Ch 3
Viewers 12k

အခန်း (၃) - အကြွေးစာချုပ်

 

ကျီကျောက်သည် ခါးသီးစွာ ပြုံးပြီး ခေါင်းခါလိုက်ပါသည်။ “ဒုတိယမရီး၊ ညီမ တောင်းပန်ပါတယ်။ မနေ့က ညီမ အစ်မကို မတွန်းထုတ်သင့်သလို အကြီးဆုံးမရီးကိုလည်း မကြိမ်းမောင်းခဲ့သင့်ပါဘူး။ ညီမ ကိုယ့်အမှားကို ကိုယ်သိပါပြီ။”

 

ဒါကိုကြားတော့ ဒုတိယမရီးရှန်းသည် ပို၍ပင် စိတ်ရှုပ်ထွေးသွားခဲ့သည်။ ဒုတိယမရီးသည် မျက်လုံးတွေကို မှေးကျဉ်းပြီး မိုးကောင်ကင်ကိုပင် မော့ကြည့်မိသည်။

 

ဒီမနက်တုန်းက အနောက်ကနေ နေထွက်လာတာ မဟုတ်ဘူးလား။

 

“အဟမ်း၊ အကြီးဆုံးမရီးနဲ့ ငါက နင် တောင်းပန်လိုက်တာနဲ့ ခွင့်လွှတ်လိုက်မယ်လို့ မထင်နဲ့။” ဒုတိယမရီးရှန်းသည် သူမကို ဒေါသတကြီးကြည့်ကာ လှည့်ထွက်သွားခဲ့သည်။

 

သူမသည် ကျီအာ့ထောင်လို အရှက်မရှိသူတစ်ယောက်နဲ့ အပေါင်းအသင်း မလုပ်ချင်ဘူး။

 

ကျီကျောက်သည် စိတ်ပျက်လက်ပျက် ခေါင်းငိုက်စိုက်ကျန်နေခဲ့သည်။

 

ဟင်း… မူလပိုင်ရှင်က အရမ်းမုန်းဖို့ကောင်းတာပဲ။ မူလပိုင်ရှင်နှင့် မရီးနှစ်ယောက်ကြား ဆက်ဆံရေးကို ပြုပြင်ရန်မှာ မလွယ်ကူလှပေ။

 

ကျီကျောက်သည် အိမ်ထဲမှ ထွက်လာကာ ခြံဝန်းထဲတွင် ရပ်ကာ ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာကြည့်ရှုနေခဲ့သည်။

 

ရှန်းတာ့ရှန်နှင့် ကျောက်လန်ဟွာတို့သည် ရှန်းဟယ်ရွာတွင် အလုပ်ကြိုးစားတယ်လို့ လူသိများ ထင်ရှားကြသူများ ဖြစ်သည်။ သူတို့သည် လွန်ခဲ့သော ဆယ်နှစ်ခန့်က အိမ်ခြံဝန်းတစ်ခုကို ကြိုးကြိုးစားစား ဆောက်လုပ်ခဲ့ကြသည်။ ပင်မအိမ်သည် သူတို့နေထိုင်ရာနေရာဖြစ်ပြီး အရှေ့ဘက်တွင် ညီအစ်ကို သုံးယောက်အတွက် အိမ်တစ်လုံးစီ ဆောက်လုပ်ပေးထားခဲ့သည်။ အနောက်ဘက်တွင် မီးဖိုချောင်နှင့် ထင်းတဲ ရှိသည်။ ခြံဝန်းတံခါးများအားလုံးကို အုတ်နီများဖြင့် ခပ်နိမ့်နိမ့် ဆောက်လုပ်ထားသည်။

 

ခြံအနောက်ဘက် မီးဖိုချောင်အနားတွင် ရေစည် သုံးလုံးရှိသည်။ အကြီးတစ်လုံးနှင့် အသေးနှစ်လုံးတို့ ဖြစ်ကြသည်။

 

ကျီကျောက်သည် ခဏလောက်စဉ်းစားပြီး ရေစည်အကြီးဆီသို့ လျှောက်သွားခဲ့သည်။ သူမသည် အသက်ပြင်းပြင်းရှုပြီး ရေစည်ထဲ ငုံ့ကြည့်လိုက်သည်။

 

သူမ၏ ခေါင်းပတ်လည်တွင် ထူထဲသော အဖြူရောင် ပတ်တီးစကို စည်းနှောင်ထားပြီး သူမကို ကြည့်ရတာ မံမီနှင့်တူလှသည်။

 

ကျီကျောက်သည် သူမ၏ မျက်နှာကို ရှင်းလင်းစွာ မြင်ရဖို့ ရှေ့သို့ နီးသထက် နီးအောင် တိုးသွားခဲ့သည်။ သူမရဲ့ မျက်ခုံးလေးတွေက မိုးမခကိုင်းလေးတွေနဲ့ ဆင်တူပြီး သူမရဲ့ ဗာဒံစေ့လို မျက်ဝန်းလေးတွေက ရေလိုကြည်လင်နေတယ်…

 

“နင် ဘာလုပ်နေတာလဲ။ နင့်ကိုယ်နင် ရေတွင်းထဲ ပစ်ချဖို့ ကြံနေတာလား။ ငါ နင့်ကိုပြောတယ်၊ နင် တကယ်သေချင်တယ်ဆိုရင် ငါတို့ရှန်းမိသားစုထဲမှာ မသေနဲ့၊ ငါတို့ကို ကံဆိုးစေလိမ့်မယ်။” ဟု ဒေါသတကြီး ပြောဆိုနေတဲ့ အသံတစ်ခု သူမနောက်ကျောဘက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

 

ကျီကျောက်က ထိတ်လန့်တကြား လှည့်ကြည့်လိုက်တော့ အကြီးဆုံးမရီးကို တွေ့လိုက်ရသဖြင့် ဂရုတစိုက် ရှင်းပြဖို့ ကြံရွယ်သည်၊ “အကြီးဆုံးမရီး…”

 

“ထွီ… ငါက ဥ မဥနိုင်တဲ့ ကြက်မပါဟယ်။ ငါက နင့်လို အလှလေးကျီရဲ့ မရီး ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတဲ့လဲ။” ရှန်းမိသားစု၏ အကြီးဆုံးချွေးမသည် ကောင်းကင်ပြာရောင် ချည်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားပြီး ခါးထောက်ကာ ဒေါသတကြီး ရန်တွေ့သည်။

 

“မရီး ကျွန်မ…”

 

“အမေ နင့်ကို လိုက်ရှာနေတယ်။” ရှန်းမိသားစု၏ အကြီးဆုံးမရီးသည် ထိုစကားကို ပြောကာ လှည့်ထွက်သွားခဲ့သည်။

 

ကျီကျောက်သည် ပျော့ညံ့စွာ ပုခုံးတွန့်ပြီး ခေါင်းငိုက်စိုက်ချကာ ခန်းမထဲသို့ ဝင်လာခဲ့သည်။

 

အလယ်ရှိ ခန်းမသည် အလွန်ကျယ်ဝန်းသည်။ သူမ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ အနီရောင် ဆေးသုတ်ထားသော လေးထောင့်စားပွဲနှင့် အနီရင့်ရောင် ထိုင်ခုံရှည် လေးလုံးတို့ ဖြစ်ကြသည်။

 

ထိုအချိန်တွင် ကျိုးလန်ဟွာသည် လေးထောင့်စားပွဲတွင် ထိုင်ကာ ရှုပ်ထွေးသော အမူအရာဖြင့် အခန်းထဲသို့ ဝင်လာသော မက်မွန်ရောင်အသွင်လေးကို ကြည့်နေသည်။

 

“… အမေ” ကျီကျောက်သည် သူမ၏ ခြေချောင်းလေးတွေကို ငုံ့ကြည့်ပြီး တိုးတိုးလေး ခေါ်လိုက်သည်။

 

“ထိုင်ပါ” ကျိုးလန်ဟွာသည် သူမကိုကြည့်ကာ စိတ်မကောင်းစွာ သက်ပြင်းချလိုက်သည်။

 

ကျီကျောက်သည် နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

 

ကျီကျောက်သည် နာခံမှုရှိစွာဖြင့် ထိုင်ကာ သူမကို ဂရုတစိုက် ကြည့်လိုက်သည်။ သူမသည် ခဏတာ ဘာပြောရမှန်းမသိအောင် စိတ်လှုပ်ရှားနေသဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်နေမိသည်။

 

“အမေ မင်းကို စန်းလန်ကို လက်ထပ်ဖို့ တောင်းဆိုတာ လွန်သွားမှန်း အမေသိပါတယ်။” ကျိုးလန်ဟွာက ကျီကျောက်ရဲ့ မျက်လုံးတွေကိုကြည့်ပြီး “လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းတို့ ရှီလျို့ရွာကို အောင်သွယ်တော် ခေါ်လာတဲ့အခါ အမေ မင်းအဖွားရှေ့မှာ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ မင်း စန်းလန်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေသမျှ ငါတို့ရှန်းမိသားစုက ချွေးမအပေါ် ကြမ်းတမ်းမယ့် ယောက္ခမမျိုးတွေ မဟုတ်ဘူး။ လက်ရှိ ငွေရေးကြေးရေး အခြေအနေက ကြပ်တည်းနေတယ်၊ ဒါကြောင့် မင်းတို့ လက်ထပ်ပွဲအတွက် တင်တောင်းပစ္စည်းအဖြစ် ငွေနှစ်ချောင်း၊ ဂျုံမှုန့် အိတ်တစ်ဝက်၊ ပြောင်းမှုန့် အိတ်တစ်ဝက်ပဲ ပေးနိုင်ခဲ့တယ်။”

 

“ဒီနှစ်က အဆင်ပြေတဲ့နှစ်ဆိုရင် အမေတို့မိသားစုက ဒီအရာတွေကို ဂရုစိုက်မှာ မဟုတ်ဘူး…” ကျိုးလန်ဟွာသည် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ပြောလာခဲ့သည်။ “ဒါပေမယ့် ဒီနှစ်အခြေအနေက အရမ်းဆိုးတယ်။ တစ်နှစ်ပတ်လုံး မိုးခေါင်နေတယ်။ မင်းတို့ ရှီလျို့ရွာဆို ဒီနှစ်မှာတင် မိသားစု ခုနစ်စု ငတ်သေသွားခဲ့တယ်… အမေ ဒီနေ့ မနက်တုန်းက စန်းလန်ကို မေးကြည့်တော့ နင်တို့နှစ်ယောက် မနေ့ညက နင်တို့ အိမ်ထောင်ရေးက မပြီးသေးဘူးလို့ သိရတယ်။ သမီးရဲ့ စိတ်က ရှန်းမိသားစုဆီမှာ မရှိတဲ့အတွက် အမေတို့ သမီးကို ခက်ခဲအောင် လုပ်မှာ မဟုတ်ဘူး။”

 

ကျိုးလန်ဟွာသည် သူမလက်ကို မြှောက်ပြီး စားပွဲပေါ် ပေါ့ပေါ့ပါးပါး ခေါက်လိုက်သည်။ “ရှန်းမိသားစုကနေ လက်ခံခဲ့တဲ့ တင်တောင်းပစ္စည်းတွေနဲ့ ငွေကြေး အပါအဝင် စုစုပေါင်းကို ငွေ ဆယ့်နှစ်ချောင်းအဖြစ် သတ်မှတ်လိုက်တယ်။ ဒါက ငွေချေးစာချုပ်ပါ။ မင်း ဒီငွေကို နှစ်နှစ်အတွင်း ပြန်ဆပ်ဖို့လိုတယ်။ နောက်တစ်ခုကတော့ ဒါက စန်းလန်ကိုယ်တိုင် ရေးသားပြီး လက်မှတ်ထိုးထားတဲ့ ကွာရှင်းစာပဲ။”

 

ကျီကျောက် ကြက်သေ သေသွားခဲ့သည်…