အပိုင်း (၁၈၉)
နဂါးသွေးကြောများ (၁)
လျန်ရွှီ၏ မျက်လုံးများသည် ခယတောင်းပန်ဟန် အပြည့်ဖြစ်နေပြီး မျက်ရည်ဖြိုင်ဖြိုင်ကျနေသည်။ သူမသည် နောက်ဆုံးတစ်ခေါက် ကံကြမ္မာယုံသူ၏ အမိန့်ဖြင့် ကျန်းလော့ကို တိုက်ခိုက်ခဲ့ရတုန်းကတည်းက အားလုံးကို သိသွားခဲ့ပြီးဖြစ်သည်။
လျန်ရွှီသည် အသည်းခိုက်အောင် အကောင်အထည်မပြနိင်သော နာကျင်မှုကို ခံစားခဲ့ရပြီး ဖြစ်ပြီး သူမ၏ မောင်နှမများကို သူမကဲ့သို့ မခံစားရစေချင်ပေ။ သူမသည် သူမတို့၏ အကြီးအကဲများ၏ အတွေးတို့ကို နားမလည်နိုင်ပေ။ သို့သော် အစ်မကြီးတစ်ယောက်အနေဖြင့် တတ်နိုင်သလောက် အငယ်များကို ကာကွယ်ချင်သည်။
သူမ၏ တောင်းပန်နေသော မျက်ဝန်းများ၊ -လျန်ပင်း၏ မာန်ဖီရန်လိုနေသော ပုံရိပ်၊ တခြားသူများ၏ အော်ဟစ်ကြောက်လန့်နေပုံမှားနှင့် နေရာတိုင်းတွင် သွေးကွက်များစီးကျနေခြင်းသည် တာအိုဆရာတော်ဝေ့ဟယ် မြင်နေရသော အရာအားလုံး ဖြစ်သည်။
တာအိုဆရာတော် ဝေ့ဟယ်၏ နှလုံးသားသည် တဖြည်းဖြည်း ယိမ်းယိုင်လာသည်။
ကျန်းလော့ တာအိုဆရာတော် ဝေ့ဟယ်၏ မျက်နှာထားကို မြင်လျှင် ဆရာတော်၏ အတွေးများ ယိမ်းယိုင်လာကြောင်း သိလိုက်သည်။
ပိုမိုပြီး ယိမ်းယိုင်လာလျှင် ပိုကောင်းမည်ဖြစ်ပြီး ဝေ့ဟယ်၏ စိတ်ထဲမှ အညစ်အကြေး ရေနောက်များကို အကုန်ဖောက်ထုတ်လိုက်နိုင်ခဲ့လျှင်တော့ အကောင်းဆုံးဖြစ်သည်။
သူသည် ဟွာပိကို မေးပြီးနောက် ဝင်မပါဘဲ ခနလောက် ရပ်ကြည့်ပြီးနောက် ဂရုမစိုက်စွာ အခန်းထဲသို့ ပြန်သွားလိုက်ပြီး အမဲသားခေါက်ဆွဲကို ဟင်းရည်တစ်စက်မှ မကျန်အောင် ထိုင်စားတော့သည်။
ကျန်းလော့သည် ဝူရှညန် ဘိုးဘေးခန်းမမှ ယူခဲ့သော သူ့ပစ္စည်းများကို ပြန်တောင်းလိုက်သည်။ သို့သော် ယွမ်ထျန်းကျူးကတော့ ချီယုံက ယူပြီးသွားပြီဖြစ်ကာ ပိုက်ဆံအိတ်နှင့် ဖုန်းသာ ရှိတော့သည်။
ချီယုံသည် ဤယွမ်ထျန်းကျူးရမည့် အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ကြောင်း သိထားသော်လည်း ကျန်းလော့သည် မထိန်းချုပ်နိုင်စွာ မျက်လုံးလှိမ့်လိုက်တော့သည်။
‘လခွမ်း ငါ့ပစ္စည်းကို ငါမသိအောင်တောင် ဒီခွေးကောင်က ကိုင်ရဲနေပြီ’
ကျန်းလော့ ပိုင်ဟွားတက္ကသိုလ်တွင် ဖွက်ထားသော တစ်လုံးကလွဲလျှင် ချီယုံ့တွင် ယခုဆိုလျှင် ယွမ်ထျန်းကျူး သုံးလုံးရှိနေပြီဖြစ်သည်။
ချီယုံသည် ကိစ္စတချို့ လုပ်စရာရှိသောကြောင့် တခြားအခန်းထဲ ရောက်နေသည်။
ကျန်းလော့သည် သူတစ်ယောက်ထဲ ရှိချိန်ကို အပြည့်အဝ အသုံးချ၍ ဝမ်ယမ်လန်ကို ဖုန်းခေါ်လိုက်သည်။ ဤနေရာတွင် လိုင်းသိပ်မကောင်းသော်လည်း ဖုန်းတော့ ဝင်သွားခဲ့သည်။ ကျန်းလော့သည် ဖုန်းဝင်သွားသည်နှင့် အချိန်မဖြုန်းဘဲ ဝမ်ယမ်လန်ကို လွန်ခဲ့တဲ့ နှစ်ရက်ကအကြောင်း ဖြစ်ကြောင်းကုန်စင် အကုန်ပြောပြလိုက်သည်။
“ဝမ်ယမ် ငါ့အတွက် ကိစ္စနှစ်ခုလောက် လုပ်ပေးစမ်းပါကွာ”
ဝမ်ယမ်လန်က မေးသည်။
“ဘာတွေလဲ”
“ပထမတစ်ခုက ငါ့ကို ကျိယောင်ဇီ အသုဘပစ္စည်းအရောင်းဆိုင်မှာ ပြန်ရောက်နေပြီလား တစ်ချက်စစ်ကြည့်ပေး ပြီးတော့ ကျိယောင်ဇီရဲ့ နောက်ကြောင်း အပြည့်အစုံကို ရှာပေးထား”
ဝမ်ယမ်လန်ကပြောသည်။
“ပြဿနာမရှိဘူး”
“ဒုတိယတစ်ခုကကွာ ကံကြမ္မာယုံသူ ဘယ်ကို ပြေးသွားလဲဆိုတာ ရှာပေး”
ကျန်းလော့သည် ရပ်သွားပြီး
“ဒီတိုင်း အကောင်းဆုံးသာ ကြိုးစားပြီး ရှာကွာ နောက်ဆုံးတော့ သူက ဒဏ်ရာအပြင်းအထန် ရထားတာဆိုတော့ ပြန်ကုဖို့ လူသိပ်မသိတဲ့ ဝေးဝေးလံလံမှာ ပြေးပုန်းနေမှာပဲ”
ဝမ်ယမ်လန်က ပြောလာသည်။
“သူ အခြေအနေမကောင်းတဲ့အချိန်မှာ ရှင်းပစ်မလို့လား”
“ဟုတ်တယ်”
ကျန်းလော့သည် တည်တံ့စွာပြောသည်။
“ငါ ဒီအခွင့်အရေးကို လက်လွတ်မခံနိုင်ဘူး ဝမ်ယမ် အထူးသဖြင့် ငါက အပေါ်စီးရနေတဲ့ အချိန်မို့လို့ ပိုပြီး လက်မလွတ်ချင်ဘူး”
ဝမ်ယမ်လန်သည် ထိုအကြောင်းကို တွေးကြည့်လိုက်ပြီး မှန်ကန်သည်ဟု ထင်သည့်ဘက်မှ ပြောသည်။
“ကျန်းလော့ ငါ့မှာ အဆက်အသွယ်အများကြီး ရှိတယ်ဆိုပေမဲ့ ကံကြမ္မာယုံသူ ရှောင်သွားတဲ့နေရာကို သိဖို့က ငါ့အတွက် အရမ်းခက်ခဲနေတုန်းပဲ မင်းကို ရှာကူဖို့ ပြည်နယ်ဘက်ကို အကူအညီ တောင်းကြည့်ရင်ရော”
ကျန်းလော့သည် တုံ့ခနဲဖြစ်သွားပြီး ဝမ်ယမ်လန်ပြောသည့် နည်းလမ်း၏ ဖြစ်နိုင်ခြေတို့ကို စတင်တွက်ချက်ကြည့်သည်။
ဝမ်ယမ်လန်သည် ဤရက်များတွင် ကျောင်းကိစ္စများအပြင် သုတေသနဌာနကိစ္စများကြောင့်ပါ အလွန်အလုပ်များနေခဲ့သည်။
အချိန်အပြောင်းအလဲများကြားတွင် သူသည် နိုင်ငံအတွက် အလုပ်လုပ်ရတော့မည်ဆိုသော အသိက သူ့ကို ပို၍ ယုံကြည်ချက် ရှိလာစေခဲ့သည်။
“ငါတို့က အခု သုတေသနဌာနဝင် ဖြစ်နေကြပြီလေကွာ ပြီးတော့ မင်းက ဌာနမှူးလေ မင်းမှာ ရွှမ်ရွှီလောကကြီးရဲ့ ရှေ့ရေးအတွက် တာဝန်ရှိတယ်ကွာ ကံကြမ္မာယုံသူရဲ့ ဟောကိန်းက ရွှမ်ရွှီလောကကြီးရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ်ဆိုမှတော့ ဒီကိစ္စက ငါတို့တာဝန်ယူရမဲ့ အပိုင်းထဲမှာပဲ ရှိနေတာ ကံကြမ္မာယုံသူရဲ့ ဟောကိန်းက မှားမှားမှန်မှန် ငါတို့မှာ ဒီကိစ္စကို ဝင်ကို ဝင်ပါရမဲ့ ကိစ္စအဖြစ် သတ်မှတ်လို့်ရတယ်ကွာ ငါတို့မှာ အကြောင်းပြချက် ကောင်းကောင်းသာ ပေးလိုက်ရင် သူ့ကို ဖမ်းပြီး သေချာစစ်မေးရမယ် အဲလိုဆို ပြည်နယ်ကလေည်း ဝင်ပါမှာမဟုတ်တော့ဘူး ပြီးတော့ ပြည်နယ်ကလွတ်တဲ့လူတွေက ငါ့ထက်ပိုပြီး မြန်မြန်ရှာနိုင်လိမ့်မယ်”
ကျန်းလော့၏ မျက်လုံးတို့သည် တောက်ပလာပြီး ပြောလိုက်သည်။
“ဖြစ်နိုင်တယ်”
ကံကြမ္မာယုံသူသည် ရွှမ်ရွှီလောကကြီး၏ ငြိမ်းချမ်းမှုတို့ကို ပျက်ပြားအောင် လုပ်ဆောင်ခဲ့သည်လေ။ သူ၏ ရည်ရွယ်ချက်အမှန်ကို ဖုန်းကွယ်ထားပြီး ပြစ်မှုများကို နောက်ကွယ်မှ ညွှန်ကြားချုပ်ကိုင်ခဲ့ပြီး ကျန်းလော့ကတော့ ရိုးသားစွာဖြင့် သူ့လုပ်ရပ်များကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုအကြောင်းပြချက်ကို တွေးကြည့်လေ ဆီလျော်လေဖြစ်ပြီး ကျန်းလော့သည် ရုတ်ချည်း စိတ်လှုပ်ရှားလာတော့သည်။
ပြည်နယ်ကသာ သေချာပေါက် ကူညီမည်ဆိုလျှင် ကံကြမ္မာယုံသူကို ရှာတွေ့ရုံသာမကပဲ ထိုသူ၏ နောက်လိုက်နောက်ပါ ကိုးကွယ်ကြသူများကိုလည်း ရှာတွေ့ပြီး ထိုကိုးကွယ်မှုများကို အမြစ်မှ ဖြတ်ချနိုင်တော့မည် ဖြစ်သည်။
ပိုပြီးအဆင့်သင့်နေသော အချက်မှာ သူသည် သိပ္ပံသုတေသနဌာန၏ ဌာနမှူးဖြစ်နေသောကြောင့်ပင်။ သူသည် တိုင်းပြည်ကိုယ်စားပြုတစ်ယောက်ဖြစ်နေစဉ်တွင် ချီယုံကတော့ တစ္ဆေသရဲတို့နှင့် မကောင်းဆိုးဝါးတို့၏ အုပ်ချုပ်သူဖြစ်သည်။
ကျန်းလော့နှင့် ချီယုံတို့သာ ပူးပေါင်းလိုက်မည်ဆိုလျှင် ကံကြမ္မာယုံသူမှာ လွတ်လမ်း ရှိနိုင်ပါဦးမည်လား။
“ငါမနက်ဖြန် ရီပို့ရေးလိုက်မယ်”
ကျန်းလော့ကပြောသည်။
“ငါတို့ ဒီကိစ္စကို နှောင့်နှေးနေလို့မဖြစ်ဘူး ကံကြမ္မာယုံသူက သူ နတ်ဘုရားဖြစ်ဖို့ ရွှမ်ရွှီလောကကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင်လုပ်တော့မှာ ပြီးတော့ သူက ချီယုံ့ထက်ကို ပိုပြီး အန္တာရာယ်များတယ် ငါသူ့ကိုသာ သတ်လိုက်နိုင်ရင် ရွှမ်ရွှီလောကကြီးကို ချီယုံဖျက်ဆီးပစ်မှာကို တားဆီးလို့ရတော့မဲ့အပြင် တစ်လောကလုံး အေးချမ်းသွားအောင် လုပ်နိုင်မှာပဲ”
ဝမ်ယမ်လန်က သဘောတူလိုက်သည်။
“မင်းမှန်တယ်”
အလုပ်ကိစ္စပြောပြီးနောက် ဝမ်ယမ်လန်သည် အပြုံးတစ်ပွင့်ဖြင့် စနောက်တော့သည်။
“ချီယုံနဲ့ ချစ်သူတွေဖြစ်သွားတော့ ဘယ်လို ခံစားရလဲ”
ကျန်းလော့က ဝမ်ယမ်လန်ကို ချီယုံနှင့် ချစ်သူဖြစ်သွားသည့်အကြောင်းကို ပြောပြခဲ့ပြီး အဘယ့်ကြောင့် သူလက်ခံလိုက်ရပါသည်ဆိုတာကိုလဲ အကျယ်တဝင့် ရှင်းပြခဲ့သည်။
သူသည် ယင်ယန်လက်ကောက်၏ ကန့်သတ်ချက်များနှင့် အမှန်တရားအတွက် သူ့ခန္ဓာကိုယ်ကို မကောင်းဆိုးဝါးကို ပုံအပ် စတေးခဲ့သည်ကို ဖိပြောခဲ့သည်။ သူ၏ ကိုယ်ပိုင်ခံစားချက်များအရဆိုလျှင် လက်ခံမှာ မဟုတ်ကြောင်း သေချာပြောပြခဲ့လေသည်။
အဘယ့်ကြောင့် ဤမျှ အသည်းအသန် ခဲမှန် ရှင်းပြမိနေမှန်း သူ့ကိုယ်သူ နားမလည်နိုင်သော်လည်း ကျန်းလော့သည် ခေါင်းစဉ်ပြောင်းအောင် အလျင်စလို စကားလွှဲတော့သည်။ သူပြောလို့ပြီးသည်နှင့် ဝမ်ယမ်လန်နှင့် ထိုအချစ်အကြောင်းကို ဆက်မပြောချင်တော့သောကြောင့် မရမက စကားလမ်းကြောင်း ပြောင်းခဲ့ခြင်း ဖြစ်သည်။
ဝမ်ယမ်လန်သည် သူ့ကို ဤအကြောင်းကိုပင် ရအောင် ပြန်ခေါ်သွားခဲ့ပြန်သည်။ ကျန်းလော့သည် အနည်းငယ် မသဲမကွဲဖြစ်နေသော ခံစားချက်များဖြင့် ဝေဝါးစွာ ပြောလိုက်သည်။
“အဲဒါအကုန်ပဲ မင်းလည်းသိတာပဲ ငါတို့က တစ်ခါပြတ်ပြီးသွားပြီလေ ပြီးတော့လက်ဆွဲနှုတ်ဆက်သလိုပဲ ညာလက်နဲ့ ဘယ်ဘက်လက်အချင်းချင်း ယမ်းပြီး နှုတ်ဆက်သလိုပဲ ငါ့မှာ ဘာခံစားချက်မှ ထူးထူးခြားခြား ရှိမနေဘူး”
ဝမ်ယမ်လန်သည် မယုံပေ။
“သေချာလို့လား”
သူသည် ကျန်းလော့၏ ချီယုံ့အပေါ်ထားသော သဘောထားသည် ကျန်းလော့ပြောနေသည့်အတိုင်း မဟုတ်ကြောင်း သေချာသိနေသည်။ ဝမ်ယမ်လန်သည် ကျန်းလော့ ကံကြမ္မာယုံသူထံမှ နတ်စွမ်းအားတစ်ဝက်ကို အတင်းအကျပ်လုယူပြီး သေလုနီးပါးဖြစ်သွားသည်ကို ချီယုံက ကယ်ပေးပြီးထဲက ကျန်းလော့နှင့် ချီယုံတို့ကို ကန့်ကွက်လိုစိတ်တို့ မရှိတော့ပေ။
ဝမ်ယမ်လန်တို့အားလုံးသည် တကယ်တမ်းတွင် ချီယုံ့ကို မမုန်းကြပေ။ သူတို့သည် သေဆုံးပြီးနောက် မကောင်းဆိုးဝါး ဖြစ်သွားသော ချီယုံနှင့် ပတ်သက်ပြီး အနည်းငယ် သက်တောင့်သက်သာ မဖြစ်ဘဲ မရင်းနှီးကြရုံသာ ဖြစ်သည်။ သူတို့သည် ချီယုံ့ကို စိုးရိမ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ချီယုံနှင့် ကျန်းလော့တို့သည် ဘဝမတူတော့သောကြောင့် ဖြစ်သည်။
သို့သော် ယခုတွင် ကျန်းလော့သည် လူသားတစ်ယောက် မဟုတ်တော့ဟု ပြော၍ ရသွားပြီး သူတို့ကြားတွင် ကြီးကြီးမားမား ကွာခြားချက်တို့ မရှိတော့ပေ။ ဝမ်ယမ်လန်သည် အချစ်ငှက်များကို လိုက်ခွဲတတ်သော အကျင့်မရှိသောကြောင့် ချီယုံ့အပေါ်ထားသည့် ကျန်းလော့၏ ခံစားချက်တို့ကို စမ်းသပ်ရန်သာ ဤကဲ့သို့သော မေးခွန်းမျိုး မေးခဲ့ခြင်း ဖြစ်သည်။
ကျန်းလော့သည် စိုးရိမ်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“တကယ်ပါဆိုကွာ ငါတို့ ကံကြမ္မာယုံသူကို ရှင်းပြီးရင် လမ်းခွဲမှာပါဆို ပြီးတော့ ချီယုံကလည်း အဲဒီအချိန်လောက်ဆို ရွှမ်ရွှီလောကကြီးကို ဖျက်ဆီးပစ်မဲ့ အကြံကို လက်လျော့သွားလောက်ပါပြီ”
ဝမ်ယမ်လန်သည် ခနလောက် တွေးကြည့်ပြီး ကျန်းလော့က သူတို့အတွက်နှင့် ခံစားချက်တို့ကို အတင်းထိန်းချုပ်နေသည်ထင်သွားပြီး ကရုဏာသက်သွားကာ။
“မင်း ဒီလိုမျိုး ဖြစ်နေစရာ မလိုပါဘူးကွာ ကျန်းလော့ မင်းသူ့ကို အခုထိ ကြိုက်နေတုန်းဆိုလဲ ငါတို့က လက်ခံပေးမှာပဲ အခုဆို မင်းက သာမန်လူတစ်ယောက် မဟုတ်တော့ဘူး ပြီးတော့ မင်းက အနာဂတ်မှာ သာမန်လူတွေထက် အသက်ပိုရှည်ဖို့ သေချာနေပီဲဆိုတော့ ချီယုံနဲ့အတူရှိမယ်ဆို မင်းအတွက် အကောင်းဆုံးပဲလေ”
ကျန်းလော့သည် အကြောက်အကန်ငြင်းလာပြီး
“မဟုတ်ဘူး ငါတို့တကယ်လမ်းခွဲမှာလို့”
သူ့အသံထဲမှ ခိုင်မာမှုတို့ကို ကြားပြီးနောက် ဝမ်ယမ်လန်သည် ပုခုံးတွန့်လိုက်ပြီး
“ကောင်းပြီလေ ဒါဆိုလည်း အဲဒီနေ့ကို မျှော်နေမယ်ကွာ”
ဖုန်းချသွားပြီးနောက် ကျန်းလော့သည် ငိုင်ငိုင်ကြီး ထိုင်နေခဲ့သည်။ သူသည် ထရပ်လိုက်ပြီး အပြင်ထွက်၍ ရီပို့ရေးရန် လပ်တော့တောင်းဖို့ရန် တံခါးနားသို့ လမ်းလျှောက်သွားဖို့ တံခါးဖွင့်လိုက်ရာ တံခါးရှေ့တွင် သူ၏ အသစ်စက်စက် ချစ်သူကြီးကို တွေ့လိုက်ရလေသည်။
သူသည် ရုတ်တရက် ဘာမှ မတုံ့ပြန်နိုင်ဘဲ တောင့်တင်းသွားပြီးမှ တံခါးကို ဝုန်းခနဲ ပြန်ပိတ်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး ရှေ့ဆက်သွားလိုက်သည်။ ထိုအချိန်တွင် ရှေ့မှတံခါးသည် ဖြတ်ခနဲပွင့်လာပြီး အထဲမှ ကောဝူချန်သည် အပြုံးတစ်ပွင့်နှင့် ထွက်လာကာ ချီယုံကတော့ ထိုအခန်းထဲဝင်သွားလိုက်ပြီ ဖြစ်သည်။
ကောဝူချန်က ပြောလာသည်။
“သခင်ကျန်း သခင်က အထဲကို ဖိတ်ခေါ်လိုက်ပါတယ်”
ကျန်းလော့၏ ခြေထောက်များသည် တောင့်တင်းနေပြီး အခန်းထဲသို့ မျက်နှာမပျက် ဝင်သွားလိုက်သည်။
ချောမောသော မကောင်းဆိုးဝါးသည် စားပွဲနောက်တွင် ထိုင်နေပြီး ကျန်းလော့ ဝင်လာတာကို မြင်သောအခါ နှုတ်ခမ်းထောင့်များ ကွေးတက်လာသည်။
“ကိုယ့်ကိုလွမ်းလို့လား”
ကျန်းလော့ “.... ငါ အခန်း မှား ဝင် မိ သွား တာ”
သို့သော် ဆက်ပြီး အခန်းအလယ်ထိ ဝင်လာနေဆဲဖြစ်ပြီး ကျန်းလော့သည် အရေထူစွာ သဘာဝကျကျ ထိုင်ခုံတစ်လုံး ဆွဲယူလိုက်ပြီး ထိုင်လိုက်သည်။
“မင်းဘာတွေ ကြံစည်နေတာလဲ”
ချစ်သူဆိုသော အတုအယောင် ခေါင်းစဉ်အောက်တွင် သူသည် မေးသင့်သည်ထင်သော ကိစ္စကို တိုက်ရိုက်မေးလိုက်သည်။
ကောဝူချန်သည် ပြုံးလိုက်သော်လည်း ဘာမှမပြောလိုက်ပေ။ ချီယုံသည် လက်ချောင်းများဖြင့် စားပွဲကို တတောက်တောက် ခေါက်နေပြီး ပြုံး၍
“ကောဝူချန်”
ကောဝူချန်သည် ရုတ်ချည်း ပြောလိုက်သည်။
“သခင်ကျန်း ကျွန်တော်တို့ ကံကြမ္မာယုံသူကို ဖြေရှင်းဖို့ အစီအစဉ်ဆွဲနေကြတာပါ အခု ကံကြမ္မာယုံသူက ဒဏ်ရာအပြင်းအထန်ရထားတဲ့ အခြေအနေမှာဆိုတော့ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို ရှေ့တိုးရတော့မှာပါ”
ကျန်းလော့သည် သူ့ကိုယ်သူ အပြင်လူဟု ဇွတ်အတင်း အယုံသွင်းနေပြီး သိချင်စွာ မေးလိုက်သည်။
“အစီအစဉ်က ဘာလဲ”
“ကံကြမ္မာယုံသူက တစ်နေရာရာကို ထွက်ပြေးသွားမှာ ကျွန်တော်တို့မှာ ရှိတဲ့ လူအင်အားအကုန်သုံးပြီး ကံကြမ္မာယုံသူပြေးသွားနိုင်တဲ့ နေရာတွေမှာ လိုက်ရှာနေပါပြီ”
ကောဝူချန်သည် ခပ်ဖိန့်ဖိန့် ပြုံးလိုက်ပြီး
“အဲလိုလုပ်ဖို့အတွက် ကျွန်တော်တို့ ကံကြမ္မာယုံသူကို ကိုးကွယ်ကြတဲ့ သူတချို့ကို ထိန်းချုပ်ပြီး နတ်စွမ်းအားလမ်းကြောင်းကို ပိတ်ပစ်ပြီးပါပြီ အဲ့ဒါအပြင် ကိုးကွယ်သူတွေရဲ့ ပူဇော်မှုကနေ စွမ်းအားလမ်းကြောင်းနောက်လိုက်ပြီး ကံကြမ္မာယုံသူကို ရှာဖွေနေပါပြီ”
အပိုင်း (၁၈၉(၂))
နဂါးသွေးကြောများ (၂)
သူတို့အစီအစဉ်သည် ကျန်းလော့အတွေးတို့နှင့် တစ်ထပ်ထဲ ကျနေအောင် တူညီနေပါသည်။ ကျန်းလော့သည် သေချာသဘောပေါက်သွားပြီး
“အိုကေ”
သူသည် ကံကြမ္မာယုံသူကို စတင်ပြီး သနားသွားမိသည်။
‘တွေးကြည့်ကြပါဦး ချီယုံ့လက်က လွတ်နေသေးတဲ့ ယုံကြည်သူ နည်းနည်းလေးက ဒီလိုအခြေအနေမျိုးမှာ ချီယုံ့လက်ထဲက တကယ်လွတ်နေကြတာ ဖြစ်နိုင်ပါ့မလား နှစ်ဖက်ညှပ်တိုက်တဲ့ နည်းစနစ်ကြီးကို သုံးနေတာ အိုက်ယား ချီယုံသာ တကယ်တိုက်လို့ကတော့ အဲဒီနေရာမှာ မြက်တစ်ပင်တောင် ကျန်မှာမဟုတ်ဘူးဆိုတာ တကယ်ပဲကိုး’
ကောဝူချန်သည် ဖုံးကွယ်ထားချင်သော်လည်း စိတ်ခံစားချက်တို့ ပြင်းထန်နေသည်ကို မထိန်းချုပ်နိုင်ဘဲ ထုတ်ပြောလိုက်သည်။
“ကျွန်တော်တို့ ဒီနေ့ကို အချိန်အကြာကြီး မျှော်နေခဲ့ရတာ နောက်ဆုံးတော့ အကောင်အထည် ဖော်နိုင်ခဲ့ပြီ”
ချီယုံ့မျက်နှာသည် တည်ငြိမ်နေပြီး မျက်လုံးများသည် နက်ရှိုင်းနေသော တွင်းနက်ကြီးကဲ့သို့ မှောင်မိုက်နေကာ
“နောက်ဆုံး အချိန်ကျမှ အံဩစရာကောင်းတာတွေ ဖြစ်လာမှာ တစ်ခုမှ မမြင်ချင်ဘူး”
ကောဝူချန်သည် အသက်အောင့်လိုက်ပြီး ချက်ချင်း တည်ငြိမ်သွားကာ လက်တို့ကို ရင်ဘတ်နားထိပိုက်လိုက်ပြီး
“အော်မီတော်ဖော ဗုဒ္ဓအရှင် မစိုးရိမ်ပါနဲ့ သခင် လျောင်စီနဲ့ ကျွန်တော်တို့ အားလုံးပြင်ဆင်ပြီးပါပြီ ကျွန်တော်တို့က နှစ်ဖက်ညှပ်တိုက်တာက မလုံခြုံမှာကို စိုးရိမ်နေလို့ ဒီရက်ထဲမှာ ကျွန်တော်တို့နဲ့ လိရှားကိုပါ ခေါ်သွားပြီး သေချာလုပ်ထားပါတယ်”
အကျဉ်းချုပ်ရှင်းပြပြီးနောက် ကောဝူချန်သည် နေရာမှ အလျင်စလို ထွက်ခွာသွားသည်။ ကျန်းလော့သည် ထိုင်ခုံပေါ်တွင် ခြေချိတ်ထိုင်နေပြီး မေးစေ့ကိုပွတ်၍ စဉ်းစားနေသည်။
“ကံကြမ္မာယုံသူက ချန်ပိုင်ရှန်းတောင်ပေါ်မှာ ပုန်းနေမယ်ထင်လား”
အဆုံးတွင် ကံကြမ္မာယုံသူသည် ချန်ပိုင်တောင်ပေါ်တွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ပြီး ချန်ပိုင်တောင်ပေါ်တွင် ပုန်းအောင်းနေလျှင် ပို၍ အန္တာရာယ်များနိုင်သော်လည်း ကံကြမ္မာယုံသူက ထိုနေရာတွင်မှ ပုန်းနေမည်မှာလည်း ဖြစ်နိုင်ချေရှိသည်။
သူ့တွင် စွမ်းအားတစ်ဝက်ဆုံးရှုံးသွားသော်လည်း သူသည် အတုအယောင်နတ်ဘုရားတစ်ပါး ဖြစ်နေဆဲဖြစ်ပြီး သူသာ အစီအရင်တစ်ခု တည်ဆောက်ပြီး ပုန်းနေခဲ့မည်ဆိုလျှင် ချီယုံမှလွဲ၍ ထိုလူကို ခြေရာခံနိုင်မည့်သူ ရှိမှာမဟုတ်တော့ပေ။ တကယ်တမ်းတွင် ချန်ပိုင်တောင်ပေါ်တွင် အစီအရင်ဆောက်နေခဲ့လျှင် ချီယုံ့အတွက်တောင် ခြေရာခံဖို့ ခက်ခဲသွားနိုင်သည်။
ချီယုံသည် ထရပ်လိုက်ပြီး သူ၏ ရှည်လျားသော အရပ်အမောင်းသည် အရိပ်ထဲတွင် ပိုရှည်နေပြီး ကျန်းလော့ရှေ့သို့ ခြေတစ်လှမ်းတိုးသွားတိုက်သည်။
“ဖြစ်နိုင်ပါတယ်”
ကျန်းလော့သည် ကံကြမ္မာယုံသူ၏ လွတ်မြောက်နိုင်မည့် လမ်းကြောင်းများကို တွေးကြည့်နေတုန်းဖြစ်ပြီး
“သူတခြားနေရာတွေလည်း သွားနိုင်သေးတယ် အားလုံးပေါင်းနောက်ထပ် ပုန်းစရာနေရာ သုံးခုရှိသေးတယ် ထွက်ပြေးစရာ တစ်လမ်းထဲ ရှိတာတော့ မဟုတ်ဘူး”
ချီယုံသည် သူ့နားထိ လျှောက်လာပြီး ကုန်းလိုက်ကာ ကျန်းလော့ထိုင်ခုံနောက်မှီပေါ်သို့လက်တစ်ဖက်တင်လိုက်ပြီး အသံနိမ့်နိမ့်နှင့် ရယ်မောလိုက်ပြီး
“ဖြစ်နိုင်ပါတယ်”
သတိလက်လွတ် အတွေးများနေသော ကျန်းလော့သည် သူ့ရှေ့ရောက်လာသော သူကို မြင်လိုက်ပြီး
“...........”
ကျန်းလော့သည် ချီယုံ့ကို ဘာမှမဖြစ်သလို ပြုံးပြလိုက်ပြီး ထိုင်ခုံကို နောက်ဆုတ်လိုက်ကာ ထရပ်လိုက်သည်။
“ညနက်နေပြီး အိပ်ဖို့ အချိန်ရောက်ပြီ”
ချီယုံသည် ဖြည်းဖြည်းချင်း ကိုယ်ကို ပြန်မတ်လိုက်ပြီး ကျန်းလော့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
“အတူတူလား”
ညဘက်တွင် ကျန်းလော့သည် ချီယုံနှင့် အတူအိပ်ခဲ့သည်။ ဘာမှမလုပ်ဘဲ ဒီအတိုင်း အတူတူ အိပ်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သောကြောင့် ကျန်းလော့သည် အစပိုင်းတွင် သက်တောင့်သက်သာ မဖြစ်သလို ခံစားရသည်။
သူသည် တစ်ညလုံး အိပ်မပျော်နိုင်စွာ ဖြတ်သန်းရမည်ဟု ထင်ခဲ့သော်လည်း သူ့ကိုယ်သူအထင်ကြီးနေခြင်းသာ ဖြစ်သွားပြီး နာရီဝက်မပြည့်ခင်မှာပင် အိပ်မောကျသွားတော့သည်။
မနက်နှစ်နာရီခန့်တွင် ကျန်းလော့သည် နာကျင်မှုကြောင့် ရုတ်တရက် နိုးလာခဲ့သည်။
သူ့နာကျင်မှုသည် အကြိမ်ရေနည်းပါးလာပြီး သူသည် နာကျင်မှုကြားတွင် အသိစိတ်ကို ထိန်းချုပ်နိုင်စွမ်းလည်း ယခင်ကထက် မြင့်မားလာခဲ့သည်။ သို့သော် ထိုသို့ ထိန်းချုပ်နိုင်လျှင်ပင် ကျန်းလော့သည် နာကျင်မှုကြောင့် အိပ်ရာပေါ်တွင် လူးလိမ့်နေခဲ့သည်။
အခန်းထဲတွင် အလင်းရောင်တစ်စက်မှမရှိပေ။ ကျန်းလော့ စတင်သတိလွတ်လာပြီ ဆိုသည်နှင့် ချီယုံသည် ကျန်းလော့ကို အားကုန်သုံး၍ အိပ်ရာပေါ်တွင် ဖိချုပ်ထားခဲ့သည်။ ကျန်းလော့၏ လက်များကို တင်းတင်း ဆုပ်ကိုင်ထားပြီး သူ့ကိုယ်သူ ဒဏ်ရာရအောင် မလုပ်နိုင်စေရန် ကာကွယ်ပေးနေသည်။
ကျန်းလော့သည် လည်ချောင်းထဲမှ သွေးများဆန်တက်လာသောကြောင့် ပါးစပ်ထဲမှ ထွက်မသွားရန် သွားများကို တင်းတင်းကြိတ်ထားပြီး နာကျင်စွာ ညည်းညူနေသည်။
“ငါ အရမ်း နာတယ်”
သွားကြိတ်သံများ ထွက်လာပြီး နာကျင်မှုကြောင့် အော်ဟစ်နေသံတို့သည် ဆက်တိုက်ဆိုသလို ထွက်လာတော့သည်။ ညအချိန်သည် တစ်စုံတစ်ယောက်၏ နာကျင်မှုကို ပိုမိုပြင်းထန်စေသည့်အလား ကျန်းလော့သည် မခံစားနိုင်တော့အောင် နာကျင်နေသည်။
ဒီတစ်ကြိမ်တွင် နာကျင်မှုကြောင့် မျက်ရည်ပေါက်ကြီးငယ်ကျလာတော့သည်။ သူဘာတွေ လုပ်မိနေလဲဆိုတာလဲ မသိချင်တော့သလို ယခု သူ့ပုံစံ မည်သို့ဖြစ်နေသည်ကိုလည်း ဂရုမစိုက်နိုင်တော့ပေ။ သူသည် နာကျင်မှုကို အာရုံလွှဲနိုင်ရန် သူ့ကိုယ်သူ အနာတရ ဖြစ်အောင်လုပ်ရန်သာ တွေးမိနေပြီး အတင်းရုန်းကန်နေတော့သည်။
ချီယုံသည် ကျန်းလော့၏ လက်ကောက်ဝတ်နှစ်ဖက်ကို လက်တစ်ဖက်ထဲနှင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ကျန်းလော့ကို မလှုပ်ရှားနိုင်စေရန် တောင်ကြီးတစ်လုံးလို ဖိထားခဲ့သည်။
သူသည် ကျန်းလော့၏ အတင်းဖိပိတ်ထားသော နှုတ်ခမ်းများကို ဆွဲခွာပြီး သူ့လက်ချောင်းများ အတင်းထိုးသွင်းလိုက်သည်။ ကျန်းလော့သည် လက်ချောင်းများဝင်လာသည်နှင့် သေစေနိုင်လောက်သော ပြင်းအားဖြင့် ကိုက်ခဲပစ်တော့သည်။
သူ၏ ဝေဝါးနေသော အသိစိတ်တို့က ရေခဲချောင်းကဲ့သို့ အေးစက်နေသော ဤလက်ချောင်းများသည် ချီယုံ့လက်ချောင်းများဟု အသိပေးနေသည်။
ချီယုံသည် ကျောက်ရုပ်ထုဖြစ်ပြီး ဝါးစားခံရ၍ တစစီဖြစ်သွားမှာ မဟုတ်ပေ။ ထို့ကြောင့် သူသည် တစ်ဖက်လူ နာကျင်သွားမည်ကို မကြောက်တော့ဘဲ စိတ်ချလက်ချ ကိုက်တော့သည်။
ကျန်းလော့သည် ချီယုံလက်ချောင်းများကို နာကျင်မှုကို တောင့်ခံနိုင်ရန် ကိုက်နေပြီး သူသည် နားထဲတွင် “တကျွိကျွိ” အသံတို့ကို ဖျော့တော့စွာ ကြားနေရသည်။
အချိန်မြန်သည် ထင်ရသော်လည်း အကြာကြီးဟုလည်း ထင်ရကာ ကျန်းလော့ထံမှ ချွေးများသည် အိပ်ရာခင်းများကို စိုရွှဲသွားစေတော့သည်။ နောက်ဆုံးတွင် နာကျင်မှုသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီဖြစ်သည်။
ကျန်းလော့သည် ဖြည်းဖြည်းချင်း တည်ငြိမ်လာပြီ ဖြစ်သည်။ သူသည် သတိဝင်လာပြီး သွားများကို ဟလိုက်ကာ ချီယုံ့လက်ချောင်းများကို လျှာဖြင့် အပြင်သို့ တွန်းထုတ်လိုက်သည်။
သို့သော် သူ့လျှာနှင့် လက်ချောင်းများကို ထိမိလျှင် ထိမိချင်း ကျန်းလော့သည် ရုတ်တရက် တစ်ခုခု မှားနေသည်ကို သိလိုက်သည်။
သူထိလိုက်သော အရာသည် လက်ချောင်းတစ်ချောင်း မဟုတ်ပေ။
နမိတ်မကောင်းသလိုခံစားလိုက်ရပြီး ငုံ့ကြည့်လိုက်သည်။
ချီယုံသည် သူ့လက်ချောင်းများကို ကျန်းလော့ ပါးစပ်ထဲမှ ဆွဲထုတ်လိုက်ပြီး မကောင်းဆိုးဝါး၏ မူလက ဖြူဖျော့သွယ်လျသော လက်ချောင်းများသည် သနားစရာကောင်းစွာ အရိုးဖြူဖြူများ အဖြစ်သို့ ပြောင်းလဲသွားသည်။
အသွေးအသားများကတော့ အရိုးဖြစ်သွားခြင်း မဖြစ်နိုင်ပေ။ ကျန်းလော့၏ သွေးများပြည့်နေသော ပါးစပ်မှ အငွေ့များထွက်လာသည်။
ကျန်းလော့သည် ချီယုံ၏ လက်ချောင်းများကို စိုက်ကြည့်နေသည်။
“ဘာတွေ ဖြစ်ကုန်တာလဲ”
ချီယုံသည် ကမ္ဘာပေါ်တွင် ဘာဖြစ်နေနေ သူနှင့် မဆိုင်သည့် ပုံစံဖြင့် သူ့လက်ချောင်းမှ သွေးများကို စိမ်ပြေနပြေ သုတ်နေပြီး မကြာခင်တွင် သူ၏ အရိုးများသာကျန်ခဲ့သော လက်ချောင်းများသည် အသွေးအသားများနှင့် လူသားလက်ချောင်းများအဖြစ်သို့ ပြန်လည်ဖွဲ့စည်းပြီး ဖြစ်သွားသည်။
ကျန်းလော့သည် ခြောက်သွေ့သော အသံဖြင့် မေးလိုက်သည်။
“မင်း မင်းလက်နဲ့ပတ်သက်ပြီး ဘာမှားနေတာလဲ”
“မင်းက အခု နတ်တစ်ပိုင်းလူသားအဖြစ် ပြောင်းလဲနေတဲ့ ကာလထဲရောက်နေတာလေ”
ချီယုံသည် ပေါ့ပါးစွာ ပြောလိုက်သည်။
“မင်းသွေးတွေမှာ မြင့်မြတ်တဲ့ နတ်စွမ်းအားတွေ ပျော်ဝင်နေတာ ကောင်းကင်က မကောင်းဆိုးဝါးတွေအားလုံးကို ဖိနှိပ်တဲ့ သဘာဝရှိတယ်”
ကျန်းလော့သည် သူ့လက်ချောင်းများကို စိုက်ကြည့်နေဆဲ ဖြစ်ပြီး သူ့မျက်နှာထားသည် တစ်မျိုးပြီးတစ်မျိုး ပြောင်းနေကာ နောက်ဆုံးတွင် ကြည့်ရဆိုးအောင် မျက်မှောင်ကြုတ်ပစ်လိုက်လေသည်။
ထန်ပိသည် အပြင်ဘက်မှ တံခါးခေါက်လာပြီး။
“သခင် ကျွန်တော် တာအိုဆရာတော်ဝေ့ဟယ်ကို သွားခေါ်ခဲ့ပါတယ် သူအခု ကျွန်တော်နဲ့အတူပါလာပါတယ်”
ချီယုံသည် လက်ကိုင်ပုဝါတစ်ထည် ထုတ်ပြီး ကျန်းလော့ နှုတ်ခမ်းများကို သုတ်ပေးနေသည်။ သို့သော် လက်ကိုင်ပုဝါသည် ခနအတွင်းမှာပင် သွေးများ ရွှဲနစ်သွားပြီး ညစ်ပတ်သွားတော့သည်။ သူသည် ထပ်တလဲလဲ သုတ်နေရင်း သွေးများသည် သုတ်လို့မနိုင်ဘဲ ညစ်ပတ်သည်ထက် ညစ်ပတ်လာသောအခါ ရုတ်တရက် ကြမ်းကြုတ် ရက်စက်သော အမူအယာတို့ပေါ်လာပြီး လက်ကိုင်ပုဝါကို ခက်ထန်စွာ လွင့်ပစ်လိုက်တော့သည်။ ထို့နောက် အေးစက်ခက်ထန်သော အသံဖြင့်
“ဝင်ခဲ့”
ထန်ပိသည် အလွန်ပင်ပန်းနေပုံပေါ်နေပြီး သွေးကဲ့သို့ ရဲရဲနီနေသော မျက်လုံးတို့နှင့် တာအိုဆရာတော် ဝေ့ဟယ်ကို အထဲသို့ ဆွဲသွင်းလာပြီး စကားတစ်ခွန်းမှမပြောဘဲ တာအိုဆရာတော်ကို ကုတင်ဘေး တွန်းပို့လိုက်သည်။
စစ်ဆေးပြီးနောက် တာအိုဆရာတော်ဝေ့ဟယ်သည် မျက်မှောင်ကြုတ်၍
“ကျုပ်ကတော့ သူ့ခန္ဓာကိုယ်က မြန်မြန် ဖိနှိပ်ထားမှ ရတော့မှာလို့ပဲ အကြံပေးနိုင်တော့တယ် မဟုတ်ရင် တစ်ချိန်လုံး ခန္ဓာကိုယ်ကို နာကျင်နေအောင် ဒဏ်ရာရနေအောင် လုပ်နေတော့မှာ”
ကျန်းလော့သည် ပါးစပ်ထဲမှ သွေးအရသာတို့ ပျောက်ကွယ်သွားအောင် ပလုပ်ကျင်းလိုက်ပြီး
“ဆရာတော့်မှာ နည်းလမ်းရှိပါသလား”
တာအိုဆရာတော် ဝေ့ဟယ်သည် ခနလောက်တိတ်ဆိတ်သွားပြီး ဖြည်းညင်းစွာ လက်သီးဆုပ်လိုက်ပြီး ကျန်းလော့နှင့် အကြည့်ချင်းဆုံသွားသည်။ ဆရာတော်၏ မျက်လုံးများထဲမှ တုန်လှုပ်ခြောက်ခြားမှုတို့သည် စိတ်ဆုံးဖြတ်ထားသော လေးနက်သော အကြည့်သို့ပြောင်းသွားပြီး
“နဂါးသွေးကြော”
ထိုအကြောင်းကို ထုတ်ပြောပြလာပြီ ဆိုကတည်းက တာအိုဆရာတော် ဝေ့ဟယ်သည် အသိစိတ်ဝင်လာပြီ ဖြစ်ကြောင်း သိနိုင်ပေသည်။ ကျန်းလော့သည် ပြုံးလိုက်ပြီး နဂါးသွေးကြောများအကြောင်း သူသိထားသော အကြောင်းအရာများကို စတင်တွေးတောကြည့်သည်။
နဂါးသွေးကြောဆိုသည်မှာ နဂါးတစ်ကောင်ကဲ့သို့ တွန့်လိမ်နေပြီး နိမ့်ချည်မြင့်ချည် လှိုင်းထနေသော ပုံစံဖြင့် တောင်တန်းကို ဆိုလိုခြင်း ဖြစ်သည်။
နဂါးသွေးကြောများအကြောင်း ပြောကြမည်ဆိုလျှင် ချန်ပိုင်တောင်သည်လည်း နဂါးသွေးကြော တစ်ခု ဖြစ်သည်။
ကျန်းလော့က ပြောသည်။
“ချန်ပိုင်တောင်...”
တာအိုဆရာတော် ဝေ့ဟယ်သည် သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လိုက်ကာ
“ကံကြမ္မာယုံသူ အတုအယောင်နတ်ဘုရား ဖြစ်လာရခြင်းရဲ့ အကြောင်းအရင်းတစ်ခုက ချန်ပိုင်တောင်က နဂါးသွေးကြောကြောင့်ပဲ နဂါးသွေးကြောတွေက ဝိညာဉ်စွမ်းအားတွေ စုဝေးနေကြတဲ့ နေရာတွေဖြစ်ပြီး အမြဲတမ်း ဖုန်းရွေရတနာနယ်မြေတွေအဖြစ် သတ်မှတ်ကြတယ် နဂါးသွေးကြောတွေမှာ နဂါးမျက်လုံးလို့ ခေါ်တဲ့ နေရာတစ်ခု ရှိတယ် အဲဒီနေရာက တောင်တန်းတစ်ခုလုံးက ဝိညာဉ်စွမ်းအင် အဆီအနှစ်တွေ စုဝေးနေတဲ့ နေရာဖြစ်တယ် အဲဒီနဂါးမျက်လုံးက မင်းရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်ကို ဖိနှိပ်ဖို့ အကူအညီရနိုင်တယ် တကယ်လို့ တခြား မတော်တဆဖြစ်တာမျိုး မရှိဘူးဆို နဂါးမျက်လုံးထဲမှာ ရှိနေတဲ့ အတောအတွင်း မင်းကလည်းပဲ အတုအယောင်နတ်ဘုရား တစ်ပါး ဖြစ်လာနိုင်လိမ်မယ်”
သို့သော် ကျန်းလော့သည် အတုအယောင် နတ်ဘုရားတစ်ပါး မဖြစ်ချင်ပေ။
သူသည် စွမ်းအားကြီးချင်သည် မှန်သော်လည်း နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ထိတော့ စိတ်မဝင်စားပေ။ ထို့အပြင် သူသည် သူ့ကံကြမ္မာကြောင့် အတုအယောင်နတ်ဘုရားတို့ကို အလွန်မုန်းတီးပါသည်။
(ကံကြမ္မာယုံသူက လှည့်စားပြီး သူ့ကံတရားကို ပြောင်းလဲပစ်လို့ ကလေးက မုန်းသွားတာပါ)
သူသည် ရွှမ်ရွှီလောက၏ စောင့်ရှောက်သူ ဖြစ်လာခြင်းထက် ချီယုံ့လို တစ္ဆေတစ်ကောင် ဖြစ်သွားခြင်းကိုသာ လိုလားပေသည်။
သို့သော် တာအိုဆရာတော်၏ စကားများသည် သူ့ကို အသိစိတ်ပြန်ဝင်လာစေသည်။ ကျန်းလော့သည် ခနလောက် တွေးနေပြီး
“ချီယုံ မင်း အရင်တုန်းထဲက အသေးစိတ်စီစဉ်နေတာပေမဲ့ ကံကြမ္မာယုံသူကို သွားပြီး မတိုက်ခိုက်ခဲ့ဘူး ကံကြမ္မာယုံသူက အရမ်းစွမ်းအားကြီးလို့ဆိုတဲ့ အချက်ကို ဖယ်လိုက်ရင် ချန်ပိုင်တောင်ပေါ်က နဂါးသွေးကြောကြောင့် တစ်ခုခုအဆင်မပြေတာ ဖြစ်နေလို့လား မင်း နဂါးသွေးကြော နယ်မြေထဲကို ဝင်လို့မရတာလား”
“နဂါးစွမ်းအင်တွေပြည့်နှက်နေတဲ့ နဂါးသွေးကြောက မကောင်းဆိုးဝါးတွေကို ဖိနှိပ်ရှင်းထုတ်ပစ်တတ်တဲ့ သဘာဝရှိတယ်”
တာအိုဆရာတော်ဝေ့ဟယ်က အေးစက်စွာ ပြောသည်။
“ဒါပေမဲ့ သေဆုံးနေတဲ့ သွေးကြောဖြစ်ခဲ့ရင်တော့ မကောင်းဆိုးဝါးတွေအပေါ်မှာ တစ်ဝက်လောက်ပဲ သက်ရောက်မှု ရှိတော့မှာ”