Chapter - 34 : မင်းတို့ အခုလေးတင် အဲတာကို ကြားလိုက်တယ် မဟုတ်လား ( 2 )
"ဝါး... ကျွန်တော့်ကို အားပေးဖို့အတွက်ပဲ လာတာလား"
လုရွှိသည် သူ၏ အောက်နှုတ်ခမ်းအား ညင်သာစွာ ကိုက်လိုက်ပြီး သူ၏ မျက်ခုံးများ မြှင့်တင်ကာ ပြုံးလိုက်သည်။
"နျန်ကော၊ ခင်ဗျားက တကယ်ကို ကောင်းတဲ့လူပဲ"
ကျိရှိုးနျန်သည် ရုတ်တရက် 'ကောင်းသောသူ' ကတ် ပေးခံလိုက်ရသောကြောင့် မည်သို့ပြောရမှန်း မသိတော့ပေ။
သူသည် အခြားသူများနှင့် စကားပြောဆိုမှု မကြာခဏ ပြုလုပ်သူ မဟုတ်ပေ။ ခဏတာ တိတ်ဆိတ်ပြီးနောက် သူသည် မမေးဘဲ မနေနိုင်ဘဲ မေးလိုက်သည်။
"လုရွှိ၊ မင်း ဒီကမ္ဘာမှာ သရဲတွေ ရှိတယ်လို့ ထင်လား"
"သရဲတွေ..."
လုရွှိသည် မသိစိတ်ဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် အနည်းငယ် ကိုင်းညွှတ်လိုက်ပြီး ကျိရှိုးနျန်၏ မျက်လုံးများအား တည့်တည့် စိုက်ကြည့်သည်။
"အမှန်တိုင်း ပြောရရင် နျန်ကောရဲ့ နောက်မှာ တစ်ယောက် ရှိနေတယ်"
ကျိရှိုးနျန်သည် လွန်ခဲ့သည့် ခဏလေးကမှ ကြိုးဆွဲချသေဆုံးထားသော ဝိညာဉ်အား ချက်ချင်း သတိရလိုက်သည်။ သူ၏ ကျောရိုး တစ်ခုလုံး ထုံကျဉ်သွား၏၊ လုရွှိ၏ စကားများပြီးနောက် ၎င်းတို့ ပတ်လည်ရှိ အပူချိန် အတော်လေး ကျဆင်းသွားသည် ဟု သူ ခံစားရသည်။
"ဟားဟားဟား၊ နျန်ကောကို စတာပါ"
ကျိရှိုးနျန်၏ မျက်နှာ ဖြူဖျော့သွားသည်ကို မြင်သောအခါ လုရွှိ သည် ရုတ်တရက် လက်ခုပ်တီးကာ ရယ်မောရင်း ပြောလိုက်သည်။
"ကောက ဒီအရာတွေကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အရေးမကြီးပါဘူး"
သူ၏ လျစ်လျူရှုသော သဘောထား အားရင်ဆိုင်ရသောအခါ ကျိရှိုးနျန်သည် သူ၏ ဦးခေါင်းအား ညင်သာစွာ မလှုပ်ယမ်းဘဲ မနေနိုင်သော်လည်း သူ၏ စိတ်ခံစားချက်သည် ပို၍ လျော့ရဲလာသည်။
"ဒါဆို မင်း သရဲတွေကို မကြောက်ဘူးပေါ့"
"ခင်ဗျား အပြစ်မရှိရင် သရဲတွေ တံခါးလာခေါက်တာကို မကြောက်သင့်ဘူးဆိုတဲ့ စကားပုံကောင်းတစ်ခု ရှိတယ်"
လုရွှိသည် သူ့နောက်မှ စားပွဲပေါ်တွင် ထိုင်လိုက်ပြီး စနောက်ခြင်း တစ်ဝက်၊ အလေးအနက်ထားခြင်း တစ်ဝက်ဖြင့် ပြောလိုက်လေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် သရဲတွေက ကျွန်တော့်ကို အမြဲတမ်း ကြောက်ကြတာ... ကျွန်တော်က သရဲတွေကို ကြောက်စရာ အကြောင်းမရှိဘူး"
မသိနားမလည်ခြင်းသည် ပျော်ရွှင်ခြင်းဖြစ်၏။
လုရွှိ၏ မကြောက်တတ်သော လူငယ်ဆန်သော သဘောထားအား မြင်သောအခါ ကျိရှိုးနျန်သည် ရုတ်တရက် အနည်းငယ် အားကျမိသွားသည်။
ဤကဲ့သို့သော လုရွှိသည် နေမင်းငယ် တစ်ဦးနှင့်တူပြီး သူသည် တောက်ပသော အလင်းရောင်ဖြင့် ဝန်းရံထားသည့်အလား ဖြစ်၏။ ကျိရှိုးနျန်ပင်လျှင် ဝိညာဉ်မြင်ရခြင်းသည် ကြီးမားသော ကိစ္စမဟုတ်ဟု စတင် တွေးလာသည်။
"မင်း ပြောတာ မှန်တယ်၊ မင်း အပြစ်မရှိရင် ဝိညာဉ်တွေ တံခါးလာခေါက်တာကို မကြောက်သင့်ဘူး၊ စောစော အနားယူပြီး မနက်ဖြန်အတွက် အောင်မြင်ပါစေကွာ... ငါ အရင်ပြန်တော့မယ်"
"ကောင်းပါပြီ"
လုရွှိ ထရပ်ပြီး သူ့အား လိုက်ပို့လိုက်သည်။ ၎င်းတို့ တံခါးဖွင့်လိုက်သည့် ချက်ချင်းပင် အဆောင်သို့ ပြန်လာနေသော အခြား သင်တန်းသား သုံးဦးနှင့် ဆုံမိကြသည်။
"ဆရာကျိ"
စုန့်ကျယ်နှင့် အခြားသူများသည် ကျိရှိုးနျန်ကို ကြည့်လိုက်ပြီးနောက် လုရွှိအား ပြန်ကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤနာမည်ကြီး နည်းပြသည် ၎င်းတို့၏ အဆောင်ခန်းထဲတွင် ပေါ်လာလိမ့်မည်ဟု ၎င်းတို့ မထင်ခဲ့ကြပေ။
ကျိရှိုးနျန်သည် ၎င်းတို့နှင့် တိုက်မိလုနီးနီး ဖြစ်သွားသော်လည်း သူသည် ၎င်းတို့၏ အဆောင်ခန်းထဲတွင် ပေါ်လာခြင်းအား မည်သည့် မှားယွင်းမှုမှ မရှိဟု မထင်ခဲ့ပေ။ သူသည် အေးဆေးတည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာညနေခင်းပါ"
ရွှီဟောက်မင်သည် ကျိရှိုးနျန် ထွက်ခွာသွားသည်ကို ကြည့်နေရင်း လုရွှိမှာ ကျိရှိုးနျန်နှင့် မည်သည့်အချိန်က ဤမျှ ရင်းနှီးသွားသည်ကို အံ့ဩမိနေ၏။
သူ တစ်ဦးတည်း စိတ်ဝင်စားသည် မဟုတ်ပေ။ ဟန်ထျန်းယွီမှာ ပို၍ ရဲရင့်ပြီး လုရွှိ၏ ပခုံးအား ပုတ်ရန် သွားကာ မမေးဘဲ မနေနိုင်တော့ပေ။
"ရွှိကော၊ ဆရာကျိက ဘာလို့ လာတာလဲ"
လုရွှိသည် သူ၏ ဦးခေါင်းအား ဘေးသို့ စောင်းကာ ပြုံးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး၊ မနက်ဖြန်အတွက် ငါတို့ကို အားပေးဖို့ လာတာ"
"အာ..."
ဟန်ထျန်းယွီသည် တစ်ခုခု မူမမှန်သယောင် ခံစားလိုက်ရသည်။
"သူ ငါတို့ကို အားပေးဖို့အတွက်ပဲ ငါတို့ အဆောင်ကို လာတာလား"
လုရွှိ ပြုံးလိုက်သော်လည်း တခြား ဘာမှ မပြောတော့ပေ။ သူသည် ဤခေါင်းစဉ်အား ဆက်လက် ဆွေးနွေးရန် ရည်ရွယ်ချက် လုံးဝမရှိသည်မှာ ထင်ရှားသည်။
တစ်ဖက်တွင် စုန့်ကျယ်သည် လုရွှိထံသို့ ကြည့်နေစဉ် နက်နဲစွာ စဉ်းစားနေသည်။ ကျိရှိုးနျန်သည် လုရွှိကို သူတို့ကဲ့သို့ အခြားသူများအား ဆက်ဆံပုံနှင့် မတူဘဲ ကွဲပြားစွာ ဆက်ဆံသည်ဟု သူ ခံစားလိုက်ရသည်။
ရွှီဟောက်မင်မှ အချိန်ကိုက် ဝင်ပြောလေသည်။
"ဆရာကျိက ခုနတည်းက လေ့ကျင့်ရေးခန်းထဲမှာ ငါတို့ကို အားပေးနေတာ... ငါထင်တယ် သူ လုရွှိ စောစော ထွက်သွားတာကို မြင်လို့ သူ့ကိုလည်း အားပေးဖို့ လာတာဖြစ်မယ်"
ဟန်ထျန်းယွီ ဤအရာကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။
"အဲလိုတော့ ဖြစ်နိုင်ပါတယ်"
မည်သူမျှ ဤခေါင်းစဉ်အား ဆက်လက် ဆွေးနွေးရန် ရည်ရွယ်ချက် မရှိသည်ကို မြင်သောအခါ စကားဝိုင်းသည် အခြား ခေါင်းစဉ်တစ်ခုသို့ ကူးပြောင်းသွားသည်။
"ဟို... ရွှီလဲ့လဲ့က အဆောက်အအုံမှာ သရဲတွေ ရှိတယ်လို့ အရင်က မပြောခဲ့ဘူးလား၊ အဲဒါ တကယ်ပဲ"
ဝိညာဉ်များအား မတော်တဆ တွေ့ကြုံဖူးသော ရွှီဟောက်မင်သည် သူ၏ ဖုန်းအား ပြုတ်ကျလုနီးနီး ဖြစ်သွားသည်။ သူသည် မသိစိတ်ဖြင့် လုရွှိဘက်သို့ ကိုင်းညွှတ်လိုက်၏။
"အာ... မင်း ဘာလို့ ရုတ်တရက် အဲလို ပြောတာလဲ၊ တစ်ယောက်ယောက်နဲ့ တွေ့ခဲ့လို့လား"
လုရွှိသည် သူ၏ နှုတ်ခမ်းများ ကွေးညွှတ်ကာ မေးလိုက်သည်။
အခန်းထဲရှိ လူတိုင်းထဲတွင် သူသည် ဤခေါင်းစဉ်အား အစိတ်ဝင်စားဆုံး ဖြစ်ပုံရသည်။
"မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ၊ ငါ့ရဲ့ 'ယန်' စွမ်းအင်က ဒီလောက် အားကောင်းတာ ဘယ်လိုလုပ် ဝိညာဉ်နဲ့ တွေ့နိုင်မှာလဲ"
"တော်ပြီ၊ ညဘက်မှာ ဒီအကြောင်း မဆွေးနွေးကြနဲ့တော့"
အဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် စုန့်ကျယ်သည် ဟန်ထျန်းယွီ၏ ပုံပြင်ပြောချိန်အား ဖြတ်တောက်လိုက်သည်။
"မင်းတို့ ပုံပြင်တွေ တွေးနေမယ့် အချိန်ရှိရင် မနက်ဖြန် ဒုတိယ အကဲဖြတ်ခြင်းမှာ ရမှတ်ကောင်းကောင်း ဘယ်လို ရနိုင်မလဲဆိုတာကို တွေးဖို့ အဲဒီအားထုတ်မှုကို ဘာလို့ မသုံးတာလဲ"
ယှဥ်ပြိုင်ခြင်းအား ဖော်ပြလိုက်ခြင်းသာ ၎င်းတို့၏ အာရုံအား ပြန်လည် ဆွဲဆောင်လိုက်သည်။ ပြိုင်ပွဲဝင်များအတွက် ပြိုင်ပွဲသည် အရေးကြီးဆုံး အပိုင်း ဖြစ်၏။
၎င်းတို့ လေးဦးသည် လျင်မြန်စွာ ရေချိုးပြီး အိပ်ယာဝင်သွားကြသည်။ ညသည် ထူးထူးခြားခြား မရှိဘဲ ကုန်ဆုံးသွား၏။
စုန့်ကျယ်နှင့် အခြားသူများသည် နောက်တစ်နေ့ မနက် ၅ နာရီမတိုင်မီ အိပ်ယာထပြီး အဝတ်အစား လဲလှယ်ကြသည်။ လေ့ကျင့်ရေးခန်းထဲတွင် အကအား နောက်ထပ် အကြိမ်အနည်းငယ် လေ့ကျင့်ရန် ပြင်ဆင်ကြ၏။
လုရွှိသည် အဆောင်ထဲ၌ တစ်ယောက်တည်း လုပ်စရာ မည်သည်မှ မရှိသောကြောင့် သူတို့နှင့်အတူ လိုက်သွားလေသည်။
နေပင် မထွက်သေးပေ။
စင်္ကြံ၏ ပြတင်းပေါက်ပြင်ပရှိ ကောင်းကင်မှာ မှောင်မဲနေဆဲဖြစ်သည်။
"ငါတို့က အစောဆုံး ရောက်တဲ့သူတွေ ဖြစ်မယ်"
ရွှီဟောက်မင်သည် သူ၏ ဇွဲလုံ့လ စိတ်ဓာတ်ဖြင့် ရှေ့သို့ တွန်းပို့ခံရပြီး လှေကားပေါ်သို့ တက်ရင်း သမ်းဝေလိုက်သည်။
၎င်းတို့သည် တတိယထပ်သို့ ရောက်ရှိပြီးသည့် ချက်ချင်းပင် စင်္ကြံသည် သီချင်းသံများ ဖြင့် ပဲ့တင်ထပ်နေသည်ကို ကြားလိုက်ရသည်။ ၎င်းတို့သည် ဂီတနောက်သို့ လိုက်၍ ဆက်လက် ရှေ့သို့ တိုးသွားရာ ထိုဂီတသည် ၎င်းတို့၏ ကိုယ်ပိုင် လေ့ကျင့်ရေးခန်းမှ လာနေကြောင်း သိလိုက်ရ၏။
"မဖြစ်နိုင်တာ၊ ငါတို့ထက် ပိုစောစော ရောက်တဲ့သူ ရှိသေးတာလား... ဘယ်သူက သူတို့ရဲ့ ကိုယ်ပိုင် လေ့ကျင့်ရေးခန်းကို ထားခဲ့ပြီး ငါတို့ဆီ လာခိုးနားထောင်နေလဲဆိုတာ ငါ ကြည့်ရမယ်"
ဟန်ထျန်းယွီ တံခါးအား တွန်းဖွင့်လိုက်သည့် ချက်ချင်းပင် ဂီတသည် ရုတ်တရက် ရပ်တန့်သွားသည်။ လေ့ကျင့်ရေးခန်းသည် လုံးဝ ဗလာ ဖြစ်နေသည်။
လူများရှိနေသည့် လက္ခဏာပင် မတွေ့ရပေ။
သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ၏ အဖွဲ့သားများထံ နောက်သို့ ပြန်ကြည့်လိုက်ပြီး အလွန်သေးငယ်၍ အားနည်းသော လေသံဖြင့် မေးလိုက်သည်။
"ဖော့ခ်... မင်းတို့ အခုလေးတင် အဲတာကိုကြားလိုက်တယ် မဟုတ်လား"
~~~