အခန်း (၁၂)
ဝမ်လော့ရှန်း အကြောက်ဆုံးသောအရာသည် ဖြစ်လာတော့မည်။ ယနေ့ သူသည် စာအုပ်တစ်အုပ်မျှ ယူမလာခဲ့ပေ။ ထို့ပြင် သူဖတ်ထားသောစာ၏ ခေါင်းစဥ်သည် ဆရာတု သင်ထားသောစာ လုံးဝမဟုတ်။
ပုံမှန်အားဖြင့် ဆရာသည် လွယ်ကူသော မေးခွန်းကိုမေးခဲ့လျှင် သူသည် ကြိုးစားပြီး စိစစ်၍ ဖြေရုံမျှသာ ဖြေနိုင်လိမ့်မည်။ အကယ်၍ ခက်ခဲသော မေးခွန်းကို မေးခဲ့လျှင်ရော။ သူ့တွင် ဖတ်စာအုပ်မပါပေ။ ထို့ကြောင့် ရှေ့တွင်ဖြေသောသူကို နားထောင်ပြီး အသိတစ်ဝက်မျှနှင့် မည်သို့ဖြေရမည်ကို တုံ့ဆိုင်းနေမိသည်။
ဝမ်လော့ရှန်းသည် ယနေ့ မေးခွန်းများဖြေရာတွင် မတည်ငြိမ်ဘဲ သဘောထားကြီးပုံ မပေါ်သည်ကို မြင်သောအခါ ဆရာတုသည် ဝမ်လော့ရှန်းဘေးသို့ ခြေလှမ်းအနည်းငယ် လျှောက်လာလေသည်။
အဖြေဖြေနေစဥ် သူသည် ကျောင်းသားဘေးသို့လျှောက်လာကာ ကျောင်းသား၏ အဖြေကို နားထောင်တတ်သည်။ ဤသည်မှာ ဆရာတု၏ စာတော်သောကျောင်းသားများအပေါ် ကျေနပ်ဖွယ်ရာ ဂရုစိုက်မှုပင် ဖြစ်သည်။
ဝမ်လော့ရှန်း မဖြေနိုင်သည်ကို မြင်သောအခါ ဆရာတုသည် ဝမ်လော့ရှန်းအား စကားလုံးအနည်းငယ်နှင့် သတိပေးချင်လာသည်။ ထိုအချိန်တွင် သူသည် ခေါင်းကိုငုံ့လိုက်သောအခါ ဝမ်လော့ရှန်း၏စာအုပ်သည် သူပြောထားသော စာအုပ်၏အထူနှင့် ကွဲပြားနေပြီး စာအုပ်မှားနေသည်ကို တွေ့လိုက်ရသည်။
ဆရာတုသည် ဝမ်လော့ရှန်း၏ စာအုပ်ကို လက်ထဲတွင်ကိုင်ကာ ဆွဲထုတ်လိုက်သည်။ သူ့လက်ထဲမှ စာအုပ်၏ အလေးချိန်သည် တစ်ခုခုလွဲနေသည်။ သူသည်အဖုံးကိုလှန်လိုက်သောအခါ “ဓလေ့ရိုးရာ” စာအုပ်၏ ကူးရေးထားသော စာအုပ်ဖြစ်နေသည်။
ဝမ်လော့ရှန်း၏ ခေါင်းမှ ချွေးစေးများပင် ထွက်နေပြီ။
ဆရာတု၏မျက်နှာသည် မည်းတက်လာပြီး ပြောလိုက်သည်။
“ငါတို့ခုဖတ်နေတာ ကျော့ကျွမ်းတဲ့လား၊ လီ မင်းကရော ဘယ်လိုထင်လဲ”
အခြားနည်းလမ်းမရှိတော့ပေ၊ ဝမ်လော့ရှန်းသည် အမှန်အတိုင်းပြောပြရတော့သည်။
“ဒီနေ့အိမ်မှာ အရေးကြီးကိစ္စလေးဖြစ်သွားလို့ ကျော့ကျွမ်းဖတ်စာအုပ်ကို ယူဖို့အချိန် မရှိလိုက်လို့ပါ ဆရာ”
ဆရာတုသည် သူ၏ဂုဏ်ယူဖွယ်ရာ တပည့်ကို ဒေါသထွက်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
“မင်းစာအုပ်ယူဖို့မေ့လာရင် မင်းဘေးခုံက သူငယ်ချင်းဆီကနေ တူတူကြည့်ပြီး ဆက်လုပ်သွားလို့ ရနေတာပဲ။ ပြောစမ်းပါ စာအုပ်မေ့လာလို့ဆိုပြီး ငါ့ဆီက အဆူခံရမှာ ကြောက်လို့လား။ ငါအရူးလုပ်ခံလိုက်ရတာပဲ”
ဝမ်လော့ရှန်းသည် အလွန်ရှက်သွားပြီး ပြေးဝင်စရာ မြေတွင်းကို ရှာနေမိသည်။ (သေးသေးလေးဖြစ်ပြီး ပျောက်သွားချင်ပါတယ်ပေါ့)သူသည် စကားလုံးအနည်းငယ်သာ ပြောနိုင်သည်။ “ကျွန်တော်.... ကျွန်တော်....”
ဆရာတုသည် ဝမ်လော့ရှန်းဘေးမှ ကျန်းသာ့ရှီဘက်ကို လှည့်ကြည့်လိုက်သည်။ “မင်းပညာသင်ဖက်က ဖတ်စာအုပ် ယူလာဖို့မေ့ခဲ့တယ်ပေါ့၊ တကယ့်ကို ဂရုမစိုက်တာပဲ ဒါ လူတစ်ယောက်ရဲ့ လုပ်ရပ်တောင်မဟုတ်ဘူး”
ကျန်းသာ့ရှီသည် အရေထူသည်။ သူသည် ပြစ်ဒဏ်အတွက် ရှေ့ထွက်လျှင်တောင် အဆူတော့ခံရမည်ဖြစ်သည်၊ ထို့ပြင် လူတစ်ယောက်ပင် မဟုတ်ဟု အပြောမခံနိုင်ပေ။
ကျန်းသာ့ရှီက “ ကျွန်တော် ဝမ်လော့ရှန်းကို ဖတ်ခဲ့ဖို့ပြောပါတယ်။ ဒါပေမဲ့ သူ မဖတ်တာပါ”
ဝမ်လော့ရှန်းတွင် ပြန်လည်ချေပစရာ နည်းလမ်းမရှိတော့ပေ။
ဝမ်လော့ရှန်းက တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဘေးခုံမှ သူ့စာသင်ဖက်ပြောသည်များက အမှန်ဖြစ်ကြောင်းကို ဆရာတု သိလိုက်သည်။
ဆရာတုသည် ဝမ်လော့ရှန်းအား လိမ်ညာခြင်း၊ အမှားကို ရှောင်ရှားခြင်း၊ တစ်ခန်းလုံးကို အရူးလုပ်ခြင်းတို့အပေါ် ကြီးကြီးမားမားအပြစ်တင်ပြီး အပြင်ထွက်ကာ မတ်တတ်ရပ်စေသည်။
ဝမ်လော့ရှန်း ဤသို့ အရှက်ရခြင်းမှာ ပထမအကြိမ်ဖြစ်သည်။ သူ့စာသင်ဖက်များ သူ့ကို မည်သို့တွေးနေမည်ကိုပင် သူမသိတော့ပေ။
ယနေ့သည် ဤသို့ ရှက်ဖွယ်ကောင်းသောကိစ္စ ဖြစ်ခြင်းမှာ ပထမဆုံးနှင့် နောက်ဆုံးပင် ဖြစ်ရမည်ဟု အပြင်မှာရပ်နေရင်း သူ့ဘာသာသူ တွေးလိုက်သည်။
ယနေ့ဖြစ်သမျှ အားလုံးသည် မတော်တဆသာဖြစ်သည်။
ထိုအရာများအားလုံးကို လုပ်ဖို့ဆိုတာ မခက်ခဲပေ။ သို့သော် ဆုဝန်ထွက်သွားပြီးနောက် သူ့မှာ ပြင်ဆင်ဖို့အချိန် မရလိုက်သောကြောင့်သာ ဖြစ်သည်။
မနက်ဖြန် ငါ့ ပုံမှန် စာလေ့လာမှုနဲ့ ဘဝ ပြန်ဖြစ်စေရမယ်။
ဝမ်လော့ရှန်းသည် တစ်မနက်လုံးအတန်းပြင်မှာ မတ်တတ်ရပ်နေရသောကြောင့် မနက်ပိုင်းအတန်းကို လွတ်သွားလေသည်။ သူသည် လွတ်သမျှကို သွမ့်ကျင်းထျန်အိမ်တွင် လုပ်ပြီး ပြီးမှ ညနေရောက်လျှင် အိမ်သို့ပြန်ရမည်။ သို့မှသာ စာမလွတ်မည်ဖြစ်သည်။
ဝမ်လော့ရှန်းသည် တစ်မနက်လုံး အတန်းပြင်ထွက်နေရသော်လည်း သွမ့်ကျင်းထျန်ကမူ အံ့အားသင့်ဖွယ်ကောင်းစွာ စာကို စူးစိုက်လေ့လာနေလေသည်။ ထို့ကြောင့် သူသည် ယနေ့ ဘာဖြစ်သွားမှန်း မသိလိုက်ချေ။
ပုံမှန်အားဖြင့် သူသည် ကျောင်းရောက်လျှင် ပျင်းပြီး ဆရာမ စာသင်နေတာ နားထောင်ရင်း အိပ်ပျော်သွားတတ်သည်။ ယနေ့တွင်မူ ကျောင်းရောက်ကတည်းက မျက်လုံးများနှင့် နားများသည် ကြည်လင်ပြီး လန်းဆန်းနေသည်။
ဒီနေ့မနက် ဆုဝန်၏အစားအစာများ စားရသည်မှာ သွမ့်ကျင်းထျန်အတွက် သက်သောင့်သက်သာမရှိဟု ပြောရမှာ ထူးဆန်းဖွယ်ကောင်းသည်။ အစားအစာများမှာ အရသာမရှိ၍မဟုတ် ၊ သွမ့်ကျင်းထျန်သည် အမြဲ ပေါင်မုန့်ပူပူ၊ ဖက်ထုတ်၊ အီကြာကွေး သို့မဟုတ် ခေါက်ဆွဲပြုတ် တိုကို သူနိုးလာတိုင်း စားလေ့ရှိသည်။ အဆီရစ်ကာ စာဖတ်သည်ကို အထောက်အကူ မပြုစေပေ။
ယနေ့လဲ ဆုဝန်သည် မနက်စာကို အမျိုးအစား အများကြီး လုပ်ပေးသည်။ သို့သော် သွမ့်ကျင်းထျန်သည် မနက်စာကို ဘယ်တော့မှ ကျေနပ်ရောင့်ရဲခြင်းမရှိဘဲ သူ့ကိုယ်သူ ဗိုက်မဝသေးဟု ခံစားရသည်။
သွမ့်ကျင်းထျန်သည် ဆုဝန်ကို သူ့အဖို့ နောက်ထပ် ခေါက်ဆွဲတစ်ပန်းကန် ထပ်ချက်ပေးရန် ပြောသော်လည်း ဆုဝန်က သူမ လုပ်ပေးသော မနက်စာသည် သွမ့်ကျင်းထျန်အတွက် မနက်ခင်းစာ လုံလောက်ပြီဟု ဆိုကာ ငြင်းသည်။ အများကြီးစားလျှင် မကောင်း ဟုလည်း ဆိုသည်။
ဆုဝန်၏ပုံစံသည် အလွန်တည်ငြိမ်သည်။ ထို့ကြောင့် သွမ့်ကျင်းထျန်သည် ဆုဝန်၏ မနက်စာကို မကြိုက်ဟုပြောပြီး ဆုဝန်ကိုမနာကျင်စေလို။ ထို့ကြောင့် သူသည် တစ်ဝက်အပြည့်စားပြီးနောက် ထွက်လာခဲ့သည်။
သွမ့်ကျင်းထျန် ထွက်လာသည်အထိ ဗိုက်ဆာနေသေးသည်မှာ ထူးဆန်းသည် ဟု ဆိုနိုင်သည်။ သို့သော် လမ်းတစ်ဝက်အရောက်တွင် သွမ့်ကျင်းထျန်သည် ဗိုက်ဆာသည်ကို မခံစားရတော့ဘဲ ဖော်ပြ၍ မရနိုင်လောက်သည့် ပေါ့ပါးမှုမျိုးကို ခံစားလိုက်ရသည်။
အဆောင်သို့ ရောက်သောအခါ သွမ့်ကျင်းထျန်သည် ထုံးစံအတိုင်းခဏ အနားယူသည်။ သို့သော် ယနေ့တွင်မူ ထူးထူးခြားခြား အားအင်ပြည့်ဝနေသလို ခံစားရသည်။ ထို့ကြောင့် အနားယူရန်ပင် မလိုပေ။
ငပျင်းလေးသွမ့်ကျင်းထျန် စာအုပ်ဖွင့်ဖတ်နေသည့်မြင်ကွင်းကို မနက်ခင်း ကျောင်းထဲသို့ဝင်လာသော ဆရာတုက မြင်သွားသည်။ ဆရာတုသည် သွမ့်ကျင်းထျန်နံဘေးသို့ လျှောက်လာပြီး ခုံကို လက်ဖြင့်ခေါက်ကာ
“မဆိုးဘူးပဲ” ဟု ပြောသွားလေသည်။ ထို့နောက် ကောင်းသောအနေအထားနှင့် တော်သည်ဟု ချီးကျူးမှုများကို လေးလေးနက်နက် သိုဝှက်ကာ လှည့်ထွက်သွားလေသည်။
သွမ့်ကျင်းထျန်သည် စာအုပ်ကို ပုံမှန်အတိုင်း ကောက်ကိုင်လိုက်ကာ ခပ်သွက်သွက်ကလေး လှန်ဖတ်လိုက်သည်။ ဆရာတု၏ စကားလေးတစ်ခွန်းသည် သွမ့်ကျင်းထျန်အား မတော်တဆ စာကို ဂရုတစိုက် ဖတ်လာစေသည်။
“ကြည့်နေ ဖတ်နေတာက အရေးမကြီးဘူး၊ ကြည့်ပြီး ဖတ်ပြီးရင် ဒီစာထဲကို နစ်မြောရမယ်။ စာပိုဒ်ကို ဖတ်ဖတ်ခြင်းတော့ ကျေညက်တယ်လို့ ခံစားရမှာ မဟုတ်ဘူး။ တစ်လုံးချင်း သေချာဖတ်ပါ။ နားမလည်ဘူးဆိုရင် အောက်မှာရေးထားတဲ့ မှတ်စုတွေကိုကြည့်၊ ဘာမှ နားမလည်စရာ ရှိလာမှာ မဟုတ်ဘူး။ အချိန်အနည်းငယ်လောက် သေချာတွေးပြီးရင် ရုတ်တရက်ဆိုသလို ရှင်းသွားလိမ့်မယ်”
ဟေး ဒီနေ့က တကယ့်ကို ထူးဆန်းတယ်။ သူသည် ရုတ်တရက် ရန်တု၏ ဒုတိယစာအုပ်ကို ဖွင့်လိုက်သည်။
သွမ့်ကျင်းထျန်သည် ဉာဏ်ကောင်းသည်။ ထို့ကြောင့် သူသည် ယနေ့ ဖတ်ထားသည်များကို သေချာ အဓိပ္ပာယ်ပြန်ပြီး အဓိပ္ပာယ်ကို နောက်တစ်ခေါက် ပြန်ပြောကြည့်သည်။ ထို့နောက် စာအုပ်ကိုပိတ်ကာ စာတစ်ပုဒ်လုံးကို ပြန်စဥ်းစားကြည့်လေသည်။
အသံတိုးတိုးလေးနှင့် သွမ့်ကျင်းထျန် စာရွတ်ဆိုနေသောပုံသည် ဆရာတု၏ မျက်လုံးထဲတွင် ထင်းနေသည်။ အတန်း စတင်သောအခါ ဝမ်လော့ရှန်းသည် ကျော့ကျွမ်းစာအုပ်ကို လီစာအုပ်နှင့် အစားထိုးကာ အရူးလုပ်သည်ကို ဆရာတုတွေ့သွားပြီး ဝမ်လော့ရှန်းအား အတန်းအပြင်သို့ ထွက်ကာ မတ်တတ်ရပ်စေသည်။ ထို့နောက် ဆရာတုသည် သွမ့်ကျင်းထျန်အား မတ်တတ်ရပ်စေပြီး သူဒီနေ့ဖတ်ထားသော စာပိုဒ်ကို ပြန်ရွတ်ဆိုခိုင်းသည်။
သွမ့်ကျင်းထျန်သည် မတ်တတ်ရပ်ပြီး စာပိုဒ်ကို ပြန်ရွတ်ဆိုပြသည်။ အလယ်တွင် တစ်နေရာ၊ နှစ်နေရာ လွတ်ကျန်ခဲ့သော်လည်း တစ်ပုဒ်လုံးတွင် ထိုတစ်နေရာ၊ နှစ်နေရာမှအပ တစ်ပုဒ်လုံးကို ရွတ်ဆိုပြနိုင်ခဲ့သည်။
တစ်ပုဒ်လုံး ရွတ်ဆိုပြီးသောအခါ သွမ့်ကျင်းထျန် ခန္ဓာကိုယ်ထဲမှ သွေးများသည် စီးဆင်းလာပြီး သူ့မျက်နှာသည် ရဲတက်လာသည်။ ရှက်၍ မဟုတ်ဘဲ ဤခံစားချက်မျိူးကို မည်သည့်ခံစားချက်မျိုးမှန်း သူ မပြောတတ်ပေ။
ဆရာတုသည် ခေါင်းညိတ်လိုက်ပြီး ပေါ့ပါးစွာပြောလိုက်သည် “မဆိုးပါဘူး”
ဆရာတု၏ “မဆိုးပါဘူး” ဟူသောစကားသည် ပုံမှန်အသံနှင့်ပြောတာ ဖြစ်ကြောင်း သွမ့်ကျင်းထျန် သတိထားမိလိုက်သည်။ နှစ်တွေအများကြီး စာလေ့လာပြီးနောက် စာဖတ်ခြင်းသည် သူ့အဖို့ ဒုက္ခပေးသော တစ်ခုတည်းသောအရာ ဖြစ်ခဲ့သည်။ ယနေ့တွင်မူ စာဖတ်ရတာ ပျော်စရာကောင်းသည်ဟု သူ ခံစားလိုက်ရသည်။
အတန်းထဲရှိ ကျောင်းသားများသည် မှင်တက်သွားသည်။ အတန်းထဲတွင် အမြဲအိပ်နေတတ်သော သွမ့်ကျင်းထျန် ဘာဖြစ်သွားသနည်း။ ခက်ခဲသော စာပိုဒ်ကို တကယ်ပင်မှတ်နိုင်သည်။
ဒီနေ့သည် တကယ်ပင် ထူးခြားသည်။ နံပါတ်တစ်ကျောင်းသားသည် အတန်းပြင်ထွက် မတ်တတ်ရပ်ကာ အပြစ်ပေးခံရသည်။ ဉာဏ်မကောင်းဘဲ ညံ့သောလူညံ့လေးတစ်ယောက် ခက်ခဲသော စာပိုဒ်ကို မှတ်နိုင်ခဲ့သည်။
ဤသည်မှာ နှစ်သုံးဆယ်အတွင်း ဟီဒုံနှင့် ဟီဇီတွင် ဒဏ္ဍာရီတင်နိုင်သော ဖြစ်ရပ်ပေလား။
တစ်မနက်လုံး သွမ့်ကျင်းထျန်သည် ဆရာတု၏ သင်ခန်းစာကို သေချာလိုက်ကြည့်ပြီး တစ်ချက်လေးပင် လွတ်မသွားပေ။
တစ်မနက်လုံး အတန်းအပြင်တွင် မတ်တတ်ရပ်နေရသော ဝမ်လော့ရှန်းသည် ပျင်းပြီး ဗိုက်ဆာလာသည်။ အချိန်များ မြန်မြန်ကုန်သွားရန်ပင် ဆုတောင်းနေပြီး သို့မှသာ သူ နေ့လယ်စာ စားရမည်ဖြစ်သည်။
ဆုဝန်သည် သွမ့်အိမ်တော်တွင် ချက်ပြုတ်ရန် သွားပြီဖြစ်သောကြောင့် ဝမ်လော့ရှန်းသည် နေ့လယ်စာကို ကျောင်း၌ပင် စားရမည်။
ဝမ်လော့ရှန်းတို့ကျောင်းသည် နေ့လယ်စာကျွေးသည်။ တစ်နပ်ကို ဆယ်ယွမ်ကျော်ကျော်လေးသာ ပေးရပြီး စျေးလဲသက်သာသည်။
ကျောင်း၌ ကျွေးသော နေ့လယ်စာသည် သာမန်အရသာဖြစ်ပြီး စားလို့ရရုံဖြစ်သည်။
နောက်ဆုံး နေ့လယ်သို့ ရောက်သောအခါ ဝမ်လော့ရှန်းသည် အတန်းထဲသို့ ပြန်ဝင်လာသည်။ သူသည် ရှက်နေသော်လည်း ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး အတန်းထဲက သူ့ခုံသူ ပြန်ဝင်ထိုင်နေလိုက်သည်။
ကျောင်းအကူသည် အစားအစာထည့်ထားသော သေတ္တာကြီးနှစ်လုံးကို ယူလာပြီး သွမ့်ကျင်းထျန်နှင့် လီရှန့်မှအပ ကျန်ကျောင်းသားများရှေ့သို့ ထမင်းဘူးများ လိုက်ချပေးသည်။ ဤသည်မှာ ကျောင်းကကျွေးသော နေ့လယ်စာ ဖြစ်ပေသည်။
ဗိုက်ဆာနေသော ဝမ်လော့ရှန်းသည် သူ့ထမင်းဘူးကိုဖွင့်ဖို့ပင် မစောင့်နိုင်တော့ချေ။ ယနေ့ကျောင်းကကျွေးသော နေ့လယ်စာမှာ ဂေါ်ဖီတိုဟူး၊ အသားဟင်းနှင့် အသီးအရွက်တို့ဖြစ်ပြီး သာမန်ဆန်လှသည်။
ဝမ်လော့ရှန်းစတင်စားဖို့ ပြင်လိုက်သောအခါ ပျော့ပြဲပြီး သိုးနေသော ထမင်းအနံ့က သူ့နှာခေါင်းဝသို့ တိုးဝင်လာသည်။
…