အခန်း (၄၃) မိုက်မဲခြင်း။
ရှန်လင်းနှင့် သမားတော်ကျန်းမှာ ကြေးပြား၉၀ဖြစ်ပြီး ကိုးရာမဟုတ်၊ ငွေတုံး၉တုံးမဟုတ်ကြောင်း နောက်တစ်ခါ ထပ်အတည်ပြုလိုက်ရ၏။
ကျန်းဝမ့်လီက လေးနက်သည့်မျက်နှာထားဖြင့်ဆိုလာ၏။
“ ဒီရောဂါက ပြင်းထန်တာမျိုး မဟုတ်ဘူး။ မင်း ဒီလောက် ငွေအများကြီးသုံးဖို့မလိုဘူး။ ငါ မင်းတို့ကို ကြည့်ပေးပြီးသွားပြီ။ ကြည့်ပြီးပြီဆိုမှတော့ မင်း တို့မြန်မြန် သွားကြတော့လေ။ နောက်မှာ စောင့်နေတဲ့လူနာတွေရှိသေးတယ်”
သမားတော်ကျန်း၏ အပြုအမူများမှာ အမှန်ပင်အေးစက်လှ၏။ သူ တကယ်ကြီး ကြေးပြားကိုးဆယ်ပဲ ယူခြင်းကြောင့်သာ မဟုတ်ပါက လူနာကို မှားယွင်းကုသပြီးနောက် ခေါင်းရှောင်ချင်သည်ဟု လူအများက တွေးထင်ကြမည်ပင်။
ရှန်လင်းသည် သမားတော်ကျန်းအား ကျေးဇူးတင်လိုက်ကာ ရှန်ရှီးကို ကူတွဲထားသော ဆုဝန်နှင့်အတူ ရှန်ယာယာ့ကိုပါ ခေါ်လျက် ဆေးခန်းမှ ထွက်လာခဲ့၏။ တန်းစီ စောင့်ဆိုင်းနေကြသောလူနာများသည် တစ်စုံတစ်ယောက် ထွက်လာသည်အား မြင်သော် အရုဏ်ကျင်းသည်ကို မြင်လိုက်ရသည့်အလား။
တည်းခိုခန်းသို့ ပြန်ရောက်ပြီးနောက် ရှန်လင်းသည် တည်းခိုခန်းမှ မီးဖိုချောင်ကို သုံးနိုင်ရန် ကြေးပြား၂၀ပေးလိုက်ပြီး သမားတော်ကျန်း၏ အညွှန်းအတိုင်း ဆေးဝင်ကျိုလေ၏။ ထိုကာလအတွင်း၌ ဆုဝန်သည်လည်း မီးဖိုချောင်ထဲဝယ် ပုလဲနို့လက်ဖက်ရည်နှင့် မုန့်လေးများပြုလုပ်ခဲ့၏။ ယင်းတို့မှာ စားသောက်ဆိုင်နှစ်ဆိုင်ဆီ ယူသွားပြီး ကြီးကြပ်ရေးမှူးများကို ပေးကာ မြည်းစမ်းစေရန်ပင်ဖြစ်၏။
ဆုဝန်၏ လက်ဖက်ရည်နှင့်မုန့်တို့ အဆင်သင့် ဖြစ်လေပြီ။ ရှန်လင်းသည်လည်း ရှန်ရှီးအတွက် ဆေးကျိုပြီးပြီ ဖြစ်၏။ ရှန်ရှီးအား ဆေးတိုက်ပြီးနောက် ရှန်လင်းသည် ရှန်ယာယာ့အား ရှန်ရှီးကို အဖော်ပြုခိုင်းထားခဲ့၏။ သူနှင့် ဆုဝန်သည်တော့ စားသောက်ဆိုင်နှစ်ဆိုင်သို့သွားကာ မုန့်လုပ်နည်း ရောင်းလေသည်။ ရှန်ယာယာလေးမှာ စဥ်းစားဆင်ခြင်တတ်လှ၏။ ချင်းကျိုးကောင်တီသို့ ရောက်လာခဲ့သည့်တိုင် သူသည် ချင်းကျိုးကောင်တီ၏ ဝပြောမှုများကို မြင်းလှည်းအတွင်းမှသာ မြင်ခဲ့ရ၏။ ထို့ကြောင့် သိလိုစိတ်အပြည့် ဖြစ်နေရှာ၏။ သို့ပေသိ ရှန်လင်းနှင့်ဆုဝန်သည် အလုပ်ကိစ္စနှင့် အပြင်ထွက်သွားမှန်းသိရာ လိမ်လိမ်မာမာဖြင့် ရှန်ရှီးကို အဖော်လုပ်ပေးပြီး နေရစ်ခဲ့၏။
ရှန်လင်းနှင့် ဆုဝန်သည် ချင်းကျိုးကောင်တီရှိ အကြီးဆုံးစားသောက်ဆိုင်ဖြစ်သော တုန်းဖုန်းစံအိမ်တော်သို့ အရင်လာခဲ့၏။ ဒုတိယလိုက်သည်မှာတော့ ရှန်းခယ့်လိုင်ဖြစ်၏။
ဆုဝန်နှင့် ရှန်လင်းတို့ တုန်းဖုန်းစံအိမ်တော်သို့ ရောက်ပြီးနောက် ရှန်လင်းသည် ဆိုင်ကြီးကြပ်ရေးမှူးကို တွေ့ခွင့်တောင်းခဲ့၏။ သို့ရာတွင် စားပွဲထိုးလေးသည် ရှန်လင်းအား ခေါင်းစ ခြေဖျားဆုံးကြည့်ပြီးနောက် မောက်မာစွာ ပြောလာတော့သည်။
“ မင်းက ဘယ်သူလဲ။ ငါတို့ကြီးကြပ်ရေးမှူးကို တွေ့ချင်တယ်ပေါ့လေ။ သွား၊ သွား။ ငါတို့မှာ အလုပ်တွေရှိတယ်၊ မအားဘူး”
ရှန်လင်းတစ်ချက်ကြည့်လိုက်သည်နှင့် တုန်းဖုန်းစံအိမ်တော်သို့ လာကြသည့် ဧည့်သည်များသည် ရာထူးမြင့်အမှုထမ်းနှင့် ဂုဏ်အသေရေရှိပုဂ္ဂိုလ်များဖြစ်ကြောင်း သတိပြုမိသွားတော့၏။ သူနှင့် ဆုဝန်မှာ သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြရာ ဤသို့ လာရောက်သောဧည့်သည်များနှင့် ခြားနားနေ၏။ တစ်ချက်ကြည့်ရုံဖြင့် ချမ်းသာပုံမပေါက်မှန်းသိသာ၍ စားပွဲထိုးက သူတို့ကို အရေးမစိုက်ခြင်းပင်။
ရှန်လင်းက ရုတ်ခြည်း ဒေါသမထွက်သွားပေ။ တည်ငြိမ်စွာပင် စားပွဲထိုးလေးအား သူ့တွင် ကျိန်းသေရောင်းကောင်းကာ တုန်းဖုန်းစံအိမ်တော်၏ စီးပွားရေးကိုကူညီပေးနိုင်မည့် မုန့်လုပ်နည်းနှစ်ခု ရှိကြောင်း ပြောလိုက်၏။
စားပွဲထိုးက လက်ခါပြကာ ဆို၏။
“ သွားစမ်းပါ။ မင်းဆီမှာ ဘာမုန့်လုပ်နည်းကောင်းရှိနိုင်မှာမို့လို့လဲ။ ငါတို့တုန်းဖုန်းစံအိမ်တော်မှာ သုံးတဲ့ ချက်ပြုတ်နည်းတွေက နန်းတော်ထဲကနေလာတာ။ သုံးတဲ့စားတော်ကဲတွေကို မြို့တော်ကနေ ခေါ်ငှားထားတာ။ မင်းတို့ဟာကို သုံးဖို့ ဘယ်မှာလိုမှာလဲ”
စားပွဲထိုး၏ အပြုအမူများမှာ အစကတည်းက ဆိုးရွားနေသည့်တိုင် စားပွဲထိုးလေးကို ကောင်းကောင်းမွန်မွန် ပြောဆိုနေသည့် ရှန်လင်း၏ရည်ရွယ်ချက်အား ဆုဝန် နားလည်၏။ တုန်းဖုန်းစံအိမ်တော်ကို မုန့်လုပ်နည်း မရောင်းခဲ့လျှင်တောင်မှ တုန်းဖုန်းအိမ်တော်နှင့် စျေးညှိသွားရမည် ဖြစ်၏။ စာအုပ်ထဲမှ ရှန်လင်းက သူစီးပွားရေးစလုပ်ချိန်က အထင်သေးသည့် အကြည့်များစွာကို လက်ခံခဲ့ရသော်လည်း ချင်းကျိုးကောင်တီတွင် အချမ်းသာဆုံးသူဌေးကြီးဖြစ်လာသည်အထိ မဆုတ်မနစ် ကြိုးပမ်းခဲ့ကြောင်း မူလပိုင်ရှင်ကို ပြောခဲ့၏။ မည်သူမျှ သူ့ကို အထင်မသေးရဲတော့ပေ။
အရှက်ကွဲမှုများကိုသည်းခံမှသာလျှင် မိမိ အလိုရှိသည့်အရာများကို ရရှိအောင်မြင်နိုင်မည်ဖြစ်၏။
ဆုဝန်ထွက်လာကာ စားပွဲထိုးနှင့် စကားနည်းနည်း ပြောလိုက်၏။ စားပွဲထိုးလေးသည် ဆုဝန်မှာ အမှန်ပင် လှပကြောင်းကို မြင်သော် မျက်နှာပေါ်မှ မောက်မာမှုများ ပျောက်ပြယ်သွားပြီး ကြီးကြပ်ရေးမှူးကို ခေါ်ပေးရန် သဘောတူလိုက်၏။
တုန်းဖုန်းစံအိမ်တော် ကြီးကြပ်ရေးမှူးထွက်လာသော် စားပွဲထိုးလေးမှ ‘ဒါက ကြီးကြပ်ရေးမှူးဝမ်’ပါဟု ပြောလာ၏။
ကြီးကြပ်ရေးမှူးဝမ်သည် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ဖြစ်ပြီး ပိန်ပါးလှ၏။ ဆုဝန်သည် သူလုပ်ထားသော နို့လက်ဖက်ရည်ကို ထုတ်ကာ ပုလဲလုံးများ ထဲထည့်လိုက်၏။
နို့လက်ဖက်ရည်ကို ခွက်တစ်ခွက်အတွင်း လောင်းထည့်၏။ ဆုဝန်သည် ပြောင်းဖူးရိုးကိုပင် ပိုက်အဖြစ် အသုံးပြုလိုက်သေး၏။ ပြီးနောက် ကြီးကြပ်ရေးမှူးဝမ်အား ပေးလိုက်၏။
ပိုက်ကို ဆုဝန်က သန့်ရှင်းထား၏။ ဆုဝန်သည် ကြီးကြပ်ရေးမှူးဝမ်အား ပိုက်သုံးနည်း ရှင်းပြမည့်ဆဲဆဲမှာပင် ကြီးကြပ်ရေးမှူးဝမ်က လက်ခါပြကာ ခွက်ကို အားနှင့်မာန်နှင့် ကောက်ကိုင်လာ၏။
ခွက်ကို တစ်ငုံမျှသောက်ပြီးနောက် ကြီးကြပ်ရေးမှူးဝမ်က ခွက်ချကာ ဆို၏။
“ ပြော၊ ငွေဘယ်နှစ်တုံးနဲ့ ရောင်းချင်တာလဲ”
ကြီးကြပ်ရေးမှူးဝမ်မှာ သိပ်ဂရုမစိုက်ပုံနှင့်။
ရှန်လင်း - “ ကြီးကြပ်ရေးမှူးဝမ်က ကျွန်တော်တို့ကို ငွေတုံးနည်းနည်း ပေးမယ်ပေါ့လေ”
ကြီးကြပ်ရေးမှူးဝမ်က အထင်သေးဟန်ဖြင့် ပြုံး၏။
“ ဒီလို သာမန်ပစ္စည်းမျိုးက နာမည်မကြီးဘူးလေ။ ငါတို့ဝယ်လိုက်ရင်တောင် လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့နှစ်ယောက် ငါ့ဆီ မြည်းခိုင်းဖို့လာခဲ့တယ်ဆိုမှတော့ ငါ မင်းတို့ကို ကြိုးစားပမ်းစား ရှာထားတဲ့ငွေနှစ်တုံး ပေးလိုက်ပါ့မယ်“
ဆုဝန်နှင့် ရှန်လင်းမှာ ခဏမျှ ကြက်သေသေသွားရ၏။ ယင်းမှာ အရသာရှိသည့်ပစ္စည်း ဖြစ်မှန်း သိသာပါလျက်နှင့် ကြီးကြပ်ရေးမှူး၏ပါးစပ်ထဲတွင် တန်ဖိုးမရှိသည့်အရာ ဖြစ်သွားရ၏။ ဆုဝန်သည် ပုလဲနို့လက်ဖက်ရည်မှာ နောင်တစ်ခေတ်တွင် မည်မျှကျော်ကြားကြောင်း သိထား၏။ ယင်း၏ ဖျော်နည်းမှာ ကျိန်းသေပေါက် ငွေနှစ်တုံးမကပေ။ ဤနို့လက်ဖက်ရည်၏ အရသာသည်လည်း သာမန်မဟုတ်ချေ။ ကြီးကြပ်ရေးမှူးသည် ပစ္စည်းကိုမသိခြင်းလော၊ တမင်သက်သက် စျေးနှိမ်ရန် ကြိုးစားနေသည်လော။
ရှန်လင်းက ဆို၏။
“ ကြီးကြပ်ရေးမှူးဝမ်၊ ထပ်မြည်းကြည့်ပါဦး။ ဒီအရသာက ကျိန်းသေပေါက် ရောင်းကောင်းမှာပါဗျ။ ဒါက အနည်းဆုံး ငွေရှစ်တုံးလောက်တော့ တန်ပါတယ်ဗျာ”
“ဟား ဟား ဟား ဟား” ကြီးကြပ်ရေးမှူးဝမ်က ကျယ်လောင်စွာရယ်မောလာ၏။
“ မင်းက မင်းရဲ့ဖျော်နည်းကို အရမ်းမြင့်မြင့် တွေးထားတာကိုး။ ငါက မင်းဘယ်လောက်ဆင်းရဲလဲဆိုတာ မြင်လို့ ငွေနှစ်တုံးပေးတာ။ မင်းက ငွေရှစ်တုံး လိုချင်နေသေးတယ်ဆိုရင်တော့ အိပ်မက်ပဲမက်နေလိုက်”
ရှန်လင်းက ထရပ်ကာ စားပွဲပေါ်ရှိ နို့လက်ဖက်ရည်ကို သူယူလာခဲ့သည့် စားစရာဘူးထဲမှ အိုးအလွတ်အတွင်း လောင်းထည့်လိုက်၏။
အနှီအိုးအလွတ်ကို သူ မလာခင် ပြင်ဆင်လာခဲ့ခြင်းပင်။ သို့မှသာ အရောင်းအဝယ် ရှုံးနိမ့်သွားပါက သူတို့ လေ့လာ၍ရရန် နို့လက်ဖက်ရည်ကို ဤတွင် ထားခဲ့စရာမလိုမည် ဖြစ်၏။
ရှန်လင်း ပစ္စည်းထုပ်ပိုးနေစဥ်တွင် ဆုဝန်သည်လည်း မတ်တတ်ထရပ်လိုက်၏။ ကြည့်ရမည်မှာ တုန်းဖုန်းစံအိမ်တော်သည် ဖောက်သည်ကောင်း ဖြစ်ဟန် မတူချေ။
ရှန်လင်း ပစ္စည်းသိမ်းနေသည်ကို မြင်သော် ကြီးကြပ်ရေးမှူးဝမ်က ထပ်မံဆိုလာပြန်၏။
“ ငွေငါးတုံး။ ထပ်မပေးနိုင်တော့ဘူး”
ရှန်လင်းက အပြည့်အဝ နားလည်သွားချေပြီ။ ကြီးကြပ်ရေးမှူးဝမ် အခု အရေးမစိုက်ပုံ ပေါ်နေသည်မှာ ပစ္စည်းမကြိုက်၍မဟုတ်၊ စျေးနှိမ်ဝယ်ချင်၍သာဖြစ်လေ၏။
ရှန်လင်းက အစားအသောက်ဘူးအား မြဲမြဲကိုင်ထားပြီး လှည့်ကာ ပြောလိုက်၏။
“ ငွေတုံးတစ်ရာဆိုတာက များလွန်းတဲ့ငွေပမာဏပါ။ တကယ်လို့ ကြီးကြပ်ရေးမှူးဝမ် မကြိုက်ရင် ကျွန်တော်တို့ နောက်တစ်ယောက် ရှာလိုက်လို့ရပါတယ်”
ကြီးကြပ်ရေးမှူးဝမ်သည်လည်း ထရပ်လိုက်၏။
“ ငွေတုံးတစ်ရာ၊ မင်း ဘာတွေအိပ်မက်မက်နေတာလဲ။ ငွေတုံးနှစ်ဆယ်၊ ဖျော်နည်းချရေးလိုက်”
သို့သော်လည်း ရှန်လင်းသည် အစားအသောက်ဘူးကို ကောက်ယူကာ မဆိုင်းမတွ ထွက်သွားတော့၏။ ဆုဝန်က ရှန်လင်းနောက် အမြန် လိုက်လာ၏။
သို့ရာတွင် ကြီးကြပ်ရေးမှူးဝမ်က ခြေလှမ်းအနည်းငယ်ဖြင့် အမီလိုက်လာ၏။
“ ငွေတုံးငါးဆယ်၊ ငွေတုံးငါးဆယ် အရောင်းအဝယ်ဖြစ်ပြီ”
ရှန်လင်းစိတ်ထဲတွင် ပို၍ပင် နားလည်သွားတော့သည်။ ယခင်က စားပွဲထိုး၏ဒေါသကို သူသည်းခံခဲ့သည့် အကြောင်းအရင်းမှာ စားသောက်ဆိုင်မှ ဤဖျော်နည်းအတွက် ဘယ်လောက်ပေးရန် ဆန္ဒရှိသနည်းဆိုသည်ကို မသိရသေးသည်ကြောင့် ဖြစ်၏။ ကြီးကြပ်ရေးမှူးဝမ်၏ တုံ့ပြန်မှုအရ ဖျော်စပ်နည်းသည် အနည်းဆုံးငွေတုံးတစ်ရာမျှတန်ကြောင်း ရှန်လင်း သဘောပေါက်သွားချေပြီ။ ကြီးကြပ်ရေးမှူးဝမ်သည် ရည်ရွယ်ချက်ရှိရှိဖြင့် အထင်သေးချင်ယောင်ဆောင်နေခဲ့ခြင်းပင်။
ကြီးကြပ်ရေးမှူးဝမ်တွင် လှည့်ကွက်များစွာရှိပြီး သူသည် သင့်တင့်လျောက်ပတ် စိတ်ရင်းကောင်းသူ မဟုတ်မှန်း ရှန်လင်းသိသွားချေပြီ။ သို့တိုင် ရှန်လင်းက ရပ်လိုက်ပြီး တည်ငြိမ်သည့် မျက်နှာအမူအရာဖြင့် ဆိုလာ၏။
“ ကြီးကြပ်ရေးမှူးဝမ်ပေးတဲ့စျေးနှုန်းက နည်းလွန်းတယ်။ တကယ်လို့ ရေစက်ရှိမယ်ဆိုရင် ဒီစီးပွားရေးကို နောက်မှ ထပ်လုပ်ကြတာပေါ့ဗျာ”
ထို့သို့ပြောပြီးနောက် ရှန်လင်းသည် လက်နှစ်ဖက်ကိုင်းယှက်ပြပြီး ထွက်လာခဲ့၏။
ရှန်လင်းသည် ဆုဝန်အား မုန့် တမင်သက်သက် မယူလာခိုင်းခဲ့သည်ပင်။ မုန့်သည်လည်း နို့လက်ဖက်ရည်အတိုင်းပင် အရသာကောင်းမွန်၏။ နှစ်မျိုးစလုံးသည် ရောင်းကောင်းမည့်ပစ္စည်းများ ဖြစ်ရာ သူတို့ စျေးအတူတူပေးလိမ့်မည်ဟု သူ ထင်ထားမိခဲ့သည်ပင်။
ကြီးကြပ်ရေးမှူးဝမ်သည် အနောက်မှ စိတ်ဆိုးစွာပြောလာ၏။
“ ဒါက သာမန်ဖျော်နည်းတစ်ခုပဲ။ မင်းတို့က ငွေတုံးရှစ်ဆယ်၊ တစ်ရာနဲ့ ရောင်းချင်နေတယ်ပေါ့လေ။ အိပ်မက်မက်နေလိုက်။ မင်းတို့ထပ်လာခဲ့ရင် ငါ ငွေဆယ်တုံးပဲပေးတော့မှာနော်။ မင်းတို့ အခုထွက်သွားလို့ရတယ်။ အချိန်ကျမှ နောင်တမရနဲ့”
“မင်းတို့ရဲ့ ဒီပစ္စည်းကို လုပ်ပြီးရင်ရော ဝယ်မဲ့သူရှိ၊ မရှိ သေချာလို့လား။ မင်းတို့ ဒီလောက် အများကြီးလိုချင်နေရင် ငါ မြင်းနှစ်၊မြင်းလမှပဲ အရင်းပြန်ရနိုင်လိမ့်မယ်”
ရှန်လင်းစိတ်ထဲမှ လှောင်ရယ်လိုက်၏။ အဆုံးထိ ကြီးကြပ်ရေးမှူးဝမ်မှာ လှည့်ဖျားနေဆဲပင်။ ကြည့်ရသည်မှာ ဤအရောင်းအဝယ်သည် လုံးဝမဖြစ်နိုင်တော့ပုံပေါ်၏။
ရှန်လင်းက ဆုဝန်ကို ခေါ်ကာ နောက်ပြန်မကြည့်ဘဲ ထွက်သွားတော့သည်။
သို့ရာတွင် ရှန်လင်းသည် ဆုဝန်အား ချင်းကျိုးကောင်တီမှ နောက်ထပ် စားသောက်ဆိုင်ကြီးများဆီ ခေါ်မသွားခဲ့ပေ။ စားသောက်ဆိုင်ငယ်လေးတချို့ဆီသာ ခေါ်သွားခဲ့၏။
ရှန်လင်းသည် ဆုဝန်အား ဤဖျော်နည်းကို သူတို့ သယ်ဆောင်ထားဖို့ရန်မှာ မိန်းမပျိုလေးတစ်ဦးက သက်ဝင်လှုပ်ရှားနေသောမြို့တွင် ရွှေနီသယ်ထားသည့်နှယ် မလုံခြုံတော့ကြောင်း တိုးတိုးတိတ်တိတ် ရှင်းပြလာ၏။ တုန်းဖုန်းစံအိမ်တော်မှ ကြီးကြပ်ရေးမှူးသည် လူလွှတ်၍ သူတို့နောက်လိုက်ခိုင်းမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ယခု လူကိုလှည့်စားရန် လိုလာချေပြီ။
ညနေပိုင်း တုန်းဖုန်းစံအိမ်တော်၌ ရှန်လင်းနှင့် ဆုဝန်နောက်ကိုလိုက်ရန် ကြီးကြပ်ရေးမှူးဝမ် လွှတ်လိုက်သော စားပွဲထိုးလေးများက ကြီးကြပ်ရေးမှူးဝမ်ကို ထိုသူနှစ်ဦးသည် စားသောက်ဆိုင်ငယ်လေးများစွာသို့ သွားခဲ့ကြသည့်တိုင် ခဏမျှဝင်ပြီးနောက် ပြန်ထွက်လာကြကြောင်း၊ ကျိန်းသေပေါက် အရောင်းအဝယ် ကျရှုံးသွားသည်သာ ဖြစ်ရမည်ဖြစ်ကြောင်း၊ မဟုတ်ပါက သူများက ဖျော်နည်းယူထားပြီး သူတို့ကို သွားခိုင်းလိုက်တော့မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားလာ၏။
ကြီးကြပ်ရေးမှူးဝမ်သည် မုတ်ဆိတ်များကို ကျေနပ်စွာ ပွတ်သပ်နေ၏။ ယင်းကား အမှားအယွင်း ရှိတော့မည်မဟုတ်ချေ။ ထိုနှစ်ယောက်ပြန်လာပြီး သူနှင့် အလုပ်လုပ်မည်ကို စောင့်နေရုံပင်။
ဒုတိယရက်၌ ရှန်လင်းသည် ဆုဝန်ကိုခေါ်ကာ ချင်းကျိုးကောင်တီရှိ စားသောက်ဆိုင်လေးများကို အိမ်ဦးနှင့် ကြမ်းပြင်လို သွားနေဆဲပင်။ ဆိုင်တိုင်းတွင် ခဏပဲနေပြီး ပြန်ထွက်လာခဲ့၏။
တတိယတွင် ရှန်လင်းသည် ဆုဝန်ကို ချင်းကျိုးကောင်တီမှ အထည်ဆိုင်သို့ ခေါ်သွားခဲ့၏။ သူ ဆုဝန်အတွက် ဝတ်စုံတစ်စုံဝယ်ပေးခဲ့ပြီး နားကပ်နီနီတစ်စုံပါ ဝယ်ပေးခဲ့သေး၏။
ငွေအားလုံးကို ရှန်လင်းပေးချေခဲ့သည်ဖြစ်ပြီး စုစုပေါင်း ငွေတစ်တုံးကျသင့်၏။
ရှန်လင်း၏ပြောင်းများကို ငွေနှစ်တုံးနှင့် ရောင်းခဲ့ကြောင်း ဆုဝန်သိထား၏။ ရှန်ရှီးအတွက် ဆေးဖိုးဝါးခက ကြေးပြား၉၀ပေးခဲ့ရသည့်အပြင် မြင်းလှည်းနှင့် တည်းခိုခန်းငှားရန် ကြေးပြား၂၀၀ကျော် သုံးခဲ့ရာ ငွေတစ်တုံးနှင့် ကြေးပြား၇၀၀မျှသာ ကျန်တော့သည်။ ထိုအချိန်တွင် သူ့အတွက် ငွေကုန်ကြေးကျခံကာ အဝတ်အစားနှင့် လက်ဝတ်တန်ဆာ ဝယ်ပေးရန် ဆန္ဒရှိနေဆဲပင်။
ဆုဝန်က မူလက မလုပ်ချင်သော်လည်း သူချမ်းသာကြောင်း ရှန်လင်းကိုပြောပြလိုက်တော့၏။
ရှန်လင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာ၏။
“ မင်း ပိုက်ဆံပြတ်မနေဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါ့အမေကို ချင်းကျိုးကောင်တီမှာ သမားတော်ပြပေးဖို့ ပိုက်ဆံတွေ အကုန် သုံးလိုက်ရမယ်လို့ ငါထင်ထားတာ။ ကြေးပြား၉၀ပဲ ကုန်တယ်လေ။ ပိုက်ဆံကျန်နေသေးမှတော့ ငါ မင်းကို အဝတ်အစားအသစ် ဝယ်ပေးရမှာပေါ့ “
ယခင်တုန်းက ရှန်လင်းက ရှန်မိသားစုကို ကူညီသည့်အတွက် ဆုဝန်ကို ကျေးဇူးပြန်ဆပ်သည်ဟု ပြောလေ့ရှိ၏။ တွေးကြည့်လိုက်ပါလျှင် ရှန်လင်းစကားများနောက်မှ ဖုံးကွယ်ထားသည့်အဓိပ္ပာယ်မှာ သူ ဆုဝန်အတွက် ဝယ်ပေးလိုသည်ဟူ၍ပင်။
ထို့အပြင် ဆုဝန်၏အကူအညီအတွက် ကျေးဇူးပြန်ဆပ်သည်ဆိုလျှင်လည်း ရှန်လင်းသည် သကြားတုတ်ထိုးချိုချဥ်လုပ်ရောင်းကာ သူ့ကို ပြန်ဆပ်ပြီးပြီဖြစ်၏။
ရှန်လင်းက ထပ်ပြောလာ၏။
“ ကောင်းကောင်းဝတ်။ အဲဒါဆို ရှန်းခယ့်လိုင်က စျေးနှိမ်မှာမဟုတ်ဘူး”
ရှန်းခယ့်လိုင်ဆိုသည်မှာ တုန်းဖုန်းစံအိမ်တော်ပြီးလျှင် ချင်းကျိုးကောင်တီတွင် နံပါတ်နှစ်ချိတ်သော စားသောက်ဆိုင်ဖြစ်၏။ ယခင်ရက်များက စားသောက်ဆိုင်တော်တော်များများကို သွားခဲ့သည့်တိုင် တုန်းဖုန်းစံအိမ်တော်မှ ကြီးကြပ်ရေးမှူးဝမ်မှာ ကလိမ်ကျတတ်၏။ ဆိုင်ငယ်များ၏ ပိုင်ရှင်များမှာ ဖျော်နည်းကို လိုချင်သော်လည်း စျေးမတတ်နိုင်ရှာပေ။ ရှန်းခယ့်လိုင်သည် ရှန်လင်းအလိုချင်ဆုံးသော ဖောက်သည်မျိုးပင်။
ဆုဝန် ခေါင်းညိတ်ပြလိုက်၏။ ရှန်လင်းသည် အရာအားလုံးကို သေချာတွေးတောပြီး လုပ်ဆောင်ထားသည်ပင်။
မူလက ဆုဝန်သည် သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားခဲ့ခြင်းပင်။ ရှန်လင်းဝယ်ပေးသည့် ဝတ်စုံသစ်များကို ဝတ်ဆင်ပြီးနောက် ဆုဝန်မှာ လူကုံထံမိသားစုမှ သခင်မလေးပုံပေါက်သွားတော့၏။ ဆုဝန်က ကြည့်တတ်လေ၏။ အဝတ်အစားများမှာ ငွေတစ်တုံးနှစ်တုံးမျှသာ တန်သော်လည်း ဆုဝန် ဝတ်လိုက်သည့်အခါ လေး၊ငါးတုံးတန်ကြေးရှိသည့် အထည်အလား။ ဆုဝန်လှလေ အဝတ်အစားက ပိုတန်ဖိုးမြင့်သွားလေပင်။
လမ်း၌ ရှန်လင်းသည် ဆုဝန်အား သူ ဖျော်နည်းရောင်းရန် စားသောက်ဆိုင်သို့ သွားမည်ဖြစ်ကြောင်း ပြောလေ၏။ သူက ဆုဝန်၏အစေခံအဖြစ် ဟန်ဆောင်မည်ဖြစ်ပြီး ဆုဝန်ကို မမလေးဟု ခေါ်မည်ပင်။ ထိုသို့ဆိုလျှင် စားသောက်ဆိုင်က သူတို့ကို နွမ်းပါးသည်ဟု အထင်သေးကာ စျေးနှိမ်ခြင်း၊ သို့မဟုတ် တခြားမကောင်းကြံခြင်းရှိတော့မည် မဟုတ်ချေ။
ယင်းကို ဆွေးနွေးပြီးနောက် ချင်းကျိုးကောင်တီ၏ အကြီးဆုံးစားသောက်ဆိုင်ဖြစ်သော ရှန်းခယ့်လိုင်သို့ သွားတော့၏။ ရှန်လင်းနှင့်ဆုဝန်သည် ဒုတိယထပ်ရှိသီးသန့်ခန်းသို့သွားကာ လက်ဖက်ရည်ကြမ်းတစ်အိုး မှာ၏။ ထို့နောက် စားပွဲထိုးလေးအား ရှန်းခယ့်လိုင်မှ ကြီးကြပ်ရေးမှူးကို ခေါ်ခိုင်းလိုက်၏။
ယေဘုယျအားဖြင့် ဤမျှ ကြီးသည့်စားသောက်ဆိုင်ကို ဖွင့်နိုင်သည်ဆိုပါက လူလုံးထွက်ပြမည် မဟုတ်ချေ။ ကိစ္စအဝဝကို ကြီးကြပ်ရေးမှူးကသာ တာဝန်ယူဆောင်ရွက်ရ၏။
အကယ်၍ သာမန်လူများက ကြီးကြပ်ရေးမှူးကို တွေ့ချင်သည်ဆိုပါက ကြီးကြပ်ရေးမှူးမှာ ထွက်လာမည် မဟုတ်ချေ။ ရောက်သည်နှင့် စျေးအကြီးဆုံးစားစရာနှင့် စျေးအကြီးဆုံးသေရည်ကို မှာသည့် ဖောက်သည်အများစုကိုသာ ထွက်တွေ့သည်ပင်။
သို့ပေသိ စားပွဲထိုးလေးမှာ တစ်ချက်ကြည့်ရုံဖြင့် အဆိုပါပုဂ္ဂိုလ်နှစ်ဦးမှာ သာမန်လူများ မဟုတ်ကြောင်း ပြောနိုင်လေ၏။ အနှီမိန်းကလေးသည် ရွှေ၊ငွေများမဝတ်ဆင်ထားသည့်တိုင် သူ၏အမူအရာများမှာ အထက်တန်းကျသည်။ သူ၏ အဝတ်အစားမှာ တန်ဖိုးမြင့်သလို သိုသိုသိပ်သိပ် ရှိသည်။ ယေဘုယျအားဖြင့် လှလေ ကြော့ရှင်းလေဖြစ်၏။ ချမ်းသာလေလေ သာမန်လူချမ်းသာများကဲ့သို့ ထုတ်ဖော်မပြသဘဲ ဤသို့ဝတ်စားဆင်ယင်လေဖြစ်၏။ စားပွဲထိုးလေးသည် အနှီမိန်းကလေးမှာ အသိုင်းအဝိုင်းကြီးထဲမှ ဖြစ်ရမည်ဟု တွေးထင်ကာ သူ၏အပြုအမူများကို ပို၍ အာရုံစိုက်လိုက်၏။ သို့ဖြစ်ရာ ကြီးကြပ်ရေးမှူးကို အမြန်သွားခေါ်တော့၏။
စားပွဲထိုးလေးမှာ အလွန်အမင်း အာရုံစိုက်နေသည်မှာ ထင်ရှားလွန်းလေသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် မျက်နှာချိုသွေးနေမှန်း သိသာ၏။ ရှန်လင်းနှင့် ဆုဝန်မှာ အချင်းချင်း ကြည့်ပြီးပြုံးလိုက်၏။ သူတို့ အဝတ်အစားအသစ်များ ဝယ်ခဲ့သည်မှာ ကံကောင်းသွားသည်ပင်။ မဟုတ်ပါလျှင် ကြီးကြပ်ရေးမှူးကိုတွေ့ရရန် လွယ်မည်မဟုတ်ချေ။
ရှန်းခယ့်လိုင်၏ ကြီးကြပ်ရေးမှူးသည် မကြာခင်မှာပင် ရောက်လာခဲ့၏။ ကြီးကြပ်ရေးမှူးတွင် ကြည့်ကောင်းသည့်ရုပ်ရည်အသွင်အပြင် ရှိလေသည်။ ဆုဝန်၏ နို့လက်ဖက်ရည်ကို မြည်းကြည့်ပြီးနောက် သူက ချက်ချင်းပင် ဖျော်နည်းအတွက် ငွေတုံးတစ်ရာပေးရန် ဆုံးဖြတ်လိုက်၏။
ရှန်လင်းနှင့် ဆုဝန်သည် စားသောက်ဆိုင်အတော်များများကို သွားကြည့်ခဲ့ပြီးသည်ပင်။ ငွေတုံးတစ်ရာမှာ သင့်တော်သောပမာဏပင်။ ကြည့်ရသည်မှာ ဤစီးပွားရေးသည် ရှန်းခယ့်လိုင်နှင့် အရောင်းအဝယ် ဖြစ်မည့်ပုံပေါ်၏။
တုန်းဖုန်းစံအိမ်တော်အတွင်းဝယ် စားပွဲထိုးလေးက အသက်ရှုရပ်မတတ်ပြေးလာကာ ကြီးကြပ်ရေးမှူးဝမ်အား ပြောလာ၏။
“ ကြီးကြပ်ရေးမှူးဝမ်၊ မကောင်းတော့ဘူး။ အဲဒီသူနှစ်ယောက် ရှန်းခယ့်လိုင်ထဲဝင်သွားပြီး တော်တော်ကြာတဲ့အထိ ပြန်မထွက်လာဘူး”
…