Ch 19
Viewers 2k

အပိုင်း (၁၉) ဝမ်ရှီး၏ အလွန်အမင်းသုံးစွဲမှု 

အမျိုးသမီးလီက ဝမ်လော့ရွှယ်ကို ပညာတတ်ဟန်ပန်ရှိသည်ဟု ချီးကျူးလိုက်သည့်အခါ ဝမ်လော့ရွှယ်မှာ မျက်နှာတစ်ချက်မနီ၊ နှလုံးတစ်ချက်မတုန်သွားခဲ့ပေ။ အဆုံးတွင်တော့ ချီးမွမ်းစကားကိုသာ လူတိုင်းနှစ်သက်ကြသည်ပင်။ ပညာတတ်ဟန်ပန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ချီးကျူးလျှင် ပျော်နေမည်သာဖြစ်၏။

မျှော်လင့်ထားသည့်အတိုင်းပင် အမျိုးသမီးလီ’ပညာတတ်ဟန်ပန်’ဟုဆိုခြင်းကိုကြားသည်နှင့် ဝမ်ရှီးက သူ၏ သားရတနာ ထူးချွန်ကျောင်းသား ဝမ်လော့ရှန်းအကြောင်း ပြောပါတော့သည်။

အမျိုးသမီးလီက ဝမ်ရှီးနှင့် ဝမ်လော့ရှန်းကို စကားပြောရန် အခန်းထဲသို့ ဖိတ်ကြားခဲ့၏။

အမျိုးသမီးလီသည် ဝမ်ရှီးတွင် ထိုမျှထူးချွန်သည့်သားတစ်ယောက်ရှိပြီး သားဖြစ်သူကို အလားအလာကောင်းအောင်၊ သမီးဖြစ်သူကို ယဥ်ကျေးသိမ်မွေ့အောင် ပျိုးထောင်ထားသည့်အတွက် အားကျရမှုအား မကြာခဏ ထုတ်ပြောလျက်ရှိ၏။ ခဏအကြာမှာပင် သူသည် ဝမ်ရှီးနှင့် ညီအစ်မများထက်ပင် ရင်းနှီးသွားတော့သည်။ 

ဝမ်ရှီးမှာ သူသည် စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ယောက်နှင့် ‌တွေ့ရပြီဟု ခံစားနေရသည်။ သူ ခါတိုင်းအတင်းပြောနေကျ မိန်းမများအား သူ့အား ကြမ်းတမ်းသည့်စကားများကိုသာ ပြောလေ့ရှိ၏။ အနှီအမျိုးသမီးလီကမူ မတူကွဲပြားလေ၏။ ဝမ်ရှီးဘက်မှ ကြည့်မည်ဆိုလျှင် အမျိုးသမီးလီသည် သူ့ကို နားလည်ပေးနိုင်သူတစ်ဦးပင်။

ပြောနေရင်းဖြင့် အမျိုးသမီးလီသည် ဝမ်ရှီး၏လက်ကိုဆွဲယူကာ

“ကျွန်မရဲ့ညီအစ်မကောင်းရယ်၊ ကျွန်မ ရှင့်ကို တစ်ခုပဲပြောချင်တယ်ရှင်။ ရှင်တို့လို ကောင်းမွန်တဲ့မိသားစုအနေနဲ့ဆိုရင် ရှင်နဲ့ လော့ရွှယ်က ပိုပြီး  အဖိုးတန်တန် ဝတ်စားသင့်တယ်”

စောနကစကားဝိုင်းမှ အမျိုးသမီးလီသည် ဝမ်ရှီး၏ကလေးနှစ်ယောက်မှာ တစ်ယောက်က ဝမ်လော့ရှန်းဟု အမည်ရပြီး တစ်ယောက်ကို ဝမ်လော့ရွှယ်ဟု ခေါ်ဆိုကြောင်း သိပြီးဖြစ်၏။ 

ဝမ်ရှီးသည် ကိုယ့်ကိုယ်ကိုယ်မြှောက်ပင့်ကာ

“ ဘာလို့များ အဖိုးတန်တာတွေ ဝတ်စားရမှာတဲ့လဲရှင်။ ဝမ်းတွင်းမှာ ကဗျာဝိညာဥ်က ရှင်သန်တယ်။ ကျွန်မတို့လို ပညာတတ်တွေ ပျိုးထောင်တဲ့မိသားစုက တခြားသူတွေ အစားအသောက်နဲ့ အဝတ်အစားမှာ လိုက်ပြိုင်နေရတာတွေကို မကြိုက်ဘူး။ သိုသိုသိပ်သိပ်ဘဝမျိုးနဲ့ပဲနေထိုင်တာက ပိုကောင်းပါတယ်ရှင်”

အမျိုးသမီးလီက ဝမ်ရှီး၏လက်အား ပုတ်လိုက်ကာ

“ ကျွန်မရဲ့ ညီအစ်မကောင်းရယ်၊ သိုသိုသိပ်သိပ်နေတာလည်း မမှားပါဘူး။ ဒါပေမဲ့ ဒီလောကကြီးမှာက လူတိုင်းက အဝတ်အစားကို အရင်ကြည့်ပြီးမှ လူကိုကြည့်ကြတာ။ စောနက ခြံဝန်းထဲ ဝင်လာတဲ့အမျိုးသမီးကိုပဲ ကြည့်လိုက်လေ။ နည်းနည်းလောက် ကောင်းကောင်းမွန်မွန် ဝတ်စားထားတာနဲ့ အစေခံလေးတွေက သူ့ဆီ အပြေးသွားကြတာ။ တကယ်တမ်း သူ့မှာ ပိုက်ဆံရှိ၊မရှိ ဘယ်သူက သိမှာတဲ့လဲ”

“ အဲဒီလို တန်ဖိုးကြီးအဝတ်အစားတွေ ဝတ်ထားလိုက်တာနဲ့ တခြားသူက သူ့ကို ချမ်းသာတယ်လို့ ချီးကျူးကြမှာပဲ”

အမျိုးသမီးလီမှာ ထိုအမျိုးသမီးသည် သူနှင့်အတူ အစေခံများစွာ ခေါ်လာခဲ့သည်ဆိုတာကိုတော့ အလိုလို လျစ်လျူရှုထားလိုက်သည်။

ဝမ်ရှီးတွေးကြည့်လိုက်သည့်အခါ အမှန်တကယ်ပင် ထိုသို့ ဖြစ်နေခဲ့သည်။ ယနေ့ သူနှင့် ဝမ်လော့ရွှယ်တို့ မကြာခဏပင် အလုပ်ရှာနေသည့်အစေခံဟု အထင်ခံရသည်မှာ ထိုသခင်မလေးများ၊ ကတော်များလောက် သားသားနားနား မဝတ်စားထား၍ပင် မဟုတ်ပါလော။

ယင်းမှာ တကယ်ကိုပင် အဝတ်အစားများကြောင့်ဖြစ်‌ပေ၏။

ဝမ်ရှီးတုန်လှုပ်သွားသည်ကို မြင်သော် အမျိုးသမီးလီက ဆိုလာသည်။

“ အမျိုးသမီးတွေရဲ့ အဝတ်အစားနဲ့ မိသားစုတစ်စုကို တန်ဖိုးဖြတ်လို့ရတယ်ရှင့်။ တကယ်လို့ အမျိုးသမီးတစ်ယောက်က သားသားနားနား ဝတ်စားထားရင် အဲဒီအိမ်က ချမ်းသာတယ်ဆိုတာ တခြားသူတွေက သိကြမှာပဲ။ သူတို့က သတိမထားမိဘဲ ပိုလေးစားလာကြဦးမှာ” 

“ ပြီးတော့ လော့ရှန်းနဲ့ လော့ရွှယ်ကလည်း အိမ်ထောင်ပြုရမဲ့ အသက်အရွယ်ကို ရောက်နေပြီလေ။ မမနဲ့ လော့ရွယ်က တန်ဖိုးကြီးကြီး ဝတ်စားမှ တခြားသူတွေက ရှင်တို့မိသားစုချမ်းသာမှန်း သိကြမှာပေါ့။ ဒီငယ်ရွယ်တဲ့သခင်လေးကလည်း မိန်းမကောင်းလေးတွေအကြောင်း ပြောလို့ရမှာပေါ့။ သမီးလေးကလည်း ခင်ပွန်းကောင်းနဲ့ လက်ထပ်နိုင်မယ်လေ။ ရှင်ပြောကြည့်ပါဦး မဟုတ်ဘူးလားလို့ “ 

ဝမ်ရှီး နားထောင်ကြည့်သော် အမှန်ပင် အဓိပ္ပာယ်ရှိနေ၏။ ဝမ်ရှီးက အမျိုးသမီးလီ၏စကားများကို ထောက်ခံလိုက်သည်။

အမျိုးသမီးလီက ဝမ်ရှီးအား ပြုံးပြလျက် ဆိုလာ၏

“ မမဝမ်၊ ရှင်နဲ့ လော့ရွှယ်တို့ အခုပဲ တန်ဖိုးကြီးဝတ်စုံတွေ သွားဝယ်သင့်တယ်။ ပြီးရင် ပြန်လာပြီး အစေခံငှားပေါ့။ ဝတ်ကောင်းစားလှတွေ ဝတ်လိုက်ရင် ဘယ်သူက အထင်သေးရဲဦးမှာတဲ့လဲ။ သွားပါ။ ပိုပြီးလုပ်နိုင်ကိုင်နိုင်တဲ့ အစေခံမျိုး ငှားလို့ရတာပေါ့”

ဝမ်ရှီးမှာ အမျိုးသမီးလီ၏စကားများကို အခိုင်အမာပင် လက်ခံယုံကြည်ကာ ထရပ်လိုက်၏

“ ဒါဆို ကျွန်မနဲ့ လော့ရွှယ် အခုပဲ ဝတ်စုံတစ်စုံ သွားဝယ်လိုက်မယ်”

အမျိုးသမီးလီက ပြုံးလိုက်ကာ

“ မမဝမ် မလောပါနဲ့။ အဝတ်အစားဝယ်တဲ့အကြောင်း ပြောမယ်ဆိုရင်တော့ ကျွန်မက အကျွမ်းကျင်ဆုံးပဲ။ ကျွန်မ အထည်ဆိုင်တစ်ဆိုင်ကို သိတယ်။ သူတို့ဆီမှာ အကောင်းဆုံးပစ္စည်း၊ အလှဆုံးပုံစံတွေကိုပဲ ရောင်းတာ”

“ပြီးတော့ ကျွန်မ အဲဒီဆိုင်ပိုင်ရှင်နဲ့လည်းသိတယ်။ ရှင့်အတွက် အများကြီး စျေးသက်သာစေရမယ်”

အမျိုးသမီးလီ၏ စကားကြောင့် ဝမ်ရှီးနှင့် ဝမ်လော့ရှန်းမှာ စိတ်လှုပ်ရှားသွားကြတော့သည်။ သူတို့နှစ်ဦးသည် အမျိုးသမီးလီနောက်သို့ လိုက်ကာ ချောင်ကျသည့်လမ်းကြားတစ်ခုရှိ အထည်ဆိုင်သို့ ရောက်လာခဲ့သည်။

ဝမ်ရှီး၏ စိတ်ထဲတွင် သံသယများ ပေါက်ဖွားလာရစဥ်မှာ အမျိုးသမီးလီက အရည်အသွေးကောင်းတဲ့ ပစ္စည်းများကို ကြော်ငြာပြနေစရာ မလိုကြောင်း၊ ဤဆိုင်တွင် ရောင်းချသည့် အဝတ်အထည်များမှာ ချင်းယွင်ကောင်တီအတွင်းမှ မြင့်မြတ်သည့် သခင်မလေးများကို ရောင်းချခြင်း ဖြစ်ကြောင်း၊ အနှီမြင့်မြတ်သည့် သခင်မလေးများမှာ ထိုဝတ်စုံများကို သူတို့မဝတ်ရသေးမီ သာမန်လူများ တွေ့သွားမည်ကိုမလိုလားကြောင်း၊ ထို့ကြောင့် သည်ဆိုင်အား ဤသို့ ချောင်ကျသည့်နေရာတွင် တကူးတက ဖွင့်ထားရခြင်းဖြစ်ကြောင်း ရှင်းပြလာခဲ့သည်။ 

အနှီအထည်ဆိုင်မှာ အတော်လေး ခမ်းခမ်းနားနား ခင်းကျင်းထား၏။ အတွင်းပိုင်းတွင် ဖယောင်းတိုင်များစွာထွန်းထားပြီး အပြင်ဘက်တွင်တော့ ရောင်စုံမှန်တစ်ထပ် ကာရံထားရာ အထဲရှိ အဝတ်အစားများမှာလည်း တောက်ပကာ ခမ်းနားနေလျက်ရှိပေသည်။

အထည်ဆိုင်ပိုင်ရှင် သူဌေးမချောင်မှာ ဝမ်သားအမိနှစ်ယောက်အားကြိုဆိုရန် ကိုယ်တိုင်ကိုယ်ကျ ထွက်လာခဲ့၏။ လက်ဖက်ရည်နှင့် ရေတို့လည်း ဧည့်ခံခဲ့ပြန်၏။ သခင်မ၊ သခင်မလေးဟုခေါ်ကာ သူတို့ ဝတ်စုံများ တစ်စုံပြီးတစ်စုံ စမ်းဝတ်နေသည်အား အာရုံစိုက် စောင့်စားနေလျက်ရှိ၏။ 

ဝမ်ရှီးတို့သားအမိအား ဂုဏ်အသရေရှိဧည့်သည်များသဖွယ် မှတ်ယူထားကြပြီး ဝမ်သားအမိကို စောင့်ပေးရခြင်းမှာ သက်သောင့်သက်သာရှိနေကြပုံပေါ်၏။

အဝတ်အစားများမှာ အမှန်ပင် သာမန်မဟုတ်ချေ။ သူတို့ကို ဝတ်ဆင်ထားလိုက်ပါလျှင် လူကို ကြေးမုံပြင်တွင် ပို၍ လှပသွားစေ၏။

သို့ပေသိ ဤဆိုင်မှ အဝတ်အစားများသည် မယုံနိုင်စရာကောင်းလောက်အောင်ပင် စျေးကြီးလွန်းနေ၏။ 

ဝမ်ရှီးက နောက်ဆုတ်လိုက်သည့်အချိန်တွင်ပဲ အမျိုးသမီးလီက ပြောလာခဲ့သည်။

“ မမဝမ်၊ ကျွန်မတို့မိန်းမသားတွေက ဒီတစ်ဘဝလုံး လွယ်ကူလှတာ မဟုတ်ဘူး။ ခင်ပွန်းသည်နဲ့ လက်ထပ်ယူပြီး ကလေးတွေ ပြုစုပျိုးထောင်ပေးရတယ်။ အိမ်အတွင်း၊ အပြင်ကို ဂရုစိုက်ရတယ်။ ကျွန်မတို့ ဒီလောက် မလွယ်ကူတာကို ကိုယ့်ကိုယ်ကိုယ် နစ်နာစေလို့ မဖြစ်ဘူးလေ”

“တကယ်လို့ ရှင် ငွေအလုံအလောက် မယူလာမိဘူးဆိုရင်လည်း ကိစ္စမရှိပါဘူးရှင်။ ရှင်နဲ့ လော့ရွှယ်က ဒီနှစ်ထည်ကို သဘောကျတဲ့ပုံပဲ။ ယူသွားပြီးသာ ဝတ်လိုက်ပါ”

ဝမ်ရှီး၏မျက်နှာမှာ အပျော်များဖြင့် ပြည့်နှက်သွားရသည်။ အနှီအမျိုးသမီးလီသည် သူနှင့် ဝမ်လော့ရွှယ်အတွက် ထိုအဝတ်အစားများကို ဝယ်ပေးမည်များလော။

အမျိုးသမီးလီက ဆက်ပြောလာခဲ့သည်။

“ ကျွန်မမျက်နှာနဲ့ သူဌေးမချောင်က နှစ်လ၊ သုံးလလောက် အကြွေးထားပေးမှာပါ”

အမြဲတစေ ကပ်စေးနည်းခဲ့သည့် ဝမ်ရှီးမှာ ချက်ချင်းပင် နောက်ပြန်ဆုတ်လိုက်သည်။ ပစ္စည်းများကို အကြွေးဝယ်၍ မဖြစ်ပါချေ။

ဝမ်ရှီးက စကားအနည်းငယ်ဖြင့် ငြင်းဆန်ကာ ဝမ်လော့ရွှယ်အား အပြင်သို့ ဆွဲထုတ်လာခဲ့သည်။ 

သို့ပေသိ ဝမ်လော့ရွှယ်မှာ ဝတ်စုံကို အတော်လေး သဘောကျသည်ဖြစ်ပေ၏။ သူသည် ဝမ်ရှီးအား ယခု ဆုဝန်မှာ တစ်ယောက်တည်းဖြင့် သုံးလေးယောက်စာ လစာရှာနိုင်နေပြီဖြစ်ကြောင်း ဖျောင်းဖျပြောဆိုတော့သည်။

ယခု ဤအဝတ်အစားများကို အကြွေးဖြင့် ဝယ်လိုက်လျှင် ဆုဝန်လစာလာပေးသည့်အချိန်တွင် သူတို့နှစ်ယောက်မှာ အဝတ်အစားများကို လအနည်းငယ်လောက် စောစော ပိုဝတ်ထားနိုင်မည်ဖြစ်၏။ ဆုဝန် လစာလာပေးသည်ကို စောင့်ပြီးမှဝယ်လျှင် တူညီသည့်ပစ္စည်းအပေါ် တူညီသည့်ငွေပမာဏပဲ သုံးရမည်ဖြစ်ပြီး အဝတ်အစားများကို လအနည်းငယ်နေမှ ဝတ်ရမည်ဖြစ်၏။ 

ယခုအကြွေးဝယ်လိုက်သည်က တွက်ခြေအကိုက်ဆုံး ဖြစ်ပုံပေါ်၏။

ဝမ်လော့ရွှယ်ပြောသည့် အကြောင်းပြချက်မှာ ဝမ်ရှီး အစေခံငှားရန် ဖျောင်းဖျခဲ့သည့် အကြောင်းပြချက်ဖြင့် တစ်ထပ်တည်းပင်။

အမျိုးသမီးလီက ဝမ်လော့ရွှယ်ဘက်မှ ချီးကျူးလိုက်၏။

“ ဒီမိန်းကလေးလော့ရွှယ်က ဘယ်လို စာရင်းတွက်ရမလဲ နားလည်တာပဲ။ ဘယ်သခင်လေးကများ ကံကောင်းပြီး လော့ရွှယ်ကို လက်ထပ်ခွင့်ရမလဲမသိဘူး”

ဝမ်လော့ရွှယ်မှာ ရှက်သွေးဖြာသွားရသည်။ သူသည်လည်း သူ့ကိုယ်သူ စာရင်းတွက်ရာ၌ တော်သည်ဟု ထင်မြင်၏။ ထိုသို့ကောင်းမွန်သည့် ဦးနှောက်နှင့်ဆိုပါလျှင် သွမ့်အိမ်တော်ကဲ့သို့သော စီးပွားရှင်မိသားစုမျိုးဖြင့် လက်ထပ်ရသင့်၏။ သူသည် သွမ့်အိမ်တော်၏ စီးပွား‌ရေး ကြီးပွားတိုးတက်အောင်လုပ်နိုင်လိမ့်မည်ဟု ထင်မြင်လျက်ရှိ၏။ 

ဝမ်လော့ရွှယ်၏စကားတို့ကို နားထောင်ရသည်မှာ ယုတ္တိကျသော်ငြား ဝမ်ရှီးသည် စိတ်မချနိင်သေးဘဲ လေသံတိုးတိုးဖြင့် “ ဒါဖြင့် ဆုဝန်ရဲ့လစာက မတော်လို့များ....”

ဝမ်လော့ရွှယ်က ဝမ်ရှီးအားဆွဲကာ အသံကိုနှိမ့်၍ ပြောလိုက်သည်

“ အမေ အစိုးရိမ်လွန်နေတာပါ။ ဆုဝန်က ကိုကို့ကို ဒီလောက်ကြိုက်တာ။ ကိုကို့ကို လက်ထပ်ရဖို့အတွက် သူ့လစာတွေအကုန်လုံးကို အမေဆီ ရိုသေလေးစားတဲ့အနေနဲ့ အပ်မှာပဲ။ တကယ်လို့ မတော်တဆ တစ်ခုခုရှိခဲ့ရင်တောင် ကိုကို့ကို ထွက်လာခိုင်းလိုက်ရင် ကျိန်းသေပေါက် ပြီးသွားမှာပဲမလား”

ဝမ်ရှီးသည် ဝမ်လော့ရွှယ်ပြောသည်မှာ အတော်လေးနည်းလမ်းကျသည်ဟု ခံစားလိုက်ရ၏။ ဆုဝန်မှာ အမှန်ပင် ဝမ်လော့ရှန်းအား ကြိုက်ပြီး ဝမ်လော့ရှန်းအတွက် ဘာမဆိုလုပ်ပေးရန် ဆန္ဒရှိပေ၏။ ဝမ်လော့ရှန်းသာ လစာများကို လိုချင်သည်ဆိုပါက ဆုဝန်သည် လက်နှစ်ဖက်ဖြင့် ကမ်းပေးလာမည်ပင်။

ရလဒ်သည်တော့ သားအမိနှစ်ယောက်သားမှာ အနှီ သားနားလှသည့်ဝတ်စုံနှစ်စုံအား အကြွေးဖြင့်ဝယ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။

ဝမ်ရှီးမှာ အနှီသားနားလှသည့်ဝတ်စုံများကို ဝတ်ဆင်ပြီးနောက် အစေခံ‌ရွေးရန် သွားလျှင် ထိုအမျိုးသမီးများ၏ ချီးကျူးကြမည့် မျက်နှာများကို စိတ်ကူးပုံဖော်နှင့်ပြီးဖြစ်၏။ အနှီသားနားလှသည့်ဝတ်စုံအားဝတ်ဆင်ကာ အစေခံငှား၍ အိမ်ပြန်လျှင် အိမ်နီးချင်းများ၏ အားကျမည့် အမူအရာများကိုလည်း စိတ်ကူးပုံဖော်ထား၏။

ဆိုင်ပိုင်ရှင်က အကြွေးစာရင်းစာရွက်တစ်ရွက်အား ထုတ်လာခဲ့သည်။ ဝမ်ရှီးက လက်ဗွေနှိပ်လိုက်ပြီး‌နောက် ဆိုင်ပိုင်ရှင် သူဌေးမချောင်သည် သူတို့နှစ်ဦးအား ဝတ်စုံသစ်များ ဝတ်ဆင်သည့်နေရာတွင် အလျင်အမြန် ကူညီပေးခဲ့ကာ သူတို့၏အဝတ်ဟောင်းများကို သပ်သပ်ရပ်ရပ် ထုပ်ပိုးကာ ဝမ်လော့ရွှယ်အား ပေးလာခဲ့သည်။ ထို့နောက်တွင်တော့ သူတို့နှစ်ဦးအား လမ်းကြားအပြင်သို့ပို့ပေးခဲ့၏။

အမျိုးသမီးလီသည် ဝမ်သားအမိနှစ်ယောက်ကို ပြန်ပို့ပေးခဲ့၏။ ဝမ်သားအမိ ဆိုင်ပိုင်ရှင်ကို နှုတ်ဆက်ပြီး လှည့်ထွက်သွားချိန်တွင် အမျိုးသမီးလီနှင့် ချောင်မျိုးနွယ်တို့မှာ နားလည်သည့်ဟန်ဖြင့် ပြုံးလိုက်ကြ၏။ 

...