အပိုင်း (၇) အသိအမှတ်ပြုလက်မှတ်တစ်ခု ရရှိခြင်း
“အဟွတ် ဟွတ် ဟွတ်....”
စုန့်ဝေဖျင်မှာ စကားမပြောနိုင်ခင် ဆက်တိုက်ချောင်းဆိုးသွားတော့သည်။ သူ့ပါးစပ်ထဲက အချိုအရသာချိုချဥ်က သီးသွားသဖြင့် ဗိုက်ထဲသို့ တန်းရောက်သွားတော့သည်။
သူ၏အံ့ဩတကြီးရုပ်ကို မြင်လိုက်ရသည်တွင် ရွှီရှောင်ကျောင်းက မျက်လုံးများ အဝိုင်းသွားဖြစ်သွားပြီး
“ဟဲ့ စုန့်ဝေဖျင် နင် ပြောပြီးသားစကားကို ပြန်ရုပ်သိမ်းချင်တာတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား၊ ငါတို့တွေ တွဲဖို့နဲ့ လက်ထပ်ကြဖို့ သဘောတူထားပြီးသားလေ၊ ဒီနေ့ ငါတို့ အတူတူ အပြင်ထွက်လာတယ်၊ ရွာထဲက လူအားလုံးကလည်း ငါတို့ တွဲနေတာ သိသွားပြီ၊ နင် လိမ်ချင်နေတာ”
နောက်ဆုံး ချောင်းဆိုးရပ်သွားပြီးနောက်တွင် စုန့်ဝေဖျင်က သူ့လည်ချောင်းကို ရှင်းလိုက်ပြီး
“မဟုတ်ပါဘူး၊ ငါ ချိုချဥ်သီးသွားလို့”
“ချိုချဥ်ရော” လေပြွန်ထဲမှာ မခံနေရင် ပိုကောင်းတယ်။
“မျိုချလိုက်ပြီ”
ရွှီရှောင်ကျောင်းက ခေါင်းငုံ့လိုက်ပြီး သူမ၏အိတ်ကပ်ထဲက နောက်ထပ်ချိုချဥ်တစ်လုံးကို ထုတ်လိုက်လေသည်။
သူမက ‘သတိထားမှပေါ့ဟယ်၊ အန္တရာယ်များလိုက်တာ’ဟု ရေရွတ်ရင်း သူမက ချိုချဥ်ကို အခွံခွာလိုက်ပြီး သူ့ပါးစပ်နားတွင် ကပ်ထားပေးလိုက်လေသည်။
စုန့်ဝေဖျင်က ပါးစပ်ဟပြီး ချိုချဥ်ကို ယူလိုက်ကာ အချိုဓာတ်များ တဖန်ပြန့်နှံ့လာသည်ကို စောင့်နေလိုက်၏၊ ထို့နောက် သူက သူမကို မေးလိုက်လေသည်။
“မင်္ဂလာဆောင်ဖို့ကိစ္စ တိုင်ပင်မယ် ဟုတ်လား”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်၏။ သူသည် ချိုချဥ်တစ်လုံးကို အခွံခွာလိုက်ပြီး သူမ၏ပါးစပ်ထဲ ထည့်လိုက်ကာ
“ဟုတ်တယ်လေ၊ ငါတို့အားလုံး အတူတူ ဆုံးဖြတ်ရမှာပေါ့၊ မြန်မြန်လက်ထပ်ပြီးရင် အားလုံး အတင်းစကားတွေကို ရှောင်ထားတာ ပိုကောင်းတယ်၊ ငါတို့နှစ်ယောက်က ဂရုမစိုက်ဘူးဆိုပေမဲ့ ငါ့အမေအရင်း သူ သည်းမခံနိုင်မှာ စိုးမိတယ်”
သူမသည် ထိုစိုးရိမ်ပြီး ငိုယိုနေသည့်ရုပ်ကို ထပ်မကြည့်ချင်တော့ပေ။
“မင်း ဒီကိစ္စကို သေချာစဥ်းစားပြီးပြီလား” စုန့်ဝေဖျင်က သူမကို မေးလိုက်သည်။
ရွှီရှောင်ကျောင်းက သူ့ကို ကြည့်လိုက်ပြီး
“ပြီးပြီ၊ ဝေး စုန့်ဝေဖျင် နင်က ဘာကို တွေဝေနေတာလဲ၊ နင် တခြားအတွေးတွေ ရှိနေတာတော့ မဟုတ်ပါဘူးနော်၊ နင် မလုပ်ချင်ဘူးဆိုရင် ပြောလိုက်၊ ငါ့အတွက်တော့ တခြားတစ်ယောက်နဲ့ လက်ထပ်လိုက်လည်း အတူတူပဲ”
ဒါပေမဲ့ နင်က လက်ထပ်ဖို့ နောက်ထပ်မိန်းကလေးကို လိုချင်တယ်ဆိုရင်တော့ အဲလောက်မလွယ်တော့ဘူးနော်။
စုန့်ဝဖင်က ‘အရမ်းမြန်မနေဘူးလား၊ မင်း ဒီကိစ္စကို သေချာစဥ်းစားဖို့လိုတယ်နော်’ဟု ပြောလိုက်ချင်လေသည်။ သို့သော်ငြား သူသည် ထိုစကားကို မပြောဖြစ်လိုက်ပေ။ နှစ်ယောက်သားက ဟန်ဆောင်လက်ထပ်ဖို့ သဘောတူထားသော်လည်း ရွှီရှောင်ကျောင်းက လုံးဝဂရုမစိုက်နေသည့်အချိန်တွင်တော့ သူ့မှာ ဘယ်လိုခံစားကြည့်ရမည်မသိ ဖြစ်သွားတော့သည်။
“ဟုတ်ပြီ၊ ငါ ပြောတာနားထောင်”
ရွှီရှောင်ကျောင်းက ကတ်အားလုံးကို ထုတ်ပြလိုက်ပြီး ပြောလိုက်တော့သည်။
“ငါတို့အခြေအနေနဲ့ဆိုရင် အသေးစိတ် လုပ်ဖို့မလိုဘူး၊ နင်လည်း တင်တောင်းတဲ့လက်ဆောင် ပေးစရာ မလိုသလို ငါလည်း လက်ဖွဲ့လုပ်ပေးဖို့ မလိုဘူး၊ ငါတို့တွေ အချင်းချင်း အထင်းသေးလို့မရဘူး ဟုတ်ပြီလား”
“အင်း”
“ဒါဆိုရင် နင် ပြန်းသွားပြီး အဘွားအတွက် နေ့လယ်စာလုပ်ပေးလိုက်၊ ပြီးရင် အဘွားကို ပြောပြလိုက်၊ ညနေခင်းကျရင် စောစောလာပြီး ငါ့ကို ကူညီပေး”
“အင်း”
ရွှီရှောင်ကျောင်း၏အိမ်သို့ ရောက်လာပြီးနောက် စုန့်ဝေဖျင်သည် သူ့ကျောပေါ်က ခြင်းကို ချထားလိုက်ပြီး ထွက်သွားလေသည်။ ရွှီရှောင်ကန်းက ဧည့်ခန်းမှ ခေါင်းလေးပြူထွက်လာပြီး လေသံတိုးတိုးဖြင့် လှမ်းခေါ်လိုက်သည်။
“မမ”
ရွှီရှောင်ကျောင်းက သူ့ကို လက်ယပ်ခေါ်လိုက်ပြီး
“ဒီကိုလာခဲ့၊ မမကို ပစ္စည်းတွေ သိမ်းကူပါအုံး၊ မမ နင့်အတွက် အရသာရှိတာတွေ ဝယ်လာခဲ့တယ်”
သူမသည် သူ့ကို အိတ်ထဲက ချိုချဥ်များကို ပြလိုက်ပြီး
“ဒီတစ်ခါ အများကြီး ဝယ်လာခဲ့တယ်၊ အားလုံး နင့်အတွက်ပဲ၊ နင့် နို့ချိုချဥ်တွေကို စားဖို့ တွန့်ဆုတ်မနေနဲ့နော်၊ အကြာကြီးထားရင် အရည်ပျော်သွားလိမ့်မယ်၊ နားလည်လား၊ နင် ဒါကို စားလို့ကုန်သွားရင် နင့်အတွက် ထပ်ဝယ်ပေးမယ်”
ချိုချဥ်သည် သည်နေ့ခေတ်အခါမျိုးတွင် ကလေး၏နှလုံးသားထဲ၌ အရှားပါးဆုံးပစ္စည်းဖြစ်လေသည်။ ရောင်စုံချိုချဥ်များကို တွေ့လိုက်ရသောအခါ ရွှီရှောင်ကန်း၏မျက်လုံးများသည် လင်းလက်သွားတော့သည်။ မနေ့က နေ့တစ်ဝက်ထဲနဲ့တင် သူ သိသွားတယ်လေ။ ဒီမမက အရင်တစ်ယောက်နဲ့ မတူဘူး။ ထို့ကြောင့် သူသည် ပိုပြီး သတ္တိရှိလာတော့သည်။
“မမ သား နည်းနည်းပဲ လိုချင်တာပါ၊ ကျန်တာကို မမနဲ့ အမေတို့ စားလေ”
တစ်ကိုယ်ကောင်းမဆန်တတ်တဲ့ကလေးပဲ။
“လိမ္မာလိုက်တာ”
ရွှီရှောင်ကျောင်းက သူ့ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး သူ့စေတနာကို မငြင်းလိုက်ပေ။
“ဟုတ်ပြီ၊ ဒါဆို နင်က ဝေစု သုံးခုခွဲလိုက်လေ၊ ငါတို့တစ်ယောက်စီ ဝေစုတစ်ခု ယူကြမယ်”
ရွှီရှောင်ကန်းက အလွန်စိတ်လှုပ်ရှားသွား၏။ သူသည် ချိုချဥ်များကို ခွဲလိုက်ပြီး အခန်းထဲတွင် သိမ်းထားလိုက်လေသည်။ ထို့နောက် သူသည် ရွှီရှောင်ကျောင်းဘေးတွင် တဝဲလည်လည် လုပ်နေကာ
“မမ ဗိုက်ဆာလား၊ အမေ ခဏနေ ချက်ပြုတ်ဖို့ ပြန်လာမှာ၊ သား အသီးအရွက်တွေ လှီးထားပြီးပြီ၊ မမ ဗိုက်ဆာရင် သား မမအတွက် အရင်ဆုံးချက်ပေးမယ်လေ၊ တစ်ခုပဲ အမေချက်တာလောက်တော့ ကောင်းမှာမဟုတ်ဘူး”
အိုဟယ်။ လိမ္မာသိတတ်လိုက်တဲ့ကလေး။
သို့သော် ရွှီရှောင်ကျောင်းသည် ပဲပင်ပေါက်လို မောင်လေးကို မမြင်ရက်ပေ။
“နင်က ငယ်သေးတယ်၊ ကောင်းကောင်းစားပြီး ဝအောင်လုပ်၊ ပြီးမှာ ဒီအလုပ်တွေကို လုပ်လို့ရတယ်၊ အရင်ဆုံး ဒီပစ္စည်းတွေကို မမကို သိမ်းကူအုံး၊ ထမင်းပေါင်းမယ် ပြီးရင် အသီးအရွက်တွေ ပြင်ဆင်ထားမယ်၊ မမ အသားဝယ်လာတယ်၊ နေ့လယ်စာ အသားစားကြတာပေါ့”
အသားဟူသည့် အသံကြားလိုက်သည်နှင့် ရွှီရှောင်ကန်း၏ပါးစပ်က သွားရေများထွက်လာတော့သည်။ ဒီနှစ် သူ အသား လုံးဝ မစားရသေးဘူးလေ။
ဝယ်လာသည့် ဆန်၊ဂျုံမှုန်းနှင့် အသီးအရွက်များကို နေရာချပြီး ထမင်းပေါင်းပြီးနောက်တွင် ရွှီရှောင်ကျောင်းက ရွှီရှောင်ကန်းကို အသားနှင့် အသီးအရွက်များ လှီးခိုင်းထားလိုက်လေသည်။
“အာလူးအသားနှပ် လုပ်ရအောင်၊ အာလူးကို အတုံးလေးတွေဖြစ်အောင် လှီးနော်၊ အရမ်းကြီးစရာမလိုဘူး၊ အသားကို အလွှာလိုက်လှီးရမယ်၊ ဝက်ဗိုက်သားနှပ်က အရသာအရှိဆုံးပဲ၊ ပိုလှီးထား၊ မမတို့သုံးယောက်ဆိုရင် အနည်းဆုံး ကျင်းတစ်ဝက်တော့ လိုတယ်”
အသားနှင့် အာလူများကို လှီးပြီးသွားသည့်နောက်တွင် သူတို့နှစ်ယောက်သည် ကြက်သွန်ဥနီလေးများကို စတင်ဖြတ်လိုက်ကြသည်။ ဝူချွန်းဟွာ ပြန်ရောက်လာသည်။
ရွှီရှောင်ကန်းက ချက်ချင်း နှုတ်ဆက်လိုက်၏။
“အမေ သားရဲ့မမက အရသာရှိတဲ့ အစားအစာတွေ အများကြီးဝယ်လာတယ်၊ ဆန်၊ ဂျုံမှုန့်နဲ့ အသားလည်းပါတယ်”
ဝူချွန်းဟွားသည် အခိုက်တန့် အံ့အားသင့်သွားလေသည်။ သမီးဖြစ်သူက သူ့တစ်ယောက်ထဲအတွက် ပစ္စည်းဝယ်ဖို့ မြို့တက်သွားတာလို့ ထင်ခဲ့တာလေ။ သူ မိသားစုအတွက်ရော အစားအသောက်တွေ ဝယ်လာလိမ့်မယ်လို့ လုံးဝ မထင်ထားဘူး။ ဒီကလေးကတော့။ မနေ့ကတည်း သတိထားမိနေပါတယ်။ သူမရဲ့ ဒီသမီးက သူမ ငိုနေတာကို မမြင်ချင်ဘူးဆိုတာလေ။ သို့နှင့် သူမသည် မျက်ရည်များ ပြန်သိမ်းထားလိုက်ပြီး ရှေ့တိုးလာခဲ့သည်။
လှီးထားသည့်အသားကို တွေ့လိုက်ရသည်တွင် သူမသည် ပျာယာခတ်သွားပြီး
“အိုး ဘာလို့ အများကြီး လှီးထားတာလဲ၊ နည်းနည်းပါးပါးလှီးထားရင် လောက်ပါတယ်”
ရွှီရှောင်ကျောင်းက ပြုံးလိုက်ပြီး
“မဖြစ်ပါဘူး၊ ဒီနေ့ နေ့လယ်စာအတွက် လုံလုံလောက်လောက် ကျွေးမယ်လို့ ရှောင်ကန်းကို ကတိပေးထားပြီးပြီ၊ ဒါက အစ်မတစ်ယောက်အနေနဲ့ တွေးပေးတာပါ၊ ဘယ်လိုချက်ရမယ်မှန်း မသိတာတစ်ခုပဲ၊ ချက်ပေးရမယ်နော်”
အဆီတဝင်းဝင်း အာလူးနှင့် အသားနှပ်ကို စားပွဲပေါ် တင်လိုက်ချိန်တွင် ရွှီရှောင်ကန်းတစ်ယောက်သာ သွားရေကျနေသည်မဟုတ်ဘဲ ရွှီရှောင်ကျောင်းလည်း သွားရေကျနေတော့သည်။ ဝူချွန်းဟွားနှင့် ရွှီရှောင်ကန်းတို့က သူမကို အားတက်သရော ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူမက အော်ရယ်လိုက်ပြီး သူတို့အတွက် အသားတစ်တုံးစီ ထည့်ပေးလိုက်ကာ
“မြန်မြန်စား၊ အများကြီးရှိတယ်နော်၊ ကုန်အောင် စားကြမယ်”
ရွှီရှောင်ကန်းက အသားတစ်တုံးနှင့် ထမင်းပါးစပ်အပြည့် တစ်လုတ်စားလိုက်လေသည်။ သူသည် ဘာမှမပြောတော့ဘဲ ခေါင်းငုံ့ကာ စားနေတော့သည်။
သူက ကောင်းကောင်းစားနေသည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းက သူ့ပန်းကန်လုံးထဲသို့ အနှစ်ပါသည့် အာလူးအသားနှပ် ပန်းကန်တစ်ဝက်ကို လောင်းထည့်ပေးလိုက်ကာ
“ဒီလိုမှ ပိုအရသာရှိတာ၊ ဖြည်းဖြည်းစား၊ မနင်စေနဲ့နော်”
မော့အကြည့်တွင် ဝူချွန်းဟွားက သူမကို အမြတ်တနိုးကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူမက ဝူချွန်းဟွားကို ပန်းကန်တစ်ဝက်လောင်းထည့်ပေးလိုက်ပြီး
“သမီးတို့တွေ အတူတူစားကြမယ်လို့ သဘောတူထားလေ၊ ဒါက သမီးရဲ့သိတတ်မှုပါ၊ ဒီတော့ မငြင်းနဲ့နော်”
ထိုစကားကို ကြားရချိန်တွင် ဝူချွန်းဟွား၏ မျက်လုံးများက တဖန် ပူနွေးလာတော့သည်။ သူမက ‘လိမ္မာလိုက်တဲ့ကလေး’ဟု အကြိမ်ကြိမ် ရေရွတ်နေတော့သည်။ ထို့နောက် သူမသည် ခေါင်းငုံ့ပြီး စတင် စားသောက်လိုက်တော့သည်။
ရွှီရှောင်ကျောင်းက အာလုံး၊ အသားနှင့် အသီးအရွက်မွှေကြော်ကို ပုံမှန်နှုန်းအတိုင်း စားလိုက်လေသည်။ ဝူချွန်းဟွာ ထမင်းဝသွားပြီဟု ထင်မိလိုက်ချိန်တွင် သူမက ပြောလိုက်တော့သည်။
“ကိုကိုဝေဖျင်နဲ့ အဘွားစုန့်တို့ ဒီနေ့ညနေခင်းကျရင် လာကြလိမ့်မယ်”
ထိုစကားကို ကြားလိုက်တော့ ဝူချွန်းဟွားသည် သူမ၏လက်ချောင်းကို ညှစ်ထားလိုက်ကာ
“ရှောင်ကျောင်း၊ သမီး တကယ်ပဲ ကောင်လေးဖျင်နဲ့ လက်ထပ်ဖို့ စဥ်းစားထားတာလား၊ အမေ သူ့ကို အထင်သေးတာတော့ မဟုတ်ပါဘူး၊ ကောင်လေးဖျင်က လုပ်ရည်ကိုင်ရည်ရှိပါတယ်၊ ဒါပေမဲ့ သူက...”
သူမသည် ပြောရင်းဆိုရင် သူမ၏မျက်နှာက တဖန် ဖြူဆုတ်သွားကာ
“သမီးကို ဒုက္ခပေးခဲ့တာက ယန်ယန်လေ ဟုတ်တယ်နော်၊ သမီး သူ့အိမ်မှာတုန်းက ကောင်လေးဖျင်က သမီးကို တစ်ခုခု လုပ်ခဲ့သေးလား၊ ရှောင်ကျောင်း အခုက ခေတ်သစ်ရောက်နေပါပြီ၊ လက်ထပ်ပြီးရင်လည်း ကွာရှင်းလို့ရပါတယ်၊ သမီး ကောင်လေးကို စိတ်ထဲမထားပါနဲ့၊ သူ သမီးကို တွယ်ကပ်နေရင် အမေ သူနဲ့ စကားပြောလို့ရပါတယ်”
သူမသည် စကားကို အဆီအငေါ် မတည့်အောင် ပြောနေသော်လည်း ရွှီရှောင်ကျောင်းက သူမ ပြောချင်သည့် စကားကို နားလည်လေသည်။ ဝူချွန်းဟွားသည် စုန့်ဝေဖျင်က သူမနှင့်မတန်ဘူးဟု ထင်နေတာပင်။
ရွှီရှောင်ကျောင်းက သက်ပြင်းချလိုက်ပြီး သူမကို ပထမဆုံးအကြိမ် အခေါ်လိုက်တော့သည်။
“အမေ သမီး မနေ့တုန်းက ရှင်းပြထားပြီးသားမဟုတ်လား၊ အမေ ထင်သလို မဟုတ်ပါဘူး၊ စုန့်ဝေဖျင်က လူကောင်းတစ်ယောက်လို့ သမီးထင်တယ်၊ ပြီးတော့ သမီး သူနဲ့ တွဲဖို့ ဆန္ဒရှိပါတယ်၊ သူက သမီးကို ပိုကောင်းတဲ့ဘဝဆီ ခေါ်သွားပေးနိုင်တယ်၊ သမီးအကြည့်မမှားနိုင်ပါဘူး”
‘အမေ’ဟုခေါ်သံကြားလိုက်သည်တွင် ဝူချွန်းဟွားသည် ဆက်ပြီး ထိန်းမထားနိုင်တော့ချေ။ မျက်ရည်များ စီးကျလာတော့သည်။ သူမက မြန်မြန် ခေါင်းငုံ့ကာ မျက်ရည်များကို သုတ်လိုက်လေသည်။ သူမသည် ဘာစကားလုံးမှ စဥ်းစားမရတော့ပေ။
“အင်းပါ အင်းပါ၊ အမေ သမီးစကားကို နားထောင်ပါ့မယ်”
ရွှီရှောင်ကျောင်းက မျက်တောင် ပုတ်ခတ်ပုတ်ခတ်နှင့် ရွှီရှောင်ကျောင်းကို နှစ်သိမ့်ကြည့်ကြည့်လိုက်ပြီး သူ့ကို ဆက်စားဖို့ လက်ဟန်ပြလိုက်ပြီးနောက် ဝူချွန်းဟွား၏ မျက်ရည်များကို သုတ်ပေးလိုက်ကာ
“အမေ သမီးအတွက် စိတ်တိုစရာမလိုသလို သမီးက အမေနဲ့ ဒုက္ခခံနေရတယ်လို့လည်း မတွေးပါနဲ့၊ သမီး စုန့်ဝေဖျင်ရဲ့အခြေအနေကို သေသေချာချာသိပါတယ်၊ သူက လူကောင်းတစ်ယောက်ပါ၊ စိတ်မပူနဲ့နော်၊ သူက နောက်ဆိုရင် အမေ့အပေါ် သေချာပေါက် သိတတ်မှာပါ”
ဝူချွန်းဟွားက မျက်ရည်ကြားမှ ပြုံးပြလိုက်ပြီး
“အမေ့ကို ဘာသိတတ်စရာလိုလဲ၊ သမီးကို ကောင်းကောင်းဆက်ဆံပြီး ဘဝကောင်းကောင်းလေး တစ်ခုမှာ ထားပေးရင်ပဲ လုံလောက်ပါပြီ”
သူမသည် ခဏလောက် စဥ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်ကာ
“အမေ သမီးစကားကို နားထောင်မယ်”
ဝူချွန်းဟွားသည် စိတ်ပျော့သော်လည်း ရွှီရှောင်ကျောင်းမှာ သူမကို နားချဖို့အရေး ဦးနှောက်ဆဲလ်များကို အများအပြား အသုံးချလိုက်လေသည်။ ထို့ကြောင့် စုန့်ဝေဖျင် ရောက်လာချိန်တွင် ရွှီရှောင်ကျောင်းက အမှတ်လိုချင်ခဲ့သည်။
“ငါ့အမေက နင့်ကို လုံးဝသဘောမကျဘူးနော်။ ဒါပေမဲ့ ငါ နင့်ကောင်းကြောင်းတွေ အများကြီး ပြောထားပေးတယ်၊ တကယ်လို့ အခုချိန်ကစပြီး တစ်ယောက်ယောက်က ငါ့ကို ကောင်းကောင်း မဆက်ဆံခဲ့ရင် ငါ ဒီကိစ္စကို သည်းခံမှာမဟုတ်ဘူးနော်”
စုန့်ဝေဖျင်သည် ရွှီရှောင်ကျောင်း ပြောသည့်အတိုင်း အာလူးများကို အချောင်းလိုက် ပါးပါးလှီးနေစဥ် ထိုစကားကို ကြားလိုက်လေသည်။ သူက ‘အင်း’ဟုသာ လေသံပြုရင်း အသိအမှတ် ပြုလိုက်၏။
ရွှီရှောင်ကျောင်းက သူမ၏ပါးစပ်ထဲက ချိုချဥ်ကို ဟိုဖက် သည်ဖက် တွန်းပို့ကာ သူ့ကို မေးလိုက်ပြန်သည်။
“ဒါဆို နင် အဘွားကို ပြောပြီးပြီလား၊ သူ ပျော်နေရဲ့လား”
စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်ပြီး
“ပျော်တယ်”
သူ(မ)က မပျော်ဘဲ နေမလား။ အဘွားစုန့်သည် မြေးအဘွားနှစ်ယောက် အပြန်အလှန် မှီခိုခဲ့ရစဥ်ကတည်းက တစ်ခါမှ သည်လောက် မပျော်ခဲ့ရသည်မရှိဟု ခံစားမိလေသည်။ သူမ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရသည့် မြေးချွေးမလေးက ရောက်လာပြီ။ အဘွားကြီးမှာ မပျော်ဘဲ အဘယ်မှာနေနိုင်ပါမည်နည်း။
“အဘွားကို ပျော်သွားတာက ငါ့စိတ်ရင်းအမှန်ကြောင့်နော်၊ ကဲပါ။၊ နောက်တစ်နပ်ကတော့ နင့်အပေါ်ပဲ မူတည်တော့တယ်”
“မင်း ပြောလေ၊ ငါ မင်းပြောတဲ့အတိုင်း လုပ်မယ်”
စုန့်ဝေဖျင်သည် သူမက ကိုယ်တိုင်လုပ်လိမ့်မည်ကိုတော့ လုံးဝမျှော်လင့်မထားချေ။
သည်နေ့ညတွင် ရွှီမိသားစု၏ ညစာက နှစ်သစ်ကူးအကြိုပွဲစားပွဲထက်ပင် အများကြီးခမ်းနားလေသည်။
ကြွပ်ရွပြီးလတ်ဆတ်သည့် အာလူးချောင်းချဥ်စပ်ကြော်၊ ဆွဲဆောင်မှုရှိသည့် ဝက်ကင်ချက်၊ မွှေးပျံ့နေသည့် ပဲသီးနှင့်ဝက်သားကြော်၊ စိမ်းပြီး အဆီပြန်နေသည့် ဟင်းနုနွယ်ရွက်၊ နှစ်ဖက်လုံးတွင် ရွှေညိုရောင်သန်းနေသည့် ခြင်းတစ်ဝက်စာ ပန်ကိတ်များနှင့် ကြက်ဥဟင်းရည်တစ်အိုး။ ထိုတစ်နပ်စာက လူများကို ကျေနပ်သွားစေတော့သည်။
ရွှီရှောင်ကန်းက အိမ်ပြန်လာသည့် ဝူချွန်းဟွားကို အခြေအနေ ပြန်သတင်းပို့လေသည်။
“အမေ သားရဲ့မမက လက်ကလေးတစ်ချောင်းတောင် မလှုပ်ရဘူး၊ အားလုံးကို အစ်ကိုဝေဖျင်ပဲ လုပ်ထားတာ”
ဝူချွန်းဟွား၏စိတ်ထဲက အထုံးလေးက နောက်ဆုံး ပျောက်ကွယ်သွားပြီး
“သူက သားရဲ့အစ်မကို ကောင်းကောင်းဆက်ဆက်ရင် တော်ပါပြီ”
စုန့်ဝေဖျင်သည် ရွှီရှောင်ကျောင်း သူ့ကို အခုလေးတင် ပေးလိုက်သည့် စာအုပ်များကို စီနေလိုက်သည်။ ဝူချွန်းဟွားပြန်လာသည်ကို တွေ့လိုက်ရသောအခါ သူက ထရပ်ပြီး သူမကို နှုတ်ဆက်လိုက်လေသည်။
“အဒေါ်”
သူသည် အရပ်မြင့်ပြီး ပိန်းပါးသည်။ သူ၏လေးနက်သည့် အပြူအမူက တည်ငြိမ်မှုကို ထုတ်ပြနေသည်။ လက်ရှိတွင်တော့ သူ၏လူကြီးလူကောင်းဆန်သည့် သဘောထားက ခါတိုင်းလို မထင်ရှားပေ။ သူသည် အားလုံး၏မျက်လုံးထဲတွင် အားကိုးရသည့်ယောက်ျားတစ်ယောက် ဖြစ်ဟန်တူသည်။
ဝူချွန်းဟွားက သွားများပေါ်သည်အထိ ပြုံးလိုက်ပြီး
“အိုကွယ်၊ မင်းအဘွားကို ဒီကို ခေါ်လာခဲ့ပါ၊ အဒေါ်တို့ မိသားစုနှစ်စု တစ်နပ်လောက် ကောင်းကောင်း စားကြတာပေါ့”
ရွှီရှောင်ကျောင်းက သူ့အဘွားကို သွားကြိုဖို့ရာ သူနှင့် အတူတူလိုက်သွားလေသည်။ သူမသည် တသသ ခံစားနေရတော့သည်။
“ယောက္ခမက သမက်ကို ကြည့်လေလေ ပိုကြည့်ချင်လေလေဆိုတာ အမှန်ပဲကိုး၊ ငါ့အမေက နေ့လယ်တုန်းကတောင် နင့်ကို ချေးများနေသေးတယ်၊ အခုတော့ သူက နင့်ကို တွေ့တာနဲ့ ပြုံးနေလိုက်တာ ပန်းလေးတစ်ပွင့်လိုပဲ၊ စုန့်ဝေဖျင် နင့်ညှို့ဓာတ်က အရမ်းပြင်းတာပဲ”
ဘာညှို့ဓာတ်လဲ။ စုန့်ဝေဖျင်သည် အခိုက်တန့်နားမလည်နိုင် ဖြစ်သွားတော့သည်။ သို့သော် သူက ဝူချွန်းဟွား၏ စိုးရိမ်စိတ်ကိုတော့ နားလည်လေရာ
“အဒေါ်က နင် ငါနဲ့အတူတူ ဒုက္ခလိုက်ခံရမှာ စိုးရိမ်တာပါ”
သူကတော့ အနာဂတ်က ဒီထက်ပိုမဆိုးနိုင်ဘူးလို့ ထင်တာပဲ။ ဒါပေမဲ့ အခုတော့ သူက တကယ့် ဆင်းရဲသားတစ်ယောက်။ သူ့ရှေ့က ဒီမိန်းမလှလေးနဲ့ မတန်ဘူးလေ။
ရွှီရှောင်ကျောင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
“ငါက ဖြစ်နိုင်ခြေရှိတဲ့ ကုန်ပစ္စည်းတစ်ခုကို ဝယ်ထားတာလို့ မှတ်လို့ရပါတယ်၊ နင် နောက်ပိုင်း ချမ်းသာလာရင် ငါလည်း လိုက်ခံစားရမှာပဲမလား”
ဒါကို သံသယဖြစ်စရာ မလိုဘူးလေ။ စုန့်ဝေဖျင် နင်က ပိုပိုပြီး အစွမ်းထက်လာအုံးမှာ။
မိသားစုနှစ်ခုက လျှို့ဝှက်သဘောတူလိုက်သည့်အတွက် သည်ထမင်းတနပ်သည် နှစ်ဖက် ဧည့်သည်နှင့် အိမ်ရှင်များကို ပျော်ရွှင်သွားစေတော့သည်။ ဟင်းပွဲတိုင်းက ခံတွင်းမြိန်လေသည်။ ရွှီရှောင်ကန်းသည် သူ့ဘဝတွင် သည်လောက်အရသာရှိသည့် ထမင်းတစ်နပ်ကို ဘယ်တုန်းကမှ မစားခဲ့ဖူးဘူးဟု ခံစားလိုက်ရသည်။
စိတ်ကျေနပ်သည်အထိ စားသောက်ခြင်းက အမြဲတမ်း လူတစ်ယောက်ကို ပျော်ရွှင်သည့် စိတ်အခြေအနေ ဖြစ်နေသေးသည်။ အထူးသဖြင့် သည်လိုဆင်းရဲသည့် ခေတ်ကာလတွင်ပင်။
ရွှီရှောင်ကျောင်းလည်း စိတ်ကြည်လင်နေသည်။ စားပွဲကို သန့်ရှင်းရေး လုပ်ပြီးနောက် သူမက သူမ၏အစီအစဥ်ကို စုန့်ဝေဖျင်နှင့်အတူ တရားဝင် ပြန်ပြောပြလိုက်လေသည်။
“သမီးတို့တွေ ဒီနေ့က မိတ်ဆက်စာရဖို့ ဌာနစာရေးကြိးဆီ သွားဖို့ စီစဥ်ထားတယ် ပြီးရင် မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါကျရင် လက်ထပ်မှတ်ပုံတင်သွားယူမယ်၊ အားလုံးကို ရိုးရိုးရှင်းရှင်းပဲ လုပ်မယ်၊ ဘာမှ ပြင်ဆင်စရာမလိုဘူး၊ အခုချိန်မှ ဘဝက နည်းနည်းလေး ပိုခက်ခဲနေပေမဲ့ နောက်ပိုင်းကျရင် အဆင်ပြေလာပါလိမ့်မယ်”
ရွှီရှောင်ကျောင်းက အစောကြီးကတည်းက ပြောခဲ့သော်လည်း ဝူချွန်းဟွားသည် ထိုစကားကို ကြားလိုက်သည်တွင် သမီးဖြစ်သူအတွက် ဝမ်းနည်းမိဆဲပင်။ သူတို့ခေတ်တုန်းက ဘယ်သူမှ လက်ထပ်ပွဲ မလုပ်သလို ဒီကိစ္စကိုလည်း အရမ်းဂရုမစိုက်ခဲ့ကြဘူးလေ။ ဒါပေမဲ့ တောင်းဆိုချက်တွေ ရှိတဲ့သူတွေကတော့ အဝတ်အစားတချို့ကို ဖြတ်ထုတ်ပေးလိုက်ကြတာပဲ။ အခုလိုအချိန်ဆို ပြောမနေနဲ့တော့ပေါ့။ အပြင်ဘက်မှာ စက်ဘီးတွေ လက်ပတ်နာရီတွေက နာမည်ကြီးတဲ့ တင်တောင်းပစ္စည်းတွေ ဖြစ်နေတယ်လို့ ကြားခဲ့သေးတယ်။
စုန့်ဝေဖျင်က ဘာမှ မပြောရသေးခင် အဘွားစုန့်က အရင်ဆုံး ပြောလိုက်လေသည်။ သူမက ရွှီရှောင်ကျောင်း၏လက်ကို ကိုင်လိုက်ပြီး ပုတ်ပြီးပြောလိုက်၏။
“ကလေးမ သမီး သိတတ်တာ အဘွားသိပါတယ်၊ ဒါပေမဲ့ တစ်ခုခုတော့ ပြင်ဆင်ပေးမှဖြစ်မယ်၊ မဟုတ်ရင် အဘွားတို့က သမီးကို နစ်နာအောင်လုပ်မိတာပဲ၊ သမီးက အဘွားတို့ကို စဥ်းစားပေးပြီး ကိုယ်ချင်းစာနေစရာ မလိုပါဘူးနော်၊ အဘွားတို့က အကောင်းနဲ့ အဆိုးကို သေချာပေါက် ခွဲခြားရမှာပေါ့၊ အဘွား ကောင်လေးဖျင်နဲ့ တိုင်ပင်ထားပြီးပြီ၊ နောက်ပိုင်းကျရင် အဘွားတို့က လုပ်ရမဲ့ဟာတွေအားလုံးကို လုပ်ပေးသွားမှာပါ၊ အခုတောင် အဘွားတို့က ဘယ်လိုပဲဖြစ်ဖြစ် စားပွဲနှစ်ခုလောက် လုပ်ပြီး လူနည်းနည်းပါးပါးဖိတ်ပြီး စည်စည်ကားကားလေး လုပ်မလို့”
ဝူချွန်းဟွားက စိတ်ထဲမှ ခေါင်းညိတ်လိုက်လေသည်။ သို့သော် ရွှီရှောင်ကျောင်းက မလိုအပ်ဘူးဟုသာ ထင်မိသည်။ သူမက စုန့်ဝေဖျင်ဘက်သို့ လှည့်လိုက်ပြီး
“အဲလောက် ဒုက္ခခံစရာလိုလို့လား”
စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်ပြီး
“အဘွားစကားကို နားထောင်လိုက်ပါ”
...