Ch 7
Viewers 1k

☘️ Chapter 7


အခြေအနေအရပ်ရပ်ကို နားထောင်ပြီးနောက် လျန်လီသည် ယွင်ဟွေ့ကျိုးမှာ နာမည်ကြီးလှသူတစ်ဦး မဟုတ်ကြောင်း နားလည်သွား၏။ သူ့ဂိုဏ်းမှာ ဂုဏ်သတင်းအချို့ ရှိသော်လည်း လူတိုင်း သိသည်တော့ မဟုတ်ပေ။


သို့သော် လျန်လီကမူ ယွင်ဟွေ့ကျိုး၏ယခင်ကျော်ကြားမှုက မည်သို့ပင်ရှိစေကာမူ ဤပြိုင်ပွဲအပြီးတွင်တော့ သူသည် ကျောက်ဟုန်လန်ကဲ့သို့ပင် အမှန်တကယ် ကျော်ကြားလာလိမ့်မည်ဟု ခံစားနေမိသည်။


ဤကဲ့သို့သော စိတ်နေစိတ်ထားဖြင့် လျန်လီသည် ကိုယ်ကိုမတ်မတ်ထားကာ ယွင်ဟွေ့ကျိုး၏ လှုပ်ရှားမှုများကို အနီးကပ်ကြည့်ရှုရန် အသင့်ပြင်လိုက်၏။


ယခင်တစ်ခေါက် ယွင်ဟွေ့ကျိုး သူ့ကို ကယ်တင်စဉ်က ပတ်ဝန်းကျင်မှာ မှောင်မည်းနေသဖြင့် သူ ဘာမျှ သေချာမမြင်လိုက်ရပေ။


ထို့နောက် လျန်လီမှာ "..." ဖြစ်သွားရတော့သည်။


ဒါက ဘာကြီးလဲ။ မျက်စိတစ်မှိတ်အတွင်းမှာတင် ပြီးသွားတာလား!


သူ မြင်လိုက်ရသည်မှာ နှစ်ယောက်သား အချင်းချင်း အရှိန်အဟုန်ဖြင့် ချဉ်းကပ်သွားကြပြီး ဘေးချင်းယှဉ်၍ ဖြတ်ကျော်သွားကြ သည်ကိုသာ။ ထို့နောက် ရန်ကျန်းက ဒူးတစ်ဖက် ထောက်လိုက်ကာ "ကျွန်တော် ရှုံးပါပြီ" ဟု ဆိုခဲ့သည်။


ယွင်ဟွေ့ကျိုး  "အလျော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"


ထို့နောက် သူသည် လျန်လီဘေးနားသို့ ချက်ချင်း ပြန်ရောက်လာသည်။ လျန်လီ သူ့ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေသည် ကို မြင်သောအခါ သူက "ငါ တော်တယ်မလား" ဟု ဆိုလိုသည့်ဟန်ဖြင့် ဘဝင်မြင့်စွာ မျက်ခုံးပင့်ပြလေသည်။


လျန်လီကလည်း သူ့ကို လက်မနှစ်ဖက်လုံးထောင်ပြ၍ အမြန်ပင် တုံ့ပြန်လိုက်၏။


တစ်ချိန်တည်းမှာပင် သူသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်သည်မှာ  "ငါတော့ အားကိုးရမယ့် လူကပ်ကြီးတစ်ယောက်ကို ကပ်မိပြီပဲ"


မျှော်လင့်ထားသည့်အတိုင်းပင် ရန်ကျန်းကို အနိုင်ရပြီးနောက် မျက်လုံးများစွာသည် ယွင်ဟွေ့ကျိုးထံသို့ ရောက်ရှိလာကြသည်။


ယွင်ဟွေ့ကျိုး၏ စောစောက ဘဝင်မြင့်နေသော အပြုံးများပျောက်ကွယ်သွား၏။ သူသည် ဓားကို ဘေးတွင်ကိုင်၍ မျက်နှာသေဖြင့် ရပ်နေကာ အလွန်ပင် နက်နဲသောပညာရှင်ကြီးတစ်ဦးကဲ့သို့ ဟန်ဆောင်နေတော့သည်။ လေပြေကလည်း သူ၏ တည်ရှိမှုကို သိနေသကဲ့သို့ တစ်ဖန်ပြန်၍ တိုက်ခတ်လာရာ သူ့ကို ပညာရှင်တစ်ဦးနှင့် ပိုတူသွားစေ၏။


လျန်လီပင်လျှင် အလိုအလျောက် ကိုယ်ကိုမတ်လိုက်ပြီး ရှေ့တည့်တည့်သို့ စိုက်ကြည့်နေမိသည်။


ဆီမီးဖိုင်နယ်ပြိုင်ပွဲမှာ တစ်ဦးချင်းပြိုင်ပွဲ မဟုတ်တော့ဘဲ တစ်အုပ်စုလျှင် ဆယ်ယောက်နှုန်းဖြင့် အားလုံး အတူတူ ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။


သိုင်းမဟာမိတ်သည် ဂိုဏ်းတူသူများကို အုပ်စုမတူအောင် ခွဲထုတ်ထားပြီး အခြား တစ်ကိုယ်တော် ပါဝင်သူများကိုမူ ကျပန်း သတ်မှတ်ပေးထားသည်။


အကယ်၍ အုပ်စုတစ်ခုတည်းတွင် အသိအကျွမ်းများ ပါလာခဲ့လျှင် ၎င်းတို့သည် အခြားသူများကို အရင်ဖယ်ရှားရန် ခဏတာ မဟာမိတ်ဖွဲ့ကြပြီး နောက်ဆုံးတွင်မှ အချင်းချင်း ပြိုင်ဆိုင်ကာ နောက်တစ်ဆင့်တက်မည့်သူကို ရွေးချယ်ကြမည် ဖြစ်သည်။


ယွင်ဟွေ့ကျိုးမှာမူ မိမိဂိုဏ်းမှတစ်ဦးတည်းသာ ဖြစ်သဖြင့် အုပ်စုတစ်ခုထဲသို့ ကျပန်း သတ်မှတ်ခံလိုက်ရ၏။


အုပ်စုခွဲနေစဉ်မှာပင် ချွီရှစ်ကျဲက ရုတ်တရက် ကျီစယ်လိုက်သည်မှာ  "အကယ်၍ ရှစ်ရှုန်းနဲ့ အစ်ကိုယွင်တို့သာ အုပ်စုတစ်ခုတည်း ကျသွားရင် နောက်ဆုံးဗိုလ်လုပွဲက စောပြီး ရောက်လာသလို ဖြစ်နေမှာပဲနော်"


လျန်လီမှာ ထိုစကားကို ကြားသောအခါ နားစွင့်သွားမိသည်။ ချွီရှစ်ကျဲ ဆိုလိုသည်မှာ ဤပြိုင်ပွဲ၏ချန်ပီယံမှာ ကျောက်ဟုန်လန် သို့မဟုတ် ယွင်ဟွေ့ကျိုး နှစ်ဦးထဲမှ တစ်ဦးဦးဖြစ်လိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်ကြောင်း သူ သိလိုက်၏။


ယွင်ဟွေ့ကျိုးမှာ စွမ်းဆောင်ရည် မြင့်မားမှန်း သူ သိသော်လည်း ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။


ထို့ပြင် ချွီထင်ချွမ်၏ ထိုစကားအပေါ် အခြား ချင်းဟုန်ဓားဂိုဏ်းသားများကလည်း တစ်စုံတစ်ရာ ကန့်ကွက်ခြင်း မပြုခဲ့ကြပေ။


ဆယ်ယောက်ပြိုင်ပွဲမှာ ယခင် တစ်ဦးချင်းပြိုင်ပွဲထက်ပင် ပို၍ စိတ်လှုပ်ရှားဖို့ ကောင်းလှသည်။


မနေ့က ရန်ကျန်းကို အနိုင်ယူခဲ့သော ယွင်ဟွေ့ကျိုး၏ စွမ်းဆောင်ရည်မှာ အလွန်ပင် ထူးခြားခဲ့သဖြင့် သူ့အုပ်စုထဲမှ ပြိုင်ဘက်များသည် မိမိကိုယ်ကိုယ် အလွန်ယုံကြည်မှုရှိသူ အနည်းငယ်မှလွဲ၍၊ အားလုံးက ယွင်ဟွေ့ကျိုးကို အရင်ဖယ်ရှားရန် စုပေါင်း၍ မဟာမိတ်ဖွဲ့ခဲ့ကြသည်။


အုပ်စုမဖွဲ့ခဲ့သော ကျန်နှစ်ဦးမှာလည်း ယွင်ဟွေ့ကျိုးမှာ ခက်ခဲသော ပြိုင်ဘက်တစ်ဦးဖြစ်မှန်း သိသဖြင့် ဘေးမှသာ ကြည့်နေရန် ရွေးချယ်ခဲ့ကြ၏။


၎င်းတို့သည် အုပ်စုဖွဲ့ခြင်းကို စက်ဆုပ်ကြသော်လည်း ယွင်ဟွေ့ကျိုးကို ကူညီမည့်ပုံလည်း မပေါ်ပေ။


လျန်လီသည် ထိုအုပ်စု၏သိသာထင်ရှားသော ရည်ရွယ်ချက်ကို မြင်တွေ့လိုက်ရသဖြင့် ပြိုင်ပွဲကွင်းကို စိုးရိမ်တကြီး ကြည့်နေမိသည်။


ထို့နောက်တွင်မှ သူ့ စိုးရိမ်မှုများမှာ အလဟဿဖြစ်မှန်း သူ သိလိုက်ရ၏။


အချိန်အနည်းငယ်အတွင်းမှာပင် အုပ်စုဖွဲ့ထားသူရော၊ မဖွဲ့ထားသူပါ အားလုံးကို ယွင်ဟွေ့ကျိုးက ကွင်းပြင်ပသို့ ရောက်အောင် ကန်ထုတ်လိုက်တော့သည်။


"ကောင်းတယ်!" လျန်လီ လက်ခုပ်တီး၍ အော်ဟစ်လိုက်မိသည်။


ချက်ချင်းဆိုသလို မျက်လုံးအားလုံးက သူ့ထံသို့ ရောက်လာကြ၏။


သူသည် အနည်းငယ် တောင့်တင်းသွားပြီးနောက် ဘာမှမပြောခဲ့သလို ဟန်ဆောင်ကာ ခေါင်းကို ရင်ဘတ်ထဲအထိ ငုံ့ထားလိုက်တော့သည်။


ယွင်ဟွေ့ကျိုးသည် လျန်လီအသံကို အမှန်ပင် ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ လျန်လီမှာ ငုံးကလေးတစ်ကောင်ကဲ့သို့ ကုတ်ကုတ်လေး ဖြစ်နေသည်ကို မြင်လိုက်ရ၏။


သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လူများစွာက လျန်လီကို စိုက်ကြည့်နေကြသည်ကို သတိပြုမိသည်။ ဂိုဏ်းတစ်ခုမှ တပည့်တစ်ဦးကမူ သူ့ကို ဒေါသတကြီး စိုက်ကြည့်နေ၏။


ယွင်ဟွေ့ကျိုး၏ အကြည့်မှာ ထိုဂိုဏ်းဆီသို့ ရောက်သွားသည်  ထိုဂိုဏ်းမှာ သူ ခုနက ကန်ထုတ်လိုက်သူတစ်ဦး၏ ဂိုဏ်းဖြစ်သလို၊ အုပ်စုဖွဲ့ရန် ပထမဆုံး အကြံပေးခဲ့သူ၏ဂိုဏ်းလည်း ဖြစ်သည်။


သူသည် အကြည့်ကို လွှဲလိုက်ပြီး မနေတော့ဘဲ လျန်လီ၏ ဘေးသို့ ချက်ချင်း ပြန်ရောက်လာကာ ပတ်ဝန်းကျင်မှ အကြည့်အားလုံးကို ကာကွယ်ပေးထားလိုက်သည်။


လျန်လီက ယွင်ဟွေ့ကျိုးအဝတ်ကို နောက်မှ လှမ်းဆွဲလိုက်ရာ ယွင်ဟွေ့ကျိုးက လှည့်ကြည့်ပြီး  "ဘာဖြစ်လို့လဲ"


"ကျွန်တော် ခုနက ရန်စမိသလို ဖြစ်သွားတာလား" ဟု လျန်လီက တိုးတိုးလေး မေးလိုက်သည်။


ယွင်ဟွေ့ကျိုးက လက်ဝေ့ယမ်းလိုက်ပြီး  "ဘာတွေ လျှောက်ပြောနေတာလဲ ? သူတို့က ငါ့ကို ဝိုင်းတိုက်ကြတာလေ၊ ငါက သူတို့ကို အကုန်မောင်းထုတ်လိုက်တာပဲ ? ငါ တော်တယ်မလား"


သူ စကားပြောပြီးသည်နှင့် လျန်လီသည် ပတ်ဝန်းကျင်မှ အကြည့်များ ပိုပြင်းထန်လာသည်ကို ခံစားလိုက်ရသည်။


အမှန်စင်စစ် အသက်လေးဆယ်ဝန်းကျင် အမျိုးသားတစ်ဦးက နှာမှုတ်လိုက်ပြီး  "မင်းလို ကောင်စုတ်က နှိမ့်ချမှု မရှိဘူး၊ မောက်မာပြီး ဘာမှမသိသေးဘူး၊ တစ်နေ့ကျရင် မင်း နောင်တရလိမ့်မယ်" ဟု ပြောဆိုလာသည်။


လျန်လီသည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်မိ၏။ ဤကဲ့သို့သော ပြိုင်ပွဲမျိုးတွင် မိမိအသင်းသား အောင်နိုင်မှုကိုပင် အားမပေးနိုင်ကြဘူးလား။


ဒါ့အပြင် ဒါက သူတို့ဘာသာ သူတို့ အောင်ပွဲခံတာပဲဥစ္စာ။


သူသည် မည်သူ့ကိုမျှ စော်ကားခဲ့ခြင်း မရှိသလို၊ ယွင်ဟွေ့ကျိုး ပြောသည်မှာလည်း အမှန်တရား မဟုတ်ပါလား။ ဝိုင်းတိုက်ခံရ သော်လည်း အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည်မှာ ကောင်းသောအချက်ပင်။


ထိုသို့တွေးရင်း လျန်လီက လှမ်းကြည့်လိုက်ရာ ထိုသူမှာ ယွင်ဟွေ့ကျိုး ရှုံးနိမ့်အောင် လုပ်လိုက်သည့် တပည့်တစ်ဦး၏ ဆရာဖြစ်ကြောင်း မြင်လိုက်ရသည်။


မျိုးဆက်သစ်လူငယ်များ၏ စွမ်းရည် တိုးတက်အောင် ကူညီပေးပြီး တပည့်ကို ကိုယ်တိုင် လက်စားချေခိုင်းမည့်အစား၊ ထိုဆရာမှာ စိတ်ထားသေးသိမ်စွာဖြင့် ကိုယ်တိုင်ဝင်၍ စော်ကားပြောဆိုနေသည်မှာ မည်သူက ပိုအရှက်ရဖို့ ကောင်းသနည်း။


ထိုသို့တွေးရင်း လျန်လီသည် ပြန်လည် တုံ့ပြန်ရန် ပါးစပ်ကိုဟလိုက်သည်။


သူ့ကို ယွင်ဟွေ့ကျိုးက ချက်ချင်းဘေးသို့ ဆွဲထုတ်သွား၏။


"ဘာ... အွန်း..."


ယွင်ဟွေ့ကျိုးက လျန်လီပါးစပ်ကို ရုတ်တရက် လှမ်းပိတ်လိုက်သဖြင့် လျန်လီမှာ ယွင်ဟွေ့ကျိုးသည် သူ့ကို အငြိမ်ခံခိုင်းတော့ မည်ဟု ထင်လိုက်မိသည်။


သူသည် ယွင်ဟွေ့ကျိုးကို စိုက်ကြည့်လိုက်သော်လည်း၊ တစ်ဖက်က အင်အားသာနေသဖြင့် တိုက်ရိုက်ရင်မဆိုင်ဘဲ နေခြင်းက ပိုကောင်းမည်ဟု မိမိကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်ကာ ငြိမ်ကျသွားသည်။


မမျှော်လင့်ဘဲ ယွင်ဟွေ့ကျိုးသည် သူ့ကို စကားမပြောအောင် တားဆီးလိုက်ပြီး၊ သူကိုယ်တိုင်ပင် ထိုလူလတ်ပိုင်း အမျိုးသားကို တိုက်ရိုက် ရင်ဆိုင်လိုက်တော့သည်။


ယွင်ဟွေ့ကျိုးက လှောင်ပြုံးပြုံးကာ  "တစ်သက်လုံး နှိမ့်ချလာပြီးတော့၊ နောက်ဆုံးကျတော့လည်း ကိုယ့်အသက်ကြီးတာကို အားကိုးပြီး စကားအပိုတွေ ပြောဖို့ပဲ တတ်နိုင်တာကိုး" 


လျန်လီ မျက်လုံးများမှာ ချက်ချင်းဆိုသလိုဝိုင်းစက်သွားပြီး၊ ထိုလူလတ်ပိုင်း အမျိုးသားမမြင်နိုင်ဘဲ ယွင်ဟွေ့ကျိုးသာ မြင်နိုင်သော ထောင့်တစ်ခုမှနေ၍ ယွင်ဟွေ့ကျိုးကို လက်မထောင်ပြလိုက်သည်။


ယွင်ဟွေ့ကျိုးကမူ မျက်နှာသေဖြင့်ပင် လျန်လီလက်ကို ဖမ်းဆုပ်ကာ လက်ချောင်းများကို ပြန်လည်သိမ်းဆည်းခိုင်းလိုက်၏။


လူလတ်ပိုင်း အမျိုးသားစကားပြောလာစဉ်ကပင် ချင်းဟုန်ဓားဂိုဏ်းသားများက လှမ်းကြည့်ခဲ့ကြပြီး မျက်မှောင်ကြုတ်ခဲ့ကြသည်။


၎င်းတို့၏ရှစ်ရှုန်းပြန်ဆင်းလာသောအခါ သူတို့လည်း အောင်ပွဲခံခဲ့ကြသလို၊ ရှစ်ရှုန်းနှင့် ဤညီအစ်ကိုယွင်မှာ အချိန်တူနီးပါး ပြန်ဆင်းလာကြသဖြင့် ထိုသူ့စော်ကားစကားထဲတွင် သူတို့၏ရှစ်ရှုန်းလည်း ပါဝင်သွားနိုင်ပေသည်။


သို့သော် ၎င်းတို့ ချင်းဟုန်ဓားဂိုဏ်းမှာ ထိပ်တန်းဂိုဏ်းကြီးတစ်ခုဖြစ်သည့်အားလျော်စွာ၊ နာမည်တပ်၍မပြောသော စောင်းမြောင်း စကားများကို ပြန်လည်တုံ့ပြန်ရန်မှာ မသင့်တော်ပေ။


ယွင်ဟွေ့ကျိုး၏ပြန်လည်တုံ့ပြန်မှုက ၎င်းတို့ကို အတော်‌လေးကျေနပ်သွားစေခဲ့သည်။


ထိုလူလတ်ပိုင်း အမျိုးသားသည် ယွင်ဟွေ့ကျိုး၏လှောင်ပြောင်မှုကို ကြားရသောအခါ ချက်ချင်းလှည့်လာပြီး မျက်နှာတွင် ဒေါသရိပ်များ သိသိသာသာပေါ်လာတော့သည်။ သူ့နောက်မှ တပည့်များမှာလည်း ဒေါသတကြီးစိုက်ကြည့်နေကြပြီး အချို့မှာ ဓားကို ဆွဲထုတ်တော့မည့်ဟန် ပေါ်နေ၏။ ယွင်ဟွေ့ကျိုး လက်ဆန့်ထုတ်လိုက်ပြီး လျန်လီကို ချင်းဟုန်ဓားဂိုဏ်းသားများ၏ အလယ်သို့ တွန်းပို့လိုက်ကာ၊ သူကိုယ်တိုင်မူ ဓားကိုကိုင်၍ရပ်နေပြီး ထိုအုပ်စုကို တည့်တည့်စိုက်ကြည့်နေတော့သည်။