Chapter : 71 ( သဲလွန်စများ [1] )
Viewers 3k

အရင်က ဆံပင်ဝါသည် အလုပ်ပြီးလျှင် ပြဇာတ်တစ်ပုဒ်ကပြရမည်ဟု ပြောခဲ့ဖူးသည်။ ဟိုင်ရိအား ကြိုတင်ပြင်ဆင်ထားရန် သူပြောခဲ့၏။ သို့သော် အလုပ်ပြီးသည့် ရက်သတ္တပတ်များအတွင်း ဟိုင်ရိက တစိုက်မတ်မတ်ချစ်ကြိုက်နေခဲ့ပြီး ထိုအကြောင်းကို မေ့လုနီးပါးဖြစ်သွားခဲ့သည်။

တစ်နေ့တွင် ဆံပင်ဝါက သူ့ကို ညနေဘက် မက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။

[ ဒီနှစ်မှာ နောက်ထပ်ပြပွဲတွေ ကပြလို့မရတော့ဘူး ]

ဟိုင်ရိ: ?

ဆံပင်ဝါ: ...

ရှုပ်ထွေးနေသည့် ဟိုင်ရိသည် ထိုကိစ္စကို အချိန်အတော်ကြာ စဉ်းစားပြီးမှ သတိရလာသည်။

[ ဘာလို့လဲ ]

[ ဒီနှစ်မှာ ဇာတ်ညွှန်းအသစ်တွေ မရှိတော့ဘူး ]

ဆံပင်ဝါက ပြော၏။ 

[ အထက်လူကြီးတွေက ပရောဂျက်အသစ်တစ်ခုကို ဖန်တီးနေကြပြီး ဇာတ်ညွှန်းတွေကို လျှော့ချလိုက်ပြီလို့ ကျွန်တော့်ရည်းစားဆီကနေ ကြားခဲ့ရတယ် ]

ဟိုင်ရိ: [ ဒါဆို မင်းမှာ ရည်းစားရှိတာပေါ့ ]

ဆံပင်ဝါ: [ … ]

[ ကောင်းတဲ့အရာကို သင်ယူပြီး မကောင်းတာကို မသင်ယူဘဲ မနေနိုင်ဘူးလား ]


ဆံပင်ဝါက မေးလိုက်သည်။

 [ ကျွန်တော့်မှာ မရှိဘူး၊ ကျွန်တော် သူ့ကို ဖန်တီးခဲ့တာ ]

ဟိုင်ရိက ဂရုမစိုက်စွာဖြင့် [ ဪ ] ဟု ပြန်ဖြေသည်။

ဆံပင်ဝါ: [ ဘယ်ပရောဂျက်အသစ်လဲဆိုတာ လည်းမသိဘူး၊ ပိုက်ဆံအများကြီးသုံးလိုက်လို့ သူတို့ ဒေဝါလီခံနေကြပြီထင်တယ် ]

ဤနေရာတွင် ပိုက်ဆံ မည်သို့လိုအပ်ပါသနည်း။ ဤတွင် ငွေကြေးလည်ပတ်မှုမရှိသော်လည်း ပိုက်ဆံကုန်ကျနေဆဲလား။ ဟိုင်ရိသည် တွေးလိုက်မိသည်။

သူ နားမလည်နိုင်ခဲ့ပေ။ ပြဇာတ်များမရှိလျှင်ပင် မည်သို့မျှ အရေးမကြီးပေ။ သူက အိမ်တွင် ဘားကိုကြည့်ရင်း ပင်ပန်းနွမ်းနယ်နေသော်လည်း ထိုအရာကို စွဲလမ်းနေခဲ့သည်။ နေ့တိုင်း ညဘက်နှင့် နေ့ဘက်များ ပြောင်းပြန်ဖြစ်နေခြင်းကြောင့် သူ၏ ဟော်မုန်းများ ပုံမှန်မဟုတ်တော့ပေ။ နေ့စဉ် ညနေ ၃ နာရီ သို့မဟုတ် ၄ နာရီတွင် နိုးထခြင်းက ကမ္ဘာပေါ်ရှိ လူအများစုနှင့် မတူညီဟု ခံစားရစေသည်။ ဤခံစားချက်က သူ့ကို စိတ်ဓာတ်ကျစေပြီး အရင်က ဟိုင်ရိသည် ထိုအရာကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သို့သော် လက်ရှိအချိန်တွင် အရာရာတိုင်း အဆင်ပြေနေပုံရသည်။ အချစ်၏စွမ်းအားသည် အမှန်ပင် ကြောက်စရာကောင်း၏။ ဟိုင်ရိသည် မည်သည့်အရာမှ တကယ်အရေးကြီးသည်ဟု မခံစားရတော့ပေ။

ရှန့်ချန်ယန်သည် ဟိုင်ရိ ဝယ်ပေးခဲ့သည့် ၁၉.၉၀ ယွမ်တန် အနက်ရောင်လက်တိုရှပ်အင်္ကျီကို ဝတ်ထားပြီး ဖုန်းပြောနေရင်း ဖရဲသီးကို ကိုက်စားနေသည်။ အခြားတစ်ဖက်မှလူသည် စကားအများကြီးပြောနေပြီး ရှန့်ချန်ယန်က သဘောတူကြောင်း အသံအနည်းငယ်ပြု၏။ အခြားတစ်ဖက်မှလူက ထပ်ပြောပြန်သော် ရှန့်ချန်ယန်က သဘောတူကြောင်း အသံအနည်းငယ် ထပ်ပြုပြန်သည်။

ခဏအကြာတွင် သူက အစေ့မပါသည့် ဖရဲသီးတစ်ဖဲ့ကို ရွေးကာ ဟိုင်ရိကို ပေးလိုက်သည်။ ဟိုင်ရိက အပေါ်မှနေ၍ တစ်ကိုက်ကိုက်ပြီး ရှန့်ချန်ယန်ကို ပြန်ပေးလိုက်၏။

ရှန့်ချန်ယန်က ကျန်တာကို အကုန်စားပစ်ပြီး ဖုန်းထဲသို့ ပြန်ပြောလိုက်သည်။

"တခြားဘာရှိသေးလဲ"

အခြားတစ်ဖက်မှလူက တစ်ခုခုပြောလိုက်သည်။ ဟိုင်ရိက သူ့လက်ထဲမှ ဖရဲသီးကို ကိုက်စားနေရင်း ရှန့်ချန်ယန်ကို တစ်ချက်ကန်လိုက်ကာ တစ်ရှူးများ ယူပေးရန် အချက်ပြလိုက်သည်။ တစ်ရှူးများကို အနည်းငယ်ဝေးသည့်နေရာတွင် ထားထားပြီး ရှန့်ချန်ယန်အတွက် ဖရဲသီးကိုင်ထားရင်းနှင့် ယူရန် အဆင်မပြေပေ။ ထို့ကြောင့် သူက လက်ကို ဆန့်ထုတ်ပြီး ဟိုင်ရိကို ဖရဲစေ့များကို သူ့လက်ဖဝါးပေါ် တိုက်ရိုက်ထွေးထုတ်ခိုင်းကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်၏။

ရှန့်ချန်ယန်က ဖုန်းထဲသို့ပြောလိုက်၏။


"ကိုယ်ရေးအချက်အလက်တွေကို ရွေးလို့ရလား"

ဟိုင်ရိ နားစွင့်လိုက်၏။ အခြားတစ်ဖက်မှလူက အနှုတ်သဘောဖြင့် ပြန်ဖြေလိုက်ပုံရပြီး ရှန့်ချန်ယန် ပြန်မေးလိုက်သည်။

"ဒါဆို ငါ werewolf ဖြစ်ပြီး မဲပေးခံရရင် ဘာလုပ်ရမလဲ"

ဟိုင်ရိသည် ပိုမိုနီးကပ်စွာ တိုးကပ်သွားပြီး သူ့နားကို ဖုန်းနှင့် ကပ်လိုက်သည်။ အခြားတစ်ဖက်မှ မိန်းမတစ်ယောက်၏ ရယ်သံထွက်လာ၏။

"ဘာလဲ... ယန်ကောက မဲပေးခံရမှာ ကြောက်နေတာလား"

"ကြောက်တယ်" 

ရှန့်ချန်ယန်သည် ဟိုင်ရိ၏ ဖရဲစေ့များကို ထပ်လက်ခံလိုက်သည်။

"မင်းကို ပြောဖို့မေ့သွားတယ်၊ ဒါပေမဲ့ ငါ ချစ်မိနေပြီ"

အမျိုးသမီးက အနည်းငယ်အံ့သြသွားသည်။

"ဂုဏ်ယူပါတယ်...ဘယ်သူနဲ့ ချစ်ကြိုက်နေတာလဲ၊ မင်းဘေးက ပဲပင်ပေါက်လား"

ရှန့်ချန်ယန်: "မဟုတ်ဘူး"

မိန်းမ : "ငါသိတယ်၊ ငါ စနေတာ… အချက်အလက်တွေကို ရွေးလို့မရတော့တာကြောင့် နည်းနည်းပိုကြိုးစားလိုက်၊ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းဆောင်က မင်း အချိန်အကြာကြီး မကြိုးစားသေးဘူးလို့ ပြောတယ်၊ မင်းရဲ့စကားပြောတွေက နည်းနည်းလေး အားမစိုက်ထုတ်ထားဘူးလား"

ရှန့်ချန်ယန်က "ကောင်းပါပြီ" ဟုသာ ပြန်ဖြေနိုင်ခဲ့သည်။

လူနှစ်ယောက် စကားအနည်းငယ်ဖလှယ်ပြီးနောက် ရှန့်ချန်ယန် ဖုန်းချလိုက်၏။ ဟိုင်ရိက မျက်ခုံးပင့်ပြီး ပေါ့ပေါ့ပါးပါးမေးလိုက်သည်။


"ဘယ်သူလဲ"

သူမ၏ အသံကို ကြည့်ရသည်မှာ သူမက အတော်လေး ငယ်သေးသည်။

နီးကပ်နေသည့် အန္တရာယ်ကို မသိဘဲ ရှန့်ချန်ယန်က ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်၏။ 

"လုပ်ဖော်ကိုင်ဖက်တစ်ယောက်''

ဟိုင်ရိ: "အဲတာ ဘယ်လို လုပ်ဖော်ကိုင်ဖက်မှန်း ငါမသိဘူးလေ ဘာလုပ်ဖော်ကိုင်ဖက်လဲ"

" Werewolf ဘက်က"

ရှန့်ချန်ယန်က သတ္တုဇွန်းဖြင့် သူ့အတွက် ဖရဲစေ့များကို တစ်ခုချင်းစီ ထုတ်ပေးလိုက်၏။ 

"ကျွန်တော်တို့ခရိုင်ရဲ့ တာဝန်ခံပုဂ္ဂိုလ်"

ဟိုင်ရိ: "ဪ"

ခဏအကြာတွင် ဟိုင်ရိ ပြောလိုက်၏။

"သူ(မ)ပုံကို ငါ့ကို ကြည့်ခွင့်ပေး"

ရှန့်ချန်ယန်က ခဏတာ အံ့အားသင့်သွားသည်။ ဟိုင်ရိကို လှည့်ကြည့်ပြီး သူရယ်လိုက်၏။

ဟိုင်ရိ: "ဘာရယ်နေတာလဲ၊ ငါ့ကို သူ(မ)ပုံ ကြည့်ခွင့်ပေး"

"ကျွန်တော့်မှာ မရှိဘူး" 

ရှန့်ချန်ယန်က ပြောလိုက်သည်။

"ကျွန်တော် ဘယ်ကနေ ရမှာလဲ"


ဟိုင်ရိ: "မင်းရဲ့ Moments ကို ဖွင့်ပြ၊ ငါကြည့်ရအောင်"

ဟိုင်ရိသည် ရှန့်ချန်ယန်၏ စကားပြောမှတ်တမ်းများကို ကြည့်ပြီးသားဖြစ်သော်လည်း ထူးခြားသည့်အရာ ဘာမှမတွေ့ခဲ့ရပေ။ ထို့ကြောင့် သူက Moments ကို ကြည့်ရန် တိုက်ရိုက်တောင်းဆိုလိုက်သည်။ ရှန့်ချန်ယန်က ဖရဲသီးအရည်များစွန်းနေသည့် သူ့လက်များကို တစ်ရှူးဖြင့် သုတ်လိုက်ပြီး သူ့ဖုန်းထဲတွင် သူမပုံကို ရှာဖွေခဲ့၏။ သို့သော် အချိန်အကြာကြီး ရှာဖွေပြီးနောက်တွင်ပင် ဘာမှမတွေ့ခဲ့ရပေ။

ဟိုင်ရိ: "ဖျက်လိုက်တဲ့ ဖိုင်တွဲရော"

ရှန့်ချန်ယန်: ...

ရှန့်ချန်ယန်က မော့ကြည့်လိုက်သည်။ သူ ခဏတာ အံ့သြစွာ စဉ်းစားလိုက်၏။ 

"ကျွန်တော် ထည့်ထားတယ်လို့ မထင်ဘူး"

ဟိုင်ရိက သူ့ကို မယုံပေ။

"ဪ"

"ကျွန်တော်တကယ်မလုပ်ခဲ့ဘူး"

ရှန့်ချန်ယန်က ပြောလိုက်သည်။

"သူ(မ)က နောက်မှ ကျွန်တော့်ကို add လိမ့်မယ်၊ ခင်ဗျား သူငယ်ချင်း add တာကို ပိတ်ထားတာ ဖြည်ပေးပြီးပြီလား"

ဟိုင်ရိက မကျေနပ်စွာ "အင်း" ဟု ပြောလိုက်သည်။

ရှန့်ချန်ယန်က ရယ်ပြီး ဟိုင်ရိ၏ မျက်နှာကို ဆွဲညှစ်လိုက်၏။

ခဏအကြာတွင် ရှန့်ချန်ယန်က သူငယ်ချင်းထည့်ရန် တောင်းဆိုမှုတစ်ခု ရရှိခဲ့သည်။ သူက ဖုန်းကို ဟိုင်ရိဆီသို့ တိုက်ရိုက်ပေးလိုက်၏။ ဟိုင်ရိက သူ့ display ပုံကို ထိလိုက်သည်။ သူမက အသက်သုံးဆယ့်ငါးနှစ်ဝန်းကျင်ရှိပြီဖြစ်၏။ သူ အခု စိတ်အေးလက်အေးနေလို့ရလေပြီ။


ရှန့်ချန်ယန်တွင် အသက်ကြီးသည့် မိန်းမတစ်ယောက်နှင့် ဆက်ဆံရေးရှိရန် မည်သည့်ရည်ရွယ်ချက်မှ မရှိခဲ့ပေ။ ဟိုင်ရိက သူ့လေသံကို ချက်ချင်းပြောင်းကာ ရှန့်ချန်ယန်ကို အရေးတကြီးပြောလိုက်သည်။

"သူ(မ)က မင်းကို မက်ဆေ့ချ်ပို့ထားတယ်၊ သူ(မ)ကို အမြန်ပြန်ဖြေလိုက်"

ရှန့်ချန်ယန်: ?

ဖရဲစေ့များ အားလုံးကို ကောက်ပြီးနောက် ရှန့်ချန်ယန်က ဖရဲသီးတစ်ဝက်ကို ဟိုင်ရိကို ပေးလိုက်သည်။ ဟိုင်ရိက အသားချိုသည့်နေရာကို ရွေးကာ စားလိုက်၏။ ကျန်သည့် ဖရဲသီးကိုတော့ ရှန့်ချန်ယန်ကို ပေးလိုက်ပြီး သူက အကိုက်အနည်းငယ်ဖြင့် အကုန်စားပစ်လိုက်သည်။

ဟိုင်ရိ: "လောင်ကုန်း"

"အင်း"

ရှန့်ချန်ယန်က အသိအမှတ်ပြုသည့် အသံပြုလိုက်သည်။

ဟိုင်ရိ: "အနမ်းပေး"

ရှန့်ချန်ယန် ရယ်လိုက်သည်။ သူ တိုးလာပြီး ဟိုင်ရိကို နမ်းလိုက်၏။

"ဘာတွေ စိတ်ထဲမှာ ရှိနေလို့လဲ"

ဟိုင်ရိ: "မင်း အလုပ်တစ်ခုမှာ ပါဝင်တော့မှာလား"

"အင်း" 

ရှန့်ချန်ယန်က မက်ဆေ့ချ်ကို ပြန်ဖြေရင်း ပြောလိုက်သည်။

"မနက်ဖြန်မွန်းလွဲပိုင်းမှာ... အလုပ်က ရုတ်တရက်ရောက်လာတာ"

ဟိုင်ရိ: "မင်း ဘယ်တော့ ပြန်လာမှာလဲ"

ရှန့်ချန်ယန်က စိတ်ပျံ့လွင့်စွာဖြင့် 


"ရက်အနည်းငယ်ကြာပြီးမှ ပြန်လာမယ်...ငါးရက်ခြောက်ရက်လောက် ဖြစ်မယ်"

"အများဆုံး ငါးရက်ခြောက်ရက်" 

ရှန့်ချန်ယန်က ပြန်ဖြေပြီးနောက် မော့ကြည့်လိုက်သည်။

"အိမ်မှာ လျိုရိဖန်နဲ့ ဆော့နေရတာ အဆင်ပြေလား"

ဟိုင်ရိ: "မ‌ပြေရင်ရော"

ရှန့်ချန်ယန် ရယ်လိုက်သည်။

"နောက်တစ်ခါ ကျွန်တော်တို့ အတူသွားမယ်၊ ဒီတစ်ခါ ပုံစံအသစ်ကို စမ်းကြည့်ရမယ်၊ ကြားရတာ တော်တော်ရှုပ်ထွေးတယ်၊ ကျွန်တော် ပထမဆုံးအကြိမ် ဆော့တာဆိုတော့ စမ်းကြည့်ရမယ်"

ဟိုင်ရိသည် ရှုပ်ထွေးသော စိတ်အခြေအနေတွင် ရှိနေသည်။ ခဏတာမျှ သူ စိုးရိမ်သင့် မစိုးရိမ်သင့် မသိတော့ပေ။ အဘယ်အရာကို စိုးရိမ်ရမည်နည်း။ ရှန့်ချန်ယန် ကံမကောင်း၍ ရှုံးနိမ့်သွားပါက သူသည် ကမ္ဘာအစစ်သို့ ပြန်ရောက်သွားမည်ဖြစ်ပြီး ဟိုင်ရိသည်လည်း သူ့နောက်သို့ ချက်ချင်းလိုက်နိုင်မည်ဖြစ်သည်။ အကယ်၍ သူသာ အနိုင်ရခဲ့ပါက အခြေအနေသည် အရင်အတိုင်းပင် ဖြစ်နေပေမည်။

သို့သော် ရှန့်ချန်ယန် ပြန်သွားခဲ့လျှင် သူက ဟိုင်ရိကို မှတ်မိနေဦးမည်လား။

ဟိုင်ရိကို နောင်လာမည့်ရက်များတွင် သူနှင့် ခွဲခွာရမည်ကို မလိုလားကြောင်း တွေးမိကာ ရှန့်ချန်ယန်က သူ့ကို နှစ်သိမ့်လိုက်၏။

"ခင်ဗျားကို နေ့တိုင်း ဖုန်းခေါ်မယ်"

ဟိုင်ရိ: "ဪ"

ရှန့်ချန်ယန်သည် သူ့လက်များကို သုတ်ရင်း ထိုအကြောင်းကို စဉ်းစားနေသည်။ ဟိုင်ရိကို သတိမထားမိစဉ်တွင် ရှန့်ချန်ယန်က သူ့ကို မင်းသမီးလေးပွေ့ပိုက်သလို ပွေ့ချီကာ အိပ်ရာပေါ်သို့ ချလိုက်၏။ အိပ်ရာပေါ်တွင် လှဲလျက်ပင် ရှန့်ချန်ယန်က ဟိုင်ရိကို ဖက်လိုက်သည်။

"ဘာဖြစ်လို့ စိတ်မကောင်းဖြစ်နေတာလဲ"


"ဟင်"

 ရှန့်ချန်ယန်က ပြင်းပြင်းထန်ထန် မေးလိုက်သည်။

"ခင်ဗျား ဘာဖြစ်လို့ စိတ်မကောင်းဖြစ်နေရတာလဲ ပြောပြ"

ဟိုင်ရိသည် ရယ်မောရင်း တုန်ယင်နေသည်။ ရှန့်ချန်ယန်က တကယ်ကို ချစ်စရာကောင်းသည်ဟု သူခံစားရ၏။ ရှန့်ချန်ယန်အတွက်လည်း မလွယ်ကူပေ။ ဟိုင်ရိသည် ချစ်ကြိုက်သည့်အခါ သူ့ကိုယ်သူ ကိုင်တွယ်ရလွယ်ကူသူဟု မယူဆပေ။ သူသည် စိတ်တိုတတ်သူတစ်ဦးဖြစ်သည်။

ရှန့်ချန်ယန်သည် ဟိုင်ရိ၏ မပျော်ရွှင်သည့် အချိန်တိုင်းကို ကြောက်စရာကောင်းသည့် ရန်သူတစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ ချဉ်းကပ်ခဲ့သည်။ ထိုအချိန်များတွင် သူသည် စိုးရိမ်ပူပန်နေသည့် ကောင်လေးတစ်ဦးနှင့် တူနေလိမ့်မည်။

ဟိုင်ရိ: "ဪ၊ ငါ့ကို အိပ်ရာပေါ်ခေါ်တင်ပြီး ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ"

ရှန့်ချန်ယန်က ပြုံးလျက် မေးလိုက်သည်။ 

"ခင်ဗျား ဘယ်လိုထင်လဲ"

သူတို့ တကယ် မလုပ်ရသေးဘဲ၊ အမှန်တကယ် လိင်ဆက်ဆံခြင်းအထိ ရောက်မသွားသေးပေ။ ရှန့်ချန်ယန်သည် ဟိုင်ရိ၏ အမြင်ကို အလွန်လေးစားပုံရပြီး ထိုအကြောင်းကို စတင်ပြောဆိုရန် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ပေ။ သို့သော် ဟိုင်ရိ၏ အမြင်မှာ သူတွင် ထိုအပေါ်၌ အမြင်များစွာ မရှိပေဟူ၍ဖြစ်သည်။ ဤကဲ့သို့သော ကိစ္စမျိုးကို 1 က ဆုံးဖြတ်ခြင်း မဟုတ်လော။ ဟိုင်ရိသည် မည်သည့်စီစဉ်မှုမျိုးကိုမဆို လိုက်နာရန် သူ့အတွက် လုံလောက်သည်ဟု ခံစားရသည်။ သူသည် အတိတ်က ချစ်ကြိုက်ခဲ့စဉ်ကလို မဟုတ်တော့ပေ။ သူသည် အတော်လေး လွတ်လပ်ပြီး ကိုယ်တိုင်ဆုံးဖြတ်တတ်သူဖြစ်၏။

သို့သော် ရှန့်ချန်ယန်နှင့် အတူရှိပြီးနောက်တွင် သူသည် ဘာမှတကယ်အရေးမကြီး၊ သူ့သားလေးပျော်နေသရွေ့ အရာအားလုံး အဆင်ပြေသည်ဟု မကြာခဏ တွေးမိတတ်သည်။

"လောင်ကုန်း" 

ဟိုင်ရိက သက်ပြင်းချလိုက်သည်။

ရှန့်ချန်ယန်: ?


ဟိုင်ရိ: "မင်း လိုချင်ရင် လုပ်လိုက်ကြရအောင်"

ရှန့်ချန်ယန်: ...

"ခင်ဗျားလိုချင်လား" 

ရှန့်ချန်ယန်က မျက်လုံးမှေးစင်းကာ ဟိုင်ရိ၏ မျက်နှာအမူအရာကို စူးစမ်းလိုက်သည်။ ရှန့်ချန်ယန်၏ ကြည့်ပုံတွင် အန္တရာယ်အရိပ်အယောင်တစ်ခု ပါရှိနေ၏။

ဟိုင်ရိ: "ငါ လိုချင်တယ်၊ ဒါပေမဲ့ ငါ့ရဲ့ ဆန္ဒက အလွယ်တကူ ပူးပေါင်းတတ်တာမျိုး မဟုတ်ဘူး...ငါ့ကို မေးတော့မမေးပါနဲ့၊ မေးရင် ငါ မလိုချင်ဘူးလို့ ပြောမိလိမ့်မယ်"

ရှန့်ချန်ယန်၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ဟိုင်ရိ၏ စကားများက သူ့အား ရယ်ရခက်၊ ငိုရခက် ဖြစ်စေခဲ့သည်။ ဟိုင်ရိ၏ ပြုံးနေသည့် မျက်နှာကို ကြည့်လိုက်သည်နှင့် သူ မူးယစ်သွားသကဲ့သို့ ခံစားရ၏။ ရှန့်ချန်ယန်၏ လည်ပင်းကို ဖက်လိုက်ပြီး သူ့ကို ဆွဲချလိုက်သည်။ သူတို့နှစ်ဦး အသက်ရှူမဝမချင်း ခဏတာ နမ်းရှုံ့ခဲ့ကြ၏။

ဟိုင်ရိ၏ အပြုအမူသည် အလွန်တရာ ပွင့်လင်းလွန်းနေသည်။ သူတို့ စတင်တွဲကတည်းက သူသည် ပေါ့ပေါ့ပါးပါးနှင့် ခိုင်မာစွာ ချစ်ကြိုက်ခဲ့၏။

"အင်း..."

ရှန့်ချန်ယန်အတွက် စကားလုံးများ ဆွံ့အသွားသည့် ရှားပါးသည့် အချိန်တစ်ခုဖြစ်သည်။

"အရင်တုန်းက ခင်ဗျား…”

ဟိုင်ရိ တကယ် လုပ်ဖူးလားဟု သူ မေးချင်ခဲ့သော်လည်း ဟိုင်ရိက သူ့ကို စိတ်ထဲရှိသည်ဟု ထင်သွားမည်ကို ကြောက်ရွံ့ခဲ့သည်။ ထိုကြောင့် သူ ခဏတာမျှ မေးခွန်းထုတ်ရန် ရှက်ရွံ့သွား၏။

"မလုပ်ဖူးဘူး"

ဟိုင်ရိ ပြုံးလိုက်သည်။ သူ ညင်သာစွာ ပြောလိုက်သည်။


"ကံကောင်းပါစေ၊ လောင်ကုန်း"

ရှန့်ချန်ယန်: ...

ဟိုင်ရိသည် ရှန့်ချန်ယန် အောက်တွင် အဝတ်မပါဘဲ အမြန်နှုန်းမြင့်စွာ တုံ့ပြန်သည်ကို ပြတ်သားစွာ ခံစားမိသည်။ ဟိုင်ရိသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့မျက်နှာ နီရဲသွားကာ သူ့အမူအရာတွင် အနည်းငယ် ရှက်ရွံ့မှုများ ပေါ်လာ၏။

သူ ကျောင်းသားဘဝကတည်းက ချစ်ကြိုက်ဖူးသည်။ ထိုအချိန်၌ မည်သူမှ နားမလည်ခဲ့ကြဘဲ အရာရာကို ရှုပ်ထွေးစွာ ကျော်ဖြတ်ခဲ့ကြ၏။ နောက်ပိုင်းတွင် နားလည်လာပြီးနောက် ဟိုင်ရိသည် ချစ်ကြိုက်ခြင်းသည် ထိုမျှလောက်ပင် မဟုတ်ဟု ခံစားရသည်။

အခြားသူများ ဆက်ဆံရေးရှိနေသည်ကို မနာလိုဖြစ်သည့် အခိုက်အတန့်များ ရှိသော်လည်း သူငယ်ချင်းတစ်ဦးက တစ်စုံတစ်ဦးကို မိတ်ဆက်ပေးရန် ကြိုးစားသည့်အခါတိုင်း သူသည် တွေ့ဆုံမှုမတိုင်မီ ချက်ချင်း ထွက်ပြေးလေ့ရှိ၏။ ဟိုင်ရိသည် သူ့တွင် စိတ်ဝင်စားမှုနည်းပါးပြီး သင့်လျော်သူတစ်ဦးကို မတွေ့ဆုံနိုင်ဟု ခံစားခဲ့ရသောကြောင့် တစ်ကိုယ်တည်းသာ နေခဲ့သည်။

ယခုမူ သူ အလွန်ကျေနပ်အားရနေ၏။ သူ မကြိုက်သည့်သူတစ်ဦးနှင့် ထိုနှစ်များတွင် အချိန်ဖြုန်းရန် သူ့ကိုယ်သူ တွန်းအားမပေးခဲ့ခြင်းသည် ကံကောင်းသည်။ ထို့ကြောင့် သူ အကြိုက်ဆုံးသူနှင့် ပထမဆုံးအကြိမ် အရာအားလုံး၏ လှပမှုကို ခံစားနိုင်၏။

"ကျွန်တော် သင်ယူမယ်"

ရှန့်ချန်ယန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ပြီးတော့ ဒီည စမ်းကြည့်မယ်"

ဟိုင်ရိသည် ရှန့်ချန်ယန်၏ ပျော်ရွှင်မှုနှင့် သူ၏သိမ်မွေ့သော စိတ်အားထက်သန်မှုကို ပြင်းပြင်းထန်ထန် ခံစားမိသည်။ ဟိုင်ရိ အရင်က မလုပ်ဖူးသောကြောင့်လား... သို့မဟုတ် သူတို့ ယနေ့ည ကြိုးစားကြမည်ဖြစ်သောကြောင့်လား၊ မည်သူသိမည်နည်း။ အမျိုးသားနှင့် ကောင်လေးများကြားတွင် ခြားနားမှု အနည်းငယ်သာ ရှိသည်။ ဟိုင်ရိသည် သူလုပ်နေသည့်အရာသည် ကလေးတစ်ယောက်ကို ချော့မြှူနေခြင်းနှင့် မည်သို့မျှ မကွာခြားဟု မခံစားရပေ။

ဟိုင်ရိ: "ဒါဆို ဒီအလုပ်အတွက် မင်း ပိုစောစောပြန်လာနိုင်မလား"

ရှန့်ချန်ယန်: ...


ရှန့်ချန်ယန် သူ့ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး သူ့ကိုယ်နံ့နှင့် ခွန်အားကို စုပ်ယူလိုက်၏။ သူက စိတ်ပျက်အားငယ်စွာဖြင့် ပြောလိုက်၏။

"ကျွန်တော် ခင်ဗျားကို အရမ်းကြိုက်တယ်"

ဟိုင်ရိက ရယ်မောပြီး သူ့ကို ပြန်ပွေ့ဖက်လိုက်သည်။ ခဏအကြာတွင် သူက ပြောလိုက်သည်။

"ရပါတယ်၊ ရပါတယ်"

ရှန့်ချန်ယန်က သူ့လက်ကို မလွှတ်သေးပေ။ 

ဟိုင်ရိ: "အခု ရပါပြီ"

"နာတယ်!"

ဟိုင်ရိက သူ့အာမေဋိတ်စကားကို မထိန်းချုပ်နိုင်ဘဲ အော်လိုက်သည်။ 

"မင်း ငါ့ကို သေအောင် ချေမွနေတာပဲ... လွှတ်လိုက်တော့"

သူတို့သည် ဟက်ဟက်ပက်ပက် ရယ်မောရင်း အိပ်ရာပေါ်သို့ လဲကျသွားကြသည်။

ညနေပိုင်းတွင် ဟိုင်ရိ၊ ရှန့်ချန်ယန်နှင့် ဆံပင်ဝါတို့သည် အတူတကွ BBQ စားရန် ထွက်သွားခဲ့ကြ၏။

ဟိုင်ရိသည် အပြင်ဘက်ကောင်းကင်ကို ကြည့်ရသည်ကို အလွန်နှစ်သက်သည်။ သူသည် ကောင်းကင်ယံမှ မီးခိုးရောင်ဝေလငါးကြီးကို စိတ်လှုပ်ရှားစွာ စူးစိုက်ကြည့်နေပြီး ဘားအပြင်ဘက်တွင် တစ်နေ့လုံး ထိုင်၍ ကြည့်နေနိုင်၏။ သူသည် အပြင်ဘက်တွင် နေရသည်ကို ကြိုက်နှစ်သက်သောကြောင့် သူတို့သည် မြို့ပြဧရိယာကို စွန့်ခွာကာ တောင်ကုန်းဘေးတွင် BBQ ကင်ရန် စီစဉ်ခဲ့ကြသည်။

ရှန့်ချန်ယန်သည် လွန်ခဲ့သော အချိန်အနည်းငယ်က သူ့ဆံပင်ကို ထပ်မံရိတ်ခဲ့ပြီး ယခုအခါတွင် သပ်ရပ်သော တစ်လက်မအရှည်ဆံပင် ရှိနေ၏။ သူ့ဆံပင်ပုံစံသည် ခေတ်ပေါ်လူငယ်များကဲ့သို့ ခန့်ညားပြီး အေးစက်တည်ငြိမ်မှုတွင် ပြိုင်ဘက်ကင်းသည်။


သူ ပါးစပ်ဖွင့်လိုက်သည်နှင့် သူသည် rapper တစ်ဦးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာ၏။ သူသည် အရပ်ရှည်ပြီး လက်မောင်းပေါ်တွင် ပါးလွှာသော ကြွက်သားများ ရှိသည်။ သူသည် ၁၉.၉၀ ယွမ်တန် လက်တိုရှပ်အင်္ကျီ၊ အားကစားဘောင်းဘီတိုနှင့် ခြေအိတ်များ ပေါ်နေသည့် AJ ဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်။ သူသည် လက်နှစ်ဖက်စလုံးကို လိပ်တင်ထားပြီး ဆံပင်ဝါနှင့်အတူ မီးတောက်များကို ပန်ကာဖြင့် ခတ်ပေးနေ၏။ ဟိုင်ရိသည် ဘေးတွင် ထိုင်ကာ သူ့ကိုယ်သူ လေခတ်ပေးရင်း အေးမြသောလေကို ခံစားနေသည်။

🌟🌟🌟