အခန်း (၂၆)
ဤနေရာတွင်ရှိသော ဧည့်သည်အားလုံးတို့သည် ဆုဝန်ကို တစ်ခါမျှ မမြင်ဖူးကြသဖြင့် ရှုပ်ထွေးညစ်ပေနေသော အမျိုးသမီးကြီးတစ်ဦး ရောက်လာလိမ့်မည်ဟုသာ ခန့်မှန်းထားကြသည်။ သို့သော် ထိုအမျိုးသမီးလေးမှာ နတ်သမီးလေးတမျှ ထင်ရှားသော အဆင်းနှင့် ဆွဲဆောင်မှု ရှိလှလေသည်။
အချို့သော အမျိုးသားဧည့်သည်များမှာ အမြင်များ မှားသွားလေသလားဟူသည့် အတွေးဖြင့် သူတို့မျက်လုံးတွေကိုပင် ပွတ်ကုန်ကြသည်။ ဤအရာသည် တကယ့်ကို နတ်သမီးပေလားဟု စိတ်ကူးယဉ်ရသည့် ပုံစံဖြင့် မဟုတ်ပါပေလော။
ချူးဝမ်သည် ဆုဝန်ကို ဧည့်ခံပွဲ ပန်းပွင့်ခန်းမသို့ ခေါ်လာပြီး ဘာစကားတစ်ခွန်းမှ မပြောဘဲ ပြန်လှည့်ထွက်သွားလေသည်။
ဆုဝန်သည် ဘာတွေဖြစ်နေမှန်းမသိဘဲ ထိုနေရာ၌ပင် မတ်တတ်လေး ရပ်နေလေသည်။ သွမ့်ကျင်းထျန်သည် သူမအား အဘယ်ကြောင့် ထိုနေရာသို့ ခေါ်မှန်းလဲ သူမ မသိပါချေ။
ချူးဝမ်လိုချင်သော အရာမှာ ဆုဝန်ကို ခေတ္တခဏမျှ ရှက်ကြောက်သွားစေရန် ဖြစ်ပေသည်။
သို့သော် ဆုဝန်သည် ခဏမျှသာ တွေးတောနေပြီးမှ သွမ့်ကျင်းထျန်ရှိရာ နေရာသို့ လျှောက်၍ သွားလေသည်။
ချူးဝမ်သည် သွမ့်ကျင်းထျန် ခေါ်နေသည်ဟု ဆိုကာ သူမကို ခေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည် သွမ့်ကျင်းထျန်အား မေးရန်မှာ အမှန်ဆုံးဖြစ်ပါပေမည်။
ဆုဝန်သည် အမျိုးသားများစားပွဲသို့ သွားပြီး သွမ့်ကျင်းထျန်၏ နံဘေးသို့ လျှောက်သွားကာ “ကိုကိုသွမ့် ချူးဝမ်က ကိုကိုခေါ်နေတယ်လို့ ပြောလို့” သွမ့်ကျင်းထျန်သည် သူ့ရှေ့မှ ဆုဝန်ကို ကြောင်ကြည့်နေမိသည်။ အချိန်တော်တော်ကြာတိုင် သူသည် ကြောင်ကြည့်နေဆဲဖြစ်သည်။
သူသည် ဆုဝန်ဆီသို့ သွားပြီး စကားပြောသင့်သည်ဖြစ်သည်။ သို့သော် သူသည် ကြောင်၍သာ ကြည့်နေမိရခြင်းမှာ ဆုဝန်သူ့ဆီ လမ်းလျှောက်၍ လာသည်ကို ကြည့်နေမိခြင်းကြောင့်ပင် ဖြစ်ပါပေသည်။
သွမ့်ကျင်းထျန်သည် ဆုဝန်၏ အသားအရေမှာ တစ်နေ့ထက်တစ်နေ့ မည်းညစ်နေရာမှ ဖွေးလာပြီဖြစ်ကြောင်းကို မြင်နေကျဖြစ်သည်။ သိူ့သော် သူဆုဝန်ကို မြင်လိုက်တိုင်း ဆုဝန်သည် လည်စည်းပဝါကို သူမဆံပင်တွင် စည်းချည်ထားတတ်ပြီး သူမခန္ဓာကိုယ်ကိုလဲ အများအားဖြင့် ခါးစည်းခပ်ကြီးကြီးဖြင့် စည်းထားတတ်သည်။ သို့သော် သူမသည် ယနေ့လောက် တစ်ခါမျှ မလှဖူးဟုပင် ထင်သည်။
သွမ့်ကျင်းထျန်သည် မှင်တက်၍သွားသည်။ ယနေ့ပွဲသို့ လာရောက်ကြသော အမျိုးသားဧည့်သည်များသည်လည်း မှင်တက်၍ သွားကြပေသည်။ ဆုဝန်ထွက်လာကတည်းက သူတို့သည် ဆုဝန်အား မလှုပ်မယှက် ကြည့်နေကြပေသည်။ သွမ့်ကျင်းထျန်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်း၍လာသော ဆုဝန်ကို စိုက်ကြည့်နေမိကြလေသည်။
ဝမ်လော့ရှန်းသည်မူ တုန်လှုပ်သွားသည်။ ဤမိန်းကလေးသည် ဆုဝန်ပေလော။
သူ၏အမြင်တွင်မူ သူမ၏ ယခုဘဝဖြစ်စေ၊ ယခင်ဘဝကဖြစ်စေ ဆုဝန်သည် မည်းညစ်နေသော အသားအရေနှင့် ရှေးဆန်ဆန်အဝတ်အစားများကို ဝတ်ဆင်တတ်သည်။ သူတို့မိသားစုသည် အနာဂတ်တွင် ကြီးပွားချမ်းသာလာခဲ့သော်လည်း ဆုဝန်ဝတ်ဆင်သော အဝတ်အစားများမှာ ဖော်ပြရန်ပင် ခက်ခဲပေသည်။ သူမ ဝတ်ဆင်သော လက်ဝတ်တန်ဆာများနှင့် ပြင်ဆင်သော ဆံပင်ပုံစံမှာ အသက်မဝင်ပေ။ သူ့ပညာသင်ဖက်များ၏ အမျိုးသမီးများနှင့် ယှဥ်၍ပင်မရသဖြင့် သူ့ကို ရှက်ရွံ့စေပေသည်။
ကံကောင်းစွာပင် ယန်ယွင်ရန်သည် နူးညံ့ပြီး လှပသော သွင်ပြင်ရှိသည်။ သူမ၏ ကြော့ရှင်းရည်မွန်သောပုံစံက သူမအား အခြားပညာသင်အမျိုးသမီးများနှင့် နှိုင်းယှဥ်လျှင် သင့်လျော်စေပြီး သူ့အား မျက်နှာရစေလေသည်။
ဝမ်လော့ရှန်းသည် ဆုဝန်၏ ကြည့်ကောင်းသောပုံစံကို တစ်ခါမျှမမြင်ဖူးပေ။ ထို့ကြောင့် သူသည် ခေတ္တမျှ ငေးကြည့်၍နေသည်။
သွမ့်ကျင်းထျန်သည် ဆုဝန်၏ မေးခွန်းကို ကြားလိုက်ရသောအခါမှ သတိပြန်ဝင်လာပြီး “အိုး ကိုကိုတွေးလိုက်တာက ညီမလေးက ဒီနေ့တကယ့်ကို ကြိုးစားထားတာလေ။ ဆိုတော့ကာ စားပွဲမှာ ထိုင်ပြီး အတူစားကြရင် ဘယ်လိုလဲဆိုပြီး ခေါ်လိုက်တာပါ။ တို့တွေအားလုံးက ရွယ်တူတွေလောက်ပဲဆိုတော့ ပြောလို့ဆိုလို့လဲ အဆင်ပြေလောက်တယ်လေ” ဟု သွမ့်ကျင်းထျန်က ပြောလိုက်ပြီး ထကာ ဆုဝန်ကို အမျိုးသမီးဧည့်သည်များ၏ စားပွဲသို့ ခေါ်သွားလေသည်။
ဆုဝန်က ငြင်းလိုက်ချင်သော်လည်း အမျိုးသမီးဧည့်သည်များထံမှ “ညီမဆု ဒီမှာ မြန်မြန်လာထိုင်လေ။ ရှက်ကြောက်လို့ဆိုပြီး ပြန်တော့မသွားလိုက်ပါနဲ့” ဟူသော အသံကို သူမကြားလိုက်ရသည်။ ဤသည်မှာ ချောင်ယွဲ့ရူ၏ အသံပင် ဖြစ်သည်။ ဆုဝန်၏ အသွင်အပြင်သည် ချောင်ယွဲ့ရူကို တုန်လှူပ်သွားစေသည်။ သူမသည် ဆုဝန်အား သာမန် ရွက်ကြမ်းရေကြို မိန်းကလေးတစ်ဦးဟုသာ ထင်ထားခဲ့သည်။ သို့သော် ဆုဝန်၏ ဝတ်စားဆင်ယင်ပုံများမှာ တောက်ပြောင်နေလိမ့်မည်ဟု တွေးပင် မတွေးထားခဲ့ဖူးပါ။
ဤသည်ကပင် ချောင်ယွဲ့ရူ၏ ဆုဝန်နှင့်ပတ်သက်၍ အမှားရှာလိုသော စိတ်ကို ပို၍ ပြင်းထန်လာစေလေသည်။
ယန်ယွင်ရန်သည် ဆုဝန်ကို ကြည့်လိုက်ပြီးနောက် သူမရင်ထဲတွင် မကောင်းသော ခံစားချက်ကို ခံစားလိုက်ရသည်။ သူမသည် ဆုဝန်အပေါ် တစ်ခါမျှ အထင်မြင်မသေးဖူးပေ၊ သို့သော် ယခုအချိန်တွင် သူမသည် ထိတ်လန့်ပြီး ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
ချောင်ယွဲ့ရူ၏ အပြုအမူများသည် ဆုဝန်အား ပြန်မသွားစေချင်ကြောင်း ထင်ရှားလေသည်။
သွမ့်ကျင်းထျန်သည် ထိုင်ခုံတစ်ခုံကိုယူလာကာ ချောင်ယွဲ့ရူ၏ ဘေးတွင် ထားလိုက်သည်။ ယနေ့တွင် ချောင်ယွဲ့ရူသည် ဧည့်သည်များ၏ စံပြ ဂုဏ်ယူစရာနေရာတွင် ထိုင်နေခြင်းဖြစ်သည်။ ဆုဝန်သည် ဧည့်သည်များ၏ စံပြဂုဏ်ယူစရာ၏ နံဘေးတွင် ထိုင်ရခြင်းပင် ဖြစ်ပေသည်။
ချောင်ယွဲ့ရူသည် မပျော်မရွှင် ဖြစ်နေသည်။ ဤအခိုက်အတန့်လေးတွင် ပန်းပွင့်ဖတ်များသည် ထိုထမင်းချက်နံဘေးတွင်သာ ကြွေကျ နေကြသည်။
သွမ့်ကျင်းထျန်သည် အမြဲ ချောင်ယွဲ့ရူအား ဟိတ်ဟန်မရှိဘဲ ယဥ်ယဥ်ကျေးကျေးသာ ဆက်ဆံပြီး တစ်ခါမှ ဂရုတစိုက်မရှိဖူးပေ။
ချောင်ယွဲ့ရူသည် ပိတ်ရက်များတွင် ဧည့်ခံပွဲများ တက်လေ့ရှိသည်။ သူမသည် မိသားစုအသေးလေးများကို လှောင်ပြောင်ချင်သော အခါများတွင် ထိုမိသားစုငယ်များမှ အမျိုးသမီးငယ်လေးများသည် စားပွဲပေါ်မှ အစားအစာများကို တစ်ခါမျှမစားဖူးကြပေ။ နူးနူးညံ့ညံ့ပင် ထိုစားပွဲပေါ်မှ ဟင်းပွဲအမည်ကို မေးသောအခါ သူတို့ ပြန်မဖြေနိုင်လျှင် လူအများက လှောင်ပြောင်ကာ ရယ်သွမ်းကြမည် ဖြစ်ပေသည်။ သို့သော် ယနေ့တွင် ထိုနည်းလမ်းက အလုပ်မဖြစ်မည်မှာ ထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော် စားပွဲပေါ်ရှိ ဟင်းပွဲများအားလုံးမှာ ဆုဝန်ကိုယ်တိုင် ချက်ပြုတ်ထားခြင်းဖြစ်ပြီး ဆုဝန်သည် ချောင်ယွဲ့ရူထက် ပို၍ပင် သိပေသည်။
သွမ့်ကျင်းထျန်သည် ဆုဝန်၏နံဘေးတွင် ရပ်နေပြီး ဧည့်သည်များကို မိတ်ဆက်ပေးနေလေသည်။
“အားလုံးပဲ ဒါက မိန်းကလေးဆုပါ။ ဒီနေ့ ဧည့်ခံပွဲကို သူပြင်ဆင်ထားတာလေ။ အားလုံးက မိန်းကလေးဆုနဲ့ တွေ့ချင်တယ်ဆိုတာနဲ့ ကျွန်တော်က ဒီကို လာခိုင်းလိုက်တာ စားပွဲကိုလာတော့ အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ရတာပေါ့ ”
စကားပြောပြီးသောအခါ သွမ့်ကျင်းထျန်သည် ဆုဝန်အား ထိုင်ရန် ထိုင်ခုံနေရာ စီစဥ်ပေးပြီး စားပွဲရှေ့ရှိ သူ့ထိုင်ခုံသို့ ပြန်၍သွားလေသည်။
ချောင်ယွဲ့ရူသည် ခေတ္တမျှ တွေးနေပြီးနောက် “ညီမဆု ဒီလို ဧည့်ခံပွဲမျိုး အရင်က မတက်ဖူးဘူးထင်တယ် ပြောပြမယ်။ ညာဘက်ကနေ ဝင်လာပြီးတော့ ထိုင်မယ်ဆိုရင် ထိုင်ခုံတန်းရဲ့တစ်ဝက်က ဗလာလွှတ်ထားရင် ကျန်တဲ့ ခုံတွေက လူမပြည့်တော့ဘူးလေ”
ချောင်ယွဲ့ရူသည် ဆုဝန်အား ရှက်သွားစေရန် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ဖြစ်သည်။
စားပွဲရှိ မိန်းကလေးများအားလုံးတို့သည် သူတို့နှုတ်ခမ်းများကို ဖုံးကာ ပြုံးလိုက်ကြသည်။ ဤလူများအားလုံးသည် ပုံမှန် ဧည့်ခံပွဲများသို့သွားကာ စားသောက်ကြသော ဧည့်သည်များဖြစ်သည်။ သူတို့အားလုံးသည် ဤစည်းမျဥ်းများကို ရည်ရွယ်ချက်ရှိရှိ သင်ထားကြတာဖြစ်သည်။ ထမင်းချက်ငယ်လေးတစ်ဦးဖြစ်သော ဆုဝန်သည် ပုံမှန်အားဖြင့် ဤသို့ မလုပ်နိုင်ပေ။
ဆုဝန်သည် ချောင်ယွဲ့ရူ စကားပြောပြီးသည်ကိုစောင့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “အစ်မချောင် မှားနေပြီ။ တာ့ကျိုးထုံးတမ်းအရ ထိုင်ခုံမှာ ထိုင်ပြီးတဲ့အခါ ငါးပုံနှစ်ပုံကို လွှတ်ထားရတာ။ အစ်မပြောသလို တစ်ဝက် မဟုတ်ဘူး” ချောင်ယွဲ့ရူသည် ရှက်၍ မျက်နှာပင် ရဲတွတ်သွားသည်။ သူမသည် ပြင်းပြင်းထန်ထန် “ငါမမှားပါဘူး။ ဘာအဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ”
ဆုဝန်သည် တာ့ကျိုးမင်းဆက်ကျင့်ဝတ်ထုံးတမ်းစာအုပ်မှ ဧည့်ခံပွဲ အခမ်းအနား တက်ရောက်ခြင်းစာပိုဒ်ထဲက ကောက်နှုတ်ကာ ချောင်ယွဲ့ရူ၏ အမှားကို ထောက်ပြလိုက်သည်။
ဆုဝန်သည်ဤရက်များတွင် သွမ့်မိသားစု စာဖတ်ခန်းတွင် စာဖတ်ရင်း တာ့ကျိုးထုံးတမ်းစာအုပ်ကို သေသေချာချာ ဖတ်ထားခဲ့သည်။ မူလဇာတ်ဆောင်၏ ဥာဏ်ရည်ကို ကျေးဇူးတင်ရပေမည်။ ဆုဝန်သည် ဓာတ်ပုံရိုက်ထားသကဲ့သို့ မှတ်မိနိုင်သော စွမ်းရည်ရှိလေသည်။
အဆုံးတွင် ဆုဝန်သည် ချောင်ယွဲ့ရူအား သူမနည်းလမ်းအတိုင်းပင် ပြန်၍ ချေပလေသည်။
“အစ်မချောင် အစ်မက ကျော်ကြားတဲ့မိသားစုက သမီးပဲ။ ပြီးတော့ အစ်မရဲ့ မိသားစုက ချင်းယွင်စီရင်စုမှာ လေးစားမှုကို ခံရတဲ့ မိသားစုပဲ။ ဒီလိုဧည့်ခံပွဲ အခမ်းအနားမျိုးမှာ အမှားလုပ်မိလို့ ဖြစ်ဘူးလေ တစ်နည်းအားဖြင့် လူတွေလှောင်စရာဖြစ်အောင် လုပ်မိလို့ မဖြစ်ဘူး”
ဧည့်ခံပွဲရှိ အမျိုးသမီးများသည် မူလက ချောင်ယွဲ့ရူ၏ ဆုဝန်အား ဝတ္တရားများကို ဗန်းပြ၍ လှောင်ပြောင်သရော်ခြင်းအပေါ် ရယ်နေကြသည်။ သို့သော် ယခုတွင်မူ သူတို့သည် ချောင်ယွဲ့ရူ၏ အမှားအပေါ် လှောင်ရယ်နေကြလေသည်။
စားပွဲနှစ်ခုလုံးရှိ အမျိုးသားဧည့်သည်များသည် ဆုဝန်နှင့် တစ်စားပွဲတည်း ထိုင်နေကြသည်မဟုတ်ပါ။ သို့သော် ထိုအချိန်တွင် အားလုံး၏ အာရုံစိုက်မှုများသည် ဆုဝန်နှင့် ချောင်ယွဲ့ရူတို့စားပွဲတွင် ရောက်နေကြလေသည်။
ထိုအမျိုးသားဧည့်သည်များသည် မူလက ဆုဝန်သည် ထိုကျင့်ဝတ်များကို မသိနိုင်ဟု တွေးထင်ထားကြလေသည်။ သို့သော် ဆုဝန်သည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူဖြစ်သည့် ချောင်ယွဲ့ရူထက် ပို၍ပင် ရှင်းရှင်းလင်းလင်း ရှင်းလင်းပြောပြလိုက်သောအခါ သူတို့သည် ဆုဝန်ကို အနည်းငယ်ပို၍ပင် အထင်ကြီးသွားကြလေသည်။
ချောင်ယွဲ့ရူသည် ရှုံးသွားပေပြီ။ သူမသည် ထမင်းချက်တစ်ဦးဆီမှ ပြန်လည် သင်ကြားပေးခြင်းခံရလိမ့်မည်ဟု တွေးပင် မတွေးဖူးပေ။ ဤ ကျင့်ဝတ်များသည် သူမက အခြားသူများအား သင်ကြားပေးရန်သာ ဖြစ်သည်။ အခြားဘယ်သူကမှ သူမအား မသင်ကြားပေးနိုင်ပေ။
ဆုဝန်သည် သဘောထားကြီးလှပေသည်။ သူမဟင်းပွဲများကို ယူလိုက်တိုင်း သူမနံဘေးမှ အမျိုးသမီးလေးများအား ဟင်းပွဲထဲတွင် သုံးထားသော ပါဝင်ပစ္စည်းများနှင့် လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးများကို ရှင်းပြပေးလေသည်။
ဤချမ်းသာပြီး အာဏာရှိသော အမျိုးသမီးများသည် နဂိုက ဆုဝန်အား ငြင်းပယ်ချင်ကြသော်လည်း ဆုဝန်ပြောသော မည်သည့်အစားအစာက အသားအရေအတွက် အကျိုးရှိသည်။ မည်သည့်အစားအစာကတော့ အသည်းအတွက် ကောင်းသည်။ မည်သည့် အစားအစာကတော့ အဆီကျစေသည်။ မည်သည့်အစားအစာကတော့ မျက်နှာကို ကြမ်းစေသည်။ ဝက်ခြံထွက်နေလျှင် မစားရကြောင်းတွေ ကြားပြီး မှ အမြင်ကြည်လာကြလေသည်။
ထိုအချက်များမှာလဲ အမျိုးသမီးလေးများနှင့် အများဆုံး သက်ဆိုင်သော ခေါင်းစဥ်များဖြစ်ပြီး ဤသို့ ငယ်ရွယ်သော အသက်အရွယ်လေးတွင် ရုပ်ရည်သွင်ပြင်အပေါ် မစိုးရိမ်သူ မည်သူရှိပါမည်နည်း။ ဤအချက်များသည် ယောက်ျားကောင်းတစ်ဦး ရှာနိုင်၊ မနိုင်ဆုံးဖြတ်ပေးသည့် အချက်များပင် ဖြစ်ပေသည်။
အားလုံးသည် ဆုဝန်၏ မျက်နှာမှာ ချောမွေ့ပြီး နူးညံ့နေသည်ကို တွေ့ကြသည်။ သူမ၏ အသားအရေ ဤမျှ ကောင်းနေရခြင်းမှာ သုံးပုံသုံးနည်း နည်းလမ်းများကို ကောင်းကောင်းသိနေရခြင်းကြောင့် ဖြစ်ကြောင်း ထင်ရှားလေသည်။
ဆုဝန်သည် ၂၁ ရာစုမှာ လာသူဖြစ်သည့်အလျောက် သူမသည် အသားအရေ ထိန်းသိမ်းမှုနှင့် ပတ်သက်၍ ရှေးလူများ သိသည်ထက် သိပ္ပံနည်းကျကျ အခြေခံဗဟုသုတ များစွာ ရှိပေသည်။
အကယ်၍ ဆုဝန်သည် ဤမိန်းမငယ်လေးများနှင့် ပြောစရာစကား မရှိပါလျှင် အဝတ်အစားများ၊ လက်ဝတ်ရတနာများနှင့် အသားအရေ ထိန်းသိမ်းမှုအကြောင်း ပြောသည်မှာ အမှန်ဆုံး ဖြစ်ပါပေမည်။
အစပိုင်းတွင် မိန်းမငယ်လေးများသည် ချောင်ယွဲ့ရူ နံဘေးတွင်သာ ဝန်းရံပြီးရင်း ဝန်းရံနေကြသော်လည်း ယခုအချိန်တွင်မူ ချောင်ယွဲ့ရူအား ဘေးသို့ထုတ်ထားလိုက်ကြပြီး ဆုဝန်နှင့် စကားပြောခြင်းကိုသာ အာရုံစိုက်ထားကြလေသည်။
ချောင်ယွဲ့ရူသည် မူလက ဆုဝန်ပါဝင်လာခြင်းကို ကာကွယ်ပြီး သူမကိုအရှက်ရသွားစေရန် ဆုဝန်၏ အမှားအချို့ကို ရှာလိုခဲ့သည်။ သို့သော် ယခုတွင်မူ ဆုဝန်သည် အစကတည်းက ချောင်ယွဲ့ရူ၏ ပါးစပ်ကို ပိတ်လိုက်နိုင်ခဲ့သောကြောင့် သူမသည် ဆုဝန်အား အရှက်ရစေဖို့ လုပ်ဆောင်ခြင်းငှာ မတတ်နိုင်ပါတော့ချေ။
ချောင်ယွဲ့ရူသည် သူမဘက်ကစ၍ ဆုဝန်အား ဟိုဟိုဒီဒီ မမေးပါချေ။ ချောင်ယွဲ့ရူကဲ့သို့ပင် ယန်ယွင်ရန်ကလဲ ဆုဝန်အား ဘာအကြောင်းကိုမျှ မမေးပါချေ။
အချိန်ခဏအကြာထိ ချောင်ယွဲ့ရူနှင့် ယန်ယွင်ရန်တို့သည် အမျိုးသမီးဧည့်သည်များ စားပွဲတွင် ဘာစကားမျှ မပြောဘဲ ထိုင်နေကြသူများပင် ဖြစ်ပေသည်။
ဆုဝန်သည်မူ အမျိုးသမီးငယ်လေးများ၏ မေးခွန်းများကို တစ်ယောက်ချင်း ဖြည်းညင်းစွာ သေချာကျန ဖြေပေးနေလေသည်။ အမျိုးသမီးငယ်လေးများ၏ အသားအရေ ပြဿနာရပ်များကို နားထောင်ပေးပြီး မည်သို့မည်ပုံ ဂရုစိုက်ရမည်၊ မည်သည့် အစားအစာတို့ကို စားသင့်သည် စသည်တို့ကို ဂရုတစိုက် အကြံပေးနေလေသည်။ သူတို့စကားပြောနေကြပုံနှင့် အသေးအဖွဲ ပြုမူပုံကလေးများကပင် တည်ငြိမ်ပြီး ဉာဏ်ပညာကြီးကြကြောင်း သိနိုင်ပေသည်။ နှိုင်းယှဥ်လိုက်သောအခါ ယန်ယွင်ရန်နှင့် ချောင်ယွဲ့ရူတို့သည် ထိုစကားဝိုင်းနှင့် မသက်ဆိုင်ကြသူများ ဖြစ်သွားပေတော့သည်။
ဆုဝန်ရောက်လာပြီးကတည်းက ဧည့်ခံပွဲမှ အမျိုးသားဧည့်သည်များသာမက အမျိုးသမီး ဧည့်သည်များ၏ ဆွေမျိုးအမျိုးသားများ၏ အာရုံစိုက်မှုသည် ဆုဝန်၏ ပုံပန်းသွင်ပြင်နှင့် ဧည့်ခံပွဲအတွင်း လွတ်လပ်စွာ ပြောဆိုနေပုံသို့ ရောက်နေလေသည်။
မူလက သူတို့၏ အတွင်းစိတ်ထဲတွင် ဆုဝန်သည် အရသာရှိသော ဟင်းလျာများကို ချက်ပြုတ်နိုင်ပါသော်လည်း နိမ့်ကျသော ထမင်းချက်သာ ဖြစ်သည်ဟု တွေးထားကြသည်။ သို့သော် ဆုဝန်ပေါ်လာသောအခါ ရုပ်ရည်သွင်ပြင်မှအစ စကားပြောပုံဆိုပုံ၊ အမူအကျင့် အားလုံးတို့ကြောင့် သူတို့တစ်ယောက်ချင်း၏ မူလထင်မြင်ချက်များ ပြောင်းလဲသွားလေသည်။
ထိုအချိန်တွင် ချောင်ယွဲ့ရူသည် တမင်သက်သက် သူမလက်မှ လက်ကောက်ကို ပြကာ ဆုဝန်အား မေးလိုက်သည်။ ပုံမှန်အားဖြင့် ပန်းနုရောင် မဟူရာကျောက်မှာ အလွန်ရှားပါးသည်။ သာမန်လူတို့သည် ထိုကျောက်ကို ပန်းရောင်စကျင်ကျောက်ဟု အထင်မှားနိုင်ပေသည်။ ထို့ကြောင့် ချောင်ယွဲ့ရူသည် ဆုဝန်အား အမှားလုပ်မိစေလိုသောကြောင့် အရူးလုပ်ခြင်းဖြစ်ပေသည်။ မမျှော်လင့်ဘဲ ဆုဝန်သည် တစ်ချက်ကြည့်ရုံနှင့် ဤသည်မှာ ပန်းနုရောင်မဟူရာကျောက်ဖြစ်ကြောင်း သိနေလေသည်။ ထိုအရာက ချောင်ယွဲ့ရူအား ပို၍ ဒေါသထွက်စေသည်။ သူမသည် မူလက ဆုဝန်၏ နိမ့်ကျမှုနှင့် အသိဉာဏ်မဲ့မှုကို ပြချင်ခဲ့တာ ဖြစ်သည်၊ သို့သော် ဆုဝန်သည် တစ်ခုပြီးတစ်ခုကို ရှင်းပြနိုင်နေလေသည်။
ဤသည်မှာ သွမ့်ကျင်းထျန်သည် ဆုဝန်အား စားပွဲသို့ ခေါ်လာခဲ့ခြင်း အကြောင်းပြချက်ပင် ဖြစ်ပါပေသည်။ ဤရက်များတွင် သွမ့်ကျင်းထျန်သည် ဆုဝန်က သာမန်နိမ့်ကျသော မိန်းကလေးတစ်ဦး မဟုတ်ကြောင်း သိခဲ့ရသည်၊ ထို့ကြောင့် သူသည် ချောင်ယွဲ့ရူပြောသော စကားနှင့်ပတ်သက်၍ မသက်မသာ ခံစားရပေသည်။
ယခုတွင်မူ ဆုဝန်၏ အပြုအမူများက လူတိုင်းသည် သူမအား စင်မြင့်ပေါ်တွင် မရပ်ဝံ့သည့် သာမန်သိမ်ဖျင်းသော ထမင်းချက်တစ်ဦးဟု ထင်မြင်ကြသည့်အမြင်မျိုးမှ ကာကွယ်လိုက်နိုင်လေသည်။
သွမ့်ကျင်းထျန်သည် ပြောမပြတတ်အောင်ပင် ဂုဏ်ယူနေမိသည်။
…
အခန်း (၂၆)(ခ)
ဝမ်လော့ရှန်းသည်မူ ညစာစားချိန်အတွင်း အေးဆေးတည်ငြိမ်စွာ ပြောဆိုနေသောလူမှာ ဆုဝန်ဖြစ်သည်ကို မယုံနိုင်ပင်ဖြစ်နေလေသည်။
ယခင်ဘဝက ဧည့်ခံပွဲရှိတိုင်း ဝမ်လော့ရှန်းသည် ယန်ယွင်ရန်ကိုသာ ခေါ်ဆောင်လာတတ်သည်။ ယန်ယွင်ရန်သည် ပညာတတ်ပြီး လိုက်လျောညီထွေရှိသည့်အတွက် ပညာသင်ဖက်များ၏ အမျိုးသမီးများကို သာမန်ပြောဆိုသကဲ့သို့ပင် ပြောဆိုဆက်ဆံတတ်ပေသည်။ ဝမ်လော့ရှန်း၏ စိတ်ထဲတွင် အကယ်၍ ဆုဝန်သာ သွားလျှင် သူအရှက်ရပေလိမ့်မည်ဟု တွေးထင်ထားခြင်း ဖြစ်ပေသည်။
ဧည့်ခံပွဲ၏ ဒုတိယပိုင်းတွင် ဧည့်သည်များသည် လွတ်လွတ်လပ်လပ် လျှောက်သွားကာ အခြားသူများနှင့် စကားပြောကြလေသည်။ အမျိုးသားဧည့်သည်အများအပြားသည် ဆုဝန်နှင့် စကားပြောချင်ကြသည်။
ဤသည်မှာ ယနေ့ ဧည့်ခံပွဲသို့ လာရောက်ကြသော အမျိုးသမီးတို့အဖို့ မထင်မှတ်ထားသော အရာဖြစ်ပေသည်။ သူတို့သည် ယနေ့ည၏ ဇာတ်ဆောင်အဖြစ် ချောင်ယွဲ့ရူနှင့် ယန်ယွင်ရန်တို့ကို ထင်မှတ်ထားသော်လည်း သွမ့်မိသားစုမှ သာမန် ထမင်းချက် မိန်းကလေးတစ်ဦး ဖြစ်လိမ့်မည်ဟုတော့ မထင်ထားကြပါ။
ယန်ယွင်ရန်သည် ပို၍ပင် မကျေမချမ်းဖြစ်သွားသည်။ သူမသည် ဆုဝန်အား မျက်လုံးထဲပင် မထည့်ဖူးပေ။ သို့သော် ယနေ့တွင် ဆုဝန်သည် သူမထက်ပင် ပို၍ တောက်ပနေလေသည်။
ယန်ယွင်ရန်သည် ဝမ်လော့ရှန်းအား လှမ်းကြည့်လိုက်သောအခါ ဝမ်လော့ရှန်းက ဆုဝန်အား ကြည့်နေသည်ကို မြင်လိုက်ရသည်။
ယန်ယွင်ရန်သည်လည်း မခေသော အမျိုးသမီးတစ်ဦး ဖြစ်သည်နှင့်အညီ အမျိုးသားဧည့်သည်များနှင့် အမျိုးသမီးများ ဝိုင်းနေသော ဆုဝန်ဆီသို့ လျှောက်သွားပြီး ပြောလိုက်သည်။ “ညီမဆုဝန် ဒီဧည့်ခံပွဲ ပြီးသွားရင်လေ အားလုံးက ဂန္ဓမာပန်းတွေ လိုက်ကြည့်ပြီး ဂန္ဓမာပန်းနဲ့ ပတ်သက်တဲ့ ကဗျာတွေကို စပ်ဆိုကြလိမ့်မယ်။ အစ်မနဲ့ လိုက်ခဲ့မလား အစ်မက မင်းကို ကဗျာလေးသင်ပေးမယ်။ အာ နေပါဦး မင်း အမြန်ဆုံးပြောဖို့တော့ လိုမယ်ထင်တယ်။ အားလုံးက အစ်မသင်ပေးတဲ့ ကဗျာကို ရွတ်ခိုင်းနေရင် ငါ့ညီမ ရွတ်ပြစရာ မရှိဘဲ နေမှာစိုးလို့လေ” ယန်ယွင်ရန်စကား၏ ရည်ရွယ်ချက်မှာ ဆုဝန်သည် ဘာကဗျာစာပေမှ မဖတ်ဖူးကြောင်း အားလုံးကို အသိပေးရန်ဖြစ်သည်။ ကဗျာစာပေနှင့် စာအုပ်များစွာကို ဖတ်ရှုဖူးကြသော ဤအမျိုးသမီးများနှင့် သာမန်စာအုပ်သာ ဖတ်ဖူးသူတို့မှာ ကွာခြားလေသည်။
ဆုဝန်သည် ပြုံးကာ ယန်ယွင်ရန်အား ပြန်၍ပြောလိုက်သည်။ “အစ်မယန်ယွင် မစိုးရိမ်ပါနဲ့ ညီမက ကဗျာပေါင်း အနည်းဆုံး တစ်ဒါဇင်လောက်ကို မှတ်နိုင်ပါတယ်။ ညီမဘာမှ မပြောဘဲနေတာက တစ်ယောက်ယောက်ကများ ပြောမလားလို့ပါ”
ယန်ယွင်ရန်သည် မယုံကြည်နိုင်ဖြစ်ကာ ပါးစပ်မှ လွှတ်ကနဲ ထွက်သွားလေသည်။ “မဖြစ်နိုင်လိုက်တာ ဘယ်လိုလုပ်ပြီး နင်က ကဗျာစာပေတွေကို သိမှာလဲ”
ဆုဝန်သည် ဖြည်းညင်းစွာပင် ပြန်၍ ဖြေသည်။
“ကျွန်မငယ်ငယ်က စာဖတ်တာ သင်ဖူးပါတယ်။ ခု ဒီရက်တွေမှာ သွမ့်အိမ်တော်က စာအုပ်တွေကို ဖတ်ထားပြီး ကဗျာအချို့ကို မှတ်ထားပါတယ်။ အစ်မယန်ယွင် ညီမအတွက် စိုးရိမ်စရာ တကယ်မလိုပါဘူးရှင်”
ယန်ယွင်ရန်သည် သူမအဝတ်၏ ထောင့်စွန်းလေးကို ကိုင်ကာ “ဒါဆို ညီမက ကဗျာအချို့ကို မှတ်မိတယ်ပေါ့” နံဘေးမှ အမျိုးသား အမျိုးသမီးဧည့်သည်များကလဲ “ညီမဆုဝန် သီချင်းတွေကို မှတ်မိတာလား” ဟု သံပြိုင်ပြောလိုက်ကြသည်။
အမျိုးသား ဧည့်သည်များသည် ဆုဝန်နောက်ကောက်ကျနေမည်ကို မလိုလားကြပေ။ သူသည်သည် သန့်စင်သော သိလိုစိတ်သက်သက်ဖြင့် မေးခြင်းသာ ဖြစ်ပေသည်။
ထို့ကြောင့် ဆုဝန်သည် လီကွမ်းချိုး၏ အဖြူရောင် ဂန္ဓမာပန်း လေးချိုး၊ ကျန်းရှီချောင်၏ အေးမြသော ဂန္ဓမာပန်း၊ ချင်ကွမ့်၏ မန့်ထင်းဖန်တို့နှင့် တကွ အခြားသော သုံးလေးငါးပုဒ်လောက်သော ကဗျာတို့ကို သူမပြောတာ အမှန်ဖြစ်သည်ဟု သက်သေပြသည့်အနေဖြင့် လက်တန်းဆိုပြလိုက်သည်။
ဆုဝန်သည် သူမကိုယ်သူမ ကြွားဝါပြီး ထင်ရှားပေါ်လွင်လိုခြင်းတော့ မရှိပေ။ သို့သော် ချောင်ယွဲ့ရူနှင့် ယန်ယွင်ရန်တို့၏ လှောင်ပြောင်သရော်ခြင်း အထမြောက်သွားမည်ကိုတော့ ဆုဝန်မလိုလားပေ။ ထို့ကြောင့် သူမသည် သူမ၏ စွမ်းရည်ကို ဖော်ထုတ်ပြသခြင်းဖြစ်ပေသည်။
ယန်ယွင်ရန်ကမူ ဆုဝန်သည် ဂန္ဓမာပန်းအကြောင်း ကဗျာတွေ အများကြီးကို လက်တန်း ရွတ်ဆိုနိုင်လိမ့်မည်ဟု တစ်ခါမျှ ထင်မထားဖူးပါပေ။
သူမသည် ဆုဝန်ကို ပို၍ အရုပ်ဆိုးဆိုးဖြစ်သွားမည်ကို မျှော်လင့်ထားခြင်းဖြစ်သည်။ သူမ၏ လုပ်ရပ်ကြောင့် ဆုဝန်ပို၍ တောက်ပသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
မူလက ဧည့်သည်များ၏ မျက်လုံးထဲတွင် ဆုဝန်သည် ထက်မြက်သော ထမင်းချက်တစ်ဦးသာ ဖြစ်သည်။ သို့သော် ယခုကိစ္စရပ် ဖြစ်သွားပြီးသောအခါတွင်မူ သူတို့၏ နှလုံးသားထဲတွင် ဆုဝန်သည် ထက်မြက်သော မိန်းကလေးတစ်ဦး ဖြစ်သွားချေပြီ။
ချောင်ယွဲ့ရူသည် ပို၍ပင် မကျေမနပ်ဖြစ်နေသည်။ သူမသည် အရာအားလုံးကို တွက်ချက်ပြီး ဖြစ်သည်။ သို့သော် သူမသည် ထမင်းချက်တစ်ဦး၏ ကျော်ကြားမှုကြောင့် သူမဂုဏ်ရှိန်ဝါကို ဖုံးလွှမ်းခံရမည်ဟုတော့ တစ်ခါမျှ မတွေးခဲ့ဖူးပါချေ။
ယနေ့တွင်မူ ဆုဝန်သည် သူမ၏ ထမင်းချက်ဟူသော ဂုဏ်ပုဒ်မှ ကွဲထွက်၍ ဤနေရာတွင် ထိုင်နေကြသော အမျိုးသမီးငယ်များ၏ ရှုထောင့်တွင် ထူးချွန်သည်ဟူ၍ မြင်သွားစေသည်။
ပုံပန်းသွင်ပြင်အရဆိုလျှင် ဆုဝန်သည် ဟင်းချက်ဖို့ရန်အတွက် သာမန် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံကေသာအပြင်အဆင်မှာလဲ ရိုးရှင်းပြီး သန့်ရှင်းလေသည်။ သို့သော် သူမ၏ တစ်ကိုယ်လုံးကို ခြုံငုံကြည့်လျှင် ခေါင်ရမ်းပန်းပွင့်လေးထဲမှ ထွက်လာသော သဘာဝအတိုင်း လှပဖြူစင်သည့် အမျိုးသမီးလေးအသွင်ကို ခံစားရစေသည် ဤအိမ်ရှိ စျေးကြီးသည့် အဆင်တန်ဆာအဝတ်အစား များကို ဝတ်ဆင်လာကြသည့် အမျိုးသမီးများနှင့်ယှဥ်လျှင်တောင် ထင်ရှားနေလေသည်။
ချောင်ယွဲ့ရူသည် မူလက ဆုဝန်အား သက်သက်မဲ့ ဆရာလုပ်ချင်ခဲ့သည်။ သို့သော် ဆုဝန်သည် သူမ၏ အမှားများကိုပါ ထောက်ပြပြီး တာ့ကျိုး၏ ထုံးတမ်းကိုပါ လက်တမ်းရွတ်ပြနိုင်ခဲ့ပေသည်။
ကဗျာစာပေတွင် ဆိုလျှင်လဲ ဆူဝန်သည် ဂန္ဓာမာပန်းကဗျာပေါင်းများစွာကို လက်တမ်း ရွတ်ဆိုပြနိုင်ခဲ့လေသည်။ သူမကိုယ်တိုင်ရေးထားခြင်းမဟုတ်သော်လည်း သူမသည် ကိုယ်တိုင်ရွတ်ဆိုနိုင်ခဲ့လေသည်။ ချင်းယွင်ကောင်တီတွင် သူမသည် ကဗျာစာပေများစွာကို လက်တမ်းရွတ်ဆိုနိုင်လျှင် အရည်အချင်းရှိသော အမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရပေသည်။ ထို့ကြောင့်ပင် ဆုဝန်သည် အရည်အချင်းရှိသော အမျိုးသမီးဟု သတ်မှတ်ခြင်းခံထားရသော ယန်ယွင်ရန်ထက်ပင် ခေါင်းတစ်လုံးမနိမ့်ပါချေ။
အလွန်ပင် မယုံကြည်နိုင်သောကြောင့် အမျိုးသား ဧည့်သည်တစ်ယောက်တစ်ယောက်သည် ဆုဝန်ထံသို့ လာပြီး မည်သို့ မှတ်နိုင်သည်နည်းကို မေးလေသည်။ ဆုဝန်က အားလပ်ရက်များတွင် စာပေများ ဖတ်ရှုမှတ်သားကြောင်းကို ပြောပြလေသည်။
အားလုံးသည် ဆုဝန်တွင် ဓာတ်ပုံရိုက်သကဲ့သို့ မှတ်ဉာဏ်ရှိကြောင်းသိပြီး အံ့သြသွားကြလေသည်။
ဝမ်လော့ရှန်းသည် ဆုဝန်အား ကြောင်တောင်တောင်လေး ကြည့်နေမိသည်။ သူသည် ဆုဝန်၏ ဤသို့ပုံစံကို အရင်က တစ်ခါမျှ မမြင်ခဲ့ဖူးပေ။ သူ့အတွေးထဲတွင် ဆုဝန်သည် ညစ်ပတ်ပေရေနေသော အဝတ်များကို ဝတ်ဆင်ကာ တနေကုန် အလုပ်ရှုပ်ပြီး သတိကြီးတတ်လေသည်။ သူသည် ဆုဝန်ကို မြင်ပင်မမြင်လိုပေ။
သို့သော် ယနေ့တွင် ဆုဝန်သည် ယခင်ကနှင့် သိသိသာသာ ကွဲပြားနေသည်။
ဆုဝန်သွားရာလမ်းတစ်လျှောက်တွင် လူများနှင့် ပြည့်နေသည်ကို အခွင့်ကောင်းယူကာ ဝမ်လော့ရှန်းသည် ဆုဝန်ဘေးသို့ ခပ်မြန်မြန်လေး သွားလိုက်သည်။
“ဆုဝန် နင်ဒီရက်တွေမှာ ဘာတွေလုပ်နေလဲ” ဝမ်လော့ရှန်းပြောလိုက်သော စကားတွင် ဂုဏ်ယူသည့်အသံ အနည်းငယ်ပါနေလေသည်။
ပထမက ဆုဝန်သည် ဝမ်လော့ရှန်းအား စကားပင် ပြန်မပြောချင်ပေ။ သို့သော် ဆုဝန်သည် ဝမ်လော့ရှန်း၏ အမူအကျင့်များအား ကောင်းစွာ နားလည်လေသည်။ သူမဝမ်လော့ရှန်းအား အသည်းအသန် လိုက်ကပ်လျှင် ဝမ်လော့ရှန်းက သူမအား ခွာထုတ်မည်ဖြစ်သည်။ အကယ်၍ သူမသာ ဝမ်လော့ရှန်းအား အရမ်းအသည်းအသန် မဖြစ်ပြပါလျှင် သူသည် သူမအနားရောက်ဖို့ အစွမ်းကုန် ကြိုးစားမည်သာ ဖြစ်ပေသည်။
စာအုပ်ထဲမှ ဝမ်လော့ရှန်းသည် ထိုကဲ့သို့သော လူမျိုးပင် ဖြစ်ပေသည်။ သူသည် သူ့အပေါ် ကောင်းကောင်းမဆက်ဆံသော သူဌေးကြီးများအား အကောင်းဆုံးကြိုးစားပြပြီး သူ့အပေါ် အသိအမှတ်ပြုသော သူဌေးကြီးများ အပေါ်တွင်မူ ကောင်းကောင်းဂရုမစိုက်ပါပေ။
အကယ်၍ ဆုဝန်သာ တတ်နိုင်သမျှ နည်းလမ်းအမျိုးမျိုးနှင့် ဝမ်လော့ရှန်းအား မထိန်းထားပေးပါလျှင် ဝမ်လော့ရှန်းသည် သူ၏ ပထမဆုံးအလုပ်အကိုင်ကို စတင်လုပ်ဆောင်ချိန်တွင် ယိမ်းယိုင်နေမည်သာ ဖြစ်ပေသည်။ ဒါကိုတောင် ဝမ်လော့ရှန်းသည် သူက အရည်အချင်းရှိလွန်းလှ၍ သူ့အား ရွေးချယ်တင်မြှောက်ကြသည်ဟု ထင်နေသေးပေသည်။
သူမသာ ဝမ်လော့ရှန်းအား ခေတ္တမျှ ဂရုမစိုက်ဘဲနေလိုက်ပါလျှင် ဝမ်လော့ရှန်း သူမကို စိတ်ဝင်စားလာမည်ကို ဆုဝန်က စိုးရိမ်၍နေသည်။ ထို့ကြောင့် ဆုဝန်သည် ဝမ်လော့ရှန်း သူမနား ချဥ်းကပ်လာသည်ကို မြင်သောအခါ ပြုံးပြီး “ကိုကိုလော့ရှန်း ညီမကို တကယ် ဂရုစိုက်တာပဲလား ညီမ.. ညီမလေ.....”
ဆုဝန်သည် အလွန်စိတ်လှုပ်ရှားပြီး စကားပြောချင်ဟန် ဆောင်လိုက်သည်။
ထိုအချိန်တွင် နံဘေး၌ ဘယ်သူမှမရှိပေ။ ထို့ကြောင့် ဆုဝန်သည် ပို၍ ပြေပြစ်စွာ သရုပ်ဆောင်နိုင်ပေသည်။ “ကိုကိုလော့ရှန်း ညီမလေး မရှိတဲ့ ရက်တွေမှာလေ ထမင်းရော ကောင်းကောင်းစားရဲ့လား။ ကောင်းကောင်းနေပြီး စာရော သေချာကြိုးစားရဲ့လားဟင်။ အဒေါ်နဲ့ လော့ရွှယ်တို့ကကော ကိုကို့ကို ဂရုစိုက်ကြရဲ့လား” ဆုဝန်သည် အလေးအနက်ထားပြီး သူမ၏ ယခင်ပုံစံအတိုင်းမေးလေသည်။
ဝမ်လော့ရှန်း၏ စိတ်အားထက်သန်မှုများနှင့် ဆက်နွယ်၍ပင်နေသည်။
ဝမ်လော့ရှန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ရင်ထဲတွင် အစာမကြေသကဲ့သို့ ပျို့တက်၍ လာသည်။ သူသည် ဆုဝန်နှင့် စကားပြောရန် ပထမက စိတ်အားထက်သန်နေခဲ့သည်။ သို့သော် ဆုဝန်သည် သူ့ဆီသို့ တိုးဝင်လာဟန်ကို မြင်သောအခါ ဝမ်လော့ရှန်းသည် ဆုဝန်နှင့် စကား ဆက်မပြောလိုတော့ပေ။
ယခင်က သူ့အိမ်မှ ဆုဝန်၏ ပြိုလဲလွယ်ပြီး သတိကြီးသော ပုံစံကို ဝမ်လော့ရှန်း၏ မျက်လုံးထဲတွင် ပြန်မြင်ယောင်လာသည်။
“အားလုံးကောင်းပါတယ် ညီမလဲ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ” ဝမ်လော့ရှန်းသည် ဝတ်ကျေတမ်းကျေ ပြန်ပြောကာ ဆုဝန်အား ရှောင်ထွက်သွားလေသည်။ တစ်ချိန်တည်းပင် သူသည် သူနှင့် ဆုဝန်၏ ပတ်သက်မှုကို ရွာရှိလူများရှေ့တွင် အဆက်ဖြတ်ရန် ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။
ဆုဝန်သည် ခေတ္တမျှ တောက်ပနေခဲ့သော်လည်း သူမသည် ယန်ယွင်ရန်အား မယှဥ်နိုင်ပါပေ။ နောက်ဆုံးတွင် ယန်ယွင်ရန်သည် ပညာသင်မိသားစုမှ ဆင်းသက်လာခြင်းဖြစ်ပြီး သူ့မိသားစုအခြေအနေနှင့် သူ့အသက်မွေးပညာတို့သည် ယန်ယွင်ရန်၏ အကူအညီမပါဘဲ မဖြစ်နိုင်ပါချေ။
ချောင်ယွဲ့ရူနှင့် ယန်ယွင်ရန်တို့မှ အပ အခြားသောအမျိုးသမီးလေးများသည် ဆုဝန်အပေါ် မလိုမုန်းတီး မရှိကြပါချေ။ ဆုဝန်သည် သူမအသားအရေကို သေချာထိန်းသိမ်းရမည့် နည်းလမ်းများကို သိပေသည်။ ထို့ကြောင့် သူမတို့သည် ဆုဝန်နှင့် ပိုမို၍ စကားပြောလိုကြပေသည် ။
ဧည့်ခံပွဲပြီးသွားသောအခါ အားလုံးသည် အလျှိုလျှိုပြန်သွားကြပြီး အပြန်လမ်းတွင် သူတို့အားလုံးသည် ဆုဝန်ကို ချီးကျူးကြလေသည်။
ဂန္ဓမာပန်းပွဲတော် ပြီးသောအခါ ချောင်ယွဲ့ရူသည် ချောင်အိမ်တော်သို့ တိုက်ရိုက်မပြန်ဘဲ သွမ့်အိမ်တော်မှ သွမ့်ကျင်းထျန်၏ မိခင်ဖြစ်သူ သွမ့်ရှီနှင့် သွားတွေ့လေသည်။
သွမ့်အိမ်တော်သည် ချောင်ယွဲ့ရူအား ကောင်းမွန်စွာ ဆက်ဆံလေသည်၊၊ လူတိုင်းက သွမ့်အိမ်တော်က သွမ့်ကျင်းထျန်နှင့် ချောင်အိမ်တော်မှ ချောင်ယွဲ့ရူတို့ကို လက်ထပ်ပေးစေလိုကြောင်း သိကြလေသည်။
ချောင်ယွဲ့ရူသည် သခင်မသွမ့်အဖို့ အဖြူရောင်သားမွေးကုတ်အင်္ကျီနှင့် ယုကျင်းပွဲမှ ကျောက်စိမ်းတစ်ဆင်စာကို ယူလာပေးလေသည်။ ထိုလက်ဆောင်ပစ္စည်းများသည် သာမန်လူများအဖို့ နှစ်ပေါင်းများစွာ ခြစ်ကုပ်စုဆောင်းမှ ရရှိနိုင်မည့် ပမာဏ ဖြစ်ပေသည်။ သွမ့်သခင်မနှင့် ချောင်ယွဲ့ရူတို့သည် တစ်နေ့ခင်းလုံး ဟောခန်းထဲတွင် စကားပြောနေကြလေသည်။
ချောင်ယွဲ့ရူထွက်သွားပြီးနောက် သွမ့်သခင်မသည် သွမ့်ကျင်းထျန်အား ဟောခန်းထဲသို့ ခေါ်လေသည်။
သွမ့်အမေသည် အမြဲတမ်းဂုဏ်သိက္ခာ ရှိလေသည်။ ထို့ပြင် ဘာကိစ္စပင် ဖြစ်ပါစေ သူမသည် သူမသားအား သိမ်မွေ့စွာသာ ပြောဆိုလေသည်။ “သား အမေကြားတာ မင်းက မင်းအတွက် ချက်ပြုတ်ပေးနေတဲ့ ထမင်းချက်လေးကို စိတ်ဝင်စားနေတယ်ဆို ဟုတ်လား”
သွမ့်ကျင်းထျန်သည် သူ့ခေါင်းကို မတ်လိုက်ပြီး မငြင်းဘဲ “ဆုဝန်က မိန်းမကောင်းလေးပါ”
“မိန်းမကောင်း ဟုတ်တာ၊ မဟုတ်တာက အဲ့လောက်အရေးမကြီးဘူး။ သူက အစေခံတစ်ယောက်ပဲ၊ အစေခံတစ်ယောက်က မိသားစု စီးပွားရေးကို ဘယ်လိုမှ မကူညီပေးနိုင်ဘူး။ အဲဒါကြောင့် မင်းက ယွဲ့ရူကိုပဲ စိတ်ဝင်စားရမယ်”
သွမ့်ကျင်းထျန်၏ အပြုအမူများသည် ပို၍ပြင်းထန်လာပြီး
“မိသားစုကို ကူညီနိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘာတွေများ လုပ်ရမှာမို့လို့လဲဗျာ” ဟု ပြောလိုက်သည်။
သွမ့်သခင်မသည် သူ့သား၏ ခံ့ညားသော မျက်နှာကိုကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “သား မင်းဟာ အကျိုးအပြစ်တွေကို သိဖို့အတွက် သိပ်ကိုငယ်သေးတယ်။ အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် မင်းရဲ့အဖေဟာ အရင်က ချင်းယွင်ကောင်တီရဲ့ လူချမ်းသာတစ်ဦး မဟုတ်ခဲ့ဘူး။ အမေနဲ့ လက်ထပ်လိုက်လို့ မင်းရဲ့အဘိုးက သူ့ကို အကူအညီတွေ အများကြီး ပေးခဲ့တာ။ အဲ့အတွက် မင်းအဖေဟာ သူ့နည်းတူ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးကို ရင်ဘောင်တန်းနိုင်ခဲ့ပြီး နောက်ဆုံးမှာ ချင်းယွင်ကောင်တီရဲ့ အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာခဲ့တာပဲ။ ဆုဝန်က အမေတို့အိမ်က အစေခံလေ။ အမေဘယ်လိုလုပ် သဘောတူပေးနိုင်မှာလဲ”
သွမ့်ကျင်းထျန်သည် အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။
“ဆုဝန်က အစေခံမဟုတ်ပါဘူး။ သူမက ကျွန် မဟုတ်ဘူးလေ။ ကျွန်တော်က သူ့ကို ခန့်ထားခဲ့တာ။ သူက ကျွန်တော်တို့နဲ့ တူတူပဲ” သွမ့်အမေသည် ဖြည်းညင်းစွာ ဆက်ပြောသည်။
“ခု သားကို ခေါ်လိုက်ရတာကလဲ အဲ့ အစေခံထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောစရာရှိလို့ပဲ။ ချောင်ယွဲ့ရူ အမေ့ကို လာတွေ့သွားတယ်။ သူကရှင်းရှင်းလင်းလင်းတော့ မပြောသွားပေမဲ့ သူပြောသွားတဲ့ထဲကနေ ဘာကိုဆိုလိုချင်တယ်ဆိုတာ နားလည်တယ်။ မင်းက ကျွန် မဟုတ်တဲ့သူကို မင်းဘေးမှာ ထားတာကို သူက သိပ်သဘောမတွေ့ဘူး ဖြစ်နေတယ်”
ဆုဝန်သည် ကျွန်တစ်ယောက် မဟုတ်လျှင် သွမ့်ကျင်းထျန်သည် အနာဂတ်တွင် သူမအား ကိုယ်လုပ်တော်အဖြစ် တင်မြှောက်နိုင်မည် ဖြစ်သည်။ အကယ်၍ ဆုဝန်သာ ကျွန်တစ်ယောက် ဖြစ်နေခဲ့ပါလျှင် အိမ်စေတစ်ဦးသာ ဖြစ်နိုင်ပေလိမ့်မည်။ အိမ်စေတစ်ဦး၏ ကံကြမ္မာသည် အိမ်ရှင်မ၏ လက်ထဲတွင် ရှိနေပေသည်။
သွမ့်ကျင်းထျန်သည် အလွန်ဒေါသထွက်သွားသည်။ “အဲ့ချောင်ယွဲ့ရူက ကိစ္စအများကြီးကို လိုက်ဂရုစိုက်နေတာပဲ။ ဆုဝန်က မိန်းမကောင်းလေးပါ။ ဘာလို့ သူ့ကို အိမ်စေတစ်ယောက်လို သဘောထားရမှာလဲ” သွမ့်ကျင်းထျန်၏ တုံ့ပြန်ပုံကို ကြည့်ရုံနှင့် သွမ့်ကျင်းထျန်သည် ဆုဝန်အား သဘောကျနေပြီဖြစ်ကြောင်း သွမ့်သခင်မက သိလေသည်။ ထို့ကြောင့် သူမသည် “သား မင်းက အမေ့ရဲ့တစ်ဦးတည်းသော သားလေးပါ။ သားဖြစ်ချင်သမျှကို ဖြည့်ဆည်းပေးချင်တာပေါ့။ ဒါပေမဲ့ သားရဲ့ ပထမဆုံး လက်ထပ်မဲ့ အမျိုးသမီးဟာ ချောင်ယွဲ့ရူပဲ ဖြစ်ရမယ်။ ဒါမှသာ သားရဲ့ ဂုဏ်သတင်းဟာ သူများတွေ မနာလိုရှုစိမ့်ဖြစ်လောက်တဲ့အထိ ကျော်ကြားလာမှာ”
“အကယ်၍ သားသာ အစေခံမဟုတ်တဲ့ အမျိုးသမီးတစ်ဦးကို ဘေးမှာထားမယ်ဆိုရင် နောက်ဆုံးကျ အမှားတစ်ခုထက် မပိုဘူး။ ဆုဝန်ကို အိမ်တော်မှာ ဆက်နေစေချင်မယ်ဆိုရင် အရင်ဆုံး သူ့ကို အစေခံအဖြစ် သတ်မှတ်မှရမယ်။ ချောင်ယွဲ့ရူ အိမ်တော်ထဲ ရောက်လာတဲ့အခါကျရင်တော့ မင်းသူ့ကို ထွက်သွားခိုင်းရမယ်။ ဒါကိုသာ လက်ခံမယ်ဆိုရင် ဒီနည်းလမ်းနဲ့ သားလဲ ပျော်မယ်။ ချောင်မိန်းကလေးရဲ့ ဆန္ဒလည်း ပြည့်ဝမယ်” သွမ့်အမေသည် သူ့သားလိုချင်သည်ကိုလဲ ဖြည့်ဆည်းပေးချင်လေသည်။ ထို့ကြောင့် သူမသည် ဤသို့သော အပေးအယူမျိုးကို လုပ်ခြင်းဖြစ်ကြောင်းမှာ အံ့သြဖွယ်မကောင်းပါချေ။
သွမ့်ကျင်းထျန်သည် သူ့ခေါင်းကို တွင်တွင်ခါယမ်းလိုက်ပြီး “သူ့ကို အစေခံအဖြစ် မလုပ်လိုက်နိုင်ဘူး။ အကျင့်စာရိတ္တလဲကောင်းတဲ့ အမျိုးကောင်းသမီးတစ်ယောက်ကို ဘယ်လိုလုပ် အစေခံအဖြစ် ထားရမှာလဲ” သွမ့်ကျင်းထျန်သည်မကျေနပ်စွာ ပြောလေသည်။
“သူ့ကို အစေခံအဖြစ် မလုပ်ချင်ရင် တို့အိမ်တော်မှာလဲ သူ့ကို ဆက်မထားနိုင်ဘူး။ မင်းအတွက် သူအစေခံ ဖြစ်သွားရင်တောင် ကိစ္စမရှိဘူးလား။ တို့မိသားစုရဲ့ နောက်ခံနဲ့ ဂုဏ်ပုဒ်ဟာ ချင်းယွင်ကောင်တီ မပြောနဲ့ ကွင်းချိုးစီရင်စုတစ်ခုလုံးကိုပါ ထိန်းချုပ်နိုင်ပြီးသား။ အကယ်၍ သာမန်မိသားစုက မိန်းကလေးတစ်ယောက်ကို အစေခံအဖြစ်နဲ့ အခန်းလဲ ပေးထားမယ်ဆို မင်းတို့ စည်းမကျော်ကြရင်တောင် စည်းပေါ်မှာ ရှိနေတာမျိုးပဲ။ အဲ့ဒီဆုဝန်ဟာ သာမန် ထမင်းချက်တစ်ဦးပဲ၊ မင်းဒေါသထွက်ထွက် မထွက်ထွက် စောင့်ကြည့်နေပါ။ သူက မင်းရဲ့ အိမ်ရှင်မ ဖြစ်လာမယ်လို့ မင်းကြံရွယ်ထားတယ်ဆိုရင် ငါသူ့ကို အမြန်ဆုံး ကျွန်ပြုပစ်ရလိမ့်မယ်”
သွမ့်ကျင်းထျန်သည် ဒေါသတကြီးနှင့် “အမေ အဲ့လိုလုပ်လို့မရဘူးနော်”
သွမ့်အမေက “ဘာလို့မရရမှာလဲ။မင်းက အဲ့ ထမင်းချက်ကို မင်းမိန်းမ ဖြစ်စေချင်နေတာလား” ဟု ပြန်ပြောလိုက်လေသည်။
သွမ့်ကျင်းထျန်သည် ဆုဝန်က သူ့မိန်းမ ဖြစ်မလာနိုင်မှန်းကို သိသည်။ သို့သော် သူသည် လက်ကာကာ
“အမေသူ့ကို ကျွန်ပြုလို့မရဘူး “ ဟုပင် ပြောလေသည်။
“သား သူက အရမ်းကိုငယ်သေးတယ်။ မင်း သူ့ကို လက်ထပ်မယ်လို့ပြောလို့ သူက ဝမ်းသာမယ်လို့များ ထင်နေလား။ သူက ကျွန်အဖြစ် ရွေးချယ်မှာပဲ။ မင်းဘာမှ ပြောစရာမလိုတော့ဘူး။ သွား စာသွားလုပ်ချည်။ မင်းနဲ့ ချောင်ယွဲ့ရူနဲ့ လက်မထပ်ခင် မင်းရဲ့ဘေးမှာ သူ့ကို ရှိနေစေချင်ရင် ကျွန်ပြုရမှာပဲ၊ အဲ့လိုမှ မဟုတ်ရင် ချောင်ယွဲ့ရူနဲ့ လက်ထပ်ပွဲက ချောမွေ့မှာ မဟုတ်ဘူး”
သွမ့်ကျင်းထျန်သည် “အမေ သူ့ကို ကျွန်ပြုလို့ မရဘူးနော်” ဟူ၍သာ ဆက်ပြောလေသည်။
သွမ့်သခင်မ၏ အသံသည် ပို၍ပြင်းထန်လာပြီး “ဒါဆို မင်းကသူ့ကို သွမ့်အိမ်တော်မှာ မချက်ပြုတ်စေချင်တော့ဘူးလား”
သွမ့်ကျင်းထျန်သည် ပြောစရာစကားလုံးများ ပျောက်ရှ၍သွားသည်။ သူသည် သူ့အမေ၏ အကျင့်ကို သေချာသိသည်။ သူသာ ထိုသို့မလုပ်လျှင် ဆုဝန်အား အိမ်တော်မှ ချက်ချင်း မောင်းထုတ်မည်သာ ဖြစ်သည်။
သွမ့်ကျင်းထျန်သည် ဆုဝန်၏ လက်ရှိအခြေအနေကိုလဲ သိပေသည်။ သူမအား လက်ထပ်ရန်မှာ သူ့အတွက် မဖြစ်နိုင်ပါချေ။ ဆုဝန်မှ မဟုတ်၊ ယန်ယွင်ရန်ကဲ့သို့သော ပညာသင် မိသားစုမှ ဆင်းသက်လာသော မိန်းကလေးသည်ပင်လျှင် သူနှင့်လက်ထပ်ဖို့ရန်အတွက် အရည်အချင်း မပြည့်မီပေ။
သွမ့်ကျင်းထျန်သည် ရွေးချယ်စရာမရှိတော့သဖြင့် လက်လျှော့လိုက်ရသည်။ ဆုဝန်နှင့် ပတ်သက်၍ ဒီတစ်ခါ မှားချေပြီ။ အနာဂတ်တွင် သူသည် ဆုဝန်အား ပို၍ကောင်းကောင်းပေးဆပ်မည်။ အရာအားလုံး အဆင်ပြေသွားလျှင် သူသည် ဆုဝန်ကိုကူညီဖို့ အကောင်းဆုံးပြန်လည်ကြိုးစားမည် ဖြစ်သည်။ သူသည် ပေးဆပ်သည့်အနေနှင့် သူမအား အကောင်းဆုံးဆိုသည့်အရာများသာ ပေးမည်ဟု တွေးထားသည်။
…
အခန်း (၂၆)(ဂ)
ဒုတိယနေ့တွင် ဆုဝန်သည် သွမ့်ကျင်းထျန်အတွက် နေ့လယ်စာ ချက်ပြုတ်ပြီးသောအခါ သွမ့်အမေခေါ်ခြင်းကို ခံလိုက်ရသည်။
ဆုဝန်သည် သွမ့်ကျင်းထျန်၏ ခြံဝန်းလေးနှင့် မီးဖိုချောင်ကိုသာ သွားလေ့ရှိသောကြောင့် အခြားနေရာများကို သွားသည်မှာ ရှားသည်။ ထို့ကြောင့် သူမသည် သွမ့်အိမ်တော်မှ အခြားနေရာများနှင့် စိမ်းသက်နေလေသည်။
ဆုဝန်အား သွမ့်အိမ်တော်၏ အရှေ့ဘက်ခန်းမသို့ သွမ့်သခင်မနံဘေးတွင် ခစားရသော မာမားလီက ခေါ်ဆောင်သွားလေသည်။
သခင်မသွမ့်သည် အချိတ်ပိုးထည်ကို ရွှေချည်များနှင့် ရက်လုပ်ထားသော အဝတ်ထည်ကို ဝတ်ဆင်ထားပြီး သူမ၏ ခေါင်းတွင် ရွှေရောင်တန်ဆာကို ပန်ဆင်ထားသည်။ သူမသည် ချင်းယွင်ကောင်တီမှ လူချမ်းသာများ၏ ဇနီးများကဲ့သို့ပင် အလွန်ချမ်းသာပေသည်။
သွမ့်အိမ်တော်မှ ဆုဝန်၏ ဘဝသည် ကောင်းချီးပေးခံရပေသည်။ သာမန်ပွဲအခမ်းအနားများတွင် အစေခံများသည် သခင်မိသားစုသို လက်ဆောင်များပေးရန် မလိုပေ။
ရေနွေးကြမ်းခွက်ကို ကိုင်ထားပြီး သွမ့်သခင်မသည် ဆုဝန်ကို ကြည့်လဲမကြည့် စကားလဲမပြောပေ။ လက်ဖက်ရည်အိုးအဖုံးလေးကို မကာ လက်ဖက်ခြောက်များကို ရေနွေးကြမ်းထဲသို့ ထည့်မြဲထည့်နေသည်။
အချိန်အတော်ကြာမှ သွမ့်သခင်မသည် သူမမျက်လွှာကို ပင့်ပြီး ဆုဝန်အား ခြေဆုံးခေါင်းဆုံး ကြည့်လိုက်လေသည်။ ထို့နောက် ဖြည်းညင်းစွာဖြင့် “မဆိုးပါဘူး” ဟု ပြောလိုက်သည်။
ဆုဝန်သည် စကား မပြောသော်လည်း သူမမျက်နှာတွင် မကျေနပ်သည့် အရိပ်ယောင်လေး သန်းနေလေသည်။ သခင်မသွမ့်၏ ကိုယ်နေဟန်ထားမှာ ခွေးပေါက်လေး ကြောင်လေးတို့ ကဲ့သို့ နူးညံ့လှသည်။
ဤအရာမှာ ဆုဝန်ကို အနည်းငယ်စိတ်မသက်မသာ ဖြစ်စေသည်။
ဆုဝန်သည် စကားမပြောပါပေ။ သွမ့်သခင်မသည် သူမ၏ ရေနွေးကြမ်းခွက်ကို ချလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“အရမ်းမစိုးရိမ်ပါနဲ့ မင်းအတွက် အထူးလက်ဆောင်ပြင်ထားတယ်”
အထူးလက်ဆောင်တဲ့လား။ ငွေနှင့် ဆုချမှာများလား။ သွမ့်ကျင်းထျန်၏ မိခင်သည် သူမ သွမ့်ကျင်းထျန်အတွက် ကောင်းကောင်းချက်ပြုတ်ပေးနေသည်ကို သိထားသည်။ သူမချက်သော ဟင်းလျာများကို စားပြီးနောက် သွမ့်ကျင်းထျန်၏ ခန္ဓာကိုယ်ပို၍ ကျန်းမာလာပြိး စိတ်လဲ တက်ကြွလာသဖြင့် သူမကို ဆုချီးမြှင့်ရန် ခေါ်ခြင်း ဖြစ်နိုင်ပေသည်။
ဖြစ်နိုင်သည်။ သွမ်ကျင်းထျန်သည် သွမ့်အိမ်တော်၏ တစ်ဦးတည်းသော သားဖြစ်သည်။ ထို့ပြင် သွမ့်မိသားစုသည် စီးပွားရေးလဲ ကောင်းပေသည်။ သွမ့်ကျင်းထန်အတွက်ကောင်းကျိုးသာ ဖြစ်ထွန်းမည်ဆိုလျှင် သွမ့်မိသားစုသည် သူမအား ဆုပေးရန်တုံ့ဆိုင်းနေမည် မဟုတ်ပါချေ။
ဆုဝန်သည် သွမ့်သခင်မ၏ စိတ်ကြီးဝင်နေမှုကို ခေတ္တမျှ ခွင့်လွှတ်ပေးလိုက်သည်။
သွမ့်ကျင်းထျန်သည် သူမအား သစ်ကြားသီးအရွယ် ငွေပြားများဖြင့် ချီးမြှင့်ခဲ့သည်။ သွမ့်ကျင်းထျန်၏ ဆုသည် တကယ်ပင် မယုံကြည်နိုင်လောက်အောင် ဆန်းကြယ် ကောင်းမွန်လှသည်။
ဆုဝန် သွမ့်အိမ်တော်သို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ ဝမ်အိမ်တော်အရိပ်အောက်မှ လွတ်မြောက်နိုင်ရန်နှင့် ပိုက်ဆံရှာရန်ဖြစ်သည်။ ထိုပိုက်ဆံနှင့် ဆိုလျှင် ရှန်လင်းသည် ထိုညစ်ပေသည့် ရွှံ့ဗွက်အိုင်မှ အမြန်ထွက်လာနိုင်ပြီး နှစ်အနည်းငယ် စောစီးစွာ ကောင်းမွန်သောဘဝကို ရရှိလိမ့်မည် ဖြစ်ပေသည်။
စာအုပ်ထဲတွင် ဗီလိန် အရန်ဇာတ်ကောင်ဖြစ်သော ရှန်လင်းသည် ဆူဝန်ကို ရတနာလေးကဲ့သို့ ဆက်ဆံလေသည်။ ဆုဝန် ဘာကိုလိုချင်သည်ဖြစ်စေ၊ စိတ်ကျေနပ်စေမည့် နည်းလမ်းကို ရှာပေးတတ်သည်။ ဤသည်မှာ ဆုဝန်သည် ဝမ်လော့ရှန်းနှင့် ယန်ယွင်ရန်အား သူ့နဂိုသက်မွေးလမ်းကြောင်း အပေါ် ပြန်ရောက်စေရန် ကမ်းလှမ်းခြင်းပင် ဖြစ်ပေသည်။
“အထူးဆု” ဟူသည့် စကားကို ကြားလိုက်ရသောအခါ ဆုဝန်၏ မျက်နှာသည် နူးညံ့၍သွားသည်။ လူများက ပိုက်ဆံဆုချကြသောအခါ မာနကြီးသော်လည်း ထိုဆုများက ချမ်းသာစေသည်။
သခင်မသွမ့်သည် ဆုဝန်၏ မျက်နှာပုံစံပြောင်းလဲသွားပုံကို အစအဆုံးကြည့်ကာ အဓိပ္ပာယ်ရှိရှိ ပြုံးလိုက်သည်။ “ကျင်းထျန်အခန်းမှာ တစ်နှစ် နှစ်နှစ်လောက် အခန်းဖော်အဖြစ် နေပေးပါ”
ဆုဝန်သည် ကြောင်သွားသည်။ ဤသည်မှာ သွမ့်သခင်မပြောသည့် အထူးဆုလာဘ် ဆိုသည်လား။ ဘယ်လိုဆုမျိုးပါလိမ့်။
ဆုဝန်သည် အနည်းငယ်တွေးနေပြီးမှ ပြောလိုက်သည်။ “သခင်မ ဒါသခင်မ ပြောတဲ့ အထူးဆု ဆိုတာလား”
ဆုဝန်ငေးငိူင်ပြီး ဆက်တွေးနေပုံမှာ သွမ့်သခင်မ မျက်စိထဲတွင် သိပ်ကို ပျော်စရာ ကောင်းနေပေသည်။
သွမ့်သခင်မက ဆက်ပြောသည်။ “ဘာပဲဖြစ်ဖြစ် အရမ်းကြီးတော့ ပျော်မသွားနဲ့ဦး။ ကျန်းထျန်အိမ်တော်ရဲ့ အိမ်ထိန်းတစ်ဦး ဖြစ်ဖို့ဆို အရင်ဆုံး ကျွန်တစ်ဦး ဖြစ်လာဖို့လိုတယ်”
ကျွန်တဲ့လား။ သွမ့်အမေသည် ဗုံးများ တစ်လုံးပြီးတစ်လုံး ပစ်လွှတ်နေလေသည်။
“ဟင့်အင်း” ဆုဝန်သည် တိုက်ရိုက်ငြင်းလိုက်သည်။
သွမ့်ကျင်းထျန်မိခင်၏ မျက်နှာသည် မှုန်ကုပ်၍ သွားပြန်သည်။ ဟင့်အင်း တဲ့လား။ ကျွန်တစ်ဦး ဖြစ်လာခြင်းအားဖြင့် သွမ့်ကျင်းထျန်အဆောင်၏ အိပ်ဖော်အဖြစ်သို့ ပြောင်းလဲနိုင်မည့်အခွင့်အရေး ဖြစ်ပေသည်။ ဤသည်မှာ သာမန်မိသားစုမှ မိန်းကလေးများ အိပ်မက်ပင် မမက်ဝံ့သော အခွင့်အရေး ဖြစ်သည်။ ငြင်းရဲသည်မှာ ဘယ်လောက်ပင် အတင့်ရဲလိုက်သနည်း။
“မင်းက ကိုယ်လုပ်တော်ရော အစေခံပါ မဖြစ်ချင်ဘူးတဲ့လား။ ငါပြောပြမယ်။ ဒီလိုမိသားစုကို ဝင်နိုင်ဖို့အတွက်ဆို ကိုယ်လုပ်တော်ဆိုရင်တောင် အနည်းဆုံး ပညာသင်မိသားစုက ဖြစ်မှရမှာ”
သွမ့်သခင်မ နံဘေးမှ လီမာမားသည် အထင်မြင်သေးစွာ ပြောလိုက်သည်။ “မင်းလိုလူမျိုးအတွက် အစေခံဆိုတဲ့ ရာထူးကတောင် မြင့်လှနေပြီ။ ကျင်းထျန်အဆောင်ရဲ့ အိမ်ထိန်းဆိုတဲ့နေရာက မလုံလောက်ဘူးတဲ့လားဟင်။ ကျွန်တစ်ယောက်ဖြစ်ရတာတောင် မလုံလောက်သေးဘူးလား မင်း သွမ့်သခင်ေလးရဲ့ အခန်းဖော် လုပ်ခွင့်ပေးထားတယ်။ ဒါကို မပျော်ဘူးဆိုရင် မင်း ငြင်းပိုင်ခွင့်ရှိတယ်”
ဆုဝန်သည် ဒီသခင်နှင့် ဒီကျွန်တို့၏ ဂုဏ်မောက်နေမှုကြောင့် တုန်လှုပ်၍ပင်သွားသည်။ သွမ့်ရှီနှင့် မာမားလီ၏ မျက်လုံးထဲတွင် ကမ္ဘာပေါ်ရှိ လူအားလုံးက ဤသည်ကို ကြိုက်နှစ်သက်လိမ့်မည်ဟု ထင်နေသည်။ သူမအား သွမ့်ကျင်းထျန်ကို ကိုယ်လုပ်တော်ဖြစ်စေ၊ အိမ်စေဖြစ်စေ အမြန်ပြုရန် တိုက်တွန်းမည်ဟု ထင်နေကြပေသည်။
သွမ့်ကျင်းထျန်သည် တကယ့်ကို ကြည့်ကောင်းသည့်သူဖြစ်သည့်အပြင် လူကောင်းတစ်ယောက်လည်း ဖြစ်ပေသည်။ သွမ့်ကျင်းထျန်အမေ၏ အပြုအမူမှာမူ ထင်ရှားသည်။ ကမ္ဘာပေါ်တွင် သူ့သားကို ယှဥ်နိုင်သည့်သူ အများကြီးမရှိပေ။ ထို့ကြောင့် သူ့သား၏ အစေခံဖြစ်ရသည်မှာ ကံကောင်းခြင်းပင် ဖြစ်သည်ဟု ခံယူထားသူ ဖြစ်ပေသည်။
ဆုဝန်သည် ဤလူနှစ်ယောက်၏ ဂုဏ်မောက်နေမှုကို ရိုက်ချချင်ပေသည်။ “နှစ်ယောက်က ကျွန်မကို ဘာလို့ ငြင်းတာလဲလို့ မေးတယ်ဆိုတော့၊ ကျွန်မ သွမ့်ကျင်းထျန်ရဲ့ အိမ်ထိန်း မဖြစ်ချင်ပါဘူး။ အိမ်ထိန်း မပြောနဲ့ ကိုယ်လုပ်တော်လဲ မဖြစ်ချင်ပါဘူး။ သခင်မ ဒါဟာ မသင့်တော်ပါဘူး။ အဆင့်မြင့်တဲ့ အမျိုးသမီးလဲ မဖြစ်ချင်ပါဘူး။ လုပ်ချင်တဲ့ အစေခံတစ်ယောက်ယောက်ကိုသာ အိမ်အစေခံ လုပ်ခိုင်းလိုက်ပါရှင်”
သွမ့်သခင်မသည် တုန်လှုပ်၍သွားသည်။ ဤချင်းယွင်ကောင်တီတွင်၊ ဤ ကွမ်းကျိုးစီရင်စုတွင် ဤကဲ့သို့ အသက်ငယ်ငယ်မိန်းကလေးများသည် သွမ့်ရှီ၏ ရှေ့တွင် စိတ်ကြီးဝင်စွာ မပြောဝံ့ကြပေ။
သွမ့်ကျင်းထျန်ကို လက်ထပ်လိုသော မိန်းကလေးများသည်ပင် သွမ့်ရှီထံမှ အကောင်းမြင်လိုသောကြောင့် သွမ့်ရှီအား ပြန်ခံမပြောဝံ့ကြပါပေ။
တစ်ကိုယ်ကောင်းဆန်သော သွမ့်ရှီသည် ထိုမိန်းကလေးများအား အမြင်ကြည်ပေသည်။ သို့သော် ယနေ့ကဲ့သို့ သွမ့်ကျင်းထျန်၏ ထမင်းချက်အား အိမ်ထိန်းအဖြစ် ကမ်းလှမ်းရာ ချက်ချင်း အငြင်းခံရလိမ့်မည်ဟု တွေးပင် မတွေးဖူးပါချေ။
ဆုဝန်၏ ငြင်းပယ်မှုသည် သွမ့်သခင်မ၏ ဂုဏ်အား ထိခိုက်၍သွားစေသည်။ အထူးသဖြင့် ထူးချွန်သည့် သားရှိသည့် ဂုဏ်ကို ပို၍ပင် ထိခိုက်သွားစေသည်။
လီမာမားက “မိန်းကလေးဆု အမြင်မကျဥ်းစမ်းပါနဲ့။ ခုက အမျိုးသမီးကောင်း ဖြစ်တာ မဖြစ်တာကို ပြောနေတာ မဟုတ်ဘူး။ သွမ့်မိသားစုဆိုတာ စီးပွားရေး တောင့်တောင့်တင်းတင်းရှိတဲ့ မိသားစုကြီးပဲ။ အိမ်ထိန်းတစ်ယောက်ဆိုရင်တောင်မှပဲ လစဥ်ရတဲ့ ငွေက ခုရတာထက် အများကြီးပိုတယ်။ သာမန် ချမ်းသာတဲ့ မိသားစုက ပထမအဆင့် အစေခံရဲ့ လစာက အများကြီး ပိုကောင်းတယ်။ ဒါပေမဲ့ သူကလဲ ငါ့သခင်လေးရဲ့ ကျွန်ပြုခြင်းကို ခံခဲ့ရတာပါပဲ။ ရှင်းရှင်းလင်းလင်း နားလည်မယ်လို့ မျှော်လင့်ပါတယ်”
ဆုဝန်က “ဒါဆို ကျွန်မကို နောက်တစ်ခေါက် ထပ်ပြောခွင့်ပြုပါရှင်။ ကျွန်မ သခင်လေးသွမ့်ကျင်းထျန်ကိုလဲ မကြိုက်ပါဘူး။ လက်ထဲ မထပ်လိုပါဘူး။ ပြီးတော့ သူ့ထံမှာ အစေခံလုပ်မှာလဲ မဟုတ်ပါဘူး”
သွမ့်ကျင်းထျန်သည် ဆုဝန်အပေါ်ကြင်နာပြီး လူကောင်းတစ်ယောက်ဖြစ်သည်။ သို့သော် ဆုဝန်နှင့် သူ့ကြားမှ ဆက်ဆံရေးသည် သာမန်အလုပ်ရှင် အလုပ်သမားထက် မပိုပေ။ သွမ့်ကျင်းထျန်၏ ကြင်နာမှု အတွက် ပြန်လည် ပေးဆပ်ရမည် မှန်သော်လည်း ခန္ဓာကိုယ်နှင့် ကျွန်အဖြစ် သတ်မှတ်ခံခြင်းတို့ဖြင့်တော့ ပြန်ပေးဆပ်ရန် မလိုလောက်ပေ။ အကယ်၍ ပေးဆပ်ရမည့်တန်ဖိုး ဤမျှကြီးမည်မှန်း သိခဲ့မည် ဆိုပါလျှင် ဆုဝန်သည် မည်မျှပင် ကောင်းကျိုးတွေရှိနေပါစေ။ သွမ့်အိမ်တော်သို့ လာခဲ့မည်မဟုတ်ပါချေ။
သွမ့်သခင်မ၏ မျက်နှာသည် ပို၍ မည်းမှောင်သွားပြီး “ဒီမယ် မိန်းကလေး၊ မင်းကိုယ်မင်း ဘာများထင်နေလဲ မင်းကို သွမ့်ကျင်းထျန်ရဲ့ အိမ်ထိန်းလုပ်ခိုင်းတာဟာ မင်းကိုမြှင့်တင်ပေးတာပဲ။ ဒါကို မင်းက မလုပ်ချင်ဘူးပေါ့လေ။ မင်းကို အမြှော်အမြင်ကြီးမယ်လို့ထင်ထားတာ။ စဥ်းစားကြည့်စမ်း ကျင်းထျန်ဆိုတာ အိမ်တော်ကြီးရဲ့ အိမ်ထိန်းပဲ မင်းကိုယ်မင်း မှန်ထဲကြည့်လိုက်စမ်း။ အကယ်၍ ကျင်းထျန်မှာ နေပြီး လက်မထပ်ဘူးဆိုရင် မင်းက ဘာအမြော်အမြင်မှမရှိဘဲ တစ်ဘဝလုံး ညစ်ညစ်ပတ်ပတ်အလုပ်တွေ လုပ်ရတဲ့ ရွှံ့ပေတဲ့ ခြေထောက်တွေရှိတဲ့ ယောက်ျားမျိုးကို လက်ထပ်ချင်တာလား။ အကယ်၍ ကျင်းထျန်ရဲ့ အစေခံဖြစ်လာဖို့ အနာဂတ်မှာလဲ အစီအစဥ် မရှိဘူးဆိုရင် အခုပဲ သွမ့်မိသားစုဆီကနေ ထွက်သွားပါ။ မင်း ဒီအိမ်တော်မှာ ဆက်နေစရာ ဘာအကြောင်းပြချက်မှ မရှိဘူး။ သခင်ဟာ သခင် ကျွန်ဟာ ကျွန်ပဲ။ သွမ့်မိသားစု အိမ်တော်ရဲ့ စည်းမျဥ်းတွေကို အစွန်းထင်းမခံနိုင်ဘူး”
ဆုဝန်ကလည်း ပေါ့ပေါ့ပါးပါးပင် “ကျွန်မကို အခုပဲ ပေးစရာရှိတာတွေပါ ပေးသွားပါ့မယ်”
နဂိုက ဆုဝန်သည် သွမ့်ကျင်းထျန်၏ မျက်နှာကြောင့် သွမ့်သခင်မအား အနည်းငယ် မျက်နှာသာပေးရန် စဥ်းစားသေးသည်။ သို့သော် သွမ့်သခင်မ၏ စကားများသည် ဆုဝန်ကို လူသားတစ်ယောက်ကဲ့သို့ မစဥ်းစားကြောင်း ထင်ရှားလေသည်။ လူသားတစ်ယောက်ဆိုလျှင် လူလူချင်း လေးစားခြင်းသည် ပဓာနဖြစ်သည်။ ဆုဝန်သည်သွမ့်သခင်မအား မျက်နှာသာပေးရန် မလိုတော့ပေ။
သွမ့်ကျင်းထျန်သည် စာလုပ်နေရင်း မနေ့က သူ့ကို သူ့အမေပြောသည်များကို စဥ်းစားနေသည်။ သူဆုဝန်ကို ကျွန်ပြုလိုက်လျှင် အမှားလုပ်ရာကျမည်။ အကယ်၍ သူ မလုပ်လျှင်လဲ သူ့အမေသည် တစ်နည်းနည်းနှင့် တစ်ခုခုကို ခိုင်ခိုင်မာမာ လုပ်မည်ဖြစ်သည်။ ဆုဝန်အား အဝေးသို့ ပို့ရန် စဥ်းစားသော်လည်း အတွင်းစိတ်ထဲတွင် သူသည် ဆုဝန်အား သူနှင့်အတူ အချိန်တိုင်း ရှိနေစေချင်သည်။
ဆုဝန် အိမ်တော်သို့ ရောက်လာပြီး ရက်များတွင် သူသည် သူ့အတွက် အရာအားလုံး လွယ်ကူချောမွေ့လာသည်ဟု ခံစားရသည်။ သူ့စိတ် ပို၍ ကြည်လင်လာသည်။ သူ့ပညာရေးသည်လည်း တိုးတက်လာသည်။
ယခုတွင်မူ သူသည် ဆုဝန်အပေါ် အမှားလုပ်မိလေပြီ။ ချောင်ယွဲ့ရူက အိမ်တော်တွင်းသို့ ဝင်လာပြီးလျှင် သူသည် ဆုဝန်အား နှစ်ဆပို၍ ပေးဆပ်မည်။
သို့သော် သွမ့်ကျင်းထျန်သည် ဆုဝန်က ယူစရာရှိသော ငွေကြေးများကိုယူကာ သွမ့်အိမ်တော်မှ ထွက်သွားမည်ဟူသော သတင်းကို ကြားလိုက်ရသည်။
သွမ့်ကျင်းထျန်သည် ဆုဝန်၏ အခန်းကို သွားသောအခါ သူမသည် သူ့ပစ္စည်းများကို သိမ်းနေလေသည်။
“ညီမဆုဝန်” သွမ့်ကျင်းထျန်သည် တံခါးအပြင်ဘက်မှ ခေါ်လိုက်သည်။
ဆုဝန်သည် တံခါးဖွင့်ပြီး အပြင်သို့ လျှောက်လာလေသည်။
သွမ့်ကျင်းထျန်သည် ဆုဝန်၏ မျက်လုံးများကို ကြည့်ပြီး “ကိုကို့အမေ ညီမကို စိတ်မကောင်းအောင် ဘာတွေပြောလိုက်သေးလဲ” ဟုမေးလေသည်။
ဆုဝန်ကမူ ပြန်မဖြေပေ။
သွမ့်ကျင်းထျန်ကမူ “ညီမဆုဝန် အစ်ကို ဘာမှတော့မတတ်နိုင်ပါဘူး။ ဒါပေမဲ့ အစ်ကို ညီမကို ဒီမှာ ရှိနေစေချင်တယ်။ ဘာမှစိတ်မပူပါနဲ့။ တစ်နှစ် နှစ်နှစ် လောက်နေရင်လေ ကျွန်ပြုတာကို ပယ်ဖျက်ပေးမှာပါ။ ဟုတ်တယ် အစ်ကို မင်းကို ကိုယ်လုပ်တော်အဖြစ် ထားပြီးရင်လေ အိမ်၊ ကျောင်းဇီဆိုင်၊ ပိုးထည်၊ လက်ဝတ်ရတနာကအစ ညီမလိုသမျှ အကုန်ပေးပါ့မယ်”
ဆုဝန်သည် အနည်းငယ် ရယ်ချင်သွားသည်။ သူမသည် ဘယ်အချိန်က သွမ့်ကျင်းထျန်အား မြတ်နိုးသည်ဟု ပြုမူ ပြောဆိုဖူးပါသနည်း။ သူမသည် ဘာကိုလိုချင်ပါသည်ဟုလဲ မတောင်းဆိုဖူးပေ။ သူမအတွက် အခန်းလဲ မတောင်းဖူးသလို ကိုယ်လုပ်တော်ဖြစ်လိုပါသည်ဟုလဲ မပြောဖူးပေ။
သူမသည် သူမမျက်လုံးများကို လှန်ကြည့်ပြီး “ကိုကိုသွမ့်ရဲ့ မျက်လုံးထဲမှာ ကျွန်မကို သာမန်ဇနီးတစ်ဦး မဖြစ်နိုင်ဘူးလို့ ထင်တာလား”
သွမ့်ကျင်းထျန်သည် ကြောင်သွားသည်။ သူ ကလေးဘဝကတည်းက မှန်ကန်သော မိသားစုမှ မိန်းကလေးကို သူ့သာမန်ဇနီးမယားအဖြစ် လက်ထပ်ရန်လိုကြောင်း သိခဲ့ရသည်။ သို့သော် ကိုယ်လုပ်တော်များကိုမူ သူ့စိတ်တိုင်းကျ မည်သူ့ကိုမဆို လက်ထပ်နိုင်ပေသည်။
သွမ့်ကျင်းထျန်သည် မူလက ကိုယ်လုပ်တော်ယူရန် အစီအစဥ်မရှိပေ။ သို့သော် ဆုဝန်နှင့် တွေ့ပြီးနောက် သူသည် ဆုဝန်အား ကိုယ်လုပ်တော်အဖြစ် လက်ထပ်ယူပြီး ကောင်းကောင်း ဆက်ဆံမည်ဟု တွေးမိလေသည်။
ဆုဝန်၏ စကားသည် သွမ့်ကျင်းထျန်အာရုံကို ဖမ်းစားလိုက်နိုင်သည်။ သွမ့်ကျင်းထျန်၏ အတွင်းစိတ်ထဲတွင် သာမန်မိသားစုငယ်လေးမှ ဖြစ်သော ဆုဝန်သည် သူ့ဇနီးမယား မဖြစ်နိုင်ဟု တွေးထင်ထားသည်။
သွမ့်ကျင်းထျန် ကြောင်၍ငေးငိုင်သွားသည်ကို မြင်သောအခါ ဆုဝန်သည် ပြုံးလိုက်သည်။ သူမသည် သွမ့်ကျင်းထျန်အား နားလည်သွားလေပြီ။
မြေယာရှင် စနစ်တွင် ရာထူးဂုဏ်ထူးအဆင့်အတန်းသည် တင်းကြပ်လေသည်။ သွမ့်ကျင်းထျန်သည် သူ့ထမင်းချက်ကို လက်ထပ်နိုင်လောက်သည်အထိ မရဲပေ။ ဆုဝန်က “သခင်လေးသွမ့် ကျွန်မ ယောက်ျားအဖြစ် ပြုစုတာမျိုးကို မတွေးပါနဲ့။ သခင်လေးနဲ့ ကျွန်မက သူငယ်ချင်း မိတ်ဆွေတွေပါ။ ကိုယ်လုပ်တော် ခန့်မှာမျိုး အိမ်အပိုင်စား ပေးမှာမျိုးတို့ကို ပြောကိုမပြောပါနဲ့။ ကျွန်မ အနာဂတ်မှာ တစ်ယောက်နဲ့ တစ်ယောက် ကျေးဇူးကြွေးတွေ ပြန်ပေးဆပ်ပါ့မယ်။ ဒါပေမဲ့ လက်ထပ်ခြင်းဆိုတဲ့ နည်းလမ်းနဲ့တော့ မဟုတ်ပါဘူး”
သွမ့်ကျင်းထျန်သည် အချိန်အကြာကြီး သူ့ခေါင်းကို ငုံ့ထားလိုက်မိသည်။ သူသည် သူ့စိတ်ကိုသူ ပြင်ဆင်ကာ ဆုဝန်ကို ကြည့်လိုက်ပြီး “အစ်ကို့ အမေနဲ့ ပြန်ဆွေးနွေးပါဦးမယ်။ အစ်ကို ညီမကို အစ်ကို့ဇနီး ဖြစ်လာစေချင်တယ်”
…
အခန်း (၂၆)(ဃ)
ဆုဝန်သည် ပြုံးလိုက်သည်။ လက်ရှိဘဝမှ ရှေးဟောင်းလူမှုစနစ်ကို ကျေးဇူးတင်ရမည်။ အကယ်၍ ၂၁ ရာစုမှာသာ ဆိုပါလျှင် ယောက်ျားတစ်ယောက်သည် မိန်းမတစ်ယောက်အား ကတိမပေးမီ သူ့အမေနှင့် တိုင်ပင်ပါမည်ဟူသော စကားကိုပြောလာပါလျှင် ထိုလူသည် မေမေ့ချစ်သားလေး (မာမားဘွိုင်း) ပင်ဖြစ်ပေမည်။
မည်သို့ဖြစ်စေ ဆုဝန်သည်သွမ့်ကျင်းထျန်အား နားလည်သွားလေပြီ။ ၂၁ ရာစုတွင် ကျွန်ုပ်တို့သည် လိုက်ဖက်ညီမညီကိုသာ အာရုံစိုက်ရန်လိုသော်လည်း ရှေးစနစ်တွင်မူ အာရုံစိုက်စရာ များစွာ ရှိနေသည်။
သွမ့်ကျင်းထျန်အဖို့ ကူကယ်ရာမဲ့နေပြီး ဆင်းရဲသည့်ဆုဝန်ကို သူ့တရားဝင်ဇနီးမယားအဖြစ် သတ်မှတ်ဖို့မှာ မလွယ်ကူပေ။
မည်သို့ဖြစ်စေ ဆုဝန်သည်လည်း သွမ့်ကျင်းထျန်အပေါ် မည်သည့်စိတ်ဝင်စားမှုမှ မရှိပေ။ ထို့ပြင် သူမသည် သွမ့်ကျင်းထျန်အား အခြား စိတ်ကူးယဥ်ဆန်မှုများနှင့် ချန်မထားခဲ့လိုပေ။ ထို့ကြောင့် သူမသည် “ကိုကိုသွမ့် ညီမကိုကို့ကို လက်မထပ်နိုင်ပါဘူး။ အဲ့လိုပဲ ကိုကို့ရဲ့ ကိုယ်လုပ်တော်လဲ အဖြစ်မခံနိုင်ပါဘူး။ ညီမတို့ အတူမရှိနိုင်ဘူးဆိုရင် ဆက်မရှိနေရုံပါပဲ။ ထပ်ပြောပြရရင် အခြားအကြောင်းပြချက်ကတော့ ညီမမှာ သဘောကျရတဲ့သူ ရှိပြီးသားပါ။ အဲ့အတွက် ကိုကိုသွမ့်ရဲ့ ဆန္ဒကို မဖြည့်ပေးနိုင်တာပါ” သွမ့်ကျင်းထျန်၏ နှလုံးသားသည် ပြင်းပြင်းထန်ထန် ရိုက်ချသလို ခံစားလိုက်ရသည်။
“သဘောကျတဲ့သူ ရှိတယ်တဲ့လား။ ကိုကို့ထက်သူက သာလို့လား”
ဆုဝန်က ပြန်မဖြေပေ။ ရှန်လင်းသည် တာဝန်များအားလုံးကို ပခုံးပေါ်တွင် ထမ်းထားနိုင်လောက်တဲ့အထိ တကယ့်ကို ယောက်ျားကောင်းတစ်ယောက် ဖြစ်သည်။
သွမ့်ကျင်းထျန်၏ တစ်ကိုယ်လုံးသည် ရေခဲရိုက်ထားသလို တောင့်၍သွားသည်။ အကယ်၍ သူမသဘောကျသူသာ ရှိနေသာလျှင်၊ သူမသဘောကျသည့်သူသာ ရှိနေပါလျှင် ထိုသူသည် ဝမ်လော့ရှန်းသာ ဖြစ်ပါပေလိမ့်မည်။
ဆုဝန်၏ မိဘများသည် ဆုံးပါးသွားလေပြီ။ ထို့နောက် သူမသည် ဝမ်လော့ရှန်း၏ အိမ်တွင်သာ နေခဲ့သည်။ သူမနှင့် ထိတွေ့ဆက်ဆံမှု အများဆုံးယောက်ျားသားမှာလဲ ဝမ်လော့ရှန်းသာ ဖြစ်သည်။
ဝမ်လော့ရှန်းသည် တကယ့်ကို တည်ကြည်ခံ့ညားပြီး အစွမ်းအစလဲရှိသည်။ သူသည် ချင်းယွင်ကောင်တီမှ အကောင်းဆုံးကျောင်းဖြစ်သည့် စုန့်ရှန်းရှုရှုတွင် နံပါတ်တစ်လဲဖြစ်သည်။ သူ့ပညာသင်ဖက်နှစ်ယောက်အနက် ပညာသင်ကျောင်းသားဘွဲ့ကို ရထားသည့် ပထမဆုရ ကျောင်းသားလဲဖြစ်ပေသည်။
ဝမ်လော့ရှန်း၏ ထိုဂုဏ်ပုဒ်များနှင့် ညီမဆုဝန်သည် သူနှင့်ပင် အချိန်အများစုကို ကုန်ဆုံးရသောကြောင့် သူမသည် သူ့အား သဘောကျရန်မှာ သဘာဝကျပါပေသည်။
သို့သော် သွမ့်ကျင်းထျန်သည် ဝမ်လော့ရှန်းက အထင်လောက် စွဲမက်ဖွယ်မကောင်းဟု ခံစားရသည်။ သူသည် ညီမဆုဝန်ကို သဘောကျစေရန် အားထုတ်ခြင်းလဲ မရှိခဲ့ပါချေ။
သွမ့်ကျင်းထျန်သည် တစ်ခုခုကို ပြောလိုသည့်ဟန်ဖြင့် သူ့နှုတ်ခမ်းကို ဖွင့်ဟလိုက်ပါသော်လည်း ပြန်၍ ရပ်တန့်လိုက်ပေသည်။
သူသည် သူ့ပညာရေးနှင့် ပတ်သက်၍ ဘာမှတိုးတက်မှု မရှိသေးပေ။ ထိုမျှလောက် အရည်အချင်းနှင့် နံပါတ်တစ်ဖြစ်သည့် ဝမ်လော့ရှန်းကို အပြစ်မည်သို့ ဆိုနိူင်ပါမည်နည်း။
ဆုဝန်သည် သွမ့်ကျင်းထျန်၏ အထီးကျန်နေသည့် ပုံစံကိုကြည့်ပြီး ပြောလိုက်သည်။
“သခင်လေးသွမ့်က ကောင်းခြင်း မကောင်းခြင်းကြားက သန့်စင်တဲ့ ဂုဏ်ပုဒ်ထူးလဲရှိတယ်။ သပ်ရပ်ပြီး ဉာဏ်လဲကောင်းတယ်၊ ချမ်းသာ ကြွယ်ဝပြီး ကြည့်လဲကောင်းပါတယ် သခင်လေးက တကယ့်ကို လူကောင်းပါ”
စကားပြောပြီးနောက် ဆုဝန်သည် သူမသွမ့်ကျင်းထျန်အပေါ် ကောင်းမွန်သော ဆက်ဆံရေးဖြစ်ကြောင်း ပြောလိုက်ခြင်းအပေါ် သူမကိုယ်တိုင် အံ့အားသင့်သွားသည်။
ထို့ကြောင့် ဆုဝန်သည် အမြန်ပြန်၍ “ဒါပေမဲ့ ညီမမှာ နှလုံးသားထဲ ထာဝရ ထည့်သိမ်းထားပြီးတဲ့လူ ရှိပြီးဖြစ်ပြီး၊ ဘယ်သောအခါမှ ပြောင်းလဲမှာ မဟုတ်လို့ပါ” ဟု ပြောလိုက်သည်။
ထာဝရ ဟူသော စကားကို ကြားလိုက်ရသောအခါ သွမ့်ကျင်းထျန်၏ နှလုံးသားသည် ပို၍ နာကျင်မှုကို ခံစားလိုက်ရသည်။ သွမ့်ကျင်းထျန်သည် ပြန်ပြုံးလိုက်ပြီး “ညီမဆုဝန် လုံးဝ အဆုံးထိမပြောပါနဲ့ အစ်ကို့ကို အချိန်တစ်နှစ်ပေးပါ။ အစ်ကို မင်းချစ်ရတဲ့သူထက် ပိုကောင်းပြီး လိုအပ်ချက်မရှိတဲ့သူအဖြစ် ပြန်လာပါ့မယ်”
သူသည် ကျောင်းသားတစ်ဦး မဟုတ်ပါလော။ သူ့ခေါင်း ကိုယ်ပေါ်မှာ ရှိနေသရွေ့ သူ့အရိုးများ မကျိုးမကြေသေးသရွေ့ ဝမ်လော့ရှန်းထက် မသန်မာနိုင်ဟူသည်ကို သူမယုံပေ။
သွမ့်ကျင်းထျန်၏ သူမအပေါ်ထားသော ခံစားချက်ကိုကြည့်ရင်း သွမ့်ကျင်းထျန်၏ အမေကြောင့်သာ မဟုတ်ပါလျှင်လည်း သူမက သွမ့်အိမ်တော်တွင် မနေသင့်မှန်း သိလိုက်ရသည်။
ဆုဝန်သည် သွမ့်ကျင်းထျန်အား ပြောလိုက်သည်။ “သခင်လေးဟာ အနာဂတ်မှာ တိုးတက်အောင် ပိုပြီးတော့ ကြိုးစားရမှာပါပဲ။ ဒါပေမဲ့ ညီမချစ်ရတဲ့သူထက် သာလွန်ရမယ်ဆိုတဲ့ အတွေးမျိုးထက် ကိုယ့်ကိုယ်ပိုင် အနာဂတ်နဲ့ သွမ့်မိသားစုရဲ့ အခြေခံ အုတ်မြစ်အတွက် ကြိုးစားရမှာ”
သွမ့်ကျင်းထျန်သည် ဆုဝန် ဆက်နေမည်ဟူသည့် စကားကို ထပ်မံ၍ မျှော်လင့်နေသေးသည်။ သို့သော် ဆုဝန်သည် ထွက်သွားရန်ပြင်ဆင်ပြီးဖြစ်ပြီး သူမကိုဆက်နေစေရန် သွမ့်ကျင်းထျန်မည်မျှပင် ကြိုးစားပါစေ သူမဆက်နေမည်မဟုတ်ပေ။ သွမ့်ကျင်းထျန်သည် သူ့ကိုယ်သူစိတ်လျှော့ပြီး ဆုဝန်အား ငွေချေရန် စာရင်းကိုင်ဆီသို့ ခေါ်သွားပေးလေသည်။ ပထမက ဆုဝန်နှင့် သွမ့်ကျင်းထျန်တို့ သဘောတူညီထားသည်မှာ ဆုဝန်သည် တစ်လစာချက်ပြုတ်ပေးလျှင် လေးလစာ လစာပေးမည် ဟူ၍ဖြစ်သည်၊ သို့သော် ဆုဝန်သည် သွမ့်အိမ်တော်၌ ချက်ပြုတ်ရင်း တစ်လထက်ပို၍ နေခဲ့သည်။ စာရင်းကိုင်ဌာနမှလူများသည် ငွေတွက်ချက်ပေးရာ ငွေတုံးသုံးတုံးထက် ပို၍ ရလေသည်။
သွမ့်ကျင်းထျန်သည် စာရင်းကိုင်အား “မိန်းကလေးဆုဝန်ကို ငွေနှစ်ရာထပ်ပေးလိုက်” ဟု ပြောလိုက်သည်။
ဆုဝန်သည် အမြန် ငြင်းလိုက်ရသည်။ သွမ့်ကျင်းထျန် သူမအား လေးလစာ လစာပေးသည်မှာ အဆင်ပြေသေးသည်။ သူမ၏ လက်မှုအတတ်နှင့် အခြေအနေတို့ပေါင်းစပ်မှုသည် လေးလစာ တန်သေးသည်။ သို့သော် သွမ့်ကျင်းထျန်ပြောသလို နောက်ထပ်ငွေပြားနှစ်ရာကတော့ မလိုအပ်ပါချေ။
ဆုဝန်သည် ထပ်ခါတလဲလဲ ငြင်းဆန်သည်။ သွမ့်ကျင်းထျန်က “ညီမဆု ဒီတစ်ခါက ဝမ်အိမ်တော်ကို ပြန်ပေးရမှာ မလား။ အဒေါ်ဝမ်က မင်းလစာအကြောင်း တစ်ချိန်လုံးမေးနေတာ။ ဒီငွေပြားနှစ်ရာကို ယူသွားပါ။ အပိုပေါ့”
ဆုဝန်သည် သွမ့်ကျင်းထျန်ကို သူ့ကြင်နာမှုအတွက် ထပ်ကျေးဇူးတင်မိပြန်သည်။ ဤငွေပြားနှစ်ရာသည် ငွေပြားသုံးဆယ်နှင့် ကွာခြားပေသည်။ ဆုဝန်သည် ဘာအတွက်မှ ဆုချီးမြှင့်သည်ကို မလိူချင်ပါ။ သူမ ဒီရက်ပိုင်းအတွင်း တွက်ချက်၍ထားသည့် သွမ့်အိမ်တော်တွင် မီးဖိုမှ အပေါင်းအဖော်များအဖို့ မုန့်များလုပ်ကျွေးသည့် အဖိုးအခကို နှုတ်ကာ စာရင်းကိုင်ကို ပြန်ပေးလေသည်။
သွမ့်ကျင်းထျန်သည် ဆုဝန်အား ဆက်နေရန် အကြိမ်ပေါင်းများစွာ ပြောသော်ငြား ဆုဝန်သည် ထွက်သွားရန် ဆုံးဖြတ်ပြီး ဖြစ်လေသည်။
သွမ့်ကျင်းထျန်သည်သူ့စိတ်ကိုသာ သူပြင်ဆင်လိုက်ရသည်။ သူသည် ပညာရေးတွင် ဝမ်လော့ရှန်းအား ကျော်နိုင်ပြီဖြစ်လျှင် သူသည် ဆုဝန်အားထပ်၍မေးရပေမည်။
ဆုဝန်သည် သွမ့်အိမ်တော်မှ ထွက်လာခဲ့သော်လည်း ဝမ်အိမ်တော်သို့ ပြန်သွားရန် အစီအစဥ်မရှိပေ။ သူမသွမ့်အိမ်တော်သို့ ထွက်လာရခြင်း အကြောင်းရင်းမှာ ဝမ်အိမ်တော်နှင့် ရှန်အိမ်တော်ကို အေးဆေးသက်သာ ကူးပြောင်းခွင့်ရရန်ဖြစ်ပေသည်။
တစ်နည်းအားဖြင့် ဝမ်မိသားစုတွင် အလုပ်လုပ်ရန် ဆုဝန် မရှိတော့လျှင် ရှန်အိမ်တော်သို့ သွားနိုင်မည် ဖြစ်ပေသည်။
ထိုအချိန်တွင် ဝမ်မိသားစု၌ အမျိုးသမီးနှစ်ဦးကို ရှာထားပြီးဖြစ်သည်။ ထို့ကြောင့် ဘယ်သူမှ အလုပ်မလုပ်လျှင်လဲ သူတို့တွင် ပြဿနာ ကြီးကြီးမားမားမရှိပေ။
သွမ့်ကျင်းထျန်ကမူ ဝမ်မိသားစုသည် ဆုဝန်အား တကယ့်ကို ဆိုးဆိုးရွားရွားဆက်ဆံသည်ဟု ခံစားရသည်။ သို့သော် ဆုဝန်သည် ပြန်သွားရန် စိတ်ပြင်ဆင်ပြီး ဖြစ်သဖြင့် ဝမ်မိသားစုက မကောင်းပြောပါလျှင်လည်း ဆုဝန် စိတ်ဆင်းရဲရရုံသာရှိမည်။
သွမ့်ကျင်းထျန်သည် သူပြောလိုသော စကားများကိုမျိုသိပ်လိုက်ရသည်။
ယခုအချိန်တွင် ဝမ်မိသားစုသို့ ပြန်သွားရန်မှာ တကယ့်ကို ခက်ခဲသည်။ သို့သော် သွမ့်ကျင်းထျန်တစ်ခု စိတ်အေးရသည်မှာ ဝမ်လော့ရှန်းသည် ယန်ယွင်ရန်အား သဘောကျနေပြီး ဆုဝန်အား အလွန်သဘောမကျကြောင်း သူသိနေသောကြောင့် ဖြစ်သည်။
သူသည် ယခုအချိန်တွင် ဝမ်လော့ရှန်းအား ကျော်နိုင်ရန် ကြိုးစားရမည်။
သွမ့်ကျင်းထျန်သည် အိမ်ထိန်းလီအား ဆုဝန်ကို လှည်းဖြင့် လိုက်ပို့ရန် ပြောလိုက်သောလည်း ဆုဝန်က ငြင်းလိုက်သည်။
သွမ့်ကျင်းထျန်တွင် ရွေးစရာ မရှိတော့ပေ။ သို့သော် လူမှုရေးအရ ဆုဝန်အား သွမ့်အိမ်တော်တံခါးဂိတ်ထိ လိုက်ပို့ပေးလိုက်ပြီး ဆုဝန်၏ ကျောပြင်လေး သေးသေးသွားကာ ပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်သည်။
မူလက သွမ့်ကျင်းထျန်သည် သူဆုဝန်ကို ညီမတစ်ယောက်အနေနှင့် သဘောကျသည်ဟု ထင်ထားသော်လည်း နေ့နေ့ညည အတူရှိနေသည့် မိတ်ဆွေတစ်ဦးအနေနှင့် သဘောကျနေခြင်း ဖြစ်ကြောင်း သူခံစားလိုက်ရသည်။ ဆုဝန်သည် သွမ့်ကျင်းထျန်အား မည်သို့ စာလုပ်ရမည်ကို ပြောပြသောအခါ သူသည် ဆုဝန်အား မိန်းကလေးတစ်ဦးအနေနှင့် သဘောကျနေမိကြောင်းကို နားလည်သွားခဲ့သည်။
ဆုဝန်က သူ့ကို ငြင်းသောအခါ သူသည် ဆုဝန်ကို အလွန်သဘောကျနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူမအား သူ့ဇနီးမယားအဖြစ်ပင် တင်မြှောက်ချင်သည်။
သို့သော် သူမသည် မလိုလားပေ။ သူမတွင် ချစ်ရသူရှိနေပြီဖြစ်သည်။
သွမ့်ကျင်းထျန်သည် ဂိတ်ဝတွင် အချိန်အကြာကြီး ငိုင်နေမိသည်။ ထို့နောက် သူသည် စာလုပ်ရာအခန်းသို့ အမြန်သွားကာ စာအုပ်ကိုကိုင်ပြီး စာစတင် ကြိုးစားပါလေတော့သည်။
ဆုဝန်သည် သွမ့်အိမ်တော်မှ သူမပစ္စည်းများကို ကျောတွင်ပိုးကာ ထွက်လာခဲ့သည်။ သို့သော် သူမသည် ချင်းရှီရွာသို့ တန်းမသွားပေ။ တည်းခိုခန်းတွင် ဝင်တည်းနေလေသည်။
ဝမ်မိသားစုသို့ ပြန်သွားရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ဝမ်မိသားစုသည် ဆုဝန် သွမ့်မိသားစုမှ ထွက်လာကြောင်းကို သိပြီးဖြစ်သည်။ ထို့ကြောင့် သူတို့သည် သူမအား လစာကိစ္စ မေးမည်သာဖြစ်သည်။ သူတို့သည် ဆုဝန်ကို ကလေးသတို့သမီးအဖြစ် ဝမ်အိမ်တော်တွင် နေ့နေ့ညည အလုပ်များခိုင်းမည်သာ ဖြစ်သည်။ ထိုကဲ့သို့ ဆုဝန်နှင့် ဝမ်အိမ်တော်သည် ဆက်နွယ်နေမြဲဖြစ်သည်။
ဆုဝန်သည် ဝမ်အိမ်တော်မှ အပြီးပိုင် ထွက်လာနိုင်မည့် နည်းလမ်းပေါင်းများစွာကို တွေးနေသည်။ အဆုံး၌ အကောင်အထည်ဖော်ရန် ခက်ခဲမှု အနည်းဆုံးနည်းလမ်းကို ရွေးချယ်လိုက်သည်။
သို့သော် ထိုမတိုင်ခင် ဆုဝန်သည် တစ်ရက်လောက်ကောင်းကောင်း အနားယူရန် ပြင်ဆင်လိုက်သည်။ ဒီကိုရောက်လာကတည်းက ဆုဝန်သည် တစ်ရက်မျှ မနားရသေးပေ။ ပထမက ဝမ်အိမ်တော်တွင် ချက်ပြုတ်ရသည်။ ထို့နောက် သွမ့်အိမ်တော်တွင် ချက်ပြုတ်ရပြန်သည်။ နားဖို့ အချိန်ပင် မရှိပေ။ သွမ့်မိသားစုမှ ပေးလိုက်သော လစာများသည် ဆုဝန်တွင် ငွေတုံး သုံးဆယ့်ခုနစ်တုံးရှိနေပြီဖြစ်သည်။ တကယ့်ကို များပြားသော ပမာဏပင် ဖြစ်ပါပေသည်။
-------------