Ch 19
Viewers 12k

အခန်း (၁၉) – မင်း ဘာလိုချင်နေတာလဲ

 

ဂျုံပြားစွပ်ပြုတ်မှာ ပါဝင်တဲ့ ဂျုံပြားလေးတွေက အလွန်ဝါးကောင်းပြီး အရသာက ချိုမြိန်နူးညံ့သည်။

 

ခဏကြာတော့ ကျီကျောက်သည် ဂျုံပြားစွပ်ပြုတ်တစ်ပန်းကန်ကို စားသောက်ပြီးပြီဖြစ်သည်။

 

“အမေ၊ ဒီဂျုံပြားစွပ်ပြုတ်က အရမ်းအရသာရှိတယ်” ကျီကျောက်သည် သူမလက်ထဲက ပန်းကန်လုံးအလွတ်ကို မြောက်ပြပြီး အပြုံးဖြင့် စကားဆိုလိုက်သည်၊ “အမေ၊ ကြည့်ပါဦး၊ ကျွန်မ စားပြီးသွားပြီ။”

 

မီးဖိုချောင်ထဲသို့ လှမ်းဝင်သည့် ရှန်းယောင်သည် ကျီကျောက်၏ မျက်နှာပေါ်ရှိ တောက်ပသော အပြုံးကို တွေ့လိုက်ရသည်။

 

ရှန်းယောင်သည် သူ့လက်သီးဆုပ်ကို နှုတ်ခမ်းနားကပ်ကာ နှစ်ကြိမ်မျှ ချောင်းဆိုးလိုက်သည်။

 

“စန်းလန်၊ ညကြီးမိုးချုပ် မီးဖိုချောင်ထဲ ဘာဖြစ်လို့ ရောက်လာတာလဲ” ကျောက်လန်ဟွာက သူ့ကို စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်သည်၊ “မင်း ဗိုက်ဆာလို့လား။ ဘာစားချင်လဲ။ အမေ မင်းအတွက် ချက်ပေးမယ်လေ။”

 

“အမေ၊ ကျွန်တော် ဗိုက်မဆာပါဘူး” ရှန်းယောင်က သူ့ခေါင်းကို ညင်ငါစွာ ခါလိုက်သည်၊ “အမေ၊ ကျွန်တော် ကျီအာ့ထောင်နဲ့ စကားသီးသန့်ပြောချင်တယ်။”

 

ကျောက်လန်ဟွာက ထိတ်လန့်သွားပုံပေါ်တဲ့ ကျီကျောက်ကို မသိစိတ်ကနေ တစ်ချက်လှမ်းကြည့်လိုက်မိပြီး နူးညံ့စွာ ရှင်းပြလိုက်သည်၊ “အမေက အာ့ထောင်ကို ပြန်ခေါ်လာခဲ့တာပါ။ သူမ ခေါင်းမှာလည်း ဒဏ်ရာနဲ့ဆိုတော့ ဗိုက်ဆာလို့မဖြစ်ဘူးလေ။ သူမ…”

 

“အမေ” ရှန်းယောင်က သူမကို နူးညံ့စွာခေါ်လိုက်သည်။

 

ကျောက်လန်ဟွာက ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။ အဆုံး၌ ကျောက်လန်ဟွာသည် နောက်လှည့်ကာ မီးဖိုချောင်မှာ ထွက်သွားလေသည်။

 

ကျီကျောက်သည် သူ့မျက်ဝန်းတွေကို တိုက်ရိုက်ကြည့်ရန် ကြောက်ရွံ့လွန်းသဖြင့် သူ့ခြေချောင်းများကိုသာ ငုံ့ကြည့်နေနိုင်ခဲ့သည်။

 

“ကျွန်မ… ကျွန်မ အခုပဲ ထွက်သွားပါ့မယ်၊ စိတ်မဆိုးပါနဲ့၊ ဟုတ်ပြီလား။”

 

“မင်း အတိအကျ ဘာလုပ်ချင်တာလဲ” ရှန်းယောင်က ရုတ်တရက် ချဉ်းကပ်လာပြီး သူမနှင့် ခြေတစ်လှမ်းအကွာမှာ ရပ်တန့်လိုက်သည်၊ “မင်းခေါင်းမော့ပြီး ငါ့မေးခွန်းကို ဖြေပေးပါ။”

 

“ကျွန်မ ဘာမှ မလုပ်ချင်ပါဘူး” ကျီကျောက်က ခေါင်းမော့လိုက်သည်။ သူမ၏ မျက်နှာပေါ်ရှိ အပြုံးဟာ ဖြူဖျော့ပြီး အင်အားမဲ့နေပုံပင်။ “အမေက ကြင်နာတယ်။ အမေက ကျွန်မ မြေကမ္ဘာဘုရားကျောင်းကို ပြန်ရောက်တဲ့အခါ စားစရာ ဘာမှမရှိမှာဆိုးလို့ ကျွန်မအတွက် ဂျုံပြားစွပ်ပြုတ်ချက်ပေးတာပါ။ ကျွန်မမှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး။”

 

“အဲ့တာ မင်းအမေ မဟုတ်ဘူး” ရှန်းယောင်က သူမ၏ စကားကို အမူအရာကင်းမဲ့စွာ ဖြတ်ပြောလိုက်သည်၊ “ဒါ့အပြင်၊ မင်း ငါ့အိမ်ကို ထပ်မလာနဲ့။”

 

ကျီကျောက်သည် ရုတ်တရက်ဆိုသလိုပင် သူမ၏ နှလုံးသား စူးအောင့်သွားပြီး စကားမပြောနိုင်အောင် ဝမ်းနည်းသွားသည်။

 

သူမသည် စူပုတ်ပုတ်ဖြင့် “သိပါပြီ” ဟု ပြန်ဖြေလိုက်သည်။

 

ကျီကျောက်သည် နောက်လှည့်ပြီး ရှန်းအိမ်တော်မှ ထွက်ခွာသွားခဲ့သည်။ အုံံ့ဆိုင်းသော လရောင်အောက်မှ သူမ၏ နောက်ကျောကိုကြည့်ရတာ အလွန် အထီးကျန်ပုံပေါ်နေခဲ့သည်။

 

ရှန်းမိသားစုအိမ်တွင်၊ ကျောက်လန်ဟွာက ဝမ်းနည်းစွာ သက်ပြင်းချသည်၊ “စန်းလန်၊ အာ့ထောင်က တကယ်နောင်တနေပုံပါပဲ…”

 

“နောက်ကျနေပြီ။ အမေ၊ စောစော အနားယူပါ” ရှန်းယောင်က သူမ၏ အသနားခံလိုသည့် စကားတွေကို အတင်းကြားဖြတ်လိုက်သည်။ သူက လှည့်ထွက်သွားပြီး သူ့အခန်းထဲသို့ ပြန်သွားခဲ့သည်။

 

မြေကမ္ဘာဘုရားကျောင်းသို့ ပြန်လာသော ကျီကျောက်သည် ထောင့်စွန်းရှိ ကျူဖျာပေါ်တွင် တိတ်တဆိတ် လဲလျောင်းပြီး သူမ၏ အကြည့်တွေက ဗလာကျင်းနေခဲ့သည်။

 

ရှန်းယောင်၏ နှလုံးသား အထုံးကို ရှင်းဖို့ မလွယ်ကူဘူးပဲ။

 

သွားရမယ့် လမ်းခရီးက ရှည်လျားမယ့်ပုံပင်။

 

ကျီကျောက်သည် ထိုအကြောင်းကို တစ်ခဏတာမျှ တွေးတောနေရင်း အိပ်ချင်သလို ခံစားခဲ့ရသည်။ ခဏအကြာတွင် သူမ လုံးဝ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

 

နောက်တစ်နေ့မနက်ခင်း ကျောက်လန်ဟွာသည် ကျီကျောက်၏ ဦးခေါင်းဒဏ်ရာကို စိုးရိမ်သဖြင့် ကြက်ဥပေါင်း ပန်းကန်လုံးအကြီးကြီးတစ်လုံး ပြုလုပ်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။

 

ကျီကျောက်သည် ဆာလောင်မှုကြောင့် အိပ်ရာနိုးလာခဲ့သည်။

 

သူမသည် ပြင်းပြသော ရနံ့ကို ရှုရှိုက်မိပြီး ကူကယ်ရာမဲ့စွာ တံတွေးမျိုချမိသည်။ ထို့နောက် သူမသည် သူမ၏ မျက်ဝန်းကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

 

“နိုးပြီလား” ထင်းကောက်နေတဲ့ ကျောက်လန်ဟွာက လှုပ်ရှားတဲ့အသံကိုကြားတော့ ပြုံးပြီး လှည့်ကြည့်လာခဲ့သည်၊ “ငါ ကြက်ဥပေါင်းလုပ်လာတယ်။ ပူတုန်းလေး စားလိုက်ဦး။”

 

“အမေ၊ ကျွန်မ ဘယ်လိုလုပ်ပြီး ဒါကို လက်ခံရမှာလဲ” ကျီကျောက်က အလျင်စလို လက်ခါပြီး ငြင်းပယ်လိုက်သည်၊ “ကျွန်မ ဒါကို မစားနိုင်ဘူး။”

 

ဂွီ...

 

ကျီကျောက်၏ ဝမ်းဗိုက်မှ ဂွီဟူသော မြည်သံကိုကြားတော့ ကျောက်လန်ဟွာက ကြက်ဥပေါင်းပန်းကန်ကိုယူပြီး သူမလက်ထဲထည့်ပေးလိုက်သည်၊ “အချိန်ဖြုန်းမနေနဲ့။ ပူတုန်းလေး စားလိုက်။ ခဏနေကျရင် အလေ့ကျ ဟင်းသီးဟင်းရွက်တွေ တူးဖို့ ငါနဲ့ လိုက်ခဲ့ချေ။”

 

“… ကောင်းပါပြီ။”

 

ကျီကျောက်သည် ရွေးချယ်စရာမရှိဘဲ ကြက်ဥပေါင်းပန်းကန်ကို ကုန်စင်အောင် စားသောက်ခဲ့ရသည်။ ကြက်ဥပေါင်းထဲ နှမ်းဆီထည့်ထားသဖြင့် ပို၍ မွှေးကြိုင်နေသည်။

 

ခဏအကြာတွင် သူတို့နှစ်ယောက်သား တောင်ပေါ်ကို အတူတက်ခဲ့ကြသည်။

 

“အခုက မိုးခေါင်တဲ့နှစ်ဖြစ်တော့ တောင်ပေါ်က စားနိုင်တဲ့အရာမှန်သမျှ အကုန်ပြောင်စင်သွားပြီ။ နင် မနေ့က ရန်ဖြစ်နေတဲ့ တောကြက်တွေကို တွေ့ရတဲ့ အဖြစ်မျိုးက ရှားရှားပါးပါးပဲ” ကျောက်လန်ဟွာက တောင်ကုန်းနိမ့်တစ်ခုအား ရွေးချယ်ကာ ဖြည်းညင်းစွာ ထိုင်ချလိုက်ပြီး အလေ့ကျ ဟင်းသီးဟင်းရွက်များကို တူးဖော်ရန် အသင့်ပြင်လိုက်သည်။

 

“အမေ၊ မလှုပ်နဲ့” ကျီကျောက်က မျက်မှောင်ကြုတ်ပြီး အော်ဟစ်လိုက်သည်။