(10)
ကျင်းရန် သူ၏ခေါင်းကို အလိုလို လှည့်လိုက်မိပြီးနောက် လိမ္မော်ရောင် အလုံးကြီးတစ်ခုက သူ့ခေါင်းဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ အရှိန်က အလွန်အမင်း လျှင်မြန်လွန်းသောကြောင့် သူ့တွင် တုံ့ပြန်ရန်အတွက်တောင် အချိန်မရှိခဲ့ပါချေ။
ကျင်းရန်တစ်ယောက် ဤတစ်ကြိမ်တွင်တော့ သူ့၏ခေါင်းကို ဘောလုံးဖြင့် အရိုက်ခံရတော့မည်ဟု ထင်လိုက်မိသော်လည်း ရန်ချင်းလင်က ရုတ်တရက် သူ့၏လက်ကို ဆန့်တန်းကာ ဘတ်စကတ်ဘောကို အမြန်ပြန်ရိုက်လိုက်လေ၏။
တစ်ဖက်မှ လူငယ်တစ်ယောက်က ဘောလုံးကို ပြန်ဖမ်းလိုက်သည်။ သူက ရန်ချင်းလင်ဘက်သို့ ပို၍ကြည့်လာခဲ့ကာ ပြီးမှ ကျင်းရန်ဘက်သို့လှည့်၍ တောင်းပန်လိုစွာ ပြုံးပြလာသည်။
“ကျင်းရန်၊ မင်း အဆင်ပြေရဲ့လား”
ကျင်းရန်က တစ်ဖက်လူမှ သူတို့နှင့် မေဂျာတူသည့် စီနီယာတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသွားကာ အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“အဆင်ပါတယ်၊ ရွှယ်ကျန်းတို့ ဒီလောက်ပူနေတာတောင် ဘတ်စကက်ဘော ကစားနေတုန်းပဲလား”
“ဒီမှာ မကစားလို့လည်း မဖြစ်ဘူးလေ၊ မိုးလုံလေလုံ အားကစားကွင်းက လူပြည့်နေပြီ”
ထိုစီနီယာက ကျန်းရန်ကိုကြည့်ကာ ဆက်မေးလာသည်။
“မင်း အတူကစားချင်လား၊ ငါတို့တွေ လူနည်းနေသေးတယ်”
ကျင်းရန် သူ့ခေါင်းထက်မှ နေကို ညွှန်ပြပြီး :
“မပါတော့ဘူး၊ ဒီနေလုံးကြီးကို ကျွန်တော် တကယ်သည်းမခံနိုင်ဘူး”
“ငါတို့ မနက်ဖြန်နေ့လည် ဘတ်စကတ်ဘောခန်းမကို ရက်ချိန်းယူထားတယ် ၊ မင်းလာခဲ့လိုက်လေ၊ ငါ မင်းနဲ့ မကစားဖြစ်တာကြာပြီ”
ကျင်းရန် သူ လေ့ကျင့်ခန်း မလုပ်ဖြစ်ဘဲ အချိန်အတော်လေး ကြာနေပြီဖြစ်ကြောင်း တွေးတောကာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ဒါဆို ကျွန်တော် ရှန်ကျစ်ရှောင်းနှင့် ကျိယွမ်ရှီးကိုပါ အတူခေါ်လာလို့ရမလား?”
“ပြဿနာမရှိဘူး”
ထိုစီနီယာက ဘောလုံးကို ယူကာ ထွက်သွားခဲ့ပြီးနောက်တွင် ကျင်းရန်၏ မျက်နှာပေါ်မှ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ကာ ရန်ချင်းလင်ဆီသို့ လှမ်းကြည့်လာသည်။
“ခုနတုန်းက မင်း ငါ့ကို ရွှယ်ကျန်းလို့ မခေါ်ခဲ့ဘဲ နာမည်ကိုခေါ်လိုက်တာလား”
ရန်ချင်းလင် ရှားရှားပါးပါး အနေရခက်စွာ ပြောလာသည်။
“... ကျွန်တော် အလျင်လိုနေတာနှင့် မေ့သွားတာ”
ကျင်းရန် ခေါင်းမာစွာ ပြောနေဆဲပင်။
“ဘာကို အလျင်တလိုဖြစ်နေရတာလဲ? ခုနက ငါ ကိုယ့်ဘာသာကိုယ် ဘောလုံးကို ရှောင်နိုင်တယ်နော်၊ မင်းစိတ်ပူနေစရာ မလိုဘူး”
‘အရပ်ရှည်တာက တကယ်ကိုအံ့သြစရာကောင်းတာပဲ’
ရန်ချင်းလင် အလိုလိုက်စွာဖြင့် သူ့ကို ချော့မော့ပေးလိုက်သည်။
“ဟုတ်ပါတယ်၊ ရွှယ်ကျန်းက အရမ်းစွမ်းအားကြီးတယ်ဆိုတာ ကျွန်တော်သိတယ်၊ မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်တာ!”
ကျင်းရန်အနေနဲ့ သူ့၏စကားများက အတော်လေး ထူးဆန်းကြောင်း တွေတောမိခဲ့သော်လည်း သင်ခန်းစာများဆီမှ သင်ယူခဲ့ပြီးဖြစ်သောကြောင့် အများကြီး တွေးမနေဖို့ ဆုံးဖြတ်လိုက်ချေသည်။
“ကျင်းရန်!”
ထန်ထန်က ကစားကွင်းတစ်ဖက်ရှိ ကျင်းရန်ဆီသို့ လက်ကိုဝှေ့ရမ်းကာ တောက်ပစွာ ပြုံးပြလာသည်။
ဘေးနားမှ မိန်းကလေးတစ်ယောက်က လှမ်းအော်လာသည်။
“ဒီမှာ နင့်ကိုလွမ်းနေတဲ့ လူတွေ ရှိနေတယ်နော်~”
မိန်းကလေး၏ မျက်နှာက နေရောင်အောက်တွင် ပန်းသီးမှည့်ကဲ့သို့ နီရဲသွားခဲ့သည်။
ကျင်းရန်: “ငါ ပြီးပြီ”
ရန်ချင်းလင်၏ဘေးမှ ဖြတ်သွားသည့်အခိုက်တွင် သူက တစ်ဖက်လူ၏ ပခုံးစွန်းကို ညင်သာစွာ ပုတ်လိုက်ပြီး သူ့၏ နှုတ်ခမ်းထောင့်များက ညင်သာစွာ ကွေးတက်သွားခဲ့သည်။
“ကျေးဇူးတင်ပါတယ် တိတိ”
ရန်ချင်းလင် မင်သက်ကြောင်အမ်းသွားခဲ့ပြီး သူ့၏ရင်ဘတ်က အနည်းငယ် ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူက သူ့နှလုံးသားနေရာဆီသို့ ငုံ့ကြည့်ကာ တီးတိုးရေရွက်လိုက်ချေသည်။
“ငါ... ဖာ့ခ့်”
*
ကျိယွမ်ရှီးမှာ လှေကားမှ ဆင်းနေသည့်အချိန်တွင်ပင် ဖုန်းကို ကိုင်ထားဆဲဖြစ်ကာ သူ့၏ရည်းစားထံသို့ မက်ဆေ့ချ်ပို့ပေးနေခဲ့သည်။
ရှန်ကျစ်ရှောင်းက စနောက်လာသည်။
“ငါ အရင်တစ်ယောက်က သတင်းမှာ တွေ့လိုက်သေးတယ်၊ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ယောက်က လှေကားကနေ ဆင်းလာတဲ့အချိန်မှာ လက်ကိုင်ဖုန်းနဲ့ ဆော့ကစားခဲ့လို့ မတော်တဆ ပြုတ်ကျပြီး နေရာမှာတင် အလောင်းက အေးစက်သွားတယ်တဲ့”
ကျိယွမ်ရှီးက စာရိုက်နေရင်းကနေ မော့မကြည့်ဘဲ ပြောလာသည်။
“ဝိုး၊ ကြောက်စရာကောင်းလိုက်တာ၊ ဒီသတင်းကိုကြားပြီးရင် လူတွေက အရမ်းကြောက်နေတော့မှာပဲ၊ ဒါနှင့် ကျင်းရန်၊ ငါကတော့ မင်းကို တောင်းပန်စရာတစ်ခုခုလုပာမ်ပြီထင်တယ်”
ကျင်းရန်: “ဘာလို့လဲ၊ မင်းပါးပါးရဲ့ WeChat ကို တစ်ယောက်ယောက်ဆီကို ထပ်ပေးလိုက်ပြန်ပြီလား”
“မဟုတ်ဘူး၊ ငါ ဒီအကျင့်ဆိုးကို မလုပ်တာကြာပြီ”
ကျိယွမ်ရှီး ပြုံးပြီးပြောလာသည်။
“ခုနတုန်းက ငါ့ရဲ့လောင်ဖောက ငါ့ကို ဘာလုပ်မလဲလို့ မေးခဲ့တယ်လေ၊ ငါလည်း ဘတ်စကက်ဘော သွားကစားမယ်လို့ပြောလိုက်တယ်၊ ဒါနှင့် သူမက မင်းရော အတူတူသွားမှားလားလို့မေးလာတယ်၊ ငါလည်း ဟုတ်တယ်လို့ ပြောလိုက်တယ်၊
နောက်တော့ သူမက ‘ ကျင်းရန် ဖန်ကလပ်’ ကိုသွားပြောလိုက်တယ်တဲ့၊ ခဏကြာရင် ဘတ်စကတ်ဘောခန်းမထဲမှာ မိန်းကလေးတွေ အများကြီးရှိနေလောက်မယ်လို့ ခန့်မှန်းရတယ်၊ အဲဒါကြောင့် မင်း ကြိုပြီး ပြင်ဆင်ထားတာကောင်းမယ်”
“ဖာ့ခ်! မင်း ဘာလို့ စောစောက မပြောခဲ့တာလဲ!”
ရှန်ကျစ်ရှောင်းက အော်ဟစ်လာသည်။
“ဒီလိုမှန်းသိရင် ငါ့အနက်ရောင် ဝတ်စုံကို ဝတ်လာမှာပေါ့!”
“ခဏလေး”
ကျင်းရန် မျက်မှောင်ကြုတ်လိုက်မိသည်။
“မင်း ခုနက ဘာပြောလိုက်တာလဲ”
“ ‘ကျင်းရန်ဖန်_အထောက်အပံ့ဖန်ကလပ်’ လေ၊ အဲဒါကို မနှစ်တုန်းက ဖွဲ့စည်းထားတာ၊ငါ့လောင်ဖောက အဖွဲ့ခေါင်းဆောင်ပဲ၊ အခုဆို လူပေါင်း 100 ကျော်လောက်ရှိနေပြီ”
ကျင်းရန်တစ်ယောက် လုံးဝ တိတ်ဆိတ်သွားရသည်။
“ဒီမိန်းကလေးတွေက အရမ်း အားလပ်နေကြတာလား? သူတို့အတွက် အိမ်စာတွေက နည်းနေသေးလို့လား”
“မိန်းကလေးတွေချည်းပဲ မဟုတ်ဘူး...”
ကျိယွမ်ရှီးက လျို့ဝှက်ချက်အား ပြောပြနေသကဲ့သို့ ပြောလာသည်။
“ယောက်ျားလေးတွေလည်း ရှိနေတယ်”
ရှန်ကျစ်ရှောင်း ရယ်မောလိုက်သည်။
“ဒါဆို သူတို့တွေက ဘာတစ်ခုမှကစားစရာ မရှိတော့ဘူး၊ ငါတို့ရဲ့ ကျင်းကောက ရေမရောတဲ့ အဖြေင့်ကြီးပဲ၊ တကယ်လို့ သူက အဖြောင့် မဟုတ်ရင်တောင် သူတို့ရဲ့အလှည့်ကိုတော့ သေချာပေါက် ရောက်လာမှာမဟုတ်ဘူး၊ အိမ်မှာ ရှိတဲ့ပန်းတွေက မမွှေးလို့လား? ဘာလို့ ပန်းရိုင်းတွေကို သွားကောက်နေမှာလဲ”
ကျိယွမ်ရှီး စိတ်ရှုပ်သွားခဲ့သည်။
“မင်းဘာကိုဆိုလိုတာလဲ”
ကျင်းရန် အေးစက်စွာပြောလာခဲ့သည်။
“မင်းရဲ့ ခွေးပါးစပ်ကို ပိတ်မထားနိုင်ဘူးလား”
ရှန်ကျစ်ရှောင်း သူ့ပါးစပ်ကို ဇစ်ပိတ်သကဲ့သို့ ဆွဲပိတ်လိုက်သည်။
ကျိယွမ်ရှီးက သူ့ကို ကြည့်လာပြီးနောက် ကျင်းရန်ဘက်ဆီသို့ ပြန်ကြည့်လာခဲ့ကာ ခေါင်းကိုလက်နှစ်ဘက်နဲ့ ကုတ်ခြစ်လိုက်တော့သည်။
.
ကျောင်း၏ဘတ်စကတ်ဘောခန်းမမှာ ပြိုင်ပွဲများမရှိသည့် ကာလများတွင် ကျောင်းတစ်ခုလုံး၌ရှိသည့် ဆရာများနှင့် ကျောင်းသားများအတွက် ဖွင့်ထားပေးခဲ့သည်။ သို့သော် ငှားရမ်းခကတော့ ဈေး ပို၍ကြီးပြီး တစ်နာရီစာအတွက် ရာဂဏန်းတချို့ ကုန်ကျလိမ့်မည်။ ပျမ်းမျှအားဖြင့်၊ လူတစ်ဦးလျှင် ဒါဇင်အနည်းငယ်ခဲ့ ပေးရန်လိုအပ်သည်။
ခန်းမထဲတွင် နေရောင်တိုက်ရိုက်မထိတွေ့ရဘဲ လေအေးပေးစက်ကိုလည်း ဖွင့်ထားပေးသည်။ ထို့ကြောင့် ဘတ်စကက်ဘောခန်းမအတွင်း အပူချိန်မှာ အပြင်ဘက်ထက် များစွာပိုနိမ့်နေခဲ့သည်။ ကျင်းရန်တို့ ရောက်ရှိလာချိန်တွင် ပရိသတ်အနည်းငယ်ပင်ရှိနေခဲ့ပြီ။
ရှန်ကျစ်ရှောင်းတစ်ယောက် ဖိအားများကို ခံစားလိုက်ရသည်။
“ဖာ့ခ်! မသိတဲ့လူတွေဆိုရင် တကယ့်ပြိုင်ပွဲကျင်းပနေပြီး ပွဲကို ခဏရပ်ထားတာဖြစ်မယ်လို့တောင် ထင်လောက်တယ်”
ကျိယွမ်ရှီးက ကျင်းရန်၏ နောက်ကျောကို ဂုဏ်ယူစွာ ပုတ်လိုက်သည်။
“ရန်ရန်၊ မင်းရဲ့ကျော်ကြားမှုကို မြည်းစမ်းကြည့်စမ်းပါ၊ မင်းတွေ့တယ်မလား ၊ ရန်ချင်းလင်ဆိုတာက ဘာလဲ၊ သူက ဖုန်မှုန့်သာသာပဲ!”
ရှန်ကျစ်ရှောင်းက ပရိသတ်ထဲမှ မိန်းကလေးများကို ကြည့်ပြီး ပြောလာသည်။
“ ကျင်းရန်၊ ထန်ထန် ရောက်လာပြန်ပြီ၊ ငါ မင်းကို သခွားသီးနဲ့ လောင်းရဲ့တယ်၊ သုံးရက်ပဲ၊ သုံးရက်က နောက်ဆုံးပဲ၊ သူမ မင်းကို သေချာပေါက် ဝန်ခံလိမ့်မယ်”
“မလောင်းဘူး၊ ငါ သခွားသီး မလိုချင်ဘူး”
ကျင်းရန် စကားပြောပြီးသွားသည်နှင့် စီနီယာများဆီသို့ သွားရောက်နှုတ်ဆက်ခဲ့သည်။
မိုးရွာဖို့ ဆုတောင်မှုက အသုံးဝင်သည်လည်း ဖြစ်နိုင်သည်။ မွန်းလွဲပိုင်းမှစ၍ လေထုမှာ အလွန်ပူပြီး စိုစွတ်ထိုင်းမှိုင်းလာခဲ့ကာ နေရောင်က တိမ်တိုက်များ၏ နောက်ကွယ်သို့ ပုန်းကွယ်သွားခဲ့သည်။ ထို့နောက် ခဏအကြာတွင် ကောင်းကင်ကြီးက အုံ့မှိုင်းပြီး မိုးဖွဲလေးများ စတင် ကျလာခဲ့တော့သည်။
လူငယ်လေးများမှာ စစ်ရေးလေ့ကျင့်မှုကြောင့် အမူအရာကင်းမဲ့စွာ ရပ်တန့်နေခဲ့ကြသော်လည်း စိတ်ထဲတွင်တော့ အရူးအမူး အော်ဟစ်နေခဲ့ကြပြီ။
လာစမ်းပါ! ရွာချလိုက်တော့! တုံ့ဆိုင်းမနေစမ်းနဲ့၊ အခုချက်ချင်း အားရပါးရ ရွာချလိုက်စမ်းပါ! တစ်စက္ကန့်လောက်စောပြီး မိုးရွာမယ်ဆိုရင် နောက်ထပ် အပြစ်ကင်းတဲ့ အသက်လေးတစ်ချောင်းကို ကယ်တင်နိုင်လိမ့်မယ်!
နောက်ဆုံးတွင် မိုးကြိုးတစ်ခုက ကောင်းကင်ယံဆီမှ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီးနောက် ပဲပိစပ်စေ့အရွယ်ရှိသည့် မိုးရေစက်ကြီးများက ကောင်းကင်မှ ပြုတ်ကျလာခဲ့ကာ မြေပြင်ပေါ်တွင် အက်ကွဲသွားခဲ့ကြတော့သည်။ နည်းပြဆရာမှ ကျောင်းသားများကို အနီးဆုံးတွင်ရှိနေသည့် ဘတ်စကတ်ဘောခန်းမမှာထဲသို့ မိုးခိုဖို့ အမိန့်ပေးလာခဲ့သည်။
ရန်ချင်းလင်၏အဝတ်အစားများမှာ တစ်ဝက်တစ်ပျက်ခန့် စိုစွတ်သွားခဲ့ပြီး စစ်ရေးယူနီဖောင်းအဝတ်အစားများက စိုစွတ်သွားသည့်အခြေအနေတွင် အရေပြားပေါ်၌ အလွန်ဆိုးရွားသကဲ့သို့ ခံစားလာခဲ့ရသည်။ သူ၏ စိတ်အခြေအနေများက မကောင်းတော့ဘဲ ပါးစပ်ထောင့်များကလည်း အောက်ဘက်သို့ တင်းကြပ်စွာ တွန့်ချိုးလာခဲ့သည်။
“အမ်... ရန်ချင်းလင် ၊ နင် တစ်ရှူး လိုချင်လား”
ရန်ချင်းလင် ပျင်းရိစွာဖြင့် မျက်တောင်ကို ပင့်မ,လိုက်သည်။ တစ်ဖက်လူမှာ သူနှင့် အတန်းတူမိန်းကလေးပင်။
ကောင်မလေးက သတိအနေအထားဖြင့် ပြောလာသည်။
“နင့်ရဲ့ဆံပင်တွေ စိုနေပြီ၊ သုတ်လိုက်ပါလား”
ရန်ချင်းလင် ငြင်းဆိုခဲ့သည်။
“မလိုဘူး”
သူ့၏အမူအရာက အေးစက်ပြီး သူ့အသံနေအသံထားသည်လည်း အလွန်အေးခဲနေသောကြောင့် တစ်ဖက် မိန်းကလေး၏စိတ်ဓာတ်က ပြိုလဲကျသွားခဲ့ရပြီး နေရာတွင်ရပ်တန့်ကာ ကျန်ရစ်ခဲ့တော့သည်။
ရန်ချင်းလင် သူမအား လျစ်လျူရှုကာ သူ၏အခန်းဖော်နှင့်အတူ ထိုင်ရန် နေရာတစ်ခုရှာဖွေခဲ့သည်။
အခန်းဖော်: “ပြိုင်ပွဲရှိနေတာလား၊ ဘာလို့ လူတွေ ဒီလောက်တောင်များနေတာလဲ...”
ပြိုင်ကွင်းထဲ၌ ဂျိမ်းစ်အမှတ်တံဆိပ်ဂျာစီကို ဝတ်ဆင်ထားသည့် ကောင်လေးက ခါးကို ကိုင်းညွတ်ထားကာ ဘောလုံးကို ထိန်းကိုင်ထားသည့် ပြိုင်ဘက်ကို စိုက်ကြည့်နေခဲ့သည်။ တစ်ဖက်မှပြိုင်ဘက်မှာပြင်းထန်စွာ အသက်ရှူနေခဲ့ပြီး အတုအယောင် ပစ်လွှတ်မှုတစ်ခု ပြုလုပ်ရန် ကြိုးစားသော်လည်း ထိုကောင်လေးက မြင်တွေ့ခဲ့သည်။
ကောင်လေးက ဘောလုံးကို လျှပ်စီးကဲ့သို့ ကြားဖြတ်လုယူကာ လှပသော ကိုယ်ဟန်အနေအထားဖြင့် သုံးမှတ်နေရာမှ ဘောလုံးကို ပစ်သွင်းလိုက်တော့သည်။
ပရိသတ်များ၏ အားပေးဟစ်ကြွေး အော်ဟစ်သံများက ထိုကောင်လေး၏ နာမည်နှင့် ရောနှောလျှက် ထွက်ပေါ်လာခဲ့တော့သည်။
“အား! အား အား အား အား! ကျင်းရန်! ကျင်းရန်! လုပ်လိုက်တော့!”
“ရန်ရန်! ရန်ရန်! ကျဲကျဲက မင်းကို ချစ်တယ်နော် ရန်ရန်!”
ကျင်းရန်နှင့် ရှန်ကျစ်ရှောင်းတို့ အတူတကွ ပြေးလွှားခဲ့ကြပြီး အချင်းချင်း လက်ဝါးခြင်းရိုက်လိုက်ကြကာ ရှပ်အင်္ကျီကို ပင့်မ,၍ ခေါင်းမှ ချွေးများကို သုတ်လိုက်ချေသည်။
မျက်လုံးတွေကို အဝေးကို အကြည့်မလွှဲနိုင်ဘဲ ဖြစ်နေသည့် ရန်ချင်းလင်၏ အခန်းဖော်က တီးတိုး ရေရွက်လာသည်။
“ဒီ ကျင်းရန် ရွှယ်ကျန်းက... တကယ့်ကို ချောမောလွန်းတာပဲ”
ရန်ချင်းလင်က တစ်ဖက်ကောင်လေး၏ သေးသွယ်သောခါးကို စိုက်ကြည့်ကာ မျက်လုံးများကို မှေးကျဥ်းလိုက်သည်။
“ဟုတ်တယ်”
*