Chapter (9)
Viewers 351

Chapter (9)

စာသင်ခန်း (၉)



"သူ... သူ... ဘယ်လိုလုပ်..."


ရွှီကျင့်လည်း တုန်တုန်ယင်ယင် အသံကြောင့် စကားကို အပြည့်အစုံ မပြောနိုင်​တော့ပေ။ ကျန့်ယွိဟန်လည်း ကြမ်းပြင်ပေါ်သို့ ဗုန်းကနဲ လဲကျသွားပြီး သူ၏အမူအရာမှာ ဗလာဖြစ်လျက်။ 


သူ(မ) တကယ်သေသွားပြီ။


ယန်ကျစ်ချန်လည်း ဤအချက်ကို လက်မခံနိုင်သေးချေ။ သူမျှော်လင့်ထား​ပြီးသား ဖြစ်သော်လည်း မျက်စိရှေ့တွင် ထူးထူးဆန်းဆန်း ဖြစ်ရပ်ဖြင့် လူတစ်ဦး သေဆုံးနေသည်ကို မြင်တွေ့ရသည်မှာ အလွန်ထိတ်လန့်စရာ ကောင်းနေဆဲပင်။


သူ(မ) တကယ်သေသွားပြီ။ သူ(မ) ဘာကြောင့်သေသွားတာလဲ။


သူ(မ) ဘယ်လိုသေသွားတာလဲ။


တကယ်တော့ သူသည် လူသေတစ်ယောက်နှင့် အလွန်နီးကပ်စွာ ပုန်းနေခဲ့မိ​လေသည်။


သူ(မ)သည် သေပြီးခဲ့တာတောင် စကားပြောနိုင်တုန်း၊ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံနိုင်တုန်း မဟုတ်ပါလား။ 


"မဟုတ်ဘူး ငါရဲကိုခေါ်ရမယ်!" ရွှီကျင့် တုန်တုန်ယင်ယင်ဖြင့် ဖုန်း​ကောက်ကိုင်လိုက်သည်။ "ငါတို့ ရဲခေါ်ရမယ်!"


"မခေါ်နဲ့!" 


ဘာကြောင့်ရယ်မသိ ကျန့်ယွိဟန်သည် ရွှီကျင့်၏ ဖုန်းကို ရိုက်ချလိုက်သည်။


"မခေါ်နဲ့။ ရဲခေါ်ခွင့် မရှိဘူး!"


သူ၏တုံ့ပြန်မှုက ပြင်းထန်လွန်းပြီး :"ရဲတွေက သရဲတစ္ဆေတွေကို ယုံမယ်ထင်လား။ သူ(မ)က ဒီမှာပဲ သေနေတာ။ ရဲတွေက သူ့ကို ငါတို့ သတ်တယ်လို့ ပြောရင် ဘယ်လိုလုပ်မလဲ"


ရွှီကျင့် :"ဒါပေမဲ့ လူတစ်ယောက် သေသွားပြီ။ နောက်လူတစ်ယောက်ကလည်း သေပြီလေ။"


"ငါတို့မှာ သက်သေရှိလား။ ငါတို့ သူ(မ)ကို မသတ်ဘူးဆိုတာ သက်သေပြနိုင်မှာလား။" ကျန့်ယွိဟန်၏ လေသံက ပြင်းထန်လာပြန်သည်။ "ငါတို့ လူသတ်သမား ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ငါတို့ ဘယ်လိုလုပ် အသက်ဆက်ရှင်မှာလဲ။"


ယန်ကျစ်ချန်၏ ရင်ဘတ်မှာလည်း နာကျင်မှုများနှင့်အတူ တုန်လှုပ်သွားခဲ့သည် ။


"ဒါပေမဲ့ သာမာန်လူသားက ဒီလိုမျိုး လုပ်နိုင်မယ်လို့ မင်းထင်လား။" ယန်ကျစ်ချန် အေးစက်စက်ဖြင့် ဝင်ပြောလိုက်သည်။ 


"ကိုယ့်ဘာသာကိုကြည့်စမ်း။ လူလုပ်တာ ဖြစ်နိုင်တယ်လို့ ထင်လား!"


နောက်ဆုံးတွင် သူတို့အဖွဲ့သည် မလှုပ်မယှက် အသက်မဲ့နေသော ဝမ်ရှင်းယွီကို ပြန်လှည့်ကြည့်လိုက်သည်။ သူ(မ)သည် လုံးဝ သေဆုံးသွားပြီး သူ(မ)၏ခန္ဓာကိုယ်သည်လည်း လတ်လတ်ဆတ်ဆတ် အရေပြား အခွာခံထားရသဖြင့် နီရဲတွတ်နေ၏။


ရင်ဖိုစရာကောင်းသည်မှာ သူ(မ)၏အသွင်အပြင်သည် ယန်ကျစ်ချန် အိပ်မက်ထဲက ကျောင်းအဆောက်အဦမှာ မြင်ခဲ့ရသော သွေးစိမ်ထားသည့် အလောင်းနှင့် သိသိသာသာ ဆင်တူနေခြင်းပင်။ 


သူ(မ)၏ အရေပြားက စုတ်ပြဲသွား​​ပေပြီ။


ထိုအသားတစ်ရှူး အရည်များသည်လည်း ကုတင်ပေါ်တွင် ပြီးပြည့်စုံစွာ ပြန့်ကျဲ​နေ၏။ ၎င်းကို ကြည့်ရုံဖြင့်ပင် ယန်ကျစ်ချန်၏ ကျောရိုးကို အေးစက်သွားစေသည်။ သူ အသက်ပြင်းပြင်းရှူပြီး ကျန့်ယွိဟန်ကို ထပ်မံ စိုက်ကြည့်လိုက်သည်။ 


"အခုတော့ ကိစ္စတွေက ဖြစ်ပြီးသွားပြီ။ ငါတို့ တစ်ယောက်တည်း လုပ်နိုင်မယ်လို့ ထင်လား။"


"ဒါပေမဲ့... "


"ဒါပေမဲ့ ဆိုတာ မရှိဘူး။" ယန်ကျစ်ချန် သူ့ဖုန်းကို ကိုင်လိုက်သည်။ 


"အဲဒီစာသင်ခန်းကို အလုံပိတ်ထားနိုင်မှတော့ တစ်ယောက်ယောက် ဒါမှမဟုတ် အဲဒါကို ရဲတွေပဲ သိလိမ့်မယ်။ ရဲမဟုတ်ရင် အဲ့​ကိစ္စကို ဘယ်လိုလုပ် တင်းတင်းကျပ်ကျပ် ဖုံးကွယ်ထားနိုင်မှာလဲ။" 


ရွှီကျားရန်ကလည်း ချက်ချင်း ဝင်ပြော၏။


"ယန်ကျစ်ချန် ပြောတာ မှန်တယ်။ ငါတို့ ရဲခေါ်သင့်တယ်။ ဒါက နောက်တစ်ယောက် ထပ်မ​သေ​​အောင် တားနိုင်လောက်တယ်!"


ရွှီကျင့်လည်း သူ့ဘေးမှ မဝံ့မရဲ ခေါင်းညိတ်ပြလေသည်။ ကျန့်ယွိဟန်၏ အမူအရာမှာ မသေချာမရေရာသော အမူအရာအဖြစ် ပြောင်းလဲ​နေ၏။


သို့သော် သူ၏အတွင်းရေး ရုန်းကန်မှု မပြီးဆုံးခင်မှာ ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ လေးယောက်လုံး တိတ်ဆိတ်သွားစဥ် လေးလံသော အရေးတကြီး ခေါက်သံများသာ ဆက်လက် ထွက်ပေါ်လာသည်။


...ဘယ်သူလဲ?


အပြင်မှ အသံတစ်ချက် ထွက်လာသောအခါ 'ဘယ်သူလဲ' ဟူသော အတွေးကသာ ယန်ကျစ်ချန်၏စိတ်ကို ဖြတ်ကျော်သွားခဲ့သည်။


"ရဲ! တံခါးဖွင့်!"


အပြင်ဘက်မှ ပြင်းထန်သော အသံနက်ကြီး ထွက်ပေါ်လာသည်။ လူအုပ်လည်း အကြည့်ချင်းဖလှယ်ကာ အခန်းထဲ အပ်ကျသံ မကြားရလောင်အောင် တိတ်ဆိတ်သွားခဲ့၏။ နောက်ဆုံးတော့ ယန်ကျစ်ချန်ကသာ နှစ်စက္ကန့်မျှ ခေတ္တရပ်လိုက်ပြီး ရုတ်တရက် ထရပ်ကာ တံခါးကို ဖွင့်လိုက်​တော့သည်။


အပြင်ဘက်တွင် ယူနီဖောင်းဝတ် ရဲအရာရှိတစ်ဦးသည် ယန်ကျစ်ချန်အား ရဲတံဆိပ်ကို ပြတ်ပြတ်သားသား ထောင်ပြလေသည်။ 


"မင်းတို့ရဲ့အတန်းဖော် ကျူးယန် မနေ့က သူ့အိပ်ဆောင်မှာ သေဆုံးနေတာ တွေ့တယ်။ စုံစမ်းစစ်ဆေးမှုမှာ မင်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်။" 


...

သို့နှင့် ရဲအရာရှိသည် တစ်ဖွဲ့လုံးကို ရဲစခန်းသို့ ဆွဲခေါ်သွားခဲ့သည်။


ယန်ကျစ်ချန် လမ်းမှာ သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ စုန့်ကွမ်းနန်ဘက်က သူ၏ သူငယ်ချင်းတောင်းဆိုမှုကို လုံးဝ မတုံ့ပြန်ခဲ့ပေ။ ထိုလူဟာ သူ့ကို မဆက်ဆံချင်တော့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။


အနည်းငယ် စိတ်ပျက်သွားသကဲ့သို့ ခံစားလိုက်ရလေသဖြင့် သူ့ဖုန်းကို ကြည့်ချင်စိတ်တို့ပင် ရုတ်တရက် ပျောက်သွားသည်။ ယခုလိုအချိန်မျိုး၌ ရဲစခန်းက ယန်ကျစ်ချန်ကို လုံခြုံမှု အနည်းငယ်ပေးခဲ့သည်။ 


သူတို့တစ်ယောက်စီတိုင်းကို သီးခြားစီ စစ်ဆေးမေးမြန်းခဲ့သည်။ အေးစက်သော ကုလားထိုင်များပေါ်တွင် ထိုင်ရင်း ယန်ကျစ်ချန်သည် လေးထောင့်မျက်နှာကျ တင်းမာသော အသက်ကြီးကြီး ရဲသားတစ်ဦး၊ ချောမောလှပသော လူငယ်တစ်ဦးနှင့် ရင်ဆိုင်​နေရသည်။


လူငယ်သည် နေမကောင်းပုံရပြီး မျက်ခုံးတွန့်ကာ အခက်တွေ့နေသကဲ့သို့ ဖုန်းကို အဆက်မပြတ် ငုံ့ကြည့်​နေ၏။


ယန်ကျစ်ချန်: "အရာရှိ... ကျွန်တော် ပြောစရာရှိတယ်။ ကျွန်​တော်တို့ မကြာသေးခင်က ထူးဆန်းတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့ခဲ့ရတယ်။"


သူနှင့် ဆန့်ကျင်ဘက် လူနှစ်ယောက်လည်း ရပ်တန့်သွားသည်။


"ယန်ကျစ်ချန် ဟုတ်တယ်မလား။" လေးထောင့်မျက်နှာကျဖြင့် ရဲအရာရှိက သူ့ရှေ့က စာမျက်နှာများကို လှန်ကြည့်လိုက်သည်။ 


"မင်း ဝန်ခံချင်တယ် ဆိုမှတော့ ငါတို့ကိုပြောပါ။"


ယန်ကျစ်ချန်လည်း သူတို့၏စိတ်ဆင်းရဲစရာများကို အသေးစိတ် ဖော်ပြခဲ့သည်။ 


"...ဒီမနက် အိပ်ရာက နိုးလာတော့ ဝမ်ရှင်းယွီက ရုတ်တရက် ရုန်းကန်နေရတော့တာ။ ပြီးတော့ မမြင်ရတဲ့ အရာတစ်ခုက လုပ်သွားသလိုမျိုး သူ့အရေပြားကလည်း ကွာကျသွားတယ်။"


"မမြင်ရတဲ့ အရာတစ်ခုလား။" လေးထောင့်မျက်နှာကျ ရဲအရာရှိက အေးအေးဆေးဆေး မှတ်သားနေသည်။ 


"ဒါဆို မင်းဘာမှ မလုပ်ခဲ့ဘူးလို့ ဆိုလိုတာပေါ့။ သူက အိပ်မက်ထဲမှာ သေသွားလို့ လက်တွေ့မှာလည်း သေသွားတာပေါ့။"


“ဟုတ်ကဲ့။” ယန်ကျစ်ချန် ခေါင်းညိတ်လိုက်သည်။ 


"ကျွန်​တော်တို့ အတန်းဖော် ကျူးယန်ရောပဲ။ သူဘာဖြစ်သွားတာလဲတော့ မသိဘူး။"


"အိပ်မက်ထဲမှာ သူ(မ) ဘယ်လို သေသွားတယ်ဆိုတာ မင်း သတိထားမိလား။"


“မသိလိုက်ဘူး။” ယန်ကျစ်ချန် ခေါင်းယမ်းကာ အမှန်အတိုင်းသာ ဖြေလိုက်သည်။ 


"သူ(မ) သေတာကို သိတာက သွေးအိုင်တစ်ခုပဲ ကျန်တော့လို့ပါ။"


"ကောင်းပြီ ငါတို့နားလည်ပြီ။" 


လေးထောင့်မျက်နှာကျ ရဲအရာရှိသည် ရုတ်တရက် မတ်တပ်ထရပ်ပြီး ထွက်သွားရာ လူငယ်ကလည်း အနောက်မှ လိုက်သွားခဲ့သည်။


ယန်ကျစ်ချန် ရပ်တန့်ကာ လန့်သွား၏။ လေးထောင့်မျက်နှာကျ ရဲအရာရှိကတော့ သူ့ကို လျစ်လျူရှုကာ လှည့်ထွက်သွားခဲ့သည်။ သို့သော် လူငယ်က ခေတ္တမျှ လှမ်းကြည့်လာသည်။


တံခါးပိတ်သွားသောအခါ အခန်းထဲ၌ ယန်ကျစ်ချန် တစ်ယောက်တည်းသာ ကျန်ခဲ့၏။ 


မနေ့ညက အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်များကို တဖြေးဖြေး ပြန်သတိရလာသည့်အခါ သူ၏ မျက်ခွံတို့ ညောင်းလာသလို ခံစားလိုက်ရသည်။ ဝမ်ရှင်းယွီ ကွယ်လွန်သွားသောအခါ၌ သူ(မ)၏ဆံပင် ချည်နှောင်မှုမှာ ပြေကျပြီး သွေးစွန်းထင်းနေခဲ့သည်။ ၎င်းက သူ သူ(မ)ကိုမြင်တုန်းက သေနေခဲ့ပြီဟု ညွှန်ပြလျက်ရှိသည်။


သို့သော်လည်း သူ(မ) သေပြီးသည့်နောက်မှာတောင် မည်သို့ အသက်ရှင်နေပြီး မည်သို့ သဘာဝကျကျ စကားပြောနိုင်လေသနည်း။ 


ယန်ကျစ်ချန် အဖြစ်အပျက်များကို တခဏချင်း ပြန်ချိတ်ဆက်ကြည့်သည်။ 


ပထမ၊ သွေးအလောင်းက တံခါးကို ခေါက်လာသည်။ ဤသည်မှာ ၎င်းက သူ၏အနံ့ကို အနံ့ခံနိုင်ကြောင်း ထင်ရှား၏။ 


ခဏကြာပြီးနောက် ဝမ်ရှင်းယွီ၏ အော်သံ စင်္ကြံမှ ပဲ့တင်ထပ်လာသည်။


ထို့နောက် သူ ဝမ်ရှင်းယွီကို ကယ်တင်ခဲ့သည်။ ထိုစဥ်က ဝမ်ရှင်းယွီ ပြောခဲ့သည့် စကားမှာ "ဒီမှာ တစ်ယောက်ယောက် တကယ်ရှိမယ်လို့ မမျှော်လင့်ထားဘူး" ဟူ၍ပင်။ 


ယန်ကျစ်ချန်၏ နှလုံးခုန်သံတို့ ခုန်​ပေါက်သွားသည်။ ထိုအချိန်တွင် သူသေသေချာချာ မတွေးခဲ့မိသော်လည်း ယခု သူပို၍ စဉ်းစားလေလေ တစ်ခုခုလွဲနေလေလေ ဖြစ်​နေသည်။


'အထိတ်တလန့်နဲ့ ထွက်ပြေးခဲ့တာ မဟုတ်ဘူးလား။ သူ(မ) ဒီမှာ တစ်ယောက်ယောက် ရှိနေသလားလို့ ဘာကြောင့် တွေးမိပါလိမ့်။'


တစ်ဆက်တည်း တံခါးလာခေါက်သော သွေးရွှဲနေသည့် အလောင်းကို သတိရသွားပြန်သည်။ ထိုသွေးရွှဲနေသည့် အလောင်းက “မင်းရှိလား” ဟု မေးခဲ့လေ၏။ 


...မင်း အဲဒီမှာရှိလား။


'ဧကန္တ.... သူအစက ဝမ်ရှင်းယွီရဲ့ စမ်းသပ်မှုကနေ လွတ်မြောက်သွားခဲ့တာလား'


သူသည် တံခါးခေါက်နေခဲ့သည် သွေးအလောင်းဖြစ်သော သူ(မ)ကို ကယ်တင်ခဲ့မိလေသလား မသိ။ ယန်ကျစ်ချန်၏ လက်ချောင်းများ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ ယခု ဟိုတယ်ထဲမှာတော့ သူ(မ) အရေပြားက ကျွတ်ထွက်နေ​ချေပြီ။


တံခါးလာခေါက်ချိန်မှာတော့ သွေးအလောင်းဟာ သူ(မ)၏ အရေပြားကို မဝတ်ဆင်ရသေးပေ။ ဝမ်ရှင်းယွီအဖြစ် အော်ဟစ်အကူအညီ တောင်းသည့်အခါ ၎င်းက လူအရေပြားကို ခြုံပြီးချေပြီ။ 


သို့သော် ယန်ကျစ်ချန်မှာ တစ်ခုခုတော့ လွဲနေပြီဟု ခံစားနေရဆဲ။ 


'ကျူးယန်ကို တိုက်ခိုက်ခဲ့တဲ့ သွေးတွေရွှဲနေတဲ့ အလောင်း ဘယ်ရောက်သွားတာလဲ။'


'ကျူးယန် ဘာလို့ဒီလိုဖြစ်လာတာလဲ။'


'ပိန်ပိန်ပါးပါး သွေးအလောင်းအသစ်က ဘယ်သူလဲ။'


ယန်ကျစ်ချန် သူ့ခေါင်းကို ကုတ်လိုက်ပြီး သဲလွန်စအားလုံးကို ပေါင်းစပ်ရန် ကြိုးစား​နေခဲ့သည်။ သွေးအလောင်းများအပြင် ဒိုင်ယာရီလည်း ရှိသေးသည်။ ဒိုင်ယာရီထဲက 'ထိုလူ' ဟာ အသိုင်းအဝိုင်းထဲကို ပေါင်းစည်းရန် ကျောက်ကျောက်နှင့် အမြဲတမ်း သူငယ်ချင်းဖြစ်ချင်ခဲ့၏။ 


ပေါင်းစပ်ကြည့်မည် ဆိုလျှင် မည်သို့ ပေါင်းစပ်ရမည်နည်း။ 


မည်သို့ပင် တွေးနေပါစေ တွေးကြည့်၍မရ။ သူ၏ အတွေးများသည် အဆုံးသို့ မရောက်နိုင်ဘဲ ရှေ့ကို ဆက်သွားနေပုံရသည်။ 


ထိုအချိန်တွင် တံခါးက ရုတ်တရက် တွန်းဖွင့်ခံလိုက်ရသည်။


လေးထောင့်မျက်နှာကျ ရဲသားတစ်ယောက်က အပြင်မှာ ရပ်ပြီး ပြောလာ၏။


"သွားမယ်။"


ယန်ကျစ်ချန်သည် သူ၏ ကိုယ်ပိုင်အတွေးထဲတွင် ပျောက်ဆုံးနေဆဲဖြစ်ပြီး စက်ပိုင်းဆိုင်ရာအရ အလုပ်လုပ်နေသော စက်ရုပ်ကဲ့သို့ မတ်တပ်ထရပ်ကာ စင်္ကြံထောင့်မှ အစည်းအဝေးခန်းသို့ လိုက်သွားခဲ့သည်။ ရွှီကျားရန်နှင့် တခြားသူများလည်း ရောက်နေ​ကြပြီ။ သူတို့၏ အမူအရာမှာ ကွဲပြားသော်လည်း အားလုံးက တင်းမာကြသည်။


ယန်ကျစ်ချန် ကုလားထိုင်တစ်လုံးကို ဆွဲထုတ်ထိုင်လိုက်စဥ် ကြမ်းတမ်းသော အမူအရာနှင့် လူငယ်လေး ရုတ်တရက် ဝင်လာပြီး ထိုင်လိုက်၏။ 


"မင်းတို့ရဲ့ အခြေအနေတွေကို ငါသိပြီးပြီ။" 


"ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိလား။" ယန်ကျစ်ချန် စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။ --:"ခင်ဗျားတို့မှာ ကျွန်တော်တို့ကို ကာကွယ်ဖို့ နည်းလမ်းရှိလို့လား။"


"တိတ်တိတ်နေစမ်း!" လူငယ်က စိတ်တိုတိုဖြင့် သူ့ကို စိုက်ကြည့်နေ၏။ 


"စာသင်ခန်းကို သုံးတာက ထားပါတော့။ ဒါပေမဲ့ အဝါရောင်စက္ကူကို ဂရုမစိုက်ဘဲ ကြွေပန်းအိုးကို မချိုးဘဲနေသရွေ့တော့ ကောင်းကောင်းနေနိုင်မှာ။"


"ဒါပေမဲ့ အခု..."


"အခု မင်းတို့ကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုပဲ ရှိ​တော့တယ်။" ထိုလူငယ်က ကျန့်ယွိဟန်စကားကို ဝင်နှောင့်ယှက်လိုက်သည်။


သူက ယန်ကျစ်ချန်ကို ကြည့်ပြီး :"ဒီကိုလာ။"


ယန်ကျစ်ချန်မှာ ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ညွှန်ကြားသည့်အတိုင်း ရှေ့သို့ တိုးလာခဲ့သည်။


တစ်ဖက်လူငယ်သည် ယန်ကျစ်ချန်ကို ကြည့်လိုက်ပြီးနောက် သူ့လက်ကို မြှောက်ကာ လက်ခလယ်ကို ကိုက်လိုက်သည်။ သွေးထွက်လာသည့်အခါ ထိုသူက ယန်ကျစ်ချန်၏နဖူးကို လက်ညှိုးဖြင့် ဖိလိုက်ကာ အမှတ်အသားတစ်ခု ရေးဆွဲလိုက်၏။


ယန်ကျစ်ချန်ခမျာ တစ်ဖက်လူ ဘာလုပ်နေသလဲ မသိသော်ငြား သူ့နဖူးမှ အေးစက်သော အရိပ်အယောင်ကိုတော့ ခံစားလိုက်ရသည်။


“မသုတ်လိုက်နဲ့။ ဒီည မင်း အိပ်မက်မက်နိုင်မှာ မဟုတ်ဘူး။"


ထိုစကားကို ကြားသောအခါ ကျန့်ယွိဟန် ချက်ချင်း ခုန်ထလိုက်သည်။ 


"ဟုတ်ပြီ ဟုတ်ပြီ!" သူ့မျက်နှာမှာ မျှော်လင့်ခြင်းများ အပြည့်ဖြင့်: "ဒီည ကျွန်​တော်တို့ အဲဒီစာသင်ခန်းကို မသွားရ​တော့ဘူးမလား။"


လူငယ်က သူ့နဖူးကိုလည်း လက်ညိုးဖြင့် ဖိလာသည်။ 


"အင်း။" 


ရွှီကျားရန်: " လူ လူကြီးမင်း ကျွန်တော်တို့ ဘာလို့ ဒီလိုမျိုး ကြုံခဲ့ရတာလဲ။" 


“မင်းတို့မှာ ဝင်စွက်ဖက်ပိုင်ခွင့်မရှိဘူး။ ဒါက မင်းတို့သိထားသင့်တဲ့ အရာမဟုတ်ဘူး။"


ရွှီကျားရန်: "ကောင်းပါပြီ။ တောင်းပန်ပါတယ်။"


“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့တာတွေကို မင်းတို့အပြင်မှာ စကားတစ်ခွန်းမှ မပြောမိစေနဲ့" လူငယ်က အေးစက်စွာ ပြောသည်။ 


"မင်းတို့ မသိသင့်တာတွေကို မသိချင်နဲ့။ ဝမ်ရှင်းယွီနဲ့ ကျူးယန်ရဲ့ သေဆုံးမှုက မင်းတို့နဲ့ဘာမှမဆိုင်ဘူး။"


သူက အေးအေးဆေးဆေး တိုက်ရိုက်ပြောပြီး လူငယ်အုပ်စုကို တင်းတင်းကျပ်ကျပ် ခွဲထုတ်လိုက်သည်။ ကျန့်ယွိဟန်၏ အမူအရာသည် အကြိမ်ကြိမ် ပြောင်းသွားသော်လည်း နောက်ဆုံးတွင် ကယ်တင်ခံရခြင်း၏ ပျော်ရွှင်မှုကသာ သူ့စိတ်ကို အနိုင်ယူသွားခဲ့သည်။


အသက်ရှင်နေရခြင်းထက် ဘယ်အရာကမျှ မကောင်းချေ။ 


“ကောင်းတယ် ကောင်းတယ်။” သူက စိတ်လှုပ်ရှားစွာ လက်သီးဆုပ်လိုက်ပြီး :“အနည်းဆုံးတော့ ငါမသေ​တော့ဘူး!”


အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို လူငယ်အရာရှိက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ လူတိုင်းသည်လည်း နဖူးမှ သွေးကျဲကျဲဖြင့် လှည့်ထွက်သွားခဲ့ရသည်။ 


“လုပ်ထုံးလုပ်နည်းအရ မင်းတို့ဒီမှာ တစ်ရက်လောက်နေဖို့ လိုတယ်။” လေးထောင့်မျက်နှာရှိ ရဲအရာရှိမှ ၎င်းတို့အား ပြောလာခဲ့သည်။


“ဒီအနားမှာ အိပ်လို့ရတဲ့ အနားယူခန်းရှိတယ်။”


သူ ခဏရပ်လိုက်ပြီး: "ဒါပေမဲ့ မင်းတို့ ထွက်သွားလို့မရဘူး။"


"ကောင်းပြီ ကျွန်​တော်​တို့ လုံးဝ ထွက်သွားမှာ မဟုတ်ဘူး!" 


ကျန့်ယွိဟန်သည် သူတို့အားလုံးကိုယ်စား အာမခံပေးနေ၏။ 


လေးထောင့်မျက်နှာကျ ရဲအရာရှိ ထွက်သွားပြီးနောက် သူတို့ လေးယောက်သာ အခန်းထဲတွင် ကျန်ခဲ့သည်။ ယန်ကျစ်ချန်မှာတော့ အေးစက်မာကျောသော ကုလားထိုင်ပေါ်တွင် ထိုင်နေကာ စိတ်မသက်မသာ ခံစားနေရဆဲ။


ဤကိစ္စသည် တကယ်ကို ချောမွေ့နိုင်ပါ့မလား။


တစ်ယောက်တည်း တွေးတောနေစဥ် ရုတ်တရတ် ရွှီကျင့်ဆီက စကားသံထွက်လာသည်။


“ငါ့သူငယ်ချင်းက သိပြီတဲ့... အဲဒီလိုလူ တစ်ကယ်ရှိတယ်တဲ့။” 


ယန်ကျစ်ချန် သူ(မ)ကို မော့ကြည့်လိုက်သည်။


"သူ(မ)က ပြောပြီး ဖျက်လိုက်တာ။ အကြမ်းဖျဉ်း... အကြမ်းဖျဉ်း​တော့ ပြောလို့ရတယ်တဲ့ အဲဒီလူရဲ့ နာမည်က ချန်ယွဲ့ကွမ်း"


"ချန်ယွဲ့ကွမ်း?" ရွှီကျားရန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။


"ဟုတ်တယ် ချန်ယွဲ့ကွမ်း။" ရွှီကျင်းမှ ခေါင်းညိတ်ပြီး ဖြည်းညင်းစွာ ဆက်ပြောသည်။ 


"သူက တကယ့်ကို ထူးဆန်းတဲ့ လူတစ်ယောက်ဆိုတာတော့ သူလည်း ကြားဖူးတယ်တဲ့။"


"သူ့စရိုက်က ရွံစရာကောင်းတယ်လို့ ပြောတာက လုံးဝလည်း မမှန်ဘူး။ သူက အတန်းနဲ့ အံဝင်ခွင်ကျဖြစ်အောင် အမြဲကြိုးစားပေမဲ့ အမြဲတမ်း အမှားလုပ်မိတယ်။ အတန်းထဲက လူတိုင်းက သူ့ကို မကြိုက်ကြသလို အားလုံးက သူ့ကို စပြီး အနိုင်ကျင့်ကြတယ်တဲ့"


"ဒါက ကျောင်းတွင်းအနိုင်ကျင့်မှုမျိုးပဲ။ ဒါပေမဲ့ သူက စေတနာနဲ့ပါ ဆိုပြီး မကောင်းမှုတွေ အများကြီး လုပ်ခဲ့မိတယ်။ ဥပမာ အတန်းဖော်ရဲ့ ကျောင်းသုံးစာအုပ်ကို မတော်တဆ ဖျက်ဆီးပြီး အတန်းဖော်ရဲ့ ကျောပိုးအိတ်ကို အဆောက်အဦးပေါ်ကနေ မတော်တဆ ပစ်ချလိုက်တာ။ သူ့သူငယ်ချင်းတွေက ဘယ်လို လုပ်ခဲ့တယ်ဆိုတာ မသိပေမဲ့ လူတိုင်းကတော့ သူ့ကို မုန်းတီးနေကြတယ် ဘယ်သူမှ သူ့ကို မကြိုက်ကြဘူး။"


"ဒါနဲ့... တစ်နေ့တော့ သူ ပျောက်သွားတယ်။"


ရွှီကျင်း အသက်ပြင်းပြင်းရှူရင်း :"သူပျောက်သွားပြီးတော့ စာသင်ခန်းထဲမှာ ထူးဆန်းတဲ့အနံ့တွေလည်း နေ့တိုင်းပေါ်လာတယ်။"


“ဒီလိုနဲ့… တစ်ပတ်လောက်ကြာတော့…”


“လူတစ်ယောက်က အဖိုးတန်ပစ္စည်းတွေ သိမ်းဆည်းထားတဲ့ စာသင်ခန်းထဲက သတ္တုလော့ခ်ကို ဖွင့်လိုက်မှ အတွင်းထဲမှာ အလောင်းတစ်လောင်းကို တွေ့ခဲ့ကြတာ။ အလောင်းမှာ အရေ​ပြာမပါဘူး အသွေးအသားတွေချည်းပဲ။ မြင်ကွင်းက အရမ်း ကြောက်စရာကောင်းတယ်လို့ ပြောတယ်။ မြင်တဲ့သူတိုင်း အန်တယ်တဲ့"


"အထက်တန်းဒုတိယနှစ် တန်းခွဲ ၄ ကို ရက်အတော်ကြာ ပိတ်ခဲ့ရတယ်။ ဒါပေမဲ့ ပိတ်ရက်ပြီးလို့ ရက်နည်းနည်းကြာတော့ လူတစ်ယောက် သေသွားတယ်"


"ပထမဆုံးသေဆုံးသူက ကျောက်ကျောက်။"


"ကောင်လေးတွေရဲ့ သန့်စင်ခန်းမှာ သေဆုံးသွားတာ။ သူ့အရေပြားတွေက ကျွတ်ထွက်နေတာ အနီရောင် အသားတွေနဲ့ သွေးတွေပဲ ကျန်ခဲ့တယ်တဲ့... ဒါပေမဲ့ ထူးဆန်းတာက...မှုခင်းဆေးစစ်မှုအရ သူသေဆုံးချိန်က လွန်ခဲ့တဲ့ လေးရက်ကတဲ့။ အလောင်းကို ရှာမတွေ့ခင် တစ်ရက်ကပဲ ကျောက်ကျောက်က ကျောင်းကို လာတက်သေးတယ်လို့ ပြောတယ် !"




***


Aurora Novel Translation Team