Ch 35
Viewers 2k

အခန်း (၃၅)

အဘိုးရှန်မှာ မိုးကြိုးနှယ် ဒေါသကြီးသည်ပင်။ 

‘ဘာရယ်၊ သားကြီးရှန်နဲ့ သူ့မိသားစုကို အသားစားခွင့်မပြုဘူး။ သူတို့နှစ်ယောက်ကို ရှန်လင်းအတွက် ပြောင်းတိုက်ဖို့တောင် ပြောလိုက်သေးတယ်‌ပေါ့လေ။ ရှန်လင်းက အိပ်မက်မက်နေတာလား။ ဟမ်’

အဘိုးရှန်မှာ ဆွေ့ဆွေ့ခုန်သွားရကာ ရှန်လင်းကို ကျိန်ဆဲတော့သည်။

“ မင်းရဲ့အသားကိုယူပြီး ထွက်သွား။ မင်းရဲ့အသားကို ငါစားမနေဘူး။ ငါ့ပါးစပ်သနအောင် မလုပ်နဲ့။ ထွက်သွား”

ရှန်လင်းက စကားတစ်လုံးမှ မဆိုချေ။ သူ၏ သိတတ်မှုကြောင့် သူ ဘယ်တုန်းကမှ သူ့အဘိုးအဘွားများကို မတောင်းဆိုခဲ့ဖူးပေ။ သူ့စိတ်ထဲတွင် သူ့အဘိုးအဘွားများကို အတိုင်းအတာတစ်ခုထိ ဂရုစိုက်ပေးရမည်ဟု တွေးခဲ့ထား၏။ မှန်ပေသည်။ သူသည်လည်း ‌ယောက်ျားတစ်ဦး ဖြစ်လေရာ လူကြီးကို ဒုက္ခများအောင်၊ပင်ပန်းရအောင် မည်သို့များ လုပ်နိုင်ပါ့မည်နည်း။

တကယ်တမ်းတွင်တော့ အဘိုးရှန်နှင့် အဘွားရှန်တို့ကို ကူမလုပ်ပေးချင်ခဲ့ပေ။

နှစ်ပေါင်းအတော်ကြာ သူမှန်သည်ဟု ထင်ခဲ့သောအရာများမှာ ထိုသို့မဟုတ်ဘဲ မှားနေကြောင်း သူ သိရှိလိုက်ရသည်။

သို့တိုင် ဆုဝန်က နောက်ထပ်ခြေတစ်လှမ်း ဆက်လှမ်းလာခဲ့၏။ 

“အဘိုးရှန်နှင့်အဘွားရှန်၊ အဘိုးတို့နှစ်ယောက် ဒေါသထွက်လို့ မရဘူးနော်။ ဒေါသထွက်လာလို့ရှိရင် အစ်ကိုကြီးရှန်လင်း ပြောင်းတိုက်တာကို ကူပေးဖို့ ခွန်အားရှိတော့မှာ မဟုတ်ဘူး။ အစ်ကိုကြီးရှန်လင်းက အဘိုးတို့ နှစ်ယောက်အတွက် စိတ်မကောင်းဖြစ်နေရတာ။ ဦးလေးရှန်တို့အိမ်အတွက် လုပ်ပေးသလိုမျိုး ပြောင်းသယ်ပေးဖို့ မလိုပါဘူး။ အဘိုးတို့ လူကြီးနှစ်ယောက်က အားအရမ်းမစိုက်ရတဲ့ ပြောင်းတိုက်တဲ့ကိစ္စများကို လုပ်ရင် ရပါပြီ”

ဆုဝန်က အသားကို ရှေ့ချပေးလိုက်၏။

အဘိုးရှန်သည် ပို၍ပင် ဒေါသထွက်လာရကာ “ မင်းရဲ့ပုပ်နေတဲ့အသားကို ယူပြီး လစ်လိုက်တော့၊ မင်းရဲ့အသားကို ငါသေတောင်မစားဘူး”

ဆုဝန်က ရှန်လင်း၏ဝတ်ရုံလက်ကို ဆွဲလိုက်ကာ

“ အစ်ကိုကြီးရှန်၊ ကျွန်မတို့ သွားကြစို့။ ကျွန်မတို့ ဒီမှာရပ်နေလည်း အဘိုးရှန်ကို စိတ်ဆိုးစေရုံပဲရှိမှာ။ အဘိုးရှန်ရဲ့ကျန်းမာရေးကို ထိခိုက်စေလို့မဖြစ်ဘူးလေ။ အဘိုးရှန်က မစားချင်ဘူးဆိုမှတော့ ကျွန်မတို့ ပေးမနေတော့ပါဘူး”

ရှန်လင်းက “ကောင်းပြီ”ဟု ပြောလာ၏။

ထို့နောက် လှည့်ထွက်လာကာ သူ၏ စပါးကျီရှိရာသို့ လျှောက်သွားလေ၏။ 

အရင်တုန်းက သူ့တွင် အဘိုးနှင့်အဘွားရှိသည်၊ မိသားစုရှိသည်ဟု တွေးခဲ့သေးသည်။ ယခုမူ သူ့တွင် မိသားစုဟူ၍မရှိ၊ အမေနှင့် ညီမလေးသာရှိကြောင်း နားလည်သွားခဲ့ချေပြီ။ အမေနှင့် ညီမလေးမှလွဲ၍ သူ့ကိုဂရုစိုက်ပေးသူ မရှိပေ။

မဟုတ်သေးဘူး။ အနှီဆုဝန်ဟူသော အိမ်ငှားလေး ရှိသေးသည်ပင်။

သူ့ဘိုးဘွားများ ပင်ပန်းသည်ကို မကြည့်ရက်နိုင်တာကြောင့် ရှန်လင်းမှာ သူ့အဘိုးနှင့်အဘွားကို ယခင်က တစ်ခါမှ အကူအညီမတောင်းခဲ့ဖူးပေ။ သေချာပေါက် အကူအညီတောင်းလာလျှင်လည်း မငြင်းဆန်ခဲ့ဖူးပေ။

ယနေ့ ငြင်းဆန်လိုက်မှုမှာ ရှန်လင်း၏ပထမဆုံးအကြိမ် ဆန့်ကျင်မှုပင်ဖြစ်၏။ အစကတော့ သူသည် သူ့အဘိုးအဘွားများ၏ မြေးဖြစ်နေရာ သူတို့မှာ သူ့ကို ဂရုစိုက်သေးသည်ဟု မသိစိတ်အလျောက် ထင်မိခဲ့ပေသည်။ သူတို့မကူညီကြခြင်းမှာ သူထုတ်မပြော၍ဖြစ်သည်ဟု ထင်ခဲ့မိ၏။

ယန်ဝူက အော်ပြောလိုက်၏

“ ရှန်လင်း၊ ဒါမှ မှန်တာ။ ငါသာ မင်းနေရာမှာဆိုရင် ငါ ပြန်ယူလာပြီး ကိုယ့်ဘာသာပဲ စားလိုက်မှာ”

ပတ်ဝန်းကျင်မှ ရွာသားများကလည်း “ ရှန်လင်း၊ မင်းအဘိုးကို စိတ်တိုအောင်မလုပ်နဲ့။ ယူသွားပြီး မင်းဘာသာစား”

ရွာသားတချို့က လှောင်ပြောင်ခဲ့ကြပြီး တချို့ကတော့ မကျေမနပ်ပြောကြ၏။ အဘိုးရှန်နှင့် အဘွားရှန်က ရှန်လင်းအား မည်သို့ဆက်ဆံကြောင်း အားလုံးမြင်ကြသည်ပင်။ အသွားပဲရှိပြီး အပြန်မရှိချေ။ ပေးရန်တောင်းဆိုခြင်း မရှိမှသာ သိတတ်လိမ္မာခြင်းစင်စစ် ဖြစ်နိုင်မည်ပင်။

ရှန်လင်းက ဘာမှမဆိုချေ။

ဆုဝန်မှာ အလွန်ပင် ကျေနပ်သွားရ၏။ သို့ဖြစ်ရာ ပန်းကန်ကိုကောက်ယူ၍ ပြန်ထွက်သွားရင်း ဆိုလာ၏။

”အဘိုးရှန် အဘွားရှန်၊ ဒါဆိုလည်း ကျွန်မတို့ ဒီအသားပြားကြော်တွေကို ပြန်ယူသွားပြီနော်။ တကယ်လို့ ကျွန်မတို့ ထားခဲ့လိုက်ပြီး အဘိုးတို့ရဲ့ ရှန်ဇီကို စိတ်တိုအောင် လုပ်မိရင် အစ်ကိုကြီးရှန်ရဲ့အပြစ် ဖြစ်နေဦးမယ်”

ရှန်လင်းက သူ၏စပါးကျီဆီသို့သာ လျှောက်သွားခဲ့ပြီး တစ်ခွန်းမှမဟချေ။ အစတုန်းကတော့ သူ၏အဘိုးအဘွားများကို စားစရာပို့ပေးခြင်းမှာ မှန်ကန်သင့်တော်သည်ဟု သူထင်ခဲ့၏။ ယခုမူ ယင်းကား မှန်ကန်သင့်တော်ခြင်းမရှိဟု သူ ခံစားမိသွားတော့သည်။

အဘိုးရှန်သည် ရှန်လင်း၏နောက်ကျောပြင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိ၏။

‘ဘာ၊ ဒီကလေး တကယ်ကြီး ထွက်သွားတာလားဟ’

အဘွားရှန်နှင့် သားကြီးရှန်သည်လည်း ကြက်သေသေသွားကြ၏။ 

‘ ရှန်လင်းက သူတို့ကို စားပေးဖို့ တောင်းပန်သင့်တာ မဟုတ်ဘူးလားဟ’

‘ အဲဒါက အသားပြားကြော် ပန်းကန်ကြီး တစ်ပန်းကန်လေဟာ’

သားကြီးရှန်မှာ ထိန်းချုပ်မထားနိုင်တော့ဘဲ အော်ပြောလိုက်တော့သည်။

“ ရှန်လင်း၊ မင်း အဘိုးနဲ့အဘွားကို မပေးဘဲနဲ့ ဘယ်လိုများပြန်သွားနိုင်တာလဲ”

ရှန်လင်းက မြဲမြံစွာ ရပ်နေခဲ့ပြီး နောက်ပြန်လှည့်မကြည့်ခဲ့ပေ။ 

“ အဘိုးနဲ့အဘွားက မစားချင်ဘူးတဲ့လေ”

ဆုဝန်က အလျင်အမြန်ပင် ရှန်လင်းစကားနောက်လိုက်၍ ပြောလိုက်၏။

“အစ်ကိုကြီးရှန်က အသားပြားကြော်ကို အဘိုးရှန်နဲ့အဘွားရှန်အတွက် အထူးတတလည် လုပ်ထားရတာ။ အဘိုးရှန်နဲ့ အဘွားရှန်က မစားချင်ဘူးတဲ့လေ။ အစ်ကိုကြီးရှန်က စိတ်မကောင်း ဖြစ်ရတယ်ဆိုရင်တောင်မှ အဘိုးရှန်နဲ့အဘွားရှန်ကို အတင်းအကြပ်ကြီး စားခိုင်းလို့မှမရတာ။ ဒီအသားပြားကြော်က ဒီလောက်မာနေမှတော့ အဘိုးရှန်နဲ့အဘွားရှန်က မစားချင်ဘူးပေါ့။ စားမကောင်းဘူးဆိုရင် အစ်ကိုကြီးရှန်က မသိတတ်မလိမ္မာရာ ကျဦးမယ်လေ “

အဘိုးရှန် - “.....”

သူသည် စိတ်ဆိုးသွားရုံသာ ဖြစ်ပြီး အမှန်တကယ်မစားချင်တာမျိုး မဟုတ်ပေ။

ဆုဝန်သည် ရှန်လင်းနောက်မှ လိုက်ခဲ့၏။ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် ယန်ဝူ့အား အော်ပြောလိုက်၏။ 

“ အစ်ကိုကြီးယန်ဝူ၊ ကျွန်မ အသားတွေအများကြီး ချက်လာတယ်။ စားလို့မကုန်ဘူး။ ရှင်ရယ် ဦးလေးယန်နဲ့ အဘွားယန်ရယ်၊ အတူလာစားလှည့်”

အဘိုးရှန်မှာ သွေးတစ်ပွက် အန်ထွက်လုနီးပါး။ 

‘ ဆုဝန်နဲ့ ရှန်လင်းက သူတို့ကို အသားမပေးဘဲ အပြင်လူတွေကို ပေးလိုက်သတဲ့၊ ဒီအပြင်လူတွေက အဘိုးအဘွားအရင်းတွေမို့လို့လား’

ရှန်လင်းက နှုတ်ဆိတ်နေမြဲ။ အသားမှာ ဆုဝန်လုပ်ထားခဲ့သည်ဖြစ်ရာ ဆုဝန် ကျွေးချင်သည့်သူကို ကျွေးနိုင်လေသည်။ ထို့အပြင် ယန်ညီအစ်ကိုများသည် သူ့အား အကြိမ်ကြိမ် ကူညီပေးခဲ့ရာ သူ အမှန်တကယ် ကျေးဇူးတင်မိသည်ပင်။

ယခင်က သိတတ်လိမ္မာရခြင်းတည်းဟူသော တာဝန်ကြောင့် မျက်စိကန်းနေခြင်းသာဖြစ်ပြီး လူတွေက သူ့အပေါ် ကောင်းသည်၊ မကောင်းသည်ကို သူ သိနိုင်လေ၏။

အကယ်၍ တခြားတစ်ယောက်သာဆိုပါက ထိုမျှ အရှက်မဲ့စွာ ရှန်လင်း၏အသားကို လာစားလိမ့်မည် မဟုတ်။ သို့ရာတွင် အနှီယန်ဝူသည်တော့ ကွဲပြားလေသည်။ ယန်ဝူ၏ တခြားညီအစ်ကိုများက ထိန်းချုပ်မထားနိုင်တော့ဘဲ ယန်ဝူကို မျက်လုံးလှန်ပြလာ၏။ 

‘ဒီကလေးက အလကားစားသောက်ရတာ အကျင့်ပါနေပြီပဲ။ တကယ် အရှက်မဲ့လွန်းတယ်’

ရှန်လင်းတို့မိသားစုလယ်ကွင်းသို့‌ လျှောက်လာရင်း ယန်ဝူက ဆိုလိုက်၏။

“ ဆုဝန်၊ မင်းကောင်တီမြို့ကို သွားလိုက်တာ မြို့သူပုံ ပေါက်လာတာပဲ။ ဒါပေမဲ့ နောက်ကိုလေ ဒီအသားကို ဆီနဲ့ ကြော်လို့မရဘူးလား” ယန်ဝူပြောသည်မှာ ရင်းနှီးစွာအကြံပေးခြင်းပင်။ ဆုဝန်ပြုံးလိုက်ပြီး ယန်ဝူမှန်ကြောင်း ပြောလိုက်၏။

ဆုဝန်က ဆို၏

“ အစ်ကိုကြီးယန်၊ အဘိုးယန်နဲ့ အဘွားယန်ကိုလည်း အတူစားဖို့ခေါ်လိုက်ပါ”

ယန်ဝူက အပြုံးတစ်ပွင့်ဖြင့် ဆိုလာ၏။

“ မလုပ်ပါနဲ့။ သူတို့နှစ်ယောက်က စားမှာမဟုတ်ဘူး။ ငါ ဒါစားပြီးလို့ ပြန်ရောက်ရင် သူတို့နှစ်ယောက် ငါ့ကို အရေခွံခွာကြတော့မှာ”

ဆုဝန်က ယန်ဝူ့အား ပန်းကန်လှမ်းပေးကာ ဆို၏။

“ အစ်ကိုကြီးယန်၊ ဒါကို အဘိုးနဲ့ အဘွားစားဖို့အတွက် ယူသွားလိုက်ပါ။ ပြီးတော့ ရှင့်ရဲ့ ညီအစ်ကိုတွေအတွက်ရော”

ယန်ဝူက ခဏမျှတွေးပြီးနောက် ဆုဝန်ဆီမှ အသားပြားကြော်ပန်းကန်ကို လှမ်းယူလိုက်၏။ 

‘ ကြီးလိုက်တဲ့ ပန်းကန်။ အဖေ၊ အမေ ၊ ညီအစ်ကို မောင်နှမတွေ အားလုံးခွဲစားမယ်ဆိုရင်တောင် တစ်ယောက်ကို ခြောက်ခု၊ ခုနစ်ခုလောက် ရသေးတယ်’

ယန်ဝူသည် ဆုဝန်ထံမှ အသားပြားကြော်ကိုယူကာ ယန်မိသားစု စပါးကျီသို့ လျှောက်သွားလိုက်၏။ အဘိုးရှန်မှာ ဒေါသထွက်ရလွန်း၍ သေမတတ်ပင်။ လူအိုကြီးယန်သည်လည်း ရပ်ရလွန်း၍ သေမတတ်ပင်။

အဘိုးရှန် စိတ်ထဲမှတွေးလိုက်၏။

‘ အရှက်မရှိဘူး၊ တကယ်ပဲ အရှက်မရှိဘူး။’

လူအိုကြီးယန် စိတ်ထဲမှတွေး၏။

‘ ရှက်စရာပဲ။ တကယ့်ကို ရှက်စရာပဲ’

ရွာသားများသည် တချိန်တည်းမှာပင် သွားရည်ယိုကြပြီး အားကျခဲ့ရ၏။ တချို့သူများကတော့ စတင်ဆွေးနွေးနေချေပြီ။

‘ကြည့်စမ်း၊ ကြည့်စမ်း။ အဲဒီယန်ဝူက တကယ်ကြီး ခြိုးခြံတတ်တာပဲ’ သူများက သူ့မိဘဘိုးဘွားအတွက်ပါ အစားအစာပေးလာခဲ့၏။ သူအမှန်ပင် စားဝင်လေရာ “အစွမ်းအစရှိသူ”ပင် ဖြစ်ချေသည်။ 

ယန်ဝူ သူတို့စပါးကျီထဲသို့ လျှောက်မိသည်နှင့် လူအိုကြီး၏ဆူသံကို ကြားလိုက်ရ၏။ 

“ အရှက်မရှိတဲ့အကောင်။ သူများကို ပြန်သွားပေးချည်”

ယန်ဝူက နားမထောင်ခဲ့ပေ။ လူအိုကြီးယန်နှင့် အမျိုးသမီးယန်၏မျက်စိရှေ့တွင် အသံတိုးတိုးဖြင့် စကားတချို့ရေရွက်ကာ အသားကိုကိုင်၍ ညီအစ်ကိုများဆီသို့ လျှောက်လာလေ၏။ အဘိုးယန်က စိတ်လျှော့လိုက်၏။ ယန်အိမ်မှ ညီအစ်များသည်လည်း ခေါင်းညိတ်လိုက်ကြလေသည်။

ယန်ဝူသည် မိဘများအား အသား၈ခုစီ ပေးလိုက်၏။ မိသားစုထဲမှ ညီအစ်ကိုများနှင့် မရီးများအတွက်မူ တစ်ယောက် ငါးခုစီပေးပြီး သူက သုံးခုစားလိုက်၏။ အိမ်က ညီမလေးအတွက် ခုနစ်ခု ချန်ထားလေ၏။   

ဆုဝန်လုပ်ထားသည့် အသားပြားကြော်များသည် အတော်လေး ကြီးမားပြီး သူတို့ကို ပါးစပ်ထဲ စားလိုက်ချိန်တွင် ဝါးနေရမည်ပင်။ 

ယန်မိသားစုတွင် ညီအစ်ကိုများစွာ ရှိသော်လည်း ယန်အိမ်မှ ညီအစ်ကိုများသည် စည်းလုံးကြပေ၏။ ညီအစ်ကိုများသည် သူတို့၏ တခြားညီအစ်ကိုများအတွက် စဥ်းစားပေးကြ၏။ ညီအစ်ကိုများမှာ လွန်စွာအရေးပါသည်ဟု မှတ်ယူထားကြသည်ပင်။

ယန်ဝူမှလွဲ၍ တခြားညီအစ်ကိုများသည် ရိုးသားကြ၏။ အကယ်၍ တခြားသူများ ရိုးသားကြလျှင် သူများအနိုင်ကျင့်ခြင်းကိုခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ သို့ရာတွင် ယန်မိသားစုမှာ စည်းလုံးလေရာ ရွာတွင် သူတို့ကို အနိုင်ကျင့်ရဲသူမရှိပေ။ 

အဘိုးရှန်၊ အဘွားရှန်နှင့် သားကြီးရှန်တို့တစ်မိသားစုလုံးမှာ ဒေါသထွက်ရလွန်း၍ ခေါင်းများပင် မူးလာရချေသည်။

အနှီအသားပြားကြော်များမှာ အစကတည်းက သူတို့စားရမည့်ဟာများပင်။

အသားပြားကြော်၏ရနံ့မှာ မွှေးပျံ့လှလေရာ လေထုမှာ ဆီကြော်နံ့များ သိုင်းခြုံနေတော့သည်။ 

ရွာသားတစ်ယောက်က ရယ်မောကာ အဘိုးရှန်ကို လှောင်ပြောင်လာခဲ့၏။ 

“ ကျွန်တော်ပြောမယ်။ အဘိုးရှန်၊ ခင်ဗျား ကြည့်ပါဦး။ အဲဒီလို အရသာရှိတဲ့ အသားပြားကြော်ကို မစားတော့ သူများကို စားခိုင်းလိုက်တယ်တဲ့ “

နောက်ထပ် ရွာသားတစ်ဦးက ပြောသည်မှာ

“ မင်း ဘာပြောတာလဲ။ ဒါ သူများချစ်ရတဲ့ ရှန်လင်းက မသိတတ်မလိမ္မာတာမှ မဟုတ်တာ။ မစားတာက အဘိုးကိုယ်တိုင်ပဲကို။ ရှန်သာ့ သိပ်ပြီးလည်း ဒေါသထွက်နေလို့ မရဘူးလေ”

အဘိုးရှန်မှာ ပို၍ပင် ဒေါသထွက်လာတော့သည်။ 

‘ရှန်လင်းဆိုတဲ့ မသိတတ်မလိမ္မာတဲ့ ‌ကောင်စုတ်လေးကတော့။ ဘယ်လိုလုပ်ပြီး သူက မသိတတ် မလိမ္မာဖို့ ‌ရွေးလိုက်ရတယ်လို့ ဖြစ်သွားရတာလဲ ။ သူ မသိတတ်မလိမ္မာတာ အသိသာကြီးပဲကို’

‘စောနလေးတင် အဲဒီ ဆုဝန်ဆိုတဲ့ကောင်မစုတ်လေးက နှုတ်သီးကောင်းလျှာပါးလုပ်သွားတာကို သူ တစ်ခွန်းမှ ဝင်မဆူဘူးလေ။ တကယ့်ကို မသိတတ်တာပဲ’

အဘိုးရှန်သည် ဆုဝန်ကို စိတ်ထဲမှနေ၍ ၁၀၈ကြိမ်လောက် ကျိန်ဆဲလိုက်ကာ ဘိုးဘေး၁၈ဆက်ကိုလည်း မေတ္တာပို့ပေးလိုက်၏။

ထိုအခိုက်၌ ဆုဝန်၏အသံမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ 

“ အဘိုးရှန်၊ အဘွားရှန်။ အဘိုးတို့နှစ်ယောက်လည်း လာပြီး တစ်ခုခုစားပါလား”

အဘိုးရှန်က ပြောချလိုက်တော့သည်။

“ထွက်သွားစမ်း”

အဘွားရှန်က သူ့မျက်နှာကို ဖြတ်ရိုက်လေ၏။ ” တို့တွေမသွားဘူးလား”

အဘိုးရှန် - “.....”

သူ ထပ်ပြီး မြန်မြန် ပြောလိုက်မိသည်ပင်။

ဆုဝန်၏ အထီးကျန်လှသော အသံမှာ ထပ်မံ ရောက်ရှိလာပြန်သည်

“ အဘိုးရှန်၊ အဘွားရှန်။ အဘိုးတို့ မစားရင် ကျွန်မ ကျန်တာကို ယာယာ့အတွက် ပြန်ယူသွားလိုက်တော့မယ်နော်” 

ဆုဝန်က ပြောနေရင်းပင် အစားအစာများအားလုံးကို ထုပ်၍ပြီးသွားရာ ထရပ်လိုက်လေ၏။ ရှန်လင်းက မြန်မြန်သွက်သွက်စားလေရာ အခုလေးတင် စားပြီးသွား၏။

ရှန်လင်း၏တစ်ကိုယ်လုံးမှာ အားအင်အပြည့်ပင်။ ယနေ့ အသားပြားကြော်များ စားလိုက်ရာ သူ ပို၍ အလုပ်မြန်မြန်ပြီးနိုင်မည်ပင်။

ဆုဝန်က ထကာ စားစရာဘူးနှင့်အတူ ထွက်သွားခဲ့၏။ ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်နောက် သူ့နောက်ကျောဘက်မှ လှုပ်ရှားသံကြားလိုက်ရ၏။

ဆုဝန် လှည့်ကြည့်လိုက်ရာ ယန်အိမ်က ညီအစ်ကိုခြောက်ဦးမှာ ရှန်လင်းတို့မိသားစုစပါးကျီသို့ ရောက်လာခြင်းဖြစ်နေခဲ့သည်ပင်။ ယန်ဝူက ဆို၏။ “ ရှန်လင်း၊ နေ့လယ်ပိုင်းခဏလောက် ငါတို့ညီအစ်ကိုတွေ မင်းကို အလုပ်နည်းနည်းလုပ်ကူပေးမယ်။ သွားမယ်။ လယ်ကွင်းကို သွားကြမယ်”

ယန်ဝူပြောပြီးသည်နှင့် ယန်အိမ်က ညီအစ်ကိုများသည် ခြင်းတောင်းကိုယ်စီယူကာ စပါးကျီမှ ထွက်ကြပြီး လယ်ကွင်းသို့ သွားကြလေ၏။

ရှန်လင်းက အနည်းငယ် အံ့အားသင့်သွားရသည့်တိုင် ဆိုလိုက်၏။

“ မလိုတော့ပါဘူး၊ အစ်ကိုကြီးယန်ဝူ “

ယန်ဝူသည် ရှန်လင်းထက် သုံးနှစ်ပိုကြီးသည်ဖြစ်ရာ ရှန်လင်းက အစ်ကိုကြီးယန်ဝူဟု ခေါ်လိုက်သည်မှာ သဘာဝကျသည်ပင်။

ယန်ဝူက ပြုံးလျက်ဆို၏။

“ မင်း ပြီးခဲ့တဲ့နှစ်နှစ်အတွင်း စာလေ့လာလို့ တုံးအသွားတာများလား။ ဒီလောက်တောင် မိုက်မဲရလားကွ”

ရှန်လင်းကဆို၏။

“ ခင်ဗျားရဲ့အိမ်မှာလည်း အလုပ်တွေများတယ်လေ”

ယန်ဝူ”ငါက မင်းကို ကူညီတာမဟုတ်ဘူး။ စောနက အသားအတွက် ဆုဝန်ကို ကျေးဇူးတင်တာ။ ဆုဝန်ကို ပြန်ခေါ်လာပေးမိတာ မင်းတကယ်ကံကောင်းတာပဲ ကောင်လေး”

ယန်ဝူသည် ကောင်တီတွင် နှစ်ပေါင်းအတော်ကြာ အလုပ်လုပ်လာခဲ့ရာ ကိစ္စများကို နားလည်နိုင်စွမ်း မြင့်လေသည်။ ဆုဝန်က စောနက သူ့ကို အသားပြားတစ်ပန်းကန် ပေးခဲ့သည်မှာ ရှန်လင်းအတွက် ကူပြောပေးခဲ့သည်ကို ကျေးဇူးဆပ်ခြင်းပင် ဖြစ်ချေသည်။ 

အနှီစကားများမှာ ထိုမျှကြီးမားသည့်အသားပြားတစ်ပန်းကန်စာ မရှိလေရာ ယန်ဝူက သူ၏ ညီအစ်ကိုများကို ရှန်လင်းအတွက် အလုပ်ကူလုပ်ပေးရန် တိုက်တွန်းခဲ့ခြင်းပင်။ 

တခြားမိသားစုတွင် အလုပ်များကို မိသားစုဝင်များစွာက ခွဲလုပ်ကြခြင်းဖြစ်ပြီး ရှန်လင်းသည်တော့ အလုပ်အားလုံးကို တစ်ယောက်တည်း လုပ်ရလေသည်။ ယခင်တုန်းကဆို နေ့လယ်ခင်းတွင် မိသားစုအတွက် ဟင်းပြန်ချက်ပေးရ‌သေးသည်။ 

ရွာသားများမြင်သော် သက်ပြင်းချမိကြသော်လည်း သူတို့တတ်နိုင်သည့်အရာ မရှိချေ။ ရွာသားများ အချင်းချင်း လယ်ကွင်းတွင် ကူညီကြသည်မှာ ’ငါ မင်းမိသားစုကိုကူညီ၊ မင်းက ငါ့မိသားစုကို ကူညီ’ဟူသည်မျိုးပင်ဖြစ်ချေသည်။ ရှန်လင်းတွင် လုပ်စရာများစွာရှိ၏။ သူများကို အလုပ်ပြန်လုပ်ပေးဖို့ မဆိုထားနှင့်၊ သူ့မိသားစုနှင့်သူပင် အလုပ်များလျက်ရှိပေသည်။

ရှန်လင်းက ယန်ဝူ၏ကူညီမှုအား စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး ခြင်းတောင်းကိုသယ်ကာ ယန်ဝူ့နောက်မှ လိုက်လာခဲ့၏။ သို့ရာတွင် ယန်ဝူက ခြေနှစ်လှမ်းလောက်နှေးလိုက်ကာ ရှန်လင်းနှင့် ပခုံးချင်းယှဥ်ရပ်လာ၏။ လက်တစ်ဖက်အား ရှန်လင်းပခုံးပေါ် တင်လိုက်ကာ ဆိုလေ၏

“ ကောင်လေး မင်း ကံကောင်းတယ်”

အနှီယန်အိမ်မှညီအစ်ကိုများသည် ရှန်လင်းကို အလုပ်ကူလုပ်ပေးတော့မည်ဖြစ်ကြောင်း ဆုဝန် နားလည်လိုက်၏။ 

ထိုအကြောင်းပြောမှ အသားပြားကြော်များကို ရှန်အဘိုးအဘွားများနှင့် ဦးလေးရှန်တို့အား ပေးခဲ့လိုက်ပါလျှင် သူတို့က လုပ်သင့်သည်ဟုသာ တွေးထင်ကြပေမည်။ ‌လောက်ပင် မလောက်ဟူ၍တောင် ထင်မြင်ကြဦးမည်။ သူတို့သည် များများ ပိုရသင့်ပြီး ရှန်လင်းအတွက်မူ အနည်းငယ်သာ ချန်ထားလိုက်ပါက လုံလောက်ချေပြီ။ 

သူတို့ မည်မျှပင် စားရပါစေ၊ ရှန်လင်းကို လွယ်ကူလှသည့် ပြောင်းတိုက်သည့်အလုပ်မျိုးကိုပင် ကူညီပေးလိမ့်မည် မဟုတ်ပါချေ။ 

သို့ပေသိ ယင်းအား ယန်ညီအစ်ကိုများအတွက် ပေးခဲ့လိုက်၏။ ယန်ညီအစ်ကိုများသည် ဆွေးပင်မဆွေးနွေးကြဘဲ ရှန်လင်းအတွက် လယ်ကွင်းသို့သွားကာ ဒုက္ခများလှသည့် ပြောင်းရိတ်၊ ပြောင်းသယ်အလုပ်များကို  ကူညီပေးကြလေ၏။

...

အခန်း (၃၅) (ခ)

ယန်အိမ်မှ ညီအစ်ကိုများသည် လယ်ကွင်းဆီ သွားခဲ့၏။ ၎င်းတို့ထဲမှ သုံးယောက်က ပြောင်းရိတ်ပြီး၊ ရှန်လင်းနှင့် ကျန်လေးယောက်က ပြောင်းသယ်ကြ၏။ 

ယန်အိမ်မှ ညီအစ်ကိုများသည် ရှန်လင်းအား နှစ်ကြိမ်တိုင်တိုင် ကူသယ်ပေးခဲ့၏။ 

မူလတုန်းကတော့ ရှန်လင်းမှာ ထိုအလုပ်များကို သုံး၊လေးရက်လောက် လုပ်ယူရမည်ပင်။ သို့ရာတွင် ယန်အိမ်မှ ညီအစ်ကိုများကား လူများလှ၏။ လူလေးယောက်က ပြောင်းနှစ်ခေါက်ယူသယ်ပေးခဲ့၏။ ရှန်လင်းက ရှစ်ခေါက်သယ်ရန်လိုမည်ပင်။ လူသုံးဦးမှာ မနားတမ်း ပြောင်းရိတ်ပေးခဲ့၏။ နောက်ပြန်ကြည့်စရာမလိုရာ ရှန်လင်းမှာ ခြောက်ခေါက်သာ သယ်ခဲ့ရ၏။

စောနက ဆုဝန်ရောက်လာသည့်အချိန်၌ ရှန်စန်း၏ အပေါင်းအသင်းများဖြစ်သော ကျန်းအာ့ကုံ၊ လီစစ်နှင့် ဝမ်ချွမ်းတို့မှာ ဆုဝန်၏အလှအပကို မြင်ခဲ့ကြသည်။ သူတို့မှာ အလှလေးရှေ့၌ ထင်မြင်ချက်ဆိုးများ မချန်ခဲ့လိုရာ ထွက်သွားကြလေ၏။

ယခုအချိန်တွင် ရှန်လင်းနှင့် ယန်အိမ်မှ ညီအစ်ကိုများသည် အားပါးတရဟန်ပန်ဖြင့် အလုပ်လုပ်နေကြ၏။ တစ်ချက်ကြည့်ရုံနှင့်ပင် သူတို့၏ အရှိန်အဟုန်မှာ ရှန်စန်းထက် သာလွန်နေပြီး လျော့နည်းခြင်းမရှိ။

ရှန်စန်း၏ညီနောင်များအတွက်မူ သူတို့သည် အမြဲအ‌‌ချောင်ခိုပျင်းရိကြပြီး မဟုတ်ကဟုတ်ကများ လုပ်လေ့ရှိ၏။

အဘိုးရှန်က ကသိသအောက်ဖြင့် ရှန်စန်းကို လှည့်ကြည့်လိုက်၏။

“ ကောင်လေးစန်း၊ မင်းရဲ့ ညီနောင်တွေကိုခေါ်ပြီး မင်းအဖေကို ပြောင်းသွားကူသယ်ပေးလိုက်” 

ရှန်စန်းမှာ စိုးရိမ်နေမိ၏။ မေးနေစရာပင် မလိုပေ။ မဟုတ်ကဟုတ်ကများ လုပ်ဖို့သာ ရနိုင်ပေလိမ့်မည်။ အိမ်က အလုပ်ကို ကူညီပေးရန်မှာတော့ လုံးဝမဖြစ်နိုင်ချေ။ ယန်အိမ်မှ ညီအစ်ကိုခြောက်ယောက်သည် ရှန်လင်းကို နှစ်ခေါက်ကူပေးခဲ့ပြီး ရှန်လင်း ယခင်က လုပ်ထားသည်များပါဆိုပါလျှင် တစ်ဝက်ကျော်မျှ လုပ်၍ပြီးစီးချေပြီ။ 

လွန်ခဲ့သည့်နှစ်နှစ်အတွင်း ဤရွာထဲ၌ ရှန်လင်းမှာ အမြဲတစေ နောက်ဆုံးမှအလုပ်ပြီးသူ ဖြစ်ခဲ့ရသည်ပင်။ ရွာထဲ၌ တိတ်တဆိတ် သဘောတူထားကြသော စည်းမျဥ်းတစ်ခု ရှိလေ၏။ နောက်ဆုံးမှ အလုပ်ပြီးသောအိမ်ကလူများသည် ရွာထဲတွင် အပျင်းရိဆုံးလူများအဖြစ် လှောင်ပြောင်ခံရမည်ပင်။ 

ရှန်လင်းမှာ အတွင်း၊အပြင်အလုပ်များကို တစ်ယောက်တည်းလုပ်ရသည့်တွက် နှေးရခြင်းဖြစ်ရာ ရှန်လင်း၏ အခြေအနေက တခြားသူများနှင့် မတူသည့်တိုင် အနှီရွာသားများ၏ ပါးစပ်ပုတ်များက ထိုအချက်အား အလိုအလျောက်ပင် လျစ်လျူရှုလိုက်ကြ၏။ တစ်စုံတစ်ယောက်၏ လယ်အလုပ်အား လှောင်ပြောင်သည့်အချိန်၌ သူတို့က ထိုသို့ဆို၏။

“ မင်းတို့မိသားစု အလုပ်လုပ်တာက အတော်နှေးနေပြီနော်။ တကယ်‌လို့ ထပ်နှေးနေလို့ရှိရင် ရှန်လင်းတို့မိသားစုထက်တောင် နောက်ကျမှပြီးလိမ့်မယ်”

ထိုသို့ပြောလိုက်သည့်နောက် အပြောခံရသည့်မိသားစုမှာ ကျိန်းသေပေါက် ပိ၍ မြန်မြန်လုပ်တော့သည်။ အကယ်၍ ရှန်လင်းတို့မိသားစုထက်သာ နှေးသွားခဲ့ပါက အမှန်ပင် လူရယ်စရာဖြစ်ချေလိမ့်မည်။

ယခုမူ ယန်ညီအစ်ကိုများ၏ အကူအညီဖြင့် ရှန်လင်းက ကောက်ပဲသီးနှံများကို စောစော ရိတ်သိမ်းနိုင်တော့မည်ဖြစ်၏။ ရွာထဲမှ လူတော်တော်များထက် ပို၍ပင် မြန်ဦးပေမည်။

ယင်းကား ရွာထဲမှ ရွာသားအများစုကို မနာလိုဖြစ်စေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

အဘိုးရှန်မှာ ဒေါသထွက်ရလွန်း၍ သွေးအန်လုနီးပါးပင်။ အသားပြားကြော်များမှာ သူ့အပိုင်ဖြစ်ရက်နှင့် ယန်ညီအစ်ကိုများ၏ဗိုက်ထဲတွင် အဆုံးသတ်သွားရချေသည်။

သို့သော် အဘိုးရှန်ကိုယ်တိုင် ရှန်လင်း၏ အသားပြားကြော်ကို မစားချင်ဟု ဆိုခဲ့ပြီး ရှန်လင်းကို အသားပြားကြော်ယူ၍ ထွက်သွားခိုင်းခဲ့ခြင်းဖြစ်လေသည်။

ယန်ညီအစ်ကိုများက ရှန်လင်းကို သွားကူပေးပြီးသည့်နောက် ရွာသားတချို့က အဘိုးရှန်အား လှောင်ပြောင်လာကြ၏။

“ ကျွန်‌တော်ပြောပြမယ် အဘိုး၊ သူက ခင်ဗျားကို အသားပြားကြော်လာပေးတာ၊ ခင်ဗျား ဘာလို့ မစားတာလဲ။ ဒါတော့ မဟုတ်သေးပါဘူး။ သူများဗိုက်ထဲ ရောက်သွားရတယ်လို့ဗျာ”

အဘိုးရှန် - “ ငါ သူ့ရဲ့အသားနှစ်ခုလောက်ကို ဂရုစိုက်မနေပါဘူး။ ဘယ်သူက မစားဖူးလို့.....”

ရွာသားက ထပ်မံ၍ လှောင်ပြောင်လာပြန်၏။

“ အသားနှစ်ခုမဟုတ်ဘူး။ အဲဒါက အသားပန်းကန်ကြီး၊ ယန်မိသားစုမှာ ဒီလောက် လူများတာကို လူတိုင်း အသားပြားအများကြီးစားရတယ်။ တကယ်လို့ အဘိုတို့လူကြီးနှစ်ယောက်ရဲ့ ဗိုက်ထဲကိုသာ စားခဲ့ရမယ်ဆိုရင် ဘယ်လောက် အားရစရာကောင်းလိုက်မလဲ”

အဘိုးရှန် - “......”

သူသည် မည်မျှအားရစရာကောင်းမည်နည်းဟူသည်ကို ပုံဖော်ကြည့်၍ ရ၏။ သူ၏ဝေဝါးလျက်ရှိသော အမြင်အာရုံဖြင့် ယန်မိသားစု အနှီအသားပြားကြော်ပန်းကန်အား စားနေသည်ကို ကြည့်လိုက်၏။ ချောင်းကြည့်နေရင်းနှင့် သူတွေးမိ၏။’တကယ်လို့ သူ အသားပြားကြော်တွေ ဗိုက်အဝစားရရင် ဘယ်လောက် အားရစရာကောင်းလိုက်မလဲနော်’

အဘွားရှန်သည် ဘေးကနေ အဘိုးရှန်ကို တီးတိုးပြောလာ၏။

“ အားလုံး ရှင့်အပြစ်တွေပဲ၊ အဘိုးကြီး။ တို့တွေ သားကြီးရှန်တို့အိမ်ကို မပေးလိုက်သလိုမျိုး အရင်ဟန်ဆောင်ကြမယ်ဆို။ တိတ်တိတ်လေး ချန်ထားပြီး နောက်မှ သားကြီးရှန်တို့အိမ်ကို ယူသွားပေးမယ်ဆို”

အဘိုးရှန်၏ နှလုံးသားတို့မှာ ကွဲကြေသွားရ၏

‘သူ့နှုတ်က ဘာလို့များ ဒီလောက်မြန်နေရတာပါလိမ့်”

ယန်ဝူ၏ အဖေအိုကြီး၊ မအေကြီးနှင့် ယန်ကတော်တို့မှာ ယန်ဝူက သူများ၏အသားကို ယူ၍ ပြန်လာသည်ကို မြင်သော် အစတုန်းကတော့ ရှက်ကိုးရှက်ကန်း ဖြစ်ခဲ့ကြလေသည်။ သို့ရာတွင် ယန်ဝူ ပြန်လာပြီးနောက် သူတို့ညီအစ်ကိုများက ရှန်လင်း၏အလုပ်တွင် ကူညီပေးရန် လူအိုကြီးယန်အား ပြောခဲ့၏။ ယင်းကား အလဲအလှယ်ဟု စဥ်းစား၍ရနိုင်လေသည်။ 

ရှန်လင်းသည် နောက်ဆုံးမှ အလုပ်ပြီးသူ ဖြစ်ခဲ့သည်ကြောင့် ရွာသားများ၏ အထင်သေးခြင်းကို အမြဲခံရ၏။ သူ့အား အလဲအလှယ်အနေနှင့် အလုပ်လုပ်ပေးပြီး ကူညီသည်ဖြစ်ရာ ယန်မိသားစုမှာ အမြတ်ထုတ်ခြင်း မဟုတ်ပေ။ ထို့ကြောင့် လူအိုကြီးယန်က သဘောတူခဲ့၏။ လူအိုကြီးယန်နှင့် အမျိုးသမီးယန်တို့လည်း အသားပြားကြော်များကို စားရသည်မှာ သက်သောင့်သက်သာဖြစ်သွားပေ၏။ ယန်မိသားစုတွင် သားပေါများ၏။ သားများ ဇနီးယူပြီးနောက်ပိုင်း အသားသိပ်မစားရသည်ကို မဆိုထားနှင့်။ သားများလက်မထပ်ခင်ကပင် အသားမစားခဲ့ဖူးပေ။ 

လူများသည် “ ဆယ်ကျော်သက်ကောင်လေးများ အစားဆင်းရဲလျှင်   ခန္ဓာကိုယ်မကြီးထွား၊ မဖွံ့ဖြိုး” ဟု ဆိုကြကာ လူကြီးနှစ်ယောက်မှာ သူတို့သားများ စားရန်အတွက် ချန်ထားကြ၏။

ရှန်လင်းအား စားစရာပို့ပေးပြီးနောက် ဆုဝန်သည် ရှန်အိမ်သို့ ပြန်လာခဲ့၏။ 

နေ့လယ်တုန်းက ဆုဝန် အသားပြားကြော် လုပ်နေခဲ့ချိန်တွင် အနံ့အသက်မှာ ဝမ်မိသားစုတံခါးဘက်သို့ လေနှင့်အတူ ပါသွားခဲ့၏။ ဝမ်ရှီးက လည်ဆန့်ထုတ်ကာ အနံ့အသက်တချို့ကို ရှုရှိုက်ခဲ့လေသည်။

ကြည့်ရသည်မှာ ဆုဝန် ဟင်းချက်နေခြင်း ဖြစ်ရမည်။ ယင်းအား အကဲဖြတ်ကြည့်ပါလျှင် ဆုဝန်၏ ခန္ဓာကိုယ်မှာ ထင်ထားသလို အားနည်းမနေခဲ့။ နှစ်ရာချီဂျင်ဆင်းမှာ အမှန်ပင် ထူးခြားဆန်းကြယ်သည့် အကျိုးသက်ရောက်မှုရှိသည့်ပုံပင်။

ဝမ်ရှီးက သူ့ဘာသာတွေးလိုက်၏။

‘ဆုဝန် ငွေဘယ်လောက်သုံးလဲ ကြည့်စမ်း။ အဲဒါတောင် သူ့ကိုယ်ပေါ်မှာ ငွေရှိနေသေးတယ်။ လော့ရှန်းကို  ဆုဝန်ဆီ သွားမေးခိုင်းရမဲ့ပုံပဲ။ မမေးဘူးဆိုရင် ဆုဝန်က တကယ်ကြီး ပိုက်ဆံတွေ အကုန်လုံးကို သုံးပစ်လိုက်လိမ့်မယ်” 

‘ဆုဝန်က လော့ရှန်းကို ဒီလောက်ကြိုက်တာ။ သူ့သားကသာ သူ့ကို မျက်နှာသာပေးလိုက်မယ်ဆိုရင် သူ ပိုက်ဆံတွေ အလောတကြီး ထုတ်ပေးလာမှာပဲ’

ဆုဝန် ရှန်အိမ်သို့ ပြန်ရောက်လာခဲ့၏။ ရှန်မိသားစုတွင် လုပ်စရာအလုပ် များများစားစား မရှိပါချေ။

ရှန်မိသားစု၏ အိမ်တော်နှင့် ခြံဝင်းမှာ သပ်ရပ် ရှင်းလင်းနေ၏။ ရှန်မိသားစုဝင်များက သတိထား၍ သပ်သပ်ရပ်ရပ် နေကြလေသည်။ သို့ဖြစ်ရာ ပရိဘောဂများအား ဖုန်သုတ်ခြင်းမှလွဲ၍ လုပ်စရာအလုပ် မရှိ။ လုပ်စရာများမပြီးဆုံးနိုင်တော့သည့် ဝမ်မိသားစုနှင့် မတူချေ။

ရှန်ယာယာနှင့် ဆုဝန်သည် ဆုဝန်၏အရှေ့အပိုခန်းတွင် အိပ်ပြီးနောက် ထလာကြ၏။ ဆုဝန်က နိုးသည့်အခါ တိုလီမုတ်စများ သိုလှောင်ထားသည့်နေရာသို့သွားကာ ငါးခြင်းတောင်းတစ်လုံး၊ ငါးဖမ်းပိုက်ကွန်နှင့် လျှော်ကြိုးထူထူတစ်ချောင်း ယူလာ၏။

ချင်းရှီရွာမှလူများသည် အနီးအနားတွင် ငါးဖမ်းရန်နေရာမရှိဟု တွေးထင်ကြ၏။ သို့ဖြစ်ရာ သားကြီးရှန်တို့မိသားစုက ရှန်လင်းအိမ်မှ အနှီငါးဖမ်းကိရိယာများကို ယူမသွားခဲ့ပေ။

မူလပိုင်ရှင်၏ မှတ်ဉာဏ်များအရ ချင်းရှီရွာနှင့်သိပ်မဝေးသည့် မြစ်တစ်မြစ်အတွင်းတွင် ရေလွှဲပေါက်နေရာတစ်ခု ရှိကြောင်း ဆုဝန်သိထား၏။ ယင်းနေရာသည် ငါးဖမ်းရန် အကောင်းဆုံးနေရာ ဖြစ်လေသည်။

ယင်းအား မူလပိုင်ရှင်က ယခုထက် အသက်နည်းနည်းပိုကြီးလာမှ ရှာတွေ့ခဲ့ခြင်းပင်။ ထိုအချိန်တုန်းက မူလပိုင်ရှင်သည် ဝမ်မိသားစုအတွက် မကြာခဏ ငါးမျိုးစုံ ချက်ပြုတ်ကျွေးမွေးကာ ဝမ်မိသားစု အသားငါး ဝယ်ရမည့်ပိုက်ဆံများကို သက်သာစေခဲ့၏။ 

ဆုဝန်က စုတ်ပြတ်နေသည့် အဝတ်အစားများကို လဲလိုက်ကာ မြစ်ဝင်ပေါက်လေးဆီ ရှန်ယာယာကို လမ်းပြခေါ်သွားခဲ့၏။ 

မြစ်ရေမှာ ခါးအထိ ရောက်၏။ ဆုဝန် လှည့်ပတ်ကြည့်လိုက်သော် ရေလွှဲပေါက်မှာ ပိတ်ဆို့ခံထားရကြောင်း တွေ့လိုက်ရ၏။ ငါးများမှာ ရေလွှဲပေါက်အနီးတစ်ဝိုက်တွင် ရှိမည်ဟု မှန်းဆကြည့်လိုက်၏။ ဆုဝန်က ငါးဖမ်းပိုက်ကွန်ကို ရေလွှဲပေါက်နှင့် သိပ်မဝေးသည့်နေရာတွင် ချ၏။ င်းဖမ်းပိုက်ကြောင့် မြစ်ကမ်းပါးနှင့် ရေလွှဲပေါက်အကြား အကာအရံတစ်ခုဖြစ်တည်သွား၏။ ဆုဝန်က ငါးဖမ်းပိုက်ကွန် လျော့မသွားစေရန် ကြိုးတစ်ချောင်းကိုသုံး၍ မြစ်နားရှိ သစ်ပင်နှစ်ပင်ကို ချည်ထားလေ၏။

ယင်းသည်လည်း မူလပိုင်ရှင် ကြံဆခဲ့သော နည်းလမ်းပင်။ ငမိုက်သားကို အိုးဖြင့်ဖမ်းခြင်းဟု ခေါ်၏။ ဆုဝန်က ရှန်ယာယာအား တစ်ဖက်ကမ်းမှ ရေလွှဲပေါက်ဆီသို့ ကျောက်ခဲများဖြင့် ပေါက်ခိုင်းလိုက်၏။ ဆုဝန်သည်တော့ လျှော်ကြိုးကြမ်းတစ်ချောင်းကိုသုံးကာ ‌ရေလွှဲပေါက်နားမှ ရေများကို ရိုက်လေ၏။

ပုံမှန်အားဖြင့် တည်ငြိမ်နေသည့်ရေက နှောင့်ယှက်ခံလိုက်ရရာ ငါးများသည် ပိုက်ကွန်ဘက်ဆီသို့ ကူးခတ်လာတော့၏။ 

ဆုဝန်က သူ့ဘာသာတွေးလိုက်၏။

‘တကယ်ကြီး သူတို့သာသာသူတို့ ထောင်ချောက်ထဲတိုးဝင်လာတာပဲ’

ရှန်ယာယာသည်လာ်း ပျော်ရွှင်နေလျက်ရှိ၏။ သူသည် ကျောက်ခဲများကို မြစ်ထဲသို့ ပို၍ပင် တက်ကြွစွာ ပစ်ပေါက်တော့သည်။

ခဏမျှကြာပြီးနောက် ဆုဝန်က ရှန်ယာယာ့အား ရပ်ရန်ပြောလာ၏။

ဆုဝန်သည် မြစ်တစ်ဖက်ကမ်း ဝင်ပေါက်ဆီ လျှောက်သွားကာ ရှန်ယာယာနှင့်အတူ ပိုက်ကွန်အား ဆွဲလိုက်၏။

ပိုက်ကွန်မှာ လေးလံနေဆဲပင်။ ဆုဝန်သည် သူ ပြုတ်ကျသွားမည်ကို စိုးရိမ်သဖြင့် ရှန်ယာယာအား စက္ကန့်မလပ် ကြည့်နေခဲ့၏။ မြစ်ရေမှာ မနက်လွန်း၊မသန်လွန်းပေ။ ဆုဝန်သည် ရေကူးတတ်သည့်တိုင် ဆောင်းဦးရောက်နေပြီဖြစ်ရာ မြစ်ရေမှာ အေးစိမ့်လျက်ရှိ၏။ ပြုတ်ကျခဲ့မည်ဆိုပါလျှင် အအေးမိနိုင်လေသည်။

ကံကောင်းစွာပင် ရှန်ယာယာမှာ အနည်းငယ် ကြံကြံခံပုံပေါ်လေ၏။ သို့ရာတွင် သူ ထပ်၍ မလှုပ်နိုင်တော့ပါချေ။

ဆုဝန်က ပိုက်ကွန်တစ်ဖက်စွန်းအားဆွဲကာ ဝင်ပေါက်ဆီလျှောက်သွားလိုက်၏။ လေးလံသည့် ငါးဖမ်းပိုက်ကွန်ကို ဆွဲတင်လိုက်ရာ အထဲတွင်ငါးကြီး ၅ကောင်နှင့် ငါးအသေးလေး အကောင်နှစ်ဆယ်မျှ ရှိနေသည်ကို တွေ့လိုက်ရ၏။

ငါးများစွာ ရှိနေသင့်သည်ဖြစ်သော်လည်း ရှန်မိသားစု၏ငါးဖမ်းပိုက်ကွန်မှာ သေးနေခဲ့သည်။ သို့ဖြစ်ရာ ငါးတော်တော်များများ လွတ်သွားတော့သည်။ သို့တိုင် ငါးကြီး ၅ကောင်နှင့် ငါးအသေးလေး အကောင်နှစ်ဆယ်မှာ များလွန်းနေပြီဖြစ်၏။

ဆုဝန်က ‘ဒါကလည်း လွယ်လွန်းနေတာပဲ’ဟု သူ့ဘာသာတွေးလိုက်၏။ မူလပိုင်ရှင်၏ ငါးကြင်း(ခိုအီ)ကံကောင်းမှုကြောင့် ဖြစ်လိမ့်မည်ဟု တွေးတောနေ၏။

ဆုဝန်နှင့် ရှန်ယာယာတို့သည် ငါးကို ခြင်းထဲထည့်ကာ ကျောတွင်လွယ်လိုက်ကြ၏။ ဆုဝန်နှင့် ရှန်ယာယာတို့သည် ကောင်တီမြို့မှပြန်သည့်လမ်းအား ကွေ့ပတ်၍ ရွာသို့ တခြားလမ်းမှ ပြန်ခဲ့လေ၏။

ရွာထဲသို့ဝင်သည့်လမ်းတွင် ဆုဝန်သည် အမျိုးသမီးများနှင့် ဆုံခဲ့၏။ သူတို့ထဲမှ နှစ်ယောက်မှာ ထိုရက်က ဝမ်ရှီးနှင့်အတူ လာခဲ့ကြသူများဖြစ်ပြီး ဆုဝန် စျေးဝယ်သည့်နေရာတွင် ငွေအသုံးအဖြုန်းကြီးသည်ကို မြင်ခဲ့ကြ၏။

သူတို့ထဲမှတချို့သည် ဆုဝန်ကို မြင်သော် ဘေးနားရှိလူများနှင့် တီးတိုးပြောကြတော့သည်။

“ ဆုဝန်က မြို့ထဲကို ထပ်ပြီး ငွေသွားဖြုန်းပြန်ပြီ။ လစာကျ မဖြစ်စလောက်ရှာပြီးတော့။ နည်းနည်းလောက် လျှော့သုံးလို့ မရဘူးလားအေ။ ဒီမိန်းမက အမှိုက်အိမ်ရှင်မဆိုတာထက် မပိုပါဘူး”

တခြားအမျိုးသမီးများသည်လည်း သံယောင်လိုက်ပြောကြ၏။

အနှီဆုဝန်သည် ကောင်တီမြို့မှ ပြန်လာကတည်းက ပိုလှလာလေ၏။ သို့ရာတွင် လှပခြင်းသည်ကား အသုံးမဝင်။ သူ၏ငွေကို ရေလိုသုံးသည့် အကျင့်စရိုက်အရဆိုပါက သူ့ကို လက်ထပ်မည့်သူသည် ရှစ်ဘဝစာလောက် ကံဆိုးမိုးမှောင်ကျခြင်းပင်။

ဆုဝန်နှင့် ရှန်ယာယာသည် ရှန်အိမ်သို့ ပြန်ခဲ့၏။ ဆုဝန်သည် ငါးများကို ရေစည်အတွင်းထည့်သည်။ ရှန်ယာယာအား ကြေးပြားငါးပြားပေးကာ ရွာထဲက တို့ဟူးသည်ထံတွင် တို့ဟူးသွားဝယ်ခိုင်းလေ၏။ 

ဆုဝန်သည် ငါးကို တစ်ကောင်ချင်းကိုင်ကာ အကြီးရောအသေးရောကို အရိုးနွှာကာ ထပ်ထူထူ ပိုင်းလိုက်၏။

ရှန်မိသားစုသည် ငရုတ်သီးများကို နေလှန်းထား၏။ ဆုဝန်က တံစက်မြိတ်မှ ငရုတ်သီးများကိုယူကာ မသုံးခင် ထုထောင်းထားလိုက်၏။

ရှန်ယာယာမှာ တို့ဟူးဝယ်ပြီး၍ ပြန်ရောက်လာလေပြီ။ ရှန်ယာယာမှာ အနည်းငယ် ထူးဆန်းနေ၏။

” မမဆုဝန်၊ သမီးတို့ တို့ဟူးကို ဒီလောက်အများကြီး မစားနိုင်ဘူးလေ”

ဆုဝန်က ရှန်ယာယာအား ရှင်းပြ၏။

“ ဒါပေါ့။ မမတို့ တို့ဟူးတွေ ဒီလောက်အများကြီးမစားနိုင်ဘူးပေါ့။ ဒါပေမဲ့ ဒီနေ့ မမတို့ အစ်ကိုကြီးယန်မိသားစုကို အစားတစ်နပ် ပေးလိုက်တာ သိတတ်တဲ့ အစ်ကိုကြီးယန်တို့က ဒီနေ့ သမီးအစ်ကို အလုပ်ကူလုပ်ပေးတယ်လေ”

ဆုဝန်သည် ရှန်ယာယာအား ခြိုးခြံချွေတာ၍ နေရမည်ဖြစ်သော်လည်း ပေးကမ်းရန် ထိုက်တန်သူနှင့် တွေ့ပါက ပေးဖို့ရန် တွန့်တိုမနေသင့်ကြောင်း၊ သို့မှသာ လူများ၏နှလုံးသားကို အနိုင်ရနိုင်ပြီး ကိုယ်ပိုင်လမ်းကြောင်းက ပို၍လွယ်ကူလာမည်ဖြစ်ကြောင်း ရှင်းပြခဲ့၏။ 

ရှန်ယာယာက နားလည်သည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။ 

ဆုဝန်သည် ငါးကြီးရော၊ ငါးအသေးလေးများကို ပိုင်းခုတ်ထား၏။ ထို့နောက် စပါးကျီသို့ သွား၍ ရှန်လင်းကို ယန်မိသားစုကို ညစာခေါ်ကျွေးရန် အိမ်သို့ ခေါ်ခိုင်းဖို့အတွက် ရှန်လင်းအား စောင့်လေသည်။ 

ယန်အိမ်မှသူများသည် ရှန်လင်းအား များစွာ ကူညီပေးခဲ့၏။ ရှန်လင်းမှာ ကျေးဇူးပြန်မဆပ်နိုင်မည်ကို စိုးရိမ်နေမိ၏။ သူ့တွင် သူ့ကိုယ်ပိုင်လုပ်စရာကိစ္စများစွာ ရှိနေရာ မည်သို့များ ယန်မိသားစုကို သွားပြန်ကူလုပ်ပေးနိုင်မည်နည်း။ ယန်မိသားစု၏အကူအညီသည် အသားပြားကြော်ထက် အမှန်ပင် ပို၍ တန်ဖိုးကြီးမား၏။ ထို့အပြင် အသားပြားကြော်သည် သူ့ဟာမဟုတ်၊ ဆုဝန်၏ဥစ္စာသာဖြစ်၏။ 

ရှန်လင်းက ဆုဝန်သည် စားစရာများ ဝယ်ရန် ငွေအများကြီး ထပ်သုံးနေပြန်ပြီဟုတွေးကာ ဆုဝန်အား ထိုသို့ ထပ်မလုပ်ရန် ပြောတော့မလို့ပင်။ သို့ရာတွင် ဆုဝန်က ဆိုလာ၏။

“ အိမ်မှာ ညကျ ငါးစားကြမယ်။ ငါးကို ကျွန်မနဲ့ ယာယာ မြစ်ထဲကဖမ်းလာခဲ့တာ။ တို့ဟူးကတော့ ဝယ်ခဲ့တာပဲ။ တကယ်လို့ ဒါကို တကယ်ပဲ မသင့်တော်ဘူးလို့ ရှင်ထင်ရင် ကျွန်မကို ကြေးပြားဆယ်ပြား ပေးလို့ရတယ်”

ရှန်လင်း - “.....”

သူတွင် ကြေးပြားဆယ်ပြားတော့ ရှိနေဆဲပင်။ မလုံလောက်ချေ။ အနှီကိစ္စများသည် ရှန်လင်းအား သူ၏ အင်အားနည်းပါးမှုကို သိမြင်စေ၏။ သူ၏အင်အားက နည်းပါးနေပါလျှင် သူချစ်ရသည့်သူများကို မကာကွယ်နိုင်ရုံသာမက၊ သူတပါး၏ကြင်နာမှုကိုပါ ပြန်မပေးဆပ်နိုင်ဘဲရှိချေမည်။

တွက်ချက်ပြီးနောက် ရှန်လင်းကို ငါးကို ဒီအတိုင်းထား၍ မရကြောင်း၊ သေချာပေါက် ချက်ရမည် ဖြစ်ကြောင်း၊ ချက်ပြီးပါက ယန်မိသားစုကို ကျိန်းသေပေါက် အိမ်သို့ဖိတ်ခဲ့ရမည်ဖြစ်ကြောင်း၊ မဖိတ်ခဲ့ပါက ကျန်တဲ့ငါးများ ပျက်စီးသွားသည်ကိုသာ စောင့်နေရ‌တော့မည်ဖြစ်ကြောင်း ပြောလေ၏။

ဆုဝန်က ဟင်းနှစ်မျိုး ချက်ထား၏။ တစ်မျိုးမှာ ငါးတို့ဟူးချက်ဖြစ်ပြီး နောက်တစ်မျိုးသည်‌တော့ အရိုးထွင်ထားသော ငါးအစပ်ဟင်းပင်။ ငါးအစပ်ဟင်းတွင်လည်း သေချာပေါက် တို့ဟူးပါဝင်သည်ပင်။ အဆိုပါ ငါးကြီး၅ကောင်နှင့် ငါးအသေးလေးအကောင်နှစ်ဆယ်မှာ လူများစွာ စားဖို့ရန် မလောက်လေရာ ထိုတို့ဟူးများထည့်ပါက လောက်ငနိုင်မည်ဖြစ်၏။

ဆုဝန်သည် ရှန်အိမ်၏ ဟင်းရွက်ခင်းထဲမှ အရွက်များကိုလည်း ခူးလာသေး၏။ ယင်းတို့ကို ရေခဲစိမ်အရွက်တို့နှင့် ရောကာ ရှစ်ပန်းကန်ပြင်ထား၏။ ထို့အပြင် ရွှေဖရုံသီးတချို့ကိုလည်း ပြင်ထား၏။ ထိုနည်းအားဖြင့် အားလုံးဗိုက်ဝနိုင်ချေမည်ပင်။

တကယ်တမ်းတွင်တော့ လူတစ်ယောက်ကို ညစာစားရန်ဖိတ်ခြင်း၏ အဓိကအချက်မှာ စိတ်ပင်ဖြစ်၏။ အစားအသောက်က ရိုးစင်းသည့်တိုင် နှလုံးသားနှင့် လုပ်ဆောင်ပါက လူ၏နှလုံးသားကို နွေးထွေးသွားစေမည်ပင်။

ညနေခင်း အလုပ်သိမ်းချိန်ရောက်သော် ရှန်လင်းသည် ယန်အိမ်မှ ညီအစ်ကိုခြောက်ယောက်နှင့်အတူ ပြန်လာခဲ့၏။

ဆုဝန်က ရှန်လင်းကို မေး၏။

“ အဘိုးယန်ရယ်၊ အဘွားယန်ရယ်၊ အစ်ကိုကြီးနှစ်နဲ့ အစ်ကိုကြီးသုံးတို့ရဲ့အမျိုးသမီးတို့ရော” 

ရှန်လင်းက ဆို၏။

“ အားလုံးကို ခေါ်ခဲ့တာပဲ။ ဒါပေမဲ့ အဘိုးယန်၊ အဘွားယန်နဲ့ အဲဒီအမျိုးသမီးတွေက မလာဘူးလို့ပဲ မရမက ငြင်းနေတာ”

ဆုဝန်၏နှလုံးသားထဲတွင် ယန်မိသားစုမှာ သိက္ခာရှိသောမိသားစုတစ်ခု ဖြစ်ကြောင်း သိထား၏။ ယန်မိသားစုတွင် လူဦးရေများရာ စားသည်ကလည်း များ၏။ လူအိုကြီးယန်နှင့် ယန်ကတော်တို့မှာ အိမ်ရှင်ကို ဒုက္ခမပေးလို၍ မလာကြခြင်းပင်။

ယန်မိသားစုတွင် အမှန်ပင် ညီအစ်ကိုများလှသည်ပင်။ ပုံမှန်အားဖြင့် ညီအစ်ကိုများသည် အပြန်အလှန် ကူညီကြပြီး  တခြားရွာသားများကို ကူညီပေးရန် အားလပ်ချိန်မရှိချေ။ သို့ဖြစ်ရာ မည်သူကမှ ယန်ညီအစ်ကိုများကို ထမင်းစားမခေါ်ဖူးပေ။ ထို့အပြင် သူတို့ညီအစ်ကိုများ လာခဲ့ရင်တောင် ဘယ်လောက်မျှ စားရမည်မဟုတ်။ 

...

အခန်း (၃၅) (ဂ)

တကယ်တမ်းတွင်တော့ ရှန်လင်းသည် ယန်ညီအစ်ကိုများကို ညစာစားရန်ဖိတ်ရခြင်းမှာ ညီအစ်ကိုများအား လေးစားသမှုရှိခြင်းကို ခံစားမိစေရန်ဖြစ်သည်။ ညီအစ်ကိုများစွာရှိခြင်းကြောင့် ရွာထဲတွင် အနိုင်ကျင့်ခံရခြင်းမျိုး မရှိသော်လည်း သူတို့ကို လေးစားသူမှာတော့ နည်းပါး၏။ ညီအစ်ကိုများခြင်းက အားလုံးသည် သနားစရာကောင်းနေသည်ဟု မဆိုလိုပေ။

ညီအစ်ကိုများသည် ရှန်အိမ်၏ အဓိကခန်းမထဲသို့ ဝင်ခဲ့ကြ၏။ ငါးဟင်းနှစ်ခွက်အပြင် စားပွဲပေါ်တွင် သေရည်သုံးအိုးပါ ရှိနေသေးသည်ကို မြင်လိုက်ရလေသည်။ 

ရှန်လင်းသည် စားပွဲပေါ်မှာ သေရည်များကို ဆုဝန်၏ပိုက်ဆံနှင့် ဝယ်ထားခြင်းဟု တွေးလိုက်၏။ ပြန်သိမ်းထားလိုက်ရန်မှာလည်း ဧည့်သည်များ မြင်မိပြီးသား ဖြစ်နေမည်ကို စိုးထိတ်မိ၏။ ပြန်မသိမ်းပါလျှင်လည်း ဆုဝန်၏ပိုက်ဆံကို ထပ်သုံးမိဦးချေမည်။  

ဆုဝန်က ရှန်လင်း၏စိုးရိမ်မှုကို သိသိသာသာပင် လျစ်လျူရှုထား၏။ ဆုဝန်သည် ရှန်လင်းအား သူယခင်က သေရည်ကိုချက်၍ မြှုပ်ထားခဲ့ခြင်းဖြစ်ပြီး နေ့လယ်ကမှ ပြန်တူးထုတ်ထားခြင်း ဖြစ်ကြောင်းပြောလာ၏။ 

ရှန်လင်းက ဤသေရည်မှာ ဝမ်မိသားစုနှင့် သက်ဆိုင်နေနိုင်သည်ဟု ထင်သွားနိုင်ကြောင်း ဆုဝန် တွေးမိ၏။ သို့ဖြစ်ရာ သေရည်ကို သူ ရွာလယ်ကွင်းများထဲမှ နုတ်လာသော ကောက်နှံပင်များဖြင့် ချက်ထားခြင်းဖြစ်ပြီး ဝမ်မိသားစုနှင့် မသက်ဆိုင်ကြောင်း ရှင်းပြလာ၏။ 

ရှန်လင်းက အခုမှ နည်းနည်း စိတ်သက်သာရာရသွားတော့သည်။

ယန်အိမ်မှညီအစ်ကိုများသည် အထဲတွင် ဆုဝန်ချက်ထားသော ငါးအစပ်ဟင်းကို စားနေကြ၏။ သူတို့ ယနေ့စားခဲ့သော ဆုဝန်၏အသားပြားကြော်မှလွဲ၍ သူတို့ အသားမစားရသည်မှ ကြာခဲ့ပြီဖြစ်ရာ လွန်စွာ စိတ်ချမ်းသာနေကြလေသည်။

သေရည်သုံးအိုးပါ ထည့်ပေါင်းထားသေးရာ ပို၍ပင် ပျော်ရွှင်သွားတော့၏။

ဆုဝန်သည် ရှန်ရှီး၊ရှန်ယာယာနှင့် ယန်အိမ်မှ လူကြီးနှစ်ယောက်အတွက် မစပ်သည့် ငါးတိုဟူးဟင်းတစ်အိုး ပြင်ဆင်ပေးထား၏။ ယန်ညီအစ်ကိုများနှင့် ရှန်လင်းတို့ စားသောက်ပြီးစီးချိန်တွင် ရှန်ယာယာသည်လည်း လူအိုကြီးယန်နှင့် အမျိုးသမီးယန်တို့ကို ငါးတို့ဟူးဟင်း သွားပို့ပေးပြီးလေပြီ။

သေချာပေါက်ကို ရှန်ယာယာသည် အဘိုးနှင့် အဘွား တွေ့သွားကာ ပြဿနာရှာမည်စိုး၍ လူအိုကြီးယန်နှင့် အမျိုးသမီးယန်တို့ဆီ တိတ်တဆိတ် သွားပို့ခဲ့လေသည်။

ဤစားစရာများသည် ကျိန်းသေပေါက် ဆုဝန်နှင့် သက်ဆိုင်ခြင်းဖြစ်ပြီး ဆုဝန်ဘာလုပ်လုပ် အဘိုးရှန်နှင့် အဘွားရှန်တွင် ဝင်စွက်ဖက်ခွင့် မရှိချေ။ သို့တိုင် ရှန်ယာယာမှာ သူ့အဘိုးအဘွားများနှင့် ပတ်သက်ပြီး စိုးရိမ်နေမိဆဲပင်။

တကယ်တမ်းတွင်တော့ အဘိုးရှန်သည် ရှန်လင်းက ယန်ညီအစ်ကိုများကို ထမင်းစားဖိတ်ကြောင်း ကြားထားပြီးသားပင်။ သို့ရာတွင် အဘိုးရှန်မှာ ဤစားစရာသည် ရှန်လင်းနှင့်မဆိုင်မှန်းသိလေ၏။ ယင်းကား ရှန်လင်းက စားနိုင်ပြီး သူသည်တော့ မစားနိုင်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်စေ၏။ အဘိုးရှန်၏နှလုံးသားထဲတွင် အသက်ရှူကြပ်သွားရ၏။ ယင်းကို နုတ်ယူ၍မရသလို မျိုချ၍လည်း မရချေ။

အဘွားရှန်သည် ရှန်လင်း ယူလာပေးသော အသားပြားကြော်ကို လက်မခံခဲ့သည့်အတွက် အဘိုးရှန်အား ဆက်၍ အပြစ်တင်ပြောဆိုနေခဲ့၏။ အပြစ်တင်ခံရသော အဘိုးရှန်မှာ စိတ်ဆိုးလာကာ အသီးအရွက်ရိုင်း ဆန်ပြုတ်ပန်းကန်ကို ‌ပစ်ချလိုက်၏။   

အဘွားရှန်၏ နှလုံးသားတို့မှာ ကွဲကြေသွားရ၏။ အဘွားရှန်သည် မနေ့က ရှန်လင်းတို့အိမ်မှ ပန်းကန်တစ်လုံး ယူလိုက်ခဲ့၍ တော်သေးသည်ဟု တွေးလေ၏။ မိသားစုတွင် ဘာမှ မဆုံးရှုံးသွားချေ။

ရှန်အိမ်၌ ယန်ညီအစ်ကိုများနှင့် ရှန်လင်းတို့သည် သောက်ပြီးနောက် ပျော်ရွှင်နေကြ၏။ သူတို့သည် စိတ်ကိုဖွင့်လှစ်ပြကာ စတင် စကားပြောဆိုတော့သည်။ ယန်အိမ်မှညီအစ်ကိုများသည် သူတို့၏မျက်လုံးထဲတွင် တစ်ချိန်လုံးပင် ရှန်လင်းက ထိုသို့မသိတတ်သူ မဟုတ်ဟု မြင်ကြောင်း အသိအမှတ်ပြုလေ၏။ ပြောရမည်ဆိုပါက သားကြီးရှန်သည် အမြဲ အဘိုးရှန်ကို အသုံးချကာ အမြတ်ထုတ်နေခြင်းကသာလျှင် မသိတတ်မလိမ္မာခြင်းပေတည်း။ 

ရှန်လင်းသည် တစ်ချိန်လုံး နှုတ်နည်းသူတစ်ဦးဖြစ်ခဲ့၏။ သို့ရာတွင် ယနေ့တွင်တော့ ယန်ညီအစ်ကိုများ၏ အကူအညီအတွက် ထပ်တလဲလဲ ကျေးဇူးတင်ခဲ့၏။ ယန်ညီအစ်ကိုများသည်လည်း ရှန်လင်း၏ ကျေးဇူးတင်စကားကို ကြားရသည်ကြောင့် ဝမ်းမြောက်ကြ၏။

ယန်ဝူသည် အနည်းငယ်မူးလာသော် ရှန်လင်း၏ ပခုံးကို ဖက်ကာ ရှန်လင်းအား ပြောလာ၏။

“ ရှန်လင်း၊ တကယ်တော့လေ ငါ ဒီရွာထဲက ဘယ်ယောက်ျားကမှ မင်းလောက်တော်တယ်လို့ မထင်ဘူး။ စာမေးပွဲအောင်ခဲ့တဲ့ ပညာရှိဝမ်လော့ရှန်းတောင်မှ မင်းလောက်မတော်ဘူး။ ဒါပေမဲ့ မင်းမှာ ပြဿနာတစ်ခု ရှိနေတယ်။ အဲဒါက မင်းခေါင်းက သေချာမတွေးနိုင်တာပဲ”

“ မင်းတွေးကြည့်နေစရာတောင် မလိုဘူး။ မင်းရဲ့အဘိုးအဘွားတွေက မင်းရဲ့အရေခွံကို ခွာပြီး သွေးကို သောက်နေရုံတင်ပဲ။ မင်းက သူတို့ကို အလိုလိုက်ပြီး ရင်ထဲကနေ လေးစားနေသေးတယ်”

“ ငါပြောရမယ်ဆိုရင် သူတို့ မင်းကို ဘယ်လိုပဲမသိတတ်မလိမ္မာဘူးလို့ စွပ်စွဲကြပါစေ၊ မင်း‌ နောက်ကို မသိတတ်မလိမ္မာသူဆိုတဲ့နာမည်ကို သည်းခံပြီး သူတို့ကို လျစ်လျူရှုထားလိုက်”

“ မင်းက ငွေကောင်းကောင်းရှာပြီး မင်းအမေရဲ့ ရောဂါကိုသာ ဂရုစိုက်ရင် ဘယ်သူက မင်းကို မသိတတ်မလိမ္မာဘူးလို့ပြောရဲမှာလဲ”

ရှန်လင်းကလည်း ယန်ဝူ၏စကားကို သေချာနားထောင်နေ၏။

ယန်ဝူက အများကြီး သောက်ထား၍ မရပ်နိုင်တော့ဘဲ ထပ်ပြောလာပြန်၏။ ” ငါကြည့်ရတာတော့ မင်းက သိပ်မဆိုးဘူးပဲ။ အခုကစပြီး မင်း ငါ့နောက်လိုက်ချည်။ ငါတို့ လယ်စိုက်တာထက် စီးပွားရေးလုပ်ပြီး ငွေရှာကြမယ်”

“ ငါပုံမှန်ဆို ငွေမရှိတဲ့ပုံ ပေါ်နေတာကို မကြည့်နဲ့။ အဲဒါက ငါ့ရဲ့လှည့်ကွက်။ လူတိုင်းက စီးပွားရေးလုပ်ပြီး ငွေရှာရတယ်ဆိုတာ သိသွားကြပြီး စီးပွားထွက်လုပ်ကြရင် ငါ ငွေရှာနိုင်ဦးပါ့မလား”

“ ငါ့ရဲ့ အဲဒီညီအစ်ကိုတွေကို မကြည့်နဲ့။ သူတို့က တုံးတယ်။ အကုန်လုံးက ငါဒီနေ့ ငွေရှာနိုင်ရင် မနက်ဖြန်ကျ ဆုံးသွားမှာပဲလို့ ထင်နေကြတာ။ ငါ့နောက်ကို မလိုက်ချင်ကြဘူးလေ”

“ ငါ‌တော့ မင်းကို မဆိုးဘူးလို့ထင်တယ်၊ ကောင်လေး။ မင်းက ဉာဏ်ကောင်းတဲ့သူပဲ။ ငါ့နောက်သာ လိုက်ခဲ့။ တို့ညီအစ်ကိုနှစ်ယောက် ငွေကောင်းကောင်းရှာပြီး မိန်းမကောင်းကောင်း ယူကြမယ်”

“လူတိုင်းက တို့တွေကို ဆင်းရဲလွန်းလို့ မိန်းမမယူနိုင်ဘူးလို့ ထင်နေကြတာ။ သူတို့ကိုပြဖို့ ရွာထဲက အကောင်းဆုံးမိန်းမနဲ့ လက်ထပ်ချင်တယ်”

ဆုဝန်က ဝင်လာပြီး ပြန်ထွက်သွားခဲ့ရာ ယန်ဝူ၏စကားများကို ကျိန်းသေပေါက် ကြားသည်ပင်။ မူလက ဆုဝန်သည် ယန်အိမ်မှ သူများဖြင့် မိတ်ဆွေဖွဲ့၍ ရနိုင်မည်ဟု ထင်မြင်မိသောကြောင့် မိသားစုကို ထမင်းစားရန် ဖိတ်ခဲ့ခြင်းပင်။ ယင်းကား မိတ်ဆွေဖွဲ့သည့် နည်းလမ်းတစ်သွယ်ပင်။

ရှေးခေတ်ကာလတွင် မချမ်းသာသည့် မိသားစုများက အနိုင်ကျင့်ခံရမည်မှာ မလွဲဧကန်ပင်။ ဦးလေးရှန်တို့မိသားစုမှာ ရှန်လင်းကို ကူညီရန် မဆိုထားနှင့်၊ အနိုင်မကျင့်လျှင်ပင် လူကောင်းဟု သတ်မှတ်၍ရနေပြီဖြစ်၏။ 

ညီအစ်ကို၊ မိတ်ဆွေများရှိခြင်းသည် အကူအညီမဖြစ်နိုင်သည့်တိုင် ပြဿနာနည်းစေ၏။

ယခု ယန်ဝူက ရှန်လင်းအား သူနှင့်အတူ စီးပွားရေးလုပ်ရန် ဖိတ်ခေါ်ခဲ့ရာ ထပ်ဆောင်း ကောင်းမွန်သည့်ကိစ္စဟု ပြောရချေမည်။

ယန်ဝူ၏စကားများကို နားထောင်ပြီးနောက် ရှန်လင်းသည် အဘိုးရှန်နှင့် အဘွားရှန်ကိစ္စနှင့် ပတ်သက်၍ မှတ်ချက်မပြုခဲ့သော်လည်း စီးပွားရေးအသေးစားလုပ်မည်အကြောင်းကိုတော့ စိတ်ဝင်စားလေ၏။ 

ရှန်လင်းက ဆောင်းဦးကောက်ရိတ်သိမ်းချိန်ပြီးသည်အထိ စောင့်ပြီးလျှင် သူ ယန်ဝူနှင့်အတူ တစ်ချက် သွားကြည့်မည်ဖြစ်ကြောင်း ပြောလာ၏။ 

လယ်စိုက်ရာမှ မဖြစ်စလောက်ဝင်ငွေကိုသာ မှီခိုနေပါက အမေ့ကို ကောင်းကောင်းထားနိုင်မည် မဟုတ်ချေ။

သို့ရာတွင် ယန်ဝူက သူ ဆောင်းဦးကောက်ရိတ်သိမ်းချိန်မတိုင်မီ ရှန်လင်းကို ခေါ်သွားချင်ကြောင်း ပြောလာ၏။ သို့ဖြစ်ရာ ယန်ဝူသည် ဒီယီးဒယိုင်ထရပ်ကာ ရှန်လင်းက ကြင်နာတတ်သည်ဖြစ်ရာ ယခုစပြီး ယန်ဝူ၏ညီအစ်ကိုဖြစ်သွားပြီဖြစ်ကြောင်း၊ သူသည်လည်း ယန်အိမ်မှ ညီအစ်ကိုတစ်ဦးဖြစ်ရာ အစ်ကိုကြီးများက ညီလေးကို ကူညီပေးရမည်ဖြစ်ကြောင်း ပြောလာ၏။

တကယ်တမ်း‌တော့ ယန်အိမ်မှညီအစ်ကိုများသည် ယန်ဝူအား လက်တွေ့မကျဟု ဆိုကြသည့်တိုင် ယန်ဝူ၏စကားသည် ညီအစ်ကိုများအကြား အရေးပါအရာရောက်၏။ ယန်ဝူသည် ငွေရှာနိုင်ကာ ညီအစ်ကိုများကိုလည်း အများကြီးကူညီ၏။ ယန်အိမ်မှညီအစ်ကိုများသည် ယန်ဝူ၏စကားအား များစွာ အလေးထားကြသည်။

ထို့အပြင် ယန်အိမ်မှညီအစ်ကိုများသည် ရှန်လင်းကို ကောင်းမွန်သည်ဟု အမြဲတစေ တွေးထင်ခဲ့ကြ၏။ ယနေ့ သူတို့အလုပ်အတူလုပ်ပြီး အတူစားခဲ့ကြရာ ဆက်ဆံရေးမှာ ပို၍ ရင်းနှီးသွားချေပြီ။ 

ယန်ဝူက ရှန်လင်းအား ညီအစ်ကိုအဖြစ် သဘောထားချင်သည်ဖြစ်ရာ ယန်အိမ်မှ ညီအစ်ကိုများသည်လည်း ရှန်လင်းအား နောက်ကို ညီအစ်ကိုများ ဖြစ်ကြသွားပြီဟု ပြောကြမည်ပင်။ မည်သူမျှ ရှန်လင်းအား အနိုင်ကျင့်စေရ။ အထူးသဖြင့် ရှန်လင်းရှေ့တွင် ထေ့ငေါ့သည့်စကားများ ပြောတတ်သော ရှန်စန်းပင်။ နောက်ကို လုံးဝထပ်မပြောစေရပေ။

သူတို့သေရည်သောက်ပြီး ပိုစိတ်တက်ကြွလာကြသည့်အခါ ယန်ဝူက ညတွင်းချင်း ရှန်အိမ်လယ်ကွင်းသို့ အလုပ်သွားကူလုပ်ရန် ညီအစ်ကိုများအား ခေါ်တော့သည်။ 

ညီအစ်ကိုများသည် စားပြီးနောက် စိတ်ချမ်းသာနေကြ၏။ ထို့အပြင် ရှန်လင်းကို ကူညီရခြင်းက သူတို့ကို ပို၍ပျော်စေ၏။ 

ညီအစ်ကိုများက လက်မောင်းများကို လွှဲယမ်းကာ တစ်ယောက်ပြီးတစ်‌ယောက် လှုပ်ရှားလာတော့သည်။

ယန်ဝူက ဆို၏။

“ ဒီနေ့က ၁၆ရက်နေ့ပဲ။ လအရမ်းသာတယ်။ ငါတို့အတွက် မီးအိမ်ထွန်းပေးထားသလိုပဲ။ ရာသီဥတုက မျက်နှာသာပေးတယ်။ လူလည်း ညီတယ်ဆိုတော့ သွားလုပ်လိုက်ကြရအောင်”

ပြောပြီးနောက် သူ၏ခြင်းတောင်းကို ကောက်ယူ၍ တံခါးမှ ထွက်သွားတော့၏။

ရှန်လင်းသည်လည်း သူ့နောက်က လိုက်ထွက်ခဲ့၏။ သူသည် တခြားသူများကို ဒုက္ခမပေးလိုသော သူ၏ပုံမှန်အတွေးအခေါ်ကို သိမ်းထားလိုက်၏။ ယန်မိသားစု၏ကျေးဇူးကိုပြန်ဆပ်နိုင်ရန် သူအလုပ်ကြိုးစားရချေမည်။ သေချာပေါက် ဆုဝန်ပါ ပါသည်ပင်။

ဆုဝန်သည် သူ့ထင်မြင်ချက်ကိုအရေးမစိုက်ဘဲ ကိစ္စများစွာကို လုပ်ခဲ့သည့်တိုင် ဆုဝန်မှာ သူကောင်းဖို့ရန်လုပ်ခြင်းဖြစ်ကြောင်း ရှန်လင်းမြင်နိုင်၏။ သူ့အပေါ် ကြင်နာသည့်သူများကို သူအသိဆုံးပင်။

လူများ တံခါးမှထွက်လာသည်နှင့် ဆုဝန်က လှမ်းခေါ်လာ၏။ သူသည် အပြင်ထွက်ကြမည့်သူများအား ပြောခဲ့၏။

“ ယန်အိမ်က အစ်ကိုကြီးတို့၊ အစ်ကိုကြီးရှန်လင်း၊ ရှင်တို့ လယ်ကွင်းမှာ အလုပ်သွားလုပ်ရမှ ဖြစ်မယ်ဆိုရင် ခြင်းတောင်းတွေ ချထားခဲ့လိုက်ပါ။ ပြောင်းပဲရိတ်ပြီး လယ်ကွင်းမှာသာ ထားခဲ့လိုက်ပါ။ အခါခါအလီလီ သယ်နေကြပါနဲ့။ ပြောင်းသယ်တာက အားတွေအများကြီးကုန်စေတယ်။ ရှင်တို့ မနက်ဖြန်ကျ အလုပ်မလုပ်နိုင်တော့ဘဲနေလိမ့်မယ်”

ရှန်လင်းသည်လည်း ကျိန်းသေပေါက်ပင် ယန်အိမ်မှ ညီအစ်ကိုများအား ပင်ပန်းစွာ အလုပ်မလုပ်စေလိုပေ။ သို့ဖြစ်ရာ ပြောင်းရိတ်ခြင်းကပင် သူ့ကိုများစွာ အကူအညီဖြစ်စေကာ သယ်ပေးရန်မလိုကြောင်း ပြောလာ၏။  

ယန်အိမ်မှညီအစ်ကိုများသည် ခြင်းတောင်းများကို မရမကသယ်ကြ၏။ သို့ရာတွင် ရှန်လင်းနှင့်ဆုဝန်က ကိုယ်ပေါ်မှ အတင်းပြန်ဆွဲယူကြလေသည်။

မည်သို့ပင်ဆိုစေကာမူ ပြောင်းသယ်ခြင်းက အချိန်ကုန်ကာ လုပ်အားစိုက်ရ၏။ ပြောင်းရိတ်ခြင်းသည်တော့ ရိုးရှင်းလွယ်ကူကာ ဆော့ကစားရသည့်အတိုင်းပင်။

ညနက်နက်တွင် ရှန်လင်းနှင့်ယန်အိမ်မှညီအစ်ကိုများသည် ရှန်လင်းတို့လယ်ကွင်းဆီ သွားခဲ့လေ၏။ သူတို့သည် ကြိုးစားလုပ်ကာ ရှန်လင်းတို့မိသားစု ပြောင်းဧကအတော်များများကို ရိတ်သိမ်းခဲ့လေ၏။

ဆောင်းဦးညမှာ အေးစိမ့်နေသည့်တိုင် လူခုနစ်ဦးသည်တော့ ချွေးတလုံးလုံးဖြင့်။

သေချာပေါက်ပင် လူများလျှင် အင်အားများသည်ဖြစ်ရာ ပုံမှန်ဆို ရက်ပေါင်းများစွာ အချိန်ယူရမည့်ပြောင်းခင်းမှာ ခြောက်နာရီတည်းနှင့် အကုန်ရိတ်ပြီးသွားတော့သည်။

ထို့အပြင် သယ်ဖို့လည်း အရေးစိုက်စရာမလိုရာ ပြောင်းများကို ပို၍ပင် မြန်မြန်ရိတ်ပြီးလေ၏။

ဆုဝန်သည် ချင်းလက်ဖက်ရည်နှင့် ဆန်ပြုတ်နွေးနွေးတစ်ခွက်ယူလာကာ ပြောင်းရိတ်သူများအား ပေးလေ၏။ သူတို့သည် ခဏမျှအနားယူပြီးနောက် စပါးကျီသို့ ပြောင်းသယ်ဖို့ ကူညီရန် လုပ်တော့၏။

ဆုဝန်နှင့်ရှန်လင်းမှာ ပြောင်းရိတ်ပေးခြင်းကပင် အကူအညီအကြီးကြီး ဖြစ်နေပြီဖြစ်ကြောင်း၊ ပြောင်း ထပ်သယ်ဦးမည်ဆိုပါက မနက်ဖြန် သူတို့၏ ကိုယ်ပိုင်အလုပ်ကို ထိခိုက်လိမ့်မည်ဖြစ်ကြောင်း ပြောရပြန်၏။

ဆုဝန်နှင့်ရှန်လင်းက အတင်းအကြပ် ငြင်းလေရာ ယန်အိမ်မှညီအစ်ကိုများက အတင်းအကြပ် မပြောတော့ဘဲ အိမ်ပြန်အိပ်ကြတော့၏။ ပြောဖို့ရန်ထူးဆန်းနေသည်မှာ ပုံမှန်ဆိုလျှင် အလုပ်လုပ်ပြီးနောက် သူတို့ ပင်ပန်းနွမ်းနယ်သွားကြ၏။ ယနေ့မူ သူတို့အလုပ်ပြီးစီးခဲ့သော်လည်း ပင်ပန်းသည်ဟု မခံစားရခြင်းပင်။ ထို့အပြင် ပုံမှန်အားဖြင့် ကောက်စိုက်ရသည်မှာ ပျင်းစရာကောင်းလှ၏။ ယနေ့တွင်မူ ကောင်တီမြို့ထဲတွင် ဇာတ်နားဆင်ရသည်ထက်ပင် ပိုပျော်စရာကောင်းနေသေး၏။

တက်ကြွသည်ဟု ခံစားရသည့်တိုင် အိမ်ပြန်ရောက်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေ၏။ နောက်တစ်နေ့မနက် နိုးလာသည့်အခါ မနေ့ညက ညနက်သည်အထိ အလုပ်များနေခဲ့၍ မထနိုင်ခြင်းမျိုး မဖြစ်ပေ။ ခါတိုင်းထက်ပင် တကကြွနေသေး၏။ ယနေ့ အလုပ်အပေါ် လုံးဝ သက်ရောက်မှုမရှိချေ။

ယန်အိမ်မှ ညီအစ်ကိုများက ဤအရာအားလုံးသည် မနေ့က သေရည်နှင့် အသားကြောင့်ဖြစ်မည်ဟု မှတ်ယူလိုက်ကြ၏။

မနက်အစောပိုင်း၌ လူအိုကြီးယန်နှင့် အမျိုးသမီးယန်တို့က မနေ့က ရှန်ယာယာလေးသည် ငါးဟင်း လာပို့ပေးခဲ့ကြောင်းပြောလေ၏။ ယန်အိမ်မှာညီအစ်ကိုများသည် ရှန်လင်းအား ကူညီမိသည်မှာ မမှားယွင်းဟု ခံစားလိုက်ရ၏။

ရှန်လင်း မနက်အစောထချိန်တွင် ပင်ပန်းသည်ဟု လုံးဝမခံစားရချေ။ တကယ်တမ်းတွင်တော့ သူ တစ်ညလုံး အိပ်မပျော်ခဲ့ပေ။

သူ ညီအစ်ကိုတစ်ယောက်က ဘာလုပ်သင့်ကြောင်း ခံစားမိ၏။ သူတစ်ညလုံး “သိတတ်လိမ္မာမှုကို အောက်ခြေတွင် ထားရှိပြီး မေတ္တာတရားကို ရှေ့တန်းတင်ပါ”ဟူသော စကား၏အဓိပ္ပာယ်ကို စဥ်းစားနေခဲ့၏။

ယန်ညီအစ်ကိုများ ရိတ်သိမ်းခဲ့သော ပြောင်းများမှာ လယ်ကွင်းထဲတွင် ပုံလျက်သားရှိနေ၏။ ရှန်လင်းသည် ခြင်းတောင်းဖြင့် တစ်ခေါက်ပြီးတစ်ခေါက် စပါးကျီဆီသို့ သယ်လေ၏။

ရွာသားတချို့က ရှန်လင်းတို့မိသားစုမှ ပြောင်းအားလုံး ရိတ်သိမ်းပြီးသည်ကိုမြင်သော် အံ့ဩသွားလေ၏။ လယ်ကွင်းထဲ၌ ရှန်လင်းက ပြောင်းများသယ်နေသည်ကိုမြင်သော် ဘယ်လိုဖြစ်သလဲဟု မေးမြန်းကြတော့သည်။ ထိုအခါမှသာ ယန်ညီအစ်ကိုများက ကူညီပေးသွားခြင်း ဖြစ်ကြောင်း သိရတော့သည်။ ရှန်လင်းက ပြောင်းအားလုံး ရိတ်ပြီးသွားလေပြီ။

အစတုန်းက ရှန်လင်းသည် ဤရွာထဲတွင် အမြဲတစေ နောက်ဆုံးမှ အလုပ်ပြီးသူဖြစ်၏။ ယခုအချိန်တွင်မူ သူက ပြီးတော့မည်ဖြစ်ရာ လူတော်‌တော်များများက အနည်းငယ် မပျော်မရွှင် ဖြစ်သွားတော့သည်။

ရှန်စန်းက ဆုဝန်မှာ ပို၍လှပလာကြောင်း ရှန်လင်း သိထားသည့်အတွက် မနာလိုဖြစ်ကာ ရှန်လင်း မပျော်မရွှင်ဖြစ်အောင် တမင်သက်သက်ပြောခဲ့၏။

“ မင်း ပြောကြည့်ပါဦး။ မင်း အဲဒီဆုဝန်ကို ပြန်ခေါ်လာတာ ဘာမှအသုံးမဝင်ဘူးဟုတ်။ ငွေအသုံးအဖြုန်းကြီးတာကို မပြောနဲ့ဦး။ ပြောင်းသယ်တဲ့နေရာမှာတောင် အကူအညီ မပေးနိုင်ဘူး။ တကယ်ကြီး ဘာမှသုံးမရတဲ့သူကို ခေါ်ထားလိုက်မိတာပဲ”

“ ငါ အစကတော့ မင်းမိန်းမတစ်ယောက် ရနိုင်တာပေါ့လေလို့ ပြောခဲ့တယ်။ ဒါပေမဲ့ အခု ကြည့်ရတာတော့ ဆုဝန်သာ မင်းမိန်းမ ဖြစ်လာရင် မင်းတို့မိသားစု ကောင်တီမြို့မှာ သွားတောင်းစားရမှာပဲ”

ရှန်လင်းသည် ရှန်စန်းအား ခက်ထန်စွာ တစ်ချက်ကြည့်လိုက်၏။

တစ်ချိန်တည်းမှာပဲ လယ်ကွင်းထဲမှ ယန်တာ့၊ ယန်စန်းနှင့် ယန်ဝူတို့ ယန်ညီအစ်ကိုသုံးဦး ‌ရောက်လာကာ ရှန်လင်းရှေ့တွင် ရပ်နေကြ၏။ ကြည့်ရသည်မှာ ရှန်လင်းကိုကူ၍ ရှန်စန်းအား ကိုင်တွယ်ပေးမည့်ပုံ ပေါ်၏။

ရှန်လင်းက လက်သီးကျစ်ကျစ်ဆုပ်ထားပြီး ယန်အိမ်မှညီအစ်ကိုများကလည်း သူ့ကို စိုက်ကြည့်နေကြ၏။

ရှန်စန်း၏ခြေထောက်တို့မှာ အနည်းငယ် တုန်ရီလာရ၏။

“ယန်အိမ်က အစ်ကိုတို့၊ အစ်ကိုကြီးရှန်” ထိုအခိုက် ဆုဝန်၏အသံထွက်ပေါ်လာခဲ့၏။

လူတော်တော်များများက လှည့်ကြည့်လိုက်ကြ၏။

လယ်ကွင်းဝင်ပေါက်မှ ဆုဝန်သည် နွားလှည်းတစ်စီးကို မောင်း၍ ဤနေရာသို့ အေးအေးလူလူ လာနေခဲ့၏။

ဆုဝန်သည် မနက်စာစားပြီးနောက် အနီးအနားရှိ ရွာတစ်ရွာသို့ သွား၍ ကြေးပြားဆယ့်ပြားသုံးကာ နွားတစ်ကောင်နှင့် နွားလှည်းတစ်စီးကို မိသားစုမှ ငှားလာခဲ့လေသည်။

ရွာတွင် နွားများက တန်ဖိုးကြီးလှသောအရာများပင် ဖြစ်၏။  လယ်ဧကသုံးဆယ်မှာ နွားတစ်ကောင် ရှိမယ်။ အုတ်ခုတင်ပေါ်မှာ ဇနီးနဲ့သားသမီးတွေရှိမယ်ဆိုရင် ကောင်တီလူများ၏ နတ်ဘုံလောကပင်” ဟူသည့် ရှေးဆိုရိုးတစ်ခွန်းအတိုင်းပင်။

နတ်ဘုံလောကဟုဆိုရခြင်းမှာ လူအများစုသည် အနှီလိုအပ်ချက်ကို မပြည့်မီကြောင်း ပြသလျက်ရှိ၏။ လယ်ဧကသုံးဆယ်ပိုင်သည့် မိသားစုမှာ အနည်းအကျဥ်းသာရှိပြီး နွားရှိသည့်မိသားစုမှာတော့ ပို၍ပင် နည်းပါးသေးသည်။

ရွာတစ်ရွာတွင် အိမ်ထောင်စုတစ်စု၊ နှစ်စုလောက်သာ နွားရှိကြပြီး တချို့သောရွာများတွင် နွားရှိသည့် အိမ်ထောင်စု လုံးဝပင် မရှိချေ။

ချင်းရှီရွာတွင် နွားရှိသောမိသားစုတစ်စုရှိပြီး မျိုးရိုးနာမည်မှာ ချန်ဖြစ်၏။ သို့ရာတွင် အဆိုပါမိသားစုမှာ လွန်စွာ မာနကြီးကြပြီး မူလပိုင်ရှင်နှင့် ရှန်လင်းအား လုံးဝ မျက်လုံးထဲ ထည့်မထားချေ။ ဆုဝန်က ချန်မျိုးနွယ်ကို ပိုက်ဆံရှာခွင့် မပေးလို၍ တခြားရွာမှ သွားငှားခဲ့၏။

ရွာသားများအားလုံးသည် ဆုဝန်အား မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြ၏။

ယန်ဝူက ဆုဝန်အားမေးလာ၏။ ” ညီမလေးဆုဝန်၊ ချန်မိသားစုဆီကနေ နွားလှည်းငှားလာခဲ့တာလား”

ရွာနီးချင်းမှ ငှားလာခဲ့ကြောင်း ဆုဝန်က အဝေးမှ ပြန်ဖြေလာ၏။

လယ်ကွင်းရှိရွာသားအားလုံးမှာ ကြက်သေသေသွားတော့သည်။ ဆုဝန်သည် ကောင်တီမြို့တွင် ငွေတချို့ ရှာလာပြီးနောက် နွားလှည်းငှားသည်အထိ လက်ဖွာနေချေပြီ။

လယ်သမားများသည် နွားလှည်းက အားစိုက်ရသက်သာစေကြောင်းမသိ၊ ငွေကုန်ကြေးကျ များကြောင်းသာ သိကြလေ၏။ ကိုယ့်ဘာသာသယ်လိုက်ခြင်းက အားစိုက်ထုတ်ရသော်လည်း ငွေမကုန်ပေ။

အနှီဆုဝန်မှာ ဘဝနေထိုင်နည်းကို သိသည့် မိန်းကလေးမျိုးမဟုတ်ပေ။

မနေ့ညက ပြန်ရောက်ပြီးနောက် လူတိုင်းက ဆုဝန်အကြောင်းပြောကြလေ၏။ ဆုဝန်က စုတ်စုတ်ပြတ်ပြတ် ဝတ်စားလေ့ရှိခဲ့သော်လည်း ယခုမူ ပို၍ လှလာလေရာ အားလုံး၏အမြင်ကို ပြောင်းသွားစေ၏။

ပုံမှန်အားဖြင့် အမြဲအထင်သေးခံရသူသူသည် ရုတ်တရက် ပုံစံပြောင်းသွားကာ လက်လှမ်းမမီနိုင် ဖြစ်သွားရ၏။ သို့ဖြစ်ရာ လူများအား စိတ်မသက်မသာဖြစ်စေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ မိသားစုတိုင်းမှ အမျိုးသမီးများသည် ဆုဝန်၏ချို့ယွင်းချက်ကို ရှာတွေ့သွားချေပြီ။ 

‘အဲဒီဆုဝန်က ပြောရမယ်ဆိုရင် အပြင်ပန်းပဲလှတာ။ အိမ်ထောင်ရှင်မတစ်ယောက် မဖြစ်နိုင်ဘူး။ သူ ဟင်းမချက်တတ်လို့တော့မဟုတ်ဘူး။ သူ မနေ့ကတောင် အသားပြားတွေ ကြော်ခဲ့သေးတာ။ အဲဒီအသားပြားကြော်တာက ဘာဟင်းချက်စွမ်းရည်မှ မလိုဘူးလေ။ ဆီထဲထည့်ပြီး ကြော်ရုံပဲ။ အရူးတောင် လုပ်တတ်တယ်။ အဲဒီအသားပြားကြော်တွေကလည်း ဖြုန်းတီးမှုပဲ။’

‘မနေ့ကပဲ ပိုက်ဆံဖြုန်းပြီးသွားတာကို ဒီနေ့လည်း ထပ်ပြီးဖြုန်းတီးပြန်ပြီ။ တကယ်ကြီး နွားလှည်း ငှားချလာတယ်’

ဆုဝန်က ရှန်လင်းဆီသို့ နွားလှည်းကို မောင်းလာရင်းဆို၏။

“ အစ်ကိုကြီးရှန်၊ ပြောင်းသယ်ဖို့ ခြင်းတောင်းမသုံးနဲ့။ နွားလှည်းကိုသုံး....”

လူတစ်ယောက် ဆယ်ခေါက်သယ်ရန်လိုသည့်ပြောင်းကို နွားလှည်းက တစ်ခေါက်တည်းနှင့် သယ်နိုင်လေသည်။