Ch 11
Viewers 5k

🍋 Chapter 11


ဟွာရှင်းမှာ ဆိပ်ကမ်း၌အလုပ်လုပ်ကိုင်သူဖြစ်သည်။ သူသည် အရပ်အမောင်းကောင်းပြီး သန်မာထွားကြိုင်းသူဖြစ်ရာ အခြားသူများထက် အလုပ်ပိုလုပ်နိုင်သဖြင့် ဝင်ငွေလည်းပိုရသည်။ အခြားသူများမှာ ပြား ၃၀ သာ ရချိန်တွင် သူက ၅၀ အထိ ရရှိလေသည်။


သို့သော်လည်း ဟွာရှင်းအတွက်မူ ထိုပမာဏမှာ မလုံ လောက်သေးဟု ခံစားနေရသည်။ မြောင်ရင့် ဒဏ်ရာမှာ ဆေးဝါးများ လိုအပ်နေပြီး "မြည်းရေကော်"အား မဝယ်နိုင်သေးသဖြင့် ပြန်လည်ကျန်းမာလာမှုမှာ နှေးကွေးနေဆဲဖြစ် သည်။ ထို့ပြင် နှစ်သစ်ကူးကာလ နီးကပ်လာပြီဖြစ်ရာ မိသားစုအား မုန်လာဥနှင့် ဂေါ်ဖီထုပ်များသာကျွေး၍မဖြစ်၊ အသားဟင်းလည်း ဝယ်ကျွေးရန်လိုအပ်သည်။


အဆိုးဆုံးမှာ မြောင်ရင်သည် နှစ်သစ်ကူးပြီးနောက်ထွက်ခွာသွားနိုင်ခြေရှိသဖြင့် သူ ထွက်သွားသည့်အခါလက်ဗလာဖြင့် မသွားစေရန် ခရီးစရိတ်အချို့ကိုလည်း ကြိုတင်ပြင်ဆင်ပေးထားချင်နေမိသည်။


နှစ်သစ်ကူးရန် ရက်ပိုင်းသာ လိုတော့သဖြင့် ဆိပ်ကမ်းမှာ ပိုမိုအလုပ်များလာသည်။ ဟွာရှင်းမှာ တစ်မနက်လုံး မနား တမ်း သင်္ဘောပေါ်နှင့် ကုန်းပေါ်သို့ ကူးချည်သန်းချည်ဖြင့် ကုန်ပစ္စည်းများ သယ်ယူနေရတော့သည်။


ယနေ့တွင် ခရိုင်အတွင်း အချမ်းသာဆုံးဖြစ်သော ဖုမိသားစု၏ ကုန်ပစ္စည်းများ ရောက်ရှိလာသဖြင့် လာရောက်ထုတ်ယူသူများပြားလှသည်။ သင်္ဘောပေါ်တွင် ဖုမိသားစုမှနှစ်သစ်ကူးအတွက် ဝယ်ယူထားသောလတ်ဆတ် သည့် စားသောက်ကုန်များ အပြည့်ပါလာသည်။


ဟွာရှင်းကမူ ပိုက်ဆံရဖို့သာ အဓိကဖြစ်သဖြင့် သူသယ်နေရသည့် အရာများမှာ ဘာတွေလဲဆိုသည်ကို ဂရုမစိုက်နိုင်အားပေ။


"အားလုံး သတိထားကြဟေ့၊ တစ်ခုခုပျက်စီးသွားရင် မင်းတို့ လျော်နိုင်မှာ မဟုတ်ဘူးနော်" 


ကြီးကြပ်သူ အော်ဟစ်နေသဖြင့် အလုပ်သမားများမှာ ပို ဂရုစိုက်နေကြရသည်။


ခေတ္တအကြာတွင် ကမ်းခြေ၌ ဆူညံသံများ ထွက်ပေါ်လာသည်။ ဟွာရှင်း တစ်ချက်ကြည့်လိုက်သော်လည်း သူနှင့်မဆိုင်သဖြင့် အကြည့်လွှဲလိုက်၏။ သူ ကုန်သေတ္တာအကြီးကြီးတစ်ခုအား သယ်လာစဉ် ဖုမိသားစု၏သခင်လေး ကိုယ်တိုင် အလုပ်လာရောက်ကြီးကြပ်နေသည်ကိုတွေ့လိုက်ရသည်။


ကုန်ပစ္စည်းများ ခိုးယူခြင်းမခံရစေရန် သင်္ဘောဆိုက်ချိန်တိုင်းတွင် လူလွှတ်၍ စောင့်ကြည့်ခိုင်းတတ်ခြင်းမှာ ထူး ဆန်းသည့်ကိစ္စမဟုတ်ပေ။ သို့သော်လည်း ဤ ဖုလင်းယောင်ဟူသော သခင်လေးမှာ ငြိမ်ငြိမ်နေတတ်သူမဟုတ်ဘဲ မျောက်တစ်ကောင်ကဲ့သို့ သင်္ဘောပေါ်တက်လိုက်၊ကုန်း ပေါ်ပြေးလိုက်ဖြင့် ဆော့ကစားနေလေသည်။


ဟွာရှင်းသည် ထိုသခင်လေးနှင့် တိုက်မိမည်ကို စိုးရိမ်သဖြင့် ခြေလှမ်းအား ပိုတည်ငြိမ်အောင် ထိန်းထားရသည်။ အကယ်၍သာ သူ ချော်လဲပြီး သခင်လေးကို ထိခိုက်မိပါက သူ့ဘဝ ပြီးသွားနိုင်သည်ကိုသိနေသော ကြောင့်ပင်။


"သခင်လေး... ခဏလောက် နားပါဦးဗျာ" 


သူ့အစေခံဖြစ်သူ ဖုရန့်ကလည်း စိုးရိမ်တကြီးဖြင့် ဘေးမှ ကပ်လိုက်နေရှာသည်။


ဖုလင်းယောင် တစ်ယောက်ကုန်ပစ္စည်းအားလုံးကိုစစ်ဆေး ပြီးနောက်မှ အနားယူရန် ပြင်တော့သည်။ အလုပ်သမားအားလုံးမှာလည်း ထိုသခင်လေး သင်္ဘောပေါ်မှ ဆင်းသွားတော့မည်ဖြစ်၍ စိတ်အေးသွားကြသည်။


သို့သော် မတော်တဆမှုဆိုသည်မှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပွားခဲ့သည်။ သင်္ဘောနှင့် ကုန်းမြေကိုဆက်ထားသော ပျဉ်ပြားမှာ ကျဉ်းမြောင်းလှရာ ဖုလင်းယောင်သည် ပျဉ်ပြားပေါ်ရှိ အဖုတစ်ခုနှင့် ခလုတ်တိုက်ပြီး လူက ယိုင်သွားသည်။ သူက ဘေးနားရှိ အစေခံ၏လက်မောင်းကို လှမ်းဆွဲလိုက်ရာ အစေခံမှာလည်း အရှိန်မထိန်းနိုင်ဘဲ နောက်ကနေ ကုန်သေတ္တာအချို့ သယ်လာသည့် အလုပ်သမားတစ်ဦး၏ခြေထောက်အား လှမ်းဖမ်းမိသွားသည်။ ထိုရုတ်ရုတ်သည်းသည်း ဖြစ်ရပ်များကြောင့် ကုန်သေတ္တာများမှာ ဖုလင်းယောင်ပေါ်သို့ ပိကျတော့မည့် အခြေအနေသို့ ဆိုက်ရောက်သွား၏။


ကုန်ပစ္စည်းများချပြီး သင်္ဘောဆီသို့ ပြန်အလာ ဘေးနားတွင် ရှိနေသော ဟွာရှင်းသည် ထိုအန္တရာယ်အားမြင်လိုက်ရသည်။ သူ ဘာမျှမစဉ်းစားဘဲ ရှေ့သို့ ပြေးထွက်ကာ ဖုလင်းယောင်အား အရှိန်ဖြင့်တွန်းဖယ်လိုက်ပြီး အစေခံကိုလည်း ဘေးသို့ကန်ထုတ်လိုက်သည်။ ထိုခဏမှာပင် ကုန်သေတ္တာများသည် ဟွာရှင်းပုခုံးပေါ်သို့ အရှိန်ပြင်းစွာ ကျဆင်းလာပြီး သူ့အား မြေပြင်ပေါ်သို့လဲကျသွားစေတော့ သည်။


အစေခံမှာ ကြောက်လန့်တကြားဖြစ်သွားပြီး ဟွာရှင်း၏ ကန်ချက်ကြောင့် နာကျင်နေသည့် ဝမ်းဗိုက်ကိုဖက်ကာ ဖုလင်းယောင်ရှိရာသို့ တုန်တုန်ရင်ရင်ဖြင့် ပြေးသွားသည်။ 


"သခင်လေး... သခင်လေး ဘာဖြစ်သွားသေးလဲဗျာ"


ဖုလင်းယောင်မှာမူ ခေါင်းတွေ မူးနောက်သွားပြီး တစ်စုံတစ် ယောက်မှ သူ့အား အရှိန်ပြင်းပြင်းဖြင့် တွန်းထုတ်လိုက်သည်ကိုသာ မှတ်မိတော့သည်။ သူ လှည့်ကြည့်လိုက်သောအခါ သူ့အားကယ်တင်လိုက်သည့် အမျိုးသားမှာ ကုန်သေတ္တာအောက်တွင် ပိလျက်လဲကျနေသည်ကို တွေ့လိုက်ရ၏။


အလုပ်သမားများမှာ အလုပ်များကို ရပ်လိုက်ပြီး ဟွာရှင်းပေါ်မှ သေတ္တာအားအမြန်ဖယ်ရှားပေးကြသည်။ ဖုလင်းယောင်သည်လည်း စိုးရိမ်တကြီးဖြင့် အနားသို့ပြေးသွားသည်။


"သူ့ကို ဆေးခန်းကို အမြန်ပို့ကြစမ်း!" 


ဖုလင်းယောင် အော်ပြောလိုက်သည်။ သူ ကိုယ်တိုင်လည်း ထိတ်လန့်နေမိသည်။ ဤနေရာသို့ သူ ပထမဆုံးအကြိမ် လာခြင်းဖြစ်ပြီး ပြဿနာတက်သွားပြီဖြစ်ရာ နောင်တွင် သူ့အစ်ကိုဖြစ်သူ ဖုလင်းကျစ်မှ သူ့အားအပြင်ပေးထွက်တော့မည် မဟုတ်သည်ကို စိုးရိမ်နေမိသည်။


ဟွာရှင်းသည် သူ့လက်မောင်းကျိုးသွားပြီဟု ခံစားနေရသည်။ သေတ္တာ၏ ချွန်ထက်သော ထောင့်စွန်းမှာ သူ့အဝတ်ပါးလေးကို ဖောက်ကာ အသားထဲအထိ ရှသဖြင့် သွေးများစိမ့်ထွက်နေသည်။ သို့သော် ထိုဒဏ်ရာထက် အရိုးကျိုးသွားသကဲ့သို့ ခံစားနေရသော နာကျင်မှုမှာ ပို၍ ပြင်းထန်နေသည်။


အလုပ်သမားများက ဟွာရှင်းအား ဆေးခန်းသို့တွဲခေါ်သွားသည်ကို ကြည့်ရင်း ဖုလင်းယောင် တစ်ခုခု သတိရသွားကာ သူ့ခါးပတ်တွင် ချိတ်ထားသော ပိုက်ဆံအိတ်ကို ဖြုတ်၍ အစေခံ ဖုရန်အားပေးလိုက်သည်။


"သူ့နောက်ကို မြန်မြန်လိုက်သွား၊ သူ နေပြန်ကောင်းလာတဲ့အထိ သေချာစောင့်ရှောက်ပေးလိုက်"


ဖုရန်သည် ပိုက်ဆံအိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီးသူတို့နောက်သို့အပြေးလိုက်သွားတော့သည်။ ဆိပ်ကမ်း တစ်ခုလုံးလည်း ပြန်လည်ဆူညံစည်ကားလာ၏။ ဖုလင်းယောင် ညွှန်ကြားစရာရှိသည်များကို မှာကြားပြီးနောက် ဆေးခန်းသို့ သွားရန်ပြင်စဉ် အဝေးမှ လှမ်းလာနေသော သူ့အစ်ကိုဖြစ်သူ ဖုလင်းကျစ်အားမြင်လိုက်ရသည်။


ဖုလင်းယောင်၏မျက်နှာလေး ချက်ချင်းငယ်ကျသွားသည်။ အစ်ကိုဖြစ်သူအား ကူညီရန်ပထမဆုံးအကြိမ် ကြိုးစားမှုမှာတင် အမှားအယွင်းဖြစ်သွားခဲ့ပြီ မဟုတ်ပါလား? သူ စိတ်ကို တင်းထားပြီး အစ်ကို့ထံ လျှောက်သွားလိုက်သည်။ အစ်ကိုဖြစ်သူ၏တည်တင်းနေသော မျက်နှာအား ကြည့်ရုံဖြင့် ဖြစ်ကြောင်းကုန်စင်ကို သိရှိသွားပြီမှန်း ရိပ်မိလိုက်၏။


အစ်ကိုဖြစ်သူက တည်ငြိမ် လေးနက်သော လေသံဖြင့် အမိန့်ပေးလိုက်လေသည်။


“မင်းရဲ့ ဒီလအတွက် လစာကိုထက်ဝက်လျှော့မယ် ပြီးတော့ ဒဏ်ရာရသွားတဲ့သူရဲ့ ဆေးဖိုးဝါးခ၊ လျော်ကြေးနဲ့ ကန်တော့ပစ္စည်း အားလုံးကို မင်းရဲ့ကိုယ်ပိုင်ဘဏ္ဍာထဲကပဲ စိုက်ထုတ်ရမယ်”  


ဆေးခန်းအတွင်း၌မူ သမားတော်မှာဟွာရှင်း လက်မောင်း ဒဏ်ရာကို ဆေးထည့်ပေးရင်း သေသေချာချာစမ်းသပ်စစ်ဆေးနေသည်။ ကံကောင်းထောက်မစွာဖြင့် အရိုးမကျိုးသွားသော်လည်း သေချာအနားယူရန် လိုအပ်ကြောင်း၊ “အရိုးအက်လျှင် ရက်တစ်ရာအနားယူရသည်” ဟူသော စကားအတိုင်း ရှေ့လာမည့် သုံးလအတွင်းပြင်းထန်သော အလုပ်များကို လုံးဝမလုပ်ရန် မှာကြားလိုက်သည်။


ဟွာရှင်းမျက်နှာမှာ ခါးသက်သွားရသည်။ သူသည် အလုပ် များများလုပ်ပြီး ပိုက်ဆံရှာကာ ပျော်ရွှင်စရာ နှစ်သစ်ကူးလေးကိုဖြတ်သန်းချင်ခဲ့သော်လည်း ယခုမူ ဒဏ်ရာရသွားသဖြင့် ဝင်ငွေလမ်းမှာပိတ်သွားခဲ့ပြီဖြစ်သည်။ ဤနှစ်သစ်ကူးအား မည်သို့ ဖြတ်ကျော်ရမည်နည်းဟု သူ စိုးရိမ်ပူပန်နေမိသည်။


သူ့အား ဆေးခန်းသို့ လိုက်ပို့ပေးသည့် အလုပ်သမားနှစ်ဦးကလည်း သူ့အတွက် စိတ်မကောင်းဖြစ်နေကြသည်။ ပုံမှန်အားဖြင့် ဆိပ်ကမ်းတွင် အလုပ်လုပ်သူများသည် အလွန်ဆင်းရဲကြသူများသာဖြစ်သည်။ သခင်လေး ဆေးဖိုးပေး သည်မှာပင် ကံကောင်းလှပြီဟု ဆိုရမည်။ အကယ်၍ သခင်လေးက ဘာမှမပေးဘဲ နေလျှင်ပင် သူတို့လို လူတန်း စားများမှာ မည်သို့မျှ တုံ့ပြန်နိုင်စွမ်းမရှိကြပေ။


ဟွာရှင်း ဘာမှမဖြစ်သည်ကို သိရပြီးနောက် ထိုအလုပ်သ မားနှစ်ဦးမှာ အလုပ်ပြန်ဆင်းရန် ပြင်ကြသည်။ ဆေးခန်းဝသို့ ရောက်သောအခါ သခင်လေး ဖုလင်းယောင်နှင့်တိုးတော့၏။


ကုန်သေတ္တာများ ပြုတ်ကျအောင်အစပျိုးမိခဲ့သည့် အလုပ် သမားမှာ သခင်လေးအား မြင်သည်နှင့် အပြစ်မကင်းသလို ခံစားရကာ ဘေးသို့ကပ်ရှောင်နေမိသည်။ သို့သော် ဖုလင်းယောင် သူတို့ကို တစ်ချက်ကလေးမျှပင် မကြည့်ဘဲ ဟွာရှင်းရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။


သမားတော်မှာ ဟွာရှင်းအခြေအနေကို ထပ်မံရှင်းပြသောအခါမှ ဖုလင်းယောင်မျက်နှာ အနည်းငယ်ကြည်လင်သွားသည်။ ထို့နောက် အစ်ကိုဖြစ်သူ၏စကားကို ပြန်လည်ကြားယောင်ရင်း ဟွာရှင်းအား လေးနက်စွာကြည့်လိုက်သည်။


"ခင်ဗျားက ကျွန်တော့်အသက်ကို ကယ်ခဲ့တာပဲ၊ ကျွန်တော်က ကျေးဇူးကန်းတဲ့သူ မဟုတ်ပါဘူး”  


သူ သမားတော်ဘက်သို့ လှည့်ကာ “သူ့ကို အကောင်းဆုံး ဆေးတွေသာ ပေးလိုက်ပါ”  


သမားတော်မှာ ဝမ်းသာအားရ ခေါင်းညိတ်ပြီး တပည့်ဖြစ်သူကို ဆေးသွားယူခိုင်းသည်။ ထိုစဉ် ဟွာရှင်း မတ်တတ် ရပ်လိုက်ပြီး သမားတော်အား ပြောလိုက်သည်။


“ကျွန်တော့်အတွက် ဒီလောက်ကောင်းတဲ့ဆေးတွေ မလိုပါဘူး... အဲဒီအစား ဆေးထဲမှာ မြည်းရေကော်တစ်ခုပဲ ထည့်ပေးလို့ ရမလားခင်ဗျာ”


“နေပါဦး... မင်းက ကျန်းမာသန်စွမ်းတဲ့သူပဲ၊ မြည်းရေကော်က မင်းနဲ့ မတည့်ဘူးလေ” 


သမားတော်မှာ အံ့ဩသွားသည်။ စိတ်ထဲတွင်တော့ ဟွာရှင်းအား ဆေးဖိုးများကို လိမ်လည်တောင်းခံတတ်သည့် လူလိမ်တစ်ယောက်ဟုပင် ထင်မှတ်သွားမိသည်။ 


“သာမန်ဆေးတွေနဲ့တင် လုံလောက်ပါတယ်”


ဟွာရှင်းက အမြန်ခေါင်းခါရင်း တောင်းပန်တိုးလျှိုးလိုက်သည်။


“ကျွန်တော့်အိမ်က ဖုရန်က ဖျားနေတာပါ၊ သူက အဲဒီမြည်းရေကော်ကို လိုအပ်နေလို့ပါ... ကျွန်တော့်အတွက်ဆေးတွေကို ဖယ်လိုက်ရင်တောင်ရပါတယ်၊ မြည်းရေကော်လေးကိုပဲ လဲပေးပါ” ဟု တောင်းပန်တိုးလျှိုးလိုက်သည်။


သမားတော် သခင်လေးဖုအား လှမ်းကြည့်ရာ ဖုလင်းယောင်က လက်ကာပြရင်း “သူ့ကို များများပိုထည့်ပေး လိုက်ပါ”  


အမြဲတမ်းတည်တင်းနေတတ်သော ဟွာရှင်းမျက်နှာတွင် အနည်းငယ် ပြောင်းလဲသွားပြီး ဖုလင်းယောင်အားဦးညွတ် ကာ ပြောလိုက်သည်။


“ကျေးဇူးတင်ပါတယ် သခင်လေး”


ဖုလင်းယောင်သည် ဟွာရှင်း၏ဖာထေးထားသော အဝတ် အစားများအား သတိထားမိသွားသည်။ သူ့ဇနီးအတွက် မြည်းရေကော်တစ်ပြားပင် မဝယ်နိုင်ရှာဘဲ ယခု သူကိုယ် တိုင်ပါ ဒဏ်ရာရသွားသဖြင့် ထိုမိသားစု၏အခြေအနေမှာ ပိုဆိုးရွားသွားနိုင်သည်ကို သူ တွေးမိသွားသည်။


အဆုံးတွင် ဤသည်မှာ သူ့အမှားကြောင့်ပင် မဟုတ်ပါလား? အစ်ကိုဖြစ်သူ၏ စကားကို သတိရကာ ဖုလင်းယောင် ချက်ချင်းပင် “ခင်ဗျားရဲ့ ကျေးဇူးကို ကျွန်တော် ဘယ်လိုမှ မဆပ်နိုင်ပါဘူး.... တခြားအရာတွေ မပေးနိုင်ပေမယ့် ငွေအချို့တော့ ပေးပါရစေ”


ဟွာရှင်း စကားမဆုံးခင်မှာပင် ဖုလင်းယောင်က ဖုရန်၏ လက်ထဲမှ ပိုက်ဆံအိတ်ကိုလှမ်းယူကာ မွှေနှောက်ရှာဖွေတော့သည်။ ယနေ့ သူ အပြင်ထွက်လာစဉ်က ငွေ (၅) ချောင်းသာ ပါလာခဲ့သည်။ ဆေးဖိုးအတွက် ၁ ချောင်းကျော်ကုန်သွားသော်လည်း အများစုမှာ မြည်းရေကော် ဝယ်ယူရာတွင် ကုန်ကျသွားခဲ့သည်။


ကျန်ရှိနေသော ငွေ (၄)ချောင်းမှာ ကျေးဇူးဆပ်ရန်မလုံ လောက်ဟု ထင်မိသဖြင့် သူ ဖုရန်ထံမှ ပိုက်ဆံအိတ်ကိုပါ ထပ်မံယူလိုက်ပြန်သည်။ သို့သော် ဖုရန်မှာ အစေခံတစ်ဦးသာ ဖြစ်သဖြင့် သူ့ထံတွင်လည်း ငွေ (၁)ချောင်းသာ ပါလေသည်။


ဖုလင်းယောင် တစ်ယောက်ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ် ဆေးခန်းထဲသို့ နောက်ထပ်လူတစ်ယောက် ဝင်လာသည်။ ထိုသူမှာ သူ့ ဒုတိယအစ်ကိုဖြစ်သူ ဖုလင်းကျစ်ပင်။


“ဒုတိယအစ်ကို! လာတာ အတော်ပဲဗျာ... ကျွန်တော့်ကို ပိုက်ဆံခဏလောက် ချေးပါဦး” 


သူ  ဖုလင်းကျစ်အနားသို့ အပြေးအလွှားသွားကာ “အိမ်ပြန်ရောက်ရင် ပြန်ပေးပါ့မယ်”  


ဖုလင်းကျစ် သူ့ပိုက်ဆံအိတ်ကို ကမ်းပေးလိုက်ရာ ဖုလင်းယောင် ထိုအိတ်ထဲမှ ငွေများကို အကုန်သွန်ထုတ်လိုက်ပြီး သူ့ငွေများနှင့် ပေါင်းလိုက်သောအခါ ငွေ (၁၀) ချောင်းတိတိရရှိသွားသည်။ သူ ထိုငွေများကို ဟွာရှင်းထံ ကမ်းပေးလိုက်ရင်း - “ဒါ ခင်ဗျားအတွက်ပါ”  


ဟွာရှင်းသည် လေးလံလှသော ငွေချောင်းများကိုမြင်ပြီး လန့်သွားကာ ငြင်းဆန်တော့သည်။ ယနေ့ မည်သူနှင့် တိုးတိုး သူ ကယ်တင်မိမှာပဲဖြစ်ကြောင်း ပြောသော်လည်း ဖုလင်းယောင် မကျေမနပ်ဖြစ်သွားကာ “ဘာလဲ... ကျွန်တော့်အသက်က ငွေ ၁၀ ချောင်းတောင် မတန်ဘူးလို့ ပြောချင်တာလား” 


ဟွာရှင်းမှာ ငွေ (၁၀) ချောင်းအား မလွှဲမရှောင်သာ လက်ခံလိုက်ရတော့သည်။


ဖုလင်းယောင် စိတ်အေးသွားရသည်။ သူ ငွေကို လက်ခံလိုက်ခြင်းမှာ ကောင်းသောကိစ္စပင်။ သူ့အစ်ကိုဖြစ်သူက “ငွေနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စဆိုရင် သူတစ်ပါးရဲ့ကျေးဇူးကြွေးကို အတင်မခံနဲ့” ဟု အမြဲ ဆုံးမလေ့ရှိသည် မဟုတ်ပါလား?


ဖုလင်းကျစ် သူ့အိတ်ခွံကို ပြန်ယူရင်း စနောက်လိုက်သည်။


“နောက်တစ်ခါ ဒီလောက်ထိ အလွဲလွဲအချော်ချော်ဖြစ်ရဲသေးလား ကြည့်ကြသေးတာပေါ့”  


ကိစ္စအဝဝ ပြေလည်သွားသဖြင့် ဖုလင်းယောင် စိတ်လက်ပေါ့ပါးသွားသည်။ သူ ဖုလင်းကျစ် လက်ကိုင်ပုဝါအိတ်ကိုကြည့်ကာ “အစ်ကို့ရဲ့ ပိုက်ဆံအိတ်လေးက ဆန်းလှချည်လား၊ ကျွန်တော်လည်း တစ်ခုလောက်လိုချင်တယ်” 


ဖုလင်းကျစ်က နှာခေါင်းရှုံ့လိုက်ရင်း “ဒါတွေက အခု ဝယ်ဖို့ တော်တော်ခက်တယ်၊ ငါ နောက်ထပ်ရရင် မင်းကိုပေးပါ့မယ်” 


သူတို့ ညီအစ်ကိုနှစ်ဦး ဆေးခန်းမှ ရယ်မောရင်းထွက်သွားကြသည်။ စောစောက အလုပ်သမားနှစ်ဦးမှာလည်း မပြန်သေးဘဲ ရှိနေကြ၏။ သူတို့သည် ဟွာရှင်းတစ်ယောက် ဝင်ငွေမဲ့သွားပြီဟု သနားနေကြသော်လည်း ယခုမူ မျက်စိတစ်မှိတ်အတွင်း ငွေ ၁၀ ချောင်းကြီးများ ရလိုက်သည်ကို မြင်ရသောအခါ အံ့ဩမဆုံးဖြစ်နေကြတော့သည်။ ငွေ ၁၀ ချောင်းဆိုသည်မှာ သူတို့ တစ်နှစ်စာ သုံးစွဲရန်လုံလောက်သော ပမာဏ ဖြစ်သည်။ 'ငါတို့သာ သခင်လေးရဲ့ သေတ္တာတွေကို ကူသယ်ပေးခဲ့ရင် ကောင်းမှာပဲ' ဟုပင် နောင်တရနေကြလေသည်။


သို့သော် ထိုသို့သော အခွင့်အရေးမျိုးမှာ တစ်သက်မှာ တစ်ခါသာ ကြုံရတတ်သောအရာ မဟုတ်ပါလား?


ဟွာရှင်း ကိုယ်တိုင်လည်း ရုတ်တရက်ရရှိလိုက်သော ဤငွေများကြောင့် ဝေဝေဝါးဝါးဖြစ်နေမိသည်။ သူ ခေတ္တမျှ ကြောင်အအရပ်နေပြီးမှ သမားတော်ပေးသော ဆေးထုပ်ကိုယူကာ ဆေးခန်းပြင်သို့ ဖြည်းညင်းစွာထွက်လာခဲ့သည်။


သူ့တွင် လက်မောင်းဒဏ်ရာရထားသော်လည်း တစ်သက်လုံး မရှာဖူးသည့် ငွေ ၁၀ ချောင်းအး ကိုင်ထားရသဖြင့် စည်ကားလှသော လမ်းမပေါ်တွင် အိမ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။


သူ့လက်ထဲမှ ဆေးထုပ်အား ကြည့်ရင်း မြောင်ရင် ဆေးသောက်လျှင် ခါးသက်သည့်မျက်နှာဖြစ်သွားတတ်သည်ကို သတိရကာ မုန့်ဆိုင်သို့အရင်ဝင်ခဲ့သည်။ ယခင်က ရှာထားသည့် ပိုက်ဆံလေးများဖြင့် သကြားရည်စိမ်သီးနှင့် မုန့်အချို့ ဝယ်ယူပြီးမှ အိမ်သို့ပြန်လာခဲ့သည်။


မိမိလုပ်အားဖြင့် ရှာထားသောငွေမဟုတ်သဖြင့် သုံးစွဲရသည်မှာ အားနာစိတ်ဖြစ်ပေါ်နေမိသည်။


သူ့လက်မောင်းမှာ အနည်းငယ်နာကျင်နေဆဲပင်။ အိမ်ပြန်ရောက်သောအခါ မြောင်ရင်နှင့် ဟွာရှောင်ပေါင်တို့သည် ဟင်းသီးဟင်းရွက်ခြံထဲတွင် မုန်လာဥများနှုတ်နေကြသည်ကို တွေ့လိုက်ရသည်။ ရှောင်ပေါင်မှာ သေးသေးလေးဖြစ်ပြီး မုန်လာဥကကြီးနေသဖြင့် အတင်းဆွဲနှုတ်ရာမှနောက် ပြန် လဲကျသွားရှာသည်။