Ch 8
Viewers 5k

🍋 Chapter 8



ထမင်းစားပြီးနောက် ဟွာရှင်းသည် အိမ်ရှိ ရေကန်ထဲသို့ ရေဖြည့်ရန် ထွက်သွားသည်။ ရွာဦးရေတွင်းမှာ သူတို့အိမ်နှင့် မဝေးလှသဖြင့် လီဟုန်ယင်းနှင့် မြောင်ရင်တို့ရေခပ်နေကြသည်မှာကြာပြီဖြစ်သည်။ မြောင်ရင် ကိုယ်တိုင်ရေထမ်းလိုသော်လည်း ဒဏ်ရာမှာမကျက်သေးသဖြင့် လီဟုန်ယင်းအားကူရုံသာ တတ်နိုင်ရှာသည်။


ထိုသို့ ရေခပ်သည့် လမ်းတစ်လျှောက်တွင် မြောင်ရင်၏ အတိတ်မှ အမှားများနှင့်ပတ်သက်သော အတင်းအဖျင်းများကို မကြားချင်မှအဆုံး ကြားရလေသည်။ အများအားဖြင့် မြောင်ရင် လျစ်လျူရှုထားသော်လည်း တစ်ဖက်လူ လွန်လာလျှင်မူ ပါးပါးနပ်နပ်တုံ့ပြန်တတ်သည်။


မြောင်ရင်သည် ဤလောကသို့ မကူးပြောင်းလာခင်က တည်းက နုနုနယ်နယ် ပန်းလေးတစ်ပွင့် မဟုတ်ခဲ့ပေ။ သူ၏ တုံ့ပြန်မှုများမှာ ထိုလူများထင်ထားသည်ထက် ပို ပြင်းထန်လေ့ရှိသဖြင့် ရွာထဲတွင် သူ့နာမည်မှာ ပိုပျက်စီးလာရသည်။


ဟွာရှင်း ရေခပ်သွားသောအခါတွင်လည်း လူအချို့က သူ့ရှေ့တွင် အတင်းပြောကြသော်လည်း သူကတော့ ဘာမှပြန်မပြောဘဲ တိတ်တဆိတ်သာအလုပ်လုပ်နေသည်။ လူများလည်း စိတ်ပျက်သွားကာ လူစုကွဲသွားကြတော့သည်။


ထိုညတွင် ဟွာရှင်းသည် မြောင်ရင်အတွက် ဆေးတစ်ဖက် ထပ်မံကြိုပေးပြီးသောက်သည်အထိ စောင့်ကြည့်ကာ အခန်းထဲသို့ အတူတူ ဝင်ခဲ့ကြသည်။


မြောင်ရင် အဝတ်အစားများ ချွတ်ကာ စောင်ကို လုံအောင်ခြုံပြီး အိပ်ရာပေါ်တွင် လဲလျောင်းနေပြီဖြစ်သည်။ ဟွာရှင်း သူ့အားတစ်ချက်ကြည့်ပြီး ဖိနပ်ချွတ်ရန် ပြင်ရာမှ ခေတ္တရပ်သွားကာ ဖိနပ်ကိုပြန်ဝတ်ပြီး အပြင်သို့ ထွက်သွားသည်။


မြောင်ရင် လှမ်းကြည့်ကာ "ဘယ်သွားမလို့လဲ" 


ဟွာရှင်း မဖြေပေ။ ခေတ္တအကြာတွင် အပြင်ဘက်မှ ရေလောင်းသံကို မြောင်ရင် ကြားလိုက်ရသည်။


ထို့နောက် ဟွာရှင်းသည် အေးစိမ့်သော ကိုယ်ငွေ့များနှင့်အတူ အခန်းထဲသို့ ပြန်ဝင်လာသည်။ သူ ရေချိုးခဲ့မှန်း မြောင်ရင် သိလိုက်သည်။ ဟွာရှင်း ပြန်ရောက်လာသဖြင့် အခန်းထဲတွင် ဆီမီးအိမ်လေးထွန်းထားသည်။ မီးရောင်အောက်တွင် ဟွာရှင်း ပုခုံးပေါ်မှ နီရဲရောင်ကိုင်းနေသော အမှတ်အသားများကို မြောင်ရင် မြင်လိုက်ရသည်။


သူ ထထိုင်ကာ အဝတ်အစားများကို ပြန်ဝတ်ပြီး မေးလိုက်သည်။


"ဘာ သွားလုပ်ခဲ့တာလဲ?"  


ဟွာရှင်းက "ခရိုင်မြို့က ဆိပ်ကမ်းမှာ အလုပ်သွားလုပ်တာ.... နှစ်သစ်ကူးနီးပြီဆိုတော့ ကုန်တင်ကုန်ချ အလုပ်တွေ များတယ်"  


သူ့ပုခုံးအား ကြည့်ရုံဖြင့် ပင်ပင်ပန်းပန်းလုပ်ခဲ့ရမှန်း မြောင်ရင် သိလိုက်သည်။ သူသည် လီဟုန်ယင်း ပေးထားသော ဒဏ်ရာလိမ်းဆေးအိုးကို ရှာလိုက်ပြီး "ဆေးလေး လိမ်းလိုက်ပါဦး"  


ဟွာရှင်း အသာအယာခေါင်းငြိမ့်ပြီး ဆေးအိုးအား လှမ်းယူရန် ပြင်သော်လည်း မြောင်ရင် ရှောင်ကာပြောလိုက်သည်။


"ငါပဲ လိမ်းပေးမယ်"  


မြောင်ရင် လက်ဖျားလေးများမှာ အေးစိမ့်နေသော်လည်း ဟွာရှင်း ပုခုံးပေါ်မှ ဒဏ်ရာနှင့် ထိတွေ့လိုက်သောအခါ ဟွာရှင်းသည် ဒဏ်ရာမှ ပူရှိန်းရှိန်းခံစားချက်အား ရရှိလိုက်သည်။ အေးမြသော ဆေးရည်ပင် ထိုအပူရှိန်ကိုမတားဆီးနိုင်ပေ။ သူ ပုခုံးကို အသာအယာဖယ်လိုက်ပြီး ဆေးမလိုတော့ကြောင်း အသံတိုးတိုးဖြင့်ပြောလိုက်သည်။


မြောင်ရင် လက်အားပြန်ရုပ်လိုက်သည်။ ဆေးနံ့မှာ သိပ်မမွှေးလှပေ။ သူ ဘာမှမပြောရသေးခင်မှာပင် ဟွာရှင်း ကုတင်ပေါ်မှ ဆင်းကာ သူ့အတွက် ရေသွားခပ်ပေးပြန်သည်။


အရာအားလုံး ပြီးစီးသွားသောအခါ ဟွာရှင်း ပြန်အိပ်သည်။ မြောင်ရင် အိပ်ငိုက်နေပြီဖြစ်သည်။ ကိုယ်ငွေ့နွေးနွေးကို ခံစားမိသဖြင့် သူ ဘေးသို့ တိုးကပ်သွားရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။


ထိုညတွင် မူးပြီးသောင်းကျန်းနေသော ဟွာစန်း၏ဆူညံသံမှအပ တစ်အိမ်လုံးမှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။


မြောင်ရင် နိုးလာသောအခါ ဟွာရှင်းမှာ အဝတ်အစား ဝတ်ဆင်ပြီးနေပြီဖြစ်သည်။ သူသည် မျက်လုံးကို ပွတ်ကာ အိပ်ချင်မူးတူးဖြင့် ဟွာရှင်း ဒဏ်ရာအကြောင်းအား မေးလိုက်သည်။


ဟွာရှင်းက ဘာမှမဖြစ်ကြောင်း ပြောပြီး ခရိုင်မြို့သို့ သွားရန် နောက်ကျမည်ဖြစ်သဖြင့် အမြန်ထရန်ပြောသည်။ ထိုအခါမှ မြောင်ရင် သတိဝင်လာကာ အဝတ်အစားများကို အမြန်ဝတ်တော့သည်။ သို့သော် ဝတ်ပြီးနောက် သူ တုံ့ဆိုင်းသွားသည်။ သူ့အဝတ်အစားများမှာ ဖာထေးထားရပြီး လျှော်ဖန်များသဖြင့် အရောင်များလည်း လွင့်နေပြီဖြစ်သည်။


သူ့လှုပ်ရှားမှုအား ဟွာရှင်း သတိပြုမိသလို အင်္ကျီလက်စွပ်များ ပွန်းပဲနေသည်ကိုလည်းမြင်လိုက်ရသည်။ ဟွာရှင်း ခရီးမထွက်ခင် မြောင်ရင်အတွက် အဝတ်အစားသစ်ချုပ်ပေးရန် စဉ်းစားလိုက်သည်။


မနက်စာ အမြန်စားပြီးနောက် လီဟုန်ယင်းသည် အဝတ် အစားအသစ်လဲလိုက်ပြီး ထိုးထားသောပုဝါများကို အထုပ်လိုက်ထုတ်ကာ မြို့သို့သွားရန် ပြင်ဆင်သည်။ မူလက မြောင်ရင်အားခေါ်ရန် အစီအစဉ်မရှိသော်လည်း မြောင်ရင်မှ သူ ဈေးဆစ်တော်ကြောင်းပြောသဖြင့် လီဟုန်ယင်း လိုက်ခွင့်ပြုလိုက်သည်။


ခရိုင်မြို့သို့ သွားသောလမ်းမှာ ရွာလမ်းနှင့် မတူပေ၊ လူများ ပိုစည်ကားလှသည်။ မြောင်ရင်မှာ ခေတ္တလျှောက်ပြီးနောက် ပင်ပန်းလာသော်လည်း လီဟုန်ယင်း ပါနေသဖြင့် ဟွာရှင်းအား ပိုးခိုင်းရန်အားနာနေမိသည်။ ထို့ကြောင့် အရှိန်ပြင်းပြင်း လျှောက်နေသော ဟွာရှင်းတို့နောက်တွင် သူ ကျန်ရစ်ခဲ့တော့သည်။


ဟွာရှင်း မြောင်ရင် နောက်ကျန်ခဲ့သည်အား သတိပြုမိပြီး လီဟုန်ယင်းကို စကားအနည်းငယ်ပြောကာ မြောင်ရင်ကို ပြန်ရှာသည်။ မြောင်ရင်သည် လမ်းဘေး သစ်ပင်တစ်ပင်ကိုမှီကာ အမောတကော ဖြစ်နေသည်။ ဟွာရှင်း ပြန် လာသည်ကို မြင်သောအခါ သူ၏ မှေးမှိန်နေသော မျက်ဝန်းများ ဝင်းလက်သွားသည်။


ဟွာရှင်း ဘာမှမပြောဘဲ မြောင်ရင်ရှေ့တွင် ဆောင့်ကြောင့် ထိုင်ပေးရာ မြောင်ရင်လည်း မငြင်းဘဲကျောပေါ်သို့ ချက်ချင်းတက်လိုက်သည်။ ဟွာရှင်းပုခုံးဒဏ်ရာကို အားနာသဖြင့် သူသည် ပုခုံးအားမကိုင်ဘဲ ဟွာရှင်း၏ လည်ပင်းကိုသာ သိုင်းဖက်လိုက်သည်။


ဟွာရှင်းမှာ လည်ပင်း ကျပ်သွားသဖြင့် မြောင်ရင် သူ့အား ညှစ်ထားသကဲ့သို့ ဖြစ်သွားမှန်းသိလိုက်ရသည်။ သူ အမြန်ပင် လက်ကို လျှော့လိုက်ပြီး အားနာပါးနာ ပြုံးကာ တောင်းပန်လိုက်သည်။


မကြာမီ လီဟုန်ယင်းတို့အား မှီသွားသည်။ ဟွာရှင်းမှ မြောင်ရင်အား ပိုးလာသည်ကို မြင်သောအခါ လီဟုန်ယင်း တစ်ခုခပြောချင်သော်လည်း အောင့်ထားကာ ခြေလှမ်းကိုသာ မြန်မြန်လှမ်းတော့သည်။


ခရိုင်မြို့မှာ ရွာထက် များစွာ ပိုစည်ကားသည်။ မြို့တံခါးဝတွင် စစ်ဆေးမှုများ ရှိသဖြင့် လူတန်းကြီးမှာ ရှည်လျားလှသည်။


ဟွာရှင်း မြောင်ရင်အား အောက်သို့ ချပေးလိုက်သည်။ လူတန်းထဲတွင် သူတို့ရှေ့၌ ခြင်းတောင်းအကြီးကြီးလွယ်ထားသော လူတစ်ယောက် ရှိနေသည်။ ထိုလူ နောက်သို့ ဆုတ်လိုက်ရာ ခြင်းတောင်းကြီးမှာ မြောင်ရင်၏ မျက်နှာကို ရိုက်မိတော့မည့်ဆဲဆဲတွင် ဟွာရှင်း မြောင်ရင်အား သူ့နောက်သို့ ဆွဲယူကာ ကာကွယ်ပေးလိုက်သည်။


လူတန်းမှာ အမြန်ရွေ့လျားသွားပြီးနောက် သူတို့အလှည့် ရောက်လာသည်။ မြောင်ရင် ဘာမှနားမလည်သဖြင့် ဟွာရှင်းနောက်ကသာ လိုက်ခဲ့သည်။ စစ်ဆေးပြီးနောက် စစ်သည်များမှာ သူတို့အား မြို့ထဲသို့လွှတ်လိုက်သည်။ မြို့တံခါးဝတွင် သူတို့ လမ်းခွဲကြသည်။ ဟွာရှင်း အလုပ်ဆင်းရန် ထွက်သွားပြီး လီဟုန်ယင်းမှာ မြောင်ရင်အားခေါ်ကာ ပုဝါရောင်းရန် ထွက်လာခဲ့သည်။


ဟွာရှင်း သူတို့ ထွက်ခွာသွားသည်ကိုကြည့်ရင်း မြောင်ရင် အပြန်လမ်းကို လျှောက်နိုင်ပါ့မလားဟု တွေးမိသည်။ နွားတစ်ကောင်ဝယ်လျှင် ကောင်းမလားဟုလည်း စဉ်းစားမိ သည်။ သို့သော် မြောင်ရင် နေကောင်းသွားလျှင် ထွက်သွားဦးမည်ကို သတိရကာ သူလည်း အလုပ်ရှိရာသို့ထွက်လာခဲ့သည်။


မြောင်ရင်နှင့် လီဟုန်ယင်းတို့သည် ခရိုင်မြို့၏အစည်ကား ဆုံး လမ်းမသို့ ရောက်လာကြသည်။ လမ်းတစ်ဖက်မှာ အစားအသောက်ဆိုင်များ ဖြစ်ပြီး ကျန်တစ်ဖက်မှာ အသုံး အဆောင် ပစ္စည်းအရောင်းဆိုင်များ ဖြစ်သည်။


မြောင်ရင် အစားအသောက်ဆိုင်များကို ဝေ့ကြည့်လိုက်ရာ ဝမ်တန်၊ ယိုကျားဂွေး၊ ပေါက်စီနှင့် နံပြားများသာ တွေ့ရပြီး ခေတ်သစ်ညဈေးများကဲ့သို့ စုံစုံလင်လင် မရှိပေ။ သူက "ငါသာ ခေတ်သစ်ညဈေးကို ဒီမှာ ဖွင့်နိုင်ရင် ပိုက်ဆံတွေ ဘယ်လောက်တောင် ရမလဲ" ဟု တွေးလိုက်မိသည်။


(T/N- ဝမ်တန် က ဂျုံနဲ့ လုပ်ထားတဲ့ ပါးလွှာတဲ့ အခွံလေးထဲမှာ အသား (ဝက်သား သို့မဟုတ် ပုစွန်) နဲ့ အစာသွပ်ထားတာ ဖြစ်ပါတယ်၊ များသောအားဖြင့် ဟင်းရည်နဲ့ တွဲဖက်ပြီး ဝမ်တန်ဟင်းရည် (Wonton Soup) အဖြစ် စားကြသလို၊ ဆီကြော်ပြီး ဝမ်တန်ကြော် (Fried Wonton) အဖြစ်လည်း စားလေ့ရှိပါတယ်။ ယိုကျားဂွေး က အီကြာကွေးပါ)


သို့သော် ယခုအချိန်တွင်တော့ စိတ်ကူးယဉ်ရုံသာ တတ်နိုင် သည်။ မြောင်ရင် သက်ပြင်းချကာ လီဟုန်ယင်းနောက်မှ လိုက်ရင်း ပိုးထည်ဆိုင်တစ်ဆိုင်သို့ ဝင်ခဲ့ကြသည်။


ဤဆိုင်မှာ အဝတ်အထည်၊ အထည်စ၊ ထိုးကွင်းနှင့် ပုဝါများ ရောင်းချရာ ဆိုင်ဖြစ်ပြီး လူငယ်လူရွယ်အများအပြား လာရောက်ကြသည်။


ဆိုင်ထဲမဝင်မီ လီဟုန်ယင်း အသက်ပြင်းပြင်းရှူကာ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ပြင်လိုက်ပြီးမှ မြောင်ရင်အား ဆွဲကာ ဝင်သွားသည်။


ဤဆိုင်သည် ဝယ်ယူသူများကိုသာမက အပ်ချုပ်သည်များထံမှ လက်ရာများကိုလည်း ဝယ်ယူလေ့ရှိသည်။ ဆိုင်ဝန်ထမ်းများနှင့်တင် အရောင်းမလောက်ငသောကြောင့် ဖြစ်သည်။


အပ်ချုပ်လက်ရာ လာရောင်းသူများမှာ မနည်းလှပေ။ မြောင်ရင်တို့မှာ ငါးယောက်မြောက် လူတန်းတွင် ရှိနေ သည်။ သူတို့ရှေ့မှ လူများမှာ ပုဝါ၊ ပိုက်ဆံအိတ်နှင့် အမွှေးနံ့သာအိတ်လေးများကို ယူဆောင်လာကြသော်လည်း မြောင်ရင်တို့၏လက်ရာနှင့် ယှဉ်လျှင် သာမန်မျှသာ ဖြစ်သည်။


သူတို့အလှည့် ရောက်လာသောအခါ ပုဝါများကို လက်ခံသူမှာ ဆိုင်ရှင်မဟုတ်ဘဲ ဆိုင်မန်နေဂျာဖြစ်သည်။ ဆိုင်ရှင်မှာ ရှေ့တွင် အရောင်းအဝယ် လုပ်နေသည်။


လီဟုန်ယင်း ပုဝါများကို ထုတ်လိုက်သောအခါ မန်နေဂျာ ၏မျက်နှာမှာပျက်သွားသည်။ ပုံမှန်အားဖြင့် ရွာသူရွာသားများ လာရောင်းသော ပုဝါများမှာ လက်ရာမကောင်းဘဲ ဈေးဆစ်လွန်းကြသောကြောင့်ဖြစ်သည်။


လီဟုန်ယင်းမှာ အိမ်တွင် ပြတ်သားသူဖြစ်သော်လည်း အရောင်းအဝယ်လုပ်ရာတွင်မူ နှိမ့်ချဆက်ဆံရသည်။


"ဦးလေး၊ ဒါ ကျွန်မတို့ရဲ့ ပုဝါလေးတွေပါ" 


ပုဝါများကို သေသေသပ်သပ် ခေါက်ထားဆဲဖြစ်သည်။


မန်နေဂျာမှာ ပုဝါအား ကြည့်ပင်မကြည့်ဘဲ "တစ်ထည်ကို ငါးပြား"  


မြောင်ရင် မျက်လုံးပြူးသွားသည်။ သူ့အမေနှင့် အဖွားတို့ ပင်ပင်ပန်းပန်း ထိုးထားရသည်ကို ငါးပြားတည်းနှင့် ဝယ်မည်ဆိုပါက အပ်ချည်ဖိုးပင် ရှုံးပေလိမ့်မည်။


လီဟုန်ယင်း မအံ့သြသည်ကို ကြည့်ခြင်းဖြင့် သူတို့အား ဈေးနှိမ်နေကျမှန်း သိလိုက်သည်။ လီဟုန်ယင်း သဘောတူတော့မည့်ဆဲဆဲတွင် မြောင်ရင် လီဟုန်ယင်း ပုခုံးကိုကိုင်ကာ ထိုလူအား ပြောလိုက်သည်။ 


"ဦးလေးက ပုဝါကိုတောင်မကြည့်ဘဲ ဈေးဖြတ်လိုက်တာလား ?"


"ဘာကြည့်စရာ ရှိလို့လဲ ? ပန်းပုံ၊ မြက်ပုံ၊ ငှက်ပုံတွေပဲ နေမှာပေါ့....မကြိုက်ရင်လည်း သွားလို့ရတယ်" ဟု မန်နေဂျာမှာ စိတ်မရှည်စွာ ပြောသည်။


မြောင်ရင် ပုဝါကို ပြန်လိပ်ကာ လီဟုန်ယင်းအားဆွဲပြီး ထွက်လာခဲ့သည်။


လီဟုန်ယင်း မြောင်ရင်ကို ကြည့်ကာ "ရွာထဲမှာဆို သုံးပြားပဲရတာ၊ ဒီမှာ ငါးပြားရတာတောင် ကောင်းလှပြီ"  


မြောင်ရင် ခေါင်းခါကာ ပြောလိုက်သည်။


"အမေ၊ အဖွားနဲ့ အမေတို့ အပင်ပန်းခံထားရတာ ငါးပြားတည်း တန်တယ်လို့ ထင်လို့လား? ကျွန်တော့်အမြင်မှာတော့ ဒီထက် အများကြီးပိုတန်ပါတယ်"


သူ့ ပုံဆွဲလက်ရာလည်း ပါသည်မဟုတ်ပါလား?


ထိုဆိုင်အား ကျော်သွားသောအခါ မလှမ်းမကမ်းတွင် နောက်ထပ် ဆိုင်တစ်ဆိုင်ရှိသေးသည်။ ရှေ့ကဆိုင်လောက် မကြီးသော်လည်း လူတော့ မနည်းလှပေ။ ဆိုင်ရှင်ကိုယ် တိုင် လက်ရာများကိုလက်ခံနေခြင်း ဖြစ်သည်။ လူတန်းမရှည်သဖြင့် ခေတ္တစောင့်ပြီးနောက် သူတို့အလှည့်ရောက် လာသည်။


ဆိုင်ရှင်မှာ ပုဝါဆိုသည်ကို ကြားသောအခါ မအံ့သြဘဲ ရှေ့မှဆိုင်ကဲ့သို့ပင် ငါးပြားပေးမည်ဟုဆိုသည်။ ဤတစ်ကြိမ်တွင် ဈေးဆစ်ရန် တာဝန်ယူထားသော မြောင်ရင် ရှေ့သို့ ထွက်လာသည်။


မြောင်ရင် ပုဝါများကို တစ်ထည်ချင်းစီ ဖြန့်ပြလိုက်ပြီး "ဦးလေး၊ အခုခေတ် ပုဝါတွေက ပန်းပုံတွေပဲ ရှိတာလေ... ကျွန်တော့်ရဲ့ ပုဝါတွေကတော့ တကယ့်ကို ထူးခြားပါတယ်... ဒီပုဝါတွေကိုသာ ဆိုင်မှာ တင်လိုက်ရင် ချက်ချင်း ကုန်သွားမှာ သေချာပါတယ်...ဈေးလေးနည်းနည်းလောက် တိုးပေးလို့ မရဘူးလား?"


ဆိုင်ရှင်သည် ပုဝါ ဆယ်ထည်ကျော်ကို ကြည့်လိုက်ရာ တစ်ထည်နှင့် တစ်ထည် ပုံစံမတူသော်လည်း လက်ရာမှာ တူညီနေသည်။ ထိုပုံစံမျိုးအား သူ တစ်ခါမှ မမြင်ဖူးပေ။


ဆိုင်ရှင်က တွေးတောပြီး "ဘယ်လောက် လိုချင်လို့လဲ?" ဟု မေးသည်။


မြောင်ရင် နှုတ်ခမ်းသပ်လိုက်ပြီး "တစ်ထည်ကို ပြားနှစ်ဆယ် "  


ဆိုင်ရှင်မှာ လန့်သွားပြီးမှ ရယ်လိုက်ကာ "မင်းက တကယ်ပဲ ဈေးကြီးပေးဖို့ ရဲတာပဲ... မြို့တော်က နာမည်ကြီး အပ်ချုပ်သည် ကောင်းစန်းနျန်ရဲ့ ပုဝါတောင် တစ်ထည်ကို ပြားသုံးဆယ်ပဲ ရှိတာလေ"


ဆိုင်ရှင်သာမက လီဟုန်ယင်းပါလန့်သွားသည်။ မြောင်ရင် ၁၀ ပြားလောက်ပဲ တောင်းမည်ဟု ထင်ထားသော်လည်း အခုတော့ ၂၀ ပြားအထိ တောင်းလိုက်သည် မဟုတ်ပါလား?


မြောင်ရင်သည် ကောင်းစန်းနျန် ဆိုသည်မှာ မည်သူမှန်း မသိသော်လည်း ဤအချက်အရ ပုဝါတစ်ထည်၏အမြင့်ဆုံးဈေးမှာ ၃၀ ပြားခန့်သာ ရှိမှန်း ခန့်မှန်းလိုက်မိသည်။


"အပ်ချုပ်ပညာကတော့ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူနိုင်ပါဘူး ဒါပေမဲ့ ကျွန်တော်က ပညာကိုရောင်းတာ မဟုတ်ဘူး၊ ဒီဇိုင်းကို ရောင်းတာပါ" 


မြောင်ရင် မဆိုင်းမတွပင် ပြန်ပြောလိုက်သည်။ 


"ဒီပုံစံတွေကို ကျွန်တော်တစ်ယောက်တည်းပဲ ဆွဲနိုင်တာမို့ ဒီပုဝါတွေက တကယ့်ကို အဖိုးတန်ပါတယ်"


ဆိုင်ရှင် ခေတ္တမျှစဉ်းစားပြီးနောက် "တစ်ထည်ကို ၁၀ ပြား ပေးမယ်"  


မြောင်ရင် စိတ်ထဲတွင် ၁၅ ပြားအောက်ဆိုလျှင် မရောင်းရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။


"ဈေးလေး နည်းနည်းလောက်ထပ်တိုးပေးပါ... ဒီနေ့တင် အကုန်ကုန်သွားစေရမယ်လို့ ကျွန်တော် အာမခံပါတယ်"


ဆိုင်ရှင်က တွေးတောကာ "၁၂ ပြား" ဟု တိုးပေးသည်။


မြောင်ရင် ခေါင်းခါပြကာ "နှစ်ဖက်လုံး အဆင်ပြေအောင် ၁၅ ပြားနဲ့ပဲ ထားလိုက်ရအောင်"


"ဒီနေ့ အကုန်ကုန်မယ်ဆိုတာ သေချာလား ?" ဆိုင်ရှင်မှာ သံသယဖြင့် ကြည့်လိုက်သည်။


သူတို့ဆိုင်မှာ ရှေ့ကဆိုင်ထက် အရောင်းအဝယ် ကျနေသူဖြစ်ရာ ဤပုဝါများမှာ တကယ်ပဲအရောင်းသွက်မည်ဆိုလျှင် သူ စွန့်စားလိုသည်။


"ကောင်းပြီ၊ ၁၅ ပြားနဲ့ပဲ ယူမယ်  ဒါပေမဲ့ မင်း ဒီနေ့ အကုန်ကုန်အောင် ဝိုင်းကူရောင်းပေးရမယ်"


"သဘောတူတယ်"