Chapter - 32 : အစကတည်းမှ သတိမထားမိဟန်ဆောင်ခြင်း
Viewers 1k

Chapter - 32 : အစကတည်းမှ သတိမထားမိဟန်ဆောင်ခြင်း

လုရွှိ၏ အတည်ပြုချက်အား ရရှိပြီးနောက် F4 သည် ညကတည်းကပင် အလွန်စိတ်လှုပ်ရှားနေခဲ့ကြပြီး မနက်စောစော မိုးလင်းလင်းချင်းပင် အကလေ့ကျင့်ရေးခန်းသို့ ရောက်ရှိလာကြသည်။

လုရွှိ အခန်းထဲ ဝင်ရောက်လာသည်နှင့် ၎င်းတို့သည် တန်းစီကာ ခေါင်းငုံ့၍ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ"

လုရွှိသည် နံရံပေါ်ရှိ နာရီအား တစ်ချက်ကြည့်လိုက်ရာ မနက် ၇ နာရီပင် မထိုးသေးသည်ကို သတိထားမိသည်။ သူသည် မပြော၍မနေနိုင်ဘဲ ပြောလိုက်မိ၏။

"မင်းတို့ အစောကြီး ရောက်နေကြတာပဲ"

"ကျွန်တော်တို့ အခုမှ ရောက်တာပါ၊ ဒါနဲ့ ခင်ဗျားလည်း အတော်လေး စောစော ရောက်တယ်နော်"

ချိုင်စစ်ယွမ်သည် F4 ၏ နောက်တွင် ရပ်နေပြီး လုရွှိမှ မိမိဘက်သို့ လှည့်ကြည့်သည်ကို မြင်သောအခါ သူနှင့် နှုတ်ဆက်နေသည်ဟု ထင်ကာ ပြန်ဖြေလိုက်သည်။

ဟယ့်ရှင်းဟွာသည် ချိုင်စစ်ယွမ်ဘက်သို့ လှည့်ကြည့်ပြီးနောက် ပြုံးစိစိဖြင့် လုရွှိအား သတင်းပို့လိုက်သည်။

"သူ လိမ်နေတာ၊ မနက် ၅ နာရီကတည်းက ဒီမှာ ရောက်နေတာ"

"ဟုတ်တယ်... ဟုတ်တယ်၊ သူက ခင်ဗျားကို ယုံအောင်ပြောပြီး ခိုးလေ့ကျင့်နေတာ"

"ဘယ်လောက် ကောက်ကျစ်လိုက်သလဲ"

F4 သည် တစ်ယောက်ပြီးတစ်ယောက် ပြောဆိုလာပြီး ချိုင်စစ်ယွမ်အား ရင်ဆိုင်ရန်အတွက် ခုန်ထွက်တော့မလိုပင်။

လုရွှိသည် ပြုံးရုံသာ ပြုံးလိုက်ပြီး ထိုကိစ္စအား စိတ်ထဲ မထားပေ။ သူသည် ဤ ရှိုးပွဲအား အလွန် ရိုးရှင်းစွာ ရှုမြင်လေသည်။ သူ တစ်ခုတည်းသော စိတ်ဝင်စားမှုမှာ သူ၏ ဖျော်ဖြေမှုသုံးသပ်ချက်သာ ဖြစ်၏။

ကျိရှိုးနျန်၏ ယနေ့ အစီအစဉ်များသည် မည်သို့ရှိမည်ကို သူ မသိပေ။ ထို့အပြင် နောက်ထပ် စုံစမ်းရန်အတွက် သူနှင့် ထပ်မံ အပြန်အလှန်ဆက်ဆံခွင့် ရ၊ မရကိုလည်း မသိပေ။

လုရွှိ ဤသို့ စဉ်းစားနေစဉ် ချိုင်စစ်ယွမ်သည် ပါးစပ် ပိတ်ကာ တံခါးဝဘက်သို့ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အံ့ဩမှုရော၊ စိတ်လှုပ်ရှားမှုပါ ဖြစ်နေသည်။

"အိုး ဘုရားရေ၊ ဆရာကျိ ဘာလို့ ဒီကို ရောက်နေတာလဲ"

"မင်္ဂလာနံနက်ခင်းပါ၊ ဆရာကျိ"

"မင်္ဂလာနံနက်ခင်းပါ၊ နျန်ကော"

သူ၏ နောက်တွင် စုန့်ကျယ်နှင့် အခြားသူများသည် ယဉ်ကျေးစွာ နှုတ်ဆက်နေကြသည်။ လုရွှိ လှည့်ကြည့်လိုက်သောအခါ ကျိရှိုးနျန်မှာ လေ့ကျင့်ရေးခန်းထဲသို့ ဝင်လာသည်ကို တွေ့ရ၏။ VJ တစ်ဦးသည်လည်း သူ့အနောက်မှ လိုက်ပါလာသည်။

ဟယ့်ရှင်းဟွာလည်း အံ့အားသင့်သွား၏။ သူသည် ကျိရှိုးနျန်နှင့် မကြာမီ ထပ်မံတွေ့ဆုံရလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ မနေ့ည၌ ကျိရှိုးနျန်သည် ၎င်းတို့အား မြင်တွေ့ရခြင်းအား နားမလည်နိုင်ကာ သရဲကြောက်သောကြောင့် ဝိညာဉ်နှိမ်နင်းသူ သို့မဟုတ် အလားတူ တစ်စုံတစ်ဦးအား ရှာဖွေလိမ့်မည်ဟု စိုးရိမ်နေခဲ့ရသည်။

F4 အားလုံးလည်း အလားတူပင် တွေးကြ၏။ ၎င်းတို့သည် ကျိရှိုးနျန်က ၎င်းတို့အတွက် လာခြင်းဖြစ်မည်ကို စိုးရိမ်နေကြသည်။ ဝိညာဉ်လေးဦးသည် တစ်နေရာတည်းတွင် စုဝေးနေကြပြီး ရှုပ်ထွေးသော အမူအရာများဖြင့် ကျိရှိုးနျန်အား စိုက်ကြည့်နေကြသော်လည်း လုရွှိ ရှိနေခြင်းသည် ၎င်းတို့အား တစ်နည်းနည်းဖြင့် စိတ်အေးသက်သာစေသည်။

သူတို့ရဲ့ ကြီးကြပ်ရေးမှူးက ဒီမှာ ရှိနေတာပဲ၊ ဘာကို ကြောက်ရမှာလဲ...

မည်သို့ပင်ဆိုစေ ကျိရှိုးနျန်သည် လုပ်ငန်းနယ်ပယ်မှ ဝါရင့် စီနီယာတစ်ဦး ဖြစ်ပြီး အခန်းထဲရှိ အခြားသူတိုင်း သူ့အား နှုတ်ဆက်ပြီးသား ဖြစ်သည်။

လေးစားသောအားဖြင့် F4 သည် ကျိရှိုးနျန်အား လက်ဝှေ့ယမ်းကာ ယဉ်ကျေးစွာ ပြောလိုက်သည်။

"မင်္ဂလာပါ၊ ဆရာကျိ"

သို့သော် အံ့အားသင့်စရာမှာ ကျိရှိုးနျန်သည် ၎င်းတို့အား လုံးဝ မကြည့်ဘဲ သူ၏ ပုံမှန် အမူအရာဖြင့် သင်တန်းသားများအား လိုက်လံအားပေးနေသည်။

"လာမယ့် သုံးရက်တာအတွက် မင်းတို့ရဲ့ ယာယီအဆင့် ဆရာအဖြစ် ငါ ရှိနေမယ်၊ အဆင့် A ရဲ့ တိုးတက်မှုကို ကြီးကြပ်ဖို့ ငါ တာဝန်ယူမယ်၊ ကျန်တဲ့အချိန်တွေကို လူတိုင်း တန်ဖိုးထားပြီး အကဲဖြတ်ရာမှာ ထူးခြားတဲ့ ရလဒ်တွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ကျိရှိုးနျန်သည် သရုပ်ဆောင်နေစဉ်တွင် သူ၏ ခံစားချက် အများစု အသုံးပြုခဲ့သည်။ ရုပ်ရှင်များတွင် သူ၏ စရိုက်များသည် ထောင်ပေါင်းများစွာ ကွဲပြားသော်လည်း လက်တွေ့ဘဝတွင်မူ သူသည် အေးစက်ပြီး မြင့်မြတ်လေသည်။ သူသည် အခြားသူများမှ သူ့အား ချဥ်းကပ်ရန် ခက်ခဲစေသော သဘာဝကျသည့် ကျက်သရေရှိ၏။

သို့သော် ထိုအရာကပင် သူ့အား အလွန်ဆွဲဆောင်မှု ရှိစေသည်။

သူသည် အေးစက်နေပုံရသော်လည်း သူ၏ မျက်လုံးများမှ အကြည့်သည် နက်ရှိုင်းပြီး ရေအိုင်တစ်ခုကဲ့သို့ မရေမတွက်နိုင်သော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

သူ၏ ထူးခြားသော ရုပ်ရည်သည် သူ၏အလွန်ကောင်းမွန်သော သရုပ်ဆောင်စွမ်းရည်အား ဖြည့်ဆည်းပေးထားသည်။ သူ စတင် ပွဲဦးထွက်ခဲ့သည့် ဆယ်နှစ်တာ ကာလအတွင်း၌ မြင့်မားသော ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု အဆင့်အား ပြသခဲ့သည်။ သူသည် စကားများသူ မဟုတ်သော်လည်း အလွန် စိတ်ချယုံကြည်ရသူ ဖြစ်၏။ ထိုအချက်ကြောင့်ပင် လူတိုင်းနီးပါး ကျိရှိုးနျန်အား နှစ်သက်ကြသည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ စကားများက သူတို့ နားထဲသို့ ကျရောက်သည်နှင့် တစ်ပြိုင်နက် BTT အဖွဲ့ဝင်များသည် စုပေါင်း၍ စတင်အော်ဟစ်ကြလေသည်။

"ကောင်းတယ်ဗျာ၊ ဆရာကျိ၊ ကြိုဆိုပါတယ်!"

"ဟားဟားဟား၊ နျန်ကော၊ လေ့ကျင့်ချိန် ပြီးရင် ကျွန်တော် လက်မှတ်တောင်းလို့ ရမလား"

ကျိရှိုးနျန်သည် ၎င်းတို့အား မည်သို့ အာရုံစိုက်သည်ကို F4 မမြင်ရသော်လည်း ၎င်းတို့သည် နောက်တစ်ကြိမ် မေ့လျော့ပြီး စိတ်မပါ့တပါပင် ပြန်ပြောလိုက်ကြသည်။

လုရွှိသည် ကျိရှိုးနျန်အား စူးစူးစိုက်စိုက် စိုက်ကြည့်နေစဉ်တွင် ကျိရှိုးနျန်လည်း သူ့ဘက်သို့ မတော်တဆ တစ်ချက် ကြည့်လိုက်မိသည်။ လုရွှိသည် ပေါ့ပေါ့ပါးပါးပင် နှုတ်ခမ်းထောင့်များ ကွေးကာ ပြုံးလိုက်သည်။ သူ၏ ရေဓာတ်ပြည့်ဝသော မက်မွန်ပွင့်ရောင် မျက်လုံးများက တောက်ပနေပြီး သူ့အား အပြစ်ကင်းသော၊ အန္တရာယ်ကင်းသော ခွေးကလေး တစ်ကောင်ကဲ့သို့ ထင်ရစေသည်။

ကျိရှိုးနျန် ကိုယ်တိုင်လည်း ဤခွေးကလေးနှင့် အဘယ်ကြောင့် အပြန်အလှန် ဆက်ဆံရမည်ကို မသိသော်လည်း လုရွှိ၏ ဆံပင်အကောက်လေးများသည် နူးညံ့နေပုံရပြီး သူ့အား စိတ်ရင်းကောင်းသော်လည်း စိတ်အားထက်သန်သော ပုံပေါက်စေသည်ဟုသာ ခံစားရသည်။

သူသည် မသိစိတ်ဖြင့် လုရွှိအား ခေါင်းညိတ်ပြလိုက်သည်။ ၎င်းကို အားပေးမှု ပေးလိုက်ခြင်းအဖြစ် သတ်မှတ်နိုင်သည်။ ထို့နောက် သူသည် လက်ခုပ်တီးကာ လူတိုင်းအား ပြောလိုက်၏။

"ကောင်းပြီ၊ အခု လေ့ကျင့်လို့ ရပါပြီ"

ဂီတစတင်ဖွင့်လိုက်သည်။ သူ့အား နှုတ်ဆက်ရန် ရပ်နေကြသော သင်တန်းသားများသည် ချက်ချင်းပင် ၎င်းတို့၏ နေရာများသို့ ပြန်သွားကြသည်။

ကျိရှိုးနျန်သည် အကဆရာ၏ ဘေးတွင် ရပ်ကာ သင်တန်းသားများ လေ့ကျင့်နေသည်ကို တိတ်ဆိတ်စွာ ကြည့်နေသော်လည်း အကဆရာနှင့်အတူ သင်တန်းသားများတွင် ရှိသော သေးငယ်သည့် ပြဿနာများအား ပြောပြလေသည်။

F4 သည် ထောင့်တစ်နေရာတွင် ကပ်ထိုင်ကာ အေးဆေးစွာ အလုပ်လုပ်နေသော ကျိရှိုးနျန်အား ကြည့်ရင်း နက်နဲစွာ စဉ်းစားနေကြသည်။

"ဪ... ဒီ ရုပ်ရှင်မင်းသားက ငါတို့ကို လုံးဝ မမြင်နိုင်တာထင်တယ်"

"မဖြစ်နိုင်တာ၊ သူ မနေ့က ငါတို့ကို မြင်ခဲ့တာ မဟုတ်ဘူးလား"

"ဒါပေမဲ့ သူ့ရဲ့ တုံ့ပြန်မှုကို အခုကြည့်ပါဦး... သူ ကျွန်တော်တို့ကို သတိမထားမိတဲ့အတိုင်းပဲ"

ဟယ့်ရှင်းဟွာသည် ကျိရှိုးနျန်၏ ဤပုံစံမျိုးအား မြင်သောအခါ သူ့ခေါင်းကို မကုတ်၍ မနေနိုင်ဘဲ ကျိရှိုးနျန် ၎င်းတို့အား တကယ် မြင်နိုင်သလား၊ မမြင်နိုင်သလားဆိုသည်ကို တွေးတောမိလေသည်။

ဤသို့ တွေးတောရုံမျှဖြင့် အစီအစဉ် မဟုတ်သောကြောင့် သူ၏ သူငယ်ချင်းများ အဆက်မပြတ် ဆွေးနွေးနေစဉ်တွင် ဟယ့်ရှင်းဟွာသည် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။

"ဒီလို ခန့်မှန်းရုံနဲ့ ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့ သွားမေးကြည့်ရအောင်"

ဟယ့်ရှင်းဟွာ ပြောဆိုရင်း ကျိရှိုးနျန် ရှေ့သို့ လျှောက်သွားကာ ဦးစွာ သူ၏ လက်အား သူ့မျက်လုံးရှေ့တွင် ဝှေ့ယမ်းပြီး မေးလိုက်သည်။

"နျန်ကော"

"စုန့်ကျယ်ရဲ့ အခြေခံက မဆိုးဘူးလို့ ငါထင်တယ်၊ ဟန်ထျန်းယွီကတော့ ဒီနေရာမှာ ပြဿနာအချို့ ရှိပုံရတယ်..."

ကျိရှိုးနျန်သည် သူ့အား လုံးဝ လျစ်လျူရှုထားပြီး နည်းပြတစ်ဦးအဖြစ် သူ၏ အခန်းကဏ္ဍအား ကျွမ်းကျင်စွာ လုပ်ဆောင်နေကာ အကဆရာနှင့် သင်တန်းသားများ၏ ပြဿနာများအား ဆွေးနွေးနေသည်။

ဟယ့်ရှင်းဟွာသည် စိတ်ပိုင်းဖြတ်ထားပြီး ကျိရှိုးနျန်၏ အမြင်အာရုံအား ဖုံးကွယ်ရန် ကြိုးစားရင်း သူ၏ရှေ့တွင် လက်ဝှေ့ယမ်းလိုက်သည်။

ဟယ့်ရှင်းဟွာ၏ မျက်လုံးများသည် ကျိရှိုးနျန်၏ မျက်နှာပေါ်တွင် အလွန်နီးကပ်နေသော်လည်း ကျိရှိုးနျန်၏ အမူအရာသည် ပုံမှန်ပင် ဖြစ်နေ၏။ သူသည် မျက်တောင်ပင် မခတ်ပေ။

ဟယ့်ရှင်းဟွာသည် သူ၏ ဦးခေါင်းအား လှည့်ကာ ပခုံးတွန့်လိုက်သည်။

"အဲလေ... သူ တကယ်ပဲ ကျွန်တော့်ကို မမြင်ရဘူး"

ထောင်ယင်းပေါ် လည်း ထပ်ဖြည့်ပြောလိုက်သည်။

"ပုံမှန်လူတွေက ဝိညာဉ်တွေကို မမြင်နိုင်ဘူးလေ၊ မနေ့ညက မတော်တဆ ဖြစ်တာပဲ ဖြစ်လိမ့်မယ်၊ ကောင်းပြီ ကောင်းပြီ... မင်းတို့ အကလေ့ကျင့်ဖို့ လာတယ်လို့ မပြောခဲ့ဘူးလား၊ ဒီလို ငေးငိုင်ပြီး ရပ်မနေဘဲ အမြန်သွားပြီး သူတို့နဲ့အတူ လိုက်လေ့ကျင့်ကြ"

F4 သည် မူလက အဆိုရော အကပါ ပါဝင်သည့် Boy Group တစ်ခုဖြစ်သောကြောင့် ၎င်းတို့အတွက် ၎င်းတို့၏ အရည်အချင်းများသည် သင့်တင့်ပေသည်။

၎င်းတို့သည် သုံးနှစ်ကြာ အက မကခဲ့ရသော်လည်း ၎င်းတို့၏ အခြေခံများသည် ရှိနေဆဲဖြစ်၏။ သင်တန်းသားများ ကခုန်နေသည်ကို အကြိမ်အနည်းငယ် ကြည့်ရုံဖြင့် ၎င်းတို့သည် ထိုအကအား သင်ယူပြီးသား ဖြစ်သည်။

"ပန်းတိုင်က အရမ်းတောက်ပတယ်၊ မင်းက ငါ့ရဲ့ ပထမဆုံး အိပ်မက်ပဲ..."

ဟယ့်ရှင်းဟွာသည် ဤမျှ ပျော်ရွှင်ခဲ့သည်မှာ အလွန်ကြာပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် ဂီတနှင့်အတူ လိုက်ပါလှုပ်ရှား ကခုန်နေသည်မှာ ခံစားချက် အပြည့်ဖြင့် ဖြစ်၏။ သူသည် ရှင်သန်ခြင်း သို့မဟုတ် သေဆုံးခြင်းအား မတွေးတော့ဘဲ သူ၏ အိပ်မက်များကို လိုက်စားခဲ့သည့် အချိန်ကကဲ့သို့ ဖြစ်သည်။

သူသည် လုရွှိ၏ ဘေးတွင် ရပ်နေပြီး သူ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။ သူ ဆက်လက် ကခုန်နေနိုင်လျှင် ကောင်းလိမ့်မည်ဟု ခံစားရ၏။

လုရွှိ ပထမဆုံးအကြိမ် ဟယ့်ရှင်းဟွာနှင့် အခြားသူများသည် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း ကြားရသောအခါ ၎င်းတို့ သုံးဦးတွင် ထိုမျှ အားကောင်းသော အရည်အချင်းများ ရှိလိမ့်မည်ဟု သူ လုံးဝ မတွေးခဲ့ဖူးပေ။

BTT ၏ ဓားကဲ့သို့ စည်းချက်ကျသော အကဖွဲ့စည်းမှု သည် ပွဲဦးထွက်အဆင့်နှင့် နီးစပ်သည်ဟု ပြောလျှင်ပင် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ သို့သော် ဟယ့်ရှင်းဟွာနှင့် အခြားသူများနှင့် နှိုင်းယှဥ်သောအခါ ၎င်းတို့၏ အက မည်မျှ ပြည့်စုံသနည်း သို့မဟုတ် ၎င်းတို့၏ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှု မည်မျှ ကောင်းသနည်း ဆိုသည်ကို ကြည့်လျှင် BTT သည် လိုအပ်ချက်များ ရှိနေသေးသည်။

ဟယ့်ရှင်းဟွာသည် ကခုန်နေစဉ် ပျော်ရွှင်ရုံသာမက လုရွှိ၏ ပြဿနာများအား ထောက်ပြပေးရန်လည်း မမေ့ခဲ့ပေ။

သူ သိထားသလောက် လုရွှိသည် ရှိုးပွဲတွင် ပါဝင်ခဲ့သည်မှာ ပွဲဦးထွက်ရန် ရည်ရွယ်ချက် ရှိနေမည်ဖြစ်သည်။ လှည့်လည်နေသော ဝိညာဉ် တစ်ဦးအနေဖြင့် သူ မကူညီနိုင်သော်လည်း အကသည် သူ၏ ကျွမ်းကျင်မှု နယ်ပယ် ဖြစ်သည်။

"ဆရာ၊ ခင်ဗျားရဲ့ ပြင်ဆင်မှုမှာ ဒီနေရာမှာ ပြဿနာနည်းနည်း ရှိတယ်..."

"ဆရာ၊ အဆုံးသတ်မှာ မတူညီတဲ့ ကိုယ်နေဟန်ထားနဲ့ စမ်းကြည့်ချင်လား..."

သူ၏ အဖွဲ့သားများသည် အခြားသင်တန်းသားများနှင့်အတူ အလုပ်ရှုပ်နေစဉ် ဟယ့်ရှင်းဟွာသည် လုရွှိကိုသာ အာရုံစိုက်နေပြီး သူ၏ စိုးရိမ်ပူပန်မှုသည် အကဆရာထက်ပင် ပို၍ကြီးမားနေသည်။

ကျိရှိုးနျန်သည် သူ့ကိုယ်သူ သိပ်မသိသာစေရန် ဆက်လက် ပြောဆိုနေသော်လည်း သူသည် လုရွှိရှိရာ အရပ်ဆီသို့ အဆက်မပြတ် မကြည့်ဘဲ မနေနိုင်ပေ။

ရိုးရိုးသားသား ပြောရလျှင် လုရွှိသည် ရုပ်ရည်ကောင်းမွန်ပြီး သူ၏ အကလှုပ်ရှားမှုများလည်း လှပသည်။ သူ့ကို ကြည့်ရုံဖြင့် မျက်စိပသာဒ ရှိလှ၏။

သို့သော် ဤကောင်လေးသည် လူသားမဟုတ်သော အရာများ ဝန်းရံခြင်း ခံနေရသောကြောင့် ၎င်းသည် လုံးဝ ကွဲပြားခြားနားသော ကိစ္စတစ်ခု ဖြစ်သည်။

မနေ့ညက အိပ်ရာဝင်ခါနီးတွင် ကျိရှိုးနျန်သည် သူ့ကိုယ်သူ မကြား၊ မမြင်၊ မတွေးရန်ပင် ပြောထားသော်လည်း မနက်တွင် အိပ်ရာမှ ထသောအခါ လုရွှိ ဘေးကင်းကြောင်း သေချာစေရန်အတွက် အဆင့် A အတန်းအား ရွေးချယ်ခြင်းမှ သူ့ကိုယ်သူ မတားဆီးနိုင်ခဲ့ပေ။

သူ မည်သို့ပင် ကြည့်ပါစေ မနေ့က ဝိညာဉ်လေးဦး သည် လုရွှိနောက်သို့ လိုက်နေပုံရသည်။ ယနေ့ ထပ်မံကြည့်သောအခါ မျှော်လင့်ထားသည့်အတိုင်း ဤသည်မှာ အမှန်ဖြစ်ပုံရ၏။

ကျိရှိုးနျန်သည် အတော်အတန် အလှမ်းဝေးသော နေရာတွင် ရှိနေသောကြောင့် ဟယ့်ရှင်းဟွာမှ လုရွှိအား မည်သည်များအား ပြောနေသည်ကို သူ မကြားနိုင်ပေ။

သူ့အမြင်တွင် လုရွှိသည် ဝိညာဉ်များနှင့် ရစ်ပတ်နေသည်။ ဤဝိညာဉ်လေးဦးသည် ဆိုးယုတ်သော ရည်ရွယ်ချက်များ မရှိပုံရသော်လည်း နောက်ပိုင်းတွင် အဘယ်သို့ဖြစ်မည်ကို မည်သူမျှ အာမခံနိုင်မည်မဟုတ်ပေ။

ကျိရှိုးနျန် ဤသို့ တွေးမိသောအခါ သူသည် မသိစိတ်ဖြင့် မျက်မှောင်ကြုတ်မိ၏။

လက်ရှိတွင် ၎င်းသည် လက်တွေ့ ပေလား သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်နေခြင်းပေလားဆိုသည်ကို သူ မသေချာသေးသောကြောင့် ယခုအချိန်တွင် တစ်ဆင့်ပြီးတစ်ဆင့်သာ ဆောင်ရွက်နိုင်သည်။

တစ်စုံတစ်ဦးသည် အရာတစ်ခုအား အာရုံစိုက်မိသောအခါ အချိန်သည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။

မျက်တောင်တစ်ခတ်အတွင်းပင် သုံးရက် ကုန်ဆုံးသွားခဲ့၏။

"မလုပ်နိုင်တော့ဘူး၊ ငါ တကယ် ပင်ပန်းနေပြီ"

ချိုင်စစ်ယွမ်သည် သူ၏ ချွေးများအား ပုဝါဖြင့် သုတ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည်။ တစ်လက်မပင် လှုပ်ချင်စိတ် မရှိတော့ပေ။

ကျန်သူများသည် သူ့ထက် အနည်းငယ် ပိုကောင်းသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်များသည်လည်း နာကျင်ကိုက်ခဲနေသည်။

အကလေ့ကျင့်ရေးခန်း တစ်ခုလုံးတွင် ချွင်းချက်အနေဖြင့် တစ်ဦးသာ ရှိ၏။ သူသည် သုံးရက်တာ အဆက်မပြတ် ကခုန်ပြီးနောက်တွင်ပင် အားအင်ပြည့်ဝပြီး လန်းဆန်းနေသည်။ ၎င်းတို့သည် လေ့ကျင့်ရေးခန်းထဲတွင် အတူတကွ မရှိခဲ့ပါက ချိုင်စစ်ယွမ်မှာ လုရွှိသည် အားထုတ်မှု လုံးဝမရှိခဲ့ဟုပင် ထင်မိပေလိမ့်မည်။

"သုံးရက်လုံးလုံး ကပြီးတာတောင် မပင်ပန်းသေးဘူး၊ ရွှိကော... ခင်ဗျား တကယ်ပဲ လူသား ဟုတ်ရဲ့လား"

ချိုင်စစ်ယွမ် စနောက်၍သာ ပြောလိုက်သော်လည်း လုရွှိသည် ခေါင်းလှည့်ကာ မျက်မှောင်ကြုတ်ပြီး အလေးအနက် ပြန်ဖြေသည်။

"ငါ လူသား မဟုတ်ဘူး၊ ငါက နတ်ဘုရား"

"ဟားဟားဟား၊ ခင်ဗျားရဲ့ ခံနိုင်ရည်နဲ့ဆိုရင် တကယ်ကို နတ်ဘုရားပါပဲ"

မည်သူမျှ လုရွှိ၏ စကားများအား အလေးအနက် မထားကြဘဲ ၁၈ နှစ်သား လူငယ်တစ်ဦး၏ ကလေးဆန်သော စိတ်ဓာတ်ဟုသာ ထင်ကြသည်။

ကျိရှိုးနျန်သည်လည်း ထိုနည်းအတိုင်းပင် တွေးပြီး ထိုစကားများ ကြားရသောအခါ လုရွှိသည် ငယ်သေးသည်ဟု ယူဆလိုက်သည်။ သူ၏ ဦးနှောက်သည် သူ့ဘေးမှ ဝိညာဉ်လေးဦးကို မြင်သောအခါ သားကောင်အား ချောင်းနေသော ကျား၏ ပုံရိပ်များဖြင့် ပြည့်နှက်သွားပြီး သူ့အတွက် စိုးရိမ်ပူပန်မှုအား မခံစားဘဲ မနေနိုင်ပေ။

လွန်ခဲ့သော သုံးရက်တာအတွင်း ကျိရှိုးနျန်သည် မည်သည်မှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ခဲ့ပြီး လုရွှိနှင့် စကားစပြောခြင်းကိုလည်း မပြုလုပ်ခဲ့ပေ။

သို့သော် လူသားတစ်ဦး၏ အကြည့်တွင် တည်ရှိမှုတစ်ခု ရှိနေပြီး ထိုအကြည့်များမှ နွေးထွေးမှု အားခံစားနိုင်သည်။

တစ်စုံတစ်ဦးသည် အခြားသူတစ်ဦးအား စိုက်ကြည့်နေပါက ထိုသူသည် တစ်ခုခု သေချာပေါက် သတိထားမိလိမ့်မည်။

ကျိရှိုးနျန်သည် သူ ကောင်းကောင်း လျှို့ဝှက်ထားနိုင်သည်ဟု ထင်ခဲ့သော်လည်း လုရွှိ၏ ကိုယ်ပိုင်အချက်အလက်အား ထည့်သွင်းစဉ်းစားသောအခါ တစ်ဖက်လူသည် သူ့အား အမြဲတမ်း စိုက်ကြည့်နေသည်ကို သူ မည်သို့ သတိမထားမိဘဲ နေနိုင်မည်မဟုတ်ပေ။

သူ့ဘေးမှ F4 အားတစ်ချက် ကြည့်လိုက်သောအခါ လုရွှိသည် ကျိရှိုးနျန်မှာ ၎င်းတို့အား ကြည့်နေကြောင်း တွေးစရာပင် မလိုတော့ပေ။

သို့သော် သူ့အကြည့်၏ အကြောင်းရင်း မည်သို့ပင်ဖြစ်စေ ကျိရှိုးနျန်သည် သိချင်စိတ်ပြင်းပြနေသရွေ့ သူ သဘာဝအတိုင်း ကိုယ့်ဘာသာ အရှေ့သို့ ရောက်လာလိမ့်မည်ဖြစ်သည်။

လုရွှိ ဤသို့ တွေးနေစဉ် သူ၏ နှုတ်ခမ်းထောင့်များသည် ဆွဲဆောင်မှုရှိသော ထောင့်ချိုးအဖြင့် ကွေးညွှတ်သွားသည်။ သူသည် ကုလားထိုင်ပေါ်မှ သူ၏ အဝတ်အစားများ ကောက်ယူရန် ကိုင်းညွှန့်လိုက်ပြီး အကလေ့ကျင့်ရေးခန်းထဲမှ အခြားသူများ၊ ဆရာ ကျိရှိုးနျန် အပါအဝင် လူများအား နှုတ်ဆက်ရင်း သူ၏ မျက်လုံးထဲမှ စိတ်ဝင်စားမှုအား ဝှက်ထားလိုက်သည်။

F4 အဖွဲ့ဝင်များသည် ဤအရာအား မြင်သောအခါ လေညှင်းတစ်ခုကဲ့သို့ လုရွှိ နောက်မှ လိုက်လာကြလေသည်။

လုရွှိ တစ်ယောက်တည်း ထွက်သွားသည်ကို မြင်သောအခါ ကျိရှိုးနျန်သည် အနည်းငယ် စိုးရိမ်ပူပန်မှုအား မထိန်းနိုင်တော့ပေ။ သူသည် သူ၏ ဖုန်းအား သိမ်းလိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သို့သော် အခြားသူများကို ညွှန်ကြားရန်လည်း မမေ့ခဲ့ပေ။

"မနက်ဖြန်ရောက်ရင် ဒုတိယအကြိမ် အကဲဖြတ်ခြင်း စလိမ့်မယ်... လူတိုင်း အရမ်းနောက်ကျတဲ့အထိ မလေ့ကျင့်ကြပါနဲ့... မင်းတို့ရဲ့ ခွန်အားတွေကို ချွေတာပြီး စောစော အနားယူကြ"

ဤသို့ပြောပြီးနောက် ကျိရှိုးနျန်သည် အလျင်အမြန် ထွက်သွားသော်လည်း လုရွှိသည် ရှည်လျားသော စင်္ကြံမှ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။

အနားတွင် စကပ်အတွန့်လေး ဝတ်ဆင်ထားသော မိန်းကလေးငယ်တစ်ဦးသာ ရှိနေလေသည်။

~~~