အခန်း (၃) မလေးမစား ပြုမှု
ဝမ်ရှီးသည် စျေးထဲမှ ကြက်တစ်ကောင် ဝယ်လာပြီး စျေးထဲမှ တိုဟူးများစွာ ဝယ်လာလေ၏။ ဆုဝန် အစာကျွေးနေသော ကြက်သည် အရွယ်မရောက်သေးပေ။ ထို့ကြောင့် ယခုအချိန်တွင် ၎င်းကို သတ်ဖို့က နှမြောစရာကောင်းလွန်းနေသဖြင့် ဝမ်ရှီးက တစ်ကောင် ဝယ်လာတာပဲ ဖြစ်သည်။
ကျန်သည့် ဟင်းလျာများကိုမူ ဆုဝန်က ဝမ်မိသားစု နောက်ဖေးခြံဝင်းထဲရှိ ဟင်းရွက်စိုက်ခင်းထဲမှ ခူးလာတာပဲဖြစ်သည်။
ဟင်းသီးဟင်းရွက်များ၌ ငွေခြွေတာနိုင်ရန် ဆုဝန်က ဝမ်မိသားစု အိမ်နောက်ဖက်တွင် ဟင်းရွက်စိုက်ခင်းတစ်ခု ပြုလုပ်ထားပြီး ရေလောင်းပေါင်းသင် ပျိုးထောင်ပေးပြီး အလွန်ဂရုတစိုက် ကြည့်ရှုထားသည်။ စိုက်ခင်းထဲရှိ ဟင်းသီးဟင်းရွက်များက အလွန်လတ်ဆတ်ပြီး ဝမ်မိသားစု စားသောက်ရန် လုံလောက်၏။ ယင်းက ဝမ်မိသားစုကို ငွေကုန်ကြေးကျ သက်သာစေ၏။
ဆုဝန်သည် ဝမ်အမျိုးသမီးဆီမှ ကြက်ကို ယူပြီး ကြက်ကို သေသေသပ်သပ် သတ်ကာ အမွေးနုတ်လိုက်၏။ ထိုသို့ ပြုလုပ်ပြီးနောက် သူမသည် ကြက်ကို အပိုင်းပိုင်း ခုတ်ထစ်လျက် ချင်းကို ပါးပါး လှီးထားသည်နှင့် ရောနှောကာ အိုးထဲ ထည့်လိုက်တော့သည်။ ထို့အပြင် မုန်လာဥ၊ ဂိုဂျီသီးနှင့် စွန်ပလွံသီးများ ကျန်သည့်ပါဝင်ပစ္စည်းများကို ထည့်ပြီး သူတို့အားလုံးကို ဒယ်အိုးထဲသို့ ထည့်ထားလိုက်လေ၏။ ရေသန့်ထည့်ပြီးနောက် မီးဖိုပေါ်တင်ကာ ဖြည်းဖြည်းချင်း အပူပေးထားလိုက်သည်။
ကြက်စွပ်ပြုတ်အနံ့က ဝမ်မိသားစု အိမ်တွင်း၌ ပျံ့နှံ့လာတော့သည်။ ဟင်းချိုချက်ပြီးနောက် ဆုဝန်သည် ခြံဝင်းကို သန့်ရှင်းရေး စလုပ်တော့သည်။ မနေ့တုန်းက ဆုဝန် သတိလစ်သွားသောကြောင့် သူမ အလုပ်မလုပ်ဖြစ်ပေ။ ဝမ်မိသားစု၏ ခြံဝင်းက ရှုပ်ထွေးနေပြီး ဧည့်သည်များ၏ စားချင်သောက်ချင်စိတ်ကို ထိခိုက်စေလိမ့်မည်။
ဝမ်လော့ရှန်းကမူ ရင်ထဲဒေါသထွက်နေသော်ငြား ဆုဝန်ကို ဒေါသမထွက်နိုင်တော့ပေ။ ဆိုရလျှင် ဆုဝန်က ဧည့်သည်များကို ကြိုဆိုရန် ပြင်ဆင်ပေးနေတာပဲဖြစ်သည်။
ဝမ်လော့ရွှယ်က ကူကယ်ရာ မဲ့နေကာ ရွေးချယ်စရာမရှိတော့ဘဲ ယခင်က ဆုဝန် ပန်းထိုးပေးထားသော အဝတ်အစားများကို ရှာဖွေပြီး ဧည့်သည်များကို ကြိုဆိုရန် ဝတ်ဆင်ထားလိုက်၏။
အချိန်တွက်ကြည့်လိုက်ရာ ဝမ်လော့ရှန်းက သူ့ဧည့်သည်များနှင့် ပြန်ရောက်တော့မှာ ဖြစ်သည်။
ဆုဝန်သည် မနေ့ညတုန်းက ယုန်သားနှပ်ကို ထုတ်ပြီး အတုံးသေးလေးများတုံးကာ လှီးဖြတ်လိုက်လေ၏။
ဒယ်အိုးပူပူပေါ်တွင် ဆီထည့်လျက် ကြက်သွန်နီ၊ ချင်း၊ ကြက်သွန်ဖြူ၊ တရုတ်နံနံ၊ ငရုတ်မှုန့်များ ထည့်ပြီး ဆုဝန်၏ လျှို့ဝှက် ပါဝင်ပစ္စည်းများ ထည့်လိုက်သည်။ ငရုတ်ကောင်းများစွာလည်း ထည့်လိုက်၏။
ရသာမှုန့်များ အားလုံးနှင့် မွှေကြော်ပြီးနောက် ဆုဝန်သည် ယုန်သားကို ဖြူသွားသည်အထိ အိုးထဲတွင် ထည့်ထားကာ မီးဖိုထဲ ထင်းထပ်ထည့်လိုက်၏။ ထို့နောက် အပူရှိန် ပြင်းပြင်းဖြင့် ကြော်လိုက်တော့သည်။ ဟင်းခတ်အမွှေးအကြိုင်များဖြင့် ယုန်သားကြော်ကို အရောင်လွှမ်းသည်အထိ နူးညံ့သွားအောင် ကြော်လိုက်သည်။ အပြင်ခွံက ငရုတ်ပွများ စင်ထား၏။ ပြီးနောက် ပန်းကန်ပေါ်သို့ တင်လိုက်၏။
ဝမ်လော့ရွှယ်က အစပ်ထည့်သောကြောင့် ဆုဝန်က ကြိမ်မောင်းခံရသည်။ သို့သော် ဆုဝန်က ဝမ်လော့ရွှယ်ကို ဂရုမစိုက်တော့ပေ။ ယနေ့ ငရုတ်ကောင်းကြောင့် ဝမ်လော့ရွှယ်က သူမကို ဧည့်သည်များရှေ့တွင် ကြိမ်းမောင်းမည်လား မသိပေ။
အိုးမချခင် ဆုဝန်က နောက်ထပ် ငရုတ်ကောင်း လက်တစ်ဆုပ်စာထည့်ပြီး ဆီပူပူ တစ်ဇွန်းထည့်ကာ နှမ်းများ လက်တစ်ဆုပ်စာ ဖြူးလိုက်၏။
ယုန်သား အစပ်ကြော်က ထပ်ရလာပြီ ဖြစ်သည်။ ဆုဝန်သည် စုစုပေါင်း ဟင်းလျာရှစ်မျိုး၊ ဟင်းချိုတစ်ခွက်၊ အသားလေးခွက်၊ ဟင်းသီးဟင်းရွက်လေးခွက် ဟင်းလျာတိုင်းက အရသာရှိကာ လူတို့၏ လက်ချောင်းများကို လျင်မြန်စွာ လှုပ်ရှားစေလိမ့်မည်။
စားစရာများ အားလုံး အသင့်ဖြစ်ပြီးသောအခါ ဆုဝန်သည် မနေ့တုန်းက သူမ ချုပ်လုပ်ခဲ့သည့် အဝတ်အစားများ လဲလိုက်သည်။
ဝမ်မိသားစုကို ဂရုစိုက်ရန်အတွက် ဆုဝန်သည် သူမကိုယ်သူမ သန့်ရှင်းအောင်နေရန် အချိန်မရှိခဲ့ပေ။ ယခု မတူညီတော့ပေ။ ဆုဝန်က သူမကိုယ်သူမ မှားယွင်း မခံစားစေချင်တော့ပေ။
ဝမ်လော့ရှန်းက သူ၏ စာသင်ဘက် သွမ့်ကျင်းထျမ်နှင့် လီရှန့်ကို အိမ်ခေါ်လာသည်။
ဝမ်လော့ရှန်း၏ စာသင်ဖက်များအနက် လီရှန့်နှင့် ဝမ်လော့ရှန်းသာလျှင် ပညာသင်သားများအဖြစ် အသိအမှတ်ပြုခံရတာ ဖြစ်သည်။ သွမ့်ကျင်းထျန်က ထိုလူနှစ်ယောက်နှင့် မိတ်ဆွေဖွဲ့ချင်နေတာ ဖြစ်သည်။ ထို့ကြောင့် သူသည် လီရှန့်ကိုပါ ခေါ်လိုက်၏။
ဆုဝန်သည် ကြက်သားဟင်းရည်ထဲသို့ နွေကြက်သွန်နီ လက်တစ်ဆုပ်စာ ဖြူးလိုက်၏။ ဟင်းလျာများ တည်ခင်းတော့မည့်အချိန်တွင် ဝမ်လော့ရွယ်က မီးဖိုချောင်ထဲသို့ ဝင်လာလေ၏။ ဝမ်လော့ရွှယ်သည် သူမအတွက် ဆုဝန် ယခင်ကချည်ထိုးပေးထားသော အဝတ်အစားများ ဝတ်ထားပြီး လတ်ဝတ်ရတနာများဝတ်ထားကာ မျက်ခုံးမွှေးခြယ်သလျက် ပေါင်ဒါရိုက်ထားလေ၏။
ဆုဝန် သေသေသပ်သပ် ဝတ်စားထားတာကို မြင်သောအခါ ဝမ်လော့ရွှယ်သည် ဆုဝန်ကို စိုက်ကြည့်လိုက်ပြီး လက်ထဲမှ ဟင်းများကို လုယူသွားကာ ပြုံးရွှင်နေသော အမူအရာဖြင့် စားပွဲဆီ သယ်သွားတော့၏။
အတိတ်တုန်းကဆိုလျှင် ဝမ်လော့ရွှယ်က အမြဲတမ်း စားပွဲမှာထိုင်နေလျက် စားစရာများ လာချပေးမှာကို စောင့်နေသည်။ သို့သော် ယနေ့တွင်မူ သူမက အလုပ်ကြိုးစားနေတော့၏။
ဆုဝန်သည် ကျန်သည့်ဟင်းလျာများကို စားပွဲဆီ သယ်လာသည်။
ဝမ်လင်မယားကလည်း သွမ့်ကျင်းထျန်နှင့် လီရှန့်ကို ကြိုဆိုလိုက်ပြီးနောက် သူတို့လည်း ခုံများတွင် ဝင်ထိုင်လိုက်သည်။
ဝမ်လော့ရွှယ်က သွမ့်ကျင်းထျန်၏ မျက်နှာချင်းဆိုင်ရှိ ခုံအလွတ်တွင် ဝင်ထိုင်လိုက်သည်။
ဆုဝန်သည် ခါတိုင်းကဲ့သို့ မီးဖိုချောင်ထဲရှိ မီးဖိုရှေ့တွင် မထိုင်ဘဲ ဝမ်လော့ရှန်းဘေးတွင် ထိုင်လိုက်၏။
ဝမ်လော့ရှန်းသည် ဆုဝန်က စားပွဲဆီရောက်လာပြီး သူ့ဘေးတွင် ထိုင်တာကို မြင်သောအခါ အလွန် ရွံ့ရှာသွားလေ၏။ ဒီယုတ်မာကောကျစ်ပြီး ရိုင်းစိုင်းတဲ့ ကျေးတောသူက သူ့နားကပ်ဖို့ နည်းလမ်းပေါင်းစုံ သုံးနေတာပဲ။
ဧည့်သည်များရှိနေသောကြောင့် ဝမ်လော့ရှန်းသည် အဆင်မပြေဖြစ်နေပြီး ဆုဝန်ကို အကြည့်များဖြင့် ခြိမ်းခြောက်ရန် ကြိုးစားခဲ့သည်။ ပြန်ကြည့်လိုက်ရာ ဆုဝန်သည် ယနေ့ ယခင်နှင့် ကွဲပြားခြားနားနေပြီး အတော်လေး လန်းဆန်းနေပုံပေါ်၏။
ဝမ်လော့ရှန်းက မှင်သက်သွားတော့သည်။ သွမ့်ကျင်းထျန်က မိန်းကလေး၂ယောက် သူ့ရှေ့တွင် ထိုင်နေတာကို မြင်ပြီး ဝမ်လော့ရှန်းကို မေးလိုက်တော့၏။
“အစ်ကိုဝမ် ဒီမိန်းကလေး၂ယောက်က အစ်ကို့ ညီမတွေလား” ဝမ်လော့ရှန်းက အမြန်ပြောလိုက်၏။
“ဒါက ဝမ်လော့ရွှယ်၊ ကျုပ်ရဲ့ ညီမလေး။ ဒါက ဆုဝန် ဟုတ်တယ် ကျုပ်အဖေမိတ်ဆွေဟောင်းရဲ့ သမီး။ အိမ်မှာ လာနေနေတာ”
ဆုဝန်သည် သူ၏ ကလေးသတို့သမီးလောင်းဆိုတာ ဝမ်လော့ရှန်း ဝန်မခံချင်ပေ။
ဆုဝန်သည် ဝမ်မိသားစုအား သူမသည် ဝမ်မိသားစု၏ သတို့သမီးလောင်းဆိုတာ မပြောစေချင်ပေ။
လွန်ခဲ့သည့် ၃နှစ်တုန်းက ဆုဝန်၏ မိသားစုသည် မတော်တဆဖြစ်ခဲ့ပြီး သူမ အားကိုးစရာမရှိ ဖြစ်ခဲ့၏။
ထိုစဥ်က ဝမ်မိသားစုသည် ဆင်းရဲပြီး ဝမ်လော့ရှန်းက စာလေ့လာနေ၏။ ဝမ်လော့ရှန်းက နောင်ကျ ဇနီးသည်တစ်ယောက် မရှာနိုင်တော့မှာကို တွေးမိပြီး ဝမ်အဖေနှင့် ဝမ်အမေတို့က ဆုဝန်ကို ဝမ်လော့ရှန်း၏ ကလေးသတို့သမီးအဖြစ်ခေါ်လာသည်။ ၂နှစ်ကြာပြီးနောက် ဝမ်မိသားစု အဆင်ပြေလာပြီး ဝမ်လော့ရှန်းက ကျောင်းတော်သားအဖြစ် ရွေးချယ်ခံရသည်။ ဝမ်မိသားစုက ဆုဝန်ကို ဝမ်မိသားစု၏ သတို့သမီးလောင်းအဖြစ် မပြောတော့ပေ။ သို့သော် ချင်းရှီရွာရှိ လူတိုင်းကမူ ထိုအကြောင်း သိကြသည်။
ဝမ်မိသားစုသည် အကြောင်းသိသူများရှေ့၌ ဆုဝန်က ကလေးသတို့သမီးလောင်းဟူသည့် အချက်ကို ငြင်းဆန်နိုင်လျှင် သူမက ဝမ်မိသားစုနှင့် ဝေးဝေးနေနိုင်မှာပဲ ဖြစ်သည်။
စာအုပ်ထဲတွင် ဆုဝန်က ဝမ်လော့ရှန်းက သူမကို သူ၏ သတို့သမီးလောင်းအဖြစ် ဝန်ခံရန် ငြင်းဆန်ခဲ့ခြင်းကြောင့် စိတ်မကောင်းဖြစ်ခဲ့ရသည်။ သို့သော် ယခုအချိန်တွင် ဆုဝန်က ဝမ်လော့ရှန်း၏ ငြင်းဆန်မှုကို ကျေးဇူးတင်နေသည်။
ဝမ်လော့ရွှယ်ကမူ သွမ့်ကျင်းထျန်ကို တစ်ချက်ကြည့်လိုက်၏။ သို့သော်ငြား အကြည့်တစ်ချက်နှင့်ပင် သူမ ရင်ခုန်လာသည်။ သူ၏ မျက်နှာသည် ကျောက်စိမ်းကဲ့သို့ ချောမွေ့နေလျက် သူ့၌ သွယ်လျသော ခန္ဓာကိုယ်ရှိသည်။ သူသည် အပြာရောင်ပိုးသားဝတ်ရုံနှင့် မှင်နက်ဝါးသဏ္ဍာန်ကုတ်ကို ဝတ်ထားလေ၏။ သူက ကျက်သရေရှိပြီး ကြော့ရှင်းသည်။ သူ့ကို ဝမ်လော့ရွှယ် ကြည့်နေတာကို မြင်ပြီး သွမ့်ကျင်းထျန်က သူ့ကို ပြုံးပြလိုက်၏။
လီရှန့်ဘေးရှိ သွမ့်ကျင်းထျန်ကလည်း ချောမောသော်ြငား သူသည်သာမန် အရပ်သားဝတ်စုံကိုသာ ဝတ်ထား၏။ သူ့မိသားစုနောက်ခံသည် သာမန်ပဲဆိုတာ တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။
ဝမ်လော့ရွှယ်သည် ဧည့်သည်ဖြစ်သော လီရှန့်ကိုလည်း နှုတ်ဆက်ရန် ရည်ရွယ်ချက်မရှိဘဲ သွမ့်ကျင်းထျန်ကိုသာ ကြက်စွပ်ပြုတ်တစ်ပန်းကန်ကိုသာ ရှက်ရွံ့စွာချပေးနေ၏။ ဆုဝန်က လီရှန့်အတွက် ကြက်စွပ်ပြုတ်တစ်ပန်းကန် ချပေးလိုက်၏။ သွမ့်ကျင်းထျန်သည် ဝမ်လော့ရွှယ်ဆီမှ ကြက်စွပ်ပန်းကန်ကို ယူပြီးနောက် တစ်ဇွန်းခပ်သောက်ကာ ချီးကျုးလိုက်တော့သည်။
“ဒီကြက်စွပ်ပြုတ်က အရသာရှိလိုက်တာ၊ ဒီလိုအရသာရှိတဲ့ ကြက်စွပ်ပြုတ်မျိုး တစ်ခါမှ မစားဖူးဘူး။“
လီရှန့်က တစ်ဇွန်းသောပြီးနောက် မပြောဘဲ မနေနိုင်တော့ချေ။
“ဒီကြက်စွပ်ပြုတ်နဲ့ ယှဥ်ရင် ငါနှစ်ပေါင်းများစွာ သောက်လာတဲ့ ကြက်စွပ်ပြုတ်က ဝက်စာဖြစ်သွားသလိုပဲ”
သွမ့်ကျင်းထျန်နှင့် လီရှန့်တို့ပြောပြီးသည်နှင့် ဝမ်လော့ရွှယ်က ပြုံးကာ သိမ်မွေ့စွာ ပြောလိုက်၏။
“သွမ့်သခင်လေး ချီးကျူးနေပါပြီ။ သွမ့်သခင်လေးသာ ဒီစွပ်ပြုတ်ကို ကြိုက်ရင် ကျွန်မ ပြုတ်ရတာ အချည်းနှီး မဖြစ်တော့ပါဘူး။”
ဝမ်လော့ရွှယ်၏ စကားများသည် ဤဟင်းလျာများကို သူမချက်ပြုတ်ထားသည်ဟု ဆိုလိုသည်။
ထို့အပြင် ဝမ်လော့ရွှယ်က သွမ့်ကျင်းထျန်၏ စကားများကိုသာ အလိုက်သင့်ပြောပေးလျက် ကြက်စွပ်ပြုတ်ကို ချီးကျူးနေသော လီရှန့်အား လျစ်လျူရှုထားသည်။
ဆုဝန်က သူမကို ဖော်ထုတ်လိုက်မှာကို သူမ စိတ်မပူပေ။ ဆုဝန်က ဝမ်လော့ရှန်းကို မည်မျှ ကြိုက်ကြောင်းကို သူမ သိ၏။ ဝမ်လော့ရွှယ်က ယင်းကို အသားကျနေပြီဖြစ်၏။ လီရှန့်က မျက်မှောင် ကြုံ့လိုက်၏။ ဝမ်လော့ရွှယ်သည် တစ်ယောက်တည်းကို မျက်နှာသာပေးလွန်းခြင်းမှာ အမှန်တကယ် ရိုင်းပျလွန်း၏။
လီရှန့်၏ မိသားစုသည် ယခု ဆင်းရဲနေသော်ငြား နောက်ပိုင်းကျ ထန်ဟွားလန် စာမေးပွဲကို အောင်မြင်ကာ မြို့တော်၌ အရာရှိတစ်ယောက်ဖြစ်လာပြီး ဝမ်လော့ရှန်းထက် ရာထူး ပိုမြင့်လာမည်ဆိုတာ ဆုဝန် သိနေ၏။ လီရှန့်က ရှန်လင်း၏ သူငယ်ချင်းကောင်း ဖြစ်နေသေးသည်။
ရွာငယ်လေးကနေ အရာရှိတစ်ယောက်ဖြစ်ရန် မြို့တော်သို့ သွားနိုင်သည့် လူတစ်ယောက်က သာမန်လူများနှင့် ကွဲပြားခြားနားသည့် လေ့လာနိုင်စွမ်းရှိသည်။
လီရှန့်က ဝမ်လော့ရွှယ်၏ ရိုင်းပျမှုကို သတိပြုမိသည်။
“လူကြီးမင်းလီ ယုန်သားရော ဘယ်လိုလဲ” ဆုဝန်သည လျစ်လျူရှုခံရသော လီရှန့်ကို ဖြေလျော့ပေးရန် ကြိုးစားလိုက်၏။
လီရှန့်က ခေါင်းမော့လျက် သူ၏ မျက်နှာချင်းဆိုင်ရှိ မိန်းကလေး၂ယောက်ကို တစ်ချက် ကြည့်လိုက်သည်။ ဝမ်လော့ရွှယ်က ရိုင်းပျသော်ငြား ဆုဝန်က တွေးတတ်၏။
ထိုမိန်းကလေး၂ယောက်၏ ဝတ်စားပုံကလည်း အလွန်ကွဲပြားသည်။ တစ်ယောက်က အလွန်ကြော့ရှင်းစွာ ဝတ်ထားလျက် တစ်ယောက်က ရိုးရှင်းစွာ ဝတ်ထားသည်။ ရိုးရှင်းသည့် ပြောင်ဝတ်စုံက ကျက်သရေရှိစွာ ဝတ်ထားသူထက် ပိုလှပသည်။
ဝမ်လော့ရွှယ်၏ လက်က ဖြူဖွေးနူးညံ့သော်ငြား ရေမထိထားသည့် လက်နှင့်တူ၏။ ဆုဝန်၏ လက်များကမူ အသားမာများနှင့် လွှမ်းနေ၏။ ကြည့်ရုံဖြင့် အလုပ်ကြိုးစားတာ သိသာသည်။ ဤဟင်းလျာကို ဝမ်လော့ရွှယ် တကယ်ချက်ပြုတ်ထားတာ ဟုတ်ပါရဲ့လား။
လီရှန့်က ပြောလျက် ယုန်သားကို တူဖြင့် ကောက်မြည်းလိုက်၏။
သွမ့်ကျင်းထျန်က ကြက်စွပ်ပြုတ်ကို တစ်ဂွတ်မော့ချလိုက်ပြီးနောက် နောက်ထပ် ယုန်သားတစ်ဖဲ့ကို ပါးစပ်ထဲ ထည့်လိုက်၏။
ယုန်သားက အရသာရှိပြီး စပ်သည်။ အပြင်ပိုင်း၌ မီးနံ့သင်းသင်းဖြင့် အတွင်းက နူးညံ့နေ၏။ တစ်ကိုက်ကိုက်ရုံဖြင့် ကမ္ဘာပေါ်ရှိ ပြဿနာအားလုံးကို လူတို့အား မေ့လျော့သွားစေသည်။
သွမ့်ကျင်းထျန်က လက်ဖက်ရည်တစ်ငုံသောက်ပြီး တည်ငြိမ်အောင်လုပ်ကာ ပြောလိုက်တော့သည်။
“လော့ရှန်း နေ့တိုင်း နေ့တိုင်း မင်းနဲ့ ညစာစားဖို့ မင်းအိမ်ကို လာချင်တယ်။ မင်းညီမရဲ့ အချက်အပြုတ်လက်ရာက သိပ်အရသာရှိတာပဲ“
ဝမ်လော့ရွှယ်က ရင်ထဲ ထိတ်ကနဲ ဖြစ်သွား၏။ သွမ့်ကျင်းထျန်သာ နေ့တိုင်း လာစားမည်ဆိုလျှင် သူမ၏ လျှို့ဝှက်ချက်များ ပေါ်သွားမည် မဟုတ်ပါလော။
သို့သော် အပြန်အလှန်အနေဖြင့် ဝမ်လော့ရွှယ်က စိတ်အေးသွား၏။ ဆုဝန်ကို အရင် ချက်ခိုင်းလိုက်မယ်။ ပြီးရင် ဒါ သူကိုယ်တိုင်ချက်တာလို့ ပြောရင် ကိစ္စမရှိတော့ဘူးမလား။ မည်သည့်နည်းနှင့်မဆို သွမ့်ကျင်းထျန်သည် မီးဖိုချောင်ထဲ သွားဖို့ မဖြစ်နိုင်ပေ။
ထိုအကြောင်းကို တွေးမိပြီး ဝမ်လော့ရွှယ်က အမြန်ပြောလိုက်တော့၏။
“သွမ့်သခင်လေးက ကျွန်မချက်ပြုတ်တာကို စားဖို့ သဘာကျတယ်ဆိုရင် နေ့တိုင်းလာစားလို့ ရပါတယ်”
လီရှန့်သည် သူ့နှဖူးပေါ်ရှိ ချွေးများကို သုတ်ကာ ပြောလိုက်တော့၏။
“မိန်းကလေးဝမ် ဒီယုန်သားက စပ်ပြီး အရသာရှိလိုက်တာ။ ဘယ်လိုချက်ထားလဲ ပြောပြနိုင်မလား”
သွမ့်ကျင်းထျန်ကလည်း ဝင်ပြောသည်။
“ဟုတ်တယ် မိန်းကလေးဝမ် ဒီယုန်သားက မြို့တော်က ချက်တာထက် ပိုကောင်းတယ်။ လှည့်ကွက်များရှိလား သိချင်မိတယ်”
“ဒီယုန်သားက “ ဝမ်လော့ရွှယ်သည် လီရှန့်ကို သေအောင် မုန်းတီးသွားတော့၏။ သူမသာ မဖြေလျှင် သွမ့်ကျင်းထျန်က သူမကို ကပ်စေးနည်းသည်ဟု တွေးတော့မည်။ သို့သော် သူမ ဖြေလိုက်ပြန်လျှင်လည်း ယုန်သားကို မည်သို့ ပြုလုပ်ထားမည်မှန်း မသိပေ။
“ယုန်သားကို ကြော်ပြီး ငရုတ်သီးကို ရောထည့်လိုက်တာ” ဝမ်လော့ရွှယ်က အရူးလုပ်တော့သည်။
…