစ်ယောက်ဖြစ်နေသောကြောင့် ဖြစ်သည်။
စကားလုံး စိတ်ဝိညာဉ်သည် နှစ်ပေါင်းများစွာ ကြာအောင် အမေ့ခံလာရပြီး အထီးကျန်ကာ သီးခြားဖြစ်တည်နေသော တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် ကျန်းလော့မှ ကြိုးစားကြည့်သောအခါ စိတ်ဝိညာဉ်သည် ချက်ချင်းတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ဆယ်ရက်ကြာအောင် စိတ်ဝိဲဉာဉ်နှင့် ရင်းနှီးစေရန် လေ့ကျင့်ရင်း အချိန်ဖြုန်းခဲ့ပြီးနောက် ကျန်းလော့သည် စကားလုံး စိတ်ဝိညာဉ်နှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွယ်မှု တစ်ခု ရှိသွားသည်။ ကျန်းလော့သည် အရာရာတိုင်းတွင် အစွန်းနှစ်ဖက်ရှိနေကြောင်းကိုလည်း ထိုဆယ်ရက်အတွင်းတွင် နားလည်သွားခဲ့သည်။
အသုံးပြုလိုက်သော စကားလုံးက စွမ်းအားကြီးလေလေ ကျန်းလော့ ကြင့်ကျံထားသော ချီပမာဏ ကုန်ဆုံးလေဖြစ်သည်။ စကားလုံး တစ်လုံး စွမ်းအားကြီးသလောက် အသုံးပြုရမည့် စွမ်းအင်ပမာဏ ပိုများလာလေဖြစ်ကာ စကားလုံးတစ်ခုသည် ကျန်းလော့ သက်ရောက်စေချင်သည့် လူအပေါ်တွင်သာ သက်ရောက်နိုင်မည် ဖြစ်သည်။
ကျန်းလော့သည် ချီယွမ်နှင့် ချီကျုံးယဲ့တို့အပေါ်တွင် “ရိုးသားမှု”ဟူသော စကားလုံးကို အသုံးပြုခဲ့သည်။ ထိုသို့ အလွဘ်တကူအသုံးပြုနိုင်ခြင်းသည် ချီယွမ်နှင့် ချီကျုံးယဲ့တို့သည် အလွန်စွမ်းအားမကြီးသောကြောင့်ဖြစ်ပြီး “ရိုးသားမှု”စာလုံးသည် လူကို အန္တာရာယ်ပေးနိုင်ခြင်း မရှိသောကြောင့် ထိုနှစ်ယောက်အပေါ် သက်ရောက်မှု အားကောင်းသွားခြင်း ဖြစ်သည်။
အကယ်၍ သူသာ ပို၍ စွမ်းအားကြီးသော စကားလုံးများကို သုံးခြင်းပါလျှင် "သေခြင်းတရား" ကဲ့သို့သော စကားလုံးလိုမျိုးသည် တစ်စုံတစ်ယောက်၏ ဘဝကို အဆုံးသတ်ပြိုကွဲစေနိုင်သောကြောင့် ထိုစကားလုံးကို သုံးမည်ဆိုလျှင် ယခုထက်ပို၍ အင်အားကြီးရမည်ဖြစ်သည်။ အင်အားကြီးနေလျှင်ပင် ထိုစကားလုံး သက်ရောက်မှုရှိစေရန် အလွန်ရုန်းကန်ရမှာ ဖြစ်သည်။
၎င်းသည် မြက်ပင်တစ်ခု၏ ထက်ရှသော အစွန်းတစ်ဖက်ကဲ့သို့ မထင်မှတ်ထားစွာ အသက်ကိုနှုတ်ယူနိုင်သောကြောင့် ဖြစ်သည်။ သို့သော် လူသားတစ်ယောက်ကိုသတ်ရန်ထက် တိရိစ္ဆာန်တို့ကို သတ်ရန်သာ အသုံးပြုသင့်ပေသည်။
စိတ်ဝိဇ္ဇာပညာရပ်သည် အလွန်စွမ်းအားကြီးသည် ဆိုသော်ငြား တစ်စုံတစ်ယောက်ကို လက်လွတ်စပယ် သတ်နိုင်လောက်အောင်တော့ မစွမ်းဆောင်နိုင်ပေ။ ကျန်းလော့သည် ထိုအချက်အလက်များမှတစ်ဆင့် စကားလုံးစိတ်ဝိညာဉ်တွင်လည်း အကန့်အသတ်တစ်ခုရှိကြောင်း သဘောပေါက်သွားတော့သည်။ တကယ်တမ်းတွင် အကန့်အသတ်ရှိခြင်းသည် အလွန်ကောင်းမွန်သည့်အရာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျန်းလော့သည် ကံကြမ္မာယုံသူသည်လည်း စကားလုံး စိတ်ဝိညာဉ်ကို ရရှိထားကြောင်း ဝိုးတဝါး အာရုံရနေသောကြောင့် ဖြစ်သည်။
နှစ်သစ်ကူးနီးလာသည်နှင့် လမ်းမထက်တွင် မီးရှူးမီးပန်းရနံ့များ လှိုင်လှိုင်ရနေသည်။ ကျန်းလော့နှင့် ကောကျူတို့သည် နှစ်သစ်ကူးည ပြီးလျှင် ကျို့ခန်းဘုရားကျောင်းသွားရန် တိုင်ပင်ထားကြပြီး ပျင်းရိစွာဖြင့် နှစ်သစ်ကူးနေ့ကို စောင့်မျှော်နေတော့သည်။
လူငယ်များ၏ နှစ်သစ်ကူးပွဲတော် ဆင်နွှဲခြင်း နည်းလမ်းသည် လူကြီးများနှင့် အလွန်ကွဲပြားသည်။ လုယုံရိ တိုက်ခန်းထဲတွင် ပုလင်းကြီးငယ်များ ပြည့်နေကာ သောက်စရာများနှင့် အဆာပြေမုန့်ထုတ်များဖြင့် နှစ်သစ်ကူးအတွက်လိုအပ်သော အစားအသောက်များကို ရေခဲသေတ္တာထဲတွင် ပြည့်နေအောင် ထည့်ထားလေသည်။
အလွန်တော်သော စားဖိုမှူးကြီးကျန်းလော့တစ်ယောက် မီးဖိုချောင်ထဲတွင် လူအနည်းငယ်နှင့်အတူ အလုပ်ရှုပ်နေသည်။ ပါဝင်ပစ္စည်းများ အားလုံး ပြင်ဆင်ပြီးသောအခါ ကျန်းလော့သည် ဖက်ထုပ်လုပ်ရန် ပစ္စည်းများကို ဧည့်ခန်းဆီသို့ သယ်လာပြီး အားလုံး အတူတူ တီဗီကြည့်ရင်း ဖက်ထုပ်ထုပ်ကြမှာ ဖြစ်သည်။
လုယုံရိသည် တီဗီကို ဂိမ်းကစားရန် လိုင်းပြောင်းလိုက်ပြီး ကောကျူနှင့် ဂိမ်းဆော့တော့သည်။ ကျန်းလော့သည် လက်ကို ဂျုံမှုန့်နှင့် သုတ်လိုက်ရင်း အတူလာလုပ်ဖို့ ပြောမည်အလုပ်တွင် အားကိုးရသော အတန်းဖော်နှစ်ယောက်မှာ အင်တာနက်ဂိမ်းဆော့ရန် အသင်းဖွဲ့ပြီးလို့ စပင်ဆော့နေကြလေပြီ။ တစ်ဖက်မှ ပြိုင်ဖက်နှစ်ယောက်၏ နာမည်များမှာ “ငါက မင်းအဖေ” နှင့် “အင်တာနက်ကို ဖြတ်ပြီး မင်းကိုလာသတ်မယ်” တို့ဖြစ်သည်။ နာမည်များသည် အလွန်ကို မူလတန်းကျောင်းသားများ သုံးသော နာမည်များ ဖြစ်သည်။
လုယုံရိသည် ယုံကြည်မှုရှိစွာ ကောကျူကို ပြောလိုက်သည်။
“ငါမင်းကို လေပေါ်ရောက်အောင် ခေါ်သွားမယ်(အမြင့်ဆုံးရောက်အောင်) ပြီးတော့ သေချာပေါက် အဲဒီ မူလတန်းကျောင်းသားတွေကို မြေပြင်ပေါ်မှာကပ်နေအောင် ရိုက်ကြမယ်”
ကစားသူအသစ်လေး ကောကျူသည် အလွန်စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြသည်။ ကစားပွဲစသောအခါတွင် လုယုံရိသည် ကောကျူကို လေယာဉ်ပေါ်သို့ တင်ခေါ်ဖို့ မေ့သွားကာ အမြင့်ကြီးမှ မူလတန်းကျောင်းသားလေးဖြစ်သော “အင်တာနက်ကို ဖြတ်ပြီး မင်းကိုလာသတ်မယ်” လွယ်လွယ်ကူကူ သတ်ပစ်ပြီး သူပြန်လှည့်ကြည့်လိုက်သောအခါ ကောကျူကို “ငါက မင်းအဖေ”ဟူသော တစ်ယောက်က အထပ်ထပ်အခါခါ ရိုက်နှက်နေသည်ကို မြင်လိုက်ရသည်။
ကောကျူတစ်ယောက် ပြန်လည်ရှင်သန်လာကာရှိသေးသည် ထပ်ပြီး အသတ်ခံလိုက်ရသောအခါ ရူးသွားမတတ် ဒေါသထွက်လာပြီး အံကြိတ်ကာ
“လုယုံရိ ဒီ“ငါကမင်းအဖေ”ကို အရင်လာသတ်ကွာ ဒီကောင်က တစ်ခုခုပဲ ငါ့ကို တမင်တကာ လိုက်ပြီး ပစ်မှတ်ထားနေတာကွ”
လုယုံရိသည် တာဝန်အကြီးကြီးပေးခံလိုက်ရသော စစ်သားတစ်ယောက်လို လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် တစ်ဖက်မှ မူလတန်းကျောင်းသားများ၏ အနိုင်ကျင့်ခံရခြင်းကို ရှက်ရွံ့သော်လည်း သူ့ညီအစ်ကို၏ အချိန်တိုင်း အသတ်ခံနေရသော သနားစဖွယ် ပုံစံကို မြင်သောအခါ လုယုံရိသည် အင်္ကျီလက်ကို ခေါက်တင်၍ တိုက်ခိုက်တော့သည်။ မတိုက်ခိုက်ခင် နူးညံ့သိမ်မွေ့သော စိတ်ကောင်းစေတနာဖြင့် “အင်တာနက်ကို ဖြတ်ပြီး မင်းကိုလာသတ်မယ်” ကို သတိပေးစာ ပို့လိုက်သည်။
[ကျောင်းသားလေး မင်းအစ်ကိုကြီးနဲ့ ပြင်းပြင်းထန်ထန် မတိုက်ခိုက်ချင်စမ်းပါနဲ့ မင်းလို ကျောင်းသားလေးကို အစ်ကိုတို့က အနိုင်မကျင့်ချင်ဘူးကွ အခု အစ်ကိုကြီးက မင်းရဲ့ အသင်းဖော်ကို အရင်သွားရိုက်လိုက်ဦးမယ် မင်းကတော့ အစ်ကိုကြီး မတွေ့အောင် အရင်ပုန်းစရာရှာထားနော်
လူရှင်းနေသော အင်တာနက်ကဖေးတစ်ခုတွင် ဖြစ်သည်။
လုယုံရိဆီမှ အရိုက်ခံနေရသော “အင်တာနက်ကို ဖြတ်ပြီး မင်းကိုလာသတ်မယ်”သည် မက်ဆေ့ချ်ဘောက်စ်မှ စာကြောင်းကို မြင်သောအခါ ဒေါသမထိန်းနိုင်တော့ပဲ လက်ထဲမှ မာက်စ်ကို ညှစ်ချလိုက်တော့သည်။ မောက်စ်သည် အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားသည်။
ဟွာပိ၏ မျက်နှာသေသည် ယခုအချိန်တွင် အလွန်နီရဲနေကာ လက်သည်းချွန်ချွန်များနှင့် လက်ချောင်းများသည် စိတ်တိုလွန်း၍ တဆတ်ဆတ်တုန်ယင်နေကာ ကွန်ပျူတာခုံပေါ်သို့ လက်ညှိုးတစ်ထိုးထိုးဖြစ်နေသောကြောင့် ခုံပေါ်တွင်လက်သည်းရာများ ထင်သွားစေသည်။
“ငါ သူ့ကို သတ်ပစ်မယ်”
သွားကြားထဲမှ ထွက်လာသော အသံဖြင့် တစ်လုံးချင်းပြောလိုက်သည်။
“ငါ ဒီ “တစ်ခုရှိနေပေမဲ့ တစ်ခုကတော့ မရှိတော့ဘူး”ဆိုတဲ့ လူသားကို အသေသတ်ပစ်မယ်”
ကွန်ပျူတာ စခရင်ကို စိတ်ဝင်တစား အာရုံစိုက်နေသော ကောဝူချန်သည် ပျင်းရိစွာ ပြောလိုက်သည်။
“ဟွာပိ မင်းကွာ ဘာလို့ လူသားတွေအတွက် စိတ်အနှောက်အယှက် အဖြစ်ခံနေမှာလဲကွာ ငါ “သန့်ရှင်းသော တာအိုလေပြေ” ကို ခဏခဏ သတ်ပြီးနေပြီကွ ဒီတော့ ငါမင်းကို လာကူမယ်လေ စိတ်တိုမနေနဲ့တော့”
သူသည် နှာခေါင်းရှုံ့လိုက်ပြီး ပွစိပွစိပြောလိုက်သည်။
““သန့်ရှင်းသော တာအိုလေပြေ”တဲ့လား ငါက တာအိုဘုန်းကြီးတွေကို အမုန်းဆုံးပဲ မင်းကို သတ်လို့ ငါ့ကို အပြစ်မတင်နဲ့ လူကို ဒေါသထွက်အောင် နာမည်ရွေးမှားတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်”
“သန့်ရှင်းသော တာအိုလေပြေ”၏ သေဆုံးထားသော အရေအတွက်ကို ကြည့်ပြီးနောက် သူသေထားသည့် အကြိမ်ရေကို ပြန်ကြည့်ကာ သူသည် အနည်းငယ် စိတ်သက်သာလာသည်။ သို့သော် သူ့ကို သတ်ရန် ခြိမ်းခြောက်ခြင်းကို တော့ သည်းမခံနိုင်သောကြောင့် ကီးဘုတ်ကို မ၍ စာတစ်ကြောင်း ပြန်ပို့လိုက်သည်။ ၏
[အင်တာနက်ကို ဖြတ်ပြီး မင်းကိုလာသတ်မယ်: ဟေ့ “တစ်ခုရှိနေပေမဲ့ တစ်ခုကတော့ မရှိတော့ဘူး” မင်းဘယ်မှာနေတာလဲ လိပ်စာပြော]
မိစ္ဆာများကို တိုက်ခိုက်နေရင်း မက်ဆေ့ချ်ဝင်လာသောကြောင့် ကြည့်လိုက်သော လုယုံရိ : “...”
သူသည် သိချင်သွားပြီး..။
“ဒီကျောင်းသားလေးက ငါ့ရဲ့ တကယ့်လိပ်စာကို မေးနေတာတော့ မဟုတ်ဘူးမလား ပြီးတော့ ငါ့ကို တကယ်ကြီး အင်တာနက်ကြိုးကို ဖြတ်ပြီး လာသတ်မလို့လား မလုပ်လောက်ဘူးနော့”
ကျန်းလော့သည် ထိုတစ်ဖက်မှ တစ်ယောက်နှင့် သူ့ညီအစ်ကိုနှစ်ယောက်ဖြစ်နေသည်ကို ကြည့်၍ ပျော်ရွှင်စွာ ပြေလာိုက်သည်။
“ငါထင်တာတော့ ဒီတစ်ယောက်က နှစ်တန်းကျောင်းသား ဖြစ်လောက်မယ်ကွ”
လုယုံရိသည် သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
လုယုံရိသည် ထိုမက်ဆေ့ချ်ကို လျစ်လျူရှုလိုက်ပြီး “ငါက မင်းအဖေ”ကို တိုက်ရိုက် သွားတိုက်ခိုက်လိုက်သည်။ ကောကျူမှာတော့ “အင်တာနက်ကို ဖြတ်ပြီး မင်းကိုလာသတ်မယ်”၏ လုယုံရိကို နှောင့်ယှက်၍ “ငါက မင်းအဖေ”ကို လိုက်ကူညီနေသည်ကို တားနေရင်း ခက်ခဲစွာ ရုန်းကန်နေရရှာသည်။ သူနှင့် သူ့ပြိုင်ဘက်တို့သည် အဆင့်တူကြသည် မှန်သော်လည်း ထူးဆန်းစွာပင် သူတို့နှစ်ယောက်လုံးသည် မည်သူမျှ ကယ်တင်မရအောင် ဖြစ်နေကြသည်လည်း တူညီနေခဲ့သည်။
ဟွာပိသည် မျက်မှောင်အကြီးကြီး ကြုတ်ထားသော်လည်း သူ့မျက်လုံးများကတော့ အလွန်ပျော်နေကြောင်း ပြနေသည်။ သူသည် အေးဆေးတည်ငြိမ်စွာ ဂိမ်းဇာတ်ကောင်လေးကို သေချာဂရုတစိုက် ထိန်းချုပ်၍ မသေမသပ်ရှောင်တိမ်းကာ “သန့်ရှင်းသော တာအိုလေပြေ”ကို မကျွမ်းတကျွမ်း ပြန်တိုက်ခိုက်နေသည်။
ထိုအချိန်တွင် သူ့ဘေးမှ အသံတစ်သံသည် ရုတ်တရက်ကြီး ထွက်ပေါ်လာသည်။
“ဟွာပိ မတွေ့ရတာကြာပြီကွာ ဒါနဲ့ မင်းရဲ့ လယ်ဗယ်က ဘာလို့အခုချိန်ထိ အမှိုက်ဖြစ်နေသေးတာလဲကွ”
လက်ကလေး တစ်ချက်တွန့်သွားမိပြီး “သန့်ရှင်းသော တာအိုလေပြေ”က သူ့ကို သတ်သွားတော့သည်။ စခရင်တစ်ခုလုံး မည်းနက်သွားသည်ကို ကြည့်နေရင်း သူ့လက်များသည် ဒေါသတကြီး တုန်ယင်လာကြကာ ကြောက်စရာကောင်းလောက်သည့် ဖိအားများ ပေါ်ထွက်လာသည်။
လျောင်စီသည် နှာခေါင်းကို လက်ညှိုးကွေး၍ ပွတ်လိုက်ပြီး ဝမ်းသာစွာပြောလိုက်သည်။
“အိုး ငါမင်းကို နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး စိတ်မကောင်းလိုက်တာကွာ”
#####