☘️ Chapter 1
လျန်လီ တစ်ယောက် ကမ္ဘာကူးပြောင်းလာခဲ့ပြီဖြစ်သည်။ သို့သော်လည်း လက်ရှိအခြေအနေမှာ အနည်းငယ်စိုးရိမ်ဖွယ်ရာ ဖြစ်နေ၏။
မိမိ၏ပတ်ပတ်လည်ရှိ စိမ်းဖန့်ဖန့် မျက်လုံးများကိုကြည့်ရှုရင်း လျန်လီသည် တံတွေးကို ခက်ခဲစွာမျိုချလိုက်မိသည်။ သူ အမှတ်မမှားလျှင် ဤသတ္တဝါများသည် ဝံပုလွေများဖြစ်ကြပေမည်။
ဝံပုလွေများသည် အရွယ်အစားမကြီးမားလှသဖြင့် သာမန်အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးအနေဖြင့် ရင်ဆိုင်နိုင်သော်လည်း လျန်လီအတွက်မူ မဖြစ်နိုင်ပေ။
သူသည် လွန်ခဲ့သောအနှစ်နှစ်ဆယ်အတွင်း ဆယ်နှစ်ခန့်ဆေးရုံခုတင်ပေါ်တွင်သာ ကုန်ဆုံးခဲ့ရသူဖြစ်သည်။
ထို့ကြောင့် သူသည် ဤကဲ့သို့ကမ္ဘာကူးပြောင်းလာရခြင်းကို အတော်အတန် လွယ်လွယ်ကူကူပင်လက်ခံနိုင်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူသည် နာတာရှည်ရောဂါဖြင့် သေအံဆဲဆဲဖြစ်နေခဲ့သောကြောင့်ပင်။
ရောဂါဝေဒနာပြင်းထန်သော အဆင့်တွင် သူသည် နာကျင်မှုများကြောင့် တစ်ညလုံးခုတင်ပေါ်၌ လူးလှိမ့်နေခဲ့ရပြီး သူ၏အေးစက်သော ချွေးများက အိပ်ရာခင်းများကို ရွှဲနစ်စေခဲ့သည်။
သူသည် အကိုက်အခဲပျောက်ဆေးများကို မရေမတွက်နိုင်အောင်သောက်သုံးခဲ့ရ၏။
သူ့ ခန္ဓာကိုယ်သည် ဆေးယဉ်ပါးသွားခဲ့သဖြင့် ထိုနာကျင်မှုများကို အောင့်အည်းသည်းခံရုံမှတစ်ပါး အခြားမရှိခဲ့ဘဲ နေ့စဉ်နှင့်အမျှ သေခြင်းတရားကိုသာတမ်းတခဲ့ရသည်။
သို့သော် သူ့ မိဘများ၏မခွဲရက်မခွာရက်နိုင်သော၊ ကြေကွဲဝမ်းနည်းနေသော မျက်ဝန်းများကိုမြင်တွေ့ရသောအခါ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်လိုသော စိတ်များကို မျိုသိပ်ထားခဲ့ရုံသာတတ်နိုင်ခဲ့၏။
ယခုမူ သူသည် နောက်ဆုံးတွင် လွတ်မြောက်သွားခဲ့ပြီဖြစ်သလို သူ့ မိဘများလည်း လွတ်မြောက်သွားခဲ့ကြပြီဖြစ်သည်။
ထို့ပြင် သူသည် ဝိညာဉ်ကူးပြောင်းလာခြင်းဖြစ်သဖြင့် သူ့ရောဂါဝေဒနာများ ပါမလာခဲ့သလို အင်္ဂါအစိတ်အပိုင်းချို့ယွင်းမှုလည်း မရှိခဲ့ပေ။
သို့သော် အားနည်းချက်တစ်ခုမှာ သူ့ ယခုခန္ဓာကိုယ်သည်လည်း အလွန်အမင်းကျန်းမာသည် မဟုတ်ဘဲ အားအင်ချည့်နဲ့နေခြင်းပင်။
ဤသည်မှာ ပြဿနာကြီးတစ်ခု မဟုတ်ပေ။ လျန်လီအနေဖြင့် အခြားပြင်းထန်သော ရောဂါဝေဒနာများမရှိဘဲ တစ်ဖန်ပြန်လည် အသက်ရှင်ခွင့်ရသည်ကိုပင် ကျေနပ်နေပြီဖြစ်ကာ အနည်းဆုံးတော့ သူ့ယခင်ခန္ဓာကိုယ်ထက် ပိုမိုကျန်းမာနေသေးသည်။
သို့သော် ခန္ဓာကိုယ် ကျန်းမာလာသည်ဆိုသော်ငြားလည်း ဆေးရုံခုတင်ပေါ်တွင် နှစ်ပေါင်းများစွာ နေခဲ့ရသူတစ်ဦးအဖို့ သာမန်လူတစ်ယောက်ကဲ့သို့ ဝံပုလွေများ၊ ကျားများကို ချက်ချင်း တိုက်ခိုက်နိုင်မည်ဟု မဆိုလိုပေ။
ဤနေရာတွင် ကျားများမရှိသော်လည်း ဝံပုလွေ သုံးကောင်ရှိနေလေသည်။
လျန်လီသည် စိတ်ထဲမှ ညည်းတွားလိုက်မိသည်မှာ "မဖြစ်နိုင်တာ! ငါ အခုမှ ကမ္ဘာကူးလာတာလေ၊ ငါ့ခန္ဓာကိုယ်က အပြည့်အဝ မကျန်းမာသေးပေမဲ့ တခြားရောဂါကြီးကြီးမားမားလည်းမရှိပါဘူး။
နောက်ဆုံးတော့ ငါ ဒီဝံပုလွေတွေအတွက် အစာဖြစ်ဖို့ ဒီကို ရောက်လာတာပေါ့လေ!
ဘုရားသခင်က ငါတို့ကိုအရက်စက်ဆုံး ပြက်လုံးတစ်ခုနဲ့ ကျီစယ်နေတာလား ? သူက ဒီဝံပုလွေတွေအပေါ် အရမ်းရက်ရောလွန်း နေပြီ! ပြီးတော့ ငါက ရောဂါသည်လေ အစာမဟုတ်ဘူးလေ!"
ဝံပုလွေများသည် တဟီးဟီးနှင့် အသံပြုရင်း တဖြည်းဖြည်း ချဉ်းကပ်လာကြရာ ၎င်းတို့၏တံတွေးများ မြေကြီးပေါ်သို့ ကျသည့်အသံကိုပင် သူ ကြားနေရသည်။
လျန်လီသည် သစ်ပင်ပင်စည်ကို တင်းကျပ်စွာဖက်ထားမိပြီး သူ့ လက်ချောင်းများမှာ အမှတ်မထင် ဆုပ်ကိုင်ထားမိကာ ကျောပြင်တစ်ခုလုံးတွင်လည်း ချွေးအေးများစီးကျလို့နေ၏။
သူသည် ၎င်းတို့ကို ပြန်လည်မတိုက်ခိုက်နိုင်သဖြင့် ပြေးလွှားလွတ်မြောက်ရန်သာ လမ်းစရှိတော့သည်။
သို့သော် ခြေထောက်နှစ်ချောင်းက လေးချောင်းကို မည်သို့ ရင်ပေါင်တန်းကာပြေးနိုင်ပါမည်နည်း။
ကြမ်းတမ်းသော သစ်ပင်ပင်စည်ကို ထိတွေ့မိသောအခါ လျန်လီသည် ရဲရင့်သော အကြံတစ်ခုရရှိသွား၏။ သူ ငယ်စဉ်အခါ ရောဂါမဖြစ်မီက သစ်ပင်တက်ရာတွင် အတော်ကျွမ်းကျင်ခဲ့ဖူးသည်။
ဆယ်နှစ်တိုင်တိုင် မလုပ်ဆောင်ခဲ့သော်လည်း သူ လုပ်နိုင်ပါသေးသည် မဟုတ်ပါလား။ သစ်ပင်ပေါ်သို့ ရောက်သွားလျှင် သူ ဘေးကင်းသွားပေမည်။
ဝံပုလွေများသည် သစ်ပင်မတက်နိုင်ကြပေ။
သူသည် ဝံပုလွေသုံးကောင်ကို စိုက်ကြည့်ရင်း စိတ်ထဲမှ သုံးအထိ ရေတွက်လိုက်ကာလှည့်၍ လက်ရောခြေပါ အသုံးပြုပြီး သစ်ပင်ပေါ်သို့ ခုန်တက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဝံပုလွေသုံးကောင်သည် နောက်ဆုံး၌ အတူတကွ တိုက်ခိုက်လာကြ၏။
လျန်လီသည် သူ့ဘဝတွင် ဤမျှ ကောင်းမွန်စွာ သစ်ပင်မတက်ခဲ့ဖူးကြောင်း ကျိန်ဆိုနိုင်ပါသည်။ အသက်ဘေးနှင့် ကြုံလာရသော အခါ သူသည် မကြုံစဖူးသော စွမ်းအားများကိုထုတ်သုံးနိုင်ခဲ့သည်။
ဝံပုလွေများ ကိုက်မခံရမီမှာပင် သူသည် သစ်ပင်ပေါ်သို့ အောင်မြင်စွာတက်နိုင်ခဲ့၏။
သစ်ပင်ပေါ်မှ သူတို့သားကောင်ကို လက်လှမ်းမမီနိုင်တော့သည်ကို တွေ့သောအခါ ဝံပုလွေများသည် အလွန်အမင်း ဒေါသထွက်ကာ ပတ်ချာလည်ပြေးလွှားနေကြသည်။
ထိုသို့ဖြစ်နေသည်ကို မြင်သောအခါ လျန်လီသည် ဘဝင်မြင့်သွား၏။ သူသည် သစ်ရွက်တစ်ရွက်ကို ဆွတ်ယူ၍ ဝံပုလွေများရှိရာသို့ အောက်သို့ ပစ်ချလိုက်သည်။
ထိုအပြုအမူက ဝံပုလွေများကို ပိုမိုအူသံညံသွားစေခဲ့သည်။
မနီးမဝေးတစ်နေရာတွင် အရပ်ရှည်ပြီး အလွန်ချောမောကာ မောက်မာရဲတင်းသော စိတ်နေသဘောထားရှိသည့် လူငယ်ဓားသမားတစ်ဦးသည် မြင်းကို အရှိန်ပြင်းစွာစီးနင်းလာနေ၏။
ဝံပုလွေအူသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် မြင်းသည် ရှေ့သို့ ဆက်မတိုးတော့ပေ။
ထိုသူသည် မျက်မှောင်ကြုတ်လိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် "တောက်" ဟု ခပ်တိုးတိုး အသံပြုလိုက်သည်။
ဤနေရာသည် လမ်းမကြီး မဟုတ်သော်လည်း သာမန်လူများ အသုံးပြုနေကျ လမ်းကြောင်းဖြစ်ပါလျက်နှင့် ဝံပုလွေများက လမ်းပိတ်ထားသည်မှာ မဖြစ်သင့်ပေ။
သူ မည်သို့ပင် တိုက်တွန်းစေကာမူ မြင်းက ရှေ့သို့မတိုးသဖြင့် သူသည် မြင်းပေါ်မှ ဆင်းကာ မြင်းကို ငြိမ်သက်သွားစေရန် ၎င်း၏ လည်ပင်းကို အသာအယာပုတ်ပေးလိုက်သည်။
မြင်း အနည်းငယ်တည်ငြိမ်သွားသောအခါ သူသည် မြင်းကိုဆွဲ၍ ဝံပုလွေများရှိရာသို့ ဦးတည်လျှောက်လှမ်းလာခဲ့သည်။
ဝံပုလွေလေးတွေပဲဥစ္စာ…
လျန်လီသည် သစ်ပင်ပေါ်တွင် နှစ်နာရီခန့် ပိတ်မိနေခဲ့ပြီ ဖြစ်သည်။ သူ၏ ခြေထောက်များမှာ ထိုင်နေရလွန်းသဖြင့် ထုံကျင် နေပြီဖြစ်ကာ လက်များမှာလည်း အားကုန်နေပြီဖြစ်၏။ အဓိကအချက်မှာ သူ အလွန်ဗိုက်ဆာနေခြင်းပင်။
အောက်ရှိဝံပုလွေများကိုသာ သူ နိုင်မည်ဆိုလျှင် ထိုတိရစ္ဆာန်သုံးကောင်ကို ဆင်း၍ သင်ခန်းစာ ကောင်းကောင်းပေးလိုက်မိ မည်မှာ သေချာသည်။
သို့သော် သူသည် ဝံပုလွေသုံးကောင်ကို ထိုးနှက်နေသည်ကိုသာ စိတ်ကူးယဉ်နေနိုင်ပြီး လက်တွေ့တွင်မူ သူသည် သစ်ပင်ပေါ်မှ ပြုတ်ကျကာ ၎င်းတို့၏အစာဖြစ်တော့မည့် အခြေအနေသို့ရောက်နေပြီဖြစ်သည်။
"ငါ့ဘဝတော့ သွားပြီ" ဟု လျန်လီက သေခြင်းတရားကို မကြောက်မရွံ့ဘဲ အော်ဟစ်လိုက်သည်။
နှစ်ပေါင်းများစွာ ခုတင်ပေါ်တွင် နေခဲ့ရပြီး ရောဂါဝေဒနာကို အမြဲတစေ တိုက်လှန်ခဲ့ရသဖြင့် သူသည် သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။
အကယ်၍ သူသာ စိတ်ဓာတ်မခိုင်မာခဲ့လျှင် အသက်နှစ်ဆယ်အထိ ဤရောဂါဝေဒနာ၏ နှိပ်စက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"အူးးး အူးးး အူးးး"
လျန်လီသည် မျက်လုံးများကို မှိတ်ထားလိုက်ရာ တဟီးဟီးနှင့် အသံပြုနေသော ဝံပုလွေသည် ရုတ်တရက် လမ်းဘေးတွင် ကန်ကျောက်ခံလိုက်ရသော ခွေးတစ်ကောင်ကဲ့သို့ နာကျင်စွာ အူဟောက်သံထွက်ပေါ်လာသည်။
ဤနေရာတွင် ဝံပုလွေသုံးကောင်ကို ရင်ဆိုင်ရဲသည်မှာ သစ်ကျား၊ ဝက်ဝံ သို့မဟုတ် ကျား တို့သာ ဖြစ်ပေလိမ့်မည်။
မဖြစ်သေးဘူး၊ ဒီသတ္တဝါသုံးမျိုးစလုံးက သစ်ပင်တက်နိုင်ကြတာပဲ!
ထိုသို့ တွေးမိသည်နှင့် လျန်လီ မျက်လုံးများက ဉာဏ်ထက် ပိုမိုမြန်ဆန်စွာပင် အောက်သို့ ကြည့်ရှုလိုက်မိသည်။
"ရှူးးး ရှူးးး ရှူးးး" ကြယ်တံခွန်များကဲ့သို့ အရိပ်မည်း သုံးခုသည် လွင့်စင်သွားပြီး မနီးမဝေးတွင် အရှိန်ဖြင့် ကျသွားကာ ၎င်းတို့၏ ညည်းညူသံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မြင်းဟီသံတစ်ခု သူ၏ နားထဲသို့ ရောက်ရှိလာသည်။
မြင်းတစ်ကောင်! လူတစ်ယောက်လား!?
လျန်လီသည် အတိုင်းမသိ ဝမ်းသာသွားပြီး သစ်ပင်ပေါ်မှဆင်းရန် ကြိုးစားလိုက်သည်။
ဤနေရာသို့ ရောက်လာပြီးနောက် နောက်ဆုံးတွင် သူသည် လူသားတစ်ဦးကို ပြန်လည်တွေ့မြင်ရပြီ ဖြစ်သည်။ ကောင်းလေစွ! တောထဲတွင် အသက်ရှင်ရန် ကြိုးစားရင်း တောရိုင်းတိရစ္ဆာန်များ၏အစာဖြစ်တော့မည်ကို အမြဲတစေ စိုးရိမ်နေရသည့် အဖြစ်မှ ကင်းဝေးပြီဖြစ်သည်။
သူသည် အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် မိမိခန္ဓာကိုယ် အခြေအနေကိုလုံးဝမေ့လျော့သွားခဲ့သည်။ သူ့လက်များမှာ အားအင်ချည့်နဲ့နေပြီး ခြေထောက်များမှာလည်း ထုံကျင်နေ၏။
သူ လှုပ်ရှားလိုက်သည့် ခဏမှာပင် ဟန်ချက်ပျက်ကာ သစ်ပင်ပေါ်မှအရှိန်ဖြင့် ပြုတ်ကျသွားတော့သည်။
"ဟာ... သွားပြီ"
ဟန်ချက်ပျက်သွားသဖြင့် သူသည် လေထဲတွင် လက်ခြေများယမ်းခါနေမိသည်။
ရုတ်တရက် သူ့ နောက်ကျောဘက်မှ လေပြင်းတစ်ခု တိုက်ခတ်လာပြီး နူးညံ့သောအင်အားတစ်ခုက သူ့ကို ပင့်မပေးလိုက်သည်။
သူသည် အလိုအလျောက် နောက်သို့ လှမ်းဖမ်းလိုက်သော်လည်း ဘာမှမရှိဘဲ လေသာလျှင် ဖြစ်၏။ သူ ဘာဖြစ်နေသလဲဟု မတွေးတောနိုင်မီမှာပင် သူ့ ခါးကို သန်မာသော လက်မောင်းတစ်ခုက ပွေ့ဖက်လိုက်ပြီး ပူနွေးသောခန္ဓာကိုယ်တစ်ခုက သူ၏ ကျောဘက်တွင် ထိကပ်နေသည်ကို ခံစားလိုက်ရသည်။
"ဟေ့ ကောင်လေး၊ မင်း ငါ့ပေါ်မှာ ဘယ်လောက်ကြာကြာ နေဖို့ စိတ်ကူးထားတာလဲ ?" ဟု သာယာသော အမျိုးသား အသံတစ်ခု ထွက်ပေါ်လာသည်။
သူ့ လေသံမှာ အေးစက်ပြီး အနည်းငယ်မောက်မာသော အရိပ်အယောင်ပါဝင်နေသော်လည်း ၎င်းမှာ သာမန် တည်ငြိမ်သော အသံမျိုးသာ။
လျန်လီသည် မော့ကြည့်လိုက်ရာ ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင်ချောမောလှပသော မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရ သည်။
သူ့မျက်ဝန်းများမှာ စူးစိုက်မှုမရှိသော်လည်း ဆံပင်များကို ပေါ့ပေါ့ပါးပါးပင် စည်းနှောင်ထားပြီး လွတ်လပ်ကိုယ်ဖော့ အသွင်အပြင်ကို ဆောင်နေသည်။
သစ်ပင်ပေါ်တွင် ဝံပုလွေနှင့် ရင်ဆိုင်နေရသော နှစ်နာရီအတွင်း သူသည် မူလပိုင်ရှင်၏မှတ်ဉာဏ်အချို့ကို စုစည်းနိုင်ခဲ့ပြီး ဤကမ္ဘာကြီးအကြောင်းကို အနည်းငယ်နားလည်လာခဲ့သည်။
သူသည် မိမိကိုကယ်တင်ခဲ့သော အမျိုးသားကိုလွှတ်လိုက်ပြီးနောက် ရုပ်ရှင်များထဲမှ သိုင်းပညာရှင်များ၏ကယ်တင်ခြင်းကို ခံရသော ဇာတ်ကောင်များကဲ့သို့ လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ အလေးအနက် ဦးညွှတ်လိုက်သည်။
"ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ သူရဲကောင်းကြီး”
သို့သော် ထိုသို့ ဦးညွှတ်လိုက်ခြင်းက အားနည်းနေပြီး ပင်ပန်းနွမ်းနယ်နေသော သူ့ခန္ဓာကိုယ်ကို အဆုံးစွန်အထိ ရောက်ရှိသွားစေခဲ့ သည်။
သူ့ အမြင်အာရုံများ မှောင်မိုက်သွားပြီး ရှေ့သို့ မှောက်လျက်လဲကျသွားတော့သည်။
ရှေ့မှ အမျိုးသားသည် ထိုသို့ဖြစ်သွားသည်ကိုမြင်သောအခါ သူ့ကို အမြန်လှမ်း၍ထိန်းပေးလိုက်ပြီး ပါးစပ်မှ တစ်စုံတစ်ရာကို ပြောဆိုနေ၏။
သို့သော် လျန်လီသည် မမည်သည့်အရာကိုမျှမကြားနိုင်တော့ပေ။