အခန်း (၅) စရန်ငွေ
ဖြစ်နိုင်ခြေများအရ သွမ့်ကျင်းထျန် ရုတ်တရက်တွေးလိုက်မိသည်မှာ ဆုဝန်သည် ဝမ်မိသားစု၏ အုပ်ထိန်းမှုအောက်တွင် နေနေရဆဲဖြစ်သည်။ ဝမ်မိသားစုက သူမ၏လစာကို ယူပါကလဲ သူမ မငြင်းဆန်နိုင်ပေ။
ဝမ်မိသားစု၏သမီးဖြစ်သူနှင့် ဆုဝန်၏ အဝတ်အစာ ကွာခြားပုံချင်း၊ ဝမ်လော့ရွှယ်က ဆုဝန်ချက်သည့် ဟင်းများကို သူမကိုယ်တိုင် ချက်ထားသည်ဟု ပြောချင်းတို့ကို ကြည့်လျှင် ဝမ်မိသားစုသည် ဆုဝန်အား ပုံမှန်အားဖြင့် ဆိုးဆိုးဝါးဝါး ဆက်ဆံကြမှန်း သိနိုင်ပေသည်။
သွမ့်ကျင်းထျန်သည် ဝမ်မိသားစုပေးခိုင်းသည့် လစာကိစ္စကို ဘာမှပြန်မပြောဘဲ
“ညီမဆုဝန်က ကျွန်တော်တို့အိမ်တော်ကို လာပြီး ချက်ပြုတ်ရမှာဆိုတော့ လစာကလဲ ဆုဝန်လက်ထဲကိုပဲ ပေးလိုက်မှာပါ” ဟုသာ ပြောလိုက်သည်။ ဘေးက လီရှန်းကလည်း
“ကျွန်တော်သိရသလောက်ဆို ဆုဝန်ရဲ့ မိဘတွေက တိမ်းပါးကုန်ပြီလို့ ပြောကြတယ်။ အကယ်၍ ဆုဝန်သာ ကျင်းထျန်တို့အိမ်တော်ကနေ လစာရရင် သူလဲ ပိုက်ဆံစုလို့ရတာပေါ့” ဟု ဝင်ပြောလိုက်သည်။
ဝမ်အမေသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။
ဝမ်အဖေကလဲ ပိုက်ဆံမရတော့မည်ကို သိသည်နှင့် မျက်နှာကြီး ရှည်ထွက်လာသည်ဟုပင် ထင်ရသည်။
သွမ့်ကျင်းထျန်သည် ဝမ်မိသားစု၏ မျက်နှာပြောင်းလဲပုံကို တွေ့လိုက်သည်။ ဆုဝန်တစ်ယောက် ဤအိမ်မှာ နေရသော အခြေအနေသည် ကောင်းမည်မဟုတ်မှန်း သိလိုက်သည်။ ကောင်းပြီ။
သွမ့်ကျင်းထျန်ဆီမှ ကမ်းလှမ်းချက် ငြင်းခံလိုက်ရသော ဝမ်ရှီးသည် မကျေမနပ်ဖြစ်သည့် အပြင် အလွန်တရာ ရှက်သွားသည်။
“ဟုတ်တာပေါ့ ဆုဝန်ကို အဲ့ဘက် အိမ်တော်ကို သွားရောက်ဖို့ သဘောတူပါတယ် ဆုဝန်က အဲ့ကို နေ့တိုင်းသွားရမှာပဲ။ ကျွန်မကလဲ အဲ့နားကကြိတ်ခွဲစက်ကို လာဖို့ရှိတယ်ဆိုတော့ အိမ်တော်နားမှာပါပဲ။ မဝေးပါဘူး”
ဝမ်အဖေသည် ဆုဝန်အား အလွတ်မပေးချင်ကြောင်းကို သိလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဆုဝန်သည် သူ့လစာကို သူကိုယ်တိုင် ကိုင်တွယ်နိုင်ပြီဖြစ်သည်။ သူမက ဆုဝန်အား ကူညီရန်ဟုပြောသော်လည်း သွမ့်ကျင်းထျန်က နားလည်ပါသည်။ ဝမ်မိသားစုသည် သူငယ်ချင်းဟောင်း၏ သမီးဖြစ်သူအား အခိုင်းအစေတစ်ဦးသဖွယ် အသုံးချနေကြသည်။ အိမ်တွင်း အိမ်ပြင် အလုပ်အားလုံးကို ခိုင်းနေသည်။
သွမ့်ကျင်းထျန်သည် ပို၍ပင် အားတက်သွားသည်။
သူသည် ဝမ်သခင်မ၏မျက်နှာအား ပရိယာယ်ဖြင့် ကြည့်ကာ ပြုံး၍
“အဒေါ် ဆုဝန်ကို ကျွန်တော့်အိမ်တော်ကို မလွှတ်ချင်ဘူးဆိုရင် ဒီမှာ လော့ရွှယ်ရှိတာပဲလေ။ ခြံတွင်း ခြံပြင် အလုပ်တွေ သူရော လုပ်တတ်တယ် မဟုတ်ဘူးလား။”
အလုပ်ပျင်းသော မိန်းကလေးတစ်ယောက်ဖြစ်ခြင်းသည် ကောင်းသော ဂုဏ်သတင်းတော့ မဟုတ်။ ထို့ကြောင့် ဝမ်အမေသည် အမြန်ပြန်ရှင်းပြလိုက်ရသည်။
“လော့ရွှယ်က ဒါတွေကို လုပ်နေကျပါပဲ ဒါပေမဲ့ ဆုဝန်သာ လော့ရွှယ်ကို ကူညီလုပ်ပေးမယ်ဆို ပိုလွယ်သွားတာပေါ့”
သူမသာ သွမ့်အိမ်တော်သို့ သွားရောက်၍ ချက်ပြုတ်ပေးရမည် ဆိုလျှင် သူမသည် သွမ့်ကျင်းထျန်အတွက်သာ တာဝန်ယူ၍ ချက်ပြုတ်ပေးရမည်။ အလုပ်ကလဲ လွယ်ကူသည်။ လှည်း၊ မြင်းတို့နှင့် သူမကို နေ့တိုင်းလာကြိုပေးမည့်အပြင် လစာများများလဲ လတိုင်း ရဦးမည်။
အကယ်၍ ဝမ်မိသားစုသာ ဆုဝန်ကို တကယ်ကောင်းစေချင်လျှင် သူမသည် ဤမျှကောင်းသော အခွင့်အရေးကို လက်လွှတ်၍ အိမ်အလုပ်ချည်းပဲ လုပ်နေစရာမလို။
သွမ့်ကျင်းထျန်၏မျက်နှာတွင် အပြုံးပျောက်သွားကာ ခက်ထန်သော အသံဖြင့် ပြောလိုက်သည်။
“ကျွန်တော့်အဖေက လွန်ခဲ့တဲ့ နှစ်တွေကတည်းက မြို့တော်ကိုသွားပြီး အမြို့မြို့အနယ်နယ်က အင်ပါယာစာမေးပွဲ မေးခွန်းတွေကိုလဲ ရလာတဲ့အပြင် အဲ့မေးခွန်းတွေနဲ့ စာမေးပွဲစစ်သူတွေရဲ့ မှတ်ချက်တွေကိုလဲ ကူးယူလာခဲ့တယ်။ ကျွန်တော် အဲဒါတွေကို အစ်ကိုဝမ့်ကို ပြချင်ပါသေးတယ်”
ပြီးပြည့်စုံသော အနယ်နယ်အရပ်ရပ်မှာ အင်ပါယာမေးခွန်းများနှင့် စာမေးပွဲစစ်သူများ၏ မှတ်ချက်များမှာ ရရှိရန် အလွန်ခက်ခဲကြောင်း ဝမ်လော့ရှန်းက သိသည်။ သူ့ယခင်ဘဝတွင် ဤအင်ပါယာစာမေးပွဲကို ချောချောမွေ့မွေ့ ဖြေဆိုနိုင်ခဲ့ခြင်းမှာ သွမ့်မိသားစုဆီက ထိုစာများကို ဖတ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
အချို့အရာများသည် ပြောင်းလဲသွားသော်လည်း တူညီသော ပန်းတိုင်သို့ပင် ဦးတည်နေပြီး တူညီသော အခွင့်အရေးကလဲ သူ့မျက်စိရှေ့တွင် ရှိနေလေသည်။
သူသည် စကားရှင်းအောင် မပြောလိုက်သော်လည်း သွမ့်ကျင်းထျန် ဆိုလိုချင်သည်မှာ ရှင်းလှပါသည်။ ဝမ်မိသားစုသာ ဆုဝန်ကို သွမ့်အိမ်တော်သို့ ထမင်းချက်လုပ်ရန် ခွင့်ပြုပေးလျှင် သူ့တွင်ရှိသော ရှာရခက်သည့် မေးခွန်းစာရွက်များကို ဝမ်လော့ရှန်းနှင့် အတူမျှဝေမည်။
ဝမ်လော့ရှန်းက “ အစ်ကိုသွမ့်က ဆုဝန်လက်ရာကို ခံတွင်းတွေ့တယ်ဆိုတာမျိုးက တကယ့်ကို ရှားပါးဖြစ်စဥ်ပဲ။ ဆိုတော့ ဆုဝန်ကို သွမ့်အိမ်တော်ကို လွှတ်လိုက်ပါ”
သူသည် သွမ့်ကျင်းထျန်ပြောသော မေးခွန်းစာရွက်၏ အသုံးဝင်ကြောင်းကို သေချာသိသောကြောင့် ဆုဝန်အား သွမ့်အိမ်တော်သို့ လွှတ်ရန် စိတ်ပြောင်းလိုက်ခြင်းဖြစ်ပေသည်။ သူမ မနက်ဖြန်မှစ၍ သွားနိုင်ပြီဖြစ်သည်။
ထို့ပြင် သွမ့်ကျင်းထျန်က ဆုဝန်အား သူမလစာကို ပေးလျှင်တောင် သူက ဆုဝန်ဆီက ပြန်တောင်း၍ရသည်။ ဆုဝန်သည် ဝမ်လော့ရှန်းကို သဘောကျသည်။ ထို့ကြောင့် ဘာမှမတတ်နိုင်သော်လည်း စကားနားထောင်၍ ပေးရမည်သာဖြစ်သည်။
ဝမ်အဖေကတော့ အဆင်မပြေဖြစ်နေသည်။ ဤသို့နည်းလမ်းဖြင့် ဆုဝန်ကံကောင်းသွားမည်ကို မလိုချင်ပေ။ ဆုဝန်သည် ဝမ်လောရှန်း၏ အိမ်ထောက်ဖက်အဖြစ် မလုံလောက်သော်လည်း သူမ၏အစားအစာများမှာ အရသာရှိလှသည်။ သူမသာ သွမ့်အိမ်တော်သို့ရောက်သွားလျှင် သူတို့မိသားစု ဘယ်အစားအစာကို စားရမည်နည်း။
ဝမ်အဖေသည် သူ့မျက်လုံးကိုဝေ့ကြည့်လျက် “ ဆုဝန်ကို သွမ့်အိမ်တော်မှာ အလုပ်လုပ်ခိုင်းတာ အကြံကောင်းပါ။ ဒါပေမဲ့ လော့ရှန်းက ဆုဝန်ရဲ့ လက်ရာတွေနဲ့ ကျင့်သားရနေပြီ။ ဆုဝန်က သွမ့်အိမ်တော်ကို ပထမဆုံးအကြိမ် သွားမှာဆိုတော့ ကျုပ်လဲ နေသားတော့ မကျသေးဘူး။ လော့ရှန်းကို ကျောင်းကပြန်လာတာနဲ့ ညစာကို သခင်လေးတို့အိမ်တော်မှာ အေးဆေးနားပြီး စားစေရင်ရော ဘယ်လိုလဲ။ စာလဲ တူတူလေ့လာလို့ အဆင်ပြေတာပေါ့”
ဝမ်အဖေပြောသည့် “လော့ရှန်းက ဆုဝန်ရဲ့ လက်ရာတွေနဲ့ ကျင့်သားရနေပြီ” ဟူသော စကားသည် သူမသည် ဝမ်မိသားစုအတွက် ချက်ပြုတ်နေကျဖြစ်ကြောင်း ထောက်ခံလိုက်သည်။ ထို့ပြင် ဝမ်လော့ရွှယ်က ဤဟင်းလျာအားလုံးကို သူမ ပြင်ဆင်ထားပါသည်ဟု လိမ်ညာပြောဆိုကြောင်း အထောက်အထားလဲ ဖြစ်သွားသည်။ သွမ့်ကျင်းထျန်သည် ဝမ်မိသားစုကို ပို၍ပင် မနှစ်မြို့ ဖြစ်သွားလေသည်။
ဝမ်လော့ရှန်းကို ကျောင်းအပြန် ညနေအချိန်များတွင် သွမ့်အိမ်တော်သို့ သွားစေခြင်းဖြင့် သူသည် သွမ့်အိမ်တော်တွင် အလကားနေနိုင် စားနိုင်ရုံသာမက ရှားပါးစာပေများကိုလဲ ဖတ်ရှု လေ့လာနိုင်ပေသည်၊ သွမ့်ကျင်းထျန်နှင့် ပိုမို၍လည်း နီးနီးကပ်ကပ်နေနိုင်ပေမည်။
ဝမ်လော့ရှန်းကလည်း ဤအကြံကိုလက်ခံသည်။ သွမ့်ကျင်းထျန်နှင့်ဆိုလျှင် စာပေအစုများကို လဲ လေ့လာနိုင်မည့်အပြင် သွမ့်မိသားစုနှင့်လဲ ပို၍ နီးစပ်စွာ ဆက်သွယ် လာနိုင်သည်၊ တကယ်ကောင်းလှသည်။ သူမျှော်မှန်းထားသည့်အတိုင်း ယခင်ဘဝကထက်ပင် ပို၍ ကောင်းလေသည်။
သွမ့်ကျင်းထျန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သူသည် ပညာသင်ဆုပေးအပ်ခံရသော စာသင်ဖက် ဝမ်လော့ရှန်းနှင့် ရင်းနှီးလိုသည်။ ဝမ်လော့ရှန်းသည် လွန်ခဲ့သော နှစ်အနည်းငယ်က သာမန်သာ ဖြစ်သော်လည်း မကြာသေးမီနှစ်များက သူအလွန် ထူးချွန်လာခဲ့သည်။ နောက်ဆုံးတွင် သူသည် ပထမဆုကိုတောင်ရခဲ့သည်ကို အားလုံးက လက်ခံခဲ့ကြရသည်။
သို့သော် ယနေ့ဖြစ်သွားသော ဖြစ်ရပ်သည် ဝမ်မိသားစုနှင့် ဝမ်လော့ရှန်းအပေါ် သွမ့်ကျင်းထျန်၏ အမြင်နိမ့်သွားစေသည်ကတော့ အမှန်ပင်။
သို့သော် ဝမ်လော့ရှန်းအား သူနှင့်အတူ အိမ်မှာ စာလေ့လာဖို့ဖိတ်ရန် ပြင်ထားသည်ကိုပါ သတိရသွားသည်။ ထို့အပြင် ဝမ်လော့ရှန်းသည် တကယ်ပင်ကြိုးစားသည်။ သူ့ခေါင်းဆောင်မှုအောက်မှ စာပေလေ့လာရခြင်းသည် ကျေနပ်ဖွယ်ကောင်းပေမည်။ နောက်ဆုံး ဝမ်အဖေ၊ ဝမ်အမေနှင့် ဝမ်လော့ရွှယ်တို့ကလည်း ဝမ်လော့ရှန်းနှင့် ပတ်သက်၍ ဘာမှလုပ်နိုင်မည်တော့ မဟုတ်ပေ။ ထို့ကြောင့် သွမ့်ကျင်းထျန်က “လူကြီးလူကောင်းတစ်ယောက်ဟာ အခြားအိမ်က အလှအပတွေကို မလုယူပါဘူးဗျာ။ အစ်ကိုဝမ်ကလည်း ဆုဝန်ရဲ့ အစားအသောက်တွေနဲ့ အသားကျနေပြီဆိုတော့ အပြောင်းအလဲ ဖြစ်သွားရင် သိပ်အဆင်ပြေမှာ မဟုတ်ဘူး။ ဆိုတော့ ကျွန်တော့်အိမ်တော်ကို လာပြီး နေ့တိုင်းစားပါ။ အတူစားလို့ အတူစာလေ့လာကြတာပေါ့”
ထိုအချိန်တွင် သွမ့်ကျင်းထျန်သည် တုံ့ဆိုင်းနေသည်ကို ဆုဝန်သတိထားမိလိုက်သည်။ ထိုသို့ တွန့်ဆုတ်နေခြင်းသည် သူ စိတ်မပါကြောင်းကို ပြနေသည်။ စာအုပ်ထဲတွင် သွမ့်ကျင်းထျန်သည် ဝမ်အိမ်တော်ကို မကြာခဏလာကာ ဝမ်လော့ရှန်းနှင့် ရင်းနှီးအောင်နေသည်။ သူ့အိမ်သို့လည်း ဖိတ်သည်။ အတူတူ စာလေ့လာကြဖို့ စိတ်အားထက်သန်လှသည်။ ယခုအခြေအနေနှင့် ကွဲပြားလှပေသည်။
မည်သို့ပင်ဖြစ်စေ ဆုဝန်တစ်ယောက် သွမ့်အိမ်တော်သို့ သွားရောက်အလုပ်လုပ်ရန်မှာ သေချာသွားပြီ။ ဝတ္ထုထဲတွင် သွမ့်ကျင်းထျန်သည် ဝမ်မိသားစုဆီ မကြာခဏလာ၍ ဝမ်လော့ရွှယ်၏ လက်ရာကို စားသည်ဟု ဆိုသည်။ ဆုဝန်ချက်သောဟင်းအတွက် ဆုဝန်မှာ ကျော်ကြားခြင်းမရှိခဲ့ရ။ သို့သော် ယခုအချိန်တွင်မူ သူမသည် သွမ့်အိမ်တော်သို့ သွားရောက် အလုပ်လုပ်ကိုင်၍ လစာပင် ရဦးမည်။
လီရှန်းနှင့် သွမ့်ကျင်းထျန်တို့သည် ဝမ်အိမ်တော်တွင် ညစာစားပြီးနောက် ဝမ်လော့ရှန်းအား “အစ်ကိုဝမ် အစ်ကိုရှန်နဲ့ အစ်ကိုနဲ့က တစ်ရွာတည်းသားတွေဆို။ အစ်ကိုရှန့်အိမ်ကို အတူတူသွားလည်ကြရအောင်”
သူတို့ပြောသော အစ်ကိုရှန်ဟူသည် ရှန်လင်းကို ပြောတာဖြစ်သည်။ ရှန်လင်းသည် ဆုဝန်ယခင်ဘဝက သူမအပေါ် အကောင်းဆုံးဆက်ဆံပေးသော သူဖြစ်သည်။
လွန်ခဲ့သောသုံးနှစ်၊ ရှန်လင်းသည် ကျောင်းတွင် ပညာသင်ကြားနေစဥ်က ကျောင်းတွင် အတော်ဆုံးထဲမှ တစ်ယောက်ဖြစ်ခဲ့သည်။ သို့သော် သူသည် ဆန့်ကျင်တတ်သော လူတစ်ယောက်သဖွယ် နေတတ်သောကြောင့် သွမ့်ကျင်းထျန်က သူနှင့်ရင်းနှီးအောင် နေရာမှ စတင် လက်လျှော့ခဲ့တာဖြစ်သည်။
ထို့နောက် ရှန်လင်းသည် ကျောင်းမှ ရုတ်တရက် ထွက်သွားသည်။ သွမ့်ကျင်းထျန်သည် ပုံမှန်နေမြဲအတိုင်း နေနေသူဖြစ်၍ ထိုကိစ္စအပေါ် အများကြီး စိတ်မဝင်စားခဲ့ပေ။ သို့သော် ဒီနေ့ ဝမ်အိမ်တော်သို့ ရောက်သောအခါမှ ရှန်လင်းနှင့် ဝမ်လော့ရှန်းသည် တစ်ရွာတည်းနေခြင်းဖြစ်ကြောင်း သူသတိထားမိခြင်းဖြစ်သည်။
ရှန်မိသားစုနှင့် ဝမ်မိသားစုသည် တစ်ရွာတည်း နေကြရုံတင်မဟုတ်။ အိမ်နီးချင်းများလည်း ဖြစ်ကြသည်။
ဝမ်အမေသည် သွမ့်ကျင်းထျန်တို့ ရှန်အိမ်တော်ဆီသွားမည်ကို ကြားသောအခါ အရှေ့သို့ အမြန်လာ၍
“အဲ့ ရှန်လင်းဟာ ဘယ်လောက်တောင် လူမှုရေးမရှိလိုက်သလဲ။ ရပ်ကွက်ထဲက ဘယ်သူမှ သူ့ကို ရယ်တောင် မပြရဲဘူး၊ သခင်လေး သွမ့်က အဲ့လိုလူနဲ့ ဘယ်လိုသိတာလဲ”
ဆုဝန်ကမူ လှောင်ပြုံးပြုံးလိုက်သည်။ ရှန်မိသားစုသည် ဝမ်မိသားစုထက် ပို၍ အနေအထိုင် အဆင့်အတန်းမြင့်သည်။ ဝမ်မိသားစုက ရှန်လင်း၏ မိခင်ကို မနာလိုနေကြခြင်းဖြစ်သည်။
ရှန်လင်း၏ဖခင်သည် မမျှော်လင့်ဘဲ သေဆုံးသွားပြီးသည့်နောက် ရှန်အိမ်တော်သည် ပျက်စီးခဲ့ရသည်။ ဝမ်အိမ်တော်ကလည်း ဒုက္ခအမျိုးမျိုးပေးခဲ့သည်။
သွမ့်ကျင်းထျန်သည် စိတ်ညစ်သွားသည်။ ရှန်လင်းသည် သူ့ကို မိုင်ပေါင်းများစွာ အကွာအဝေးထား၍ ငြင်းပယ်သော်လဲ သူကမူ ရှန်လင်းအား အသိအမှတ်ပြု၍ လေးစားသည်။ ထို့ကြောင့် ဝမ်သခင်မ၏ စကားကို သူသဘောမတွေ့ပေ။
ထိုအချိန်တွင် ဝမ်လော့ရှန်းက “အစ်ကိုသွမ့် ကျွန်တော်တို့ ကျောင်းကို ပြန်ရမယ်လေ။ မဟုတ်ရင် နေ့လယ်အတန်းကို မီမှာ မဟုတ်ဘူး”
ဝမ်လော့ရှန်း၏ အိမ်သည် ချင်းရှီရွာတွင်ဖြစ်ပြီး ကျောင်းသည် ချင်းယွင်ပြည်တွင် ဖြစ်သည်။ ရထားလုံးနှင့် သွားလျှင် အချိန်အများကြီးမကြာပါ။ သို့သော် နေ့လယ်နားချိန်သည်လဲ အချိန်ကမများ။ အကယ်၍ ရှန်အိမ်တော်သို့ သွားလျှင် အနည်းငယ် ဒုက္ခများမည်ဖြစ်သည်။
သွမ့်ကျင်းထျန်သည် အရှုံးပေးလိုက်ပြီး မီးဖိုထဲသို့ ဝင်သွားကာ ရေအေးတစ်ကျိုက်မော့ချလိုက်သည်။ ထို့နောက် ဝမ်လော့ရှန်း၊ လီရှန်းတို့နှင့်အတူ ရထားလုံးထဲသို့ ပြန်ဝင်ကာ ကျောင်းသို့ ပြန်သွားတော့သည်။
ဆုဝန်သည် မီးဖိုထဲသို့ ပြန်သွားပြီး သူမလက်သီးဆုပ်လေးကို ဖြန့်လိုက်သည်။ ထိုအရာမှာ ငွေစတစ်စ ဖြစ်သည်။
ဆုဝန်သည် ကျန်သော စားစရာများကို မီးဖိုထဲသို့ သယ်နေသည်။ သွမ့်ကျင်းထျန်သည် ရေသောက်ပြီးနောက် ယောက်ချိုဇွန်းကို ချလိုက်ကာ မီးဖိုဘက်ကို လျှောက်လာခဲ့သည်။
ဆုဝန်က ခေါင်းမော့ကြည့်လိုက်သောအခါ သွမ့်ကျင်းထျန်သည် ငွေစပဲ့လေးအား ရေအိုးနှုတ်ခမ်းပေါ်သို့ တင်ပေးပြီး နှုတ်ခမ်းလေးလှုပ်ရုံဖြင့် “စရန်ငွေယူထား” ဟုပြောလိုက်သည်။
ဆုဝန်သည် မူလက လစာရလျှင် ရှန်မိသားစုဆီက အိမ်လေးငှားရန်ဖြစ်စေ၊ ရှန်မိသားစုအိမ်တော်ကို တိုက်ရိုက်ငှားရန်ဖြစ်ဖြစ် လုပ်ပြီး ဝမ်မိသားစုမှ ထွက်သွားရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။
ယခု သွမ့်ကျင်းထျန်က စရန်ငွေပါ ပေးသောအခါ သူမသည် ဝမ်အိမ်တော်မှ ထွက်သွားရန် ပို၍ ယုံကြည်ချက်ရှိသွားသည်။
ဝမ်အဖေ၊ ဝမ်အမေနှင့် ဝမ်လော့ရွှယ်တို့သည် ဆုဝန်အား သင်ခန်းစာပေးရန်ကြံလျက် ဧည့်သည်များ ပြန်သွားသည်အထိ စောင့်ကြည့်နေကြသည်။ ဆုဝန်သည် ဝမ်လော့ရွှယ်ကို ယနေ့ ကြီးကြီးမားမား အရှက်ရစေခဲ့သည်။
မီးဖိုထဲသို့ လျှောက်လာသောအခါ မဆေးရသေးသော ပန်းကန်များ၊ အိုးများနှင့် မီးဖိုကိုသာ တွေ့လိုက်ရပြီး ဆုဝန်၏ အရိပ်အယောင်ကို တော့ မမြင်ရပေ။
-----------------------