အခန်း (၁၇) – နင်က ငယ်သေးတယ်
“အမေ၊ ဒီည ဆိုင်မှာ
အိပ်သွားပါလား။ ခဏနေကျရင် အမေကြိုက်တဲ့ ဘဲသားပေါင်း ဝယ်ပေးလိုက်မယ်။”
“ဟင့်အင်း မနေတော့ဘူး၊ အိမ်မှာ
လုပ်စရာ အလုပ်တွေ အများကြီး ရှိနေတုန်းပဲ။ ဒီနေ့ နင့်တတိယခယ်မရဲ့ ဒဏ်ရာကို
ကုသပေးဖို့ မြို့တက်လာခဲ့တာ” ကျောက်လန်ဟွာက အခြားတစ်ခုကို သတိရပြီး အလျင်စလို
မေးလိုက်သည်၊ “ဒါနဲ့ စကားမစပ်၊ ငါပြန်ရင် အစာသွပ်မုန့် နှစ်ဘူးလောက် ထည့်ပေးလိုက်လေ။”
“အမေ၊ အမေ ဘယ်ဟာကို စားချင်လဲ။
ကျွန်တော် ချက်ချင်း ပြင်ပေးမယ်” ရှန်းတာ့လန်က မေးလိုက်သည်။
“အာ့ထောင်၊ နင့်အဘိုးအဘွားတွေက
ဘယ်အရသာကို စားရတာ ကြိုက်လဲ။ အချိုလား အငန်လား” ကျောက်လန်ဟွာက ရုတ်တရက်
ခေါင်းမော့ပြီး အာရုံထွေပြားနေတဲ့ ကျီကျောက်ကို မေးလိုက်သည်။
“အမေ… ကျွန်မရဲ့
အဘိုးအဘွားတွေအတွက် အစာသွပ်မုန့်ဝယ်ချင်လို့လား” ကျီကျောက်က အရမ်းအံ့ဩသွားသည်၊
“အမေ… အဲ့ဒါတွေ တကယ်မလိုအပ်ပါဘူး။ အစာသွပ်မုန့်တွေကို အစ်ကိုကြီး ဆိုင်မှာ
ရောင်းဖို့ပဲ ထားလိုက်ပါ။”
“အာ့ထောင်၊ နင်က အရမ်းငယ်သေးတယ်”
ကျောက်လန်ဟွာက သူမကို လေးလေးနက်နက်ကြည့်ပြီး အလွန်စိတ်အားထက်သန်စွာ ပြောလိုက်သည်၊
“နင်နဲ့ ငါ့စန်းလန်က အခု အထူးအခြေအနေမှာ ရှိနေပေမယ့် ဘာပဲဖြစ်ဖြစ် နင်တို့က
မျိုးရိုးနာမည်တစ်ခုတည်း ဇနီးမောင်နှံတွေဖြစ်နေတုန်းပါပဲ။ မနက်ဖြန်ကျရင် ရှီလျို့ရွာကိုပြန်ပြီး
နင့်အဘိုးအဘွားတွေကို ပြန်ကြည့်သင့်တယ်။”
“ဒါပေမယ့် အမေ…”
“အလျင်စလို မငြင်းနဲ့ဦး။
အကြီးဆုံးသား၊ အစာသွပ်မုန့် နှစ်ဘူးလောက် ပြင်ထားပေးပါ” ကျောက်လန်ဟွာက
ပဟေဠိဖြစ်နေသော ရှန်းတာ့လန်ကို ဘေးသို့ တွန်းဖယ်လိုက်သည်။
“ဟုတ်ကဲ့”
“အမေ… အမေ ကျွန်မကို
ရှီလျို့ရွာကို ပြန်မောင်းထုတ်ချင်နေသေးတာလားဟင်” ကျီကျောက်က ကျောက်လန်ဟွာကို
စိုးရိမ်တကြီးကြည့်ကာ သူမ စိတ်ထဲရှိသည့်အတိုင်း မေးမြန်းလိုက်မိသည်။
“နင် အတွေးလွန်နေပြီ”
ကျောက်လန်ဟွာက မသိမသာပြုံးပြီး “အခု ငါတို့ ရှန်းမိသားစုကလွဲရင် နင်နဲ့
စန်းလန်တို့ ကွာရှင်းထားတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး၊ ငါတို့ အပေါ်ယံမှာ ဒီလိုမျိုး
လုပ်သင့်နေတုန်းပဲ။ ဒီနေ့ ရွာအဝင်နားမှာ ရွာထဲကလူတွေ နင့်အတင်းတုတ်နေကြတာကို
နင်ကြားတယ်မဟုတ်လား။” ဟု ပြောလိုက်သည်။
“အမေ သူတို့ပါးစပ်တွေနဲ့ပဲ
တခြားသူတွေအကြောင်း ပြောနိုင်တာပါ။ သူတို့ ပြောချင်ရာ ပြောကြပါစေ။ ကျွန်မ
ဂရုမစိုက်ဘူး။” ကျီကျောက်က မသိမသာ ပြုံးလိုက်သည်။
“အာ့ထောင်၊ နင်
ဂရုမစိုက်ဘူးဆိုတာနဲ့ ငါဂရုမစိုက်ဘူးလို့ မဆိုလိုဘူးလေ။ ဒါ့အပြင်၊ နင်
ရှီလျို့ရွာက နင့်မိသားစုဆီ အိမ်အလည်မပြန်ဘူးဆိုရင် လျှာရှည်တဲ့ မိန်းမတွေက
ငါ့စန်းလန်အကြောင်း သွားပုတ်လေလွင့် ပြောကြလိမ့်မယ်” ကျောက်လန်ဟွာက ရက်ရောစွာ
ပြုံးပြီး သူမ၏ လေသံမှာ အလွန်ကြည်လင်ပြတ်သားသည်၊ “နင် ဒီလိုကိစ္စမျိုးတွေကို
သင့်တော်စွာ လုပ်ဆောင်သင့်တယ်။ အရမ်းကြီး စဉ်းစားနေစရာ မလိုဘူး။ ငါကတော့
ငါ့စန်းလန်ရဲ့ နာမည်ဂုဏ်သတင်းကို အဓိကထားပြီး တွေးတယ်။”
လေးနာရီခွဲ။
အကြီးဆုံးမရီးက သူ့မျက်နှာမှာ
ရွှင်လန်းမှုအပြည့်နဲ့ ပြန်ရောက်လာသည်။
“အမေ၊ ယောကျာ်း”
“နင် အဲဒီတောကြက်တွေ
အကုန်ရောင်းပြီးပြီလား” ကျောက်လန်ဟွာက သူ့မျက်နှာပေါ်ရှိ တောက်ပသော အပြုံးကို
မြင်တော့ အနည်းငယ် ပြုံးလိုက်မိသည်။
“အဒေါ်ကျောက်၊ ရှင်က တကယ်တော်တာပဲ။
ရှင်က ဒါကိုတောင် ခန့်မှန်းနိုင်တယ်နော်” အကြီးဆုံးမရီးရှန်း၏ ဘေးနားတွင် ရပ်နေသော
မျက်နှာဝိုင်းဝိုင်းနှင့် ကလေးမလေးက ပြုံးကာရယ်ကာ ပြောလာခဲ့သည်၊ “အဒေါ်က
အကောင်းဆုံးပဲလို့ ကျွန်မအစ်မပြောတာ အံ့ဩစရာ မဟုတ်ဘူးပဲ။”
“ချွင်းယန်ရဲ့ ပါးစပ်ကလေးက
ပိုပိုပြီး ချိုမြိန်လာတယ်” ကျောက်လန်ဟွာ၏ မျက်နှာပေါ်ရှိ အပြုံးဟာ
နက်ရှိုင်းလာခဲ့သည်။
“အစ်မ၊ အဒေါ်က ငါ့ကို
အရမ်းတော်တယ်လို့ ချီးကျူးတယ်။ ငါက မိုက်မဲတယ်လို့ နင် ထပ်မပြောနိုင်တော့ဘူး”
ဖုန့်ချွင်းယန်သည် အကြီးဆုံးမရီးရှန်း၏ လက်မောင်းကို ချစ်ခင်စွာ ဆုပ်ကိုင်ပြီး
ပြုံးရယ်ကာ စကားဆိုလိုက်သည်။
“နင်… နင်…” အကြီးဆုံးမရီးရှန်းက
သူမ၏ နဖူးကို ကူကယ်ရာမဲ့စွာ ဖိကိုင်လိုက်မိသည်။
နံဘေးနားတွင် နာခံမှုရှိစွာ
မတ်တတ်ရပ်နေသော ကျီကျောက်သည် ချွင်းယန်ဆိုသည့် အမည်ကို ကြားလိုက်ရသောအခါ သူမ၏
မျက်ဝန်းထဲတွင် အံ့အားသင့်နေသော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
ဖုန့်ချွင်းယန်သည်
အကြီးဆုံးမရီးရှန်း၏ ညီမအရင်းဖြစ်ပြီး အသက် ၁၂ နှစ်သာ ရှိသေးသည်။ သူမသည်
ရွှင်လန်းတက်ကြွသော ကိုယ်ရည်ကိုယ်သွေးရှိပြီး အလုပ်လုပ်ရာတွင် မခိုမကပ်
သွက်သွက်လက်လက် စွမ်းဆောင်နိုင်သူ ဖြစ်သည်။ သူမလေးသည် သူမ၏ အစ်မနှင့် ခဲအိုတို့
မုန့်ဆိုင်ကို စီမံခန့်ခွဲရန် ကူညီပေးသည်။ ကျီကျောက်သည် မူရင်းဝတ္ထုမှ ဇာတ်ကွက်ကို
ရုတ်တရက် ပြန်တွေးလိုက်သည်။ အကယ်၍ ဇာတ်ကွက်သာ မပြောင်းလဲပါက ဖုန့်ချွင်းယန်သည်
ယခုနှစ် ဆောင်းဦးရာသီတွင် ဘေးဥပဒ်နှင့် ရင်ဆိုင်ရမည်မှာ သေချာပါသည်။
“အမေ၊ တောကြက်အကုန်လုံး
ဟုန်ရင်းစားသောက်ဆိုင်က ဝယ်လိုက်တယ်” အကြီးဆုံးမရီးရှန်းက သူမ၏ အင်္ကျီလက်ထဲမှ
ကြာပန်းပွင့်ချည်ထိုးထားသည့် မီးခိုးရောင် ပိုက်ဆံအိတ်လေးကို ထုတ်ယူလိုက်ကာ အထဲမှ
ပိုက်ဆံများကို သွန်ချလိုက်သည်၊ “တောကြက် ခုနစ်ကောင်ကို စားသောက်ဆိုင်ပိုင်ရှင်က
ကျွန်မတို့ကို စုစုပေါင်း ငွေ ခုနစ်ချောင်း ပေးလိုက်တယ်။”
ငွေ ခုနစ်ချောင်းသည်
အစာသွပ်မုန့်ဆိုင်၏ တစ်လခွဲဝင်ငွေနီးပါး ဖြစ်သည်။ စီးပွားရေးကောင်းမှသာလျှင် ဤမျှ
ဝင်ငွေမျိုးကို ရနိုင်မှာ ဖြစ်သည်။
“အာ့ထောင်၊ ဒီတောကြက်တွေကို
နင်ဖမ်းမိခဲ့တာဆိုတော့ ဒီငွေတွေကို နင်ပဲ သိမ်းထားလိုက်ချေ” ကျောက်လန်ဟွာက
အတွေးလွန်နေတဲ့ ကျီကျောက်ကို တစ်ချက်ကြည့်ပြီး တိုးတိုးလေး ခေါ်လိုက်သည်။
“အိုး” ကျီကျောက်က ယောင်ဝါးဝါး
တုံ့ပြန်လိုက်သည်။
အခြားလူများက
သူမကို စူးစမ်းချင်စိတ် ပြင်းပြစွာ စိုက်ကြည့်နေကြသည်။