Chapter - 1
Viewers 314

ကောင်းကျိုးမပေးသော သမီးပျို


အပိုင်း(၁)


အဆုတ်ကွဲမတတ်နာကျင်မှုနဲ့အတွင်းစိတ်ထိနာကျင်ခံစားရမှုတို့က ရှန်ယန်ရှောင်အား အမှောင်တိုက်အတွင်းသို့ ဆွဲခေါ်သွားလေသည်။မနည်းအားယူကာ နာကျင်နေသောမျက်လုံးအစုံအား ဖွင့်လိုက်ရာ အလင်းရောင်နှင့်အတူ နားထဲသို့ စူးရှစွာ ဝင်ရောက်လာသံတို့က သူမကို ကြိုဆိုနေလေသည်။


"ကိုယ့်အစွမ်းအစမရှိဘဲနဲ့တော့ သူများကို အပြစ်မတင်သင့်ဘူး။ဒီတစ်ကြိမ်တော့ ကောင်မလေးကံကောင်းသွားလို့ ကယ်လိုက်နိုင်တယ်ဆိုပေမယ့် နောက်တစ်ကြိမ်မှာ ဒီလိုကံကောင်းဖို့မဖြစ်နိုင်တော့ဘူး"


"အမှိုက်အနေနဲ့ ကိုယ့်ကိုကိုယ် အမှိုက်ဆိုတာကို နားလည်ထားဖို့တော့လိုတယ်။ဒီကိစ္စက ငါတို့မိသားစုတစ်စုလုံးရဲ့နာမည်ကို မြောင်းထဲပစ်လိုက်သလိုပဲဖြစ်နေတာတောင်ဒီအမှိုက်မက ကန်းတိကန်းတန်းလုပ်နေတုန်းပဲ"


ကျားတစ်ယောက် မတစ်ယောက် ပြောနေတဲ့ စကားသံတွေက ရှန်ယန်ရှောင်ရဲ့ သောတအာရုံတစ်ခုလုံးအား စိုးမိုးထားလေသည်။


သူမကို အမှိုက်လို့ ဆဲဆိုပြောရဲတဲ့ ငမိုက်သားနှစ်ယောက်က ဘယ်သူတွေဖြစ်မလဲ။အသက်မရှင်ချင်လောက်အောင် မိုက်မဲလွန်းတဲ့နှစ်ယောက်က ဘယ်အချိန်ကများ အဖွဲ့ကနေထွက်ပေါ်လာရတာလဲ။


သူမတစ်ကိုယ်လုံးက နာကျင်မှုတွေကို မခံစားနိုင်တော့အတွက် ရှန်ယန်ရှောင်တစ်ယောက် မျက်လုံးတစ်စုံကိုအသုံးပြုကာ အသံရှင်အားလှမ်းကြည့်လိုက်လေသည်။


အသက် ၁၄နှစ်၁၅နှစ်ခန့် ရှိသော ချာတိတ်တစ်ကောင်နဲ့ချာတိတ်မတို့အား လက်ပိုက်ကာ ကုတင်ဘေးတွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။သူတို့နှစ်ယောက်ဟာ အလွန်ကြည့်ကောင်းလှပေသည်။သူတို့ဝတ်စားဆင်ယုံပုံကို ဖယ်ထုတ်လိုက်ပါက နှစ်ယောက်လုံးမှာ တစ်ပုံစံတည်းဖြစ်သည်။


ကုတင်ပေါ်တွင် လှဲလျောင်းနေသူ သတိရလာကြောင်းကို တွေ့လိုက်ရသော်လည်း သူတို့အနေနဲ့ စိုးရိမ်စိတ်ဖြစ်ပေါ်မလာရုံသာမက သရော်တော်တော်မျက်နှာပေးများပင် ပြလိုက်ကြသေးသည်။ထို့နောက်မှာလည်း အမှိုက်တစ်စကို ကြည့်နေပုံမျိုးဖြင့် သူမအား စိုက်ကြည့်နေကြပြန်သည်။


"ဟေး ငါတို့ ဇာမဏီငှက် မိသားစုရဲ့ အမှိုက်သခင်မလေး သတိရလာပြီပဲ။ဒီလောက်ပြင်းထန်တဲ့ ဒါဏ်ရာတွေရတာတောင် မသေဘူးဆိုတော့ ဘိုးဘေးတွေက မင်းအပေါ်ကောင်းချီးပေးလိုက်တာပဲဟေ့"


လှပတဲ့ချာတိတ်မလေးဟာ သူမရဲ့ မနှစ်မြို့တဲ့အသံကို ဖုံးဖိမထားဘဲ ကုတင်ပေါ်က ရှန်ယန်ရှောင်ကို စက်ဆုပ်စွာကြည့်ကာ ပြောလိုက်တယ်။


ဆွဲဆောင်မှုရှိတဲ့ ချာတိတ်ကကလည်း နှာခေါင်းရှုံ့ရင်းနဲ့ ရှန်ယန်ရှောင်ရဲ့ ဖြူလျော်နေတဲ့မျက်နှာကိုကြည့်လိုက်ရင်းနဲ့"ငတုံးမ နောက်ပြီးကျရင် ဘဘမေးလာတဲ့အခါ ဘယ်လိုဖြေရမလဲဆိုတာ သိထားသင့်တယ်နော်။လျှောက်ပြောလို့ကတော့ မင်းရဲ့တစ်ဘဝလုံးကို ကုတင်ပေါ်မှာပဲ ရှင်သန်သွားရမယ်လို့ ငါပြောရဲတယ်"


ကုတင်ပေါ်ထိုင်နေတဲ့လူအဖို့ကတော့ အဲ့ဒီ စက်ဆုပ်မှု၊ခြိမ်းခြောက်မှု၊သရော်မှုတွေနဲ့ ပေါ်တင်ကြီးကို မကောင်းပြောနေတာတွေကို ဘယ်လိုမှ ဒေါသမထွက်ဘူးဖြစ်နေလေသည်။


ရှန်ယန်ရှောင်အနေနဲ့ ဒီငမိုက်သားနှစ်ကောင်ပြောနေတာတွေကို အာရုံမရဘဲ သူမနဲ့စိမ်းနေပေမယ့် ရင်းနှီးသလိုဖြစ်နေသော ပုံရိပ်တွေဟာ သူမစိတ်ထဲမှာ တစ်ကွက်ပြီးတစ်ကွက် ပေါ်လာနေပါတယ်။သူမနဲ့ လုံးဝမပတ်သတ်တဲ့ အဲ့ဒီ မှတ်ဉာဏ်တွေဟာ လှိုင်းများလိုဆက်တိုက်ဖြစ်ပေါ်နေပါတယ်။အန်ချင်စိတ်ဖြစ်ပေါ်လာမှုကိုသာ တောင့်မခံထားတော့ရင် သူမအနေနဲ့ ကုတင်ပေါ်မှာ နောက်တစ်ကြိမ် ပြန်လှဲလိုက်မိတော့မှာပါ။


တစ်ခြားတစ်ယောက်ရဲ့ ပူတူးတူးလေးဘဝမှ ဆယ့်သုံးနှစ်အရွယ်ကောင်မလေးဖြစ်သည်အထိ ကြီးပြင်းလာတဲ့ မှတ်ဉာဏ်တွေဟာ တစ်ကွက်ပြီးတစ်ကွက် သူမစိတ်ထဲမှာမြင်နေရတာကြောင့် သူမနဲ့ မရင်းနှီးသော ကမ္ဘာတစ်ခုအကြောင်းကို ရှန်ယန်ရှောင် သိလိုက်ရပါတယ်။


ဒီကမ္ဘာဟာ ခေတ်သစ်ကမ္ဘာနဲ့လုံး၀ မသက်ဆိုင်ဘဲ အရှေ့ခြမ်းရော အနောက်ခြမ်းပါ ဆန်းကြယ်သော အတွင်းအားအပြင် ထူးခြားသော မှော်ပညာရပ်တို့ တည်ရှိသော ရှေးဟောင်းလူ့အသိုင်းအဝိုင်းတို့နေထိုင်ရာ ကမ္ဘာတစ်ခုဖြစ်ပါတယ်။ပုံပြင်တွေထဲမှာသာရှိတဲ့ ကြီးမားသောနဂါးကြီးတွေကဲ့သိုသော အထူးအဆန်းကောင်တွေတည်ရှိသော ထူးဆန်းကမ္ဘာ တစ်ခုဖြစ်နေပါတော့တယ်။


၂၄ရာစုရဲ့ စောရဘုရင်မတစ်ယောက်အနေနဲ့ ယခုလို သေလွန်ပြီးတဲ့အခါ တခြားကမ္ဘာရဲ့ ချာတိတ်မတစ်ယောက်ကိုယ်ထဲကို ရောက်ရှိလာမယ်လို့ မယုံရဲတာတော့အမှန်။


ငိုရခက်ရယ်ရခက်ဖြစ်စေပြန်တာက ဒီကောင်မလေးနဲ့သူမနဲ့ဟာ နာမည်တူနေတဲ့အဖြစ်ကိုပါပဲ။


သူမ အခုရောက်နေတဲ့နေရာကတော့ ကွမ်းမင်လို့ခေါ်တဲ့ တိုက်ကြီးတစ်တိုက်ပေါ်မှာပါ။(အာရှတိုက် အာဖရိကတိုက်တို့ကဲ့သို့သော တိုက်ကိုပြောတာပါ)ပိုတိကျရလျှင်တော့ ကွမ်းမင်အင်ပါယာ လက်အောက်ခံ လောင်းရွှမ်တိုင်းပြည်မှာပါ။သူမဝင်ရောက်နေတဲ့မူရင်းခန္ဓာပိုင်ရှင်ဟာ လောင်းရွှမ်တိုင်းပြည်ရဲ့ မိသားစုကြီးငါးစုအနက်မှ ဇာမဏီမိသားစုရဲ့ ခုနှစ်ယောက်မြောက် သခင်မလေးပါ။ပုံမှန်အရဖြစ်သင့်တာကတော့ သူမကိုအားလုံးက ဝိုင်းဝန်းချစ်ခင်နေကြရမှာဖြစ်သော်လည်း ငမိုက်သားနှစ်ကောင်ရဲ့စကားအရ ဒီခန္ဓာပိုင်ရှင်ဟာ သုံးစားမရတဲ့ အမှိုက်လိုလူဖြစ်နေပါတယ်။