Ch 54
Viewers 12k

 

အခန်း (၅၄) - မွှေးရနံ့သင်းပျံ့သည့် ငါးကြော်

 

“အမေ ကျွန်မ အဆင်ပြေပါတယ်” အကြီးဆုံးမရီးရှန်းက အလျင်စလို ရှင်းပြခဲ့သည်။ “ရာသီဥတု ပိုပူလာတာကြောင့်ဖြစ်နိုင်တယ်၊ ဒါ့ကြောင့် ကျွန်မ မသက်မသာဖြစ်သလို ခံစားနေရတယ်။”

 

“နင် တကယ်နေမကောင်းဘူးဆိုရင် သမားတော်ဆီ သွားပြသင့်တယ်၊ ဟုတ်ပြီလား” ကျောက်လန်ဟွာက သူမရဲ့ လက်ကို ဆုပ်ကိုင်ပြီး လေးလေးနက်နက် သတိပေးသည်။ “ငါတို့ ရောဂါတွေကို ဖုံးကွယ်ထားတာမျိုး ဆေးကုသမှုကို ရှောင်လွှဲတာမျိုး မလုပ်ရဘူး၊ ဟုတ်ပြီလား။”

 

“အမေ စိတ်မပူပါနဲ့။ ကျွန်မ တကယ်အဆင်ပြေပါတယ်။” အကြီးဆုံးမရီးရှန်းသည် ယောက္ခမဖြစ်သူရဲ့ အရမ်းဂရုစိုက်တာကို ခံရတော့ စိတ်ထဲမှာ နွေးထွေးသွားခဲ့သည်။ “ဒါနဲ့ စကားမစပ် အမေ အာ့ထောင်က ခရိုင်မြို့မှာ ဈေးလာရောင်းချင်တယ်လို့ အမေပြောတော့ ကျွန်မ လိုအပ်တာတွေ အကုန်ပြင်ဆင်ထားပြီးပြီ။ အမေ တစ်ချက်ကြည့်ချင်လား။”

 

“ကောင်းပြီ” ကျောက်လန်ဟွာက လျင်မြန်စွာ ခေါင်းညိတ်ပြီး မိန်းမောတွေဝေနေသော ကျီကျောက်ကို လှည့်ခေါ်လိုက်သည်။ “အာ့ထောင် ငါတို့တွေ နင့်ဈေးဆိုင်တန်းကို တစ်ချက်သွားကြည့်ရအောင်။”

 

“တတိယခယ်မလေး နင် ဘာရောင်းချင်တာလဲ” အကြီးဆုံးမရီးရှန်းက စပ်စပ်စုစု မေးမြန်းလိုက်သည်။

 

“အကြီးဆုံးမရီး ကျွန်မ ငါးကြော်ရောင်းဖို့ စီစဉ်ထားတယ်” ကျီကျောက်က ခပ်ဖွဖွပြုံးပြီး တိုးတိုးလေး ပြန်ဖြေသည်။

 

“ငါးကြော်လား” အကြီးဆုံးမရီးသည် မျက်မှောင်ကြုတ်ပြီး အနည်းငယ် စိုးရိမ်သွားခဲ့သည်။

 

တကယ်တော့ ရာသီဥတုက ပိုပူလာပြီး ကြော်ထားတဲ့ အစားအစာတွေက တခြားသူတွေကြား ရေပန်းစားမှာ မဟုတ်ဘူး။

 

“ဒီတစ်ခေါက် ရွာလူကြီးနဲ့ ရွာသားတိုင်းလိုလို ငါးကန်ဖော်ပြီး ငါးတွေ အများကြီး ဖမ်းမိတယ်။ ဒါပေမယ့် ကျွန်မတို့မိသားစုကလွဲရင် တခြားမိသားစုတွေက ငါးတွေ အရမ်းသေးတော့ မရောင်းရဘူး။ ဒါ့ကြောင့် ကျွန်မတို့ ကံစမ်းကြည့်ဖို့အတွက် ခရိုင်မြို့မှာ ဈေးဆိုင်ခင်းပြီး ငါးကြော်ရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။” ကျောက်လန်ဟွာက အပြုံးဖြင့် ရှင်းပြသည်။ “ဒါပေမယ့် နင် အာ့ထောင်ရဲ့ ငါးကြော်လက်ရာကို မြည်းစမ်းပြီးတဲ့အခါကျရင် လုံးဝ ချီးကျူးမိလိမ့်မယ်။”

 

ကျီကျောက်သည် အိမ်နောက်ဖေး မီးဖိုချောင်သို့ လှမ်းကြည့်လိုက်သောအခါ မီးဖိုချောင်ထဲတွင် ဖုန့်ချွင်းယန်သည် နဂါးမုန့်ဆိတ်အစာသွပ်မုန့်များကို ဖြတ်တောက်နေသည်ကို တွေ့လိုက်ရသည်။

 

ထိုအချိန်တွင် ကျီကျောက်သည် စာအုပ်ထဲက ဇာတ်ကွက်တစ်ခုကို ရုတ်တရက် တွေးလိုက်မိပြီး သူမသည် တစ်ဖက်သားကို သတိပေးလိုသော်လည်း ဖုန့်ချွင်းယန်၏ သဘောထားမှာ အနည်းငယ် ထူးဆန်းနေသည်။

 

“ညီမချွင်းယန်”

 

“ငါ့က အစ်မတွေ အများကြီး မရှိဘူး” ဖုန့်ချွင်းယန်က စိတ်မရှည်တဲ့ မျက်နှာနဲ့ နဂါးမုတ်ဆိတ်အစာသွပ်မုန့်တွေကို ထုတ်ယူသွားသည်။ ကျောက်လန်ဟွာကို ဖြတ်သွားတဲ့အခါမှာတော့ အဒေါ်လို့ သာမန်ကာလျှံကာပုံစံမျိုးနဲ့ နှုတ်ဆက်ခဲ့သည်။ သူမရဲ့ သဘောထားက အရင်လို စိတ်အားထက်သန်ခြင်း မရှိပေ။

 

“အကြီးဆုံးချွေးမ ချွင်းယန် ဘာဖြစ်နေတာလဲ။”

 

“အမေ သူ နေကောင်းပါတယ်။ စိတ်မပူပါနဲ့။” အကြီးဆုံးမရီးရှန်းက စကားခေါင်းစဉ်ကို အမြန်ပြောင်းလိုက်သည်။ “အာ့ထောင်ကို သွားကြည့်ရအောင် ဟုတ်ပြီလား။”

 

ကျီကျောက်သည် ဖုန့်ချွင်းယန်၏ ရန်လိုမှုကို ခံစားမိသည်။

 

သူမသည် ဝေခွဲမရသလို ခံစားရသည်။

 

သို့သော် သူမသည် သူတော်စင်တစ်ယောက် မဟုတ်သလို စိတ်သဘောထား နွေးထွေးသူလည်း မဟုတ်ပေ။ ဖုန့်ချွင်းယန်၏ သဘောထားသည် သူမအပေါ် အလွန်ဖော်ရွေမှုမရှိသောကြောင့် သူမကို သတိပေးရမည့်တာဝန် သူမမှာ မရှိပေ။

 

ကျီကျောက်သည် သူမ ကျောပေါ်မှ ခြင်းတောင်းကို ချွတ်ကာ သူမ ပြင်ဆင်ထားသော ငါးတွေကို ထုတ်ယူလိုက်သည်။

 

ဒီမနက်စောစောမှာ သူမ ငါးသေးသေးလေးတွေကို သန့်စင်ခဲ့ပြီးပြီဖြစ်သည်။ ကျီကျောက်သည် ငါးသေးသေးလေးတွေကို အလျင်စလို အကြေးခွံထိုး ခေါင်းဖြတ်ပြီး ကလီစာတွေ ဖယ်ရှားကာ ရေသန့်နဲ့ ဆေးချလိုက်သည်။

 

ထို့နောက် သူမသည် အအေးခံထားသော ဂျင်းရေဖြင့် နှစ်ကြိမ်တိုင်တိုင် ဆေးကြောပြီး‌ နောက်ဆုံးတွင် ဟင်းခတ်အမွှေးအကြိုင်အနေဖြင့် သင့်လျော်သော ဟင်းချက်ဝိုင် ပမာဏကို လောင်းထည့်ကာ သမအောင် နယ်လိုက်သည်။

 

ကျီကျောက်သည် အဖြူအပြာဆေးခြယ်ထားသော ကြွေပန်းကန်လုံးကြီး တစ်လုံးကို ကောက်ယူပြီး ကြက်ဥ ခြောက်လုံးကို ခွဲထည့်ပြီး ကြက်ဥအရည် သေချာကျေညက်သွားအောင် ခလောက်လိုက်သည်။ နောက်တော့ သူမသည် ထိုအထဲကို ပြောင်းဖူးမှုန့် အနည်းငယ် ဆားအနည်းငယ် ထည့်ကာ အရသာ ညီမျှသွားအောင် အသာလေး ဆက်မွှေနေလေသည်။

 

“အမေ ကျေးဇူးပြုပြီး ကျွန်မကို အခု မီးကူမွှေးပေးပါလား။ မီးအရမ်းပြင်းစရာမလိုဘူး။”

 

“ကောင်းပြီ” ကျောက်လန်ဟွာက ရွှင်မြူးစွာ တုံ့ပြန်လိုက်သည်။ သူမသည် မီးဖိုရှေ့ ချက်ချင်း ထိုင်ချကာ မီးအပူရှိန်ကို ဂရုတစိုက် ချိန်ညှိလိုက်သည်။

 

အိုးထဲက ဆီတွေကို လုံးဝ ကျက်သွားအောင် အပူပေးပြီးနောက် ကျီကျောက်က ပြုံးပြီး “အမေ မီးအပူချိန်လျှော့ပေးပါဦး” ဟု ပြောလိုက်သည်။

 

“အာ့ထောင် နင် ဒီအချိန်မှာ ငါးအသေးလေးတွေကို ကြော်ဖို့ မလုပ်ဘူးလား။ အပူချိန်လျှော့သွားရင် အိုးထဲက ဆီတွေ အေးသွားလိမ့်မယ်။” ဘေးနားတွင် ရပ်နေသော အကြီးဆုံးမရီးရှန်းက ကျိုးကြောင်းဆီလျော်စွာ ဝင်ပြောခဲ့သည်။

 

“မရီး ဒါကို မသိလောက်ဘူး၊ ဒါပေမယ့် ဒါက ငါးကို ကြွပ်ရွအောင် ကြော်မယ့် ငါးကြော်ရဲ့ အဓိကသော့ချက်ပဲ။”