အပိုင်း (၂၀၀)
ပြန်ကောင်းလာပြီ
ထိုစကားတစ်ခွန်းလေးသည် ကျန်းလော့၏ နှလုံးသားကို ကြီးမားသော ခံစားချက်လှိုင်းကြီး ဖြစ်သွားစေသည်။
ကျန်းလော့၏ အာရုံကြောများသည် ကြီးစွာသော ပျော်ရွှင်မှုနှင့် ဝမ်းနည်းပူဆွေးမှုတို့ကြောင့် ထုံထိုင်းသွားသော်လည်း ချီယုံသည် ကျန်းလော့နှလုံးသားထဲတွင် နူးညံ့စွာ နေရာယူသွားခဲ့သည်။
သူသည် ဘာပြန်ပြောရမှန်းမသိတော့ပေ။ သို့သော် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သောအခါ ချီယုံသည် သတိလစ်သွားပြီဖြစ်သည်။ ကျန်းလော့၏ နှလုံးသားသည် နှစ်မြှပ်သွားပြီး ချက်ချင်း ချီယုံ့ကို တွဲ၍ နဂါးသွေးကြောနှင့် ဝေးရာကို ထွက်ပြေးဖို့ လုပ်တော့သည်။
ချီယုံ၏ ဒဏ်ရာများသည် ဆိုးဝါးလွန်းသောကြောင့် "မရဘူး"ဟူသည့် တစ်ခွန်းထဲ ပြောပြီး သတိလစ်သွားကာ ရက်အတော်ကာအောင် သတိရမလာပဲ ကိုမာဝင်သွားတော့သည်။
ကျန်းလော့သည် သူ့ကို လူများရှိနေသည့် နေရာသို့ ခေါ်မသွားရဲခဲ့ပေ။ ချီယုံ ခုခံနိုင်စွမ်း မရှိနေသည့်အချိန်တွင် မည်သူမဆို ချီယုံ့ကို သတ်သွားနိုင်ပြီး လူတိုင်းသည် ချီယုံ၏ ရန်သူဖြစ်နေနိုင်သည်။
ချီယုံသည် အန္တာရာယ်များသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် နိုင်ငံတော်မှ မထိနိုင်ပေ။ သာမန်လူများသည်လည်း ကံကြမ္မာယုံသူကို ကိုးကွယ်ကြသည့် နောက်လိုက်နောက်ပါများ မဟုတ်လျှင် ချီယုံ့ကို ထိနိုင်ကြမည် မဟုတ်ပေ။
ကံကြမ္မာယုံသူနှင့် သူ့ကို ကိုးကွယ်ကြသူများကို ရှောင်ရှားရန်အတွက်လူမြင်ကွင်းသို့ ပြန်သွား၍ မဖြစ်ပေ။ ကျန်းလော့သည် သတိလစ်နေသော ချီယုံနှင့်အတူ ပုန်းနေပြီး ကျန်းလော့သည် တစ်လမ်းထဲကိုသာ တည့်တည့်သွားနေသလို ထင်ရသည်။ သူသည် သူတို့၏ လှုပ်ရှားမှုကို ခြေရာခံမိသွားစေမည့် အမှားသေးသေးလေးကိုမှ ဖြစ်ခွင့်မပြုနိုင်ပေ။ သူတို့နားသို့ တစ်စုံတစ်ယောက် နီးကပ်လာသည်ကို မြင်တိုင်း ချက်ချင်း တခြားနေရာတစ်ခုသို့ ပြောင်းရွှေ့သွားတတ်သည်။
ကျန်းလော့သည် သူ့ဘဝအတွက် ပြေးလွှားနေရသည်ကို ကြုံတွေ့ဖူးသွားပြီး သူ၏ လုံခြုံရေးအတွက် သူငယ်ချင်းများကိုတောင် ပြောမပြခဲ့ပေ။
လွန်ခဲ့သော ရက်အနည်းငယ်က ပြေးလွှားနေရ၍ မောပန်းမှုတို့ကြောင့် ကျန်းလော့၏ အာရုံကြောများသည် တင်းကျပ်နေသည်။ ထန်ပိ၏ သူ့အတွက် သေဆုံးသွားမှုကို တွေးဖို့ အချိန်မရှိသလို ချီယုံ သူ့အတွက် နဂါးရေကန်ထဲ ခုန်ချလာခြင်းအကြောင်းကိုလည်း မတွေးနိုင်သေးပေ။ သူကိုယ်တိုင်၏ သေခြင်းတရားမှ ပြန်ရှင်သန်လာမှုအကြောင်းကိုပါ တွေးဖို့ အချိန်မရှိခဲ့ပေ။
တင်းကျပ်သော အချိန်ဇယားတို့ကြောင့် ထိုကိစ္စများကို ခေါင်းထဲမှ ထုတ်ထားရသော်လည်း ကိစ္စများသည် မြေကြီးထဲ မြှုပ်ထားသော မိုင်းဗုံးများကဲ့သို့ပင် မမြင်ရဘဲ မသိနိုင်သော်လည်း ထိမိသွားလိုက်သည်နှင့် ပိုပို၍ ပြင်းထန် ကျယ်လောင်စွာ ပေါက်ကွဲလာတတ်လေသည်။
ကျန်းလော့သည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး အရေခွံမဲ့ မိစ္ဆာလို ဖြစ်နေသေးသော ချီယုံ့ကို အသက်ရှင်နိုင်ရန် တောထဲသို့သာ ခေါ်သွားကာ ပုန်းနေခဲ့သည်။ သူသည် နှင်းစက်တို့်ကို စုဆောင်း၍ ရေငတ်ဖြေပြီး သစ်သီးရိုင်းတို့ကို စားကာ တောကောင်ရိုင်းများကပင် သတ်လိုက်နိုင်သောကြောင့် ချီယုံ့ကို မိနစ်အနည်းငယ်မျှပင် ထားမသွားနိုင်ပေ။
နဂါးရေကန်သည် ချီယုံ၏ ကျောက်ရုပ်ထု ခန္ဓာကိုယ်၏ စွမ်းအားများကို လုံးလုံးလျားလျား ပျက်စီးသွားစေပြီး ချီယုံ့စွမ်းအားများ၏ ပြန်ကောင်းနှုန်းသည် သိသိသာသာကို လျော့ကျသွားခဲ့သည်။ တစ်ချိန်တုန်းက ချီယုံ့ကို ကိုက်လိုက်လျှင်သွားများကျိုးသွားမတတ် မာကျောသော်လည်း ယခုတွင် သူ့ကို မည်သည့်အရာက ကိုက်လိုက်ကိုက်လိုက် ကြွေကျသွားနိုင်လေသည်။
ချီယုံ၏ အသွေးအသားများ ပြန်ပြည့်သွားပြီး လူသားတစ်ယောက်ပုံအတိုင်း ဖြစ်သွားလျှင် ကျန်းလော့သည် သူ့ကို ခေါ်ပြီး ယာတောအိမ်တစ်လုံးတွင် နေရန် တောင်းဆိုခဲ့သည်။ ပိုင်ရှင်သည် သူတို့ကို နေ့စဉ် အစားသုံးနပ်နှင့် ရေပူနှစ်ပုံးပို့ပေးသည်။ သူ့တွင် ထိုမိသားစုကို ပေးရန် ပိုက်ဆံမရှိပေ။ ထို့ကြောင့် တောင်ပေါ်တွင် သူတူးလာသော ဂျင်ဆင်းနှစ်ချောင်းကို သူတို့၏ နေထိုင်မှုအတွက် ပေးချေခဲ့သည်။
သူတို့သည် ကျန်းလော့ကို အဘယ့်ကြောင့် သတိလစ်နေသော သူကို ခေါ်ပြီးရောက်လာမှန်း မမေးခဲ့ပေ။ ဘာမှမမေးဘဲ နေ့တိုင်း အစားအသောက်များ ပုံမှန်ပို့ပေးနေခဲ့သည်။
ကျန်းလော့သည် အိမ်ရှင်၏ အကြီးဆုံးသားကို ဂျင်ဆင်းရောင်းပြီးသောအခါတွင် ဖုန်းတစ်လုံး ဝယ်ပေးရန်နှင့် ဖုန်းကဒ်ပြန်လျှောက်လိုက်သည်။ ဖုန်းလက်ထဲရောက်သည်နှင့် ကျန်းလော့သည် ဝမ်ယမ်လန်ကို တဝူတောင်တွင်သာ ဆက်နေရန် လျှို့ဝှက်စွာ မက်ဆေ့ချ်ပို့လိုက်ပြီးသည်နှင့် ချက်ချင်း ဖုန်းကဒ်ကို ထုတ်၍ ဖုန်းကို ပိတ်လိုက်ကာ ထိုထက်ပို၍ ဘာကိုမှ မပြောဝံ့ပေ။
ဆယ်ရက်ကြာ စိတ်မချမ်းမြေ့စရာအချိန်ပြီးနောက် နေ့ရက်တိုင်းကို စိတ်ဆင်းရဲစွာ ဖြတ်သန်းအပြီး နောက်ဆုံးတွင် ချီယုံသည် မျက်လုံးများပွင့်လာခဲ့သည်။ ချီယုံ့ကိုကြည့်ပြီး ကျန်းလော့သည် တာဝေးပြေးထားသော အပြေးသမားတစ်ယောက်လို မောဟိုက်နေခဲ့သည်။
ကျန်းလော့သည် သူ့ကိုယ်သူ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် ထင်နေလုနီးနီးဖြစ်သော်လည်း ချီယုံ တကယ်နိုးလာတာ သေချာသွားသောအခါ နှလုံးသားကို ဖိထားသော လေးလံသောကျောက်တုံးကြီး ပျောက်ကွယ်သွားပြီး သက်ပြင်းချလိုက်ကာ မသဲကွဲသော အသံဖြင့် ပြောလိုက်သည်။
“မင်း နောက်ဆုံးတော့ နိုးလာပြီ”
ချီယုံသည် ကျန်းလော့ကို စေ့စေ့စပ်စပ် ကြည့်နေပြီး နက်ပြာရောင်မျက်လုံးများသည် သူ့လက်မှ ခြစ်ရာများကို မြင်သောအခါ စူးရှသွားပြီး မေးလိုက်သည်။
“ကိုယ်အိပ်ပျော်သွားတာ ဘယ်လောက်ကြာပြီလဲ”
ကျန်းလော့က ပြောသည်။
“လဝက်”
ချီယုံသည် အိပ်ရာပေါ်တွင် ထိုင်နေပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ကာ ဘာဖြစ်နေမှန်း အကြမ်းဖျင်းသိသွားသည်။
ကျန်းလော့ သူ့ကြောင့် လဝက်လောက် ဒုက္ခရောက်သွားသည်မှာ ရှင်းလင်းနေသော်လည်း ချီယုံသည် အပြုံးကို မထိန်းချုပ်နိုင်စွာ နှုတ်ခမ်းများ ကွေးတက်လာပြီး
“လဝက်လား ကိုယ်ထင်တာထက် ပြန်ကောင်းတာ မြန်နေသား”
ကျန်းလော့၏ ပါးစပ်သည် ရှုံ့မဲ့သွားပြီး သူ့ကိုပြုံးကြည့်နေသောသူသည် အရိုက်ခံသင့်သည်ဟု ထင်လာသည်။ သို့သော် ဤလူအဘယ့်ကြောင့် ဤသို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားရသည်ကို သတိရသွားသောအခါ သူ့နှလုံးသားသည် နူးညံ့သွားတော့သည်။ သူသည် ထရပ်လိုက်ပြီး ချီယုံ့အတွက် ရေငှဲ့ပေးလိုက်သည်။
“မင်း အခု ဘယ်လိုခံစားရလဲ”
“မဆိုးပါဘူး”
ချီယုံက နူးညံ့စွာပြောလိုက်သည်။
“တစ္ဆေဆေးမှင်ကြောင်ကတော့ ပျောက်သွားလုပဲ”
ကျန်းလော့သည် ထိတ်လန့်သွားပြီး
“တစ္ဆေဆေးမှင်ကြောင်နည်းစနစ်က ပျောက်သွားလုနီးပါး ဟုတ်လား”
ချီယုံသည် ကျေနပ်စွာ ပြုံးနေသေးပြီး
“ကံကြမ္မာယုံသူက ဒီတစ်ကြိမ်တော့ နည်းလမ်းကောင်းတစ်ခု ရှာတွေ့သွားတာပဲ”
တစ္ဆေဆေးမှင်ကြောင်သည် ချီယုံ့အတွက် ကံကြမ္မာယုံသူကို သတ်ရမည့် အဓိကကျသော နည်းလမ်းကောင်း လက်နက်ကောင်း ဖြစ်သည်။ ထိုပစ္စည်းသည် ကံကြမ္မာယုံသူ၏ မကောင်းဆိုးဝါးစိတ်ဝိညာဉ်ကို အသွင်ပြောင်းထားတာဖြစ်ပြီး လွန်ခဲ့သော နှစ်နှစ်ရာခန့်က ချီမိသားစု၏ တိုက်ရိုက်မျိုးဆက်များ၏ခန္ဓာကိုယ်ထဲကို လှည့်စားပြီး ထည့်ပေးခဲ့သော အရာဖြစ်သည်။
ချီမိသားစု တိုက်ရိုက်မျိုးဆက်များနှင့် မကောင်းဆိုးဝါး ဝိညာဉ်များ မည်မျှလောက် ဤတစ္ဆေဆေးမှင်ကြောင်၏ တန်ပြန်ဝါးမျိုခြင်း ခံရပြီးပြီဆိုတာ မရေတွက်နိုင်တော့ပေ။
နှစ်နှစ်ရာအတွင်းတွင် ကံကြမ္မာယုံသူ စွမ်းအားကြီးလာသလို တစ္ဆေဆေးမှင်ကြောင်သည်လည်း စွမ်းအားကြီးခဲ့ကာ ပို၍ အံ့အားသင့်စရာကောင်းသည်မှာ ချီမိသားစု၏ အိမ်တော်ခွဲများသည် တစ္ဆေဆေးမှင်ကြောင်အကြောင်း သိသိကြီးနှင့် ချီမိသားစု၏ တိုက်ရိုက်မျိုးဆက်များကို အလွန်စွမ်းအားကြီးသော တစ္ဆေသရဲများကို ဝါးမျိုခိုင်းခဲ့ကြလေသည်။ ချီယုံသည် တစ္ဆေဆေးမှင်ကြောင်အတွက် လုံးဝ ကွက်တိကျသောသူဖြစ်ပြီး မွေးဖွားကတည်းကပင် သူ၏အတွင်းစိတ်မကောင်းဆိုးဝါးသည် တစ္ဆေဆေးမှင်ကြောင်နီးနီးအားကောင်းသောကြောင့် ချီယုံသည် အသက်ရှင်နေစဉ်ထဲက တစ္ဆေဆေးမှင်ကြောင်နှင့် ပေါင်းစည်းနိုင်ခဲ့ကာ သူနှင့် ခွဲခြားမရသော အစိတ်အပိုင်း ဖြစ်လာစေခဲ့သည်။
ချီယုံ တစ္ဆေဆေးမှင်ကြောင်နှင့် ပေါင်းစည်းမှုသည် များစွာသော တစ္ဆေသရဲများကို ဝါးမျိုပြီး အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်အထိ ပေါင်းစည်းလိုက်ခြင်းနှင့် တူညီကာ ထိုအချက်ကို အမှီပြု၍ ကောဝူချန်က ချီယုံသည် အသက်ရှင်စဉ်ကပင် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။
တစ္ဆေဆေးမှင်ကြောင်နှင့် ပေါင်းစည်းပြီးနောက် တစ္ဆေဆေးမှင်ကြောင်သည် ချီယုံအပြည့်အဝပိုင်ဆိုင်သော ပိုင်ဆိုင်မှုတစ်ခု ဖြစ်လာသည်။ ချီယုံသေသွားသော အချိန်တွင်လည်း တစ္ဆေဆေးမှင်ကြောင်သည် ချီယုံ့အပိုင်သာ ဖြစ်ပြီး ချီယုံ့ကို သန်မာသော မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်အဖြစ် ပြောင်းလဲပေးခဲ့သည်။
ကံကြမ္မာယုံသူသည် တစ္ဆေဆေးမှင်ကြောင်က ချီယုံ့သူ့ကို သတ်နိုင်မည့် အဓိကသော့ချက်မှန်း ခန့်မှန်းထားခဲ့သည်။ သူ ချီယုံ၏ ဝိညာဉ်ကို ယွမ်ထျန်းကျူး အဖြစ်ပြောင်းလဲလိုက်ရခြင်းမှာ ချီယုံ၏ တစ္ဆေဆေးမှင်ကြောင်ကို ဖြိုခွဲပစ်ချင်သောကြောင့် ဖြစ်ပြီး ဤတစ်ကြိမ်တွင် ချီယုံ့ကို ရေကန်ထဲ ခုန်ဆင်းသွားအောင် သူကြံစည်ခဲ့ခြင်းဖြစ်သည်။ ရေကန်သည် တစ္ဆေဆေးမှင်ကြောင်ကို ဖျက်ဆီးပစ်မှာ သေချာသည်။
ချီယုံ မသေသွားလျှင်ပင် ဆိုးဝါးစွာ ဒဏ်ရာရသွားနိုင်ပြီး ကံကြမ္မာယုံသူ မျှော်လင့်ထားသလိုပင် ချီယုံသေမသွားသော်လည်း သူ၏ တစ္ဆေဆေးမှင်ကြောင်သည် နဂါးရေကန်၏ ဆေးကြောသန့်စင်ခြင်းကို ခံလိုက်ရသည်။
နှစ်နှစ်ရာနီးပါး သယ်ပိုးထားရသော အရာကြီးသည် တစ်ကြိမ်တစ်ခါထဲနှင့်ပျောက်ကွယ်သွားခဲ့သည်။
အကယ်၍ ချီယုံသာ ကံကြမ္မာယုံသူကို ထပ်၍ သတ်ချင်နေသေးလျှင် နောက်ထပ် နှစ်နှစ်ရာလောက် ထပ်စောင့်ပြီး အင်အားစုရမည်ဖြစ်သည်။ သို့သော် နှစ်နှစ်ရာကြာပြီးနောက် ကံကြမ္မာယုံသူသည် သူ၏ ရည်ရွယ်ချက်အတိုင်း နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်သလို နတ်ဘုရား ဖြစ်မလာလျှင်ပင် ယခုထက်ပို၍ သန်မာလာမည်မှာ သေချာသည်။
ချီယုံ သူ၏ အရင်စွမ်းအားအတိုင်းပြန်ရလာလျှင်ပင် ကံကြမ္မာယုံသူသည် ယခုထက်ပိုတိုးတက်သွားမည်ဖြစ်ကာ ကံကြမ္မာယုံသူကို သတ်ရန် မဖြစ်နိုင်သလောက် ဖြစ်သွားမှာဖြစ်သည်။
ဤသည်မှာ ကံကြမ္မာယုံသူ၏ ပြီးပြည့်စုံသော တွက်ချက်မှု ဖြစ်သည်။ ချီယုံသည် နဂါးရေကန်ထဲကို ခုန်ဆင်းလိုက်ထဲကပင် ဤအဆုံးသတ်ကို တွေးမိပြီးသားဖြစ်သည်။
သို့သော် သူ တည်ငြိမ်နေခဲ့ပါသည်။
သူလုပ်နေသည့် အလုပ်ကို တိတိကျကျ သိထားပြီး မည်သို့သော နောင်တရမှုကိုမှ မခံစားရပေ။
သူထပ်လုပ်ရမည်ဆိုလျှင်တောင် ဤအတိုင်းပဲ ဆက်လုပ်မှာ ဖြစ်ပြီး ပြင်မည့်ကိစ္စဆို၍ တောင်ပေါ်သို့ စောစီးစွာ တက်သွားပြီး ကျန်းလော့ကို ရှာဖွေကာ သေဆုံးမည့်အချိန်ကို ရအောင်ရှောင်ရှားခဲ့မှာ ဖြစ်သည်။
ချီယုံသည် လက်ဖက်ရည်ကြမ်းတစ်ဝက်ကို ဖြေးညင်းစွာ သောက်ပြီး သူ၏ ဖြူဖျော့နေသော မျက်နှာမှ အပ မည်သူကမှ သူ့ကို ဒဏ်ရာရနေမနေ ပြောနိုင်မှာ မဟုတ်ပေ။
ကျန်းလော့သည် ရှုပ်ထွေးမှုတချို့ကို ခံစားရကာ နှုတ်ခမ်းတင်းတင်း စေ့လိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
“တစ္ဆေဆေးမှင်ကြောင်ကလေ အခု ပြန်ကောင်းလာနိုင်သေးလား”
“တစ္ဆေသရဲ များများ ပြန်ဝါးမျိုပြီးရင်တော့ အနှေးနဲ့အမြန် ပုံမှန်ဖြစ်လာမှာပါ”
ချီယုံသည် ဖြေးညင်းစွာ ပြောလိုက်ပြီး သူ၏ မျက်လုံးနက်နက်များသည် ကျန်းလော့ကိုသာ ကြည့်နေသည်။ ကျန်းလော့၏ မျက်ခုံးကို မြင်သောအခါ ရုတ်တရက် ပျော်ရွှင်ခြင်းတို့ လှိုက်တက်လာပြီး သူ့အပြုံးသည် ပိုပိုပြီး မြင့်လာခဲ့သည်။ ချိုမြနေသော အသံဖြင့်
“မင်း အသည်းကွဲသွားလား”
ကျန်းလော့သည် ဘာမှ ပြန်မဖြေသော်လည်း ဝေဝါးစွာ ပြောလိုက်သည်။
“ငါ ကြင်နာမှုကို ပြန်ပေးတတ်တဲ့ လူစားမျိုးပါ”
ချီယုံက ရိုးရှင်းစွာ ပြောလိုက်သည်။
“ဒါဆို ကိုယ့်ချစ်သူ ဖြစ်လာပေး”
ကျန်းလော့သည် ချီယုံ့ကို သရော်တော်တော် ကြည့်လိုက်ပြီး သူ့ခေါင်းကို နဂါးရေကန်ထဲ ဖြုတ်ချန်ထားခဲ့လား သိချင်လားသည်။
“ငါတို့က အခု ချစ်သူတွေ မဟုတ်ကြဘူးလား”
ချီယုံက မျက်မှောင်ကြုတ်လိုက်သည်။
‘ဟုတ်တယ် ချစ်သူတွေလေ’
သို့သော် ချစ်သူဆိုသော ဆက်ဆံရေးသည် ချီယုံ လိုချင်သည့် ဆက်ဆံရေးနှင့် မတူညီနေပေ။
သူသည် ဤဆက်ဆံရေးကို မကျေနပ်နိုင်။ သို့သော် ချီယုံသည် မည်သည်က မည်သို့ ကွာခြားနေမှန်းလဲ မသိပေ။ သူသိသမျှ အားလုံးမှာ ကျန်းလော့ သေဆုံးသွားပြီးနောက် ကျန်းလော့ကို နောက်တစ်ကြိမ် ထပ်၍ လုံးဝ လွှတ်မပေးနိုင်တော့မှန်း နားလည်သွားခြင်း ဖြစ်သည်။
ကျန်းလော့ သေဆုံးသွားသည်ကို သိခဲ့သော အချိန်တွင် ချီယုံသည် ကျန်းလော့ကို ခါးခါးသီးသီး မုန်းသွားသည်။
သူသည် ဤလူကို မုန်းလောက်အောင် ကယ်ချင်ပြီး အသက်ရှင်ဖို့ ရုန်းကန်စေချင်သည်။ ကျန်းလော့၏ အရိုးအသားများကို ဝါးမျိုပစ်လိုက်ချင်ကာ ခန္ဓာကိုယ်ကို တစ်စစီဆွဲဖြုတ်၍ ဝါးစားချင်လာသည်။ သူ၏ အမုန်းတရားသည် အလွန်နက်ရှိုင်းပြီး ကံကြမ္မာယုံသူကို မုန်းတီးတာထက် ပိုသည်။ ထိုခံစားချက်သည် ကျန်းလော့ကို ဆွဲဖြဲပစ်ချင်လောက်အောင် မုန်းလာပြီး ချီယုံ၏လက်များကို တုန်ယင်လာစေခဲ့သည်။
ကျန်းလော့သည် အဘယ့်ကြောင့် ဤမျှလောက်အောင် ရက်စက်ရပါသနည်း။
သို့သော် ကျန်းလော့၏ နှလုံးပြန်ခုန်လာပြီး အသက်ရှင်နေသော လူကဲ့သို့ နွေးထွေးလာချိန်တွင် ချီယုံ၏ အမုန်းတရားတို့သည် ရုတ်ချည်း ပျောက်ကွယ်သွားကာ ပို၍ ပြင်းထန်သော စိတ်ခံစားချက်များကို ခံစားလိုက်ရသည်။ ချီယုံသည် ကျန်းလော့ကို သူ၏ ပျောက်ဆုံးနေသော ဝိညာဉ်တစ်စိတ်တစ်ပိုင်းကဲ့သို့ ဖက်တွယ်ထားခဲ့သည်။
ခံစားချက်များသည် အလွန်ကြောက်စရာကောင်းပြီး ချီယုံ၏ ဆိုးဝါးသော အမှောင်ခြမ်းကို လုံးလုံးလျားလျား လွှမ်းခြုံထားကာ ချီယုံ့နှလုံးသားသည် မြင့်မားသော နေရာကို ကျော်လွန်သွားပြီး ချီယုံ၏ မကောင်းဆိုးဝါးတစ်ကောင်၏ ဆိုးယုတ်မှု အလွှာသည် ပြိုပျက်သွားတော့သည်။ ချီယုံသည် ကျန်းလော့ကို ဂရုမစိုက်မိပဲ အလွန်ဆိုးဝါးသည့် အရာများကို လုပ်မိလုနီးနီးဖြစ်သွားသေးသည်။
ချီယုံသည် သူ၏ အစစ်အမှန်ဘက်ခြမ်းကိုသာ ချပြလိုက်မိပါလျှင် ကျန်းလော့ကို ပူပင်စေပြီး အားလျော့ ဝမ်းနည်းသွားစေမှာကို သိနေသည်။ သူသည် ရေနွေးကြမ်းကို တစ်ငုံချင်း တည်ငြိမ်စွာ သောက်နေပြီး သူ့မျက်လုံးအောက်မှ မည်းနက်နေသော အကွင်းကြီးကို ဖုန်းကွယ်ထားပြီး တည်ငြိမ်ချင်ယောင်ဆောင်နေသည်။
ကျန်းလော့သည် တစ်ခနလောက် တွေဝေနေပြီးမှ ဆက်ပြောသည်။
“တစ္ဆေဆေးမှင်ကြောင်ကလွဲလို့ တခြားဘယ်နေရာတွေမှာ နေလို့မကောင်းတာ ရှိသေးလဲ”
ချီယုံက ပေါ့ပါးစွာ ပြောသည်။
“ဝိညာဉ်က၊ ကိုယ်သာ နတ်ဆိုးနတ်ဘုရား ရုပ်ထုနဲ့သာ မဟုတ်ရင် မင်းကိုယ့်ကို မင်းပထမဆုံး မြင်ခဲ့တုန်းကအတိုင်းပဲ မြင်ရမှာ”
ကျန်းလော့သည် ချီယုံ့ကို ပထမဆုံး မြင်ခဲ့သည့် အချိန်ကို သတိရသွားသည်။ ချီယုံသည် လူသားအသွင်မယူနိုင်စွာ မြူနက်များအဖြစ်သာ ရှိနိုင်ပြီး သန့်စင်ခန်းထဲမှ မှန်မှတစ်ဆင့် လက်မောင်းထုတ်ပြီး သူ့ကို လည်ပင်းညှစ်၍ တိုက်ခိုက်ချင်ခဲ့တာ ဖြစ်သည်။
ကျန်းလော့သည် ချီယုံမည်မျှ ဆိုးဝါးစွာ နာကျင်နေမှန်း သူ့ကို ပြောပြစရာ မလိုခဲ့ပါချေ။
ကျန်းလော့ မျက်နှာပျက်သွားသည်။
ချီယုံ ဒဏ်ရာအပြင်းအထန်ရသွားသည်။ ထန်ပိသည် သူ့ကို အသက်ပြန်ရှင်လာစေရန် အစားသေပေးသွားသည်။ ဤအရာများအားလုံးပေါင်းဆုံသွားသောအခါ သူသည် ကံကြမ္မာယုံသူကို အလွန် မုန်းတီးသွားရသည်။
ကျန်းလော့သည် လွန်ခဲ့သော ရက်များအတွင် တဖြည်းဖြည်း ပြန်ကောင်းလာနေပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခံအားသည်လည်း သန်မာလာသည်။ ကျန်းလော့သည် ကံကြမ္မာယုံသူကို သူအနိုင်ယူနိုင်သည်ဟု ခံစားရသည်။
သို့သော် မလုပ်ပေ။ သာမန်ရိုးရှင်းသော ရှုံးနိမ့်မှုသည် ကံကြမ္မာယုံသူနှင့် မထိုက်တန်ပေ။
ဤသို့သော သာမန်ကျကျ ရှုံးနိမ့်ပေးစေလိုက်လျှင် ကျန်းလော့၏ ဒေါသနှင့် အမုန်းတရားတို့ကို ဖိနှိပ်နိုင်မှာ မဟုတ်ပေ။ သူသည် ကံကြမ္မာယုံသူ၏ သေဆုံးမှုကို ပို၍ ဆိုးဝါးအောင်လုပ်ပေးမည်။ ထို့ကြောင့် ကံကြမ္မာယုံသူ၏ မျှော်လင့်ချက်များကို လုံးဝပျောက်ကွယ်သွားသည်အထိ တစ်စစီ တစ်ခုချင်း ဖျက်ဆီးပြမည်။
သူတို့ သူ့ကို လုပ်ခဲ့သလို သူပြန်တုံ့ပြန်မည် မဟုတ်သေး သူတို့ကို အဆပေါင်းများစွာ ခံစားရအောင် တုံ့ပြန်မည်။
######